အခန်း (၂၆၉၇-၂၆၉၈)
Vol. 210 Ch. 2697-2698
အခန်း(၂၆၉၇)
“ဝုန်း”
ကောင်းကင်ယံ တစ်ခုလုံး ပြိုဆင်းလာခဲ့ပြီး ဟင်းလင်းပြင်ပင် ပြိုကျပျက်စီးသွားခဲ့သည်။
ကြောက်မက်ဖွယ်ရာကောင်းသော မုန်တိုင်းတစ်ခုသည် ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာသကဲ့သို့ နေရာအနှံ့ တိုက်ခတ်သွားခဲ့၏။
လုဟုန်ယွီက ပေရာပေါင်းများစွာ နောက်ပြန် လွင့်စင်သွားခဲ့သည်။
ဆန့်ကျင်ဘက်ရှိ ပေတစ်ရာခန့်သာ နောက်ဆုတ်သွားရသော ကျန်းချန်ကို စိုက်ကြည့်ရင်း သူ၏ မျက်နှာအမူအရာသည် အလွန်ပင် လေးနက်သွားခဲ့သည်။
သူ့အရှေ့မှ ကောင်လေး၏ ပါရမီသည် မွန်းစတား ဆန်လောက်သည်အထိ အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းနေခဲ့၏။
မီးလျှံဖီးနစ်ငှက်မွေးသည် သူတို့လုမိသားစု၏ အစွမ်းအထက်ဆုံး ရွှေအင်မော်တယ်အဆင့် ရတနာများထဲမှ တစ်ခု ဖြစ်သည်။
သူ၏ လက်ရှိစွမ်းရည်ဖြင့် မီးလျှံဖီးနစ်ငှက်မွေးကို အသက်သွင်းလိုက်လျှင် ကောင်းကင်အင်မော်တယ် တတိယအဆင့် ကျင့်ကြံသူ၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့်ပင် ယှဥ်နိုင်၏။
သို့သော် ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုသည်ပင် ကျန်းချန်နှင့် ထိပ်တိုက် တွေ့ဆုံရာ၌ အသာစီး အနည်းငယ်မျှပင် မရရှိခဲ့ပေ။
တစ်နည်းအားဖြင့် ဆိုရလျှင် အစောပိုင်းက ကျန်းချန်၏ဓားချက်သည် ကောင်းကင်အင်မော်တယ် တတိယအဆင့် ကျင့်ကြံသူ၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် ညီမျှနေခဲ့၏။
ပကတိအင်မော်တယ် သတ္တမအဆင့်ဖြင့် ကောင်းကင်အင်မော်တယ် တတိယအဆင့်နှင့် နှိုင်းယှဥ်နိုင်သောစွမ်းအားကို ထုတ်ဖော်နိုင်ခြင်းသည် အမှန်တကယ်ပင် မယုံကြည်နိုင်စရာကောင်းလွန်းနေခဲ့သည်။
အဆင့်နိမ့်စကြဝဠာမှ တက်လာသူ တစ်ဦးက ဤမျှအထိ မည်ကဲ့သို့ မွန်းစတား ဆန်လွန်းနေသည်ကို လုဟုန်ယွီသည် အမှန်တကယ် နားမလည်နိုင်ဖြစ်နေခဲ့သည်။
ထျန်းရွှေအင်မော်တယ် မြို့တော်နှင့် စန်းဟယ်အင်မော်တယ်မြို့တော်ကို အသာထား၊ စန်းယွင်ပြည်နယ်နှင့် မြောက်ပိုင်းအေးစက်သော နယ်မြေတစ်ခုလုံးတွင်ပင် ပကတိအင်မော်တယ် သတ္တမအဆင့်ဖြင့် ကောင်းကင်အင်မော်တယ် တတိယအဆင့်နှင့် နှိုင်းယှဥ်နိုင်သော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်သူမှာ မရှိသလောက်ပင်။
“ရွှေအင်မော်တယ်အဆင့် ရတနာက နည်းနည်းတော့ ထူးခြားသားပဲ”
ကျန်းချန်က သူ၏ ခန္ဓာကိုယ်ချက်ကို တည်ငြိမ်အောင် ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက်တွင် လုဟုန်ယွီ၏ လက်ထဲရှိ မီးလျှံဖီးနစ်ငှက်မွေးကို စိုက်ကြည့်နေခဲ့သည်။
သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ အဆင့်က မည်သည့်အဆင့်မှန်း ကျန်းချန် ရှင်းရှင်းလင်းလင်း မသိသော်လည်း အနည်းဆုံးတော့ ထိုကျင့်စဥ်သည် အင်မော်တယ်ဘုရင်အဆင့် ကျင့်စဥ် ဖြစ်နိုင်သည်။
သူ၏ ပကတိအင်မော်တယ် သတ္တမအဆင့်ဖြင့် အပြာရောင်ဧကရာဇ်ဓားကွက်ကို အသုံးပြုလျှင် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းသော်လည်း လုဟုန်ယွီသည် သူ၏ လက်ထဲရှိ ရွှေအင်မော်တယ်အဆင့် ရတနာကို အားကိုးကာ ထိုဓားချက်ကို တားဆီးနိုင်ခဲ့သည်။
“ရွှေအင်မော်တယ်အဆင့် မီးလျှံဖီးနစ်ငှက်မွေးတောင် ဒီကောင့်ကို ဘာမှ မလုပ်နိုင်ပါလား”
ဤမြင်ကွင်းကို ကြည့်ကာ လုဖန်းနှင့် လုဟယ် တို့၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။
မူလက ဂူထဲသို့ ဝင်၍ လော့ချင်းအာကို ဖမ်းဆီရန် ကြံစည်နေသော လုဖန်းသည်ပင် ယခုအချိန်တွင် အနည်းငယ်မျှ မလှုပ်ရှားရဲတော့ပေ။
ကျန်းချန်၏ ခွန်အားသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့၏။
အစောပိုင်းက ကျန်းချန်၏ ဓားချက်သည် သူ၏ ပုံမှန် သက်တမ်း တစ်ဝက်ကိုပင် တစ်ဝက်နီပါး ဖြတ်တောက်ပစ်လိုက်သည်။
အကယ်၍ သူသာ လော့ချင်းအာကို နောက်တစ်ကြိမ် တိုက်ခိုက်မည် ဆိုလျှင် ကျန်းချန်၏ ဓားချက် တစ်ချက်တည်းဖြင့်ပင် သူ့အနေဖြင့် အလွယ်တကူ အသက်ပျောက်သွားနိုင်ခြေ ရှိသည်။
“ကျန်းချန် မင်းရဲ့ပါရမီမျိုးက ကမ္ဘာပေါ်မှာ ရှားပါးတယ်ဆိုတာ ငါဝန်ခံပါတယ်.. မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားကလည်း ငါထင်ထားတာထက်တောင် ပိုပြီး အစွမ်းထက်တယ်.. ဒါပေမဲ့ မင်းက အင်မော်တယ် သိုင်းကွက်ကို ဘယ်နှစ်ကြိမ်လောက် အသုံးချနိုင်မှာမို့လို့လဲ.. ငါ့ရဲ့ ရွှေအင်မော်တယ်အဆင့် ရတနာကို ယှဥ်ဖို့ မင်းမှာ ဘယ်လောက်အထိ စွမ်းအားကျန်နေသေးလဲဆိုတာ ငါကြည့်ချင်သေးတယ်”
လုဟုန်ယွီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး မီးလျှံဖီးနစ်ငှက်မွေးကို အသုံးပြုကာ ကျန်းချန်ကို နောက်တစ်ကြိမ်တိုက်ခိုက်လိုက်သည်။
ထိုအချင်းအရာကို မြင်လျှင် ကျန်းချန် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။
လုဟုန်ယွီ၏ လက်ထဲရှိ ရွှေအင်မော်တယ်အဆင့် ရတနာ ဖြစ်သည့် မီးလျှံဖီးနစ်ငှက်မွေးသည် အမှန်တကယ်ပင် ထူးခြားဆန်းကြယ်သည်။
အစောပိုင်းတွင် သူက အပြာရောင်ဧကရာဇ် ဓားကွက်ကို အသုံးပြုခဲ့သော်လည်း လုဟုန်ယွီ၏ မီးလျှံဖီးနစ်ငှက်မွေးကို ယှဥ်နိုင်ရုံမျှသာ လုံလောက်ခဲ့သည်။
ထို့ကြောင့် လုဟုန်ယွီကို အနိုင်ယူရန် သို့မဟုတ် သတ်ပစ်ရန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။
ယင်းအပြင် ဘေးနားတွင်လည်း လုမိသားစုမှ ပကတိအင်မော်တယ် အဋ္ဌမအဆင့် တပည့်တစ်ဦးက စောင့်ကြည့်နေသလို သတင်းရ၍ အခြားသော လုမိသားစုမှ တပည့်များလည်း ရောက်ရှိလာနိုင်သည့် အခြေအနေ ရှိသည်။
အထူးသဖြင့် ကျန်းချန်၏ စိတ်ထဲတွင် လုဟုန်ယွီထက် ပို၍ အန္တရာယ်ရှိသည်ဟု ယူဆထားသော လူငယ်ပင် ဖြစ်သည်။
အကယ်၍ ထိုသူသာ ရောက်လာပြီး လုဟုန်ယွီနှင့် ပူးပေါင်းလိုက်လျှင် သူ့အတွက် အလွန်တရာ အခက်တွေ့သွားမည်မှာ သေချာသလောက်ပင်။
ဆိုရလျှင် လုဟုန်ယွီနှင့် တိုက်ခိုက်သည်က အချိန်ကြာလေလေ သူ့အတွက် အခြေအနေက ပို၍ မကောင်းလေလေ ဖြစ်လာနိုင်သည်။
ထို့ကြောင့် ကျန်းချန်က လုဟုန်ယွီနှင့် အချိန်မဖြုန်းလိုတော့ဘဲ တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။
သူက မီးလျှံဖီးနစ်ငှက်မွေးကို အသက်သွင်း၍ သတ်ဖြတ်ရန်လာနေသော လုဟုန်ယွီကို စူးစိုက်ကြည့်လိုက်သည်။
သူ၏ မောက်မာသောလေသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
“လုဟုန်ယွီ.. မင်းက ရွှေအင်မော်တယ်အဆင့် ရတနာလေး တစ်ခုကို ပိုင်ဆိုင်ထားရုံနဲ့ ငါ့ရှေ့မှာ လာပြီး ကြွားဝါရဲတယ်.. အင်မော်တယ်ရတနာ ဆိုတာက မင်းတစ်ယောက်တည်းမှာပဲ ရှိတာ မဟုတ်ဘူး.. ဒီနေ့ တကယ့် အင်မော်တယ်ရတနာ ဆိုတာက ဘယ်လိုမျိုးလဲ ဆိုတာ ငါမင်းကို ပြသပေးမယ်”
စကားဆုံးသည်နှင့် ကျန်းချန်၏ လက်ဖဝါးထဲတွင် အင်မော်တယ်ကျောက်တိုင် ထွက်ပေါ်လာခဲ့သည်။
လုဟုန်ယွီ၏ ရွှေအင်မော်တယ်အဆင့် ရတနာ ဖြစ်သည့် မီးလျှံဖီးနစ်ငှက်မွေးကို ရင်ဆိုင်ရာတွင် ကျန်းချန်သည် တိုက်ပွဲကို အမြန် အဆုံးသတ်လိုသဖြင့် အင်မော်တယ်ကျောက်တိုင်၏ အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားကို အသုံးပြုရန် ဆုံးဖြတ်လိုက်တော့သည်။
“ဝုန်း..”
ကျန်းချန်၏ အသက်သွင်းမှုအောက်တွင် အင်မော်တယ်ကျောက်တိုင်သည် ချက်ချင်းပင် ပေပေါင်း မရေမတွက်နိုင်အောင် မြင့်မားသည့် နတ်ဘုရားကျောက်တိုင်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်သော စွမ်းအားများဖြင့် လုဟုန်ယွီ အသက်သွင်းထားသော မီးလျှံဖီးနစ်ငှက်မွေးကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ဒီကောင်က ဒီအင်မော်တယ်ရတနာကို နောက်တစ်ကြိမ် ထပ်သုံးပြန်ပြီ”
ဟင်းလင်းပြင်ထဲရှိ ကောင်းကင်နှင့် မြေကြီးကိုပင် လွှမ်းမိုးထားသော နတ်ဘုရားကျောက်တိုင်ကြီးကို ကြည့်ရင်း အမှောင်ရိပ်ထဲတွင် ပုန်းအောင်းနေသော လုဟယ်၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
သိပ်မကြာခင်က ကျန်းချန်သည် ဤလျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရား ကျောက်တိုင်ကို အသက်သွင်းပြီး ပကတိအင်မော်တယ် နဝမအဆင့် မြေကမ္ဘာသတ္တဝါကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်ခဲ့ဖူးသည်။
ထို့ကြောင့် ရွှေအင်မော်တယ်အဆင့် ရတနာ ဖြစ်သည့် မီးလျှံဖီးနစ်ငှက်မွေးကို အသုံးပြုထားသော လုဟုန်ယွီသည် ထိုနတ်ဘုရားကျောက်တိုင်ကို ခုခံနိုင်ပါ့မလား သူအသေအချာ မသိပေ။
လုဟယ် စောင့်ကြည့်နေစဥ်မှာပင် အင်မော်တယ်ကျောက်တိုင်ထံမှ ထွက်ပေါ်လာသော အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားသည် မီးလျှံဖီးနစ်ငှက်မွေးမှ ထွက်ပေါ်လာသော ကောင်းကင်လောင်ကျွမ်း မီးလျှံများနှင့် အဆုံးသတ်တွင် ထိပ်တိုက် တွေ့ဆုံသွားခဲ့သည်။
ယင်းနောက်တွင်မူ လုဟယ်ကို တုန်လှုပ်သွားစေမည့် မြင်ကွင်း တစ်ခုက ဖြစ်ပေါ်လာခဲ့သည်။
မီးလျှံဖီးနစ်ငှက်မွေးကနေ ဖြစ်ပေါ်လာသည့် ကောင်းကင်လောင်ကျွမ်းမီးလျှံသည် အင်မော်တယ်ကျောက်တိုင်၏ အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားနှင့် တွေ့ဆုံပြီးနောက်တွင် အပူချိန် မြင့်မားသော ရေစက်များနှင့် တွေ့ဆံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့ပြီး ချက်ချင်းပင် လေထဲတွင် အစအနပင် မကျန်ရှိသည်အထိ ပျောက်ကွယ်သွားခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ခမ်းနားသော ကောင်းကင်လောင်ကျွမ်းမီးလျှံသည် လုံးဝ ချေမှုန်းခံလိုက်ရပြီး ဘာမှမကျန်ရှိတော့သည် အထိ ပျောက်ကွယ်သွားခဲ့သည်။
လုဟုန်ယွီ၏ လက်ထဲရှိ မီးလျှံဖီးနစ်ငှက်မွေးသည်ပင် စူးရှသော ညည်းတွားသံ တစ်သံ ထွက်ပေါ်လာခဲ့ပြီး လုဟုန်ယွီ၏ လက်ထဲကနေ လွင့်ထွက်သွားခဲ့သည်။
လုဟုန်ယွီ၏ ခန္ဓာကိုယ်သည်လည်း အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားဖြင့် လျင်မြန်စွာ ချေမှုန်းခံလိုက်ရ၏။
လုဟုန်ယွီက ရူးသွပ်စွာ ခုခံခဲ့သေးသော်လည်း အင်မော်တယ်များကိုပင် ချေမှုန်းနိုင်စွမ်း ရှိသော စွမ်းအား၏ တိုက်စားမှုကို မခံနိုင်ဘဲ မကြာမီမှာပင် ထိုစွမ်းအားအောက်၌ ပျောက်ကွယ်သွားခဲ့တော့သည်။
“တကယ့်ကို ကြောက်ဖို့ကောင်းတဲ့ အင်မော်တယ်ရတနာပါလား”
သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ လုဟယ်၏ မျက်နှာထက်တွင် ထိတ်လန့် တုန်လှုပ်သော အမူအရာများ ချက်ချင်းပင် ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်၏ လက်ထဲရှိ အင်မော်တယ် ရတနာသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းနေခဲ့သည်။
ပကတိအင်မော်တယ် နဝမအဆင့် မြေကမ္ဘာ သတ္တဝါကြီး ဖြစ်စေ၊ ရွှေအင်မော်တယ်အဆင့် ရတနာ ဖြစ်သည့် မီးလျှံဖီးနစ်ငှက်မွေးကို အသုံးပြုထားသော လုဟုန်ယွီ ဖြစ်စေ၊ မည်သူမျှ မခုခံနိုင်ခဲ့ပေ။
ဤနတ်ဘုရား ကျောက်တိုင်ကြီးသည် အနည်းဆုံးရွှေအင်မော်တယ်အဆင့် ရတနာထက် သာလွန်သော တလော့အင်မော်တယ် ရတနာတစ်ခု ဖြစ်နိုင်ခြေရှိ၏။
အင်မော်တယ်လောကသို့ ယခုမှ ခြေချလာသော အဆင့်နိမ့်စကြဝဠာမှာ တက်လာသူ တစ်ဦး တတ်မြောက်ထားသည့် ကျင့်စဥ်ဖြစ်စေ၊ ပိုင်ဆိုင်ထားသော အင်မော်တယ်ရတနာ ဖြစ်စေ၊ ရွှေအင်မော်တယ်အဆင့် မိသားစု ဖြစ်သည့် သူတို့ လုမိသားစု၏ ပါရမီရှင်ထက် အပြတ်အသတ် သာလွန်နေခဲ့သည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
လုဟယ်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး စိတ်ထဲမှ ထိတ်လန့်မှုများကို ဖိနှိပ်ကာ နောက်သို့ ချာခနဲလှည့်၍ အဝေးကို ထွက်ပြေးသွားခဲ့သည်။
ကျန်းချန်၏ ခွန်အားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့၍ သူ့အနေဖြင့် ယခုအခါတွင် လုပ်ဆောင်နိုင်သည်မှာ တတ်နိုင်သမျှ အဝေးဆုံးသို့ ထွက်ပြေးရန်သာ ရှိတော့သည်။
သူ့တွင် ကိုယ်ယောင်ပျောက် အဆောင်လက်ဖွဲ့ ရှိသော်လည်း လုဟယ်၏ စိတ်ထဲတွင် အနည်းငယ်မျှပင် လုံခြုံသည်ဟု မခံစားရပေ။
အခြားတစ်ဖက်တွင်မူ လုဖန်းသည် သူ၏ ရှေ့မှ မြင်ကွင်းကို ကြည့်ကာ မှင်တက်နေခဲ့ပြီး မျက်နှာတစ်ခုလုံး ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။
ရွှေအင်မော်တယ်အဆင့် ရတနာ ဖြစ်သည့် မီးလျှံဖီးနစ်ငှက်မွေးကိုပင် ထုတ်သုံးထားသော လုဟုန်ယွီ ပင်လျှင် ကျန်းချန်၏ လျှပ်စီးကဲ့သို့ မြန်ဆန်သော တိုက်ခိုက်မှုအောက်တွင် သေဆုံးသွားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
လုဖန်း၏ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်များဖြင့် ပြည့်နှက်သွားခဲ့ပြီး အလျင်အမြန်ပင် နောက်သို့ လှည့်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ကျန်းချန်သည် လုဖန်းကို အလွှတ်ပေးရန် လုံးဝ အစီအစဥ်မရှိခဲ့ပေ။
သူက အင်မော်တယ်ကျောက်တိုင်ကို အသုံးပြုကာ လုဖန်းကို တိုက်ရိုက်ပင် ရိုက်ချလိုက်၏။
အခန်း(၂၆၉၇)ပြီး၏။
အခန်း(၂၆၉၈)
“မသတ်ပါနဲ့”
အင်မော်တယ်ကျောက်တိုင် ကျရောက်လာသည့် တစ်ခဏတွင် လုဖန်း၏ မျက်နှာအမူအရာထက်တွင် ထိတ်လန့်သောအမူအရာများ ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့သည်။
သူက အမြန်နှုန်းကို အကန့်အသတ် အထိ မြှင့်တင်လိုက်ပြီးအဝေးသို့ လျင်မြန်စွာ ထွက်ပြေးရန် ကြိုးစားခဲ့၏။
သို့သော်လည်း ထိုအခိုက်အတန့်တွင် အင်မော်တယ်ကျောက်တိုင်သည် ကမ္ဘာလောကကိုပင် ဖိနှိပ်နိုင်သော စွမ်းအားဖြင့် ဖိနှိပ်လာခဲ့ရာ ဟင်းလင်းပြင်က ပြိုကျသွားခဲ့ပြီး ထွက်ပြေးနေသော လုဖန်း၏ ပုံရိပ်သည်ပင် အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။
လုဖန်း၏ ပုံရိပ် ရပ်တန့်သွားသည့် တစ်ခဏမှာပင် အင်မော်တယ်ကျောက်တိုင်သည် လုဖန်း၏ ခန္ဓာကိုယ်ကို သက်ရောက်သွားခဲ့သည်။
“ဝုန်း..”
ဤတစ်ကြိမ်တွင် ကျန်းချန်သည် အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားကို အသုံးမပြုခဲ့ပေ။
သို့သော်လည်း ကျန်းချန်၏ လက်ရှိခွန်အားဖြင့် အင်မော်တယ်ကျောက်တိုင်ကို အသုံးပြုကာ သာမန် တိုက်ကွက်တစ်ကွက် ထုတ်ဖော်လျှင်ပင် ပကတိအင်မော်တယ် အဋ္ဌမအဆင့် ဖြစ်သည့် လုဖန်းအနေဖြင့် ခုခံနိုင်မည် မဟုတ်ပေ။
လုဖန်းက အစွမ်းကုန်ကြိုးစား၍ ခုခံခဲ့သော်လည်း ကျောက်တိုင်အောက်တွင် တစ်ခဏမျှသာ တောင့်ခံနိုင်ခဲ့ပြီး သိပ်မကြာခင်မှာပင် သွေးမှုန်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လုဖန်းကို အလွယ်တကူ သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ လိုဏ်ဂူထဲမှ လော့ချင်းအာကို ခေါ်ထုတ်ကာ ဤနေရာကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်သည် တလော့လျှို့ဝှက်နယ်မြေကို စူးစမ်းရန် အစီအစဥ် မရှိသေး၍ နေရာသစ်တစ်ခုကို ပြောင်းရွှေ့ကာ တံခါးပိတ် ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်ရန် ပြင်ဆင်လိုက်၏။
သူတို့က တလော့လျှို့ဝှက်နယ်မြေ ထဲတွင် စုစုပေါင်း သုံးလကြာ နေထိုင်ခွင့်ရမည် ဖြစ်ပြီး ယခုအခါတွင် ရက်သတ္တပတ် နှစ်ပတ်ကျော်ခန့်သာ ရှိသေးသည်။
အကယ်၍ တလော့လျှို့ဝှက်နယ်မြေ ထဲတွင် ထူးခြားသည့် လှုပ်ရှားမှုများ မရှိလျှင် ကျန်းချန်သည် အချိန်အတိုင်းအတာတစ်ခုအထိ တံခါးပိတ် ကျင့်ကြံရန် ရည်ရွယ်ထားခဲ့ပြီး နောက်ဆုံးတစ်လ ကျန်ရှိမှသာ တလော့လျှို့ဝှက်နယ်မြေ ထဲကို စူးစမ်းရန် ရည်ရွယ်ခဲ့သည်။
သို့သော်လည်း သူ၏ အစီအစဥ်သည် တလော့လျှို့ဝှက်နယ်မြေ၏ အပြောင်းအလဲကြောင့် ပျက်ပြားသွားခဲ့သည်။
ဤတစ်ကြိမ်တွင် ကျန်းချန်သည် ရက်အနည်းငယ်သာ တံခါးပိတ် ကျင့်ကြံခဲ့ရပြီး လော့ချင်းအာက အချိန်မျှော်စင်ထဲကနေ သူ့ကို ပြန်လည်ခေါ်ထုတ်ခဲ့သည်။
“ချင်းအာ ဘာကိစ္စရှိလို့လဲ.. လုမိသားစုက တပည့်တစ်ယောက်ယောက် လာနှောင့်ယှက်ပြန်ပြီလား”
အချိန်မျှော်စင်ထဲမှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် ဇဝေဇဝါ အမူအရာဖြင့် လော့ချင်းအာကို မေးလိုက်သည်။
“အစ်ကိုကျန်းချန်.. လုဟုန်ယွီတောင် အစ်ကိုကျန်းချန်လက်ချက်နဲ့ သေသွားပြီပဲ.. လုမိသားစုက ကျန်တပည့်တွေက အစ်ကိုကျန်းချန်ကို ဘယ်လိုလုပ်ပြီး လာနှောင့်ယှက်ရဲတော့မှာလဲ”
လော့ချင်းအာက ခေါင်းခါရမ်းလိုက်ပြီး ချက်ချင်းပင် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
“သိပ်မကြာခင်ကပဲ လော့ရွှေကုန်သည်အဖွဲ့က တပည့်တစ်ယောက်ဆီကနေ သတင်းတစ်ခုကို ရလာတယ်”
“ဘာသတင်းလဲ”
ကျန်းချန်၏ မျက်ဝန်းများက လက်ခနဲ ဖြစ်သွားခဲ့သည်။
သူ့ကို အချိန်မျှော်စင်ထဲမှ ခေါ်ထုတ်လာသည် ဆိုကတည်းကပင် လော့ချင်းအာ ရရှိထားသော သတင်းက သာမန် မဟုတ်မှန်း သက်သေပြနေခဲ့သည်။
လော့ချင်းအာက အလျင်အမြန်ပင် ပြောလိုက်သည်။
“သူတို့နေရာတစ်ခုကို ရှာတွေ့ထားပုံရတယ်..အဲဒီနေရာက တလော့လျှို့ဝှက်နယ်မြေ ထဲက တလော့ အင်မော်တယ် အမွေအနှစ် ဆက်စပ်နေဖို့ များတယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင် တစ်ခု ယှက်သန်းသွားခဲ့သည်။
“ဒါဆိုရင်လည်း ငါတို့ သွားကြည့်ကြတာပေါ့”
တလော့လျှို့ဝှက်နယ်မြေ၏ အကြီးမားဆုံး အခွင့်အလမ်းမှာ တလော့အင်မော်တယ် ချန်ထားရစ်ခဲ့သည့် အမွေအနှစ်ဖြစ်သည်။
လော့ရွှေကုန်သည်အဖွဲ့မှ လူများက တလော့အင်မော်တယ်၏ အမွေအနှစ်ဟု သံသယရှိစရာကောင်းသော နေရာအား ရှာတွေ့ထားသည်ဖြစ်ရာ ကျန်းချန် အနေဖြင့် သွားမကြည့်စရာ အကြောင်းမရှိပေ။
ထို့ကြောင့်လည်း လော့ချင်းအာသည် အပိုစကားများ ပြောမနေတော့ဘဲ လော့ရွှေကုန်သည်အဖွဲ့မှ တပည့်များနှင့် သွားရောက် တွေ့ဆုံရန် ကျန်းချန်ကို ခေါ်ဆောင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်တို့နှင့် မိုင်ပေါင်းထောင်ချီဝေးကွာသော လျှို့ဝှက်ဆန်းကြယ်သည့် ချောက်ကမ်းပါးကြီးတစ်ခု အပြင်ဘက်တွင် လူအများအပြား စုဝေးနေခဲ့ကြသည်။
လော့ရွှေကုန်သည်အဖွဲ့မှ ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ နှစ်ဦးသည်လည်း ထိုအထဲတွင် ပါဝင်၏။
သူတို့၏ နံဘေးတွင် နင်မိသားစုမှ တပည့်နှစ်ဦးလည်း ရှိနေခဲ့သည်။
ထိုလေးဦးအပြင် စန်းဟယ်အင်မော်တယ် မြို့တော်မှ ပါရမီရှင်ငါးဦး၊ ခြောက်ဦးခန့်လည်း ရှိနေပြီး နှစ်ဖက်စလုံးသည် တစ်ဖက်ကို တစ်ဖက် သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသော်လည်း အလွယ်တကူ လက်မပါခဲ့ကြပေ။
သို့သော်လည်း နှစ်ဖက်စလုံးသည် သူတို့၏ အပေါင်းအဖော်များကို အကြောင်းကြားထားပြီးပြီ ဖြစ်ရာ ချောက်ကမ်းပါးအပြင်ဘက်ရှိ လူဦးရေသည် တဖြည်းဖြည်း ပို၍ များပြားလာခဲ့သည်။
သိပ်မကြာခင်မှာပင် ပကတိအင်မော်တယ် နဝမအဆင့် ပါရမီရှင် နင်ကောင်းယန်နှင့် အခြားသော ပကတိအင်မော်တယ်အဋ္ဌမအဆင့် ပါရမီရှင်တစ်ဦးလည်း ရောက်ရှိလာခဲ့သည်။
စန်းဟယ်အင်မော်တယ် မြို့တော်ဘက်တွင်လည်း လူနှစ်ဦးသုံးဦးခန့် ပိုမို၍ ရောက်ရှိလာခဲ့၏။
ထိုအထဲမှ တစ်ဦးမှာ စန်းဟယ်အင်မော်တယ်မြို့ရှိ ဟယ်မိသားစုမှ ဟယ်ချန်ရီ ဖြစ်သည်။
"ဟယ်ချန်ရီတောင် ရောက်လာပြီပဲ"
ဆန့်ကျင်ဘက်မှ ဟယ်ချန်ရီကို မြင်လျှင် နင်ကောင်းယန်မျက်ဝန်းထဲတွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ထျန်းရွှေအင်မော်တယ်မြို့တော်နှင့် စန်းဟယ်အင်မော်တယ်မြို့တော် တို့သည် တစ်မြို့နှင့်တစ်မြို့ ကပ်လျက် တည်ရှိနေကြသဖြင့် မြို့တော်နှစ်မြို့ အတွင်း အခြေစိုက်သော အင်အားစုများသည် တစ်ဖက်နှင့်တစ်ဖက် မစိမ်းကြပေ။
လွန်ခဲ့သော ဆယ်စုနှစ်ကျော်လောက်က နင်ကောင်းယန်သည် ပြင်ပတွင် လှည့်လည်သွားလာစဥ် ဟယ်ချန်ရီနှင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူး၏။
ထိုအချိန်က သူနှင့် ဟယ်ချန်ရီ နှစ်ဦးစလုံးသည် ပကတိအင်မော်တယ် အဋ္ဌမအဆင့် အစောပိုင်းအဆင့်တွင် ရှိကြပြီး ရလဒ်ကမူ ဆယ်ကွက် မပြည့်မီမှာပင် ဟယ်ချန်ရီ၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။
ဆိုရလျှင် ဟယ်ချန်ရီသည် ထျန်းရွှေအင်မော်တယ် မြို့တော်ရှိ လုမိသားစုမှ လုဟုန်ယွီ ထက်ပင် ပို၍ အစွမ်းထက်၏။
နင်ကောင်းယန်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး နံဘေးမှ လူများကို ခပ်တိုးတိုး ပြောလိုက်သည်။
“အားလုံးပဲ သတိထားပါ.. စန်းဟယ်အင်မော်တယ် မြို့တော်က လူတွေ လက်ပါလာမယ် ဆိုရင် ငါတို့ ဒီကနေ အရင်ဆုတ်ခွာပြီးမှ အစီအစဥ် ထပ်ဆွဲကြမယ်”
ယခုအခါ သူတို့ ထျန်းရွှေအင်မော်တယ် မြို့တော်ဘက်တွင် အရေအတွက်အရဖြစ်စေ၊ အင်အားအရဖြစ်စေ၊ စန်းဟယ်အင်မော်တယ်မြို့တော်ထက် နိမ့်ကျနေခဲ့သည်။
တိုက်ပွဲသာ အမှန်တကယ် ဖြစ်လာခဲ့လျှင် သူတို့ဘက်မှ ရှုံးနိမ့်မည်မှာ သေချာသလောက်ပင်။
အကယ်၍ သူတို့သာ စန်းဟယ်အင်မော်တယ် မြို့တော်နှင့် ယှဥ်ပြိုင်လိုလျှင် လုမိသားစုမှ လူများ ဤနေရာသို့ ရောက်ရှိလာရန် လိုအပ်သည်။
“အစ်ကိုချန်ရီ.. ထျန်းရွှေအင်မော်တယ် မြို့တော်က လူတချို့လည်း ဒီကို ရောက်နေကြတယ်.. ကျွန်တော်တို့ ဒီကောင်တွေကို အရင်ရှင်းပစ်ပြီးမှပဲ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ချောက်ကမ်းပါးထဲကို ဝင်ပြီး စူးစမ်းကြရင် မကောင်းဘူးလား”
ပကတိအင်မော်တယ် အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦးက နင်ကောင်းယန်ကို တစ်ချက် လှမ်းကြည့်ကာ ပြောလိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် လူသတ်ငွေ့များ ယှက်သန်းနေခဲ့၏။
ဟယ်ချန်ရီက သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော ချောက်ကမ်းပါးကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
“ဒီချောက်ကမ်းပါးက တလော့အင်မော်တယ်နဲ့ ဆက်စပ်နေတာ သေချာရဲ့လား”
“ဆယ်ပုံကိုးပုံလောက်တော့ သေချာပါတယ်”
ပကတိအင်မော်တယ် အဋ္ဌမအဆင့် ကျင့်ကြံသူက ခေါင်းညိတ်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ကျွန်တော်တို့ ခုနက ချောက်ကမ်းပါးထဲကို ဝင်တုန်းက အတော်လေး အစွမ်းထက်တဲ့ သစ်ပင်မိစ္ဆာတစ်ကောင်နဲ့ တွေ့ခဲ့တယ်.. သူက ဒီနေရာကို သူ့သခင်ရဲ့နယ်မြေလို့ ပြောတယ်.. ဒါကြောင့် သူ့သခင်က ဒီလျှို့ဝှက်နယ်မြေရဲ့ ပိုင်ရှင်ပဲ ဖြစ်ရမယ်”
ဟယ်ချန်ရီ၏ မျက်ဝန်းများက တောက်ပသွားခဲ့သည်။
ဤနေရာက တလော့အင်မော်တယ်၏ အမွေအနှစ်နေရာ ဖြစ်နိုင်သဖြင့် ထျန်းရွှေအင်မော်တယ် မြို့တော်မှ လူများကို ပါဝင်ပတ်သက်ခွင့်ပြုမည် မဟုတ်ပေ။
“အကုန်သတ်ပစ်ကြ”
ဟယ်ချန်ရီက အမိန့်ပေးလိုက်ပြီး ချက်ချင်းဆိုသလိုပင် ရှေ့ကနေ ဦးဆောင်ကာ နင်ကောင်းယန်ကို လက်ဝါးရိုက်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။
နင်ကောင်းယန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ပကတိအင်မော်တယ် နဝမအဆင့် စွမ်းအားများကို ထုတ်ဖော်ကာ ဟယ်ချန်ရီ၏ လက်ဝါး ရိုက်ချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။
“ဝုန်း..”
နင်ကောင်းယန်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ခြေဆယ်လှမ်းကျော်ခန့် နောက်သို့ ဆုတ်သွားခဲ့ရသည်။
သူက ဟယ်ချန်ရီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“ဟယ်ချန်ရီ.. မင်း ဒါဘာသဘောလဲ”
ဟယ်ချန်ရီ၏ အကြည့်က အေးစက်နေခဲ့သည်။
“တလော့အင်မော်တယ်ရဲ့ အမွေအနှစ်က မင်းတို့ ထျန်းရွှေအင်မော်တယ်မြို့တော်က လူတွေ ပါဝင်ပတ်သက်ရမဲ့ အရာ မဟုတ်ဘူး.. မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မလာရအောင် မင်းတို့တွေ အသက်ရှင်နေဖို့ မလိုတော့ဘူး”
ထျန်းရွှေအင်မော်တယ် မြို့တော်၏ ခွန်အားက သူတို့ စန်းဟယ်အင်မော်တယ် မြို့တော်ထက် အနည်းငယ် နိမ့်ကျသော်လည်း လျှော့တွက်၍ မရပေ။
အကယ်၍ ထျန်းရွှေအင်မော်တယ်ဘက်တွင် လုမိသားစုမှ လူများ ရောက်ရှိလာခဲ့လျှင် သူတို့အတွက် ရင်ဆိုင်ရ ခက်ခဲသွားလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် ဟယ်ချန်ရီသည် လုမိသားစုမှ လူများ ရောက်မလာခင်က နင်ကောင်းယန်တို့ လူစုကို ချေမှုန်းကာ ထျန်းရွှေအင်မော်တယ် မြို့တော်၏ အင်အားကို အားနည်းအောင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
“ဆုတ်ကြမယ်”
ဟယ်ချန်ရီက ဤမျှအထိ ပြတ်သားလိမ့်မည်ဟု နင်ကောင်းယန် ထင်မထားခဲ့ပေ။
သူက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ထျန်းရွှေအင်မော်တယ်မြို့တော်မှ လူများကို ဦးဆောင်ကာ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။
“မင်းတို့ ပြေးလို့လွတ်မယ်များ ထင်နေလား”
ဟယ်ချန်ရီက အေးစက်စက် ပြုံးလိုက်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် နေရာမှာ ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် သူ၏ ပုံရိပ်သည် နင်ကောင်းယန်တို့၏ ရှေ့တွင် ပေါ်လာခဲ့ပြီး ဟင်းလင်းပြင်ကို ဖြိုခွင်းနိုင်သော လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်ရာ နင်ကောင်းယန်တို့ လူစုသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရသည်။
ယင်းအချိန်မှာပင် စန်းဟယ်အင်မော်တယ် မြို့တော်မှ ကျန်ရှိသော ခုနစ်ဦး၊ ရှစ်ဦးခန့်သည်လည်း နင်ကောင်းယန် တို့၏ အနားသို့ ရောက်ရှိလာခဲ့သည်။
အခန်း(၂၆၉၈)ပြီး၏။