အခန်း (၂၆၉၉-၂၇၀၀)
Vol. 210 Ch. 2699-2700
အခန်း(၂၆၉၉)
နင်ကောင်းယန်တို့ လူစုသည် စန်းဟယ်အင်မော်တယ် မြို့တော်မှ လူများကို လုံးဝ မယှဥ်နိုင်ဘဲ ဟယ်ချန်ရီတို့ လူစု၏ ထိုးစစ်အောက်တွင် အလျင်အမြန်ပင် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
“ဟယ်ချန်ရီ မင်းသိပ်အနိုင်ကျင့်လွန်းသွားပြီ.. ငါ မင်းနဲ့ သူသေကိုယ်သေ တိုက်မယ်”
နင်ကောင်းယန်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်သည်။
သူ၏ မျက်နှာထက်တွင် ရူးသွပ်သော အမူအရာ တစ်ခု ဖြစ်ပေါ်လာခဲ့၏။
သူက ဟယ်ချန်ရီနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် ပြင်နေစဥ်မှာပင် ကောင်းကင်ယံမှ အလင်းတန်း တစ်ခုသည် ရုတ်တရက် ပျံသန်းလာခဲ့ပြီး နင်ကောင်းယန်တို့၏ နံဘေးတွင် ဆင်းသက်လိုက်သည်။
ဤရုတ်တရက် ဖြစ်ရပ်ကြောင့် တိုက်ပွဲဖြစ်ပွားနေသည့် နှစ်ဖက်စလုံးသည် တစ်ခဏမျှ မှင်တက်သွားခဲ့၏။
“သခင်မလေးချင်းအာ”
ရုတ်တရက် ပေါ်လာသော ကျန်းချန်နှင့် လော့ချင်းအာ တို့ကို မြင်လျှင် လော့ရွှေကုန်သည်အဖွဲ့မှ ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူနှစ်ဦး၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေတွင် ကျန်းချန်နှင့် လော့ချင်းအာတို့ ရောက်လာလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။
လျှို့ဝှက်ဆန်းကြယ်သော ချောက်ကမ်းပါးကို ရှာတွေ့ပြီးနောက်တွင် သူတို့သည် လော့ချင်းအာကို အကြောင်းကြားခဲ့သည်။
သို့သော် စန်းဟယ်အင်မော်တယ်မြို့မှ လူများသည် ဤမျှအထိ ရက်စက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
၎င်းတို့က သူတို့ ထျန်းရွှေအင်မော်တယ်မြို့မှ လူများကို အမြစ်ဖြတ် သုတ်သင်လိုနေကြ၏။
အကယ်၍ ဤအခြေအနေကိုသာ ကြိုသိခဲ့လျှင် သူတို့သည် မည်သို့ပင်ဖြစ်စေ၊ လော့ချင်းအာကို ဤနေရာသို့ လာရန် အကြောင်းကြားမိမည် မဟုတ်ပေ။
ကျန်းချန်သည် ထူးခြားသော ပါရမီရှိပြီး တိုက်ခိုက်ရေးစွမ်းရည်တွင် သာမန် ပကတိအင်မော်တယ် နဝမအဆင့်ထက် မနိမ့်ကျပေ။
သို့သော်လည်း စန်းဟယ်အင်မော်တယ်မြို့ဘက်တွင် ထိပ်တန်းပါရမီရှင် ဟယ်ချန်ရီ ရှိနေခဲ့သည်။
ဆိုရလျှင် ကျန်းချန် သူတို့ဘက်တွင် ပါဝင်လာခဲ့လျှင်ပင် သူတို့သည် စန်းဟယ်အင်မော်တယ် မြို့တော်နှင့် ယှဥ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။
ကျန်းချန်တို့ နှစ်ယောက်ကို မြင်လျှင် နင်ကောင်းယန်တို့လူစု၏ မျက်ဝန်းထဲတွင် စိတ်ပျက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
အကယ်၍ ယခု ရောက်ရှိလာသူမှာ လုမိသားစုမှ လုဟုန်ယွီတို့သာ ဖြစ်နေခဲ့လျှင် သူတို့သည် စန်းဟယ်အင်မော်တယ် မြို့တော်မှ လူများကို ကောင်းစွာ ယှဥ်ပြိုင်နိုင်လိမ့်မည် ဖြစ်သည်။
ဆိုရလျှင် တလော့လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်လာသည့် လူလေးဆယ်ထဲတွင် လော့ရွှေကုန်သည်အဖွဲ့မှ လော့ချင်းအာသည် ကျင့်ကြံခြင်းအဆင့် အနိမ့်ကျဆုံး ဖြစ်သည်။
ထိုနှစ်ဦးသည် ယခု တိုက်ပွဲအတွက် အကူအညီဖြစ်ဖို့ နေနေသာသာ သူတို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်လျှင်ပင် တော်လှပြီဟု သူတို့ ယူဆနေခဲ့ကြ၏။
“လော့ရွှေကုန်သည်အဖွဲ့က လူတွေပါလား”
ဟယ်ချန်ရီက ကျန်းချန်တို့ နှစ်ဦးကို မထီမဲ့မြင် အမူအရာဖြင့် ကြည့်လိုက်သည်။
“မင်းတို့ လော့ရွှေကုန်သည်အဖွဲ့ကလည်း ထျန်းရွှေအင်မော်တယ်မြို့တော်က ရွှေအင်မော်တယ် သုံးစုထဲက တစ်စုပဲ မဟုတ်လား.. ရွှေအင်မော်တယ်မိသားစု ဖြစ်ပြီး တလော့လျှို့ဝှက်နယ်မြေထဲကို မင်းတို့လို အားနည်းတဲ့ ကျင့်ကြံသူတွေကို စေလွှတ်လိုက်တယ်ပေါ့လေ”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် ဟယ်ချန်ရီကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
“ဟယ်ချန်ရီ.. ငါ မင်းကို မျက်နှာသာပေးတဲ့အနေနဲ့ မင်းရဲ့လူတွေကို ခေါ်ပြီး ဒီကနေ ထွက်သွားခွင့်ပေးမယ်”
“မင်းဘာပြောလိုက်တာလဲ”
ဟယ်ချန်ရီသည် ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ ကျန်းချန်ကို ငတုံး တစ်ယောက်လို ကြည့်လိုက်သည်။
ထို့နောက်တွင် သူက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“ကောင်လေး.. မင်းတို့ ထျန်းရွှေအင်မော်တယ်မြို့တော်ရဲ့ လုမိသားစုက လုဟုန်ယွီ ဒီနေရာမှာ ရှိနေရင်တောင် ငါ့ရှေ့မှာ ဒီလိုစကားမျိုး ပြောဖို့ အရည်အချင်းမရှိသေးဘူး.. မင်းက ဘာကောင်မို့လို့ ငါ့ရှေ့မှာ လာပြီး လေကျယ်နေရတာလဲ”
ဤအခိုက်အတန့်တွင် ကျန်းချန်၏ အနောက်ဘက်ရှိ နင်ကောင်းယန်နှင့် နင်မိသားစုမှ တပည့်များသည် တစ်ခဏမျှ မှင်တက်သွားခဲ့ကြသည်။
တလော့လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်လာသည့် ပကတိအင်မော်တယ် အယောက်လေးဆယ် ထဲတွင် ဟယ်ချန်ရီသည် ပါရမီနှင့် ခွန်အားအရာတွင် ထိပ်တန်းအဆင့် ဖြစ်ပြီး သူ့ကို ယှဥ်နိုင်သူမှာ မရှိသလောက်ပင်။
သူတို့ ထျန်းရွှေအင်မော်တယ် မြို့တော်တွင် ဟယ်ချန်ရီနှင့် ယှဥ်နိုင်သူမှာ လုမိသားစုမှ လုဟုန်ယွီ တစ်ဦးတည်းသာ ရှိ၏။
ထိုကောင်က ဟယ်ချန်ရီ ရှေ့တွင် ထိုကဲ့သို့ ပြောဆိုရဲသည့် သတ္တိကို ဘယ်နေရာကနေ ရလာမှန်း သူတို့ လုံးဝ နားမလည်နိုင် ဖြစ်နေခဲ့ကြသည်။
“ကြည့်ရတာ ဆက်ပြောနေလို့လည်း ဘာမှ ထူးမှာ မဟုတ်ဘူး”
ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။
“ဒီလိုဆိုမှတော့ ငါကိုယ်တိုင် မောင်းထုတ်ရုံပဲ ရှိတော့တယ်”
“သေချင်နေတာပဲ”
ဟယ်ချန်ရီ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။
သူ၏ ပုံရိပ်က ဟင်းလင်းပြင်ကို တိုက်ရိုက်ပင် ထိုးဖောက်သွားခဲ့ပြီး သူ၏ လက်သီးပေါ်တွင် ပကတိအင်မော်တယ် စွမ်းအားများကို စုစည်းကာ ကျန်းချန်ထံသို့ လက်သီး တစ်လုံးကို ပစ်သွင်းလိုက်သည်။
ကျန်းချန်က နေရာမှာပင် မားမားမတ်မတ် ရပ်နေပြီး မလှုပ်မယှက် ရှိနေခဲ့သည်။
သူက လက်သီးကို ရုတ်တရက် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကြောက်မက်ဖွယ် လက်သီးချက်ဖြင့် ဟယ်ချန်ရီ၏ လက်သီးချက်ကို ပြန်လည် ရင်ဆိုင်လိုက်သည်။
“အလကားနေရင်း အသေခံချင်နေတာပဲ”
ဤမြင်ကွင်းကိုကြည့်ရင်း စန်းဟယ်မြို့တော်မှ လူများဖြစ်စေ၊နင်ကောင်းယန်နှင့် နင်မိသားစုမှ တပည့်များဖြစ်စေ၊ ကျန်းချန်ကို ကြည့်နေသော အကြည့်တွင် ကရုဏာသက်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ဟယ်ချန်ရီ၏ ပါရမီနှင့် ခွန်အားအရ စန်းယွင်ပြည်နယ် တစ်ခုလုံးတွင်ပင် ထိပ်တန်းအဆင့် ရှိသည်ဟု ဆို၍ ရသည်။
ပကတိအင်မော်တယ် အဆင့်တွင် တလော့အင်အားစုများမှ ထိပ်တန်းပါရမီရှင်များ လွဲ၍ သူ့ကို ရင်ဆိုင်နိုင်သူမှာ မရှိသလောက်ပင်။
ထိုကောင်လေးက သာမန် ပကတိအင်မော်တယ် သတ္တမအဆင့်ဖြင့် ဟယ်ချန်ရီကို ထိပ်တိုက် ရင်ဆိုင်နေခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းနှင့် မခြားပေ။
“ဝုန်း..”
လူတိုင်း၏ အကြည့်အောက်မှာပင် လက်သီးချက်နှစ်ချက်သည် လေထဲတွင် ထိပ်တိုက် တွေ့ဆုံသွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ဟယ်ချန်ရီ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားခဲ့ပြီး နောက်သို့ ခြေခုနစ်လှမ်း၊ ရှစ်လှမ်းခန့် ဆုတ်သွားခဲ့ရသည်။
ဆန့်ကျင်ဘက်ရှိ လော့ရွှေကုန်သည်အဖွဲ့မှ ပကတိအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူကမူ နေရာမှာပင် မားမားမတ်မတ် ရပ်နေမြဲ ဖြစ်၏။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ထိုမြင်ကွင်းကိုမြင်လျှင် လူတိုင်းသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား မှင်တက်သွားကြပြီး သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။
စန်းဟယ်အင်မော်တယ် မြို့တော်ရှိ ဟယ်မိသားစုမှ နာမည်ကျော်ပါရမီရှင် ဖြစ်ပြီး ပကတိအင်မော်တယ် နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ဟယ်ချန်ရီသည် နာမည်မရှိသော ပကတိအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ တစ်ဦး၏ လက်ချက်ဖြင့် နောက်သို့ လွင့်စင်သွားခဲ့ပါသလော။
အထူးသဖြင့် နင်မိသားစုမှ နင်ကောင်းယန်သည် မျက်လုံးပြူးထွက်မတတ် အံ့အားသင့်သွားခဲ့သည်။
သူက ဟယ်ချန်ရီနှင့် တိုက်ခိုက်ဖူးသည့် အတွေ့အကြုံရှိ၍ ဟယ်ချန်ရီ၏ ခွန်အားကို မည်သူ့ထက်မဆို ကောင်းစွာ သိထားခဲ့သည်။
အနည်းဆုံးတော့ ထျန်းရွှေအင်မော်တယ်မြို့တော်နှင့် စန်းဟယ်အင်မော်တယ်မြို့တော်ရှိ ပကတိအင်မော်တယ် အဆင့် ကျင့်ကြံသူများထဲတွင် ဟယ်ချန်ရီသည် ပြိုင်ဘက်ကင်းဟု ဆိုနိုင်၏။
ယခုအခါတွင်မူ လော့ရွှေကုန်သည်အဖွဲ့မှ ပကတိအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူသည် ဟယ်ချန်ရီကို လက်သီးတစ်ချက်တည်းဖြင့်ပင် အသာစီးရယူနိုင်ခဲ့သည်။
ဤသည်မှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့၏။
သိထားရမည့်အချက်မှာ ဟယ်ချန်ရီ၏ ပါရမီနှင့်ခွန်အားအရ စန်းယွင်ပြည်နယ်ရှိ တလော့ အင်အားစုများမှ ထိပ်တန်း ပါရမီရှင်များ ပင်လျှင် ပကတိအင်မော်တယ် သတ္တမအဆင့်ဖြင့် ဟယ်ချန်ရီကို လက်သီးတစ်ချက်တည်းနှင့် နောက်ဆုတ်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
“မင်း.. မင်းဘယ်သူလဲ”
ဟယ်ချန်ရီက သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက်တွင် ကျန်းချန်ကို စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
စန်းဟယ်အင်မော်တယ် မြို့တော်ရှိ ဟယ်မိသားစုက ဂရုတစိုက် ပျိုးထောင်ထားသော ပါရမီရှင်တစ်ဦး အနေဖြင့် ဟယ်ချန်ရီ၏ ပါရမီနှင့်ခွန်အားသည် စန်းဟယ်အင်မော်တယ် မြို့တော် တစ်ခုလုံးတွင် ပြိုင်ဘက်ကင်းပြီး ပကတိအင်မော်တယ် အဆင့်တွင် မည်သူကမျှ သူ၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။
ဟယ်ချန်ရီသည် တစ်နေ့နေ့တွင် သူ့ထက် အဆင့်နှစ်ဆင့် နိမ့်သော ကောင်လေးတစ်ယောက်၏ လက်ချက်ဖြင့် နောက်ဆုတ်သွားရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။
အစောပိုင်းက လက်သီးချက်သည် သူ၏ စွမ်းအားကို အပြည့်အဝ ထုတ်မသုံးခဲ့သော်လည်း ထိုလက်သီးချက်ကို နင်ကောင်းယန် ကဲ့သို့ ပကတိအင်မော်တယ် နဝမအဆင့် ပါရမီရှင်ပင်လျှင် တားဆီးရန် လွယ်ကူမည် မဟုတ်ပေ။
ထိုကောင်လေးသည် ပကတိအင်မော်တယ် သတ္တမအဆင့်ဖြင့် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော ခွန်အားမျိုးကို မည်ကဲ့သို့ ပိုင်ဆိုင်ထားပါသနည်း။
ကျန်းချန်က သူ၏ကိုယ်ပေါ်မှ ဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“ငါက လော့ရွှေကုန်သည်အဖွဲ့က ကျန်းချန်ပါ.. ဘယ်လိုလဲ.. အခု မင်း စန်းဟယ်အင်မော်တယ်မြို့က လူတွေကို ခေါ်ပြီး ထွက်သွားလို့ရပြီလား”
ဟယ်ချန်ရီ၏ မျက်နှာက ရုတ်တရက် အလွန်ပင် သုန်မှုန်သွားခဲ့သည်။
ထိုလူငယ်လေးသည် ပကတိအင်မော်တယ် သတ္တမအဆင့်သာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ နင်ကောင်းယန်ကဲ့သို့ ပကတိအင်မော်တယ် နဝမအဆင့် ပါရမီရှင်ထက်ပင် သာလွန်နေခဲ့၏။
အကယ်၍ သူက ထိုကောင်လေးကို ရှင်းပစ်ချင်သည် ဆိုလျှင် အတော်လေး အင်အားစိုက်ထုတ်ရပေလိမ့်မည်။
ယခု တလော့အင်မော်တယ်၏ အမွေအနှစ် ချန်ရစ်ခဲ့သောနေရာသည် သူ၏အရှေ့တွင် ရှိနေသည် ဖြစ်ရာ ဟယ်ချန်ရီသည် ကျန်းချန်နှင့် ခွန်အား အလွန်အကျွံ မဖြုန်းတီးလိုတော့ပေ။
“ကျန်းချန် မင်းရဲ့ခွန်အားက ငါ့ကို တကယ် အံ့ဩသွားစေတာဆိုတာ ငါဝန်ခံပါတယ်.. ဒါပေမဲ့ ငါ့ကို နောက်ဆုတ်စေဖို့တော့ မင်းမှာ အရည်အချင်း မရှိသေးဘူး”
ဟယ်ချန်ရီက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
“ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ချောက်ကမ်းပါးကို မင်းနဲ့ငါ အတူတူ စူးစမ်းကြမယ်.. ကိုယ့်အရည်အချင်းနဲ့ ရတဲ့ပစ္စည်းကို ကိုယ်ယူကြတာပေါ့.. ဘယ်လိုသဘောရလဲ”
အခန်း(၂၆၉၉)ပြီး၏။
အခန်း(၂၇၀၀)
ကျန်းချန်က ဟယ်ချန်ရီကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။
“ကောင်းပြီလေ ကိုယ့်အရည်အချင်းနဲ့ ရတာ ကိုယ်ယူကြတာပေါ့”
ဟယ်ချန်ရီ၏ ခွန်အားသည် လုဟုန်ယွီထက်ပင် သာလွန်ပြီး ကိုယ်ပေါ်တွင် အစွမ်းထက်ဝှက်ဖဲ တချို့လည်း ရှိနေမည်မှာ သေချာ၏။
သူ့အနေဖြင့် ဟယ်ချန်ရီကို ရှင်းပစ်လိုလျှင် အင်မော်တယ်ကျောက်တိုင်၏ အင်မော်တယ်ချေမှုန်းခြင်းစွမ်းအားကို အသုံးပြုရန်သာ ရှိသည်။
ယခုအချိန်တွင် တလော့အင်မော်တယ်၏ အမွေအနှစ်ကို ရှာမတွေ့သေးသဖြင့် ဟယ်ချန်ရီနှင့် သူသေကိုယ်သေ တိုက်ခိုက်နေရန်လည်း မလိုအပ်သေးပေ။
“သွားကြစို့”
ဟယ်ချန်ရီက ကျန်းချန်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီးနောက်တွင် စန်းဟယ်အင်မော်တယ်မြို့မှ လူများကို ဦးဆောင်၍ သူ၏ ရှေ့ရှိ လျှို့ဝှက်ဆန်းကြယ်သည့် ချောက်ကမ်းပါး ဆီသို့ ဦးတည်သွားခဲ့သည်။
“ငါတို့လည်း ဝင်ကြရအောင်”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သောချောက်ကမ်းပါး ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းဝင်သွားခဲ့သည်။
လော့ချင်းအာနှင့် လော့ရွှေကုန်သည်အဖွဲ့မှ ပကတိအင်မော်တယ်နဝမအဆင့် ကျင့်ကြံသူ နှစ်ဦးသည်လည်း အလျင်အမြန်ပင် နောက်က လိုက်ပါသွားကြသည်။
ထိုအချင်းအရာကို မြင်လျှင် နင်မိသားစုမှ တပည့်တစ်ဦးသည် နင်ကောင်းယန်ကို ချက်ချင်းပင် မေးလိုက်သည်။
“အစ်ကိုနင် ကျွန်တော်တို့ရော လိုက်သွားကြမလား”
နင်ကောင်းယန်၏ မျက်ဝန်းများက တောက်ပသွားခဲ့သည်။
“ငါတို့လည်း လိုက်သွားကြစို့”
လော့ရွှေကုန်သည်အဖွဲ့မှ နာမည်မရှိသော လူငယ်လေးသည် ဟယ်ချန်ရီကိုပင် အညံ့ခံသွားစေလောက်သည်အထိ ကြောက်မက်ဖွယ်ရာကောင်းသော ခွန်အားမျိုးရှိနေလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ပေ။
အကယ်၍ သူတို့ရှေ့မှ ချောက်ကမ်းပါးတွင် အမှန်တကယ်ပင် တလော့အင်မော်တယ်၏ အမွေအနှစ် ရှိနေခဲ့လျှင် လော့ရွှေကုန်သည်အဖွဲ့နောက်ကနေ လိုက်သွားသည်က သူတို့အတွက် အခွင့်အရေး အနည်းငယ် ရရှိနိုင်ပေလိမ့်မည်။
“ကောင်းယွမ်.. မင်းက ဒီနေရာကို အရင်ရောက်ပြီး စူးစမ်းထားတာဆိုတော့ တစ်ခုခုကို ရှာတွေ့ထားမှာပဲ...ဟုတ်တယ် မဟုတ်လား”
ချောက်ကမ်းပါး အတွင်းတွင် ကျန်းချန်သည် လူအုပ်ကြီးကို ဦးဆောင်ကာ သတိကြီးစွာဖြင့် ရှေ့သို့ လှမ်းလာရင်း သူ၏ အနောက်ကနေ လိုက်လာသော လော့ရွှေကုန်သည်အဖွဲ့မှ ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦးကို လှမ်းမေးလိုက်သည်။
ကောင်းယွမ်ဟု ခေါ်သည့် ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူသည် လော့ချင်းအာ ထံသို့ သတင်းပေးပို့ခဲ့သူ ဖြစ်သလို ချောက်ကမ်းပါး အတွင်းသို့ ပထမဆုံး ဝင်ရောက်ကာ စူးစမ်းခဲ့သည့် အဖွဲ့ထဲတွင်လည်း ပါဝင်ခဲ့သူ ဖြစ်သည်။
ဤနေရာက တလော့အင်မော်တယ်၏ အမွေအနှစ် ချန်ထားရစ်သော နေရာ ဖြစ်သည်ဟု ကောင်းယွမ်က သံသယရှိနေသဖြင့် တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိထားမည်မှာ သေချာသလောက်ပင်။
ကောင်းယွမ်က ခေါင်းညိတ်လိုက်ပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ကျွန်တော် သဲလွန်စတချို့တော့ ရှာတွေ့ထားပါတယ်”
သိပ်မကြာခင်က သူသည် နင်မိသားစုမှ တပည့်တစ်ဦး၊စန်းဟယ်အင်မော်တယ် မြို့တော်မှ လူနှစ်ဦးတို့နှင့် အတူ ဤလျှို့ဝှက်ဆန်းကြယ်သော ချောက်ကမ်းပါး အတွင်းသို့ ရောက်လာခဲ့ပြီး အလွန် အစွမ်းထက်သော သစ်ပင်မိစ္ဆာ တစ်ကောင်နှင့် ဆုံတွေ့ခဲ့သည်။
ထိုသစ်ပင်မိစ္ဆာ၏ ခွန်အားသည် အနည်းဆုံး ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်နှင့် ညီမျှ၏။
အကယ်၍ ထိုသစ်ပင်မိစ္ဆာသာ သူတို့ကို သတ်ဖြတ်ရန် ဆန္ဒရှိခဲ့လျှင် သူတို့အနေဖြင့် ချောက်ကမ်းပါးထဲမှ အသက်ရှင်လျက် ပြန်လည် ထွက်လာနိုင်ရန်ပင် အလွန်တရာ ခက်ခဲပေလိမ့်မည်။
ထို့အပြင် သစ်ပင်မိစ္ဆာသည် လျှို့ဝှက်ဆန်းကြယ်သောချောက်ကမ်းပါးက သူ၏ သခင် ပိုင်ဆိုင်သောနယ်မြေ ဖြစ်၍ မည်သူကမှ သူ့သခင်၏ နယ်မြေပေါ်တွင် လာရောက် ရမ်းကားခြင်း မပြုရန် ခြိမ်းခြောက်ခဲ့သည်။
ယင်းအချက်ကြောင့်ပင် ကောင်းယွမ်တို့ လေးဦးအဖွဲ့သည် ဤနေရာက တလော့အင်မော်တယ်နှင့် ဆက်စပ်နေနိုင်ခြေ အရှိဆုံးဟု ကောက်ချက်ချခဲ့ခြင်းပင်။
ကောင်းယွမ်၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ ထက်ရှသော အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့သည်။
ဤနေရာသည် တလော့လျှို့ဝှက်နယ်မြေ အတွင်းရှိ တလော့အင်မော်တယ် ဖန်တီးထားသော နေရာ ဖြစ်သည်။
ထို့ကြောင့် သစ်ပင်မိစ္ဆာ၏ သခင်သည် ဤလျှို့ဝှက်နယ်မြေကို ဖန်တီးခဲ့သည့် တလော့နယ်မြေ ဖြစ်နိုင်ခြေ အလွန်များ၏။
တစ်နည်းအားဖြင့် ဆိုရလျှင် ဤလျှို့ဝှက်ဆန်းကြယ်သောချောက်ကမ်းပါးသည် တလော့အင်မော်တယ်၏ အမွေအနှစ် ချန်ထားရစ်ခဲ့သော နေရာ ဖြစ်နိုင်၏။
ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် ကောင်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။
“သစ်ပင်မိစ္ဆာ ဘယ်နေရာမှာ ရှိလဲဆိုတာ မင်း မှတ်မိတယ် မဟုတ်လား.. ငါတို့ကို အဲဒီနေရာဆီ ခေါ်သွားပေးပါ”
“ကောင်းပါပြီ”
ကောင်းယွမ်က ရှေ့ကနေ လမ်းပြကာ လူအုပ်စုကို ဦးဆောင်၍ ချောက်ကမ်းပါး၏ အနက်ရှိုင်းဆုံး နေရာ ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
မကြာမီမှာပင် ပေပေါင်းထောင်ချီ မြင့်မားသော ဧရာမ ရှေးဟောင်းသစ်ပင်ကြီး တစ်ပင်သည် ကျန်းချန် တို့၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။
“ဟူး..”
“ဟူး..”
ဧရာမသစ်ပင်မိစ္ဆာ၏ ထူထဲလှသော သစ်ကိုင်းများသည် လေထဲတွင် ဝှေ့ယမ်းနေရာ လေတိုးသံများကိုပင် ထွက်ပေါ်စေခဲ့သည်။
ထို့အပြင် စိမ်းဖျော့ဖျော့ အငွေ့အသက်များသည်လည်း ပတ်ဝန်းကျင် မိုင်ပေါင်းရာချီ အထိ ပျံ့နှံ့နေခဲ့သည်။
မိုင်ပေါင်းရာချီဧရိယာအတွင်းရှိ သစ်ပင်ပန်းမန်များသည် ထိုစိမ်းဖျော့ဖျော့ အငွေ့အသက်၏ စိမ့်ဝင်မှုကြောင့် ပိုမို စိမ်းလန်းကာ အသက်စွမ်းအားများဖြင့် တောက်ပနေခဲ့သည်။
သို့သော် ဤနေရာသို့ ဝင်ရောက်လာကြသည့် လူသားများအတွက်မူ အက်စစ်နှင့် အပက်ခံရသကဲ့သို့ ခံစားနေကြရသည်။
ဆိုရလျှင် စိမ်းဖျော့ဖျော့ အငွေ့အသက်သည် ပတ်ဝန်းကျင် မိုင်ပေါင်းများစွာ ဧရိယာအတွင်းရှိ သစ်ပင်ပန်းမန်များ အတွက် အလွန်ကောင်းမွန်သော အာဟာရ ဖြစ်သော်လည်း အခြားသော သက်ရှိများ အတွက်မူ အသက်အန္တရာယ်ကိုပင် ပေးနိုင်သော အဆိပ်အတောက် ဖြစ်၏။
ကျန်းချန်တို့ လူစုက အပြင်ဘက် အစွန်ဆုံး နယ်နိမိတ် အတွင်းသို့ ခြေလှမ်းစတင် လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏ အသားစိုင်များသည် အက်စစ်ဖြင့် တိုက်စားခံနေရသကဲ့သို့ ခံစားလိုက်ရပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအားနှင့် အသက်စွမ်းအားများ အနည်းငယ် ဆုံးရှုံးသွားသည့် လက္ခဏာများ ပြသလာခဲ့သည်။
“တကယ်ကို အစွမ်းထက်တဲ့ အင်မော်တယ်အဆင့် သစ်ပင်မိစ္ဆာပါလား.. သာမန် ပကတိအင်မော်တယ် တစ်ယောက် ဆိုရင်တော့ ဒီသစ်ပင်မိစ္ဆာနားကို ချဥ်းကပ်ဖို့တောင် ခက်ခဲလိမ့်မယ်.. အသားတွေ ပုပ်ရိပြီး သွေးအိုင်ထဲမှာပဲ သေသွားနိုင်တယ်”
နင်ကောင်းယန်က မအံ့ဩဘဲ မနေနိုင်ခဲ့ပေ။
သို့သော် ကျန်းချန်တို့ အဖွဲ့ထဲတွင် ကျန်းချန်နှင့်လော့ချင်းအာမှ လွဲ၍ ကျန်ကျင့်ကြံသူများသည် အနည်းဆုံး ပကတိအင်မော်တယ် သတ္တမအဆင့် သို့မဟုတ် ထိုထက် မြင့်မားသော ကျင့်ကြံခြင်းအဆင့် ရှိကြသူများ ဖြစ်၍ ဤစိမ်းဖျော့ဖျော့ အငွေ့အသက်သည် သူတို့ အပေါ်တွင် အကျိုးသက်ရောက်မှု သိပ်မရှိပေ။
လော့ချင်းအာ၏ ကိုယ်ပေါ်တွင် ရွှေအင်မော်တယ်အဆင့် ရတနာ ရှိနေသလို ကျန်းချန်သည်လည်း သာမန်အသိဖြင့် တိုင်းတာ၍ မရနိုင်သည့် မွန်းစတားတစ်ကောင် ဖြစ်နေသောကြောင့် ဤစိမ်းဖျော့ဖျော့ အငွေ့အသက်သည် စိုးရိမ်စရာ မလိုအပ်ပေ။
“အဲဒီ ရှေးဟောင်းသစ်ပင်ကြီးပေါ်မှာ သစ်သီးလေးလုံး ရှိနေပုံပဲ”
နင်မိသားစုမှ တပည့်တစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်သည်။
ကျန်းချန်တို့က တစ်ခဏမျှင် မှင်တက်သွားခဲ့ပြီး ချက်ချင်းပင် မော့ကြည့်လိုက်ရာ ဧရာမ ရှေးဟောင်းသစ်ပင်ကြီး၏ ထိပ်ဖျားတွင် လက်သီးဆုပ်ခန့် အရွယ်အစားရှိ လျှို့ဝှက်ဆန်းကြယ်သော သစ်သီးလေးလုံးကို တွေ့လိုက်ကြသည်။
“ဒါက ဒဏ္ဍာရီလာ ပကတိအင်မော်တယ် သစ်သီးပဲ ဖြစ်ရမယ်.. ကောင်းကင်အင်မော်တယ်အဆင့် သစ်ပင်မိစ္ဆာရဲ့အဆီအနှစ်တွေ ပေါင်းစပ်ပြီး ဖြစ်လာတဲ့ အတွက် အဆုံးမဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ သစ်သီး အမျိုးအစားပဲ.. ပကတိအင်မော်တယ်သစ်သီးကို ဒဏ်ရာကုသရာမှာ အသုံးပြုမယ်ဆိုရင် သေလူကိုတောင် ပြန်ရှင်သန်စေနိုင်တယ်လို့ အဆိုရှိတယ်.. ကျင့်ကြံရာမှာ အသုံးပြုမယ် ဆိုရင်တော့ အင်မော်တယ်တွေရဲ့ ကျင့်ကြံခြင်း အဆင့်ကိုတောင် မြှင့်တင်ပေးနိုင်ဖို့ လုံလောက်တယ်.. ဒါ့အပြင် ကောင်းကင်အင်မော်တယ် အဆင့် သစ်ပင်မိစ္ဆာတွေပဲ.. ဒီအသီးကို သီးနိုင်စွမ်း ရှိပြီး အနည်းဆုံး နှစ်ပေါင်း တစ်သောင်းမှာ တစ်လုံးပဲ သီးနိုင်တယ်”
လော့ချင်းအာက သူမ သိထားသည့် ပကတိ အင်မော်တယ်သစ်သီး၏ အချက်အလက်ကို ရှင်းပြလိုက်သည်။
သူမ၏ စကားကို ကြားလျှင် လူတိုင်းသည် အံ့ဩတုန်လှုပ်သွားခဲ့ကြသည်။
သူတို့ရှေ့မှ သစ်ပင်တွင် ပကတိအင်မော်တယ် သစ်သီး လေးလုံးအထိ သီးနေပြီ ဖြစ်ရာ သစ်ပင်မိစ္ဆာသည် ကောင်းကင်အင်မော်တယ် အဆင့်သို့ ရောက်ရှိနေသည်မှာ အနည်းဆုံး နှစ်ပေါင်း သုံးလေးသောင်းခန့် ရှိပြီဟု ဆိုလိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။
သို့သော်လည်း ဤနေရာအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ကျန်းချန်တို့ လူစုသည် အလွယ်တကူ ဆုတ်ခွာရန် ဆန္ဒ မရှိခဲ့ကြပေ။
သူတို့လူစုက ပတ်ဝန်းကျင်ရှိ စိမ်းဖျော့ဖျော့ အငွေ့အသက်များကို ခုခံရင်း သစ်ပင်မိစ္ဆာ ဆီသို့ သတိကြီးစွာဖြင့် ချဥ်းကပ်သွားခဲ့ကြသည်။
သစ်ပင်မိစ္ဆာနှင့် ပေတစ်ထောင်ခန့် အကွာအဝေးသို့ အရောက်တွင် ဟယ်ချန်ရီတို့ အဖွဲ့သည် ထိုနေရာသို့ ရောက်နှင့်နေပြီး သစ်ပင်မိစ္ဆာနှင့် တိုက်ပွဲ ဖြစ်ပွားနေသည်ကို တွေ့လိုက်ရသည်။
“အားလုံးပဲ သတိထားကြ.. သစ်ပင်မိစ္ဆာရဲ့ သစ်ကိုင်းတွေနားကို သိပ်မကပ်ကြနဲ့.. မြေပြင်ပေါ်ကို လုံးဝ မကျသွားအောင် ဂရုစိုက်ကြ.. မဟုတ်ရင် သစ်ပင်မိစ္ဆာရဲ့အမြစ်တွေနဲ့ တိုက်ခိုက်ခံရလိမ့်မယ်”
ဟယ်ချန်ရီက အရှေ့ဆုံးကနေ သစ်ပင်မိစ္ဆာ၏ ပင်စည်နှင့် တိုက်ခိုက်နေရင်း စန်းဟယ်အင်မော်တယ်မြို့မှ ပါရမီရှင် ခုနစ်ဦး၊ ရှစ်ဦးခန့်ကို ညွှန်ကြားနေခဲ့သည်။
သို့ရာတွင် သစ်ပင်မိစ္ဆာ၏ ခွန်အားသည် သူထင်ထားသည်ထက် လုံးဝ သာလွန်နေခဲ့၏။
ဟယ်ချန်ရီတို့ လူစုသည် သစ်ပင်မိစ္ဆာကို လုံးဝ မယှဥ်နိုင်ခဲ့ပေ။
စန်းဟယ်အင်မော်တယ်မြို့တော်မှ ပကတိအင်မော်တယ် သတ္တမအဆင့် လူငယ်တစ်ဦးသည် သစ်ပင်မိစ္ဆာ၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး ခြောက်ကပ်နေသော အလောင်းတစ်လောင်း အဖြစ် ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်က သူ၏ရှေ့မှ သစ်ပင်မိစ္ဆာကို လေးနက်သော အမူအရာဖြင့် အကဲခတ် ကြည့်နေခဲ့၏။
ဟယ်ချန်ရီ၏ ခွန်အားသည် လုဟုန်ယွီ ထက်ပင် သာလွန်ပြီး တိုက်ခိုက်ရေးစွမ်းရည်သည် သာမန် ကောင်းကင်အင်မော်တယ် ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်၏။
ယခု ဟယ်ချန်ရီ၏ ခွန်အားဖြင့်ပင် သစ်ပင်မိစ္ဆာ၏ တိုက်ခိုက်မှုကို မနည်း တောင့်ခံနေခဲ့ရသည်။
တစ်နည်းအားဖြင့် ဆိုရလျှင် သစ်ပင်မိစ္ဆာ၏ ခွန်အားသည် အနည်းဆုံး ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အထိ ရောက်ရှိနေပြီး ပဉ္စမအဆင့် အထိ ရောက်ရှိနေရန်ပင် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ထို့အပြင် သစ်ပင်မိစ္ဆာ၏ အမြစ်သည် အလွန်တရာပင် ဖွံ့ဖြိုးနေပြီး ပေပေါင်းထောင်ချီ ဧရိယာပတ်လည်ရှိ မြေပြင်တစ်ခုလုံးတွင် အမြစ်များနှင့် တိုက်ခိုက်နိုင်စွမ်း ရှိသည်။
အကယ်၍ သစ်ပင်မိစ္ဆာ၏ အမြစ်များနှင့်သာ ငြိတွယ်သွားလျှင် သာမန် ပကတိအင်မော်တယ် တစ်ယောက် ဖြစ်နေလျှင်ပင် မျက်တောင်တစ်ခတ် အတွင်း သစ်ပင်မိစ္ဆာ အတွက် အာဟာရ အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
“ဝုန်း..”
ကျန်းချန်က သစ်ပင်မိစ္ဆာကို အကဲခတ်၍ ကြည့်နေစဥ်မှာပင် ဟယ်ချန်ရီ၏ ခန္ဓာကိုယ်သည် သစ်ပင်မိစ္ဆာ၏ ဧရာမ ပင်စည်ကြီး ရိုက်ခတ်မှုကြောင့် လွင့်စင်သွားခဲ့သည်။
အခန်း(၂၇၀၀)ပြီး၏။