ဟင်းသီးဟင်းရွက်တွေက ဆောင်းတွင်းမှာ ရတနာပဲ (၂)
Vol. 1 Ch. 6
ဘာဖြစ်ခဲ့သလဲ ဆိုသည်ကို သဘောပေါက် သွားကြပြီးနောက် အမတ်မင်းများသည် မျက်လုံးချင်းဆုံရန် ရှောင်လွှဲ လိုက်ကြပြီး၊ ကောင်းကင်ကြီးကို ဖြစ်စေ သို့မဟုတ် ကြမ်းပြင်ကိုဖြစ်စေ အာရုံစိုက် ကြည့်နေကြတော့သည်။ ရွှေပလ္လင် ထက်တွင် စံမြန်းနေသော ဧကရာဇ်မင်းမြတ်ထံသို့မူ မည်သူမျှ တစ်ချက်ကလေးပင် လှမ်းမကြည့် ရဲကြချေ။
အိုမင်းလှပြီဖြစ်သော ဧကရာဇ်မင်းမြတ် : “...?”
ဘေးနားရှိ မိန်းမစိုးအရာရှိချုပ်မှာ ဧကရာဇ်၏ မျက်နှာအမူအရာကို သတိပြုမိသွားပြီး ထိတ်လန့်လွန်းသဖြင့် လဲကျ လုနီးပါး ဖြစ်သွားရသည်။
*ဘာတွေဖြစ်နေတာလဲ။ အရှင်မင်းကြီးရဲ့ နားထင်က အကြောတွေ ဘာလို့ ရုတ်တရက် ထောင်ထလာရတာလဲ။ ဘယ်သူကများ သူ့ကို ဒီလောက်အထိ ဒေါသထွက်အောင် လုပ်လိုက်တာပါလိမ့်။ ပြီးခဲ့တဲ့အကြိမ်တုန်းက ဖောက်ပြန်မှုကို လက်ပူးလက်ကြပ် မိခဲ့တုန်းကတောင် အရှင်မင်းကြီး ဒီလောက်အထိ ဒေါသထွက်ပုံမရပါဘူး*
*ဒါနဲ့ စကားမစပ်၊ ကျောက်တောင် ဥယျာဉ်ထဲမှာ မင်းသားနဲ့ ချင်ကွေ့ရန်တို့ရဲ့ ဖောက်ပြန်မှုကို အရှင်မင်းကြီးက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး သိသွားရတာလဲ*
မိန်းမစိုး အရာရှိချုပ်မှာ ဇဝေဇဝါ ဖြစ်နေတော့သည်။
ဧကရာဇ်အိုကြီးသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။
*ငါ ဒေါသမထွက်ဘူး၊ ငါ ဒေါသမထွက်ဘူး၊ ငါ ဒေါသမထွက်ဘူး ... ငါက ကိုယ်ပိုင် အကျိုးစီးပွားအတွက်နဲ့ လူတွေကို လျှို့ဝှက် ပြစ်ဒဏ် ခတ်တတ်တဲ့ အရင်မင်းဆက်က ဧကရာဇ်တွေလို အဆင့်အတန်းမျိုးအထိ အောက်ကျ နောက်ကျ အလုပ် ခံမှာမဟုတ်ဘူး*
ထို့ပြင် ဧကရာဇ်အိုကြီးသည် "ရှုရန်မြောင်" ဟူသော နာမည်ကို စိတ်ထဲ၌ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။ လွန်ခဲ့သော နှစ်ဝက်ခန့်က ရှုရန်မြောင်၏ အတွင်းစိတ်အတွေးများ ပထမဆုံးအကြိမ် ပေါက်ကြားခဲ့သည့် တည်ငြိမ် လေးနက်လှသော ညီလာခံခန်းမကြီးကို ပြန်လည်အမှတ်ရမိစဉ် သူ၏မျက်မှောင်များမှာ တွန့်ချိုးသွားတော့သည်။
၎င်းမှာ ရှန်းတုန်းပြည်နယ်ရှိ အတုအယောင် မိုးခေါင်ရေရှားမှု သတင်းကြီး ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။
နှစ်ပေါင်းများစွာ တိုင်အောင် ဧကရာဇ်မင်းမြတ်နှင့် ဗဟိုအစိုးရ အရာရှိအချို့မှာ ရှန်းတုန်းပြည်နယ်သည် မိုးခေါင် ရေရှား ဘေးဒဏ်ကို ဆိုးရွားစွာ ခံစားနေရသည်ဟု ယုံကြည်ခဲ့ကြသဖြင့် နန်းတော်မှ ကူညီကယ်ဆယ်ရေး ပစ္စည်း များကို အဆက်မပြတ် ပေးပို့ခဲ့ကြသည်။ ရှန်းတုန်း အရာရှိများကလည်း မိုးခေါင်သည့်အကြောင်းများကိုသာ အစီရင်ခံ ခဲ့ကြသလို နန်းတွင်းစာမေးပွဲ လာရောက်ဖြေဆိုကြသည့် ရှန်းတုန်းမှ ပညာရှိများကလည်း ထိုအကြောင်း ကိုသာ ပြောဆိုခဲ့ကြသည်။ ရှုရန်မြောင်၏ အသံသည် လေထုကို ထိုးဖောက်၍ ထွက်ပေါ်မလာခင်အထိ မည်သူ တစ်ဦးတစ်ယောက်ကမျှ ဤကိစ္စကို သံသယမဝင်ခဲ့ကြပေ။
[ရှန်းတုန်းက အရာရှိတွေ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ရန်ပုံငွေတွေကို ခိုးယူ စားသောက် နေကြတာ ဆယ်စုနှစ် တစ်ခုမကတော့ဘူး၊ ရှန်းတုန်းက အရာရှိတွေကတော့ တကယ့်ကို လူစွမ်းကောင်းတွေပဲ! ပုံမှန် ဆိုရင်တော့ သိပ်ငြိမ်နေကြတာ၊ ဒါပေမဲ့ တစ်ခုခု လုပ်လိုက်ပြီဆိုရင်တော့ အကြီးအကျယ်ကြီးပဲဟ]
ထိုအခါမှသာ နန်းတွင်းတစ်ခုလုံးနှင့် လူထုတစ်ရပ်လုံးမှာ အံ့အားသင့်တုန်လှုပ်သွားကြတော့သည်။
ဧကရာဇ်မင်းမြတ်သည် အမှန်တရားကို သိရှိနိုင်ရန် သူလျှိုများကို စေလွှတ်၍ စုံစမ်းစစ်ဆေးစေခဲ့သည်။
စုံစမ်းစစ်ဆေးမှုများ အပြီးတွင် ရှန်းတုန်းမှ အရာရှိများမှာ အမှန်တကယ်ပင် ပြစ်မှုထင်ရှားသဖြင့် တစ်နယ်လုံးရှိ အကျင့်ပျက် ခြစားသူအားလုံးကို အမြစ်ပြတ် သုတ်သင်ပယ်ရှင်းလိုက်တော့သည်။ ထိုစဉ် အတောအတွင်း နန်းတွင်း စာမေးပွဲ အောင်မြင်သူ မည်သူမဆို ရှန်းတုန်းသို့ အရာရှိအဖြစ် စေလွှတ်ခြင်း ခံခဲ့ရသည်၊ အဘယ်ကြောင့်ဆိုသော် ထိုသုတ်သင်မှုကြီးကြောင့် လစ်လပ်သွားသော ရာထူးနေရာများမှာ အမြောက်အမြား ရှိနေသောကြောင့်ပင်။
ဤသည်မှာ ကျင်းယီဝေ (ချည်ထိုး ဝတ်ရုံဝတ် ကိုယ်ရံတော်တပ်ဖွဲ့) ကို စတင်ဖွဲ့စည်းခဲ့သည့် အချိန်လည်း ဖြစ်သည်။ ဤဌာနသည် ဧကရာဇ်အတွက် ထောက်လှမ်းရေးသတင်းများ စုဆောင်းရန်နှင့် အရာရှိများကို စောင့်ကြည့်ရန် တာဝန်ပေးအပ်ခြင်း ခံရသည်။
လွန်ခဲ့သော နှစ်ဝက်ခန့်အတွင်း ဧကရာဇ်သည် ရှုရန်မြောင်အကြောင်းကို အနည်းငယ် သိရှိလာခဲ့သည်။
ရှုရန်မြောင်သည် သာမန်လူတစ်ဦးသာဖြစ်ပုံရသော်လည်း၊ ဒဏ္ဍာရီလာ သတ္တဝါ ပိုင်ကျီ ကဲ့သို့ပင် လောကကြီးကို ထိုးထွင်းသိမြင်နိုင်သည့် စနစ်ဟုခေါ်သော နတ်ဘုရားကိရိယာ၏ ရွေးချယ်ခြင်း ခံရသည့် ထူးခြားသောကံကြမ္မာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သို့သော် ထိုကိရိယာမှာ ပျက်စီးနေပုံရပြီး ရှုရန်မြောင်၏ အတွေးများကို အခြားသူများပါ ကြားနိုင်ရန် ခွင့်ပြုထားသကဲ့သို့ ဖြစ်နေသည်။
သို့သော် လူတိုင်းက သူ့ကို ကြားနိုင်သည်တော့ မဟုတ်ပေ။ အစိုးရ အရာရှိတံဆိပ် သို့မဟုတ် တော်ဝင် တံဆိပ်တော် ပိုင်ဆိုင်ထားသူများသာ ရှုရန်မြောင်၏ အတွေးများကို ကြားနိုင်ခြင်းဖြစ်သည်။ မင်းသားများပင်လျှင် အရာရှိတံဆိပ် မရှိပါက ထိုအတွေးများကို ကြားနိုင်စွမ်း မရှိကြချေ။
ရှုရန်မြောင်သည် ထိန်းချုပ်၍ မရနိုင်သောသူဖြစ်ပြီး နက်မှောင်လှသော လျှို့ဝှက်ချက်များစွာကိုလည်း ဖော်ထုတ် နေသူ ဖြစ်သည်။
ဧကရာဇ်အိုကြီး၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု လျှပ်ခနဲ ဖြတ်ပြေးသွားတော့သည်။
ထိုအတောအတွင်း ရှုရန်မြောင်ကမူ မိမိထံသို့ ချဉ်းကပ်လာနေသော အန္တရာယ်ကို သတိမမူမိဘဲ အတင်းအဖျင်း သတင်းများကိုသာ ပျော်ရွှင်စွာ ဆက်လက်ဖတ်ရှုနေလေသည်။
[အာ... နန်ယွဲ့ဘုရင်က ငါတို့ရဲ့ မဟာရှ အင်ပါယာကို ပုန်ကန်ဖို့ ကြံစည်နေတာလား။ သူက မင်ယွဲ့နဲ့ တုန်းယွဲ့ တို့ကိုပါ အဲ့ဒီကိစ္စအတွက် ဆက်သွယ်နေတယ်ပေါ့လေ]
[သူ ရူးသွားပြီလား။ အဲ့လောက်တောင် အလောတကြီး ဖြစ်နေရသလား။ အနည်းဆုံးတော့ အင်ပါယာကို တည်ထောင်ခဲ့ တဲ့ စစ်သူကြီးအိုကြီးတွေ သေဆုံးသွားတဲ့အထိ စောင့်ပြီးမှ လုပ်သင့်တာပေါ့]
ဧကရာဇ်အိုကြီးသည် သူ၏ ရွှေပလ္လင်ထက်တွင် နေရခက်စွာဖြင့် ကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်သည်။
ဘေးနားရှိ မိန်းမစိုးအရာရှိချုပ်က အနားသို့ တိုးကပ်လာသည်။
"အရှင်မင်းကြီး"
ဧကရာဇ်သည် ချောင်းတစ်ချက် ဟန့်လိုက်သည်။
"နှစ်ကုန်ပိုင်းကို နီးကပ်လာတာနဲ့အမျှ အမတ်မင်းတို့ အားလုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ကြရတယ်။ ဒါကို ငါကိုယ်တော် ကျေးဇူးတင်တဲ့ အထိမ်းအမှတ်အနေနဲ့ အမတ် တစ်ဦးချင်းစီကို ဆောင်းရာသီ ဟင်းသီးဟင်းရွက် နှစ်ကျပ်သားစီ ဆုလာဘ်အဖြစ် ပေးသနားမယ်။ အနာဂတ်မှာလည်း အလုပ်ကို လစ်ဟင်းမှုမရှိဘဲ ကြိုးကြိုးစားစားနဲ့ ဆက်လက် တာဝန်ထမ်းဆောင်ကြပါ"
မိန်းမစိုးအရာရှိချုပ်မှာမူ မျက်လုံးအိမ်များ ကျုံ့သွားကာ စိုးရိမ်တုန်လှုပ်စွာဖြင့် တံတွေးကို ခက်ခဲစွာ မျိုချလိုက် မိတော့သည်။
*ဆောင်းရာသီ ဟင်းသီးဟင်းရွက်တွေတဲ့လား၊ တကယ့်ကို ရှားပါးလှတဲ့ စားကောင်းသောက်ဖွယ်ပဲ။ ဒီဟင်းသီး ဟင်းရွက် တွေကို ရေပူစမ်းအနီးက သီးသန့်စိုက်ကွင်းတွေမှာပဲ စိုက်ပျိုးနိုင်တာ၊ ပုံမှန်ဆို ဧကရာဇ်၊ ဧကရီနဲ့ အိမ်ရှေ့စံ မင်းသားတို့ပဲ သုံးဆောင်ခွင့် ရှိတာ၊ တခါတလေမှသာ အဆင့်မြင့် ဝန်ကြီးတွေကို ဆုလာဘ်အဖြစ် ပေးသနား လေ့ရှိပေမဲ့၊ အခုတော့ အဆင့် (၉) အငယ်တန်းအရာရှိလေးတွေအထိပါ ဝေငှပေးနေတာလား*
*ပြီးတော့ တစ်ယောက်ကို နှစ်ကျပ်သားတောင်မှလား*
မိန်းမစိုး အရာရှိချုပ်သည် အငယ်တန်း မိန်းမစိုးတစ်ဦးကို ထိုတာဝန်အား လုပ်ဆောင်ရန် အမိန့်ပေးလိုက်စဉ် သူ၏ ရင်ထဲမှာတော့ မနာလိုဝန်တိုမှုတွေကြောင့် ခါးသက်နေတော့သည်။
သူသည် ဧကရာဇ်မင်းမြတ်ထံတွင် ဆယ်စုနှစ်ပေါင်းများစွာ အလုပ်အကျွေးပြုလာခဲ့သော်လည်း ဆောင်းရာသီ ဟင်းသီးဟင်းရွက် တစ်ခါမျှ မရဖူးချေ။ အခုတော့ ဒီလိုအောက်ခြေအဆင့် အရာရှိလေးတွေက ဘာများလုပ်ခဲ့လို့ ဒီလို ဆုလာဘ်မျိုးကို ရထိုက်တာလဲ။
မကြာမီမှာပင် ဆောင်းရာသီဟင်းသီးဟင်းရွက်များကို အမတ်များထံ ဝေငှပြီးစီးသွားပြီး ခန်းမတစ်ခုလုံးမှာ ကျေးဇူးတင် ရှိကြောင်း ပြောဆိုသံများဖြင့် လွှမ်းမိုးသွားတော့သည်။
ရှုရန်မြောင်သည် ဆုလာဘ်ကို ဒူးထောက်လက်ခံပြီးနောက် ပြန်မတ်တပ်ရပ်လိုက်ကာ သူ၏လက်ထဲရှိ အနည်းငယ် ဝါကျင့်ကျင့်ဖြစ်ပြီး ညှိုးနွမ်းနေသော ဟင်းရွက်ဖတ်လေးများကို စိုက်ကြည့်နေမိသည်။ ပုံမှန်ဆိုလျှင် အတွေး ကမ္ဘာထဲမှာ အတင်းပြောနေတတ်သော သူသည် ယခုတစ်ကြိမ်တွင်မူ ဘာမှပင် မတွေးနိုင်အောင် ဖြစ်သွား ရရှာသည်။
သူ၏ဘေးနားတွင်မူ မျက်ရည်ခြောက်များ ပေကျံနေဆဲဖြစ်သော စစ်ဘက်ဆိုင်ရာဝန်ကြီးက ရှိုက်ကြီးတငင် ဖြစ်နေရင်း ရှုရန်မြောင်ကို ရဲတင်းစွာပင် လှမ်းစကားပြောလိုက်သည်။
"ရှုလန်..."
စစ်ဘက်ဆိုင်ရာဝန်ကြီးက အဓိပ္ပာယ်ပါပါ စိုက်ကြည့်ရင်း ဆိုလိုက်သည်။
"အရှင်မင်းကြီးရဲ့ ကရုဏာတော်က တကယ်ကို ကြီးမားတာပဲ။ ဒီဆောင်းရာသီမှာ ဝန်ကြီးချုပ်သော် တစ်ယောက်ပဲ အရှင်မင်းကြီးဆီက ဆောင်းရာသီဟင်းရွက်တွေကို ဆုလာဘ်အဖြစ် ရခဲ့တာ၊ အဲ့ဒါတောင်မှ ကျင်း တစ်ဝက်ပဲ ရတာလေ”
အထက်ရှိ ပလ္လင်ထက်မှ ဧကရာဇ်အိုကြီးမှာ ရှုရန်မြောင်၏ အတွေးများကို မကြားရသေးသော်လည်း သူ၏ စိတ်ထဲ၌ သံသယအချို့ ရှိနေသည်။
*မင်း တကယ်ပဲ စိတ်လှုပ်ရှားလွန်းလို့ စကားတောင် မပြောနိုင်တော့တာလား*
ဧကရာဇ်သည် ရှုရန်မြောင် ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခုဖြင့် မျက်ခုံး တစ်ဖက်ကို ပင့်လိုက်တော့သည်။
*တကယ်ကို စိတ်လှုပ်ရှားသွားတာမလား။ စိတ်လှုပ်ရှားသင့်တာပေါ့၊ ငါကိုယ်တော် တိုင်တောင်မှ မစားရက် မသောက်ရက် ဖြစ်ရတဲ့ ဒီဆောင်းရာသီဟင်းရွက်တွေကို မင်းတို့ ရသွားကြတာပဲ။ မင်းရဲ့ဘဝကို ငါ့အတွက် ပုံအောပြီး အလုပ်အကျွေးပြုရလောက်အောင်အထိ ကျေးဇူးတင်တတ်ဖို့ ကောင်းတယ်မဟုတ်လား*
ထိုစဉ်အတောအတွင်း နောက်ထပ် ဆောင်းရာသီ ဟင်းသီးဟင်းရွက် ခြင်းတစ်ခြင်းမှာ ဧကရာဇ်၏ ရှေ့မှောက်မှ ဖြတ်ကျော်သွားပြန်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် ဤကဲ့သို့သော ဆုလာဘ်များကို ညီလာခံပြီးမှသာ သက်ဆိုင်ရာ အမတ်များ၏ နေအိမ်သို့ ပို့ဆောင် ပေးလေ့ရှိသည်။ သို့သော် အောက်ခြေအဆင့်မှ တက်လှမ်းလာခဲ့ရသူ ဖြစ်သော ဧကရာဇ်သည် မျက်နှာသာပေးခြင်းနှင့် ဂုဏ်သိက္ခာ မြှင့်တင်ပေးခြင်း တို့၏ တန်ဖိုးကို မည်သူထက်မဆို ပို၍နားလည်သူ ဖြစ်သည်။
ဆုလာဘ်ကို နောက်မှ ပို့ပေးနေမည့်အစား အမတ်အားလုံး၏ ရှေ့မှောက်တွင် တိုက်ရိုက် လက်ရောက် ပေးအပ်ခြင်းမှာ ပို၍ပင် အဓိပ္ပာယ် လေးနက်စေသည် မဟုတ်ပါလား။
*အချို့အမတ်တွေ စိတ်လှုပ်ရှားလွန်းလို့ သတိ လစ်ချင်သလိုဖြစ်နေသည်ကို မတွေ့ရဘူးလား*
ဧကရာဇ်သည် ဂုဏ်ယူဝင့်ကြွားမှုနှင့် နှမြောတသဖြစ်မှုတို့ ရောပြွန်းနေသော ခံစားချက်ဖြင့် ဤမြင်ကွင်းကို စောင့်ကြည့် နေမိသည်။
သူသည် ဤမျှများပြားလှသော ဆောင်းရာသီဟင်းရွက်များကို တစ်ပါးသူအား ပေးမပစ်ချင်သော်လည်း ရှုရန်မြောင်၏ အတွေးထဲမှ ထွက်ပေါ်လာသော အကြောင်းအရာ များမှာမူ... တကယ့်ကို အရသာရှိ လွန်းလှပေသည်။