← Chapters

ဟင်းသီးဟင်းရွက်တွေက ဆောင်းတွင်းမှာ ရတနာပဲ (၁)

Vol. 1 Ch. 5

ဟင်းသီးဟင်းရွက်တွေက ဆောင်းတွင်းမှာ ရတနာပဲ (၁)

Vol. 1 Ch. 5

သူတို့ ဘာများ တတ်နိုင်ကြဦးမည်နည်း။ ထိုအတွေးများကို ကြားနေရခြင်းကို မတားဆီးနိုင်သည့်အတူတူ သူတို့ တတ်နိုင်သည်မှာ အခြေအနေနှင့်အညီ လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ရန်သာ ရှိတော့သည်။ သို့သော် အမှန် တကယ် စဉ်းစားမရနိုင်သည်မှာ ချင်ကွေ့ရန်သည် တော်ဝင်မြေးတော်နှင့် မည်သို့မည်ပုံ ပတ်သက်မိသွားပြီး နန်းတော် ထဲသို့ ကိုယ်လုပ်တော်တစ်ဦးအဖြစ် မည်သို့ ရောက်ရှိလာခဲ့သနည်း ဆိုသည်ပင်။ မြန်မြန်သာ ပြောပြ လိုက်စမ်းပါတော့။

နန်းတွင်းအမတ်အားလုံးက တစ်သံတည်း ထွက်ပေါ်လာသည့်အလား တွေးနေမိကြသည်မှာ

*ဒီလို ရင်တထိတ်ထိတ်နဲ့ စောင့်နေရတာက ငါတို့ကို သတ်နေတာပဲ*

ခြေတစ်ချက်ဆောင့်လိုက်ရုံဖြင့် တစ်နန်းတော်လုံးကို တုန်ဟည်းသွားစေနိုင်သော အရှိန်အဝါ ကြီးမားသည့် အမတ်ကြီး များပင်လျှင် ဤအဆင့် (၉) အငယ်တန်းအရာရှိလေးက သူ၏ ပေါက်စီကို ဖြည်းဖြည်းချင်း အေးဆေးစွာ စားသောက် ပြီးစီးသည်အထိ သူ၏ ပါးစပ်နှင့် လက်များကို အေးအေးလူလူ သုတ်သင်ပြီးသည်အထိ ထို့နောက် သူ ပိုင်ဆိုင်ထားသော နတ်ဘုရားကိရိယာကို နောက်ဆုံးတွင် ပြန်ဖွင့်သည်အထိ ဘာမျှမတတ်နိုင်ဘဲ မစွမ်းမသာ စောင့်ဆိုင်း နေကြရရှာသည်။

[တောက် ... ဒီစနစ်က ဘာလို့ ပုံတွေ၊ ဗီဒီယိုတွေ မပြတာပါလိမ့်။ ချင်ကွေ့ရန်က ဘယ်လောက်တောင် လှပနေသလဲ ဆိုတာ သိချင်လို့ သေတော့မှာပဲ]

ရှုရန်မြောင်သည် သူ၏လက်ထဲရှိ ကိရိယာမှ ထွက်ပေါ်လာသော အဆီတစ်ဝင်းဝင်း အတင်းအဖျင်းသတင်းများကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေမိပြီး သူ၏မျက်နှာတွင်လည်း နောင်တရိပ်များ လွှမ်းမိုးနေတော့သည်။

စနစ်ထဲတွင် ချင်ကွေ့ရန်မှာ မည်မျှလောက်အထိ နူးညံ့သိမ်မွေ့ပြီး လှပကြောင်းကို စာလုံးအလှအပများစွာဖြင့် ဖော်ပြထား သော်လည်း၊ ပုံရိပ်များ မြင်တွေ့ရမည့်နေရာတွင်မူ ကွက်လပ်ကြီးသာ ဖြစ်နေသဖြင့် သူသည် မိမိ၏ စိတ်ကူးဉာဏ် ကိုသာ အားကိုးနေရတော့သည်။

[မိသားစု နောက်ခံမရှိ၊ အာဏာမရှိ၊ လုပ်ကိုင်စားသောက်စရာ နည်းလမ်းလည်းမရှိ ... ဒါကြောင့်မို့လည်း တော်ဝင် မြေးတော်က သူ၏အချစ်ကို ဖွင့်ဟဝန်ခံနေစဉ်မှာတောင်မှ သူမမှာ သွားစရာ နေရာ မရှိဘူးလို့ မောက်မာစွာနဲ့ တွေးဆ ခဲ့တာ မဆန်းပါဘူး။ ဒါပေမဲ့ သနားစရာကောင်းတာက ချင်ကွေ့ရန်ရဲ့ ထွက်ပြေးဖို့ စိတ်ပိုင်းဖြတ်မှုက အဲ့ဒီတုန်းက သိပ်ကို ပြင်းထန်ခဲ့တာ။ သူမဟာ သူမရဲ့ ရုပ်ရည်ကို အရင်းအနှီးပြုပြီး မင်းသမီးကြီးရဲ့ စံအိမ်တော်မှာ ကချေသည် တစ်ဦးအဖြစ် တိုက်ရိုက်ဝင်ရောက်ခဲ့တယ်။ နောက်ပိုင်းမှာတော့ အရှင်မင်းကြီးက စံအိမ်တော်ကို လာရောက် လည်ပတ်တဲ့အခါ သူမကို သဘောကျသွားခဲ့တာပေါ့]

[သူမက သူမရဲ့ ချစ်သူကို စွန့်ခွာလာခဲ့ပြီးပြီမို့ ဘယ်သူနဲ့ပဲ ပတ်သက်ရပါစေ အရေးမကြီးတော့ဘူးလို့ ခံစားလိုက် ရပြီး အရှင်မင်းကြီးနောက်ကို လိုက်ပြီး နန်းတော်ထဲ ဝင်ဖို့ ရွေးချယ်ခဲ့တာပဲ]

[တော်ဝင် မြေးတော်က သူမနောက်ကို ထပ်ပြီး ခြေရာခံမိတဲ့အခါကျတော့မှ သူ့ရဲ့ အဘိုးက သူမကို ကြားဖြတ် သိမ်းပိုက်သွားပြီဆိုတာ သိလိုက်ရတော့တာ။ သူဟာ ဒေါသတွေကြောင့် ရူးသွပ်မတတ် ဖြစ်သွားပြီး၊ မနက်ခင်း ညီလာခံ ကျင်းပနေချိန်မှာတောင် အရူးတစ်ယောက်လို နန်းတော်ထဲကို အတင်းဝင်ရောက်လာခဲ့တယ်လေ၊ ကျွတ် … ကျွတ် … တကယ်ကို မဆင်မခြင် လုပ်ရပ်ပဲ]

အမတ်ကြီးများကမူ တွေးနေမိကြသည်မှာ

*ဒါ ရူးသွပ်တာ တင်မကဘူး၊ တစ်ကိုယ်လုံးမှာ ရှိသမျှ အသိဉာဏ်တွေပါ ပျောက်ဆုံးသွားတာပဲ*

*သူက ဘာကို ယုံကြည်ပြီး ဒီလိုလုပ်ရတာလဲ။ တော်ဝင် မြေးတော်ဆိုတဲ့ အဆင့်အတန်းကိုလား။ ဒီအဆင့်အတန်း တစ်ခုတည်းနဲ့တင် သူ၏ မိသားစုတစ်ခုလုံးကို ခုနစ်ဆက်တိုင်အောင် သုတ်သင်ပယ်ရှင်းခံရမယ့် ဘေးကနေ ကာကွယ် နိုင်လိမ့်မယ်လို့ ထင်နေတာလား*

နန်းတွင်း အမတ်ကြီးများမှာမူ ဤမျှလောက်အထိ ပြင်းထန်လှသော အရှုပ်တော်ပုံ ဒရာမာကြီးကြောင့် စိတ်ဓာတ် များပင် ပျာယာခတ်ကာ အလုပ်အကိုင်များကိုပင် ဆက်လက်မလုပ်ဆောင်နိုင်လောက်အောင် ဖြစ်နေကြ ရရှာသည်။

ထိုအတောအတွင်း ယဉ်ကျေးမှုဝန်ကြီးသည် လုပ်ဖော်ကိုင်ဖက် အမတ်အချို့၏ တိုးတိုးတိတ်တိတ် ပြောဆို နေသံများကို ကြားလိုက်ရလေသည်။

"ငါကတော့ ဧကရာဇ်မင်းမြတ်က သူ့မြေးတော်ရဲ့ ချစ်သူကို အတင်းအဓမ္မ သိမ်းပိုက်ခဲ့တာလို့ အမြဲ ထင်နေခဲ့တာ။ အခု ကြည့်တော့ ချင်ကွေ့ရန်က သူမဘာသာ စိတ်လိုလက်ရ နန်းတော်ထဲ ဝင်ခဲ့တာပါလား"

"အေးလေ ... ဘယ်သူက ထင်မှာလဲ။ ငါဆိုရင် အသက် ၆၀ ကျော်နေပြီဖြစ်တဲ့ အရှင်မင်းကြီးက အိုလေဆိုးလေ ဖြစ်ပြီး မိန်းမပွေနေတာလို့ပဲ မှတ်နေတာ"

ထိုသို့သော တိုးတိုးတိတ်တိတ် ပြောဆိုသံများမှာ အဆက်မပြတ် ထွက်ပေါ်နေတော့သည်။

ယဉ်ကျေးမှုဝန်ကြီးသည်လည်း တွေးနေမိသည်မှာ -

* ငါတို့တွေ ဟိုအငယ်တန်းအရာရှိလေးရဲ့ အတွေးတွေကို စပြီး ကြားကတည်းက ညီလာခံထဲက ဆွေးနွေးမှုတွေရဲ့ လေသံက လုံးဝကို ပြောင်းလဲသွားတော့တာပဲ။ ထိန်းမနိုင် သိမ်းမရတဲ့ တစ်နေရာရာကို အတင်း ဆွဲခေါ် သွားသလိုမျိုးပဲ*

"ဒေါသထွက်စရာကောင်းလိုက်တာ၊ တကယ့်ကို ဒေါသထွက်စရာပဲ"

အိုမင်းလှပြီ ဖြစ်သော ဧကရာဇ်မင်းမြတ်၏ အသံတော်မှာ နန်းဆောင်ခန်းမတစ်ခုလုံးတွင် ဒေါသတကြီး ပဲ့တင်ထပ် သွားတော့သည်။ ကိုယ်ရံတော်များနှင့် အစေအပါးများမှာမူ အရှင်မင်းကြီး၏ အမျက်ဒေါသ ပစ်မှတ်မဖြစ်စေရန် ခေါင်းများကို အောက်သို့ငုံ့လျက် ထိတ်လန့် တုန်လှုပ်နေကြရှာသည်။

ဧကရာဇ်သည် ဧကရီမိဖုရားကြီး၏ ရှေ့ရှိ ဖိနပ်ပျော့ခုံတစ်ခုပေါ်သို့ ဘုန်းခနဲ ထိုင်ချလိုက်သည်။

"မိဖုရားကြီး ... ငါတို့ရဲ့ အသုံးမကျတဲ့ မြေးတော် လုပ်လိုက်တဲ့ ပြဿနာတွေကို မင်း ယုံမှာတောင် မဟုတ်ဘူး။ သူက ငါ့ရဲ့ ကိုယ်လုပ်တော် တစ်ယောက်နဲ့ ပွေရှုပ်ဖို့အတွက် အတွင်းနန်းဆောင်ထဲအထိကို အတင်း ဝင်ရောက် ရဲတယ်လေ"

"အခုတော့ တစ်နန်းတော်လုံးက အမတ်တွေလဲ ဒါကို သိကုန်ကြပြီ"

သူ၏ အသံမှာ ပိုမိုပြင်းထန်လာပြီး ခန်းမတစ်ခုလုံးကိုပင် တုန်ခါသွားစေတော့မည့်အလား။

ဧကရီသော်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်သည်။

"ဒါက... ဟို ရှုဆိုတဲ့ တစ်ယောက်ကြောင့်လား ..."

ဧကရာဇ်က ချက်ချင်းပင် စကားဖြတ်ပြောလိုက်သည်။

"သူပဲပေါ့၊ အဲ့ဒီလူက ညီလာခံကျင်းပနေချိန်မှာတောင် အလုပ်ကို အာရုံမစိုက်ဘဲ အတင်းအဖျင်းနဲ့ အရှုပ်တော် ပုံတွေကိုပဲ စိတ်ဝင်စားနေတာ၊ နောက်တစ်ခါသာ သူ အလုပ် လစ်ဟင်းနေတာကို ငါ တွေ့ရင်တော့ သူ့ကို ကြိမ်ဒဏ် အချက် ၃၀ ပေးပစ်မယ်"

ဧကရီသည် ဆံနွယ်များ အနည်းငယ် ဖရိုဖရဲဖြစ်နေပြီး နားတောင်းမှ ပုလဲဆွဲသီးလေးများမှာလည်း အသာအယာ လှုပ်ခတ် နေတော့သည်။ သူမသည် ဧကရာဇ်၏ အနားသို့ လျှောက်လှမ်းသွားပြီး သူ၏ နားထင်များကို နှိပ်နယ် ပေးလိုက်ရာ ဧကရာဇ်၏ တွန့်ချိုးနေသော မျက်မှောင်များမှာ တဖြည်းဖြည်း ပြေလျော့သွားပြီး ထိုင်ခုံပေါ်သို့ မှီချ လိုက်ကာ ဒေါသ အရှိန်များလည်း တဖြည်းဖြည်း လျော့ပါးသွားတော့သည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဧကရာဇ်က ရုတ်တရက် ပြောလိုက်သည်။

"ငါ ချီအာကို မြေအောက် အကျဉ်းတိုက်ထဲ ထည့်လိုက်ပြီ"

ဧကရီ၏ မျက်နှာတွင် တွန့်ဆုတ် နှမြောတ သဖြစ်ရသည့် အရိပ်အယောင်လေး တစ်ချက် ဖြတ်ပြေးသွားသော်လည်း သူမက ပြောလိုက်သည်။

"ချီအာက တကယ်ပဲ အလိုလိုက်တာ ခံထားရလွန်းပါတယ်။ နောင်တစ်ချိန်မှာ ဒီထက်ပိုကြီးတဲ့ ပြဿနာတွေ မရှာရအောင် သူ့ရဲ့ စရိုက်ကို အခုလိုမျိုး ဆုံးမသွန်သင်ပေးလိုက်တာက ကောင်းပါတယ်"

ဧကရာဇ်က ထောက်ခံသည့်အလား တစ်ချက် ညည်းလိုက်ပြီးနောက် ထပ်လောင်းပြောဆိုလိုက်တော့သည်။

"ဟို မိန်းမယုတ်ကိုတော့၊ ငါ့ရဲ့ မြေးမြစ်လေးကို မွေးဖွားပြီးတာနဲ့ ကွပ်မျက်ပစ်မယ်။ တော်ဝင်သွေးသားကို ချန်ရစ် ပေးခဲ့တဲ့ သူမရဲ့ ကုသိုလ်ကို ထောက်ထားပြီး၊ သူမကို ရိုက်နှက်သတ်ဖြတ်ခံရတဲ့ နာကျင်မှုမျိုးတော့ မခံစား စေရပါဘူး"

ဧကရာဇ်၏ နားထင်ကို နှိပ်နယ်ပေးနေသော လက်များမှာ တုံ့ခနဲ ရပ်တန့်သွားပြီး သူမ၏ ဝတ်ရုံထံမှ ထွက်ပေါ် နေသော ရနံ့သင်းသင်းလေးပင် ဆုတ်ခွာသွားသယောင် ထင်မှတ်ရသည်။

ဧကရာဇ်သည် နားမလည်နိုင်စွာဖြင့် ကိုယ်ကိုမတ်လိုက်ပြီး ခေါ်လိုက်မိသည်။

"မိဖုရားကြီး"

ဧကရီ မိဖုရားကြီး၏ မျက်နှာအမူအရာမှာ ပျော့ပြောင်းသွားသော်လည်း သူမ၏ မျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှု အရိပ်အယောင် တို့မှာမူ ပိုမိုနက်ရှိုင်းလာတော့သည်။

"အရှင်မင်းကြီး ... ချင်ကွေ့ရန်ကလဲ သနားစရာကောင်းလှပါတယ်။ သူမကို အသက် ချမ်းသာပေးပြီး ဆံပင်ရိတ်ပြီး ထျန်းကျန်း ဘုန်းတော်ကြီးကျောင်းမှာ သီလရှင်ဝတ်ခိုင်းပြီး တော်ဝင်မိသားစုအတွက် ဆုတောင်းမေတ္တာပို့သရင်း တစ်ဘဝလုံး ကုန်ဆုံးစေရင် မဖြစ်နိုင်ဘူးလား ဘုရား"

ဧကရာဇ်မှာ မယုံကြည်နိုင်ဟန်ဖြင့် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။

"သနားစရာ ဟုတ်လား။ သူမက အတွင်းနန်းဆောင်ကို အရှက်ခွဲဖို့အထိ ရဲတင်းခဲ့တာလေ၊ ဒီအတွက် ထိုက်တန်တဲ့ ပြစ်ဒဏ်ကို သူမ ခံယူရမှာပေါ့"

ဧကရီမိဖုရားကြီးသည် တည်ငြိမ်သောလေသံကို ဆက်လက်ထိန်းသိမ်းထားသည်။

"အစကတည်းကသာ ချီအာက သူမနောက်ကို တကောက်ကောက် မလိုက်ခဲ့ရင် ဒါမှမဟုတ် သူမကို တရားဝင် ဇနီးအဖြစ် သိမ်းပိုက်ဖို့ ကြိုးစားခဲ့ရင် အနည်းဆုံးတော့ သူမ နန်းတော်ထဲ ရောက်သွားတဲ့အခါမှာ သူက စွန့်လွှတ်နိုင်ခဲ့ရင် အခြေအနေတွေက ဒီလိုဖြစ်လာပါဦးမလား။ ကျွန်မအမြင်အရတော့ သူမမှာ အမှားရှိတာ မှန်ပေမဲ့ အသက် သေစေလောက်တဲ့အထိတော့ အပြစ်မကြီးဘူးလို့ ထင်ပါတယ်"

ဧကရာဇ်သည် ယခုအခါတွင်မူ ဒေါသကြောင့် မျက်နှာကြီး နီမြန်းလာကာ အော်ဟစ်လိုက်တော့သည်။

"ဒါဆို ငါကပဲ ဦးထုပ်စိမ်း အဆောင်းခံရတာ အတွက် အမှားလုပ်မိတာလို့ မင်းက ပြောချင်တာလား"

ဦးထုပ်စိမ်းဆောင်းခြင်း ဟူသော အသုံးအနှုန်းမှာ ယခင် မင်းဆက်တစ်ခု၏ ပုံပြင်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ထိုစဉ်က အသိဉာဏ်ကင်းမဲ့သော ဧကရာဇ်တစ်ပါးသည် အမတ်တစ်ဦး၏ ဇနီးကို စွဲလန်းသဖြင့် ထိုအမတ် မရှိခိုက်တွင် သွားရောက်လည်ပတ်လေ့ရှိသည်။ တံခါးစောင့်ဖြစ်သူမှာ ဧကရာဇ်အတွက် လမ်းကြောင်း ရှင်းကြောင်း အချက်ပြရန် ဦးထုပ်စိမ်းကို ဆောင်းထားလေ့ရှိသည်။ ထိုအရှုပ်တော်ပုံ ပေါ်ပေါက်သွားသောအခါ ဦးထုပ်စိမ်း ဆောင်းခြင်း ဆိုသည်မှာ အမျိုးသားတစ်ဦးသည် မိမိ၏ ဇနီး သို့မဟုတ် အမျိုးသမီး၏ ဖောက်ပြန်ခြင်းကို ခံရသည် ဟူသော အဓိပ္ပာယ်နှင့် တစ်ထေရာတည်း ဖြစ်သွားခဲ့တော့သည်။

ဧက ရီမိဖုရားကြီးသည် ဧကရာဇ်၏ အကြည့်ကို မယိမ်းမယိုင်ဘဲ တုံ့ပြန်လျက် ပြတ်သားသောလေသံဖြင့် ဆိုလိုက်သည်။

"ဒါကြောင့်မို့လို့ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ငဲ့ညှာတဲ့အနေနဲ့ သူမကို ဘဝရဲ့ ကျန်ရှိတဲ့နေ့ရက်တွေမှာ ဘာသာရေး ဘောင်ထဲမှာပဲ ဘယ်လိုပျော်ရွှင်မှုမျိုးမှ မရှိဘဲ ဖြတ်သန်းသွားစေရမှာပါ"

ဧကရာဇ်က မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။

"ဘုန်းကြီးကျောင်းဆိုတာ စားစရာနဲ့ နေစရာ ပေးထားတဲ့ နေရာပဲ၊ ဒါကို ပြစ်ဒဏ်လို့ ခေါ်လို့ရပါ့မလား"

သို့သော် ဧကရီ မိဖုရားကြီးမှာမူ သူမ၏သဘောထားကို မပြင်ဘဲ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သည်။ သူမသည် အကြီးတန်း အစေခံတစ်ဦးကို ခေါ်ယူ၍ ချင်ကွေ့ရန်အား ဘေးကင်းစေရန်အတွက် ဘေးဆောင် နန်းဆောင် တစ်ခုသို့ ခေါ်ဆောင်သွားရန်ပင် အမိန့်ပေးလိုက်သေးသည်။

ဧကရာဇ်မင်းမြတ်မှာမူ ဒေါသအလိပ်လိပ် ထွက်ပေါ်ပြီး မာန်မဲကာ ဒေါသတကြီး ထွက်ခွာသွားတော့သည်။

"မင်း... မင်း ငါ့အပေါ် သိပ်ကို လွန်လွန်းနေပြီ"

သူသည် ညီလာခံခန်းမသို့ ပြန်ရောက်လာသောအခါ အမတ်များ၏ အသေးအဖွဲ အမှားလေးတစ်ခုကိုပင် အကြောင်း ပြ၍ သူ၏ ဒေါသများကို ပေါက်ကွဲပစ်တော့သည်။

ရှုရန်မြောင်သည် သူ၏ တည်ရှိမှုကို အတတ်နိုင်ဆုံး ဖျောက်ထားလိုက်ပြီး မိမိသည် ခန်းမ၏ နောက်ဆုံးတန်း တွင်ရှိသော အငယ်တန်း အရာရှိလေး တစ်ဦးသာ ဖြစ်သဖြင့် ဧကရာဇ်၏ အမျက်ဒေါသ ပစ်မှတ်မဖြစ်နိုင်ဟု တွေးကာ တစ်ဖန် သက်ပြင်းချလိုက်မိသည်။

[သူ ဘာတွေဖြစ်နေတာလဲ။ ဗုံးတစ်လုံးလောက် မြိုချထားလို့လား။]

[ကျွန်တော်တို့က သူ့ကို ဦးထုပ်စိမ်း ဆောင်းပေးခဲ့တာမှ မဟုတ်တာ၊ ဘာလို့ ငါတို့အပေါ်မှာ လာပြီး ဒေါပုံချ နေရတာလဲ။]

နန်းတွင်းအမတ်အားလုံးကလည်း ထိုအတွေးကိုပင် တိတ်တဆိတ် ထောက်ခံကာ ခေါင်းငြိမ့်နေကြတော့သည်။

All Chapters