အခန်း (၂၇၀၁-၂၇၀၂)
Vol. 211 Ch. 2701-2702
အဆတစ်ရာစနစ် စာစဥ်(၂၁၁)
အခန်း(၂၇၀၁)
ဟယ်ချန်ရီက ပေရာချီ အကွာအဝေးသို့ လွင့်စင်သွားခဲ့ပြီးမှ ခန္ဓာကိုယ်ဟန်ချက်ကို မနည်း ပြန်လည် ထိန်းချုပ်လိုက်ရသည်။
သူက မလှမ်းမကမ်းရှိ ကျန်းချန်တို့ လူစုကို လှမ်းကြည့်လိုက်ပြီး အရေးတကြီး လေသံဖြင့် ပြောလိုက်သည်။
“ကျန်းချန်.. မင်းတို့ ရောက်လာတာနဲ့ အတော်ပဲ.. ဒီသစ်ပင်မိစ္ဆာက အရမ်း အစွမ်းထက်တယ်.. ငါတို့ အင်အားချင်းပူးပေါင်းမှပဲ သစ်ပင်မိစ္ဆာကို အနိုင်ယူဖို့ အခွင့်အရေး ရှိတယ်”
ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။
“ကောင်းပြီ”
ဤသစ်ပင်မိစ္ဆာ၏ ခွန်အားသည် အနည်းဆုံး ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့်တွင် ရှိသည်။
ကျန်းချန်၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် အင်မော်တယ်ကျောက်တိုင်ကို အသုံးပြုပြီး အင်မော်တယ်ချေမှုန်းခြင်းစွမ်းအားကို ထုတ်သုံးလျှင်ပင် တစ်ချက်တည်းဖြင့် သတ်နိုင်ရန် မသေချာပေ။
ထို့ကြောင့် လက်ရှိအချိန်တွင် သစ်ပင်မိစ္ဆာကို ရင်ဆိုင်ရန်အတွက် ဟယ်ချန်ရီတို့နှင့် အင်အားချင်း ပူးပေါင်းသည်က အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်၏။
“အားလုံး အတူတူ လုပ်ကြရအောင်”
ကျန်းချန်က အချိန်မဖြုန်းတော့ဘဲ လော့ရွှေကုန်သည်အဖွဲ့နှင့် နင်မိသားစုကို ဦးဆောင်ကာ စစ်မြေပြင်သို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။
ယင်းအချိန်မှာပင် သစ်ပင်မိစ္ဆာ၏ မရေမတွက်နိုင်သော ထူထဲသည့် သစ်ကိုင်းများသည် ဆက်တိုက် ဆိုသလို ဝှေ့ယမ်းလာခဲ့ရာ သစ်ပင်မိစ္ဆာကို ဗဟိုပြု၍ ကြောက်မက်ဖွယ် လေပြင်းများသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို လွှမ်းမိုးသွားခဲ့ပြီး လှိုင်းထန်သော ပင်လယ်ပြင် ကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
“မကောင်းတော့ဘူး.. အားလုံးပဲ နောက်ဆုတ်ကြ”
ဟယ်ချန်ရီ၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး စန်းဟယ်အင်မော်တယ် မြို့တော်မှ ပါရမီရှင် လူငယ်များကို အော်ဟစ် သတိပေးလိုက်သည်။
သို့သော်လည်း သူ၏ အော်ဟစ် သတိပေးမှုက အသုံးမဝင်ခဲ့ပေ။
စန်းဟယ်အင်မော်တယ် မြို့တော်မှ ပါရမီရှင် လူငယ်အများအပြားသည် ကြောက်မက်ဖွယ် လေပြင်းရိုက်ခတ်မှုကြောင့် နောက်ပြန် လွင့်စင်သွားကြသည်။
သူတို့ထဲမှ တစ်ယောက်သည် စွမ်းအင် အလွန်အကျွံ သုံးစွဲမှုကြောင့် အားနည်းနေခဲ့ရာ လေပြင်းရိုက်ခတ်မှု ခံရသော အချိန်တွင် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် အချင်းတစ်မီတာခန့် ရှိသော ကြီးမားသည့် သစ်မြစ် အမြောက်အများသည် ထိုပါရမီရှင်လူငယ်ကို တင်းကျပ်စွာ ရစ်ပတ်သွားခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုပါရမီရှင် လူငယ်သည် အော်ဟစ်သံပင် မပြုလုပ်နိုင်လိုက်ဘဲ သစ်ပင်မိစ္ဆာ၏ အာဟာရအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် မြို့တော်နှစ်ခုမှ ပါရမီရှင်လူငယ်များ၏ ရင်ထဲတွင် ရှင်းပြ၍ မရနိုင်လောက်သော အေးစိမ့်မှုကို ခံစားလိုက်ရသည်။
စန်းဟယ်အင်မော်တယ် မြို့တော်မှ ပါရမီရှင်လူငယ် တစ်ဦးသည် မျက်နှာဖြူဖျော့နေခဲ့ပြီး ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။
“အစ်ကိုချန်ရီ ဒီသစ်ပင်မိစ္ဆာက အရမ်းကို အစွမ်းထက်လွန်းတယ်.. ကျွန်တော်တို့ ရင်ဆိုင်ဖို့ အဆင်မပြေလောက်ဘူး ထင်တယ်”
သူတို့ အင်အားလောက်ကို မပြောနှင့်၊ တလော့လျှို့ဝှက်နယ်မြေ ထဲသို့ ဝင်ရောက်လာသည့် ပါရမီရှင် အယောက်လေးဆယ်လုံး ဤနေရာတွင် စုဝေးနေလျှင်ပင် သူတို့ရှေ့မှ သစ်ပင်မိစ္ဆာကို ရင်ဆိုင်နိုင်ရန် မသေချာပေ။
ဟယ်ချန်ရီ၏ မျက်နှာအမူအရာက အလွန်တရာပင် သုန်မှုန်နေခဲ့၏။
ဤသစ်ပင်မိစ္ဆာ၏ ခွန်အားသည် သူထင်ထားသည်ထက်ပင် လုံးဝ ကျော်လွန်နေခဲ့သည်။
ယခုအခါတွင် သူတို့ဘက်မှ လူနှစ်ယောက် ဆုံးရှုံးသွားခဲ့သော်လည်း သစ်ပင်မိစ္ဆာ၏ သစ်ကိုင်းတစ်ခက်ကိုပင် ထိခိုက်အောင် မလုပ်နိုင်သေးပေ။
သို့သော်လည်း ဟယ်ချန်ရီသည် လက်လျှော့ရန် ဝန်လေးနေခဲ့သည်။
အကြောင်းရင်းမှာ ဤနေရာက တလော့အင်မော်တယ်၏ အမွေအနှစ် ရှိနိုင်သည့်နေရာ ဖြစ်နေသည်ကို အသာထား၊ ဤသစ်ပင်မိစ္ဆာမှ သီးပွင့်နေသည့် ပကတိအင်မော်တယ် သစ်သီး အနည်းငယ်သည်ပင် တိုက်ပွဲဝင်ရန် အတွက် ထိုက်တန်နေပြီဖြစ်သောကြောင့်ပင်။
အကယ်၍ သူသာ ပကတိအင်မော်တယ် သစ်သီးတစ်လုံး ရရှိမည် ဆိုလျှင် ပကတိအင်မော်တယ် နဝမအဆင့်ကို ကျော်ဖြတ်ပြီး ကောင်းကင်အင်မော်တယ် အဆင့်သို့ ဝင်ရောက်ရန် အလွန်တရာ လွယ်ကူသွားပေလိမ့်မည်။
“ညီနောင်ကျန်းချန်.. မင်းလည်း ပကတိအင်မော်တယ် သစ်သီးနဲ့ တလော့အင်မော်တယ်ရဲ့ အမွေအနှစ်ကို အလွယ်တကူ လက်လွှတ်မခံနိုင်ဘူး မဟုတ်လား”
ဟယ်ချန်ရီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
“တလော့အင်မော်တယ်ရဲ့ အမွေအနှစ်ကို ခဏထားဦး.. ဒီ ပကတိအင်မော်တယ် သစ်သီးကိုတော့ လက်လွှတ်မခံသင့်ဘူး.. မင်းနဲ့ငါ အင်အားချင်း ပူးပေါင်းပြီး သစ်ပင်မိစ္ဆာနဲ့ သူသေကိုယ်သေ တိုက်ပွဲဝင်မယ် ဆိုရင် ဒီပကတိအင်မော်တယ် သစ်သီးကို ရနိုင်လိမ့်မယ် ထင်တယ်.. မင်းဘယ်လိုထင်လဲ”
ကျန်းချန်က အနည်းငယ် စဥ်းစားပြီးမှ ပြောလိုက်သည်။
“ဒီသစ်ပင်မိစ္ဆာအရမ်းကို အစွမ်းထက်တယ်.. သူနဲ့ ထိပ်တိုက်ရင်ဆိုင်တာက ဥာဏ်ရှိတဲ့ ရွေးချယ်မှု တစ်ခုတော့ မဟုတ်ဘူး.. ငါ့မှာ နည်းလမ်းတစ်ခုတော့ ရှိတယ်.. အဲဒီနည်းလမ်းက သစ်ပင်မိစ္ဆာကို ရင်ဆိုင်နိုင်လိမ့်မယ်လို့ ထင်တယ်”
“ဟုတ်လား ဘယ်လိုနည်းလမ်းလဲ”
ဟယ်ချန်ရီက ကျန်းချန်ကို တအံ့တဩ ကြည့်လိုက်သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
“သစ်ပင်မိစ္ဆာရဲ့ အဓိကလက်နက်က မြေအောက်ထဲမှာ ရှိနေတဲ့သူ့ရဲ့အမြစ်တွေပဲ.. ငါတို့ သစ်ပင်မိစ္ဆာရဲ့ ပတ်ပတ်လည်မီတာတစ်ထောင်အတွင်းကို မဝင်ဘဲ မီတာတစ်ထောင် ဧရိယာရဲ့ အပြင်ဘက်ကနေ သစ်မြစ်တွေကို တိုက်ခိုက်ကြရအောင်.. သစ်ပင်မိစ္ဆာရဲ့ အမြစ်တွေကို ဖျက်ဆီးနိုင်မယ် ဆိုရင် သစ်ပင်မိစ္ဆာကို အကြီးအကျယ် ထိခိုက်အောင် လုပ်နိုင်လိမ့်မယ်”
“ဒါနည်းလမ်းကောင်းပဲ”
ကျန်းချန်၏ စကားကို ကြားလျှင် ဟယ်ချန်ရီ၏ မျက်ဝန်းများက တောက်ပသွားခဲ့သည်။
“ငါတို့ အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့.. ငါတို့ စန်းဟယ်အင်မော်တယ်မြို့တော်က အရှေ့ဘက်ကနေ တိုက်မယ်.. မင်းတို့က အနောက်ဘက်ကနေ တိုက်ပြီး သစ်ပင်မိစ္ဆာရဲ့အမြစ်တွေကို အတူတူ ချေမှုန်းကြတာပေါ့”
ဆွေးနွေးပြီးနောက်တွင် ကျန်းချန်တို့ လူစုသည် ဟယ်ချန်ရီတို့လူစုနှင့် အလျင်အမြန်ပင် ခွဲထွက်လိုက်၏။
သူတို့နှစ်ဖွဲ့က သစ်ပင်မိစ္ဆာ၏ အရှေ့ဘက်နှင့် အနောက်ဘက်တွင် ပေါ်လာခဲ့ကာ မြေအောက်ရှိ သစ်ပင်မိစ္ဆာ၏ အမြစ်များကို စတင် တိုက်ခိုက်တော့သည်။
ကျန်းချန်က အရှေ့ဘက်တွင် သစ်ပင်အမြစ်များကို စတင်တိုက်ခိုက်နေပြီ ဖြစ်သော ဟယ်ချန်ရီကို လှမ်းကြည့်လိုက်သည်။
ဟယ်ချန်ရီက လက်ဟန်များကို ပြုလုပ်၍ နတ်စည်းတံဆိပ်တစ်ခုကို ထုတ်ဖော်ကာ သူ၏ရှေ့ရှိ မြေပြင်ပေါ်သို့ ဖိနှိပ်လိုက်သည်။
“ဝုန်း..”
နတ်စည်းတံဆိပ်သည် မြေပြင်ပေါ်တွင် ကြီးမားသော တွင်းကြီးတစ်ခုကို ချက်ချင်းဆိုသလို ဖြစ်ပေါ်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် ကြီးမားသော တွင်းကြီးထဲကနေ လူလက်မောင်းခန့် တုတ်ခိုင်သော အမြစ်များသည် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က တွေဝေမနေဘဲ လူသားဧကရာ်ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ သစ်မြစ်များသည် ချက်ချင်းဆိုသလို ပြတ်တောက်သွားခဲ့သည်။
“ချီးပဲ.. ကောက်ကျစ်တဲ့လူသားတွေ.. မင်းတို့ရဲ့ လုပ်ရပ်အတွက် ပြန်ပေးဆပ်စေရမယ်”
ယင်းအချိန်မှာပင် သစ်ပင်မိစ္ဆာ၏ ပင်စည်ထဲကနေ ဒေါသတကြီး ကြုံးဝါးသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် အမြစ်တချို့သည် မြေပြင်ကနေ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်တို့ ဆီသို့ တိုးဝင်ကာ ရစ်ပတ်ရန် ကြိုးစားလာခဲ့သည်။
“သစ်ပင်မိစ္ဆာက ဒေါသထွက်နေပြီ.. သူ့ရဲ့အမြစ်တွေကို ဖြတ်တောက်တာက အလုပ်ဖြစ်ပုံပဲ.. အားလုံးပဲ အတူတူလုပ်ကြရအောင်”
ထိုစကားကိုပြောရင်း ကျန်းချန်က လူသားဧကရာဇ်ဓားကို ဝှေ့ယမ်းကာ သစ်ပင်မိစ္ဆာ၏ အမြစ်များကို ခုတ်ပိုင်းလိုက်သည်။
နင်ကောင်းယန်နှင့် အခြားသူများသည်လည်း သူတို့၏ ကိုယ်ပိုင် လက်နက်များဖြင့် သစ်ပင်မိစ္ဆာ၏ အမြစ်များကို တိုက်ခိုက်လိုက်ကြ၏။
သို့သော်လည်း သစ်ပင်မိစ္ဆာ၏ အမြစ်သည် အလွန်ပင် ခိုင်မာတောင့်တင်းသဖြင့် သာမန် ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ ပင်လျှင် အလွယ်တကူ ဖြတ်တောက်ရန် ခဲယဥ်း၏။
ကျန်းချန်တို့ အဖွဲ့တွင် လူရှစ်ယောက် ဖြစ်ပြီး ကျန်းချန်နှင့် နင်ကောင်းယန်တို့ နှစ်ဦးသာလျှင် သစ်ပင်မိစ္ဆာ၏ အမြစ်များကို ကောင်းစွာ ရင်ဆိုင်နိုင်စွမ်း ရှိကြသည်။
ကျန်ရှိသော ခြောက်ယောက်ကမူ အမြစ်တစ်ခုကို ခုတ်ပိုင်းရန်ပင် အင်အားချင်း ပူးပေါင်းနေကြရ၏။
“ဝှစ်..”
“ဝှစ်..”
ကျန်းချန်၏ လက်ထဲမှ လူသားဧကရာဇ်ဓား ထံကနေ ဓားအလင်းများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
ဓားချက်တစ်ချက် ခုတ်ပိုင်းလိုက်တိုင်းတွင် သစ်ပင်မိစ္ဆာ၏ အမြစ်တစ်ခုသည် အမှုန့်အဖြစ် ပျက်စီးသွားခဲ့သည်။
တစ်ခဏအကြာတွင် ပေရာချီ ကျယ်သော တွင်းကြီးထဲရှိ သစ်ပင်မိစ္ဆာ၏ အမြစ်အားလုံး နီးပါးသည် ကျန်းချန်တို့၏ ခုတ်ပိုင်းမှုကြောင့် ပြတ်တောက်သွားခဲ့သည်။
တစ်ခြားတစ်ဖက်တွင်လည်း ဟယ်ချန်ရီတို့ လူစုသည် ဧရိယာတစ်ခုရှိ အမြစ်များကို ရှင်းလင်းနိုင်ခဲ့သည်။
သူ၏ အမြစ်များ ဖျက်ဆီးခံနေရ၍ သစ်ပင်မိစ္ဆာသည် သိသိသာသာပင် ပို၍ ဒေါသထွက်လာခဲ့သည်။
“ဆက်လုပ်ကြမယ်”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သစ်ပင်မိစ္ဆာ၏ အမြစ်များကို ဆက်လက် ရှင်းလင်းနေခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် ကျန်းချန်တို့က အနောက်မှအရှေ့သို့သွားကြပြီး ဟယ်ချန်ရီ တို့ကမူ အရှေ့မှ အနောက်သို့သွားခဲ့ကြရာ နှစ်ဖက်စလုံးသည် သစ်ပင်မိစ္ဆာ၏ တစ်ဝက်စီကို ဝိုင်းပတ်မိသွားပြီး သစ်ပင်မိစ္ဆာ၏ ပတ်ပတ်လည်ရှိ အမြစ်အားလုံးကို ခုတ်ပိုင်းနိုင်ခဲ့ကြသည်။
ယင်းအချိန်တွင် သစ်ပင်မိစ္ဆာ ထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် ယခင်ကထက် သိသိသာသာ အားနည်းသွားသည်ကို သူတို့ ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ကြသည်။
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ဟယ်ချန်ရီ၏ မျက်နှာထက်တွင် တက်ကြွသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
“ငါတို့ ဒီအတိုင်း သစ်ပင်မိစ္ဆာရဲ့ အမြစ်တွေကို ရှင်းထုတ်ပြီး သူရဲ့ စွမ်းအားကို တဖြည်းဖြည်း တိုက်စားသွားမယ် ဆိုရင် ဒီသစ်ပင်မိစ္ဆာကို ဘာမှ စိုးရိမ်နေစရာ မလိုတော့ဘူး”
အကယ်၍ ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် သူတို့အနေဖြင့် ဤကဲ့သို့ နောက်ထပ် တစ်ပတ် သို့မဟုတ် နှစ်ပတ်ခန့် ထပ်ပတ်လိုက်ရုံဖြင့် သစ်ပင်မိစ္ဆာ၏ ခွန်အားသည် ထပ်မံ၍ အများအပြား အားနည်းသွားမည်မှာ သေချာသလောက်ပင်။
ထိုအချိန်သို့ ရောက်လျှင် သူက ကျန်းချန်နှင့် အင်အားချင်းပူးပေါင်းပြီး သစ်ပင်မိစ္ဆာကို ထိပ်တိုက် ရင်ဆိုင်လျှင်ပင် အနိုင်ယူနိုင်လောက်ပြီ ဖြစ်သည်။
သို့သော်လည်း ကျန်းချန်ကမူ ဟယ်ချန်ရီ ကဲ့သို့ အကောင်းမြင်မနေခဲ့ပေ။
သူက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“အားလုံးပဲ သတိထားကြပါ.. ငါတို့ သစ်ပင်မိစ္ဆာရဲ့ အမြစ်တွေကို ဆက်လက် ရှင်းထုတ်ဖို့ဆိုရင် သစ်ပင်မိစ္ဆာရဲ့ မီတာတစ်ထောင်ဧရိယာ ပတ်လည်ထဲကို ဝင်ရတော့မယ်.. အဲဒါကတော့ အရင်ကလောက် မလွယ်ကူမှာ ငါစိုးရိမ်မိတယ်”
အခန်း(၂၇၀၁)ပြီး၏။
အခန်း(၂၇၀၂)
သစ်ပင်မိစ္ဆာ၏ အဓိကအမြစ်များနှင့် အကိုင်းအခက်များသည် ပေတစ်ထောင် ပတ်လည်အတွင်း၌သာ ရှိသည်။
အစောပိုင်းတွင် ပေတစ်ထောင်ပတ်လည်အပြင်ဘက်မှ အမြစ်များကိုသာ တိုက်ခိုက်နေခြင်းကြောင့် သစ်ပင်မိစ္ဆာသည် သူတို့အတွက် ခြိမ်းခြောက်မှု သိပ်မရှိခဲ့ပေ။
သို့သော်လည်း သူတို့အနေဖြင့် သစ်ပင်မိစ္ဆာ၏ အမြစ်ကို ဆက်လက် ရှင်းလင်းလိုလျှင် ပေတစ်ထောင်ပတ်လည်ဧရိယာအတွင်းသို့ ဝင်ရောက်ကြရလိမ့်မည် ဖြစ်သည်။
ထိုအချိန်တွင် သူတို့သည် သစ်ပင်မိစ္ဆာ၏ အကိုင်းအခက်နှင့် သစ်ရွက်များ၏ တိုက်ခိုက်ခြင်းကို ခံရရုံသာမက သူတို့ရင်ဆိုင်ရမည့် အမြစ်သည်လည်း ယခင်က သူတို့ရင်ဆိုင်ခဲ့သော အမြစ်များထက် ပို၍ ခိုင်မာနေမည်မှာ သေချာသလောက်ပင်။
ထို့ကြောင့် သူတို့သည် သစ်ပင်မိစ္ဆာ၏ အမြစ်များကို ယခင်ကကဲ့သို့ အလွယ်တကူ ရှင်းလင်းပစ်ရန်မှာ သိသိသာသာပင် မဖြစ်နိုင်တော့ပေ။
“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဒီအဆင့်အထိ ရောက်လာပြီဆိုမှတော့ လမ်းတစ်ဝက်မှာ လက်လျှော့စရာတော့မရှိဘူး.. ဆက်လုပ်ကြမယ်”
စကားဆုံးသည်နှင့် ဟယ်ချန်ရီသည် စန်းဟယ်အင်မော်တယ်မြို့တော်မှ လူများကို ဦးဆောင်ကာ သစ်ပင်မိစ္ဆာ၏ အမြစ်များကို ထပ်မံ တိုက်ခိုက်ခဲ့သည်။
ရလဒ်ကမူ ကျန်းချန် မှန်းဆထားသည့် အတိုင်းပင် ဖြစ်၏။
ဟယ်ချန်ရီတို့လူစု သစ်ပင်မိစ္ဆာ၏ ပေတစ်ထောင်ပတ်လည်အတွင်းသို့ ဝင်ရောက်လာသောအခါတွင် သစ်ပင်မိစ္ဆာသည် ထူထဲလှသော သစ်ကိုင်း သစ်ရွက်များနှင့် တုတ်ခိုင်သော မြေအောက်ပင်စည်များကို အသုံးပြု၍ ကောင်းကင်ကရော၊မြေပြင်ကပါ ဟယ်ချန်ရီ တို့ကို ရူးသွပ်စွာ တိုက်ခိုက်တော့သည်။
“မင်းတို့က သစ်ပင်မိစ္ဆာရဲ့ သစ်ကိုင်းတွေနဲ့ သစ်ရွက်တွေ တိုက်ခိုက်မှုကို ပိတ်ဆို့ထား.. ငါက မြေအောက်က အမြစ်တွေကို ကိုင်တွယ်လိုက်မယ်”
စကားဆုံးသည်နှင့် ဟယ်ချန်ရီသည် ခရမ်းရောင်လျှပ်စစ်များ ရစ်သိုင်းနေသော အင်မော်တယ် ဓားတစ်လက်ကို ထုတ်ယူလိုက်ကာ မြေပြင်ကနေ ထွက်ပေါ်လာသော အမြစ်များကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
တစ်ခဏအတွင်းမှာပင် ခရမ်းရောင်မိုးကြိုးလျှပ်စီးများ ကိန်းအောင်းနေသော ဓားစွမ်းအင်သည် ပထမဆုံး ထွက်ပေါ်လာသည့် အမြစ်ပေါ်သို့ ကျရောက်သွားခဲ့ရာ ဆယ်မီတာခန့်ရှိသော ထူထဲ တုတ်ခိုင်သည့် အမြစ်သည် ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားခဲ့ပြီး မီးလောင်ကျွမ်းသော အနံ့များသည် လေထုထဲတွင် ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။
လက်ရှိ အခြေအနေအရ ဟယ်ချန်ရီသည် သစ်ပင်မိစ္ဆာ၏ အမြစ်များကို ရင်ဆိုင်ရန် မလွယ်ကူမှန်း သိသောကြောင့် ရွှေအင်မော်တယ်အဆင့် မှော်ရတနာ ဖြစ်သည့် ခရမ်းရောင်လျှပ်စီးအင်မော်တယ်ဓားကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
ဟယ်ချန်ရီ၏ ခွန်အားဖြင့် ခရမ်းရောင်လျှပ်စီးဓားကို အသုံးပြုမည် ဆိုလျှင် ကောင်းကင်အင်မော်တယ် တတိယအဆင့် ကျင့်ကြံသူကိုပင် တုန်လှုပ်သွားစေရန် လုံလောက်သည်။
သစ်ပင်မိစ္ဆာ၏ မြေအောက်မှ ပင်စည်းများသည် ခရမ်းရောင်လျှပ်စီးဓား၏ စွမ်းအားကို ခံနိုင်ရည်ရှိရန် မဖြစ်နိုင်ခဲ့ပေ။
“ရွှေအင်မော်တယ်အဆင့် လက်နက်ပါလား”
ကျန်းချန်က ဟယ်ချန်ရီ၏ လက်ထဲမှ ခရမ်းရောင်လျှပ်စီးအင်မော်တယ်ဓားကို ကြည့်ကာ စိတ်ထဲကနေ ရေရွတ်လိုက်သည်။
ဟယ်ချန်ရီ၏ ခရမ်းရောင်လျှပ်စီး အင်မော်တယ်ဓားသည် လုဟုန်ယွီ၏ မီးလျှံဖီးနစ်ငှက်မွေးထက်ပင် ပိုမို၍ အစွမ်းထက်ပြီး အားကောင်းမည်ဟု သူခန့်မှန်းမိသည်။
ဤသည်မှာ နောက်ခံအင်အားရှိခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်၏။
ရွှေအင်မော်တယ်အဆင့် အင်အားစုများ၏ ထိပ်တန်း ပါရမီရှင် တစ်ယောက်ချင်းစီတွင် ရွှေအင်မော်တယ်အဆင့် လက်နက် ကဲ့သို့ ဝှက်ဖဲတစ်ခုစီ ရှိကြသည်။
“ငါတို့လည်း တိုက်ကြရအောင်”
ကျန်းချန်က သူ၏ အကြည့်ကို ဟယ်ချန်ရီ ထံမှ ပြန်လည် ရုတ်သိမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“နင်ကောင်းယန်.. မင်းက သူတို့အားလုံးကို ဦးဆောင်ပြီး သစ်ပင်မိစ္ဆာရဲ့ သစ်ကိုင်း၊ သစ်ခက်နဲ့ သစ်ရွက်တွေကို ကိုင်တွယ်လိုက်.. ငါက သစ်ပင်မိစ္ဆာရဲ့ အမြစ်ကို ရှင်းလင်းမယ်”
“ကောင်းပြီ”
ကျန်းချန်၏ ဗျူဟာနှင့် ပတ်သက်၍ နင်ကောင်းယန်သည် သဘောထားကွဲလွဲမှု မရှိခဲ့ပေ။
ကျန်းချန်သည် ပကတိအင်မော်တယ် သတ္တမအဆင့်သာရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်သည် သူတို့ထဲ၌ အစွမ်းထက်ဆုံး ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်က အမြစ်ကို ရှင်းလင်းခြင်းသည်သာ အထိရောက်ဆုံး ဖြစ်ပေလိမ့်မည် မဟုတ်ပါလော။
သစ်ပင်မိစ္ဆာ၏ ပေတစ်ထောင်ပတ်လည်သို့ ဝင်ရောက်လိုက်သည်နှင့် နင်ကောင်းယန်သည် ရှေ့ကနေ ဦးဆောင်ကာ သစ်ကိုင်း၊ သစ်ခက်များနှင့် သစ်ရွက်များကို ရင်ဆိုင်လိုက်သည်။
ကျန်းချန်ကမူ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို အသုံးပြု၍ သစ်ပင်မိစ္ဆာ၏ အမြစ်များကို ရှင်းလင်းပစ်ခဲ့သည်။
ပကတိအင်မော်တယ် သတ္တမအဆင့်ကို ထိုးဖောက်သွားပြီဖြစ်၍ ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ပို၍ အစွမ်းထက်နေပြီ ဖြစ်ကာ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို အသုံးပြု၍ သစ်ပင်မိစ္ဆာ၏ အမြစ်များကို ရှင်းလင်းခြင်းသည် ဟင်းသီးဟင်းရွက်ကို လှီးဖြတ်နေရသကဲ့သို့ပင် လွယ်ကူနေခဲ့သည်။
တစ်ခဏအတွင်းမှာပင် လေးဖက်လေးတန် ပေဆယ်ဂဏန်းအတွင်းရှိ အမြစ်များသည် ကျန်းချန်၏ ရှင်းလင်းမှုကြောင့် ပြောင်စင်သွားခဲ့သည်။
ကျန်းချန်က ဆက်လက် လုပ်ဆောင်လိုသော်လည်း လေထဲတွင် သစ်ပင်မိစ္ဆာ၏ အကိုင်းအခက်နှင့် သစ်ရွက်များကို ရင်ဆိုင်နေရသော နင်ကောင်းယန် တို့သည် သိသိသာသာပင် အားအင်ကုန်ခမ်းနေခဲ့ကြပြီ ဖြစ်သည်။
ကျန်းချန်က နင်ကောင်းယန်တို့ အားလုံးကို သစ်ပင်မိစ္ဆာ၏ ပေတစ်ထောင် ပတ်လည် ဧရိယာကနေ ခေါ်ထုတ်လာခဲ့ပြီး ခွန်အား ပြန်လည် စုဆောင်းစေခဲ့သည်။
အခြားတစ်ဖက်တွင် ဟယ်ချန်ရီတို့ လူစုသည်လည်း အနားယူရန်အတွက် သစ်ပင်မိစ္ဆာ၏ ပေတစ်ထောင် ဧရိယာအတွင်းကနေ ဆုတ်ခွာလာခဲ့ကြ၏။
ကျန်းချန်တိုက သစ်ပင်မိစ္ဆာ၏ အမြစ်များကို တစ်စထက် တစ်စ ရှင်းလင်းလိုက်ပြီး သစ်ပင်မိစ္ဆာ၏ စွမ်းအားများကို တိုက်စားလိုက်ကြသည်။
သစ်ပင်မိစ္ဆာက အလွန်အမင်း ဒေါသထွက်နေသော်လည်း ကူကယ်ရာမဲ့ကာ ဘာမှ မတတ်သာဘဲ ဖြစ်နေခဲ့သည်။
ဤကဲ့သို့ ရံဖန်ရံခါ အနားယူလိုက်၊ တိုက်ခိုက်လိုက်ဖြင့် နှစ်နာရီခန့် အကြာတွင် ကျန်းချန်တို့ လူစုသည် သစ်ပင်မိစ္ဆာ၏ အမြစ်များကို အတော်လေး ရှင်းလင်းနိုင်ခဲ့ကြသည်။
သစ်ပင်မိစ္ဆာ၏ အရှိန်အဝါက အတော်လေး အားနည်းသွားသော်လည်း ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ထက် မနည်းသော ခွန်အားရှိနေဆဲပင်။
အကယ်၍ သူတို့က သစ်ပင်မိစ္ဆာကို တိုက်ခိုက်ရန် ရွေးချယ်မည် ဆိုလျှင် သူတို့အနေဖြင့် သစ်ပင်မိစ္ဆာကို ရှင်းပစ်နိုင်မည်ဖြစ်သော်လည်း ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ရလိမ့်မည်ကို စိုးရိမ်နေမိသည်။
“ကျန်းချန်.. ငါတို့ နောက်ထပ် တိုက်ခိုက်ရာမှာက သစ်ပင်မိစ္ဆာရဲ့ အဓိကဧရိယာဖြစ်တဲ့ အတွက် ဖိအားက ပိုပြီး ကြီးမားလာလိမ့်မယ်.. မင်းနဲ့ငါ ပူးပေါင်းမှ ရတော့မယ် ထင်တယ်”
ဟယ်ချန်ရီက ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
“ဒါဆိုလည်း အတူတူ တိုက်ခိုက်ကြတာပေါ့”
သစ်ပင်မိစ္ဆာ၏ အဓိကဧရိယာကို တိုက်ခိုက်ရန် သူနှင့် ဟယ်ချန်ရီမှ လွဲလျှင် နင်ကောင်းယန် ကဲ့သို့ ပကတိအင်မော်တယ်နဝမအဆင့် ပါရမီရှင်များသာ သူတို့ကို ကူညီနိုင်လိမ့်မည်ဖြစ်သည်။
အခြားလူများသာ ထိုနေရာသို့ ဝင်ရောက်သွားမည် ဆိုလျှင် သေတွင်းထဲ ခုန်ဆင်းလိုက်သည်နှင့် အတူတူပင် ဖြစ်သွားပေလိမ့်မည်။
ထို့နောက် တစ်ခဏမျှ အနားယူပြီးနောက်တွင် ကျန်းချန်နှင့်ဟယ်ချန်ရီ တို့သည် နင်းကောင်ယန်နှင့် စန်းဟယ်အင်မော်တယ်မြို့တော်မှ နောက်ထပ် ပကတိအင်မော်တယ် နဝမအဆင့် ပါရမီရှင် တစ်ဦးကိုသာ ခေါ်ဆောင်ပြီး သစ်ပင်မိစ္ဆာဧရိယာ ထဲသို့ ဝင်ရောက်ခဲ့ကြသည်။
ယခုအခါတွင် သစ်ပင်မိစ္ဆာ၏ ခွန်အားသည် အတော်လေး အားနည်းသွားခဲ့ပြီ ဖြစ်သည်။
ကျန်းချန်နှင့် ဟယ်ချန်ရီ တို့သည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်နှင့် ယှဥ်နိုင်သော ခွန်အားကို ထုတ်ဖော်နိုင်သောကြောင့် သစ်ပင်မိစ္ဆာနှင့် ထိပ်တိုက် ရင်ဆိုင်နိုင်မည် ဖြစ်၏။
သူတို့နှစ်ဦး ပူးပေါင်းပြီး သစ်ပင်မိစ္ဆာ၏ အမြစ်များကို ရှင်းလင်းရန်မှာ မလွယ်ကူဟု ဆိုနိုင်သော်လည်း အလွန်အမင်းလည်း မခက်ခဲပေ။
သစ်ပင်မိစ္ဆာ၏ အမြစ်များသည် အလွန် လျင်မြန်စွာပင် ကျန်းချန်တို့၏ နောက်တစ်ကြိမ် ရှင်းလင်းခြင်းကို ခံလိုက်ရပြန်သည်။
သစ်ပင်မိစ္ဆာ၏ အရှိန်အဝါသည်လည်း တဖြည်းဖြည်း ကျဆင်းသွားခဲ့ပြီး အဆုံးသတ်တွင် ကောင်းကင်အင်မော်တယ် တတိယအဆင့် အထိ ကျဆင်းသွားခဲ့သည်။
“ဒီလောက်ဆို မဆိုးဘူး.. ငါတို့ ပြန်ထွက်ပြီး တစ်ခဏလောက် အနားယူကြရအောင်.. ငါတို့ရဲ့ အထွတ်အထိပ်ကို ပြန်ရောက်တာနဲ့ သေချာပေါက် ဒီ သစ်ပင်မိစ္ဆာကို ရှင်းပစ်နိုင်ပြီ”
ဟယ်ချန်ရီက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
သူတို့က သစ်ပင်မိစ္ဆာနှင့် တစ်နေ့လုံး နီးပါး အချိန်ဖြုန်းခဲ့ရပြီး ယခုအခါတွင်မူ သစ်ပင်မိစ္ဆာ၏ အမြစ်များကို ဖယ်ရှားပစ်ကာ သစ်ပင်မိစ္ဆာတွင် သီးပွင့်နေသည့် ပကတိအင်မော်တယ် သစ်သီးလေးလုံးကို ရရှိတော့မည် ဖြစ်သည်။
ဟယ်ချန်ရီ၏ စကားနှင့် ပတ်သက်၍ ကျန်းချန်သည် သဘောထားကွဲလွဲမှု မရှိခဲ့ပေ။
သူနှင့် ဟယ်ချန်ရီတို့၏ ခွန်အားဖြင့် ဆိုလျှင် သူတို့၏ အထွတ်အထိပ် အခြေအနေတွင် ကောင်းကင်အင်မော်တယ် တတိယအဆင့် အထိ ကျဆင်းသွားသော သစ်ပင်မိစ္ဆာကို ဖြေရှင်းရန်မှာ ပြဿနာ ကြီးကြီးမားမား မရှိနိုင်ပေ။
“ကောက်ကျစ်တဲ့ လူသားတွေ.. မင်းတို့ ငါ့ရဲ့ ဒေါသကို ဆွမိလိုက်ပြီ သေဖို့သာ ပြင်ထားလိုက်တော့”
သစ်ပင်မိစ္ဆာက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ကောင်းကင်ယံရှိ အကိုင်းအခက်များကို လေထဲတွင် ရူးသွပ်စွာ ဝှေ့ယမ်းလိုက်သည်။
ထိုအခိုက်အတန့်မှာပင် မိုင်တစ်ရာ ပတ်ပတ်လည် အတွင်းရှိ သစ်ပင်ပန်းပံအားလုံး၏ အသက်စွမ်းအင်များသည် စိမ်းဖျော့ဖျော့ အငွေ့အသက်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သစ်ပင်မိစ္ဆာ ထံသို့ ရူးသွပ်စွာ စုစည်းသွားခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် မိုင်တစ်ရာ ပတ်ပတ်လည်အတွင်းရှိ မူလက သန်စွမ်းနေသော အပင်အားလုံးသည် ညှိုးနွမ်းသွားကြ၏။
သစ်ပင်မိစ္ဆာ၏ အရှိန်အဝါသည် ထိုအခိုက်အတန့်တွင် ပေါက်ကွဲထွက်လာခဲ့ပြီး ဟင်းလင်းပြင်ကိုပင် တိုက်စားနိုင်သော ကြောက်မက်ဖွယ်ရာကောင်းသည့် အစိမ်းရောင် အလင်းတန်းများက ကျန်းချန်တို့နှစ်ဦး ထံသို့ သက်ရောက်လာခဲ့သည်။
ကျန်းချန်တို့ နှစ်ဦးစလုံး၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ် အတွင်းရှိ အင်မော်တယ် အဆီအနှစ် စွမ်းအားများကို ချက်ချင်းပင် အမြင့်ဆုံးအဆင့် အထိ လှုံ့ဆော်လိုက်ကြသည်။
သူတို့က နောက်သို့ ဆုတ်ခွာရင်း သူတို့ ဆီသို့ ဦးတည်လာသော အစိမ်းရောင် အလင်းများကို ခုတ်ပိုင်းလိုက်ကြသည်။
ကျန်းချန်က နတ်ခန္ဓာပုံရိပ် ဖြစ်သည့် ပျက်စီးခြင်းဓားကို ထုတ်ဖော်ကာ အစိမ်းရောင် အလင်းတန်းများကို ခုတ်ပိုင်းလိုက်သလို ဟယ်ချန်ရီ သည်လည်း လက်ထဲရှိ ခရမ်းရောင်လျှပ်စီး အင်မော်တယ်ဓားကို အသုံးပြု၍ အစိမ်းရောင် အလင်းတန်းကို ခုတ်ပိုင်းလိုက်သည်။
“ဝုန်း..”
“ဝုန်း..”
အစွမ်းထက် တိုက်ခိုက်မှုနှစ်ခုသည် အစိမ်းရောင်အလင်းတန်းနှင့် ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင် မုန်တိုင်းသည် ပတ်ဝန်းကျင်ကို ချက်ချင်းဆိုသလို လွှမ်းမိုးသွားခဲ့သည်။
အဖျက်စွမ်းအင်မုန်တိုင်း၏ ရိုက်ခတ်မှုအောက်တွင် ကျန်းချန်တို့ နှစ်ဦးသည် ပေရာချီ အကွာအဝေး အထိ နောက်ပြန် လွင့်စင်သွားခဲ့ကြသည်။
သူတို့၏ အနောက်နားရှိ နင်ကောင်းယန်နှင့် အခြားသူများပင်လျှင် အဖျက်စွမ်းအင် မုန်တိုင်း၏ ဖိအားအောက်တွင် နောက်သို့ အတင်းအကျပ် ဆုတ်လိုက်ရ၏။
အခန်း(၂၇၀၂)ပြီး၏။