အခန်း (၂၇၀၅-၂၇၀၆)
Vol. 211 Ch. 2705-2706
အခန်း(၂၇၀၅)
“ဟေ့ကောင် မင်းသေချင်နေပြီလား”
ကျန်းချန်က သူ၏ လက်သီးချက်ကြောင့် သေဆုံးမသွားသည့်အပြင် ဤအခြေအနေကို အခွင့်ကောင်းယူကာ သစ်ပင်မိစ္ဆာ၏ ပကတိအင်မော်တယ် သစ်သီးအား ရယူသွားသည်ကိုမြင်လျှင် ဝမ်ရှင်းဟန်သည် အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ဝမ်ရှင်းဟန်သည် အနက်ရောင်ဝတ်စုံဝတ် လူငယ်က လုမိသားစုက သူ့ကို ကူညီဖြေရှင်းပေးစေလိုသောလူ ဖြစ်မှန်း မှတ်မိသွားခဲ့၏။
ဝမ်ရှင်းဟန်သည် ကျန်းချန်က ပကတိအင်မော်တယ် သတ္တမအဆင့်သာ ရှိသောကြောင့် အရေးမစိုက်ခဲ့ပေ။
အစောပိုင်းက သူ၏ လက်သီးချက်သည် ပြိုင်ဘက်ကို သတ်ဖြတ်နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း တကယ်တမ်းတွင် လေပြေလေညင်း တစ်ခုမျှသာ ဖြစ်သွားခဲ့သည်။
ပြိုင်ဘက်သည် သူ၏ လက်သီးချက်ကို တားဆီးနိုင်ရုံသာမက သစ်ပင်မိစ္ဆာထံမှ သီးပွင့်လာသည့် ပကတိအင်မော်တယ် သစ်သီး လေးလုံးကိုပါ လုယူသွားခဲ့သည်။
သိထားရမည့်အချက်မှာ အစောပိုင်းက လက်သီးချက်တွင် သူ၏ ခွန်အားကို အနည်းငယ်မျှပင် ထိမ်ချန်ထားခြင်း မရှိခဲ့ခြင်းပင်။
ထျန်းရွှေအင်မော်တယ် မြို့တော်နှင့် စန်းရွှေအင်မော်တယ်မြို့တော်မှ ဟယ်ချန်ရီ ကဲ့သို့ ပကတိအင်မော်တယ် နဝမအဆင့် ပါရမီရှင်တစ်ဦး ဖြစ်နေလျှင်ပင် ထိုလက်သီးချက်ကို ခုခံနိုင်ရန်မှာ မလွယ်ကူပေ။
ဤ ပကတိအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူက သူ၏ လက်သီးချက်ကို မည်ကဲ့သို့ တားဆီးနိုင်ခဲ့မှန်း ဝမ်ရှင်းဟန် အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။
ကျန်းချန်က ဝမ်ရှင်းဟန်၏ ဒေါသကို လျစ်လျူရှုလိုက်ပြီး တွေဝေမနေတော့ဘဲ သစ်ပင်မိစ္ဆာ၏ ပကတိအင်မော်တယ် သစ်သီးတစ်လုံးကို ကောက်ယူကာ မျိုချလိုက်သည်။
ပကတိအင်မော်တယ် သစ်သီးက သူ၏ပါးစပ်နားသို့ ရောက်ခါမှ ပုတ်ချခံလိုက်ရသောကြောင့် ဝမ်ရှင်းဟန်သည် အကြီးအကျယ် ဒေါသထွက်သွားခဲ့ပြီး သစ်ပင်မိစ္ဆာထံ ကျရောက်နေသော သူ၏ ဒေါသသည် ကျန်းချန်ထံ လွှဲပြောင်းလာနိုင်သည့် အခြေအနေ ရှိနေခဲ့၏။
မည်သို့ပင်ဖြစ်စေကာမူ နောက်ထပ် အခြေအနေများကို ရင်ဆိုင်နိုင်စွမ်းရှိရန် အတွက် သူ၏ အထွတ်အထိပ် ခွန်အားများ ချက်ချင်းဆိုသလို ပြန်လည်ရရှိရန် ပကတိအင်မော်တယ် သစ်သီး တစ်လုံးကို သူ မဖြစ်မနေ မျိုချရပေလိမ့်မည်။
ကျန်းချန်က ပကတိအင်မော်တယ် သစ်သီးကို မျိုချလိုက်သည်နှင့် ကြောက်မက်ဖွယ်စွမ်းအင်များသည် ကျန်းချန်၏ ခန္ဓာကိုယ် အတွင်းသို့ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ပြီး ယခင်တိုက်ပွဲတွင် ကျန်းချန် အသုံးပြုခဲ့သည့် အင်မော်တယ်အဆီအနှစ် စွမ်းအားများကို ပြန်လည် ဖြည့်ဆည်းပေးလိုက်သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းချန်သည် အားနည်းသော အခြေအနေကနေ ပြန်လည် ကောင်းမွန်လာခဲ့၏။
ယင်းအချိန်မှာပင် ကျန်းချန်၏ စိတ်ထဲ၌ ချိုသာသော သတိပေးသံ တစ်သံ မြည်ဟည်းလာခဲ့သည်။
“ဒင်.. သင်က သစ်ပင်မိစ္ဆာရဲ့ ပကတိအင်မော်တယ် သစ်သီးကို မျိုချပြီး အင်မော်တယ်အဆီအနှစ် စွမ်းအား အတွေ့အကြုံရမှတ် သိန်းတစ်ရာကို အဆ ၁၀၀ ရရှိပါတယ်”
“ဒင်.. သင်က ပကတိအင်မော်တယ် အဋ္ဌမအဆင့်သို့ ထိုးဖောက်သွားခဲ့ပါပြီ”
သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာမှုကို ခံစားမိလျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ အတိုင်းထက်အလွန် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ပကတိအင်မော်တယ် သစ်သီးကို မျိုချလိုက်ခြင်းသည် သူ၏ အထွတ်အထိပ် အခြေအနေကို ချက်ချင်းပင် ပြန်ရောက်စေရုံသာမက သူ၏ ကျင့်ကြံခြင်းအဆင့်ကိုပါ အဆင့်တစ်ဆင့် မြင့်တက်သွားစေခဲ့ပြီး ပကတိအင်မော်တယ် အဋ္ဌမအဆင့်သို့ ထိုးဖောက်သွားစေခဲ့မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
သို့သော်လည်း အသေအချာ ပြန်လည် တွေးတောကြည့်ပြီးနောက်တွင် ကျန်းချန်သည် စိတ်သက်သာရာ ရသွားခဲ့သည်။
ဤ ပကတိအင်မော်တယ် သစ်သီးသည် ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ဦးကိုပင် အဆင့်တစ်ဆင့် တိုက်ရိုက် မြှင့်တင်ပေးနိုင်သည်ဟု ဆိုကြသည့် အတုမဲ့ ပကတိ အင်မော်တယ် သစ်သီး ဖြစ်သည်။
ဆိုရလျှင် ပကတိအင်မော်တယ် သတ္တမအဆင့်သာ ရှိသေးရာ ပကတိအင်မော်တယ် သစ်သီး အကူအညီဖြင့် ပကတိအင်မော်တယ် အဋ္ဌမအဆင့်သို့ တက်လှမ်းရန်မှာ သူ့အတွက် မခက်ခဲပေ။
“အစ်ကိုကျန်းချန်က ပကတိအင်မော်တယ်သစ်သီးရဲ့အကူအညီနဲ့ အဆင့် ထိုးဖောက်သွားခဲ့ပြီ”
အောက်ဘက်ရှိ လော့ချင်းအာသည် ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲလာမှုကို ခံစားမိလိုက်ပြီး ဝမ်းသာအားရရေရွတ်လိုက်သည်။
ကျန်းချန်၏ မျက်ဝန်းထဲတွင်လည်း မျှော်လင့်ချက် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
သူတို့ ဤမျှအထိ အပင်ပန်းခံကာ တစ်နေ့လုံးနီးပါး သစ်ပင်မိစ္ဆာနှင့် အချိန်ကုန်ခဲ့ရသော်လည်း အဆုံးသတ်တွင် ဝမ်ရှင်းဟန်အတွက် ကြားကနေ အပင်ပန်းခံ လုပ်သေးလိုက်သလို ဖြစ်သွားတော့မည်ဟု မူလက သူထင်မှတ်ထားခဲ့သည်။
သို့သော်လည်း ဝမ်ရှင်းဟန်နှင့် သစ်ပင်မိစ္ဆာတို့ တိုက်ခိုက်နေသည့် အချိန်တွင် ကျန်းချန်သည် ပကတိအင်မော်တယ်သစ်သီးကို ယူဆောင်လိုက်ပြီး ပကတိအင်မော်တယ်သစ်သီး၏ အကူအညီဖြင့် အင်အားများ ပြန်လည်ရရှိကာ ပကတိအင်မော်တယ် အဋ္ဌမအဆင့်သို့ပင် ထိုးဖောက်ဝင်ရောက်သွားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ
ကျန်းချန်၏ ပါရမီနှင့်ခွန်အားအရ ပကတိအင်မော်တယ် အဋ္ဌမအဆင့်သို့ ထိုးဖောက်သွားပြီ ဖြစ်ရာ ဝမ်ရှင်းဟန်ကို ယှဥ်ပြိုင်ရန် အရည်အချင်းမရှိဟု မဆိုနိုင်ပေ။
“ဒီကောင်က ပကတိအင်မော်တယ် သစ်သီးရဲ့ စွမ်းအားကို ချက်ချင်း စုပ်ယူလိုက်တာလား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
မျက်စိတစ်မှိတ်အတွင်းမှာပင် ပကတိအင်မော်တယ် အဋ္ဌမအဆင့်သို့ ထိုးဖောက်သွားသော ကျန်းချန်ကို ကြည့်ကာ ဝမ်းရှင်းဟန်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
တလော့အင်အားစုမှ အဓိကတစ်ဦး အနေဖြင့် ပကတိအင်မော်တယ်သစ်သီး အပေါ် နားလည်မှုသည် ဤနေရာရှိ မည်သူ့ထက်မဆို သာလွန်သည်။
ပကတိအင်မော်တယ် သစ်သီးသည် ကောင်းကင်အင်မော်တယ်တစ်ဦးကိုပင် အဆင့်တစ်ဆင့် တိုးတက်စေနိုင်သည့် အတုမဲ့ အင်မော်တယ်သစ်သီးဟု ဆိုစမှတ် ပြုကြသော်လည်း ယင်းမှာ လုပ်ငန်းစဥ်တစ်ခု လိုအပ်သည်။
ရှင်းလင်းစွာဆိုရလျှင် ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလျှင်ပင် သုံးလမှ ငါးလအထိ အချိန်မပေးနိုင်ဘဲ ပကတိအင်မော်တယ် သစ်သီး၏ စွမ်းအားများကို အပြည့်အဝ စုပ်ယူရန် မဖြစ်နိုင်ပေ။
ပကတိအင်မော်တယ် တစ်ဦးအတွက် ဆိုလျှင် ပကတိအင်မော်တယ် သစ်သီး၏ စွမ်းအားများကို စုပ်ယူရန် ပိုမိုကြာရှည်သော အချိန်ကို လိုအပ်ပေလိမ့်မည်။
သူ့ရှေ့မှ ကောင်လေးသည် ပကတိအင်မော်တယ် သတ္တမအဆင့်သာ ရှိသော်လည်း ပကတိအင်မော်တယ် သစ်သီး၏ စွမ်းအားများကို ချက်ချင်းပင် စုပ်ယူနိုင်ခဲ့ပြီး တစ်ထိုင်တည်းဖြင့်ပင် ပကတိအင်မော်တယ် အဋ္ဌမအဆင့်သို့ ထိုးဖောက်သွားခဲ့သည်။
ဤကဲ့သို့သော စွမ်းရည်မျိုးသည် သာမန် ပကတိအင်မော်တယ်များ လုပ်ဆောင်နိုင်သည့် အရာလုံးဝမဟုတ်ပေ။
ဝမ်ရှင်းဟန် သိသလောက်ဆိုလျှင် ဒဏ္ဍာရီလာ အနှိုင်းမဲ့နတ်ခန္ဓာကိုယ် ပိုင်ရှင်များသာ ဤကဲ့သို့ အင်မော်တယ်ဆေးဝါးများနှင့် သစ်သီးများကို ချက်ချင်း စုပ်ယူနိုင်သည့် စွမ်းရည်ရှိကြသည်။
သို့ဆိုလျှင် သူ့ရှေ့မှ ကောင်လေးသည် ဒဏ္ဍာရီလာ အနှိုင်းမဲ့နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါသလော။
ဒဏ္ဍာရီလာ အနှိုင်းမဲ့နတ်ခန္ဓာကိုယ် ဆိုသည်မှာ အင်မော်တယ်လောကတွင်ပင် ပြိုင်ဘက်ကင်းသော အင်မော်တယ်ခန္ဓာကိုယ်များ ထဲမှ တစ်ခု ဖြစ်သည်။
ဤကဲ့သို့သော ပြိုင်ဘက်ကင်း ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားသူတိုင်းသည် မွန်းစတားဆန်စွာ ပါရမီ အလွန်တရာ ထူးချွန်ကြသည်။
သို့သော်လည်း ပြိုင်ဘက်ကင်း အင်မော်တယ် ခန္ဓာကိုယ်များသည် အင်မော်တယ်လောက တစ်ခုလုံးတွင်ပင် တွေ့ရခဲ၏။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ဟု ခေါ်သည့် အင်အားစုတွင်သာ ပြိုင်ဘက်ကင်း အင်မော်တယ် ခန္ဓာကိုယ် တစ်ခု ရှိ၏။
ထျန်းရွှေအင်မော်တယ် မြို့တော်နှင့် စန်းဟယ်အင်မော်တယ်မြို့တော်မှ အင်အားစုများ ပင်လျှင် ထိုကဲ့သို့ ပြိုင်ဘက်ကင်း အင်မော်တယ် ခန္ဓာကိုယ် ပိုင်ရှင်မျိုးကို မပိုင်ဆိုင်ဖူးကြပေ။
ဤကဲ့သို့သော နေရာမျိုးတွင် ဤမျှအထိ ပြိုင်ဘက်ကင်းသည့် အင်မော်တယ် ခန္ဓာကိုယ်မျိုး ရှိနေရန်မှာ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
ဝမ်ရှင်းဟန်က သူ၏ ရင်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး ကျန်းချန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
“ကောင်လေး မင်းဘယ်သူလဲ”
အကယ်၍ ထိုကောင်လေးသာ အမှန်တကယ်ပင် အင်မော်တယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည် ဆိုလျှင် ထိုကောင်လေး၏ နောက်ခံသည် သေချာပေါက် သာမန် မဟုတ်နိုင်ပေ။
“ငါ ဘယ်သူလဲ ဆိုတာက အရေးမကြီးဘူး”
ကျန်းချန်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
“အရေးကြီးတာက ပကတိအင်မော်တယ် သစ်သီးက ငါ့ပစ္စည်းဖြစ်သွားခဲ့ပြီ.. မင်းဆက်ပြီး လုချင်သေးလား”
ဝမ်ရှင်းဟန်၏ မျက်ဝန်းများက အနည်းငယ် လှုပ်ခတ်သွားခဲ့ပြီး ဝမ်ရှင်းဟန်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ငါ့ကို ပကတိအင်မော်တယ် သစ်သီး တစ်လုံး ပေးမယ်ဆိုရင် ငါ ဒီနေရာမှာပဲ ရပ်လိုက်မယ်.. ဘယ်လိုသဘောရလဲ”
ထိုကောင်လေးသည် အနှိုင်းမဲ့နတ်ခန္ဓာကိုယ်ဟု ခေါ်သည့် ပြိုင်ဘက်ကင်း အင်မော်တယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရန် အလွန်ပင် အခွင့်အလမ်းများသည်။
ထို့အပြင် ယခုအခါ ပကတိအင်မော်တယ် အဋ္ဌမအဆင့်သို့ ထိုးဖောက်သွားပြီဖြစ်ရာ သူနှင့် ကျင့်ကြံခြင်းအဆင့် တူညီသွားပြီဖြစ်၍ ဝမ်ရှင်းဟန်ပင်လျှင် အနိုင်ယူရန် မသေချာတော့ပေ။
သို့သော်လည်း ပကတိအင်မော်တယ် သစ်သီးသည် အလွန်တရာ ရှားပါးသော အင်မော်တယ်သစ်သီး ဖြစ်သည်။
ထိုသစ်သီးသည် ဝမ်ရှင်းဟန်က ကောင်းကင်အင်မော်တယ် အဆင့်ကို လျင်မြန်စွာ ထိုးဖောက်နိုင်ရန် အတွက် အလွန်ပင် အရေးပါသည် ဖြစ်ရာ ဝမ်ရှင်းဟန်သည် အလွယ်တကူ လက်မလျှော့နိုင်ခဲ့ပေ။
ထို့ကြောင့်လည်း ဝမ်ရှင်းဟန်သည် ကျန်းချန် ထံကနေ ပကတိအင်မော်တယ် သစ်သီး တစ်လုံးကို တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ သူသည်လည်း တလော့အင်အားစုမှ ထိပ်တန်း ပါရမီရှင်တစ်ဦးပင် မဟုတ်ပါလော။
ထိုကောင်လေးက ပကတိအင်မော်တယ် သစ်သီးလေးလုံးကို ရယူထားသည် ဖြစ်ရာ ပကတိအင်မော်တယ် သစ်သီး တစ်လုံးအတွက်ဖြင့် သူနှင့် ရန်သူဖြစ်ရန် ရွေးချယ်လိမ့်မည် မဟုတ်ဟု သူ ယူဆထားခဲ့သည်။
ကျန်းချန်က ဝမ်ရှင်းဟန်ကို လှောင်ပြုံး ပြုံး၍ ကြည့်လိုက်သည်။
“မင်းက တစ်လုံးပေးတာလို့ ပြောတာနဲ့ ငါက တစ်လုံးပေးရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ”
ထိုကောင်သည် အမှောင်ထဲတွင် ပုန်းအောင်းနေခဲ့ပြီး သူတို့နှင့် သစ်ပင်မိစ္ဆာတို့ တိုက်ခိုက်ပြီး နှစ်ဖက်စလုံး အားနည်းသွားသော အခြေအနေသို့ ရောက်မှ ထွက်လာခဲ့ကာ အခွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူသာ အခြေအနေကို အခွင့်ကောင်း မယူဘဲ ပကတိအင်မော်တယ် သစ်သီးကို ပြတ်ပြတ်သားသား မလုယူခဲ့လျှင် ပကတိအင်မော်တယ် သစ်သီးသည် ဝမ်ရှင်းဟန်၏ လက်ထဲသို့ ပါသွားမည်မှာ သေချာသလောက်ပင်။
ဝမ်ရှင်းဟန်သာ ပကတိအင်မော်တယ် သစ်သီးကို ရသွားခဲ့လျှင် သူတို့အတွက် မည်သို့မျှ ခွဲဝေစရာ အကြောင်းမရှိပေ။
ထို့အပြင် ဝမ်ရှင်းဟန်သည် လုမိသားစုမှ ခွဲတမ်းနေရာဖြင့် တလော့ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာခြင်း ဖြစ်ရာ လုမိသားစု ကိုယ်စား သူ့ကို ရှင်းပစ်ရန် အတွက် သဘောတူထားပြီးသားလည်း ဖြစ်ကောင်း ဖြစ်နေနိုင်၏။
ထို့ဖြစ်ရာ သူ့အနေဖြင့် ဝမ်ရှင်းဟန်ကို ပကတိအင်မော်တယ် သစ်သီးတစ်လုံး အဘယ်ကြောင့် ပေးရပါမည်နည်း။
ယခုအခါ သူက ပကတိအင်မော်တယ် သစ်သီး အကူအညီဖြင့် ပကတိအင်မော်တယ် အဋ္ဌမအဆင့်သို့ တစ်ထိုင်တည်း ထိုးဖောက်သွားခဲ့ပြီ ဖြစ်ရာ ဝမ်ရှင်းဟန်နှင့် ကျင့်ကြံခြင်းအဆင့် တူညီသွားခဲ့ပြီ ဖြစ်သည်။
ကျန်းချန်သည် အဆ ၁၀၀ စနစ်ကို လက်ခံရရှိပြီးကတည်းကစ၍ ဤနှစ်ပေါင်းများစွာ အတွင်း အဆင့်ကျော် တိုက်ပွဲများစွာကို ဆင်နွှဲလာခဲ့ဖူးပြီး မည်သူ့ကိုမှ မကြောက်ရွံ့ခဲ့ဖူးပေ။
အခန်း(၂၇၀၅)ပြီး၏။
အခန်း(၂၇၀၆)
“ကောင်လေး.. ငါမင်းကို မျက်နှာသာပေးနေတာတောင် မင်းက ငါမင်းကို ကြောက်တယ်လို့ ထင်နေတာလား”
ကျန်းချန်က သူ့ကို အလေးမထားသည်အား မြင်လျှင် ဝမ်ရှင်းဟန်၏ မျက်ဝန်းထဲ၌ သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“ငါ မင်းကို နောက်ဆုံးတစ်ခေါက် ထပ်မေးမယ်.. အင်မော်တယ်သစ်သီးကို ပေးမှာလား.. မပေးဘူးလား”
ကျန်းချန်က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
“အင်မော်တယ်သစ်သီးကို လိုချင်ရင်တော့ မင်းမှာ အဲဒီအရည်အချင်း ရှိ မရှိ အပေါ်မှာပဲ မူတည်တယ်”
“စကားကောင်း ပြောနေတာကို နားမလည်ဘဲ ကိုယ့်သေတွင်း ကိုယ်တူးချင်နေမှတော့ ငါမင်းကို ကူညီပေးရတာပေါ့”
ဝမ်ရှင်းဟန်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်ထဲကနေ အားကောင်းသော အင်မော်တယ် အဆီအနှစ် စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။
“ငရဲကိုးလွှာကြာပန်း”
ဝမ်ရှင်းဟန်က ကျယ်လောင်စွာကြုံးဝါးလိုက်သည်။
သူ၏ လက်ဖဝါးပေါ်တွင် အနက်ရောင်ရေခဲကြာပန်း တစ်ပွင့် ရှိနေခဲ့ပြီး အေးစက်သော ကြာပန်းပွင့်ချပ်များသည် နက်မှောင်သော အရာများ ထင်ဟပ်နေကာ မရေမတွက်နိုင်သော ရေခဲဓားများ အလား ကျန်းချန်ကို လွှမ်းခြုံသွားခဲ့သည်။
ကျန်းချန်က သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ပကတိအင်မော်တယ် အဋ္ဌမအဆင့် စွမ်းအားများသည် ပြင်းထန်သော ဓားကြီး အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး အနက်ရောင် ရေခဲကြာပန်းကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။
“ဝုန်း”
ကျယ်လောင်သော အသံနှင့်အတူ အနက်ရောင် ရေခဲကြာပန်းသည် ပေါက်ကွဲသွားခဲ့ပြီး အနက်ရောင် ရေခဲအစအနများသည် အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားခဲ့ကာ ပတ်ဝန်းကျင် ဟင်းလင်းပြင်ကိုပင် အက်ကြောင်းများ ဖြစ်ပေါ်စေခဲ့သည်။
အောက်ဘက်ရှိ သစ်ပင်မိစ္ဆာ၏ မရေမတွက်နိုင်သော အကိုင်း၊အခက်နှင့် သစ်ရွက်များသည်ပင် အနက်ရောင် ရေခဲအပိုင်းအစများ အဖြစ်သို့ ချက်ချင်းဆိုသလို ကြေမွသွားခဲ့ရာ သစ်ပင်မိစ္ဆာသည် သူ၏ အကိုင်းအခက်များကို ပြန်လည် ရုတ်သိမ်းလိုက်ရသည်။
ကျန်းချန်တို့ နှစ်ဦး တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအင်များသည် ဒဏ်ရာအပြင်းအထန် ရရှိထားသော သစ်ပင်မိစ္ဆာကို ခံနိုင်ရည်မရှိ ဖြစ်စေသည်မှာ ထင်ရှားနေခဲ့၏။
သူ၏ တိုက်ကွက်ကို ကျန်းချန်က အလွယ်တကူပင် ချေမှုန်းလိုက်သည်အား မြင်လျှင် ဝမ်ရှင်းဟန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ထိုခဏဝယ် သူ၏ ခန္ဓာကိုယ်ကနေ အအေးစွမ်းအားများသည် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
သူ၏ ပတ်ဝန်းကျင်ရှိ မီတာရာချီ ဧရိယာရှိ ဟင်းလင်းပြင်ထဲတွင် သာမန်မျက်စိဖြင့် မြင်နိုင်သော အအေးစွမ်းအင် အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဝမ်ရှင်းဟန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ရေခဲနှင့်နှင်းများသည် ဖုံးလွှမ်းသွားခဲ့သည်။
ရေခဲနှင့်နှင်းများ ကြားတွင် ကြီးမားသောရေခဲကြာပန်းများသည် အဆက်မပြတ် ပွင့်လန်းလာခဲ့ပြီး ထိုရေခဲကြာပန်းများသည် အိမ်တစ်လုံးနီးပါး ကြီးမားကာ ကြောက်မက်ဖွယ်ရာကောင်းသော အအေးစွမ်းအားများနှင့်အတူ ကျန်းချန် ဆီသို့ တိုးဝင်လာခဲ့သည်။
ယင်းအခိုက်အတန့်တွင် အောက်ဘက်ရှိ ဟယ်ချန်ရီတို့ လူစုသည်ပင် အအေးစွမ်းအား၏ သက်ရောက်မှုကြောင့် ခန္ဓာကိုယ်များ တောင့်တင်းလာခဲ့သည်။
“ဒါ တလော့အင်အားစုက ပါရမီရှင် တစ်ယောက်ရဲ့ ခွန်အားလား...တကယ်ကို ကြောက်စရာကောင်းတာပဲ”
ဝမ်ရှင်းဟန်၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ခံစားမိလျှင် ဟယ်ချန်ရီသည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်မိလိုက်သည်။
ဟယ်ချန်ရီသည် သူ့ကိုယ်သူ စန်းဟယ်အင်မော်တယ် မြို့တော်တွင် အထူးချွန်ဆုံး ပါရမီရှင် တစ်ဦးဟု ယူဆထားသော်လည်း ဝမ်ရှင်းဟန် ကဲ့သို့ တလော့အင်အားစုမှ ပါရမီရှင်များနှင့် နှိုင်းယှဥ်လျှင်မူ များစွာ နောက်ကျ ကျန်နေရစ်မှန်း နားလည်သွားခဲ့သည်။
“ပကတိအင်မော်တယ် အဋ္ဌမအဆင့်ကို ထိုးဖောက်သွားတဲ့ ကျန်းချန်က ဒီလူ့ကို ယှဥ်နိုင်ပါ့မလား”
ဟယ်ချန်ရီက လေထဲမှ တိုက်ပွဲကို မျက်တောင်မခတ်တမ်း အကဲခတ် ကြည့်နေခဲ့သည်။
တလော့အင်အားစုမှ ထိပ်တန်း ပါရမီရှင်ကို အဆင့်တူ အတွင်း ယှဥ်ပြိုင်နိုင်သူမှာ အမှန်တကယ်ပင် ရှားပါးသည် မဟုတ်ပါလော။
လေထဲတွင် ကျန်းချန်သည် ဝမ်ရှင်းဟန်၏ တိုက်ကွက်ကို အနည်းငယ်မျှပင် ထိတ်လန့်မှု မရှိခဲ့ပေ။
သူ၏ ခန္ဓာကိုယ်ကနေ အင်မော်တယ် အဆီအနှစ် စွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး ထောင်ချီသော မီးလျှံဓားကြီးများ အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ကာ သူ့ထံသို့ ဦးတည်လာသည့် ရေခဲကြာပန်းများကို ခုတ်ပိုင်းလိုက်သည်။
“ဝုန်း..ဝုန်း..ဝုန်း..”
ထိုအခိုက်အတန့်တွင် လေထဲ၌ မရေမတွက်နိုင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။
ဝမ်ရှင်းဟန်၏ အဆုံးမဲ့ ရေခဲကြာပန်းများသည် ကျန်းချန်၏ မိုးသီးမိုးပေါက် ကဲ့သို့ မီးလျှံဓားချီများ ချေမှုန်းခြင်းကို ခံလိုက်ရသည်။
“ဟားဟား တလော့အင်အားစုရဲ့ ပါရမီရှင်က ဘယ်ဆိုးလို့လဲ.. မင်းအလှည့် ပြီးသွားပြီ ဆိုတော့ အခု ငါ့ရဲ့တိုက်ကွက်ကို တစ်ချက်လောက် ခံစားကြည့်လိုက်ဦး”
ဝမ်ရှင်းဟန်၏ တိုက်ကွက်ကို ချေမှုန်းပြီးနောက်တွင် ကျန်းချန်က အော်ဟစ် ရယ်မောလိုက်ပြီး အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်းကို ထုတ်ဖော်လိုက်သည်။
“ဒီဓားသိုင်းက..”
ဝမ်ရှင်းဟန်၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှ အအေးစွမ်းများကို လျင်မြန်စွာ စုစည်းလိုက်ကာ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ရှေ့၌ ရေခဲဒိုင်းကာ တစ်ခုကို ဖန်တီးလိုက်သည်။
“ဝုန်း..”
အင်မော်တယ်များကို သုတ်သင်ခြင်း ဓားအလင်းသည် ရေခဲဒိုင်းပေါ်သို့ တစ်ခဏအတွင်းမှာပင် ကျရောက်သွားခဲ့သည်။
ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ဝမ်ရှင်းဟန်၏ ခန္ဓာကိုယ်သည် ပေရာချီ အကွာအဝေးအထိ ချက်ချင်းဆိုသလို လွင့်စင်သွားခဲ့သည်။
အဆုံးသတ်တွင် ဝမ်ရှင်းဟန်၏ ရေခဲဒိုင်းလွှာသည် အင်မော်တယ်များကို သုတ်သင်ခြင်း ဓားချက်စွမ်းအားကို ခံနိုင်ရည်မရှိဘဲ တိုက်ရိုက်ပင် ပေါက်ကွဲထွက်သွားခဲ့သည်။
ထိုခဏဝယ် ကျန်းချန်ကို ကြည့်နေသော ဝမ်ရှင်းဟန်၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
“အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းပါလား.. မင်းက အကြွင်းမဲ့ ဓားအင်မော်တယ် နန်းတော်ကလား”
စန်းယွင် အင်မော်တယ်နန်းတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေရှိ ပြည်နယ် တစ်ဆယ့်ရှစ်ခုအနက် စန်းယွင်ပြည်နယ်ကို အုပ်ချုပ်သော အင်အားစု ဖြစ်သည်။
စန်းယွင် အင်မော်တယ်နန်းတော်၏ ထိပ်တန်း ပါရမီရှင် တစ်ဦးအနေဖြင့် ဝမ်ရှင်းဟန်၏ အတွေ့အကြုံနှင့် ဗဟုသုတသည် သာမန်ထက် ကြွယ်ဝ၏။
အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း ဆိုသည်မှာ နာမည်ကျော်ကြားသော အင်မော်တယ်ဘုရင်အဆင့် အင်အားစု ဖြစ်သည့် အကြွင်းမဲ့ ဓားအင်မော်တယ် နန်းတော်၏ အင်မော်တယ်ဘုရင်အဆင့် ဓားသိုင်း ဖြစ်သည်။
သူ မြောက်ပိုင်းအေးစက်သော အင်မော်တယ် မြို့တော်တွင် ရှိစဥ်က အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ တပည့် တစ်ဦးသည် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း အသုံးပြုသည်ကို မြင်ဖူးခဲ့သည်။
အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ အသုံးပြုခဲ့သော အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းသည် သူ့ရှေ့မှ လူငယ် အသုံးပြုသည့် ဓားသိုင်းနှင့် ထပ်တူကျလုနီးပါးပင် ဖြစ်၏။
သူ့ရှေ့မှ လူ၏ အထောက်အထားက အလွန်ထူးခြားနိုင်သည်ကို ဝမ်ရှင်းဟန် သိထားသော်လည်း အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သို့သော်လည်း ဝမ်ရှင်းဟန်သည် တလော့လျှို့ဝှက်နယ်မြေထဲသို့ မဝင်ရောက်မီ လုမိသားစုဝင်များနှင့် စကားပြောခဲ့သည်ကို ရုတ်တရက် အမှတ်ရသွားခဲ့သည်။
လုမိသားစုဝင်များသည် ထိုကောင်လေးက အဆင့်နိမ့်စကြဝဠာကနေ အင်မော်တယ် လောကကို တက်လာသူ ဖြစ်သည်ဟု ပြောဆိုခဲ့၏။
အဆင့်နိမ့်စကြဝဠာမှာ တက်လှမ်းလာသူ တစ်ဦးသည် အကြွင်းမဲ့ ဓားအင်မော်တယ် နန်းတော်နှင့် ပတ်သက်နေသည့် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို မည်ကဲ့သို့ တတ်မြောက်နေပါသနည်း။
သို့မဟုတ်လျှင် ထိုလူသည် အဆင့်နိမ့် စကြဝဠာတွင် အမွေအနှစ် ချန်ထားရစ်ခဲ့သည့် အကြွင်းမဲ့ ဓားအင်မော်တယ်နန်းတော်မှ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး၏ မျိုးဆက် ဖြစ်နေပါသလော။
ဝမ်ရှင်းဟန်၏ ရုတ်တရက် တအံ့တဩ ရေရွတ်သံကြောင့် ဟယ်ချန်ရီတို့ လူစုသည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
သူတို့၏ မျက်ဝန်းထဲတွင်လည်း မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အမူအရာများ ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့သည်။
“ကျန်းချန်က အကြွင်းမဲ့ ဓားအင်မော်တယ် နန်းတော်က ဖြစ်နေတာလား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဟယ်ချန်ရီတို့ အားလုံးသည် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို မသိသော်လည်း အကြွင်းမဲ့ ဓားအင်မော်တယ်နန်းတော်၏ အမည်ကို ကြားဖူးကြသည်။
အကြွင်းမဲ့ ဓားအင်မော်တယ်နန်းတော် ဆိုသည်မှာ မြောက်ပိုင်းအေးစက်သော နယ်မြေ ပြင်ပရှိ အခြားသော အင်မော်တယ်ဘုရင်အဆင့် အင်အားစု တစ်စု ဖြစ်သည်။
အကယ်၍ ကျန်းချန်က အကြွင်းမဲ့ ဓားအင်မော်တယ် နန်းတော်မှ ဆိုလျှင် မြောက်ပိုင်းအေးစက်သော နယ်မြေ ကဲ့သို့ ဝေးလံခေါင်သီသည့် နေရာတွင် အဘယ်ကြောင့် ပေါ်လာရပါသနည်း။
“အစ်ကိုကျန်းချန်က တကယ်ပဲ အကြွင်းမဲ့ ဓားအင်မော်တယ် နန်းတော်ကများလား”
လော့ချင်းအာ၏ မျက်ဝန်းများက ဝေဝါးနေခဲ့ပြီး သူမ၏ လှပသော မျက်နှာလေးတွင် သံသယ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူမ သိသလောက် ဆိုလျှင် ကျန်းချန်သည် သိပ်မကြာခင်ကမှ အဆင့်နိမ့် စကြဝဠာကနေ အင်မော်တယ် လောကသို့ တက်လှမ်းလာခဲ့သူ တစ်ဦး ဖြစ်သည်။
သို့ဖြစ်ရာ မြောက်ပိုင်း အေးစက်သောနယ်မြေ ပြင်ပရှိ အင်မော်တယ်ဘုရင် အင်အားစုနှင့် မည်ကဲ့သို့ ပတ်သက်နေနိုင်ပါမည်နည်း။
“အကြွင်းမဲ့ ဓားအင်မော်တယ် နန်းတော်လား”
ဝမ်ရှင်းဟန်၏ အော်ဟစ်သံကို ကြားလျှင် ကျန်းချန်သည်ပင် စိတ်အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
အင်မော်တယ် ဖျက်ဆီးခြင်း ဓားသိုင်းကို ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က သူ့ကို သင်ကြားပေးခဲ့ခြင်း ဖြစ်၏။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ မိတ်ဆက်စကားအရ ထိုဓားသိုင်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် ခင်မင်ရင်းနှီးသော မိတ်ဆွေတစ်ဦး၏ ဓားသိုင်းဖြစ်သည်။
ဤအချက်အလက် ဆိုလျှင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ မိတ်ဆွေသည် ဝမ်ရှင်းဟန် နှုတ်မှ ရေရွတ်လိုက်သည့် အကြွင်းမဲ့ ဓားအင်မော်တယ် နန်းတော်နှင့် ပတ်သက်နေနိုင်ဖွယ် ရှိနေခဲ့သည်။
“ကြည့်ရတာ ဒီကောင့်နောက်ကနေ အကြွင်းမဲ့ ဓားအင်မော်တယ်နန်းတော်နဲ့ ပတ်သက်တဲ့ အချက်အလက် တချို့ကို သိနိုင်မလားပဲ”
ကျန်းချန်၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့သည်။
အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း၏ ပိုင်ရှင်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ မိတ်ဆွေကောင်း တစ်ဦးဖြစ်သည်။
လုရှောင်ချင်းက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ဆက်ခံပြီးနောက်တွင် ထာဝရရှင်သန်ခြင်းနန်းတော်နှင့် အတူ အင်မော်တယ်လောကသို့ ပြန်လည် ရောက်ရှိသွားခဲ့ရာ ယခုအခါတွင် သူမ မည်သည့်နေရာ၌ ရှိနေမှန်း သူ မသိပေ။
အကယ်၍ သူက အကြွင်းမဲ့ ဓားအင်မော်တယ် နန်းတော်မှ တစ်ဆင့် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း၏ ပိုင်ရှင် ဖြစ်သည့် အင်မော်တယ်ဘုရင်ကို ရှာတွေ့နိုင်မည် ဆိုလျှင် လုရှောင်ချင်း၏ အကြောင်းကို သိရှိကောင်း သိရှိနိုင်လိမ့်မည် မဟုတ်ပါလော။
ကျန်းချန်က အတွေးနက်နေသော်လည်း သူ၏ လက်မှ လှုပ်ရှားမှုများကိုမူ အနည်းငယ်မျှပင် မရပ်တန့်ဘဲ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း၏ ဒုတိယ ဓားကွက်ကို ချက်ချင်းပင် ထုတ်ဖော်ကာ ဝမ်ရှင်းဟန်ကို ထပ်မံ တိုက်ခိုက်လိုက်သည်။
အခန်း(၂၇၀၆)ပြီး၏။