အခန်း (၂၆၉၃-၂၆၉၄)
Vol. 210 Ch. 2693-2694
အခန်း(၂၆၉၃)
“ဒီအင်မော်တယ် ချေမှုန်းခြင်းစွမ်းအားက တကယ်ကို ကြောက်စရာပဲ.. သာမန် ကောင်းကင်အင်မော်တယ် ပထမအဆင့်နဲ့ ဒုတိယအဆင့်တွေကိုတောင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိပေမဲ့လည်း စွမ်းအင်ကုန်ဆုံးမှုကတော့ များပြားလွန်းတယ်.. ငါ့ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် တစ်ကြိမ်လောက်ပဲ အသုံးပြုနိုင်သေးတယ်”
ကျန်းချန်က အင်မော်တယ်ကျောက်တိုင်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက်တွင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ပြိုပျက် ပျောက်ကွယ်သွားသော မြေကမ္ဘာသတ္တဝါကို စဥ်းစားမိလျှင် သူ၏ မျက်ဝန်းထဲ၌ နှမြောတသ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ထိုပကတိအင်မော်တယ် နဝမအဆင့် မြေကမ္ဘာသတ္တဝါ၏ မြေကမ္ဘာအင်မော်တယ် ခရစ္စတယ်သည် ကောင်းမွန်သော ရတနာဖြစ်ပြီး ယင်း၏ တန်ဖိုးသည် လော့ချင်းအာ သူ့ကို ပေးခဲ့သည့် ကောင်းကင်အင်မော်တယ် ပထမအဆင့် ခရစ္စတယ်နှစ်ခုထက်ပင် မနိမ့်ကျနိုင်ပေ။
ကံမကောင်းသည်မှာ အင်မော်တယ်ကျောက်တိုင်၏ အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားသည် အလွန်အမင်း အစွမ်းထက်လွန်းပြီး မြေကမ္ဘာသတ္တဝါ၏ မြေကမ္ဘာအင်မော်တယ်ခရစ္စတယ်ကိုပါ ဘာမှမကျန်ရှိတော့သည် အထိ တိုက်ရိုက် ချေမှုန်း ဖျက်ဆီးပစ်လိုက်ခြင်းပင်။
“အစ်ကိုကျန်းချန်က တကယ်ကို အစွမ်းထက်တာပဲ.. ပကတိအင်မော်တယ် နဝမအဆင့် မြေကမ္ဘာသတ္တဝါကိုတောင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့တယ်”
လော့ချင်းအာက ကျန်းချန်ကို သူမ၏ လှပသောမျက်ဝန်းလေးများဖြင့် ကြည့်ကာ ချီးကျူးလိုက်သည်။
သူမ၏ ချစ်စဖွယ်ကောင်းသော မျက်နှာလေးထက်တွင် အတိုင်းထက်အလွန် ကြည်ညိုလေးစားသည့် အမူအရာများ ပေါ်လွင်နေခဲ့၏။
မြေကမ္ဘာသတ္တဝါများသည် ခုခံကာကွယ်မှု အပိုင်းတွင် အလွန်အားကောင်းပြီး မြေစွမ်းအားကိုလည်း ထိန်းချုပ်နိုင်ကြသည်။
မြေပြင်ပေါ်တွင် ၎င်းတို့ ပိုင်ဆိုင်သည့် စွမ်းအားမှာ အဆုံးမဲ့ဟုပင် ဆို၍ ရ၏။
သာမန် ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူ တစ်ယောက် အတွက်ပင် ပကတိအင်မော်တယ် နဝမအဆင့်မြေကမ္ဘာသတ္တဝါကို ကိုင်တွယ်ရန် လွယ်ကူမည် မဟုတ်ချေ။
သို့သော်လည်း ကျန်းချန်သည် ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်ဖြင့်ပင် တိုက်ကွက် တစ်ကွက်တည်းဖြင့် မြေကမ္ဘာသတ္တဝါကို သတ်ပစ်နိုင်ခဲ့သည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှူရှိုက်လိုက်ပြီး လော့ချင်းအာကို လေးနက်စွာပြောလိုက်သည်။
“ဒီနေရာမှာ အချိန်အကြာကြီး နေဖို့ မသင့်တော်ဘူး.. အရင်ဆုံး ဒီကနေ ထွက်သွားကြရအောင်”
အစောပိုင်းက တိုက်ပွဲသည် သာမန် မဟုတ်၍ အနီးအနားရှိ အစွမ်းထက်သော သက်ရှိတချို့၏ အာရုံကို ဆွဲဆောင်နိုင်ဖွယ်ရှိသည်။
သူက မြေကမ္ဘာသတ္တဝါကို သတ်ဖြတ်ရန်အတွက် အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားကို အသုံးပြုခဲ့သဖြင့် စွမ်းအင်အမြောက်အများ ကုန်ဆုံးသွားခဲ့သည်။
အကယ်၍ နောက်ထပ် ပကတိအင်မော်တယ် နဝမအဆင့် သတ္တဝါတစ်ကောင် ထပ်မံ ရောက်ရှိလာခဲ့လျှင် သူ၏လက်ရှိအခြေအနေဖြင့် ဆိုလျှင် အလွန်တရာ ရင်ဆိုင်ရ ခက်ခဲသွားပေလိမ့်မည်။
ထို့ကြောင့် မတော်တဆမှုများ ဖြစ်မလာစေရန် အတွက် ဤနေရာကနေ အမြန်ဆုံး ထွက်ခွာသွားခြင်းက ပိုမို၍ ကောင်းမွန်သည် မဟုတ်ပါလော။
ကျန်းချန်တို့ နှစ်ဦး ထွက်ခွာသွားပြီးနောက်တွင် မလှမ်းမကမ်းရှိ ကျောက်တုံးပုံများ ကြားကနေ ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
အကယ်၍ ကျန်းချန်သာ ဤနေရာတွင် ရှိနေခဲ့လျှင် ရုတ်တရက် ပေါ်ထွက်လာသော ပုံရိပ်ကို မြင်ပြီး အံ့အားသင့်သွားပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ထိုပုံရိပ်မှာ အခြားသူ မဟုတ်ဘဲ ထျန်းရွှေအင်မော်တယ်မြို့တော်၏ လုမိသားစုမှ လုဟယ် ဖြစ်နေသောကြောင့်ပင်။
လုမိသားစု၏ ရွှေအင်မော်တယ် သုံးဦးအနက် တစ်ဦး ဖြစ်သော လုမင်၏ ညီ ဖြစ်သည့်အတွက် လုဟယ်သည် တလော့လျှို့ဝှက်နယ်မြေ၏ ဝင်ခွင့်နေရာ တစ်နေရာကို ရရှိခဲ့သည်။
တလော့လျှို့ဝှက်နယ်မြေထဲတွင် အန္တရာယ်နှင့် မကြုံတွေ့စေရန်အတွက် လုမင်သည် လုဟယ်ကို အစွမ်းထက် ဝှက်ဖဲ အများအပြား ပြင်ဆင်ပေးထားခဲ့သည်။
ထိုဝှက်ဖဲများ အနက်မှ တစ်ခုမှာ လုမင် ကိုယ်တိုင် ဖန်တီးထားသည့် အဆောင်လက်ဖွဲ့ပင် ဖြစ်သည်။
ယင်းအဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်သည်နှင့် လုဟယ်သည် သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားနိုင်ရုံသာမက ကိုယ်ပျောက်သည့် အခြေအနေသို့ပါ ရောက်ရှိသွားခဲ့သည်။
ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ မဟုတ်သရွေ့ မည်သူမျှ သတိထားမိရန် မဖြစ်နိုင်သလောက်ပင်။
လုဟယ်သည် တလော့လျှို့ဝှက်နယ်မြေ ထဲကို ရောက်သည်နှင့် ချက်ချင်းဆိုသလို အရှိန်အဝါ ဖုံးကွယ်သည့် အဆောင်လက်ဖွဲ့ကို အသက်သွင်းခဲ့သည်။
ဆိုရလျှင် သန်မာထွားကျိုင်းသော အမျိုးသားနှင့် ကိုယ်ကျပ်ဝတ်စုံဝတ် အမျိုးသမီးတို့ ရင်ဆိုင်တိုက်ခိုက်နေစဥ်ကတည်းကပင် သူက ဤနေရာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် သူက ကျောက်တုံးပုံများ ကြားတွင်သာ ပုန်းအောင်းနေခဲ့ပြီး ကိုယ်ထင်မပြခဲ့ပေ။
ထိုအမျိုးသားနှင့် အမျိုးသမီးတို့ နှစ်ဦးလုံး လက်ပမ်းကျသည့် အချိန်တွင်မှ "ပုစဥ်းရင်ကွဲကို ချောင်းကြည့်နေသော ပိုးမွှားများသည် ၎င်းတို့ အနောက်ရှိ ကမ္ဘာသစ်ငှက်ကို သတိမထားမိ"ဟူသော ဆိုရိုးစကားအတိုင်း ဝင်ရောက် အမြတ်ထုတ်ရန် စီစဥ်ထားခဲ့သည်။
သို့ရာတွင် အင်မော်တယ်ခရစ္စတယ် ရှိနေပုံရသည့် ထိုတောင်ကုန်းလေးသည် အလွန်တရာ အစွမ်းထက်သော မြေကမ္ဘာသတ္တဝါအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု သူ မထင်ထားခဲ့သလို ထိုအမျိုးသားနှင့် အမျိုးသမီး တို့ကိုလည်း အလွယ်တကူ သတ်ဖြတ်သွားနိုင်လိမ့်မည်ဟု မတွေးမိခဲ့ပေ။
လုဟယ် အံ့အားအသင့်ဆုံး အရာမှာ လော့ရွှေကုန်သည်အဖွဲ့မှ ကျန်းချန်နှင့် လော့ချင်းအာ တို့သည်လည်း ဤနေရာတွင် ပေါ်လာခဲ့ခြင်းပင်။
သို့သော်လည်း ကျန်းချန်တို့ နှစ်ဦးက မြေကမ္ဘာသတ္တဝါပစ်မှတ် ဖြစ်သွားသည်ကို မြင်လျှင် လုဟယ်၏ မျက်နှာထက်တွင် အောင်နိုင်သူ တစ်ယောက်၏ အပြုံးမျိုး ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်တို့ နှစ်ဦးသည် မသေဆုံးလျှင်ပင် အလွန်တရာ အစွမ်းထက်သော မြေကမ္ဘာသတ္တဝါနှင့် ရင်ဆိုင်ရသည့်အတွက် အလွန်တရာ ကြီးမားသော ပေးဆပ်မှုမျိုး လုပ်ဆောင်ရလိမ့်မည်ဟု မူလက သူထင်မှတ်ထားခဲ့သည်။
သို့ရာတွင် ကျန်းချန်၏ စွမ်းရည်က သူထင်ထားသည်ထက်ပင် အဆပေါင်းများစွာ သန်မာနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ကျန်းချန်သည် မြေပြင်ပေါ်တွင် အဆင့်တူ အတွင်း မည်သူမျှ အနိုင်မတိုက်နိုင်ဟု ဆိုကြသည့် မြေကမ္ဘာသတ္တဝါကိုပင် သတ်ဖြတ်နိုင်ခဲ့၏။
ကျန်းချန်က ပါရမီ အလွန် ထူးချွန်သည့် မွန်းစတား တစ်ကောင် ဖြစ်ကြောင်း သူသိရှိထားသော်လည်း ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု မထင်ထားချေ။
“ဒီကောင့်ရဲ့တိုးတက်နှုန်းက တကယ်ကို ကြောက်စရာပဲ.. အမြန်ဆုံးဖယ်ရှားပစ်မှ ဖြစ်မယ်”
ကျန်းချန် ထွက်ခွာသွားသည့် လမ်းကြောင်းကို ကြည့်ရင်း လုဟယ်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပိုမို၍ ပြင်းထန်လာခဲ့သည်။
ကျန်းချန်၏ ပါရမီသည် သူတို့ လုမိသားစုကို ခေါင်းကျိန်းစေသည်အထိ သန်မာလွန်းနေခဲ့သည်။
ထိုကောင်လေး၏ တိုးတက်မှုနှုန်းဖြင့် ဆိုလျှင် ကောင်းကင်အင်မော်တယ်အဆင့်နှင့် ရွှေအင်မော်တယ် အဆင့်ကို ဖြတ်ကျော်ရန် အချိန်ကြာမြင့်မည် မဟုတ်၍ လုမိသားစု တစ်ခုလုံးအတွက် အချိန်တိုအတွင်း ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာနိုင်၏။
သို့သော်လည်း သူ့တွင် ဝှက်ဖဲတချို့ ရှိနေလျှင်ပင် ကျန်းချန်၏ ပြိုင်ဘက် ဖြစ်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။
ယခု သူလုပ်ဆောင်နိုင်သည်မှာ လုမိသားစုမှ ကျန်ရှိနေသူများထံသို့ သတင်းပို့ပြီး ကျန်းချန်ကို ဝိုင်းရံတိုက်ခိုက်ရန် အတွက် စုစည်းဖို့ပင် ဖြစ်သည်။
လုဟယ်က လုမိသားစုမှ တပည့် အမှတ်သား တံဆိပ်ပြားကို အလျင်အမြန် ထုတ်ယူကာ လုဟုန်ယွိနှင့် အခြားသူများထံသတင်းပေးပို့လိုက်သည်။
ထို့နောက် သူက အရှိန်အဝါ ဖုံးကွယ်သည့် အဆောင်ကို ထပ်မံအသက်သွင်းကာ ကျန်းချန်တို့ ထွက်ခွာသွားသည့်နောက်သို့ လိုက်ပါသွားခဲ့သည်။
သူက ကျန်းချန်ကို သတ်ပစ်ချင်နေသည် ဖြစ်၍ ကျန်းချန်သွားနေသည့် လမ်းကြောင်းကို သေချာပေါက် သိရှိနေရန် လိုအပ်နေခဲ့၏။
ကျန်းချန်နှင့် အခြားသူများ တိုက်ခိုက်ပြီး အားအင် ကုန်ခမ်းနေချိန်တွင် ရှင်းပစ်နိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ကျန်းချန်ကို ရှင်းပစ်ရန် အခွင့်အရေး မရလျှင်ပင် ကျန်းချန်ကို စောင့်ကြည့်နေပြီး လုဟုန်ယွီတို့ လူစု ရောက်ရှိလာမှသာ သတ်ဖြတ်ရပေမည်။
မည်သို့ပင် ဖြစ်စေကာမူ ဤတလော့လျှို့ဝှက်နယ်မြေသည် အလွန်တရာပင် ကျယ်ပြော၏။
ကျန်းချန်၏ သဲလွန်စကို တစ်ကြိမ် ပျောက်ဆုံးသွားသည်နှင့် ပြန်ရှာတွေ့ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။
မြေကမ္ဘာသတ္တဝါနှင့် တိုက်ခိုက်ခဲ့သည့် နေရာမှာ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် လော့ချင်းအာကို ဦးဆောင်ကာ လိုဏ်ဂူတစ်ခုကို ရှာဖွေခဲ့ပြီး အကာအကွယ် အစီအရင် တချို့ ပြုလုပ်၍ တံခါးပိတ် ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။
မြေကမ္ဘာသတ္တဝါနှင့် တိုက်ပွဲတွင် ကုန်ဆုံးသွားသည့် အားအင်များကို ပြန်လည် ဖြည့်တင်းရန် အတွက် ကျန်းချန်သည် နေ့ဝက်ခန့် အချိန်ယူလိုက်ရသည်။
သူ၏ ခွန်အားက အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသော်လည်း ကျန်းချန်သည် ချက်ချင်းထွက်ခွာရန် မလောခဲ့ပေ။
ဤနေရာက တလော့လျှို့ဝှက်နယ်မြေ ဖြစ်ရာ အကြီးမားဆုံးသော အခွင့်အလမ်းသည် တလော့အင်မော်တယ် ချန်ထားရစ်ခဲ့သည့် ရတနာများနှင့် အမွေအနှစ်များသာ ဖြစ်၏။
သို့သော် သူတို့သည် ယခုအခါတွင် တလော့လျှို့ဝှက်နယ်မြေ အကြောင်း ဘာမှ မသိရှိကြသေးသဖြင့် တလော့အင်မော်တယ် အမွေအနှစ်ကို ရှာဖွေရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။
ထို့အပြင် တလော့အင်မော်တယ် အမွေအနှစ်က သာမန်မဟုတ်၍ ထိုအမွေအနှစ်နေရာ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ဖြစ်ပေါ်လာမည့် လှုပ်ရှားမှုသည်လည်း သေးငယ်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ကျန်းချန်သည် တလော့လျှို့ဝှက်နယ်မြေကို စူးစမ်းရန် မလောတော့ခြင်းပင်။
မည်သို့ပင် ဆိုစေကာမူ သူတို့သည် တလော့ လျှို့ဝှက်နယ်မြေထဲတွင် နေထိုင်ရန် သုံးလအချိန် ကျန်ရှိနေသေးသဖြင့် ကျန်းချန်သည် သူ၏ စွမ်းရည်ကို မြှင့်တင်ရန် အတွက် အချိန်တချို့ကို တံခါးပိတ် ကျင့်ကြံရန် ဆုံးဖြတ်လိုက်၏။
အကယ်၍ စွမ်းရည် အလုံအလောက် မရှိခဲ့လျှင် တလော့ အင်မော်တယ် အမွေအနှစ် ပေါ်ထွက်လာလျှင်ပင် လုယူ တိုက်ခိုက်ရန် အင်အားရှိလိမ့်မည် မဟုတ်ချေ။
သူက ယခုအချိန်တွင် အားမနည်းသော်လည်း အင်မော်တယ်မြို့တော်နှစ်ခုမှ ထိပ်တန်း ပါရမီရှင်များသည်လည်း သာမန် မဟုတ်ကြပေ။
ထိုပါရမီရှင်များတွင် အလွန် အစွမ်းထက်သော ဝှက်ဖဲတချို့ ရှိနေနိုင်ဖို့ ရှိသည်။
ဥပမာအားဖြင့် လော့ချင်းအာတွင်ပင် လော့ချန်ချိုး ပြင်ဆင် ပေးထားသည့် ဝှက်ဖဲများ ရှိနေခဲ့၏။
အကာအကွယ်အစီအရင် ပြုလုပ်နေစဥ်မှာပင် လော့ချင်းအာသည် ရတနာတစ်ခုကို ထုတ်ယူကာ အသက်သွင်းလိုက်ပြီး လိုဏ်ဂူပတ်ပတ်လည်တွင် အတားအဆီး တစ်ခုကို ဖန်တီးလိုက်သည်။
လော့ချင်းအာ၏ ပကတိအင်မော်တယ် စတုတ္ထအဆင့်စွမ်းရည်ဖြင့် ထိုရတနာဖြင့် ဖန်တီးထားသော အတားအဆီးကို လှုံ့ဆော်လိုက်လျှင် ကောင်းကင်အင်မော်တယ် အဆင့်အောက်ရှိ ကျင့်ကြံသူများ အနေဖြင့် ထိုအတားအဆီးကို ထိုးဖောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
အင်မော်တယ်မြို့တော်နှစ်ခုမှ ထိပ်တန်း ပါရမီရှင်များသည် လော့ချင်းအာထက် သေချာပေါက် မနိမ့်ကျပေ။
ထို့အပြင် လုမိသားစုတွင် လျှို့ဝှက်ဆန်းကြယ်သော ပကတိအင်မော်တယ် အဋ္ဌမအဆင့် ကျင့်ကြံသူ တစ်ဦးလည်း ရှိနေသေး၏။
ကျန်းချန်ပင်လျှင် ထိုလူထံကနေ ကြီးမားသော ခြိမ်းခြောက်မှုကိုခံစားခဲ့ရသည်။
အကယ်၍ သူသာ ပကတိအင်မော်တယ် သတ္တမအဆင့်ကို ထိုးဖောက်နိုင်ခဲ့လျှင် အင်မော်တယ်မြို့တော် နှစ်ခုမှ ထိပ်တန်းပါရမီရှင်များနှင့် ရင်ဆိုင်ရာတွင် ပို၍ ယုံကြည်မှု ပိုရှိလာမည် ဖြစ်သည်။
“ချင်းအာ.. ငါတစ်ခဏလောက် တံခါးပိတ် ကျင့်ကြံဖို့ စီစဥ်ထားတယ်.. မင်းလည်း သတိထားပြီး နေပါ.. တကယ်လို့ မတော်တဆမှု တစ်စုံတစ်ရာ ဖြစ်လာခဲ့လျှင် ငါပေးထားတဲ့ ကျောက်စိမ်းပြားကို ခြေမွလိုက်ပါ”
ကျန်းချန်က လော့ချင်းအာကို စကားတချို့ မှာကြားပြီးနောက်တွင် လော့ချင်းအာ၏ ရှေ့မှာပင် အချိန်မျှော်စင်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး အင်မော်တယ် ခရစ္စတယ်မှ စွမ်းအားများကို စုပ်ယူကာ စတင် ကျင့်ကြံလိုက်သည်။
အခန်း(၂၆၉၃)ပြီး၏။
အခန်း(၂၆၉၄)
အချိန်မျှော်စင်အတွင်းဝယ် ကျန်းချန်သည် မျှော်စင်၏ ပထမထပ်တွင် တင်ပျဥ်ခွေ၍ ထိုင်ကာ သူ၏ စွမ်းရည်ကို မြှင့်တင်ရန်အတွက် အင်မော်တယ် ခရစ္စတယ်မှ စွမ်းအားများကို ရူးသွပ်စွာ စုပ်ယူနေခဲ့သည်။
ကျင့်ကြံခြင်းအဆင့် လျင်မြန်စွာ ထိုးဖောက်နိုင်ရန် အတွက် ကျန်းချန်သည် နှမြောနေခြင်း မရှိဘဲ ကောင်းကင်အင်မော်တယ်ခရစ္စတယ် တစ်ခုကို တိုက်ရိုက်ပင် ထုတ်ယူလိုက်သည်။
“ဒင်.. သင်က ကောင်းကင်အင်မော်တယ် ပထမအဆင့် ခရစ္စတယ်ရဲ့ စွမ်းအားကို စုပ်ယူပြီး အင်မော်တယ် အဆီအနှစ်စွမ်းအား အတွေ့အကြုံရမှတ် ငါးထောင်ကို အဆ ၁၀၀ ရရှိပါတယ်”
“ဒင်..သင်က ကောင်းကင်အင်မော်တယ် ပထမအဆင့် ခရစ္စတယ်ရဲ့စွမ်းအားကို စုပ်ယူပြီး အင်မော်တယ် အဆီအနှစ်စွမ်းအား အတွေ့အကြုံရမှတ် ငါးထောင်ကို အဆ ၁၀၀ ရရှိပါတယ်”
“..........”
ကောင်းကင်အင်မော်တယ် ခရစ္စတယ်တွင် ပါဝင်သော စွမ်းအားသည် ပကတိအင်မော်တယ် ခရစ္စတယ်နှင့် နှိုင်းယှဥ်လျှင် များစွာ ကွာခြားသည်ဟု ဆိုနိုင်၏။
ဤခရစ္စတယ်က ကောင်းကင်အင်မော်တယ် ပထမအဆင့်သာ ဖြစ်နေလျှင်ပင် ထိုအထဲတွင် ပါဝင်သော စွမ်းအားသည် ပကတိအင်မော်တယ် နဝမအဆင့် ခရစ္စတယ်ထက် ငါးဆမျှ ပိုများနေခဲ့သည်။
ထို့ကြောင့်ပင် ဤတစ်ကြိမ် ကျင့်ကြံရာတွင် ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ် အဆီအနှစ် စွမ်းအားများတိုးပွားလာနှုန်းသည် အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိလာခဲ့သည်။
တစ်လအတွင်းမှာပင် ကျန်းချန်သည် ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် အစောပိုင်းကနေ ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် အလယ်အလတ်သို့ ရောက်ရှိသွားခဲ့သည်။
ငါးလအကြာတွင်မူ ကျန်းချန်သည် ကောင်းကင်အင်မော်တယ် ပထမအဆင့် ခရစ္စတယ်မှ စွမ်းအင်များကို စုပ်ယူပြီးနောက် ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး ပကတိအင်မော်တယ် သတ္တမအဆင့်သို့ ထိုးဖောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။
အချိန်မျှော်စင်တွင်သာ ငါးလခန့် ကုန်ဆုံးသွားသော်လည်း ပြင်ပလောကတွင်မူ တစ်ဆယ့်ငါးရက်သာ ကုန်ဆုံးခဲ့သေးသည်။
ကျန်းချန် အပတ်တကုတ် ကျင့်ကြံနေစဥ်မှာပင် ကျန်းချန်တို့ ရှိနေသည့် လိုဏ်ဂူနှင့် ပေတစ်ရာခန့် အကွာတွင် လုဟယ်သည် တိတ်တဆိတ် ပုန်းအောင်းနေခဲ့သည်။
သူ၏ နံဘေးတွင် လုမိသားစုမှ ပကတိအင်မော်တယ် အဋ္ဌမအဆင့် တပည့်တစ်ဦးလည်း ရှိနေခဲ့၏။
ထို ပကတိအင်မော်တယ် အဋ္ဌမအဆင့် တပည့်မှာ လုဖန်းဖြစ်ပြီး လုဖန်းသည် လုဟုန်ယွီ ပြီးလျှင် လုမိသားစု၏ တပည့်များထဲတွင် အစွမ်းအထက်ဆုံး ပါရမီရှင်လည်း ဖြစ်သည်။
“လုဟယ်.. ကျန်းချန်ကို သတ်ဖို့ ငါ့ကို ခေါ်လိုက်တာမဟုတ်လား.. ငါ ဘယ်အချိန်အထိ စောင့်နေရဦးမှာလဲ”
သူ၏ နံဘေးရှိ လုဟယ်ကို ကြည့်ကာ လုဖန်း၏ မျက်နှာထက်တွင် စိတ်မရှည်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
လုဟယ်က အေးစက်စက် ပြောလိုက်သည်။
“လုဟုန်ယွီ ရောက်လာတဲ့အထိ စောင့်လိုက်ပါ.. မင်းနဲ့ငါ နှစ်ယောက်တည်းနဲ့တော့ ကျန်းချန်ကို သတ်ဖို့ မဖြစ်နိုင်ဘူး”
“လုဟယ်.. မင်းက ပြိုင်ဘက်ကို အထင်ကြီးပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေတာပဲ”
လုဖန်းက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“သူက ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်ပဲ မဟုတ်လား.. သူ့မှာ ပကတိအင်မော်တယ် နဝမအဆင့်ကို သတ်နိုင်တဲ့ တိုက်ခိုက်ရေးစွမ်းအား ရှိတော့ရော ဘာဖြစ်လဲ.. ငါလုဖန်းလည်း ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူကို မသတ်ဖူးတာ မဟုတ်ဘူး”
“မင်းက သူ့ကို သာမန် ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူလို့များ ထင်နေတာလား”
လုဟယ်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“အဲဒီကောင်က ပကတိအင်မော်တယ် နဝမအဆင့် မြေကမ္ဘာသတ္တဝါကိုတောင် အလွယ်တကူ သတ်ပစ်နိုင်တယ်.. မင်းသေချင်တယ်ဆိုရင်တော့ အခုချက်ချင်းပဲသွားလိုက်.. ငါလုံးဝ မတားဘူး”
လုဟယ်၏ စကားကိုကြားလျှင် လုဖန်း၏ မျက်နှာအမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
ပကတိအင်မော်တယ် နဝမအဆင့် မြေကမ္ဘာသတ္တဝါက မည်မျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို လုဖန်း ကောင်းစွာ သိရှိထားခဲ့သည်။
သူက ပကတိအင်မော်တယ် အဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်ပြီး အကယ်၍ နဝမအဆင့်ကို ထိုးဖောက်နိုင်လျှင်ပင် မြေပြင်ပေါ်တွင် အဆင့်တူ အတွင်း မည်သူမျှ အနိုင်မယူနိုင်ဟု ဆိုကြသည့် မြေကမ္ဘာသတ္တဝါကို ယှဥ်နိုင်ရန် ခက်ခဲပေလိမ့်မည်။
သို့ဖြစ်၍ ကျန်းချန်က ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်ဖြင့် မြေကမ္ဘာသတ္တဝါကို သတ်ဖြတ်နိုင်သည် ဆိုလျှင် ကျန်းချန်၏ စွမ်းရည်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်ကို ရောက်ရှိနေပြီဟု ဆိုနိုင်၏။
လုဖန်းက စိတ်ထဲတွင် ထိတ်လန့်သွားခဲ့ပြီး အနည်းငယ်မျှပင် မလှုပ်ရှားဝံ့တော့ပေ။
ကျန်းချန်၏ စွမ်းရည်က မယုံကြည်နိုင်စရာကောင်းသော်လည်း လုဟယ်က သူ့ကို လိမ်ညာလိမ့်မည် မဟုတ်မှန်း လုဖန်း ယုံကြည်ထားခဲ့သည်။
ထိုသို့ဖြင့် သူတို့နှစ်ဦး စောင့်ဆိုင်းနေခဲ့ရာ ငါးရက် ဟူသော အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ဤနေ့တွင် အလွန်ပြင်းထန်သော အရှိန်အဝါ တစ်ခုသည် ကောင်းကင်ယံကနေ ရုတ်တရက် ကျဆင်းလာပြီး လုဟယ်တို့နှစ်ဦး၏ ရှေ့တွင် ဆင်းသက်လာခဲ့သည်။
“အစ်ကိုဟုန်ယွီ.. နောက်ဆုံးတော့ အစ်ကို ရောက်လာပြီပဲ”
လုဟယ်က ရောက်ရှိလာသူကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
လုဟုန်ယွီက အေးစက်စက် မေးလိုက်၏။
“ကျန်းချန် အခုဘယ်မှာရှိနေတာလဲ”
“ဟိုရှေ့က လိုဏ်ဂူထဲမှာ သူတံခါးပိတ်ကျင့်ကြံနေတယ်”
လုဟယ်က သူ၏ လက်ညှိုးဖြင့် သူ့ရှေ့မှ လိုဏ်ဂူကို ညွှန်ပြလိုက်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“အစ်ကိုဟုန်ယွီ.. ကျွန်တော်တို့ သခင်လေးဝမ်ကို သတင်းပို့ပြီး သူ့ကိုပါ ကူညီခိုင်းရင် ကောင်းမလား”
ကျန်းချန်က မြေကမ္ဘာသတ္တဝါအား သတ်ဖြတ်ခဲ့သည်ကို မြင်ဖူးထား၍ လုဟုန်ယွီသည် ကျန်းချန်၏ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်လိမ့်မည်ဟု လုဟယ် ခံစားမိနေခဲ့သည်။
သူတို့အတွက် ဘေးအကင်းဆုံးနည်းလမ်းမှာ သခင်လေးဝမ်နှင့် ဆက်သွယ်ရန်ပင် ဖြစ်သည်။
အကယ်၍ သခင်လေးဝမ်သာ ကူညီမည်ဆိုလျှင် ကျန်းချန်သည် မည်မျှပင် အစွမ်းထက်နေပါစေ၊ မုချ သေဆုံးရပေလိမ့်မည်။
“ဒီကောင်က အဆင့်နိမ့်စကြဝဠာက တက်လှမ်းလာတဲ့ ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူလေးပါပဲ.. ငါတို့ လုမိသားစုက တခြားသူရဲ့ အင်အားကို အားကိုးပြီး ဖြေရှင်းမယ်ဆိုရင် နောင်တစ်ချိန် ထျန်းရွှေအင်မော်တယ် မြို့တော်မှာ ငါတို့ ဘယ်လိုမျက်နှာနဲ့ ရပ်တည်နိုင်တော့မှာလဲ”
လုဟုန်ယွီက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“မင်းတို့တွေ ဒီကပဲ စောင့်နေကြ.. အဲဒီကောင်ကို ငါပဲ သွားဖြေရှင်းလိုက်မယ်”
စကားဆုံးသည်နှင့် လုဟုန်ယွီသည် ကျန်းချန် ကျင့်ကြံနေသည့် လိုဏ်ဂူအပြင်ဘက်တွင် မျက်တောင်တစ်ခတ် အတွင်း ပေါ်လာခဲ့သည်။
သူက ရုတ်တရက် လက်သီးကို ဆုပ်လိုက်ရာ အားကောင်းသော အင်မော်တယ် အဆီအနှစ်များသည် ကောင်းကင်ကိုပင် တုန်လှုပ်စေမည့် လက်သီးရိပ်ကြီး တစ်ခု အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး လိုဏ်ဂူ ဆီသို့ သက်ရောက်လာခဲ့သည်။
ထိုလက်သီးချက်သည် လိုဏ်ဂူပတ်ပတ်လည်ရှိ အပြာနုရောင် အတားအဆီးကို တိုက်ရိုက် ထိမှန်သွားခဲ့သော်လည်း အတားအဆီးက လုံးဝ ခုခံထားနိုင်ခဲ့၏။
“ဟမ့် သာမန်အတားအဆီးလေးက ငါ့ကို တားဆီးနိုင်မယ်လို့များထင်နေလား.. ပျက်စီးစမ်း”
လုဟုန်ယွီက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအားများကို လှုံ့ဆော်လိုက်သည်။
ထို့နောက်တွင် လုဟုန်ယွီက လက်ညှိုးကို ဆန့်ထုတ်လိုက်ရာ ငွေရောင်ဓားအလင်းတန်း တစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားခဲ့ပြီး လိုဏ်ဂူပတ်ပတ်လည်ရှိ အတားအဆီးကို ခုတ်ပိုင်းလိုက်သည်။
ယွမ်ထျန်းဓားလက်ညှိုးသိုင်းသည် လုမိသားစု၏ နာမည်ကျော်တိုက်ကွက် ဖြစ်ပြီး လက်ညှိုးတစ်ချက်တည်းဖြင့် ကမ္ဘာကြီးကိုပင် ချေမှုန်းနိုင်စွမ်း ရှိသည်။
ဤလက်ညှိုးတိုက်ကွက်ဖြင့် လုဟုန်ယွီသည် ထျန်းရွှေအင်မော်တယ်မြို့တော်ရှိ ရွယ်တူများကြားတွင် ပြိုင်ဘက်ကင်း ဖြစ်လာခဲ့ခြင်းပင်။
“ဝုန်း..”
ယွမ်ထျန်းဓားလက်ညှိုးစွမ်းအားက လိုဏ်ဂူပတ်ပတ်လည်ရှိ အတားအဆီးပေါ်သို့ ကျရောက်သွားပြီးနောက်တွင် ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်လာခဲ့သည်။
လော့ချင်းအာ၏ အင်မော်တယ်ရတနာက အစွမ်းထက်သော်လည်း သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ပကတိအင်မော်တယ် စတုတ္ထအဆင့်သာ ရှိသေးသည်။
ထို့ကြောင့် သူမက ရတနာ၏ အထွတ်အထိပ်စွမ်းရည်ကို မလှုံ့ဆော်နိုင်ခဲ့၍ အတားအဆီးသည် သာမန် ပကတိအင်မော်တယ် နဝမအဆင့်ကိုသာ တားဆီးနိုင်စွမ်း ရှိနေခဲ့သည်။
သို့သော်လည်း လုဟုန်ယွီသည် သာမန် ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ မဟုတ်ဘဲ ပကတိအင်မော်တယ် အဆင့်တွင် အဆင့်သုံးဆင့် ကျော်၍ တိုက်ခိုက်နိုင်စွမ်း ရှိသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။
ထို့ကြောင့်ပင် လုဟုန်ယွီ၏ ယွမ်ထျန်းဓားလက်ညှိုး တိုက်ကွက်အောက်တွင် အတားအဆီးက ခုခံရန် ခက်ခဲသွားခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် အတားအဆီးက ပျက်စီးသွားခဲ့ပြီး လိုဏ်ဂူအတွင်း၌ ရတနာကို ထိန်းချုပ်နေသော လော့ချင်းအာ၏ ခန္ဓာကိုယ်သည်လည်း ရုတ်တရက် တုန်ယင်သွားခဲ့ကာ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
“ကျန်းချန်.. ငါလုဟုန်ယွီ မင်းကို သတ်ဖို့ ရောက်လာခဲ့ပြီ.. အခုချက်ချင်း ထွက်လာပြီး အသေလာခံစမ်း”
ယင်းအချိန်မှာပင် လုဟုန်ယွီ၏ အေးစက်စက် ကြုံးဝါးသံသည် လိုဏ်ဂူအပြင်ဘက်ကနေ လိုဏ်ဂူထဲကို ပျံ့လွင့်လာခဲ့သည်။
“လုမိသားစုက လုဟုန်ယွီလား.. သူက ဘယ်လိုလုပ်ပြီး ဒီနေရာကို ရှာတွေ့သွားတာလဲ”
လော့ချင်းအာ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူမက သူမ၏ အနောက်ဘက်ရှိ မလှမ်းမကမ်းတွင် လွင့်မျောနေသည့် လျှို့ဝှက်ဆန်းကြယ်သော မျှော်စင်လေးကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် အံတင်းတင်းကြိတ်ကာ ကျန်းချန်ပေးထားသည့် ကျောက်စိမ်းပြားကို ခြေမွလိုက်သည်။
အချိန်မျှော်စင် အတွင်း၌ ကောင်းကင်အင်မော်တယ် ခရစ္စတယ်ကို စုပ်ယူနေသည့် ကျန်းချန်သည် လော့ချင်းအာက ကျောက်စိမ်းပြားကို ခြေမွလိုက်သည့် တစ်ခဏမှာပင် သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
ပြင်ပလောတွင် ငါးရက် ကုန်ဆုံးသွားခြင်းတွင် အချိန်မျှော်စင်အတွင်း၌ တစ်လကျော် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည်လည်း ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်ကနေ ပကတိအင်မော်တယ် သတ္တမအဆင့်သို့ အဆင်ပြေ ချောမွေ့စွာ ထိုးဖောက်နိုင်ခဲ့သည်။
မူလက ကျန်းချန်သည် ဒုတိယမြောက် ကောင်းကင်အင်မော်တယ် ခရစ္စတယ်၏ ကျန်ရှိသော စွမ်းအင်အားလုံးကို စုပ်ယူပြီးမှသာ တံခါးပိတ် ကျင့်ကြံမှုကို အဆုံးသတ်ရန် ရည်ရွယ်ထားခဲ့သည်။
သို့သော် သူက ပကတိအင်မော်တယ် သတ္တမအဆင့်ကို ထိုးဖောက်ပြီး မကြာမီမှာပင် လော့ချင်းအာက ကျောက်စိမ်းပြားကို ခြေမွလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
လော့ချင်းအာသည် အစွမ်းမထက်သော်လည်း သူမတွင် အလွန်တရာ အစွမ်းထက်သည့် အကာအကွယ် ရတနာ ရှိနေသဖြင့် သာမန် ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်း ရှိနေခဲ့ရာ သာမန်လူများအနေဖြင့် သူမကို ခြိမ်းခြောက်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။
ယခု လော့ချင်းအာက ကျောက်စိမ်းပြားကို ခြေမွလိုက်ပြီဖြစ်ရာ သူမ ရင်ဆိုင်နေရသည်က သာမန် ပကတိအင်မော်တယ် နဝမအဆင့်ထက် ကျော်လွန်သော တည်ရှိမှုမျိုး ဖြစ်ကြောင်း သက်သေပြနေခဲ့သည်။
ထိုသို့ တွေးမိသည်နှင့် ကျန်းချန်သည် အချိန်မျှော်စင်မှ ချက်ချင်းဆိုသလို ထွက်ခွာလာခဲ့ပြီး လော့ချင်းအာ၏ ရှေ့တည့်တည့်တွင် ပေါ်လာခဲ့သည်။
အခန်း(၂၆၉၄)ပြီး၏။