← Chapters

အခန်း (၂၆၉၅-၂၆၉၆)

Vol. 210 Ch. 2695-2696

အခန်း (၂၆၉၅-၂၆၉၆)

Vol. 210 Ch. 2695-2696

အခန်း(၂၆၉၅)

“ချင်းအာ ဘာဖြစ်တာလဲ”

မျက်နှာတစ်ခုလုံး အလွန်အမင်း ဖြူဖျော့နေသော လော့ချင်းအာကို မြင်လျှင် ကျန်းချန်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။

လော့ချင်းအာက အလျင်အမြန် ပြောလိုက်၏။

“အစ်ကိုကျန်းချန်.. လုမိသားစုက လုဟုန်ယွီ ရောက်လာပြီ.. သူ ဘယ်လိုလုပ်ပြီး ဒီနေရာကို ရှာတွေ့သွားလဲ မသိဘူး”

ထိုစကားကို ကြားလျှင် ကျန်းချန် အံ့အားသင့်သွားခဲ့သည်။

ထို့နေ့က မြေကမ္ဘာသတ္တဝါနှင့် တိုက်ပွဲ ဖြစ်ပွားပြီးကတည်းကပင် သူက တလော့လျှို့ဝှက်နယ်မြေထဲတွင် လျှောက်မသွား‌တော့ဘဲ ဤနေရာတွင် တိတ်တဆိတ် တံခါးပိတ်ကာ ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။

လုမိသားစုမှ လုဟုန်ယွီသည် သူ ဤနေရာတွင် ရှိနေသည်ကို မည်ကဲ့သို့ သိနေပါသနည်း။

သို့သော်လည်း လက်ရှိအချိန်တွင် ကျန်းချန်အနေဖြင့် အတွေးများနေရန် အချိန်မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် လိုဏ်ဂူ အပြင်ဘက်ရှိ လေထုထဲမှ လုဟုန်ယွီ၏ အေးစက်စက် စကားသံက ထပ်မံ ထွက်ပေါ်လာသောကြောင့်ပင်။

“ကျန်းချန်.. မင်းရဲ့ထူးခြားတဲ့ ပါရမီကြောင့် ငါ မင်းကို ထိုက်တန်တဲ့ ပြိုင်ဘက် တစ်ယောက်လို့ သတ်မှတ်ပြီး တရားမျှတတဲ့ တိုက်ပွဲတစ်ပွဲ ဆင်နွှဲဖို့ အခွင့်အရေးပေးမယ်.. အခုအထိ ထွက်မလာသေးဘူး ဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့တော့”

“လုဟုန်ယွီရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက သာမန်မဟုတ်ဘူးပဲ”

လုဟုန်ယွီ၏ စကားကိုကြားပြီးနောက်တွင် ကျန်းချန်သည် မပြုံးဘဲ မနေနိုင်ခဲ့ပေ။

သူက လော့ချင်းအာကို ကြည့်ကာ ပြောလိုက်သည်။

“ချင်းအာ ဒီမှာပဲ စောင့်နေ.. ငါ လုဟုန်ယွီနဲ့ သွားတွေ့လိုက်မယ်”

ထိုစကားကိုပြောပြီးသည်နှင့် ကျန်းချန်သည် မျက်တောင်တစ်ခတ် အတွင်း လိုဏ်ဂူ၏ အထက်ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။

“ကျန်းချန် နောက်ဆုံးတော့ မင်းထွက်လာရဲပြီပေါ့”

သူ့ရှေ့တွင် ပေါ်လာသော ကျန်းချန်ကို ကြည့်ကာ လုဟုန်ယွီ၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

“မင်းက ငါတို့ လုမိသားစုရှင်းပစ်ဖို့ ထိုက်တန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ.. တလော့လျှို့ဝှက်နယ်မြေထဲကို ရောက်တာ နှစ်ပတ်လောက်ပဲ ရှိသေးပေမဲ့ မင်းက ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်ကနေ သတ္တမအဆင့်ကိုတောင် ထိုးဖောက်နိုင်ခဲ့တယ်”

ကျန်းချန်၏ ပါရမီက မည်မျှအထိ မွန်းစတားဆန်မှန်း လုဟယ်နှင့် အခြားသူများ ပြောပြသည်ကို ကြားဖူးသော်လည်း လုမိသားစု၏ ထိပ်တန်းပါရမီရှင်များ ထဲမှ တစ်ဦး ဖြစ်သော လုဟုန်ယွီသည် အဆင့်နိမ့်စကြဝဠာမှ တက်လှမ်းလာသူ ဖြစ်သည့် ကျန်းချန်အပေါ်တွင် အထင်သေးသော စိတ်က ငြင်းမရအောင် ရှိနေခဲ့သည်။

သို့သော် ကျန်းချန်၏ ကျင့်ကြံခြင်း အရှိန်အဟုန်ကို မျက်မြင်တွေ့ခဲ့ပြီးနောက် သူအမှန်တကယ် တုန်လှုပ်သွားခဲ့၏။

နှစ်ပတ်အတွင်း ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်ကနေ သတ္တမအဆင့်အထိ ထိုးဖောက်သွားသည့် ကြောက်မက်ဖွယ်ရာကောင်းသော ကျင့်ကြံခြင်း အရှိန်အဟုတ်မျိုး သူတစ်ခါမှ မကြားဖူးပေ။

အကယ်၍ ထိုကဲ့သို့ မွန်းစတားဆန်သော ပါရမီရှင်မျိုးကို အမြန်ဆုံး မဖယ်ရှားနိုင်ခဲ့လျှင် သူတို့ လုမိသားစု အတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာမည်မှာ သေချာသလောက်ပင်။

“လုဟုန်ယွီ.. မင်း ငါ့ဆီကို လာရှာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

ကျန်းချန်က လုဟုန်ယွီကို စူးစမ်းသော အမူအရာဖြင့် ကြည့်လိုက်သည်။

“ဒါပေမဲ့ ငါမင်းကို မေးစရာရှိတယ်.. ငါ ဒီမှာရှိနေတာကို မင်းဘယ်လိုလုပ်ပြီး သိသွားတာလဲ”

ထိုအခိုက်အတန့်တွင် လုဟုန်ယွီ၏ ခန္ဓာကိုယ်ကနေ ပကတိအင်မော်တယ် နဝမအဆင့် အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။

“မင်းက သေလူတစ်ယောက်ပဲ.. အများကြီးသိနေဖို့ ဘာလို့ လိုအပ်မှာလဲ.. အပိုစကားတွေ ပြောတာရပ်ပြီး တိုက်ကြရအောင်”

စကားဆုံးသည်နှင့် လုဟုန်ယွီ၏ ကြောက်မက်ဖွယ်ရာကောင်းသော အင်မော်တယ် အဆီအနှစ် စွမ်းအားများသည် ချက်ချင်းပင် မီးလျှံပင်လယ်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လုဟုန်ယွီကို ဗဟိုပြု၍ ပျံ့နှံ့သွားခဲ့ကာ ကောင်းကင်ယံရှိ ပေထောင်ချီ ကျယ်ဝန်းသော ဧရိယာကို မီးလျှံနယ်မြေကြီးအဖြစ် ပြောင်းလဲပစ်လိုက်သည်။

မီးလျှံနယ်မြေထဲတွင် လုဟုန်ယွီသည် ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး သူ၏ မျက်ဝန်းထဲကနေ တောက်ပသော မီးလျှံများပင် ထွက်ပေါ်နေခဲ့သည်။

လုဟုန်ယွီနှင့် ကျန်းချန်တို့ တိုက်ပွဲစတင်တော့မည့် အချိန်တွင် အမှောင်ရိပ်ထဲ၌ ပုန်းအောင်းနေဆဲ ဖြစ်သော လုဟယ်သည် မျက်နှာသိပ်မကောင်းပေ။

လုဟုန်ယွီသည် ကျန်းချန် တံခါးပိတ် ကျင့်ကြံနေသည်ကို အခွင့်ကောင်းယူကာ အလစ်အငိုက်ဖမ်း တိုက်ခိုက်နိုင်ပါလျက်နှင့် ထိုအခွင့်အရေးကို အဆုံးရှုံးခံခဲ့သည်။

“ဒီကောင်က သူ့ကိုယ်သူ လုမိသားစုရဲ့ ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်တာနဲ့ပဲ ပကတိအင်မော်တယ် အဆင့်မှာ ပြိုင်ဘက်ကင်းလို့ ထင်နေတာလား မသိဘူး”

သိထားရမည့်အချက်မှာ ယခု သူတို့ ရင်ဆိုင်နေရသော ပြိုင်ဘက်သည် ပကတိအင်မော်တယ် နဝမအဆင့် မြေကမ္ဘာသတ္တဝါကိုပင် အနိုင်တိုက်နိုင်သော ပြိုင်ဘက်ကင်း မွန်းစတားတစ်ဦး ဖြစ်သည်။

ကျန်းချန်သည် ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်တွင် ရှိစဥ်ကပင် ပကတိအင်မော်တယ် နဝမအဆင့် အင်မော်တယ်သတ္တဝါကို သတ်ဖြတ်နိုင်ခဲ့သည်။

ယခု ကျန်းချန်က ပကတိအင်မော်တယ် သတ္တမအဆင့်ကို ထိုးဖောက်သွားပြီဖြစ်ရာ ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် သံသယဖြစ်စရာ မလိုလောက်အောင်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ‌ကောင်းလာလိမ့်မည် ဖြစ်၏။

လုမိသားစု၏ ထိပ်တန်း ပါရမီရှင် ဖြစ်ပြီး ပကတိအင်မော်တယ် နဝမအဆင့် အထွတ်အထိပ် ဖြစ်သော လုဟုန်ယွီပင်လျှင် ကျန်းချန်၏ ပြိုင်ဘက်မဖြစ်နိုင်ဟု လုဟယ် ရုတ်တရက် ခံစားမိလာခဲ့သည်။

“ကျန်းချန်.. မင်းလို အဆင့်နိမ့်စကြဝဠာက တက်လှမ်းလာတဲ့လူတစ်ယောက်က ငါတို့ လုမိသားစုက လူတွေကို သတ်ပြီး လုမိသားစုရဲ့ဂုဏ်သိက္ခာကို စော်ကားရဲတယ်.. ဒီနေ့ ငါမင်းကို သတ်ပြီး ငါတို့ လုမိသားစုရဲ့ ဂုဏ်သတင်းကို ပြန်လည်မြှင့်တင်မယ်”

လုဟုန်ယွီ၏ အေးစက်စက် ကြုံးဝါးသံ အဆုံးတွင် သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ မီးလျှံနယ်မြေ အတွင်းက‌နေ မီးလျှံများဖြင့် ဖွဲ့စည်းထားသော မီးလျှံဖီးနစ် တစ်ကောင် ထွက်ပေါ်လာခဲ့သည်။

ထိုမီးလျှံဖီးနစ်သည် ပေဆယ်ဂဏန်းခန့် ရှည်လျားပြီး ကောင်းကင်ယံကိုပင် လုံးဝ လောင်ကျွမ်းစေနိုင်သည့် အရှိန်အဝါများနှင့် အတူ တောင်ပံခတ်၍ ပျံသန်းလာခဲ့သည်။

မီးလျှံဖီးနစ် မရောက်လာမီမှာပင် အတိုင်းအဆမဲ့ ပြင်းထန်သော အပူရှိန်များသည် ကျန်းချန်ထံ ရိုက်ခတ်လာခဲ့သည်။

ဤတိုက်ကွက်သည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး သာမန် ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ တစ်ဦးကို အလွယ်တကူ သတ်ဖြတ်နိုင်၏။

သို့ရာတွင် လုဟုန်ယွီ၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း ကျန်းချန်၏ မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိခဲ့ပေ။

သူက နေရာမှာပင် မလှုပ်မယှက် ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး မီးလျှံဖီးနစ်က သူနှင့် သုံးပေးပင် မဝေးတော့သည့် နေရာသို့ အရောက်တွင် သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။

“ဝုန်း..”

အရှိန်အဟုန်ဖြင့် တိုးဝင်လာသည့် မီးလျှံဖီးနစ်သည် ပြင်းထန်စွာ တုန်ယင်သွားခဲ့ပြီး လေထဲမှာပင် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့သည်။

“မင်းက စွမ်းရည်တချို့တော့ ရှိသားပဲ.. ငါ့ဆီက တိုက်ကွက်ကို ထပ်ပြီး ခံယူကြည့်စမ်း”

လုဟုန်ယွီ၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့ပြီး လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

ဤတစ်ကြိမ်တွင် သူက လျှော့မတွက်ဝံ့တော့ဘဲ သူ၏ စွမ်းအားများကို အပြည့်အဝ အသုံးပြုလိုက်သည်။

ပကတိအင်မော်တယ် နဝမအဆင့် အထွတ်အထိပ်၏ အားကောင်းသော စွမ်းအားများသည် တဖြည်းဖြည်း သိပ်သည်းလာခဲ့ပြီး ဧရာမ မီးလျှံလက်ဝါးကြီး အဖြစ်သို့ ပြောင်းလဲကာ ဥက္ကာခဲတစ်ခု ကျဆင်းလာသကဲ့သို့ ကျန်းချန်ထံ ပြိုကျလာခဲ့သည်။

ကျန်းချန်က ရှောင်တိမ်းခြင်း မပြုဘဲ အပြာရောင်ဧကရာဇ်သက်ရှည်ကျင့်စဥ်ကို လှုံ့ဆော်လိုက်သည်။

ပကတိအင်မော်တယ် အဆင့်၏ အစွမ်းထက်စွမ်းအားများသည် သူ၏ လက်ဖဝါးကနေ ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာကြီးကိုပင် ထိုးဖောက်နိုင်လောက်သည့် လက်သီးချက် အဖြစ်သို့ ပြောင်းလဲကာ ဧရာမ မီးလျှံလက်ဝါးကြီးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

ဟင်းလင်းပြင်တစ်ခုလုံးက ပြိုကွဲပျက်စီးသွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီး ပင်လျှင် ဗြောင်းဆန်လုနီးပါး ဖြစ်သွားခဲ့သည်။

လုဟုန်ယွီ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ဟင်းလင်းပြင်ထဲတွင် နောက်သို့ ခြေလှမ်းခုနစ်လှမ်း ရှစ်လှမ်းခန့် ဆုတ်သွားခဲ့ရ၏။

ဆန့်ကျင်ဘက်မှ မလှုပ်မယှက် ဝံ့ကြွားစွာ ရပ်နေဆဲ ဖြစ်သော ကျန်းချန်ကို ကြည့်ကာ သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူက လုမိသားစု၏ ပကတိအင်မော်တယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း အဆင့်နိမ့်စကြဝဠာမှ ပကတိအင်မော်တယ် ပထမအဆင့် ကျင့်ကြံသူ၏ တွန်းထုတ်ခြင်းကို ခံလိုက်ရ၏။

ဤအချိန်တွင် လုဟုန်ယွီ၏ မျက်နှာအမူအရာသည် အလွန်တရာပင် လေးနက်သွားခဲ့ပြီး ကျန်းချန်ကို လုံးဝ အထင်မသေးဝံ့တော့ပေ။

ကျန်းချန် ပြသခဲ့သော တိုက်ခိုက်ရေးစွမ်းအားသည် စန်းယွင်အင်မော်တယ် နန်းတော်မှ သခင်လေးဝမ်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေပုံ ရ၏။

“လုဟုန်ယွီ.. မင်းတို့ လုမိသားစုက ပကတိအင်မော်တယ် နဝမအဆင့် ပါရမီရှင်ရဲ့စွမ်းရည်က ဒီလောက်ပဲလား”

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာရပ်နေရင်း လှောင်ပြုံး ပြုံး၍ ပြောလိုက်သည်။

“မင်းရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် င့ါကို သတ်ဖို့ အရည်အချင်းမပြည့်မီသေးဘူး”

ကျန်းချန်၏ ဤမျှ အထိ အထင်သေးခြင်းကို ခံလိုက်ရလျှင် လုဟုန်ယွီသည် ဒေါသအိုး ပေါက်ကွဲထွက်လာခဲ့ပြီး မျက်နှာတစ်ခုလုံးက ချက်ချင်းဆိုသလိုပင် အကျည်းတန်သွားခဲ့သည်။

“မင်း ဒီနေ့ဘယ်‌လောက်ပဲ အစွမ်းထက်နေပါစေ.. ဒီနေ့ ငါ လုဟုန်ယွီ မင်းကို သေချာပေါက် သတ်ပြမယ်”

လုဟုန်ယွီက ကျယ်လောင်စွာ ကြုံးဝါးပြီးနောက်တွင် သူ၏ သွေးအဆီအနှစ်ကို အနည်းငယ် လောင်ကျွမ်းစေလိုက်ရာ သူ၏ ခန္ဓာကိုယ်ကနေ သွေးရောင်မီးလျှံများ ထွက်ပေါ်လာခဲ့သည်။

ထိုသွေးရောင်မီးလျှံများသည် သွေးနီရောင် တောက်ပနေသော အင်မော်တယ် ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ၏ လက်ဖဝါးထဲတွင် ‌ပေါ်လာခဲ့သည်။

“သွေးမီးလျှံဓားသိုင်း”

လုဟုန်ယွီ ထုတ်‌ဖော်လိုက်သော ဓားသိုင်းကို မြင်လိုက်ရလျှင် အမှောင်ရိပ်ထဲရှိ လုဟယ်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သွေးမီးလျှံဓားသိုင်းသည် လုမိသားစု၏ ထိပ်တန်း ဓားသိုင်း ဖြစ်သည်။

သွေးမီးလျှံဓားသိုင်းသည် အလွန်ပင် အစွမ်းထက်သော်လည်း ထိုဓားသိုင်းကို အသုံးပြုတိုင်းတွင် ကြီးမားသော ပေးဆပ်မှုများ လိုအပ်သဖြင့် အလွယ်တကူ အသုံးမပြုနိုင်ပေ။

တိုက်ပွဲစပြီး သိပ်မကြာမီမှာပင် လုဟုန်ယွီသည် အတော်လေး အကျပ် ရိုက်နေခဲ့ပြီး သွေးမီးလျှံဓားသိုင်း ကဲ့သို့ ဝှက်ဖဲကိုပင် အသုံးပြုလိုက်ရမည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။

အခန်း(၂၆၉၅)ပြီး၏။

အခန်း(၂၆၉၆)

“လုဖန်း လုဟုန်ယွီက သိပ်အခြေအနေ မကောင်းပုံပဲ”

သွေးမီးလျှံဓားသိုင်းကို အသုံးပြုလိုက်သော လုဟုန်ယွီကို စိုက်ကြည့်ရင်း လုဟယ်၏ မျက်ဝန်းများသည် ပိုမို၍ လေးနက်လာခဲ့သည်။

လုဖန်းက အေးစက်စက် ပြောလိုက်၏။

“စိတ်မပူစမ်းပါနဲ့.. သွေးမီးလျှံဓားသိုင်းကိုတောင် ထုတ်သုံးလိုက်ပြီဆိုမှတော့ အဲဒီ‌ကောင် ဘယ်လိုမှ မရင်ဆိုင်နိုင်တော့ဘူး.. ဒါ့အပြင် သူ့မှာ သွေးမီးလျှံဓားသိုင်းထက် ပိုအစွမ်းထက်တဲ့ ဝှက်ဖဲတစ်ခု ကျန်ပါသေးတယ်”

သွေးမီးလျှံဓားသိုင်းသည် လုမိသားစု၏ နာမည်ကျော် ရွှေအင်မော်တယ်အဆင့် သိုင်းကွက်ဖြစ်သည်။

လုဟုန်ယွီ၏ စွမ်းရည်ဖြင့်သာ ဤဓားသိုင်းကို အသုံးပြုမည်ဆိုလျှင် ကောင်းကင်အင်မော်တယ် ပထမအဆင့်ကိုပင် အနိုင်ယူနိုင်စွမ်းရှိ၏။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က ကြောက်မက်ဖွယ်ကောင်းသော်လည်း လုဟုန်ယွီ၏ သွေးမီးလျှံဓားသိုင်းကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် လုဟုန်ယွီ၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေအင်မော်တယ်အဆင့် မှော်ရတနာတစ်ခု ရှိနေသေး၏။

ကျန်းချန်သည် မည်မျှပင် မွန်းစတားဆန်စွာ ပါရမီရှိနေပါစေ၊ အဆုံးသတ်တွင် အဆင့်နိမ့် စကြဝဠာမှ တက်လာသူ တစ်ဦးသာ ဖြစ်သည်။

သူ၏ တိုက်ခိုက်ရေးစွမ်းရည်က ပြိုင်ဘက်ကင်းလောက်သည်အထိ ကောင်းမွန်နေသော်လည်း နောက်ခံအင်အားကမူ လုမိသားစု ကဲ့သို့ ရွှေအင်မော်တယ်အဆင့် အင်အားစုမျိုးနှင့် ဘယ်လိုမှ ယှဥ်၍ မရနိုင်ပေ။

လုဟယ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဒါတောင်မှ ငါ စိုးရိမ်မိနေတုန်းပဲ”

သွေးမီးလျှံဓားသိုင်းကို တတ်မြောက်ထားပြီး ရွှေအင်မော်တယ်အဆင့် မှော်ရတနာကိုပါ ပိုင်ဆိုင်ထားသော လုဟုန်ယွီသည် ကျန်းချန်၏ ပြိုင်ဘက်မဖြစ်နိုင်ဟု သူခံစားမိနေခဲ့သည်။

“ဒါဆို မင်းက ဘာလုပ်ချင်လို့လဲ.. လုဟုန်ယွီနဲ့ ပူပေါင်းပြီး ကျန်းချန်ကို ဝိုင်းတိုက်မလို့လား”

လုဖန်းက အနည်းငယ် စဥ်းစားဟန်ပြုလိုက်ပြီးမှ လုဟယ်ကို တစ်ချက် ကြည့်ကာ ပြောလိုက်သည်။

“လုဟုန်ယွီက သူ့ရဲ့ဝှက်ဖဲ‌တွေ အကုန်ထုတ်သုံးတာတောင် ကျန်းချန်ရဲ့ မဖြစ်နိုင်ဘူး ဆိုရင် ငါတို့နှစ်ယောက် ဝင်တိုက်ရင်လည်း အပိုပဲ ဆိုတာကို မင်းသိထားသင့်တယ်”

“ငါနားလည်ပါတယ်”

လုဟယ်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့ပြီး လိုဏ်ဂူ ရှိရာဘက်သို့ လှမ်းကြည့်ရင်း ပြောလိုက်သည်။

“အဲဒီဂူထဲမှာ လော့ရွှေကုန်သည်အဖွဲ့ရဲ့ ခေါင်းဆောင် လော့ချန်ချိုးရဲ့ သမီးက ကျန်းချန်နဲ့ အတူ ရှိနေတယ်.. သူ့ကိုသာ ဖမ်းနိုင်မယ် ဆိုရင် ကျန်းချန်ကို အညံ့ခံခိုင်းလို့ ရနိုင်တယ်”

လော့ရွှေကုန်သည်အဖွဲ့သည် ကျန်းချန်ကို တလော့လျှို့ဝှက်နယ်မြေ၏ ဝင်ခွင့်နေရာ တစ်နေရာကို ပေးခဲ့ပုံ ထောက်လျှင် ကျန်းချန်သည် လော့ရွှေကုန်သည် အဖွဲ့သို့ ဝင်ရောက်ပြီးသား ဖြစ်နိုင်ခြေများသည်။

လော့ရွှေကုန်သည်အဖွဲ့၏ အဖွဲ့ဝင် ဖြစ်နေသည့် အတွက် ကျန်းချန်သည် လော့ရွှေကုန်သည် အဖွဲ့မှ သခင်မလေး လော့ချင်းအာ၏ ဘေးကင်းမှုကို လျစ်လျူရှုနိုင်မည် မဟုတ်လောက်ပေ။

လုဖန်းက အနည်းငယ် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီလေ...ငါအခုပဲ လော့ချင်းအာကို သွားဖမ်းလိုက်မယ်”

ကျန်းချန်က မွန်းစတားဆန်သော ပါရမီရှင် တစ်ဦး ဖြစ်နေသည့်အတွက် မတော်တဆမှုများ မဖြစ်လာစေရန် လော့ချင်းအာကို ဖမ်းဆီးထားခြင်းသည် ကောင်းမွန်သော ရွေးချယ်မှုတစ်ခုပင်။

ထို့အပြင် သူက လော့ချင်းအာကို တိုက်ခိုက်လိုက်သည်နှင့် ကျန်းချန်၏ အာရုံကို ထွေပြားစေမည် ဖြစ်၍ လုဟုန်ယွီ အတွက်လည်း ဖိအားတချို့ကို ခွဲဝေယူပေးရာ ရောက်ပေလိမ့်မည်။

“ကျန်းချန်.. ငါ လုဟုန်ယွီက ငါတို့ လုမိသားစုရဲ့ ပြိုင်ဘက်ကင်းဓားသိုင်းကို မင်းအမြင်ကျယ်အောင် ပြသပေးမယ်”

လုဖန်းက လောာ့ချင်းအာကို ဖမ်းဆီးရန် ထွက်ခွာတော့မည့်အချိန်မှာပင် လုဟုန်ယွီသည် သွေးမီးလျှံ ဓားရှည်ကို လေထဲတွင် မြှောက်လိုက်သည်။

ဓားရှည်ပေါ်မှ တောက်ပသော သွေးမီးလျှံများသည် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ဘာမှမကျန်ရှိတော့သည်အထိ လောင်ကျွမ်းပစ်နေခဲ့၏။

“သေစမ်း”

လုဟုန်ယွီ၏ မျက်ဝန်းများက ထက်ရှနေခဲ့သည်။

သူက လက်ထဲရှိ သွေးရောင်ဓားရှည်ကို ဝှေ့ယမ်းလိုက်၏။

“ဝုန်း..”

ထိုဓားချက် ထွက်ပေါ်လာသည်နှင့်အမျှ သွေးရောင်မီးလျှံဓားကြီးသည် ကောင်းကင်ယံကို ဖြတ်သန်းသွားသော သွေးရောင်သက်တန့် တစ်ခုနှယ် ဖြစ်သွားခဲ့သည်။

၎င်းဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ဟင်းလင်းပြင်သည် သွေးရောင်များဖြင့် ခြယ်သထားသလို ဖြစ်နေခဲ့သည်။

ဤဓားချက်၏ စွမ်းအားသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းပြီး ကောင်းကင်ကို ခုတ်ပိုင်းကာ ငရဲကိုပင် ထိုးဖောက်နိုင်စွမ်း ရှိပုံရသည်။

သာမန် ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူပင်လျှင် လုဟုန်ယွီ၏ ဓားချက်နှင့် ရင်ဆိုင်ရလျှင် နောက်သို့ ဆုတ်ရုံမှ တစ်ပါး အခြားမရှိပေ။

“လူသားအဖြစ်ပြောင်းလဲစေသောဓားချက်”

ကျန်းချန်က လုဟုန်ယွီ၏ ဓားချက်ကို ဂရုမစိုက်ဘဲ တည်ငြိမ်သော အမူအရာဖြင့်သာ ရှိနေခဲ့သည်။

သူက အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို လှုံ့ဆော်လိုက်ပြီး လူသားအဖြစ် ပြောင်းလဲစေသော ဓားကွက်ကို ထုတ်ဖော်လိုက်သည်။

ထိုဓားချက်က သူ့ဆီသို့ ဦးတည်လာသည့် လုဟုန်ယွီ၏ ဓားကြီးနှင့် ချက်ချင်းဆိုသလို ထိပ်တိုက် ဆုံတွေ့သွားခဲ့သော်လည်း မည်သည့် အသံမှ ထွက်ပေါ်မလာခဲ့ပေ။

သို့သော်လည်း သွေးရောင်ဓားရှည်မှ ကြောက်မက်ဖွယ်စွမ်းအားသည် ဆန်းကြယ်သော အမြန်နှုန်းဖြင့် တိုက်ရိုက်ဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သွေးရောင်ဓားကြီးသည် လေထဲတွင် အစအနပင် မကျန်ရှိတောဘဲ့ ပျောက်ကွယ်သွားခဲ့သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

လုဟုန်ယွီက မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူက သွေးမီးလျှံဓားသိုင်းဖြင့် သူ၏ ခွန်အား အပြည့်အဝကို အသုံးပြုကာ ခုတ်ပိုင်းခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်အင်မော်တယ် ပထမအဆင့် ပင်လျှင် ဤဓားချက်နှင့် ထိပ်တိုက် ရင်ဆိုင်ရလျှင် မသေသည့်တိုင် ဒဏ်ရာ အပြင်းအထန် ရရှိမည်မှာ သေချာသလောက်ပင်။

သို့သော်လည်း သူ့ရှေ့မှ ‌ကောင်လေးကမူ ဓားချက်တစ်ချက်တည်းဖြင့်ပင် သူ၏ တိုက်ခိုက်မှုအား ဖြေရှင်းသွားခဲ့သည်။

ကျန်းချန်က လုဟုန်ယွီကို လျစ်လျူရှုလိုက်သည်။

သူ၏ အကြည့်က အောက်ဘက်ရှိ နေရာတစ်ခု ဆီသို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့၏။

“ပကတိအင်မော်တယ် အဋ္ဌမအဆင့်လေးနဲ့များ ငါ့ရဲ့မျက်စိအောက်ကနေ လိုဏ်ဂူထဲကို ခိုးဝင်ချင်နေသေးတယ်.. မင်းက တကယ်ကို စိတ်ကူးယဥ်လွန်းနေတာပဲ”

ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူ၏ လက်ထဲရှိ လူသားဧကရာဇ်ဓားဖြင့် အပြာရောင်ဧကရာဇ် ဓားသိုင်းမှ ဒုတိယဓားကွက် ဖြစ်သည့် "အချိန်က ဓားတစ်စင်း" ဓားကွက်ဖြင့် အောက်ဘက်ရှိ လုဖန်းကို တိုက်ခိုက်လိုက်သည်။

ဤဓားချက်သည် အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားခဲ့ပြီး အောက်ဘက်ရှိ လုဖန်းကို သက်ရောက်သွားခဲ့သည်။

လုဖန်း၏ အရှိန်အဝါက ချက်ချင်းဆိုသလို အားနည်းသွားခဲ့ပြီး သူ၏ နက်မှောင်သော ဆံပင်ရှည်များသည် ဖြူဆွတ်သွားခဲ့ကာ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း မျက်‌တောင်တစ်ခတ်အတွင်း အသက်ဆယ်ဂဏန်းခန့် ကြီးသွားသည့်အလား အိုမင်းသွားခဲ့သည်။

ဤအခိုက်အတန့်တွင် ဟင်းလင်းပြင်တွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ရင်း လုဖန်း၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ မကြုံစဖူး ဖြစ်ပေါ်လာခဲ့၏။

“တကယ်ကို အစွမ်းထက်လွန်းတာပဲ”

သူ့ရှေ့ရှိ အဆင့်နိမ့်စကြဝဠာမှ တက်လှမ်းလာသူသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် အစွမ်းထက်နေခဲ့၏။

ထိုလူငယ်က ပကတိအင်မော်တယ် သတ္တမအဆင့်သာ ရှိသေးသော်လည်း လုမိသားစု၏ ပကတိအင်မော်တယ် အဋ္ဌမအဆင့် ပါရမီရှင် ဖြစ်သော သူ၏ သက်တမ်းတစ်ဝက်ကိုပင် အသာအယာ ဖြတ်တောက်ပစ်လိုက်သည်။

အင်မော်တယ်လမ်းစဥ်ကို လျှောက်လှမ်းခြင်းသည် ထာဝရအသက်ကို ရရှိနိုင်သည်ဟု ဆိုကြသော်လည်း ကျန်းချန်၏ ဓားချက်သည် သူ၏ အသက်အဆီအနှစ်ကို ဖြတ်တောက်ပစ်လိုက်ခြင်း ဖြစ်သည်။

အသက်အဆီအနှစ် ကုန်ဆုံးသွားသည်နှင့် သာမန် ပကတိအင်မော်တယ် မပြောနှင့်၊ တလော့အင်မော်တယ် ဖြစ်နေလျှင်ပင် သေဆုံးရမည်ကို ရှောင်လွှဲ၍ မရပေ။

”လုဟုန်ယွီ.. မင်းတို့ လုမိသားစုရဲ့ အစွမ်းအထက်ဆုံး တိုက်ကွက်က ဒီလောက်ပဲ အစွမ်းထက်တာလား.. ဒီတစ်ကြိမ်တော့ ငါ့အလှည့်ပဲ မင်းအမြင်ကျယ်အောင် တကယ့် အင်မော်တယ်အဆင့် ဓားသိုင်းကို ငါ ပြသပေးမယ်”

“ဝုန်း..”

စကားဆုံးသည်နှင့် ကျန်းချန်သည် အပြာရောင်ဧကရာဇ် ဓားကွက်ကို ထုတ်ဖော်လိုက်ရာ တောက်ပသော ဓားအလင်းတစ်ခုသည် ကောင်းကင်ယံကို ထိုးတက်သွားခဲ့ပြီး ဟင်းလင်းပြင်ထဲတွင် အလင်းတံခါး တစ်ခုကို ဖွင့်လှစ်လိုက်သည်။

ထို့နောက်တွင် အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်လာပုံရသော အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ် တစ်ပါးသည် အလင်းတံခါးကနေ ထွက်လာခဲ့ပြီး ဓားကွက် တစ်ကွက်ကို ထုတ်ဖော်ကာ လုဟုန်ယွီကို ခုတ်ပိုင်းလိုက်သည်။

“ဝုန်း.”

ထိုခဏဝယ် ကောင်းကင်နှင့်မြေကြီးသည် အရောင်မှေးမှိန်သွားပြီး နေနှင့်လပင်လျှင် ဗြောင်းဆန်သွားခဲ့သည်။

အပြာရောင်ဝတ်စုံဝတ် ဓားနတ်ဘုရား ထုတ်ဖော်လိုက်သော ဓားအလင်းသည် ပေဆယ်ဂဏန်းခန့် ရှည်လျားပြီး အလွန်တရာ တောက်ပသည်။

ဓားအလင်းက သေးငယ်သည်ဟု ထင်ရသော်လည်း အနှိုင်းမဲ့စွမ်းအားများ ကိန်းအောင်းနေခဲ့သည်။

“ဒါက ဘယ်လိုဓားသိုင်းမျိုးလဲဟ”

ကျန်းချန်၏ ဓားချက်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိလျှင် လုဟုန်ယွီ၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ ချက်ချင်းပင် ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန် ထုတ်‌ဖော်လိုက်သော သိုင်းကွက်သည် သူတို့ လုမိသားစု၏ သွေးမီးလျှံဓားသိုင်းနှင့် အခြားသော ရွှေအင်မော်တယ်အဆင့် သိုင်းကွက်များထက်ပင် ပိုမို၍ အစွမ်းထက်နေခဲ့သည်။

ယင်းက သူမြင်တွေ့ဖူးသည့် တလော့အင်မော်တယ် အဆင့် သိုင်းကွက်တချို့ ထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။

အဆင့်နိမ့် စကြဝဠာကနေ တက်လှမ်းလာသူ တစ်ဦးသည် အင်မော်တယ်လောကသို့ ရောက်ရှိလာပြီး ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပင် ကြောက်မက်ဖွယ်ရာကောင်းသောသိုင်းကွက်ကို မည်ကဲ့သို့ တတ်မြောက်သွားပါသနည်း။

လုဟုန်ယွီသည် မည်သို့မှ နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။

လုဟုန်ယွီက ထိုအကြောင်းကို ဆက်လက် မတွေးတောတော့ဘဲ သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ဆယ်ပေခန့် ရှည်လျားသည့် အနီရောင်ငှက်မွေး တစ်ခုသည် သူ၏ လက်ဖဝါး ပေါ်တွင် ပေါ်လာခဲ့သည်။

“မီးလျှံဖီးနစ်ငှက်မွေး”

ကျန်းချန်၏ ပြိုင်ဘက်ကင်း ဓားချက်ကို ရင်ဆိုင်ရန် အတွက် လုဟုန်ယွီသည် လုမိသားစု၏ ရွှေအင်မော်တယ်အဆင့် ရတနာကို ထုတ်သုံးရန် ဝန်လေးမနေတော့ပေ။

သူက ဘာမှ ထိမ်ချန် မထားဘဲ ခန္ဓာကိုယ်အတွင်းမှ ပကတိအင်မော်တယ်စွမ်းအား အကုန်အစင်ကို မီးလျှံဖီးနစ်ငှက်မွေးအတွင်းသို့ ထည့်သွင်းလိုက်ရာ ငှက်မွေးထံကနေ ကြောက်မက်ဖွယ်ရာကောင်းသော ကောင်းကင်မီးလျှံများ ပေါက်ကွဲထွက်လာခဲ့ပြီး သူထံသို့ ဦးတည်လာသည့် ဓားအလင်းကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

အခန်း(၂၆၉၆)ပြီး၏။

All Chapters