← Chapters

အခန်း (၂၆၉၁-၂၆၉၂)

Vol. 210 Ch. 2691-2692

အခန်း (၂၆၉၁-၂၆၉၂)

Vol. 210 Ch. 2691-2692

အဆတစ်ရာစနစ် စာစဥ်(၂၁၀)

အခန်း(၂၆၉၁)

ကျန်းချန်က အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး လန်းဆန်းသောရနံတစ်ခုက သူ့မျက်နှာဆီသို့ တိုးဝှေ့လာသည်ကို ခံစားလိုက်ရ၏။

ယင်းက အနံ့တစ်ခုမျှသာ ဖြစ်သော်လည်း စိတ်ကြည်လင် လန်းဆန်းစေသော ခံစားချက်ကို ပေးစွမ်းနေခဲ့၏။

“ဒီအနံ့က အင်မော်တယ်ဆေးပင်တစ်ခုခုကနေ ပေါ်ထွက်လာတာပဲ ဖြစ်ရမယ်.. သွားကြည့်ကြရအောင်”

ကျန်းချန်၏ မျက်ဝန်းထဲတွင် အလင်းတန်း တစ်ခု ဖျတ်ခနဲလက်သွားခဲ့သည်။

ထို့နောက် ရနံ့ထွက်ပေါ်ရာ နေရာ ဆီသို့ လော့ချင်းအာနဲ့ အတူ သွားရောက်ခဲ့သည်။

မကြာမီမှာပင် မီတာတစ်ရာခန့် မြင့်သော တောင်ကုန်းလေးတစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။

အစောပိုင်းက သူတို့ ရခဲ့သည့် ထူးဆန်းသောရနံ့သည် ထိုတောင်ကုန်းလေး ဆီကနေ ထွက်ပေါ်နေခဲ့ခြင်း ဖြစ်၏။

ထိုအချိန်တွင် တောင်ကုန်းလေး၏ အပြင်ဘက်၌ ကျင့်ကြံသူနှစ်ဦး တိုက်ခိုက်နေခဲ့ကြပြီး ၎င်းတို့သည်လည်း တလော့လျှို့ဝှက်နယ်မြေကို စူးစမ်းရန် ရောက်လာကြသူများ ဖြစ်ပုံရသည်။

“ဒီရတနာက ငါ့ဟာပဲ.. သေစမ်း”

ဘယ်ဘက်ရှိ သန်မာထွားကျိုင်းသော အမျိုးသားသည် သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် အေးစက်စက် ကြုံးဝါးလိုက်ပြီး လက်ထဲရှိ ဧရာမ ပုဆိန်ကြီးကို ဝှေ့ယမ်းကာ ဆန့်ကျင်ဘက်မှ ကိုယ်ကျပ်ဝတ်စုံဝတ် အမျိုးသမီးကို တိုက်ခိုက်လိုက်သည်။

ထိုအမျိုးသား၏ ကျင့်ကြံခြင်းအဆင့်က ပကတိအင်မော်တယ်သတ္တမအဆင့် ဖြစ်ပြီး ကိုယ်ကျပ်ဝတ်စုံဝတ် အမျိုးသမီးကမူ ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ဖြစ်၍ အမျိုးသမီး၏ စွမ်းရည်သည် သိသိသာသာပင် နိမ့်ကျနေခဲ့သည်။

“ဝုန်း..”

သန်မာထွားကျိုင်းသော အမျိုးသား၏ ကြောက်မက်ဖွယ်ပုဆိန်ခုတ်ချက်သည် ကိုယ်ကျပ်ဝတ်စုံဝတ် အမျိုးသမီး ထံသို့ ပြင်းထန်စွာ ကျရောက်လာခဲ့သည်။

ကိုယ်ကျပ်ဝတ်စုံဝတ် အမျိုးသမီးသည် တစ်ဖက်လူ၏ စွမ်းရည်က သူမထက် များစွာ သာလွန်နေမှန်း သိသဖြင့် ထိပ်တိုက် မရင်ဆိုင်ဝံ့ဘဲ လှည့်ပတ် ရှောင်တိမ်းနေခဲ့သည်။

သန်မာထွားကျိုင်းသော အမျိုးသားနှင့် ကိုယ်ကျပ်ဝတ်စုံဝတ် အမျိုးသမီးတို့ တိုက်ခိုက်နေစဥ်တွင် ကျန်းချန်၏ အကြည့်သည် ၎င်းတို့ အနောက်ရှိ တောင်ကုန်းလေး ဆီသို့ ကျရောက်သွားခဲ့သည်။

တောင်ကုန်လေး၏ ထိပ်တွင် အဝါဖျော့ဖျော့ အလင်းရောင်များ ထွက်ပေါ်နေသည့် ခရစ္စတယ် တစ်ခုကို သူတွေ့လိုက်ရ၏။

ထိုခရစ္စတယ်သည် အချင်းတစ်မီတာခန့် ရှိသည့် စက်ဝိုင်းခြမ်း ပုံသဏ္ဌာန် ရှိသည်။

အစောပိုင်းက သူတို့ ရရှိခဲ့သော ရနံ့သည် ထိုဝါဖျော့ဖျော့ ခရစ္စတယ် ထံမှ ဖြစ်သည်။

“ဒါက ဘာလဲ”

တောင်ကုန်းလေးပေါ်ရှိ စက်ဝိုင်းခြမ်း ပုံသဏ္ဌာန် ခရစ္စတယ်ကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့၏။

ကျန်းချန်သည် စက်ဝိုင်းခြမ်းပုံသဏ္ဌာန် ခရစ္စတယ် အပြင် တောင်ကုန်းလေးထံကနေ အလွန် ပြင်းထန်သော ဖိအားကိုပါ ခံစားမိခဲ့သည်။

ထို့ကြောင့် တောင်ကုန်းလေး ပေါ်တွင် အလွန်တရာ အစွမ်းထက်သော သက်ရှိတစ်ကောင် ပုန်းအောင်းနေသည်မှာ ထင်ရှားနေခဲ့၏။

သို့သော်လည်း ကျန်းချန်သည် ထိုသတ္တဝါက မည်သည့်နေရာတွင် ပုန်းအောင်းနေသည်ကို ရှာမတွေ့ခဲ့ပေ။

“အစ်ကိုကျန်းချန်.. ဒါက ဒဏ္ဍာရီလာ မြေကမ္ဘာ အင်မော်တယ် ခရစ္စတယ် ဖြစ်မယ်ထင်တယ်”

လော့ချင်းအာက တောင်ကုန်းလေးပေါ်ရှိ ခရစ္စတယ်ကို သူမ၏ လှပသော မျက်ဝန်းလေးများဖြင့် အကဲခတ်ကြည့်ရင်း ကျန်းချန်ကို ခပ်တိုးတိုး ပြောလိုက်သည်။

လော့ချင်းအာသည် ကျင့်ကြံခြင်းအဆင့် နိမ့်ကျသော်လည်း လော့ရွှေကုန်သည်အဖွဲ့၏ သခင်မလေး ဖြစ်၍ ရတနာမျိုးစုံနှင့် မကြာခဏ ထိတွေ့ဖူးသည် ဖြစ်ရာ သူမ၏ အတွေ့အကြုံက အလွန်ပင် ကြွယ်ဝ၏။

ကျန်းချန်က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“မြေကမ္ဘာအင်မော်တယ် ခရစ္စတယ်.. ဟုတ်လား”

“ဟုတ်တယ် အစ်ကိုကျန်းချန်.. မြေကမ္ဘာအင်မော်တယ်ခရစ္စတယ် ဆိုတာက ကျောက်တုံးမျိုးနွယ်စုက သတ္တဝါတွေ ပကတိအင်မော်တယ်အဆင့်ကို ရောက်မှ စုစည်းနိုင်တဲ့ အင်မော်တယ်ခရစ္စတယ် တစ်မျိုးပဲ”

လော့ချင်းအာက လေးနက်စွာ ရှင်းပြလိုက်သည်။

“ကျွန်မ ခန့်မှန်းတာ မမှားဘူးဆိုရင် ကျွန်မတို့ ရှေ့က တောင်ကုန်လေးက မြေကမ္ဘာ သတ္တဝါတစ်ကောင် အသွင်ပြောင်းထားတာပဲ ဖြစ်ရမယ်.. သူက လူတွေကို ဆွဲဆောင်ဖို့ မြေကမ္ဘာအင်မော်တယ်ခရစ္စတယ် အသွင်ပြောင်းထားတာ ဖြစ်မယ်.. အဲဒီ တောင်ကုန်းလေးပေါ် တက်လိုက်တာနဲ့ ဧရာမမြေကမ္ဘာ သတ္တဝါကြီးရဲ့ ခန္ဓာကိုယ်ထဲကို ရောက်သွားတာနဲ့ အတူတူပဲ.. အစွမ်းမရှိတဲ့ လူတွေအတွက်ကတော့ မြေကမ္ဘာသတ္တဝါ အတွက် အာဟာရ တိုက်ရိုက် ဖြစ်သွားလိမ့်မယ်”

ထိုစကားကိုကြားလျှင် ကျန်းချန် အံ့အားသင့်သွားခဲ့သည်။

ဤနေရာတွင် ပုန်းအောင်းနေသော ဆန်းကြယ်သည့် သက်ရှိကို သူ ရှာမတွေ့ရသည်မှာ မထူးဆန်းတော့ပေ။

တကယ်တမ်းတွင် ထိုတောင်ကုန်းလေး ကိုယ်တိုင်ကပင် ဤနေရာ၌ ပုန်းအောင်းနေသော ဧရာမ မြေကမ္ဘာသတ္တဝါ ဖြစ်နေခဲ့သည် မဟုတ်ပါလား။

ယင်းအချိန်တွင် သန်မာထွားကျိုင်းသော အမျိုးသား၏ ပုဆိန်ခုတ်ချက်ကို ကိုယ်ကျပ်ဝတ်စုံဝတ် အမျိုးသမီးသည် ကိုယ်ပွားပုံရိပ်များ ထုတ်ဖော်၍ ရင်ဆိုင်နေခဲ့သည်။

“ဝုန်း..”

ထိုအခိုက်အတန့်တွင် ပုဆိန်ခုတ်ချက်သည် ကိုယ်ကျပ်ဝတ်စုံဝတ် အမျိုးသမီး၏ ကိုယ်ပွားပုံရိပ် အားလုံးကို ချက်ချင်းပင် ကြေမွသွားစေခဲ့၏။

ထိုမျှနှင့် မပြီးသေးဘဲ ပြင်းထန်သော ပုဆိန်ခုတ်ချက်သည် ကိုယ်ကျပ်ဝတ်စုံဝတ် အမျိုးသမီး၏ အနောက်ရှိ တောင်ကုန်းလေးကိုပင် ထိမှန်သွားခဲ့သည်။

“ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်ကများ.. ငါနဲ့ ရတနာ ပြိုင်လုရဲတယ်.. မင်းက တကယ်ကို ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ”

သန်မာထွားကျိုင်းသော အမျိုးသားက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လှောင်ပြုံး ပြုံးလိုက်ပြီး ကိုယ်ကျပ်ဝတ်စုံဝတ် အမျိုးသမီးကို နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် သူ မတိုက်ခိုက်မီမှာပင် ကိုယ်ကျပ်ဝတ်စုံဝတ် အမျိုးသမီး ကျောဘက်ရှိ တောင်ကုန်းလေးသည် ငလျင်လှုပ်သကဲ့သို့ တုန်ခါလာခဲ့သည်။

“ဘာဖြစ်တာလဲ”

သန်မာထွားကျိုင်းသော အမျိုးသားက ထိတ်လန့်သွားခဲ့ပြီး တောင်ကုန်လေး ဆီကနေ အလွန်တရာ အစွမ်းထက်သော အရှိန်အဝါများ ထွက်ပေါ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

တောင်ကုန်းလေးနှင့် ပိုမို နီးကပ်သော ကိုယ်ကျပ်ဝတ်စုံဝတ်အမျိုးသမီးကမူ အန္တရာယ် အရိပ်အငွေ့ကို ပင်ကိုသိစိတ်အရ ခံစားမိလိုက်သဖြင့် အလျင်အမြန် ထွက်ပြေးရန် ကြိုးစားလိုက်၏။

“ဝုန်း..”

တောင်ကုန်းလေးက ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့ပြီး အလွန်တရာ မြင့်မားသော အဝါဖျော့ဖျော့ ပုံရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကိုယ်ကျပ်ဝတ်စုံဝတ် အမျိုးသမီးကို ချက်ချင်းပင် ရိုက်ချလိုက်သည်။

ကိုယ်ကျပ်ဝတ်စုံဝတ် အမျိုးသမီးသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးနှင့် သူမ၏ ခန္ဓာကိုယ်ထဲရှိ အင်‌မော်တယ် ခရစ္စတယ်ပင် ချက်ချင်းဆိုသလို ကြေမွသွားခဲ့ကာ အသားစိုင်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

အဝါဖျော့ဖျော့ ဧရာမပုံရိပ်ကြီးက ထိုအသားစိုင်များကို ချက်ချင်းပင် စုပ်ယူလိုက်၏။

ထိုအခါမှသာ သန်မာထွားကျိုင်းသော အမျိုးသားသည် ကိုယ်ကျပ်ဝတ်စုံဝတ် အမျိုးသမီးကို ရိုက်သတ်လိုက်သည်မှာ ဝါကြင့်ကြင့် ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသည့် ဧရာမသတ္တဝါကြီး ဖြစ်နေမှန်း မြင်လိုက်ရသည်။

ထိုဧရာမသတ္တဝါကြီးသည် အလွန်တရာပင် သန်မာပြီး မီတာတစ်ရာခန့် မြင့်မားကာ တောင်ကုန်းတစ်ခု ကဲ့သို့ ဖြစ်နေခဲ့သည်။

သန်မာထွားကျိုင်းသော အမျိုးသားသည် ၎င်း၏ ရှေ့တွင် ပုရွက်ဆိတ် တစ်ကောင်နှယ် သေးငယ်နေခဲ့သည်။

ဧရာမသတ္တဝါကြီးက ကျောက်မျက်ရတနာများ ကဲ့သို့ တောက်ပနေသည့် ၎င်း၏ ဧရာမ မျက်လုံးကြီးနှစ်လုံးဖြင့် သန်မာထွားကျိုင်းသော အမျိုးသားကို အပေါ်စီးကနေ ငုံ့ကြည်ပြီး အလွန်တရာ ပြင်းထန်သော အရှိန်အဝါများဖြင့် ဖိအားပေးနေခဲ့သည်။

ဤအရှိန်အဝါသည် ပကတိအင်မော်တယ် နဝမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

“ကျောက်တုံးမျိုးနွယ်စုက ဧရာမ မြေကမ္ဘာသတ္တဝါပါလား”

သန်မာထွားကျိုင်းသော အမျိုးသားက သူ့ရှေ့ရှိ ဧရာမ မြေကမ္ဘာသတ္တဝါကို ကြည့်ရင်း ခန္ဓာကိုယ် တုန်ယင်လာခဲ့ပြီး မျက်ဝန်းထဲတွင်လည်း ကြောက်ရွံ့သော အရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။

အင်မော်တယ်လောကတွင် မြက်ပင်တစ်ပင်၊ သစ်ပင်တစ်ပင် သို့မဟုတ် ကျောက်ခဲတစ်လုံး ဖြစ်နေပါစေ၊ အခွင့်အရေးလုံလောက်လျှင် အင်မော်တယ်တစ်ဦး ဖြစ်လာနိုင်၏။

ထို့ကြောင့်လည်း အင်မော်တယ်လောကတွင် ဆန်းကြယ်သော မျိုးနွယ်စုများတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ကျောက်တုံးမျိုးနွယ်စုသည်လည်း ထိုဆန်းကြယ်သောမျိုးနွယ်စုများ အနက် မျိုးနွယ်စုတစ်စု ဖြစ်၏။

ကျောက်တုံးမျိုးနွယ်စုသည် အင်မော်တယ်လောကတွင် အရေအတွက် အလွန် နည်းပါးသော်လည်း ကျောက်တုံးမျိုးနွယ်စု တစ်ဦးချင်းစီသည် အလွန်တရာ အစွမ်းထက်ကြသည်။

အထူးသဖြင့် ဧရာမ မြေကမ္ဘာသတ္တဝါများ၏ ပါရမီသည် အလွန်တရာပင် ကြောက်မက်ဖွယ်ကောင်းပြီး မြေစွမ်းအားကို အသုံးပြုကာ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်နိုင်ကြသည်။

မြေကမ္ဘာ သတ္တဝါများသည် အချိန်တော်တော်များများကို အိပ်စက်ခြင်းဖြင့်သာ ကုန်ဆုံးလေ့ ရှိသော်လည်း ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကမူ ဆက်လက် တိုးတက်နေသဖြင့် အလွန်တရာ အားကျစရာကောင်းသော မျိုးနွယ်စု တစ်စု ဖြစ်၏။

ထိုမျှတင်မကသေးဘဲ မြေကမ္ဘာ သတ္တဝါများသည် အလွန်တရာပင် သန်မာကြပြီး မြေကြီးကိုပါ ထိန်းချုပ်နိုင်ကြသည်။

အထူးသဖြင့် မြေပြင်တိုက်ပွဲများတွင် ၎င်းတို့သည် အဆင့်တူအတွင်း ပြိုင်ဘက်ကင်းဟု ဆို၍ ရ၏။

သူ့ရှေ့ရှိ မြေကမ္ဘာသတ္တဝါက ပကတိအင်မော်တယ် နဝမအဆင့်သို့ ရောက်နေသည်ကို အသာထား၊ ပကတိအင်မော်တယ် သတ္တမအဆင့် မြေကမ္ဘာသတ္တဝါ ဖြစ်နေလျှင်ပင် သူ ကိုင်တွယ်နိုင်မည့်အရာ မဟုတ်ပေ။

သန်မာထွားကျိုင်းသော အမျိုးသား၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ထွက်ပြေးရန် ကြိုးစားလိုက်သည်။

“ဝေါင်း..”

မြေကမ္ဘာသတ္တဝါက ဒေါသတကြီးဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ ကြောက်မက်ဖွယ် လေပြင်း တစ်ခုသည် ရုတ်တရက် တိုက်ခတ်လာခဲ့ပြီး မရေမတွက်နိုင်သော သဲများ၊ကျောက်ခဲများ၊ ပန်းများနှင့် သစ်ပင်များသည် လေပြင်းနှင့်အတူ ပါလာ၍ သန်မာထွားကျိုင်းသော အမျိုးသားကို လွှမ်းခြုံသွားခဲ့သည်။

သန်မာထွားကျိုင်းသောအမျိုးသားက သူ၏ခန္ဓာကိုယ်ထဲမှ အင်မော်တယ် စွမ်းအင်များကို လှုံ့ဆော်ကာ အကာအကွယ်တစ်ခုကို ဖန်တီး၍ အစွမ်းကုန် ခုခံလိုက်သည်။

ပြင်းထန်သော လေပြင်းအောက်တွင် အရာဝတ္ထုအမျိုးမျိုးသည် သန်မာထွားကျိုင်းသော အမျိုးသား၏ ခန္ဓာကိုယ်ကို ဆက်တိုက်ဆိုသလို ထိမှန်နေခဲ့ရာ သန်မာထွားကျိုင်းသောအမျိုးသား၏ ခန္ဓာကိုယ်သည် တုန်ယင်နေခဲ့ပြီး မျက်နှာတစ်ခုလုံးသည်လည်း တစ်ခဏအတွင်း အလွန်တရာ ဖြူဖျော့သွားခဲ့သည်။

မြေကမ္ဘာသတ္တဝါက သန်မာထွားကျိုင်းသော အမျိုးသားကို အေးစက်စက် ကြည့်လိုက်ပြီး ဧရာမ ကျောက်လက်ဝါးကြီးကို တိုက်ရိုက်ပင် ဆန့်ထုတ်လိုက်ကာ ဟင်းလင်းပြင်ကိုပင် ဖျက်ဆီးနိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်ဖော်၍ သန်မာထွားကျိုင်းသော အမျိုးသားကို ရိုက်ချလိုက်သည်။

ဧရာမ ကျောက်လက်ဝါး ကျရောက်လာသည်နှင့် သန်မာထွားကျိုင်းသော အမျိုးသား၏ အကာအကွယ်သည် ကြေမွသွားခဲ့ပြီး လက်ထဲရှိ ဧရာမပုဆိန်သည်ပင် လွင့်ထွက်သွားခဲ့သည်။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီး မြေကမ္ဘာသတ္တဝါ၏ ကြီးမားသော လက်ဝါးရာသည် မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သည်။

ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် မီးခိုး‌ငွေ့များသည်လည်း ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားခဲ့၏။

သန်မာထွားကျိုင်းသော အမျိုးသား၏ ပုံရိပ်ကမူ ဘာမှမကျန်ရှိတော့သည်အထိ ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၆၉၁)ပြီး၏။

အခန်း(၂၆၉၂)

“အစ်ကိုကျန်းချန်. ဒီပကတိအင်မော်တယ် နဝမအဆင့်ဘမြေကမ္ဘာသတ္တဝါက ရင်ဆိုင်ရခက်ခဲလွန်းတယ်”

ပကတိအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်သည့် သန်မာထွားကျိုင်းသော အမျိုးသားက မြေကမ္ဘာသတ္တဝါ၏ ချေမှုန်းခြင်းကို ခံလိုက်ရပြီး အစအနပင် မကျန်ရှိတော့သည်ကိုမြင်လျှင် လော့ချင်းအာသည် မျက်နှာဖြူဖျော့သွားခဲ့ကာ ကျန်းချန်ကို အလျင်အမြန် ပြောလိုက်သည်။

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး လော့ချင်းအာနှင့် အတူ နောက်ဆုတ်လိုက်၏။

ဤမြေကမ္ဘာသတ္တဝါသည် မြို့တော်နှစ်ခုမှ ပကတိအင်မော်တယ် နဝမအဆင့်ပါရမီရှင်များနှင့် နှိုင်းယှဥ်လျှင်ပင် နိမ့်ကျလိမ့်မည် မဟုတ်ပေ။

သာမန် ကောင်းကင်အင်မော်တယ် ပထမအဆင့် ပင်လျှင် မြေကမ္ဘာသတ္တဝါကို ကိုင်တွယ်ရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ချေ။

ကျန်းချန်က သူ၏ လက်ရှိစွမ်းရည်ဖြင့် မြေကမ္ဘာသတ္တဝါကို မကြောက်ရွံ့သော်လည်း အကြောင်းမဲ့သက်သက် သွားရောက် မနှောင့်ယှက်လိုခဲ့ပေ။

သို့သော်လည်း ကျန်းချန်နှင့် လော့ချင်းအာတို့ ဆုတ်ခွာရန် ပြင်လိုက်စဥ်မှာပင် သူတို့ ခြေထောက်အောက်ရှိ မြေပြင်သည် ရုတ်တရက် တုန်ခါလာခဲ့သည်။

“မြေကမ္ဘာသတ္တဝါက ငါတို့ကို သတိပြုမိသွားပြီ.. ငါတို့ ထွက်သွားလို့ မရတော့ပုံပဲ”

ကျန်းချန်က လော့ချင်းအာကို ပေအနည်းငယ် အကွာအဝေးသို့ ဆွဲခေါ်သွားခဲ့ပြီး မြေပြင်အခြေအနေကို စောင့်ကြည့်နေခဲ့သည်။

နောက်ထပ်တစ်ခဏတွင် ကျန်းချန်တို့ အစောပိုင်းက ရပ်နေခဲ့သော နေရာကနေ ကြောက်မက်ဖွယ်သဲမုန်တိုင်း တစ်ခုသည် ကျန်းချန်တို့ ရှိရာသို့ တိုက်ခတ်လာခဲ့သည်။

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်ပြီး သဲမုန်တိုင်းကို ပိုင်းဖြတ်ပစ်လိုက်သည်။

ဤသို့ဖြင့် သဲမုန်တိုင်းသည် ကျန်းချန်တို့နှင့် သုံးပေ ပတ်လည်အတွင်းသို့ပင် မကပ်နိုင်ဘဲ လေထဲတွင် လုံးဝ ပျောက်ကွယ်သွားခဲ့၏။

ယင်းအချိန်မှာပင် ပေတစ်ရာခန့် မြင့်သော ကျောက်တုံးကြီးတစ်ခုက မြေပြင်ကနေ ရုတ်တရက် ထိုးထွက်လာခဲ့သည်။

၎င်းမှာ သန်မာထွားကျိုင်းသော အမျိုးသားကို လက်ဝါးဖြင့် ရိုက်သတ်ခဲ့သည့် မြေကမ္ဘာသတ္တဝါပင် ဖြစ်သည်။

မြေကမ္ဘာသတ္တဝါသည် မြေစွမ်းအားကို ထိန်းချုပ်နိုင်ပြီး မြေအောက်တွင် လွတ်လပ်စွာ သွားလာနိုင်စွမ်း ရှိသည်။

ထို့အပြင် ၎င်း၏ အင်မော်တယ်အသိစိတ် လွှမ်းမိုးထားသော နယ်မြေ အတွင်းရှိ မည်သည့် သက်ရှိမဆို သူ၏ အာရုံခံစားမှုကနေ လွတ်မြောက်ရန် ခဲယဥ်း၏။

ထို့ကြောင့်လည်း မြေကမ္ဘာသတ္တဝါသည် ကျန်းချန်တို့ နှစ်ဦး ရှိနေသည်ကို သတိပြုမိသွားခြင်း ဖြစ်ပြီး မျက်တောင်တစ်ခတ်အတွင်း မြေအောက်မှတစ်ဆင့် ကျန်းချန်တို့၏ရှေ့တွင် ပေါ်လာခဲ့ခြင်းပင်။

“သေစမ်း”

မြေကမ္ဘာသတ္တဝါက ဧရာမမျက်လုံးကြီးများဖြင့် ကျန်းချန်တို့နှစ်ဦးကို စိုက်ကြည့်လိုက်ပြီးနောက်တွင် သုံးပေခန့် ရှိသည့် ကျောက်ပါးစပ်ကြီးကို ရုတ်တရက် ဟလိုက်ကာ ကျောက်တုံးများ၊ သတ္တုရိုင်းများ စသည်တို့ဖြင့် မှုတ်ထုတ်လိုက်သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

မာကျောသော အရာဝတ္ထုများသည် မိုးသီးမိုးပေါက်များ ကျသကဲ့သို့ ကျန်းချန်တို့ဆီ ကျရောက်လာခဲ့သည်။

သေးငယ်သည်ဟု ထင်ရသော ထိုအရာဝတ္ထု တစ်ခုချင်းစီတွင် ဟင်းလင်းပြင်ကိုပင် ချေမှုန်းနိုင်လောက်သည့် စွမ်းအားများ ပါဝင်နေ၍ အလွန်တရာပင်‌ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။

“ငါ မင်းကို ဘာမှမလုပ်ချင်ခဲ့ဘူး.. ဒါပေမဲ့ မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးလိုက်တော့မယ်”

ကျန်းချန်က မြေကမ္ဘာသတ္တဝါကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

သူက မြေကမ္ဘာသတ္တဝါ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့်တိုင် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိပေ။

သူက လက်ထဲရှိ လူသားဧကရာဇ်ဓားကို ဝှေ့ယမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ် သုံးပေ ပတ်လည်အတွင်း၌ ဓားနယ်မြေ တစ်ခု ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့၏။

ထိုဓားနယ်မြေနှင့် ထိတွေ့သမျှ အရာဝတ္ထုအားလုံးသည် ဓားနယ်မြေအတွင်းရှိ ဓားချီများကြောင့် တစ်ခဏအတွင်း ကြေမွသွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ‌မြေကမ္ဘာသတ္တဝါသည် ပါးစပ်ကို ထပ်မံ ဟလိုက်ပြီး ပြင်းထန်သော လေပြင်းကို မှုတ်ထုတ်လိုက်သည်။

ထိုခဏဝယ် အစောပိုင်းက ကျန်းချန် ချေမှုန်းလိုက်သော ကျောက်ခဲစများသည် လေပြင်းစများနှင့် ရောနှောသွားခဲ့ပြီး သဲမုန်တိုင်းတစ်ခုအဖြစ်သို့‌ ပြောင်းလဲသွားခဲ့သည်။

သဲမုန်တိုင်းသည် ဆက်လက် ဝေ့ဝဲနေခဲ့ပြီး အဆုံးသတ်တွင် ပေတစ်ရာခန့် ရှိသော ကျောက်တုံးကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကျန်းချန် ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့သည်။

ကျောက်တုံးကြီးအတွင်း ကိန်းအောင်းနေသော စွမ်းအားသည် အရာအားလုံးကို ချေမှုန်းပစ်ရန် လုံလောက်ပုံရ၏။

သာမန်ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ ဖြစ်နေပါစေ၊ တစ်ခဏအတွင်း အသားစိုင်များ အဖြစ် ကြေမွသွားနိုင်လောက်သည်။

“အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း.. အင်မော်တယ်များကို သုတ်သင်ခြင်း”

ကျန်းချန်က ခန္ဓာကိုယ်ထဲရှိ အင်မော်တယ် အဆီအနှစ်စွမ်းအားကို လှုံ့ဆော်၍ အစွမ်းကုန် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

အင်မော်တယ်များကို သုတ်သင်ခြင်း ဓားကွက်သည် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများကို သယ်ဆောင်ကာ ပေတစ်ရာခန့်ရှိသည့် ကျောက်တုံးကြီးကို ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ချေမှုန်းပစ်လိုက်သည်။

သို့ရာတွင် ကျန်းချန် ကျောက်တုံးကြီးကို ချေမှုန်းလိုက်သည့် တစ်ခဏ၌ မြေပြင်က တုန်ခါသွားခဲ့ပြီး ရှေးဟောင်းသင်္ကေတများ ရေးထွင်းထားသော ပေတစ်ရာခန့် ရှိသည့် ကျောက်တိုင်ကြီး တစ်ခုသည် မြေပြင်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ ကျန်းချန်ကို ရိုက်ချလိုက်သည်။

ကျန်းချန်က အနည်းငယ် နောက်ဆုတ်လိုက်ပြီး ပေတစ်ရာခန့်ရှိ ကျောက်တိုင်ကို ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

သို့သော်လည်း မြေပြင်၏ တုန်ခါမှုက ရပ်တန့်မသွားသေးဘဲ သိပ်မကြာခင်မှာပင် ပေတစ်ရာခန့်ရှိ ကျောက်တိုင် တစ်ခုသည် ထပ်မံ ပေါ်ထွက်လာခဲ့သည်။

သူ့ရှေ့မှ မြင်ကွင်းကို မြင်လျှင် ကျန်းချန် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဤမြေကမ္ဘာသတ္တဝါသည် မြေစွမ်းအားကို ထိန်းချုပ်နိုင်သဖြင့် မြေပြင်ပေါ်တွင် တိုက်ခိုက်နိုင်စွမ်းသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည် မဟုတ်ပါလော။

“အစ်ကိုကျန်းချန်.. မြေကမ္ဘာသတ္တဝါက မြေစွမ်းအားကို ထိန်းချုပ်နိုင်တဲ့ အတွက် မြေပြင်ပေါ်မှာ တိုက်ခိုက်မယ်ဆိုရင် သူ့ရဲ့ စွမ်းအားက အကန့်အသတ် မရှိသလောက်ပဲ.. သူ့ကို အချိန်ဆွဲပြီးတိုက်လို့ မဖြစ်ဘူး သူ့ကို သတ်နိုင်ဖို့ဆိုရင် သူ့ရဲ့ မြေကမ္ဘာအင်မော်တယ်ခရစ္စတယ်ကို ဖျက်ဆီးပစ်မှ ရမယ်”

ထိုမြင်ကွင်းကိုမြင်လျှင် လော့ချင်းအာ အလျင်အမြန်ပင် သတိပေးလိုက်သည်။

လော့ချင်းအာ၏ စကားကြောင့် ကျန်းချန်၏ မျက်ဝန်းထဲတွင် တောက်ပသော အလင်းရောင် တစ်ခု ဖျတ်ခနဲ လက်သွားခဲ့သည်။

သူက ချက်ချင်းပင် ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ရာ မြေကမ္ဘာသတ္တဝါ၏ ဦးခေါင်းအထက်တွင် ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် တောက်ပသောအင်မော်တယ်အလင်းတန်းများ ထွက်ပေါ်နေသည့် ကျောက်တိုင် တစ်ခုသည် ကျန်းချန်၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။

ဤမြေကမ္ဘာသတ္တဝါ၏ စွမ်းရည်သည် ကျန်းချန် မှန်းဆထားသည်ထက်ပင် ကျော်လွန်နေခဲ့သည်။

ကျန်းချန်က အချိန်ထပ်မံ မဖြုန်းလိုတော့၍ အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားကို အသုံးပြုကာ မြေကမ္ဘာသတ္တဝါကို ချေမှုန်းပစ်ရန် ဆုံးဖြတ်ထားခဲ့သည်။

သူက အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို လှုံ့ဆော်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ အင်မော်တယ် အဆီအနှစ်စွမ်းအားများကို လက်ဖဝါးထက်ရှိ အင်မော်တယ်ကျောက်တိုင် အတွင်းသို့ ရူးသွပ်စွာ ထည့်သွင်းလိုက်သည်။

“ဝုန်း..”

အင်မော်တယ်ကျောက်တိုင်ထံကနေ တောက်ပသော အင်မော်တယ်အလင်းများ ပေါက်ကွဲထွက်လာခဲ့ပြီး ကောင်းကင်ယံကိုပင် ဖိနှိပ်နိုင်လောက်သည့် ဧရာမကျောက်တိုင်ကြီး အဖြစ် ပြောင်းလဲသွားခဲ့သည်။

“အင်မော်တယ် ချေမှုန်းခြင်း စွမ်းအား.. ပျက်စီးစမ်း”

အင်မော်တယ်ချေမှုန်းခြင်းစွမ်းအားကို ထုတ်သုံးလိုက်သည်နှင့် ကျန်းချန်၏ မျက်နှာက ဖြူဖျော့သွားခဲ့သည်။

သူက အင်မော်တယ်ကျောက်တိုင်ကို ထိန်းချုပ်လိုက်ပြီး အောက်ဘက်ရှိ မြေကမ္ဘာသတ္တဝါကို ဖိနှိပ်လိုက်သည်။

ကျန်းချန်၏ လက်ရှိ ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် စွမ်းရည်ဖြင့်ပင် အင်မော်တယ်ကျောက်တိုင်ကို အသုံးပြုရန် ခက်ခဲနေသေးသော်လည်း ယခင်ကလောက် မပင်ပန်းတော့ပေ။

သူ၏ ဦးခေါင်းအထက်ကနေ ဖိနှိပ်လာသည့် အင်မော်တယ်ကျောက်တိုင်ကို ကြည့်ရင်း မြေကမ္ဘာသတ္တဝါသည် ပင်ကိုဗီဇအရ အန္တရာယ်အရိပ်အငွေ့ကို ခံစားလိုက်ရသည်။

“မြေကမ္ဘာအင်မော်တယ်လက်သီး”

မြေကမ္ဘာသတ္တဝါက ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

သူ၏ ဧရာမခန္ဓာကိုယ်ကနေ အင်မော်တယ်စွမ်းအင်များ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့၏။

အင်မော်တယ်စွမ်းအားများ ထွက်ပေါ်လာသည်နှင့်အမျှ မြေပြင်က တုန်ခါသွားခဲ့ပြီး မရေမတွက်နိုင်သော မြေသားများနှင့် ကျောက်ခဲများသည် လေထဲကို မြင့်တက်လာခဲ့ကာ ဧရာမကျောက်လက်မောင်းကြီး တစ်ခုအဖြစ် စုစည်းသွားခဲ့သည်။

မြေကမ္ဘာအင်မော်တယ်လက်သီးသည် မြေကမ္ဘာသတ္တဝါများသာ ပိုင်ဆိုင်သော အစွမ်းအထက်ဆုံး တိုက်ကွက် ဖြစ်သည်။

ထိုတိုက်ကွက်သည် မြေကမ္ဘာသတ္တဝါများ အတွက် အလွန်ပင် ပင်ပန်းနွမ်းနွယ်စေ၏။

ကျန်းချန်၏ အင်မော်တယ် ချေမှုန်းခြင်း စွမ်းအားကို ရင်ဆိုင်ရန်အတွက် မြေကမ္ဘာသတ္တဝါက သူအားအကိုးရဆုံး ဖြစ်သည့် မြေကမ္ဘာအင်မော်တယ် လက်သီးတိုက်ကွက်ကို အသုံးပြုလိုက်ခြင်းဖြစ်သည်။

“ဝုန်း..”

ထိုခဏဝယ် ဧရာမ ကျောက်လက်မောင်းကြီးသည် ပေအနည်းငယ် ရှည်လျားသော ဧရာမ လက်ချောင်းငါးချောင်းကို မာကျောသော လက်သီး အဖြစ် ဆုပ်လိုက်သည်။

ထိုဧရာမ ကျောက်လက်သီးသည် ကောင်းကင်ယံကိုပင် လက်သီး တစ်ချက်တည်းဖြင့် ထိုးဖောက်နိုင်ပုံရ၏။

သို့သော်လည်း ကောင်းကင်ကိုပင် ထိုးဖောက်နိုင်လောက်သည့် ဧရာမလက်သီးကြီးသည် အင်မော်တယ်ချေမှုန်းခြင်းစွမ်းအားနှင့် ထိတွေ့လိုက်သည့် အခါဝယ် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ကြေမွ ပျောက်ကွယ်သွားခဲ့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် မြေကမ္ဘာအင်မော်တယ်လက်သီးသည် အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားအောက်တွင် ချေမှုန်းခံလိုက်ရ၏။

သူ၏ အစွမ်းထက်ဆုံး တိုက်ကွက်က အင်မော်တယ်ကျောက်တိုင်၏ ရှေ့တွင် အလွန်တရာ အားနည်းနေသည်ကို မြင်လိုက်ရလျှင် မြေကမ္ဘာသတ္တဝါ၏ ဧရာမမျက်ဝန်းထဲ၌ ယခင်က မရှိခဲ့ဖူးသည့် ထိတ်လန့်သော အမူအရာများ ပေါ်ပေါက်လာခဲ့သည်။

သူက မြေစွမ်းအားကို အလျင်အမြန် ထိန်းချုပ်ကာ သူ၏ စွမ်းအားများကို ပြန်လည် ဖြည့်တင်းလိုက်ပြီး မြေအောက်သို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော်လည်း အင်မော်တယ်ကျောက်တိုင်ကနေ ထွက်ပေါ်လာသည့် အင်မော်တယ် ချေမှုန်းခြင်း စွမ်းအားသည် မြေကမ္ဘာသတ္တဝါကို အခွင့်အရေး လုံးဝမပေးခဲ့ပေ။

မြေကမ္ဘာ သတ္တဝါ တစ်စုံတစ်ရာ မလုပ်ဆောင်မီမှာပင် အင်မော်တယ် ချေမှုန်းခြင်း စွမ်းအားသည် သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးကို လွှမ်းခြုံသွားခဲ့သည်။

မကြာမီမှာပင် ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသော ဧရာမမြေကမ္ဘာသတ္တဝါ၏ မာကျောသော ခန္ဓာကိုယ်သည် အင်မော်တယ် ချေမှုန်းခြင်း စွမ်းအားအောက်တွင် လျင်မြန်စွာ ဆွေးမြည့်သွားခဲ့ပြီး အဆုံးသတ်၌ မြေကမ္ဘာ သတ္တဝါကြီးသည် ပြိုလဲသွားခဲ့ကာ ဘာမှ မကျန်ရှိတော့သည် အထိ လုံးဝပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၆၉၂)ပြီး၏။

All Chapters