← Chapters

ထိတ်လန့်စရာပဲ၊ ချင်ကွေ့ရန်က တော်ဝင် မြေးတော်ရဲ့ ရင်သွေးကို လွယ်ထားရတယ်တဲ့ (၂)

Vol. 1 Ch. 4

ထိတ်လန့်စရာပဲ၊ ချင်ကွေ့ရန်က တော်ဝင် မြေးတော်ရဲ့ ရင်သွေးကို လွယ်ထားရတယ်တဲ့ (၂)

Vol. 1 Ch. 4

ယဉ်ကျေးမှုဝန်ကြီး : "ဟက်... တောက်"

သူ၏မျက်နှာတွင် အထင်အမြင်သေးလှသော အရိပ်အယောင်များ ပေါ်လွင်နေတော့သည်။

*အသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးကို ကိုယ်လုပ်တော် အဆင့်နဲ့ ဆပ်တယ်လို့လား။ မင်းရဲ့အသက်က ဒီလောက်ပဲ တန်ဖိုး ရှိတာလား။ အနည်းဆုံးတော့ ကြင်ယာတော်အဆင့်လောက် ထားသင့်တာပေါ့*

စစ်ဘက်ဆိုင်ရာဝန်ကြီးကလည်း ခေါင်းကိုခါယမ်းနေသည်။

*ဒါကတော့ ရှင်းပါတယ်။ သူ ရတဲ့ဒဏ်ရာက သေလောက်အောင် မပြင်းထန်သေးလို့ပဲ ဖြစ်ရမယ်*

သူကိုယ်တိုင်မှာမူ မကြာသေးမီကမှ အအေးမိ ဖျားနာထားသဖြင့် အိပ်ရာမှပင် မထနိုင်ဖြစ်နေခဲ့ရသော်လည်း တော်ဝင် မြေးတော်ကမူ တောရွာက မိန်းကလေးတစ်ဦးနှင့် ပွေရှုပ်ရန် အားအင်များ ရှိနေသေးသည် မဟုတ်ပါလား။

[နေဦး၊ နေဦး၊ ဒါက ... ဟူး … ဒါက တကယ့်ကို ...]

"တကယ့်ကို..." ဆိုသော စကားလုံးမှာ အဆုံးမသတ်နိုင်ဘဲ လေထဲ၌ အတော်ကြာအောင် ဝဲလွင့်နေသဖြင့် အမတ်ကြီးများမှာ အမျိုးမျိုး ခန့်မှန်းရင်း ရူးမတတ် ဖြစ်နေကြတော့သည်။

*'တကယ့်ကို' က ဘာဖြစ်တာလဲ။ မြန်မြန်ပြောစမ်းပါ*

*အဆီတစ်ဝင်းဝင်း ဖြစ်နေတဲ့ ဇာတ်လမ်းကို အလယ်မှာတင် ဖြတ်ချလိုက်တာက မိန်းမစိုးဖြစ်မယ့် လမ်းပဲ*

[ချင်ကွေ့ရန် နန်းတော်ထဲ ဘာလို့ ရောက်လာတာလဲဆိုတာ မဆန်းတော့ပါဘူး။ တကယ်တော့ တော်ဝင် မြေးတော်က သော်မိသားစုရဲ့ မြေးမလေးနဲ့ လက်ထပ်ဖို့ စီစဉ်နေတာကိုး။ ဒါကို သိသွားတော့ ချင်ကွေ့ရန်က ထွက်ပြေးတာပေါ့။ အစပိုင်းမှာတော့ တော်ဝင်မြေးတော်က သူမကို အပျော်အပါး သက်သက် မိန်းမတစ်ယောက် လို့ပဲ သဘောထားခဲ့တာ။ ဒါပေမဲ့ သူမ တကယ်လည်း ထွက်ပြေးသွားရော၊ သူက ချက်ချင်း သတိဝင်လာပြီး သူမ နောက်ကို လိုက်သွားရင်း 'မင်းကလွဲလို့ ဘယ်သူ့ကိုမှ လက်မထပ်ဘူး' လို့ ကြေညာခဲ့တာတဲ့]

[သော်မိသားစုရဲ့ မြေးမလေးက မာနကြီးတယ်၊ ရိုင်းစိုင်းတယ်၊ ဘာအရည်အချင်းမှလည်း မရှိသလို အကျင့်စာရိတ္တ လည်း မကောင်းဘူး။ ငါ့နောက်ကိုပဲ တကောက်ကောက်လိုက်ပြီး အရှက်မရှိ ကပ်တွယ်နေတာ။ သူကသာ ငါ့ကို လက်ထပ်ပါလို့ ဒူးထောက်တောင်းပန်ရင်တောင် ငါကတော့ လက်မထပ်နိုင်ဘူး။ ငါ့ရဲ့ နှလုံးသားထဲမှာ မင်း တစ်ယောက်တည်းပဲ ရှိတာပါ ..." ကျွတ် … ကျွတ် … ကျွတ် … တော်တော်လေးကို ရဲတင်းတဲ့ စကားတွေပဲ။ မင်းမှာသာ တကယ် သတ္တိရှိရင် အဲ့ဒီစကားတွေကို ဧကရီမိဖုရားကြီးရှေ့မှာ သွားပြောကြည့်စမ်းပါလား၊ ဧကရာဇ် မင်းမြတ်က မင်းကို ပါးရိုက်မလား၊ မရိုက်ဘူးလားဆိုတာ သိရတာပေါ့]

အမတ်အချို့သည် ဝန်ကြီးချုပ်သော် ရှိရာဘက်သို့ တိတ်တဆိတ် ဝေ့ကြည့်လိုက်ကြသည်။ ဝန်ကြီးချုပ်သော်၏ မျက်နှာမှာမူ ပြာနှမ်းနေပြီး အသေကောင်ကဲ့သို့ ဖြူလျော်နေတော့သည်။

သော်မိသားစုသည် ဧကရီ၏ မိခင်မျိုးနွယ်စု ဖြစ်သည့်အပြင် ဧကရာဇ်နှင့် ဧကရီတို့မှာလည်း အလွန်ပင် သံယောဇဉ် နက်ရှိုင်းကြသူများ ဖြစ်သည်။ ထို့ကြောင့် မလိုအပ်သော ရှုပ်ထွေးမှုများကို ရှောင်ရှားရန်အတွက် တော်ဝင် မိသားစုနှင့် ထပ်မံ၍ အာဏာချင်း ပတ်သက်နှောင်ဖွဲ့နေရန်ပင် မလိုတော့ချေ။ အကယ်၍ ဧကရီကသာ နှစ်ဖက် အဆက်အသွယ် ပိုမိုခိုင်မြဲစေရန် ဆန္ဒမရှိခဲ့ပါက သော်မိသားစုအနေဖြင့် မိမိတို့၏ အကြီးဆုံး မြေးမလေးကို တော်ဝင် မြေးတော်နှင့် လက်ထပ်ရန် ခွင့်ပြုမည် မဟုတ်ပေ။

*မင်းမှာ တကယ် ချစ်ရမယ့်သူ ရှိနေတယ်ဆိုရင်လဲ ဧကရီဆီမှာ ဒီစေ့စပ်ပွဲကို ဖျက်သိမ်းပေးဖို့ ခွင့်တောင်းလို့ ရတာပဲ။ ဒါဆိုရင် မိသားစုနှစ်စု ကြားမှာလည်း သဟဇာတဖြစ်တဲ့ ဆက်ဆံရေးကို ဆက်ထိန်းထားနိုင်မှာပေါ့။ အခုတော့ မင်းက စေ့စပ်ပွဲကိုလည်း မဖျက်ဘူး၊ သော်မိသားစုကိုလည်း ချည်နှောင်ထားသေးတယ်၊ ပြီးတော့မှ ကွယ်ရာမှာ ငါ့မြေးမလေးကို အရည်အချင်း မရှိ၊ အကျင့်မကောင်းဘူးလို့ စွပ်စွဲပုတ်ခတ်ရဲတယ်ပေါ့လေ*

ဝန်ကြီးချုပ်သော်သည် ဒေါသအရှိန်ကြောင့် မျက်လုံးများပင် ပြာဝေလာကာ သတိလစ်မသွားစေရန် လက်သီးကို တင်းတင်း ဆုပ်ထားရရှာသည်။

*ဖျက်သိမ်းမယ်*

*ဒီစေ့စပ်ပွဲကို အခုချက်ချင်း ဖျက်သိမ်းရမယ်*

*ဒီလိုလူစားမျိုးက ငါ့မြေးမလေးနဲ့ လက်ထပ်ဖို့ လုံးဝမထိုက်တန်ဘူး*

စစ်ဘက်ဆိုင်ရာ ဝန်ကြီးသည် ခေါင်းကိုအသာငုံ့လျက် ဝတ်ရုံလက်ကိုမြှောက်ကာ နဖူးမှချွေးကို သုတ်ချင်ယောင် ဆောင်ရင်း သကြားလုံးတစ်လုံးကို ပါးစပ်ထဲသို့ တိတ်တဆိတ် ထည့်လိုက်တော့သည်။

ပျားရည် သကြားလုံး၏ ချိုမြိန်သောအရသာမှာ သူ၏ ခံတွင်းတစ်ခုလုံး ပျံ့နှံ့သွားပြီး သီချင်းတစ်ပုဒ်ကိုပင် လှစ်ခနဲ ညည်းဆို လိုက်ချင်စိတ် ပေါက်သွားရသည်။

"ဟူး ... တော်သေးတာပေါ့။ ဧကရီ မိဖုရားကြီးက သော်ချင်းရဲ့ မြေးမလေးကို မရွေးချယ်ခင်တုန်းက ဧကရာဇ် မဟုတ်ပါဘူး ... တော်ဝင်မြေးတော်က ငါ့ရဲ့ အငယ်ဆုံး သမီးလေးကို မျက်စိကျနေခဲ့တာ။ သော်မိသားစုက ဒီစေ့စပ်ပွဲကို ဝမ်းသာအားရ လက်ခံလိုက်လို့သာ တော်တော့တယ်"

စစ်ဘက်ဆိုင်ရာဝန်ကြီးသည် သော်ချင်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။

*ကျေးဇူးတင်ပါတယ်ဗျာ၊ တကယ်ကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားလဲ အေးချမ်းသာယာပြီး ကောင်းချီးမင်္ဂလာနဲ့ ပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေဗျာ*

ယဉ်ကျေးမှု ဝန်ကြီးသည် ပြင်ပတွင် ဖြစ်ပျက်နေသော မုန်တိုင်းထန်ဖွယ်ရာ ကိစ္စရပ်များကို စိတ်မဝင်စား သည့်အလား၊ မျက်လုံးများကို တစ်ဝက်ပိတ်လျက် တရားမှတ်နေသည့်ပုံစံဖြင့် ငြိမ်သက်စွာ ရပ်နေလေသည်။

သို့သော် အမှန်စင်စစ်တွင်မူ သူ၏နားနှစ်ဖက်မှာ တစ်ဖက်မှထွက်လာမည့် အသံကို သိသိသာသာ စွင့်ထားပြီး ရင်ဘတ် ထဲတွင်လည်း နှလုံးခုန်သံများ မြန်ဆန်နေတော့သည်။

"မြန်မြန်လုပ်စမ်းပါ၊ ရှုရန်မြောင် ... မြန်မြန်လုပ်၊ မင်းက အသုံးမကျတာလား။ လက်ထဲမှာ နတ်ဘုရား ဖန်တီး ထားတဲ့ ကိရိယာထူးကြီးကို ကိုင်ထားပြီးတော့မှ ဒီနန်းတွင်းအရှုပ်တော်ပုံကို အချိန်ဆွဲနေရသလား။ နောက် ဘာဆက် ဖြစ်တာလဲ။ တော်ဝင်မြေးတော်က ချင်ကွေ့ရန်ကလွဲရင် ဘယ်သူ့ကိုမှ မယူဘူးလို့ သစ္စာဆိုပြီးတဲ့နောက် ဘာဖြစ်သွားတာလဲ။ သူမက ဘယ်လိုလုပ်ပြီး နန်းတော်ထဲ ရောက်လာတာလဲ"

[အာ]

အမတ်ကြီးများ၏ မျက်နှာများသည် စိတ်လှုပ်ရှားမှုကြောင့် ဝင်းပသွားကြတော့သည်။

*လာပြီ၊ လာပြီဟေ့*

ရှုရန်မြောင်သည် သူ၏ဝတ်ရုံလက်ထဲမှ ကျန်နေသေးသော ပေါက်စီတစ်ဝက်ကို ထုတ်လိုက်သည်။ လက်ချောင်း များပေါ်တွင် ခံစားလိုက်ရသော ပေါက်စီ၏ နွေးထွေးမှုနှင့် အဆီအနည်းငယ် ပေကျံနေသည့် ထိတွေ့မှုတို့က သူ့ကို သွားရည်ကျစေတော့သည်။

[ငါ တော်တော် အတာပဲ၊ ဧကရာဇ်မှ မရှိတာ၊ ငါ ခိုးစားလို့ရတာပဲ။ ဗိုက်ဆာလို့ သေတော့မယ်၊ ဒါတွေအားလုံး ယဉ်ကျေးမှု ဝန်ကြီးကြောင့်၊ စောစောက သူ ငါ့ကို ရုတ်တရက် လာစကားပြောလို့ ငါ့ထမင်းတောင် အပြီး မစားလိုက်ရဘူး]

 

[ဟမ် ... ဝါး ...]

[အင်း ... ဒီပေါက်စီက အေးသွားတာတောင်မှ တကယ်စားလို့ ကောင်းတာပဲ။]

အမတ်ကြီးများမှာမူ တစ်စုံတစ်ယောက်က သူတို့၏ လည်ပင်းကို လက်ဖြင့် အတင်းညှစ်ထားသကဲ့သို့ အသက်ရှူပင် ကျပ်သွားကြတော့သည်။

နန်းတွင်းအမတ်များ : "..."

*နောက် ဘာဆက်ဖြစ်တာလဲ*

*ဇာတ်လမ်းကို အရင်ဆုံး အဆုံးသတ်ပေးဦးလေ၊ ပြီးမှ စားပါလား*

ယဉ်ကျေးမှု ဝန်ကြီးမှာမူ သူ၏ တံတွေးနှင့်သူ သီးသွားသဖြင့် အသည်းအသန် ချောင်းဆိုးတော့သည်။

"အဟွတ်... အဟွတ်... အဟွတ်!"

“!!!”

ရှုရန်မြောင်သည် ခေါင်းကို ချက်ချင်းမော့လိုက်ပြီး ပါးစပ်ထဲရှိ အရသာရှိလှသော ပေါက်စီဖတ်များကို အလျင် အမြန်ပင် မျိုချလိုက်တော့သည်။ ဝတ်ရုံ လက်ပေါ်ရှိ ဆီပေကျံနေသော အမှုန်အမွှားများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကျန်ရှိနေသော ပေါက်စီကို လက်ထဲသို့ ပြန်ထိုးထည့်လိုက်ပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ် နေလေသည်။

[ဧကရာဇ်မင်းမြတ် ပြန်လာပြီလား]

ထိုအတောအတွင်း သူ၏လက်မှာ ဝတ်ရုံလက်ကို အသာပွတ်သပ်ရင်း ဆီများ ပေကျံနေခြင်း ရှိ၊ မရှိကို စစ်ဆေး နေသေးသည်။

ယဉ်ကျေးမှုဝန်ကြီး : "!!!"

သူသည် ချောင်းဆိုးနေသည်ကို ချက်ချင်းပင် အတင်းအကျပ် အောင့်ထားလိုက်တော့သည်။

ဝန်ကြီးချုပ်သော် : "!!!"

သူသည်လည်း အတင်းအကျပ်ပင် အပြုံးတစ်ခုကို ဖန်တီးလိုက်ရရှာသည်။

စစ်ဘက်ဆိုင်ရာဝန်ကြီး : "ဟူး"

သူသည် သကြားလုံးကို အလျင်အမြန် မျိုချလိုက်စဉ် လျှာကို ကိုက်မိသွားသဖြင့် နာကျင်စွာ မျက်မှောင်ကြုတ် သွားလေသည်။

အာရုံလွင့်နေကြသော အမတ်ကြီးများသည်လည်း အသက်ကို ခပ်မြန်မြန်အောင့်လျက် ဣန္ဒြေကို အမြန်ပင် ပြန်ဆယ်ကြတော့သည်။

ခဏကြာသည်အထိ မည်သည့်လှုပ်ရှားမှုမျှ ရှိမလာပေ။

သတ္တိရှိသော အမတ်တစ်ဦးက ခိုးကြည့်လိုက်သောအခါ ဧကရာဇ်မင်းမြတ်၏ အရိပ်အယောင်ကိုပင် မတွေ့ရချေ။

"..."

ရှုရန်မြောင်က ခေါင်းလှည့်ကြည့်လိုက်ရာ စောစောကမှ ငိုယိုနေသော အမတ်တစ်ဦးမှာ ယခုအခါ သူ့အား ထူးဆန်းသော မျက်နှာပေးဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"မင်း ... မင်း"

*မင်းကတော့ ငါတို့ကို သေအောင် ခြောက်နေတာပဲလား*

ရှုရန်မြောင်သည် နားမလည်နိုင်စွာဖြင့် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။

“ဟင်"

အမတ်ကြီးမှာမူ... "..."

*ဪ ... ဟုတ်သားပဲ၊ သူက သူ့ရဲ့ အတွေးတွေကို ငါတို့ ကြားနေရမှန်းတောင် သိတာမဟုတ်ဘူး*

သူသည် ရှုရန်မြောင်အား စိတ်ပျက်အားငယ်လှသော အကြည့်ဖြင့် ခပ်ကြာကြာလေး စိုက်ကြည့်လိုက်သည်။

*မင်းကတော့ မင်းရဲ့စိတ်ထဲမှာ ဒီဇာတ်လမ်းကြီးကို အားရပါးရ ပြောပြနေပြီး ပျော်နေတာပေါ့။ ငါတို့မှာတော့ အခုဆို ခေါင်းတလားတွေတောင် ကြိုမှာထားရတော့မယ့် အခြေအနေ ရောက်နေပြီကွ*

*ဒါတွေက ငါတို့ တကယ်ပဲ နားထောင်သင့်တဲ့ အရာတွေလား*

All Chapters