အခန်း (၂၇၀၃-၂၇၀၄)
Vol. 211 Ch. 2703-2704
အခန်း(၂၇၀၃)
ဟယ်ချန်ရီ၏ ပုံရိပ်က မြေပြင်ပေါ်သို့ လွင့်စင်ကျသွားခဲ့ပြီး လက်ထဲမှ ခရမ်းရောင်လျှပ်စီး အင်မော်တယ်ဓားကို မြေပြင်ကို ထောက်ကာ သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို မနည်း ပြန်လည်ထိန်းချုပ်လိုက်ရ၏။
“ဖူး..”
ယင်းနောက်တွင် သူက ပါးစပ်ထဲကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
“ဒီသစ်ပင်မိစ္ဆာက ဒီလောက်အထိ အစွမ်းထက်တဲ့ စွမ်းအားတွေကို ထုတ်ဖော်နိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
သူက နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်သည်။
သူ၏ မျက်နှာက အလွန်အမင်း ဖြူဖျော့နေခဲ့၏။
သူတို့က အစောပိုင်းတွင် စိတ်လှုပ်ရှားလွန်းပြီး တစ်ခဏမျှ သတိလက်လွတ်ပြုမိကာ သစ်ပင်မိစ္ဆာ၏ လက်ထဲ၌ အသက်ပျောက်လုနီးပါး ဖြစ်သွားခဲ့ရသည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်း မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်သည်။
“သစ်ပင်မိစ္ဆာက ဒီတိုက်ကွက်ကို ထုတ်ဖော်ဖို့အတွက် အများကြီး ပေးဆပ်လိုက်ရပုံပဲ ခဏနေရင် သစ်ပင်မိစ္ဆာကို ကိုင်တွယ်ရတာ ပိုလွယ်ကူသွားလိမ့်မယ် ထင်တယ်”
ဟယ်ချန်ရီက ခေါင်းညိတ်လိုက်ပြီး ကုန်ခမ်းသွားသော စွမ်းအားများကို ပြန်လည် ဖြည့်ဆည်းရန် အတွက် တင်ပျဥ်ခွေ၍ ထိုင်ကာ ကျင့်ကြံလိုက်သည်။
သူနှင့် ကျန်းချန်တို့ ပူးပေါင်းပြီး သစ်ပင်မိစ္ဆာ၏ အမြစ်ကို ရှင်းလင်းခဲ့ရာတွင် စွမ်းအင် အလွန်အကျွံ သုံးစွဲခဲ့ရသည်။
ထို့အပြင် သူက သစ်ပင်မိစ္ဆာ၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်လည်း ရရှိသွားခဲ့သည်။
ယခုအချိန်တွင် သူ၏ အခြေအနေက အတော်လေး ဆိုးရွားနေပြီး ဒဏ်ရာများကို အမြန်ကုသကာ ခွန်အားများ ပြန်လည်ရရှိအောင် ကျင့်ကြံရမည် ဖြစ်သည်။
သို့သော်လည်း ဟယ်ချန်ရီ တင်ပျဥ်ခွေထိုင်လိုက်ရုံ ရှိသေးသည့်အချိန်မှာပင် သူတို့ အနောက်ဘက်ရှိ ကောင်းကင်ယံကနေ ပြင်းထန်သော ဟင်းလင်းပြင် လှိုင်းလုံးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ် တစ်ဦးသည် လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ လေထဲတွင် ထွက်ပေါ်လာခဲ့သည်။
ထိုအနက်ရောင် ဝတ်စုံဝတ် လူငယ်သည် အလွန် လျင်မြန်လှသဖြင့် မျက်စိတစ်မှိတ်အတွင်း ကျန်းချန်တို့၏ ဦးခေါင်း အထက်သို့ ရောက်ရှိလာခဲ့သည်။
သူက အောက်ဘက်ရှိ ကျန်းချန်တို့ အားလုံးကို လျစ်လျူရှုကာ သစ်ပင်မိစ္ဆာ ထိပ်ဖျားရှိ ပကတိအင်မော်တယ် သစ်သီးဆီသို့ ပြေးဝင်သွားခဲ့သည်။
“သူပါလား”
ရုတ်တရက် ပေါ်ထွက်လာသော အနက်ရောင်ဝတ်စုံဝတ်လူငယ်ကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်မှာ အခြားသူမဟုတ်ဘဲ လုမိသားစုဘက်မှ လျှို့ဝှက်ဆန်းကြယ်သော ပကတိအင်မော်တယ် အဋ္ဌမအဆင့် ကျင့်ကြံသူပင် ဖြစ်သည်။
ကျန်းချန်၏ အမြင်တွင် ထိုလူငယ်သည် လုဟုန်ယွီထက်ပင် ပိုမို၍ အစွမ်းထက်နေခဲ့၏။
ဤကဲ့သို့သော အချိန်တွင် ထိုလူငယ်သည် ဤနေရာသို့ ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကျန်းချန်သည် အနက်ရောင်ဝတ်စုံဝတ် လူငယ်အပေါ်တွင် သံသယဝင်မိသွားခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူတို့ သစ်ပင်မိစ္ဆာနှင့်တိုက်ခိုက်ပြီး နှစ်ဖက်စလုံး ဒဏ်ရာရသွားသည်ကို အမှောင်ထဲကနေ စောင့်ကြည့်နေခဲ့ပြီးမှ အခွင့်ကောင်းယူရန် လာခဲ့ခြင်း ဖြစ်နိုင်လောက်သည် မဟုတ်ပါလော။
“ခွေးကောင် ဘယ်လိုတောင် အတင့်ရဲနေတာလဲ”
သူ၏မျက်စိရှေ့တွင် တစ်စုံတစ်ယောက်က သူ့အစာကို လုယက်နေသည်အား မြင်လျှင် ဟယ်ချန်ရီသည် ရုတ်တရက် အော်ငေါက်လိုက်သည်။
ထို့နောက်တွင် သူက လေထဲသို့ ခုတ်တက်လိုက်ပြီး ခရမ်းရောင်လျှပ်စီး အင်မော်တယ်ဓားကို ဝှေ့ယမ်းကာ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို တိုက်ခိုက်လိုက်သည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ကျင့်ကြံခြင်းအဆင့်သည် ပကတိအင်မော်တယ် အဋ္ဌမအဆင့်ထက် မပိုပေ။
ဟယ်ချန်ရီသည် လက်ရှိတွင် အခြေအနေသိပ်မကောင်းသော်လည်း ခရမ်းရောင်လျှပ်စီး အင်မော်တယ်ဓားကို အသုံးပြုမည်ဆိုလျှင် ပကတိအင်မော်တယ် အဋ္ဌမအဆင့် ကျင့်ကြံသူကို ကိုင်တွယ်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေခဲ့၏။
“စန်းဟယ်အင်မော်တယ်မြို့တော်က ဟယ်မိသားစုရဲ့ ပါရမီရှင် ဟယ်ချန်ရီ.. မင်းသာ အထွတ်အထိပ်အခြေအနေမှာ ရှိနေမယ်ဆိုရင် မင်းငါ့ကို တိုက်ကွက် အနည်းငယ်လောက်တော့ ယှဥ်နိုင်မှာပဲ.. လက်ရှိ မင်းရဲ့ အခြေအနေနဲ့ ဆိုရင်တော့ ငါ့ရဲ့ရှေ့မှာ ရမ်းကားဖို့ အခွင့်အရေးမရှိဘူး”
အနက်ရောင်ဝတ်စုံဝတ် လူငယ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကနေ အလွန်တရာ အေးစက်သော အင်မော်တယ်အဆီအနှစ် စွမ်းအားကို ထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် အပူချိန်သည် တဖြည်းဖြည်းကျဆင်းသွားခဲ့ပြီး ငန်းမွေး ကဲ့သို့ ဖြူဖွေးသော နှင်းများပင် ဝဲပျံလာခဲ့သည်။
ဖြူဖွေးသော နှင်းပွင့်များကြားတွင် အနက်ရောင် ဝတ်စုံဝတ် လူငယ်သည် ဟယ်ချန်ရီကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ထိုလက်ဝါးရိုက်ချက်သည် သာမန် လက်ဝါးရိုက်ချက်ဟုသာ ထင်ရသော်လည်း လေထဲတွင် နှင်းမုန်တိုင်း တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
နှင်းမုန်တိုင်း၏ လှိုင်းများကို သယ်ဆောင်လာသော ရေခဲလက်ဝါးကြီးသည် ဟယ်ချန်ရီ ထံသို့ ဦးတည်လာခဲ့သည်။
ထိုရေခဲလက်ဝါးကြီးသည် ကမ္ဘာကြီးကိုပင် အေးခဲသွားစေရန် လုံလောက်၏။
“ဝုန်း..”
ရေခဲလက်ဝါးကြီးသည် ဟယ်ချန်ရီ၏ ခရမ်းရောင်လျှပ်စီး အင်မော်တယ် ဓားချက်နှင့် ထိပ်တိုက် တွေ့ဆုံသွားခဲ့သည်။
ဤအခိုက်အတန့်တွင် ဟယ်ချန်ရီ၏ ဓားအလင်းသည် ပျက်စီးသွားခဲ့ပြီး ပြင်းထန်သော အအေးစွမ်းအားများသည် ဟယ်ချန်ရီကို လွှမ်းမိုးသွားခဲ့သည်။
“အား..”
ဟယ်ချန်ရီက ရုတ်တရက် ညည်းတွားလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် လေထဲမှ ပြုတ်ကျလာခဲ့ကာ အဆုံးသတ်တွင် မြေပြင်ပေါ်သို့ ဝုန်းခနဲ ကျရောက်သွားခဲ့ပြီး မြေပြင်ထက်တွင် ကြီးမားသော တွင်းကြီးတစ်တွင်းကိုပင် ဖြစ်ပေါ်စေခဲ့သည်။
ဟယ်ချန်ရီက အကြီးအကျယ် ထိခိုက်ဒဏ်ရာ ရသွားခဲ့ပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရကာ ယခင်ကတည်းက ဖြူဖျော့နေသော သူ၏ မျက်နှာသည် ယခုအခါတွင် သွေးမရှိတော့သကဲ့သို့ ပို၍ပင် ဖြူဆွတ်နေခဲ့သည်။
သူက လေထဲမှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ထိတ်လန့် တုန်လှုပ်သော အမူအရာဖြင့် မော့ကြည့်လိုက်သည်။
“မင်း မင်းဘယ်သူလဲ”
ဟယ်ချန်ရီ မည်သို့မျှ မတွေးတောနိုင်တော့ပေ။
သူ့ရှေ့ရှိ ပကိတိအင်မော်တယ် အဋ္ဌမအဆင့်ရှိ အနက်ရောင်ဝတ်စုံဝတ်လူငယ်သည် ဤမျှလောက်အထိ ကြောက်မက်ဖွယ်ရာကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
သူ၏ အထွတ်အထိပ် အခြေအနေတွင်ပင် ထိုလူငယ်ကို ရင်ဆိုင်ရန် မလွယ်ကူလောက်ဟု သူခံစားမိခဲ့သည်။
ဤတစ်ကြိမ် တလော့ လျှို့ဝှက်နယ်မြေ ဖွင့်လှစ်ရာတွင် ထျန်းရွှေအင်မော်တယ် မြို့တော်နှင့် စန်းဟယ်အင်မော်တယ် မြို့တော် တို့မှ ပကတိအင်မော်တယ်များသာ ပါဝင်ခဲ့သည်။
အင်မော်တယ်မြို့တော် နှစ်ခုလုံးတွင် ဟယ်ချန်ရီသည် ပကတိအင်မော်တယ် အဆင့်တွင် နံပါတ်တစ်ပါရမီရှင် အဖြစ် သတ်မှတ်ခံခဲ့ရပြီး အဆင့်တူအတွင်း မည်သူကမှ သူ၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။
သို့သော် ယခုအခါတွင် တလော့လျှို့ဝှက်နယ်မြေ အတွင်း၌ ဆန်းကြယ်သော ပါရမီရှင် ဖြစ်သည့် ကျန်းချန် ပေါ်ထွက်လာခဲ့သည်။
ကျန်းချန်သည် ပကတိအင်မော်တယ် သတ္တမအဆင့်သာ ရှိသော်လည်း သူ၏ ခွန်အားသည် ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူထက် မနိမ့်ကျပေ။
ယခုအခါတွင် ပကတိအင်မော်တယ် အဋ္ဌမအဆင့် ရှိသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး ထပ်ပေါက်လာပြီး ထိုလူငယ်၏ ခွန်အားသည် သူနှင့် မတိမ်းမယိမ်းပင် ဖြစ်နေခဲ့သည်။
ထျန်းရွှေအင်မော်တယ် မြို့တော်နှင့် စန်းဟယ်အင်မော်တယ် မြို့တော် တို့တွင် ဤကဲ့သို့ ပြိုင်ဘက်ကင်း မွန်းစတား နှစ်ကောင် မည်ကဲ့သို့ ပေါ်လာမှန်း ဟယ်ချန်ရီ အမှန်တကယ် နားမလည်နိုင်တော့ပေ။
“ဒီနေရာက ပကတိအင်မော်တယ် သစ်သီးတွေက ငါဝမ်ရှင်းဟန်ရဲ့ ပစ္စည်းတွေပဲ.. မင်းမသေချင်ဘူး ဆိုရင် ငါ့ရှေ့ကနေ အခု ချက်ချင်းထွက်သွားစမ်း”
ဟယ်ချန်ရီ အံ့ဩထိတ်လန့်နေစဥ်မှာပင် အနက်ရောင်ဝတ်စုံဝတ်လူငယ်၏ အေးစက်စက် စကားသံသည် ကောင်းကင်နှင့်မြေကြီးကြားတွင် တိုက်ရိုက် ပဲ့တင်ထပ်လာခဲ့သည်။
“ဒီလူငယ်က စန်းယွင်အင်မော်တယ်နန်းတော်က ဝမ်ရှင်းဟန်ဖြစ်နေခဲ့တာလား”
အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ စကားကိုကြားလျှင် ဤနေရာရှိ လူတိုင်း၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
လော့ချင်းအာကလည်း တအံ့တသြ ရေရွတ်လိုက်သည်။
“သူက စန်းယွင်အင်မော်တယ် နန်းတော်က ဝမ်ရှင်းဟန် ဖြစ်နေတာကိုး”
“အဲဒီ ဝမ်ရှင်းဟန် ဆိုတဲ့သူက တအားနာမည်ကြီးလို့လား”
လော့ချင်းအာနှင့် အခြားသူများ၏ တုံ့ပြန်မှုကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ယှက်သန်းသွားခဲ့သည်။
ဝမ်ရှင်းဟန်ကို ကျန်းချန် မသိသော်လည်း စန်းယွင်အင်မော်တယ်နန်းတော် ဟူသော အမည်ကိုမူ ကျန်းချန်ကြားဖူးသည်။
ထိုအင်အားစုသည် စန်းယွင်ပြည်နယ်ကို အုပ်ချုပ်နေသည့် တလော့အင်အားစု ဖြစ်သည်။
ဤလူက စန်းယွင်အင်မော်တယ်နန်းတော်မှ ဖြစ်နေသောကြောင့် ပကတိအင်မော်တယ် အဋ္ဌမအဆင့်ဖြင့်ပင် လုဟုန်ယွီထက် ပိုမို ကြီးမားသော ဖိအားကို ပေးနိုင်ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
ကျန်းချန်၏ မေးခွန်းကို ကြားလျှင် လော့ချင်းအာ၏ လှပသော မျက်နှာလေးတွင် လေးနက်သော အမူအရာများဖြင့် ပြည့်နှက်သွားခဲ့သည်။
“အစ်ကိုကျန်းချန်.. ဒီဝမ်ရှင်းဟန်က စန်းယွင်အင်မော်တယ်နန်းတော်က နာမည်ကျော် ပါရမီရှင် တစ်ယောက်ပဲ.. စန်းယွင်ပြည်နယ် တစ်ခုလုံးမှာတောင် သူ့ရဲ့ပါရမီက ထိပ်ဆုံးငါးယောက် စာရင်းမှာ ပါဝင်ဖို့ လုံလောက်တယ်.. ကြားရတဲ့သတင်းတွေအရ ဆိုရင် သူ ပကတိအင်မော်တယ် သတ္တမအဆင့်မှာ ရှိစဥ်က ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူကို လက်သီးသုံးချက်တည်းနဲ့ သတ်ပစ်ခဲ့ဖူးတယ်တဲ့”
လော့ချင်းအာ၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
အင်မော်တယ်လောကတွင် ပကတိအင်မော်တယ် အဆင့်ရှိ ထူးချွန်သောပါရမီရှင် တချို့သည် မိမိထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်သော ပကတိ အင်မော်တယ်များကို အဆင့်ကျော်၍ တိုက်ခိုက်နိုင်ကြသည်။
သို့သော်လည်း ပကတိအင်မော်တယ် အဆင့်ဖြင့် ကောင်းကင်အင်မော်တယ် ပထမအဆင့်နှင့် ယှဥ်ပြိုင်ရန်မှာမူ ထိုမျှလောက် မလွယ်ကူပေ။
ပကတိအင်မော်တယ် နဝမအဆင့် အထွတ်အထိပ် ပါရမီရှင်ဖြစ်သော ဟယ်ချန်ရီ ပင်လျှင် ကောင်းကင်အင်မော်တယ်အဆင့် လက်နက် ကဲ့သို့သော ဝှက်ဖဲများကို အသုံးမပြုဘဲ ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူ တစ်ဦးကို အနိုင်ယူနိုင်မည် ဆိုလျှင် အလွန် ကောင်းမွန်နေပြီ ဖြစ်သည်။
ဝမ်ရှင်းဟန်က မည်သည့် ဝှက်ဖဲမှ အသုံးမပြုဘဲ ပကတိသတ္တမအဆင့်ဖြင့် ကောင်းကင်အင်မော်တယ်ကို သတ်ဖြတ်နိုင်သောကြောင့် ဝမ်ရှင်းဟန်၏ ပါရမီသည် ဟယ်ချန်ရီထက် များစွာ ပို၍ မြင့်မားနေခဲ့သည်။
ကျန်းချန်က သစ်ပင်မိစ္ဆာ ဆီသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားသော ဝမ်ရှင်းဟန်ကို ကြည့်နေသော်လည်း မတားဆီးခဲ့ပေ။
ထိုအစား အစောပိုင်းက သူသုံးစွဲထားသော ခွန်အားများကို အစွမ်းကုန် ပြန်လည်ဖြည့်ဆည်းရန် အတွက် အင်မော်တယ်ခရစ္စတယ် တစ်ခုကို ထုတ်ယူလိုက်သည်။
ဝမ်ရှင်းဟန်၏ ပါရမီနှင့် ခွန်အားက ဟယ်ချန်ရီထက် ပိုမို မြင့်မားသော်လည်း သူသာ ယခုအချိန်တွင် အထွတ်အထိပ် အခြေအနေ၌ ရှိနေမည် ဆိုလျှင် ဝမ်ရှင်းဟန်ကို အနည်းငယ်မျှပင် ကြောက်ရွံ့နေမည် မဟုတ်ပေ။
သို့သော်လည်း အစောပိုင်းက သစ်ပင်မိစ္ဆာနှင့် တိုက်ပွဲတွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ပကတိအင်မော်တယ် စွမ်းအား ထက်ဝက်ကျော်ကို သုံးစွဲထားခဲ့သောကြောင့် ဝမ်ရှင်းဟန်ကို သူ မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။
လက်ရှိ အခြေအနေအရ သူ့အနေဖြင့် အခြေအနေကို စောင့်ကြည့်ပြီး သူ၏ ခွန်အားများကို ပြန်လည် ရရှိစေရန် တတ်နိုင်သမျှ အရှိန်မြှင့်တင်ရမည် ဖြစ်သည်။
အခန်း(၂၇၀၃)ပြီး၏။
အခန်း(၂၇၀၄)
“လခွမ်း.. စန်းယွင်အင်မော်တယ် နန်းတော်က ဝမ်ရှင်းဟန်က တလော့လျှို့ဝှက်နယ်မြေထဲကို ဘယ်လိုလုပ်ပြီး ရောက်လာရတာလဲ”
ဟယ်ချန်ရီ၏ မျက်ဝန်းများက အလွန်အမင်း မှုန်မှိုင်းသွားခဲ့သည်။
စန်းယွင်အင်မော်တယ်နန်းတော်မှ ဝမ်ရှင်းဟန်ဆိုသည်မှာ စန်းယွင်ပြည်နယ်တစ်ခုလုံးတွင်ပင် အထူးချွန်ဆုံးပါရမီရှင်များထဲမှ တစ်ဦးဖြစ်ပြီး သူ၏ အထွတ်အထိပ် အခြေအနေတွင်ပင် ယှဥ်ပြိုင်နိုင်ရန် ခဲယဥ်းလိမ့်မည် ဖြစ်ရာ ယခုကဲ့သို့ အခြေအနေမျိုးတွင်မူ ပြောနေစရာပင် မလိုတော့ချေ။
အစောပိုင်းက သူတို့သည် သစ်ပင်မိစ္ဆာကို အားနည်းအောင်ပြုလုပ်ရန် ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ရသည်။
ယခုအခါတွင် သူတို့က ဝမ်ရှင်းဟန်အတွက် ကြားထဲကနေ အပင်ပန်းခံ လွှတ်ပေးလိုက်သလို ဖြစ်သွားတော့မည်လော။
“ညီနောင်ကျန်းချန်.. အဲဒီကောင်က ပကတိအင်မော်တယ်သစ်သီး လုယူသွားတာကို ငါတို့ ဒီအတိုင်း ထိုင်ကြည့်နေရတော့မှာလား”
ဝမ်ရှင်းဟန်ကိုကြည့်ရင်း ဟယ်ချန်ရီ၏ မျက်နှာထက်တွင် အတော်လေး မကျေနပ်သော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။
“မင်းရဲ့လက်ရှိ အခြေအနေနဲ့ ဆိုရင် သူ့ကို လုံးဝ တားလို့ရမှာမဟုတ်ဘူး.. အပြောင်းအလဲတွေကိုပဲ အရင်စောင့်ကြည့်ရအောင်.. ဒီသစ်ပင်မိစ္ဆာက မင်းနဲ့ငါ့ကြောင့် အကြီးအကျယ် အားနည်းသွားတယ် ဆိုပေမဲ့ တကယ်တမ်း ထိပ်တိုက် ရင်ဆိုင်မယ်ဆိုရင် သူလည်း အလွယ်တကူတော့ ယူလို့ မရလောက်ဘူး”
သစ်ပင်မိစ္ဆာ၏ ခွန်အားသည် အနည်းဆုံး ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်တွင် ရှိသည်။
တစ်နေ့လုံးနီးပါး သူတို့၏ နှိပ်စက်မှုကို ခံထားရသဖြင့် အထွတ်အထိပ် အခြေအနေတွင် မရှိတော့သော်လည်း ပိန်သွားသော ကုလားအုပ်သည် မြင်းထက်ကြီးနေဆဲပင် မဟုတ်ပါလော။
စန်းယွင်နန်းတော်၏ ပါရမီရှင် ဝမ်ရှင်းဟန် ဖြစ်နေလျှင်ပင် သစ်ပင်မိစ္ဆာကို ရှင်းပစ်ရန်အတွက် အင်အား အများအပြား သုံးစွဲရလိမ့်မည် ဖြစ်သည်။
ယခု သူတို့ လုပ်ဆောင်နိုင်သည်မှာ အခြေအနေကို စောင့်ကြည့်ပြီး အခွင့်အရေးကို ရှာဖွေရန်သာ ဖြစ်၏။
ဝမ်ရှင်းဟန်နှင့် သစ်ပင်မိစ္ဆာတို့ တိုက်ခိုက်နေစဥ် အတွင်း ပကတိအင်မော်တယ် သစ်သီးကို အလစ်အငိုက်ရယူရန် ဖြစ်သည်။
ပကတိအင်မော်တယ် သစ်သီးတစ်လုံးကို ရရှိပြီး စားသုံးလိုက်ရုံမျှဖြင့် သူ၏ အထွတ်အထိပ် အခြေအနေကို ချက်ချင်းပင်ပြန်လည် ရောက်ရှိသွားနိုင်သည်။
ထိုအချိန်သို့ ရောက်လျှင် ဝမ်ရှင်းဟန်နှင့် ထိပ်တိုက် ရင်ဆိုင်ရလျှင်ပင် ကျန်းချန်သည် အနည်းငယ်မျှ ကြောက်ရွံ့နေမည်မဟုတ်ပေ။
ကျန်းချန်၏ အကြည့်အောက်တွင် ဝမ်ရှင်းဟန်သည် ဟင်းလင်းပြင် ပေါ်သို့ လျင်မြန်စွာ လှမ်းတက်သွားခဲ့ပြီး သစ်ပင်မိစ္ဆာ၏ ပေတစ်ထောင် ပတ်လည် အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
မကြာမီမှာပင် သစ်ပင်မိစ္ဆာ၏ အကိုင်းအခက်များနှင့် သစ်ရွက်များသည် ရူးသွပ်စွာ ဝှေ့ယမ်းလာခဲ့ပြီး ပြင်းထန်သော လေပြင်းများကို ဖြစ်ပေါ်စေခဲ့ကာ လေပြင်းများသည် ထက်ရှသော ဓားများ ကဲ့သို့ ဝမ်ရှင်းဟန်ကို တိုက်ခိုက်လာခဲ့သည်။
ဝမ်ရှင်းဟန်က အနည်းငယ်မျှပင် မကြောက်ရွံ့ဘဲ ပကတိအင်မော်တယ်စွမ်းအားများတွင် သူ၏ လက်သီးတွင် စုစည်းလိုက်ကာ ရေခဲလက်သီးချက် အဖြစ် ပြင်းထန်သော လေပြင်းဓားများကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ရေခဲလက်သီးချက်သည် သူ့ထံသို့ လာနေသည့် လေပြင်းဓားများကို ချက်ချင်းပင် အေးခဲသွားစေခဲ့၏။
နောက်ထပ် တစ်ခဏတွင် ထိုလေပြင်းဓားများသည် လေထဲတွင် တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။
လေပြင်းဓားများကို ချေမှုန်းပြီးနောက်တွင် ဝမ်ရှင်းဟန်၏ ရေခဲလက်သီးချက် စွမ်းအားသည် အနည်းငယ်မျှပင် လျော့ပါးမသွားဘဲ သစ်ပင်မိစ္ဆာ၏ အကိုင်းအခက်နှင့် သစ်ရွက်များကို ထိမှန်သွားခဲ့သည်။
“ဝုန်း..”
ပြတ်တောက်သွားသော သစ်ကိုင်း၊သစ်ခက်နှင့် သစ်ရွက်များသည် ကောင်းကင်ယံကနေ မြေပြင်ပေါ်သို့ ချက်ချင်းပင် လွင့်ကျလာခဲ့သည်။
“သစ်ပင်မိစ္ဆာ.. မင်းသာ အထွတ်အထိပ် အခြေအနေမှာ ရှိနေမယ်ဆိုရင် ငါမင်းကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး...ဒါပေမဲ့ မင်းရဲ့ လက်ရှိ အခြေအနေနဲ့တော့ ငါ့ရှေ့မှာ လာပြီး ရမ်းကားဖို့ အရည်အချင်း မရှိသေးဘူး”
လက်သီးတစ်ချက်တည်းဖြင့် သစ်ပင်မိစ္ဆာ၏ တိုက်ခိုက်မှုကိုချေမှုန်းလိုက်ပြီးနောက်တွင် ဝမ်ရှင်းဟန်သည် သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာရပ်နေရင်း သစ်ပင်မိစ္ဆာကို အေးစက်စက် ကြည့်၍ ပြောလိုက်သည်။
“မင်းသာ အခြေအနေကို နားလည်မယ်ဆိုရင် ပကတိအင်မော်တယ်သစ်သီး ပေးအပ်လိုက်ပါ.. ငါ မင်းကို အသက်ရှင်ခွင့်ပေးဖို့ စဥ်းစားပေးမယ်”
“လူသား.. မင်း ပကတိအင်မော်တယ်သစ်သီးကို စိတ်ကူးနဲ့တောင် ထိဖို့ မစဥ်းစားနဲ့”
သစ်ပင်မိစ္ဆာက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး အဓိက ပင်စည် သုံးခု၏ စွမ်းအားများကို ရူးသွပ်စွာ စုစည်းကာ ဝမ်ရှင်းဟန်ကို အစွမ်းကုန် သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။
“ငါမင်းကို အခွင့်အရေးပေးခဲ့တယ်.. မင်းက ကိုယ့်သေတွင်းကိုယ်တူးချင်နေမှတော့ ငါမင်းကို အကူအညီပေးရတာပေါ့”
ဝမ်ရှင်းဟန်က အေးစက်စက် ရေရွတ်လိုက်ပြီး အလွန်တရာအေးစက်သော ရေခဲလက်သီးချက်ကို သစ်ပင်မိစ္ဆာထံ နောက်တစ်ကြိမ် ထပ်မံ ဖော်ထုတ်လိုက်သည်။
သစ်ပင်မိစ္ဆာနှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်နေသော ဝမ်ရှင်းဟန်ကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ဤဝမ်ရှင်းဟန်သည် တလော့အင်အားစုမှ ထိပ်တန်း ပါရီရှင်တစ်ဦး ဖြစ်ရန် အလွန်ပင် ထိုက်တန်၏။
ဝမ်ရှင်းဟန်က အမှန်တကယ်ပင် အံ့ဩစရာကောင်းပြီး ဟယ်ချန်ရီကဲ့သို့ ပါရမီရှင်မျိုသည် မည်သို့မျှ နှိုင်းယှဥ်၍မရနိုင်ပေ။
စင်စစ် သစ်ပင်မိစ္ဆာသည် ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့်နှင့်ပင် ယှဥ်နိုင်သည့် အစွမ်းထက် ဖြစ်တည်မှု တစ်ခုဖြစ်သည်။
ကျန်းချန်တို့၏ ဆက်တိုက် အနှောင့်အယှက်ပေးမှုများကြောင့် စွမ်းအား အများအပြား လျော့နည်းသွားခဲ့သော်လည်း ကောင်းကင်အင်မော်တယ် တတိယအဆင့်ထက် မနိမ့်သည့် ခွန်အား ရှိနေဆဲပင်။
ဟယ်ချန်ရီ၏ ခွန်အားဖြင့်ပင် အထွတ်အထိပ် အခြေအနေတွင် ခရမ်းရောင်လျှပ်စီး အင်မော်တယ်ဓားကို အသုံးပြုမှသာ သစ်ပင်မိစ္ဆာနှင့် ယှဥ်ပြိုင်နိုင်လိမ့်မည် ဖြစ်သည်။
သို့သော် ဝမ်ရှင်းဟန်ကမူ ပကတိအင်မော်တယ် အဋ္ဌမအဆင့်သာ ရှိသော်လည်း ပြင်ပ အကူအညီ လုံးဝ မပါဘဲ ကိုယ်ပိုင်ခွန်အားဖြင့်သာ သစ်ပင်မိစ္ဆာကို ထိပ်တိုက် ရင်ဆိုင်နိုင်ခဲ့သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ဟယ်ချန်ရီနှင့် ဝမ်ရှင်းဟန် တို့ကြားမှ ကွာခြားချက်သည် သာမန်မျှ မဟုတ်ကြောင်း သိသာနေခဲ့၏။
ဤထဲမှ ဝမ်ရှင်းဟန်သည် သစ်ပင်မိစ္ဆာနှင့် တစ်ခဏမျှ တိုက်ခိုက်ခဲ့သော်လည်း အကျိုးအမြတ် များစွာ မရရှိခဲ့ပေ။
သစ်ပင်မိစ္ဆာကို စိုက်ကြည့်ရင်း သူ၏ မျက်နှာအမူအရာက ချက်ချင်းပင် အေးစက်သွားခဲ့သည်။
“ထင်ထားတဲ့အတိုင်းပဲ.. ကောင်းကင်အင်မော်တယ်အဆင့်သစ်ပင်မိစ္ဆာရဲ့ ကာကွယ်ရေး စွမ်းရည်က တကယ်ကို အားကောင်းလွန်းတယ်.. ငါမင်းကို အထင်သေးမိသွားပြီထင်တယ်.. မင်းကို ရှင်းပစ်ဖို့ဆိုရင် မှော်ရတနာတစ်ခုခု အသုံးမပြုဘဲနဲ့ ခက်ခဲပုံပဲ”
ဝမ်ရှင်းဟန်က အေးစက်စက် ကြုံးဝါးပြီးသည်နှင့် လက်သီးဆုပ်ခန့် အရွယ်အစားရှိသော အနက်ရောင်ပုတီးစေ့တစ်ခုသည် ဝမ်ရှင်းဟန်၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။
အနက်ရောင်ပုတီးစေ့ ပေါ်လာသည်နှင့်အမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော အအေးစွမ်းအားများသည် ဝမ်ရှင်းဟန်၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့သည်။
ဤအနက်ရောင်ပုတီးစေ့ စွမ်းအားသည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းပြီး ရေခဲဘုံကိုးလွှာမှ လာသကဲ့သို့ အင်မော်တယ် တစ်ဦး၏ ဝိညာဥ်ကိုပင် အေးခဲသွားစေနိုင်၏။
ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် အနည်းငယ်မျှ ထိတွေ့မိသည်နှင့် ချက်ချင်းပင် လောင်ကျွမ်းပျက်စီးသွားနိုင်လောက်သည်။
ဝမ်ရှင်းဟန်၏ လက်ထဲမှ ပုတီးစေ့ကို အကဲခတ်ရင်း ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ်ကျဥ်းမြောင်းသွားခဲ့သည်။
ထိုအနက်ရောင်ပုတီးစေ့သည် သာမန် အသွင်အပြင်သာ ရှိသော်လည်း ယင်းသည် သူအင်မော်တယ်လောကသို့ ဝင်ရောက်လာပြီးနောက် မြင်တွေဖူးသမျှ အစွမ်းထက်ဆုံး အင်မော်တယ်ရတနာ ဖြစ်သည်မှာ သေချာ၏။
လုဟုန်ယွီ၏ မီးလျှံဖီးနစ်ငှက်မွေးဖြစ်စေ၊ ဟယ်ချန်ရီ၏ ခရမ်းရောင်လျှပ်စီးအင်မော်တယ်ဓားဖြစ်စေ၊ ထိုအနက်ရောင်ပုတီးစေ့လောက် အစွမ်းမထက်လောက်ပေ။
“အခုတင် လှုပ်ရှားမှ ဖြစ်တော့မယ်.. နောက်ထပ် စောင့်နေလို့ မဖြစ်တော့ဘူး”
ကျန်းချန်၏ မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။
ဝမ်ရှင်းဟန်၏ ကြောက်မက်ဖွယ် ခွန်အားဖြင့် ဆိုလျှင် အနက်ရောင်ပုတီးစေ့ကို အသုံးပြုသည်နှင့် သစ်ပင်မိစ္ဆာသည် လုံးဝ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
အကယ်၍ သူသာ ပကတိအင်မော်တယ် သစ်သီးကို အလစ်အငိုက်ဖမ်း၍ မယူငင်ခဲ့လျှင် ဝမ်ရှင်းဟန်က သစ်ပင်မိစ္ဆာကို လုံးဝ အနိုင်ယူပြီးသွားသည်နှင့် သူ့အတွက် မည်သည့် အခွင့်အရေးမျှ ရှိတော့မည် မဟုတ်ပေ။
ကျန်းချန်က ဝမ်ရှင်းဟန်၏ လှုပ်ရှားမှုကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေခဲ့သည်။
ဝမ်ရှင်းဟန်က သစ်ပင်မိစ္ဆာကို သတ်ဖြတ်ရန် အနက်ရောင်ပုတီးစေ့ကို အသက်သွင်းလိုက်သည့် အခါတွင် သူက အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို ချက်ချင်းပင် အမြင့်ဆုံးအဆင့်ထိ လှုံ့ဆော်လိုက်ပြီး အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ပကတိအင်မော်တယ် သစ်သီး ထံသို့ တိုက်ရိုက်ပင် ပြေးဝင်သွားခဲ့သည်။
ကျန်းချန်က ပကတိအင်မော်တယ် သစ်သီးရှိရာ ဆီသို့ ပျံသန်းသွားသည့် အခိုက်အတန့်တွင် ဝမ်ရှင်းဟန်သည် ကျန်းချန်ကို ချက်ချင်းဆိုသလို အာရုံခံမိသွားခဲ့သည်။
သူ၏ မျက်နှာက အေးစက်သွားခဲ့ပြီး အနက်ရောင်ပုတီးစေ့၏ စွမ်းအားဖြင့် သူ့ကို ပိတ်ဆို့နေသော သစ်ပင်မိစ္ဆာ၏ အကိုင်းအခက်နှင့် သစ်ရွက်များကို အေးခဲအောင် ပြုလုပ်လိုက်သည်။
ထို့နောက်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ကိန်းအောင်းနေသည့် အေးစက်စက် ကြုံးဝါးသံ တစ်သံသည် လေထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
“ပကတိအင်မော်တယ် သတ္တမအဆင့်လေးကများ ငါ့မျက်စိအောက်မှာ ပကတိအင်မော်တယ် သစ်သီးကို လုယူချင်နေသေးတယ်.. သွားသေလိုက်တော့”
အေးစက်စက် ကြုံးဝါးသံ အဆုံးသတ်သည်နှင့် ဝမ်ရှင်းဟန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကျန်းချန်ထံ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
ကျန်းချန်က အနည်းငယ်မျှပင် ရှောင်တိမ်ခြင်း မရှိဘဲ ခန္ဓာကိုယ်အတွင်းမှ အင်မော်တယ် အဆီအနှစ် စွမ်းအားများကို စုစည်းလိုက်ပြီး ဝမ်ရှင်းဟန်၏ လက်သီးချက်ကို လက်သီးချက်ဖြင့်ပင် တိုက်ရိုက် ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါသွားစေနိုင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကျန်းချန်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားခဲ့ကာ ဝမ်ရှင်းဟန်၏ လက်သီးချက် တွန်းကန်မှုနှင့်အတူ သစ်ပင်မိစ္ဆာ၏ ပကတိအင်မော်တယ်သစ်သီး ရှိရာ အရပ်ဆီသို့ နောက်ပြန် လွင့်စင်သွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ကျန်းချန်၏ ပုံရိပ်သည် သစ်ပင်မိစ္ဆာ၏ ပကတိအင်မော်တယ် သစ်သီး အနားသို့ တည်ငြိမ်စွာ ကျရောက်သွားခဲ့သည်။
သူက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ဓားချက် လေးချက်ကို ချက်ချင်းပင် ထုတ်ဖော်၍ သစ်ပင်မိစ္ဆာ၏ ပကတိအင်မော်တယ် သစ်သီးများ သီးပွင့်နေသည့် အကိုင်းအခက်လေးခုကို ဖြတ်တောက်လိုက်သည်။
သူ့လက်ဖဝါးထဲရှိ ပကတိအင်မော်တယ် သစ်သီး လေးလုံးကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် ဝမ်းသာသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“နောက်ဆုံးတော့ ပကတိအင်မော်တယ် သစ်သီးကို ရခဲ့ပြီ”
အခန်း(၂၇၀၄)ပြီး၏။