← Chapters

အခန်း (၂၇၀၇-၂၇၀၈)

Vol. 211 Ch. 2708-2709

အခန်း (၂၇၀၇-၂၇၀၈)

Vol. 211 Ch. 2708-2709

အခန်း(၂၇၀၇)

ကျန်းချန်က အင်မော်တယ်ဓားသိုင်းကို အသုံးပြု၍ ထပ်မံတိုက်ခိုက်လိုက်သည်ကို မြင်လျှင် ဝမ်ရှင်းဟန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းသည် အကြွင်းမဲ့ ဓားအင်မော်တယ်နန်းတော်၏ ဂုဏ်သတင်းကျော်ကြားသော ဓားအင်‌မော်တယ်ဘုရင် ကိုယ်တိုင် တီထွင်ထားသည့် အင်မော်တယ်ဘုရင်အဆင့် ဓားသိုင်း ဖြစ်ပြီး အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိသည်။

ယခုအခါ ကျန်းချန် ပကတိအင်မော်တယ် အဋ္ဌမအဆင့်သို့ ထိုးဖောက် ဝင်ရောက်သွားပြီ ဖြစ်ရာ သူနှင့် ကျင့်ကြံခြင်းအဆင့် တူညီသွားခဲ့သည်။

သို့ဖြစ်၍ ဝမ်ရှင်းဟန် ပင်လျှင် အလွယ်တကူ ခုခံနိုင်ရန် မသေချာတော့ပေ။

ဝမ်ရှင်းဟန်က တုံ့ဆိုင်းမနေဘဲ အနက်ရောင် ရေခဲကြာပန်းကို ခွန်အား အပြည့်အဝဖြင့် ထပ်မံ ထုတ်ဖော်ကာ ကျန်းချန်၏ အင်မော်တယ်ဖျက်ဆီးခြင်း ဓားချက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားနှစ်ခုသည် လေထဲတွင် ထိပ်တိုက် ဆုံတွေ့သွားပြီးနောက်တွင် ဝမ်ရှင်းဟန် ထံမှ ညည်းတွားသံ ထွက်ပေါ်လာခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ဟင်းလင်းပြင်ထဲတွင် ခြေဆယ်လှမ်းကျော်ခန့် နောက်သို့ ဆုတ်သွားခဲ့ရသည်။

ထိုအခိုက်အတန့်တွင် ဆန့်ကျင်ဘက်ရှိ ကျန်းချန်ကို ကြည့်ကာ ဝမ်ရှင်းဟန်၏ ရင်ထဲတွင် အတော်လေး ထိတ်လန့်သွားခဲ့သည်။

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အနှိုင်းမဲ့နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် အပြင် အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကိုပါ ပိုင်ဆိုင်ထားသူဟု မပြောရပေ။

အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလောက်သည်အထိ အစွမ်းထက်နေခဲ့၏။

သူ၏ ခွန်အား အပြည့်အဝဖြင့် ငရဲကိုးလွှာကြာပန်းသိုင်းကို အသုံးပြုလိုက်လျှင် ကောင်းကင် အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူများနှင့်ပင် ယှဥ်ပြိုင်နိုင်စွမ်း ရှိသည်။

သို့သော်လည်း ထိုသို့ဖြစ်လင့်ကစား သူက ပြိုင်ဘက်၏ အင်‌မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းအောက်တွင် ဖိနှိပ်ခြင်းခံလိုက်ရသည်။

တစ်နည်းအားဖြင့် ဆိုရလျှင် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ပြင်ပအကူအညီ မပါဘဲ အနည်းဆုံး ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်နှင့် ယှဥ်နိုင်သောခွန်အား ရှိနေခဲ့၏။

“ဒီကောင်က အရမ်းကို အစွမ်းထက်လွန်းတယ်.. ဒီကနေ အရင်ဆုံးထွက်သွားတာ ပိုကောင်းမယ်ထင်တယ်”

ဝမ်ရှင်းဟန်က ထိတ်လန့်သွားခဲ့ပြီး ကျန်းချန်နှင့် ဆက်လက်တိုက်ခိုက်လိုစိတ် မရှိတော့ပေ။

သို့သော် သူထွက်သွားရန် ပြင်လိုက်စဥ်မှာပင် ဆန်းကြယ်သော ဟင်းလင်းပြင် လှိုင်းတစ်ခုသည် အောက်ဘက်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဝမ်ရှင်းဟန်က တစ်ခဏမျှ မှင်တက်သွားခဲ့ပြီး ဟင်းလင်းပြင် စွမ်းအင်လှိုင်း ထွက်ပေါ်လာသည့် နေရာ ဆီသို့ လှမ်းကြည့်လိုက်သည်။

ထိုအခါ ‌အောက်ဘက်ရှိ ဘောလုံးတစ်လုံး ကဲ့သို့ တွန့်လိမ်နေသော သစ်ပင်မိစ္ဆာ ထံကနေ မရေမတွက်နိုင်သော အကိုင်း၊အခက်နှင့် သစ်ရွက်များ ထပ်မံ ထွက်ပေါ်လာသည်ကို မြင်လိုက်ရပြီး သစ်ပင်မိစ္ဆာ၏ ဦးခေါင်းအထက်ရှိ ဟင်းလင်းပြင်တွင် ထူးခြားသော တုန်ခါမှု တစ်ခု ဖြစ်ပေါ်လာခဲ့ကာ ဟင်းလင်းပြင်ကို အနည်းငယ် တုန်ခါသွားစေခဲ့၏။

တဖြည်းဖြည်းနှင့် ဆန်းကြယ်သော ရေခဲမြူနှင်းအလွှာ တစ်ခုသည် သစ်ပင်မိစ္ဆာ၏ ထိပ်ဖျားပိုင်းကို ဝန်းရံသွားခဲ့ပြီး ‌ရေခဲခရစ္စတယ်များဖြင့် ပြုလုပ်ထားသော အလင်းတံခါး တစ်ချပ် အဖြစ် စုစည်းသွားခဲ့သည်။

လူတိုင်း၏ အကြည့်အောက်မှာပင် ရေခဲတံခါးသည် တဖြည်းဖြည်း ပီပြင်လာခဲ့ပြီး အတွင်းဘက်တွင် ရေခဲနန်းတော်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

ရေခဲနန်းတော်ကနေ ကြည်လင်တောက်ပသော အလင်းတန်းများ ထွက်ပေါ်နေခဲ့ပြီး မြင်ရသူကို ဆန်းကြယ်သော စိတ်ခံစားချက်အား ပေးစွမ်းနေခဲ့၏။

အလင်းတံခါး နောက်ကွယ်ရှိ ရေခဲနန်းတော်ကို မြင်လျှင် လူတိုင်းသည် အံ့အားသင့်သွားခဲ့ကြသည်။

“ဒါက တလော့အင်မော်တယ်နန်းတော်လား”

ရေခဲနန်းတော်သည် တလော့အင်မော်တယ်က ဤလျှို့ဝှက်နယ်မြေ ထဲတွင် ချန်ထားရစ်ခဲ့သည့် တလော့အင်မော်တယ်နန်းတော် ဖြစ်ရန် ဖြစ်နိုင်ခြေ အလွန်များနေခဲ့၏။

“ကြည့်ရတာ ရေခဲနန်းတော်ထဲမှာ တလော့အင်မော်တယ်က သူ့ရဲ့ အမွေအနှစ်ကို အမှန်တကယ် ချန်ထားခဲ့ပုံပဲ”

ရေခဲနန်းတော်ကို စူးစိုက်ကြည့်နေရင်း ဝမ်ရှင်းဟန်၏ မျက်ဝန်းထဲတွင် လောဘ အရိပ်အယောင်များ ပြင်းပြစွာ ထွက်ပေါ်လာခဲ့သည်။

အေးခဲတောင်တန်းထဲတွင် တလော့အင်မော်တယ်၏ အမွေအနှစ် ရှိသည်ဟု အမြဲတစေ ကောလဟာလ ရှိခဲ့သည်။

ဤအကြောင်းကြောင့်ပင် စန်းယွင်အင်မော်တယ် နန်းတော်သည် အေးခဲတောင်တန်းတွင် တလော့အင်မော်တယ် အမွေအနှစ်ကို ရှာဖွေရန် စန်းယွင်အင်မော်တယ် နန်းတော်မှ လူများကို တစ်ကြိမ်ထက်မက စေလွှတ်ခဲ့သော်လည်း တလော့အင်မော်တယ် အမွေအနှစ်ကို မည်သည့်အခါမှ ရှာမတွေ့ခဲ့ကြပေ။

သို့သော်လည်း ဝမ်ရှင်းဟန်သည် စန်းယွင်အင်မော်တယ်နန်းတော်ရှိ ရှေးဟောင်းကျမ်းစာ တချို့ကို ဖတ်ရှုခဲ့ရာ အေးခဲတောင်တန်းထဲတွင် နေထိုင်သွားခဲ့ဖူးသည့် အကြွင်းမဲ့ အေးစက်သောအင်မော်တယ် အရှင်ဟု‌ ခေါ်သည့် တလော့အင်မော်တယ် တစ်ပါး အမှန်တကယ် ရှိခဲ့ဖူးကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

ထိုအချက်ကြောင့်ပင် ဝမ်ရှင်းဟန်သည် အေးခဲတောင်တန်းရှိ အအေးလှိုင်းများ လွင့်စင်သွားချိန်တွင် ထျန်း‌ရွှေအင်မော်တယ် မြို့တော်သို့ ရောက်လာခဲ့ပြီး လုမိသားစုမှ တစ်ဆင့် တလော့လျှို့ဝှက်နယ်မြေ ထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဤအချိန်တွင် ဝမ်ရှင်းဟန်သည် လျှို့ဝှက်နယ်မြေထဲတွင် အကြွင်းမဲ့ အေးစက်သော အင်မော်တယ်အရှင်၏ အမွေအနှစ်သဲလွန်စများကို လိုက်လံ ရှာဖွေခဲ့သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။

ယခုတစ်ကြိမ် အင်မော်တယ်မြို့တော် နှစ်ခုမှ ကျင့်ကြံသူများနောက်သို့ လိုက်လာခဲ့သည့် ခန်းမက တလော့အင်မော်တယ်နန်းတော် ပေါ်ထွက်လာမှုကို မျက်မြင်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ယင်းမှာ သာမန်သာ လိုက်လံ ရှာဖွေသော်လည်း မထင်မှတ်ဘဲ အလွယ်တကူ ရှာတွေ့ခဲ့သည် ဟူသော ဆိုရိုးအတိုင်းပင်။

တလော့အင်မော်တယ် ဆိုသည်မှာ စန်းယွင်ပြည်နယ်နှင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင်ပင် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

အထူးသဖြင့် အကြွင်းမဲ့ အေးစက်သော အင်မော်တယ်အရှင်သခင်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် တစ်ချိန်က ထိပ်တန်း တလော့ အင်မော်တယ်တစ်ပါး ဖြစ်ခဲ့ပြီး အင်‌မော်တယ်ဘုရင်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သူ ဖြစ်သည်။

ထို့အပြင် အကြွင်းမဲ့အေးစက်သော အင်မော်တယ်ဘုရင် ထိန်းချုပ်ထားသည့် စွမ်းအားသည် သူကျင့်ကြံထားသည့် လမ်းစဥ်နှင့် အလွန်တရာ တူညီနေ၍ သူက တလော့အင်မော်တယ်အမွေအနှစ်ကို ဆက်ခံရန် အလွန်တရာပင် သင့်တော်နေခဲ့သည်။

အကယ်၍ သူသာ အကြွင်းမဲ့ အေးစက်သော အင်မော်တယ်အရှင်၏ အမွေအနှစ်ကို ဆက်ခံနိုင်မည်ဆိုလျှင် အနာဂတ်တွင် တလော့အင်မော်တယ် အဆင့်ကို ထိုးဖောက်ရန် သူ့အတွက် မခက်ခဲတော့ပေ။

ဝမ်ရှင်းဟန်၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့ပြီး ကျန်းချန်တို့ လူစုကို လျစ်လျူရှုကာ သူ၏ပုံရိပ်သည် ရေခဲတံခါးဆီသို့ လျင်မြန်စွာ ဝင်ရောက်၍ ပျောက်ကွယ်သွားခဲ့သည်။

“တလော့အင်မော်တယ် နန်းတော်ရဲ့ ဝင်ပေါက်က ဒီမှာဖြစ်နေတာကိုး.. ကြည့်ရတာ သစ်ပင်မိစ္ဆာက ဒီနေရာကို စောင့်ကြပ်နေတဲ့ပုံပဲ”

သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ဤအစွမ်းထက်သော ကောင်းကင်အင်မော်တယ် အဆင့် သစ်ပင်မိစ္ဆာသည် အဘယ်ကြောင့် ဤနေရာတွင် အမြစ်တွယ်နေပြီး တစ်ခါမှ မလှုပ်ရှားခဲ့သည်ကို သူအရင်က အနည်းငယ် အံ့အားသင့်နေခဲ့သည်။

ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် ကောင်းကင်အင်မော်တယ်အဆင့် သစ်ပင်မိစ္ဆာ တစ်ကောင်သည် လှုပ်ရှားနိုင်စွမ်း မရှိစရာ အကြောင်း မရှိပေ။

သို့ရာတွင် သူတို့က သစ်ပင်မိစ္ဆာ၏ အမြစ်များကို တဖြည်းဖြည်း ဖျက်ဆီးခဲ့ကြသည့်တိုင် သစ်ပင်မိစ္ဆာသည် မည်မျှပင် ဒေါသထွက်နေပါစေ၊ အနည်းငယ်မျှပင် မလှုပ်ရှားခဲ့ပေ။

သူတို့အနေဖြင့် သစ်ပင်မိစ္ဆာ လက်လှမ်းမမီသည့် ဧရိယာကနေ ဆုတ်ခွာလိုက်လျှင် သစ်ပင်မိစ္ဆာသည် သူတို့ကို လိုက်လံ တိုက်ခိုက်မည် မဟုတ်ချေ။

ကျန်းချန်သည် အဆုံးသတ်တွင် နားလည်သွားခဲ့ချေပြီ။

သစ်ပင်မိစ္ဆာ ဤနေရာတွင် အမြစ်တွယ်၍ ရှိနေရသည့်အကြောင်းအရင်းမှာ တလော့အင်မော်တယ် နန်းတော်၏ ဝင်ပေါက်ကို စောင့်ကြပ်နေသည်က ဖြစ်နိုင်ခြေ အလွန်များနေခဲ့၏။

ကျန်းချန်၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

တလော့အင်မော်တယ်နန်းတော်သည် ရုတ်တရက် ပေါ်ထွက်လာခြင်း ဖြစ်သော်လည်း မျက်စိရှေ့တွင် ရှိနေပြီ ဖြစ်ရာ တလော့အင်မော်တယ် နန်းတော် အထဲကို ဝင်ရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

သူက အောက်ဘက်ရှိ ဟယ်ချန်ရီကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သူ၏လက်ချောင်းများကို လှုပ်ရှားလိုက်ရာ ပကတိအင်မော်တယ် သစ်သီး တစ်လုံးသည် ဟယ်ချန်ရီ ဆီသို့ ပျံသန်းသွားခဲ့သည်။

"ဟယ်ချန်ရီ.. ပကတိအင်မော်တယ် သစ်သီးတစ်လုံး ဆိုရင် အဆင်ပြေတယ် မဟုတ်လား"

ဟယ်ချန်ရီက အလျင်အမြန်ပင် ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ညီနောင်ကျန်းချန်.. ငါ လက်မခံနိုင်စရာအကြောင်းမရှိပါဘူး"

ယခုတစ်ကြိမ်တွင် သူနှင့်ကျန်းချန်တို့ ပူးပေါင်း၍ သစ်ပင်မိစ္ဆာကို ရင်ဆိုင်ခဲ့ကြသော်လည်း ဝမ်ရှင်းဟန် ရုတ်တရက် ပေါ်ထွက်လာခဲ့ရာ ကျန်းချန်သာ အခြေအနေကို မပြောင်းလဲနိုင်ခဲ့လျှင် ပကတိအင်မော်တယ် သစ်သီးသည် ဝမ်ရှင်းဟန်၏ လက်ထဲသို့ ပါသွားလောက်ပြီ ဖြစ်သည်။

ဆိုရလျှင် ပကတိအင်မော်တယ် သစ်သီးကို ကျန်းချန်သည် ဝမ်ရှင်းဟန်၏ လက်ထဲကနေ သူ၏ ကိုယ်ပိုင် အစွမ်းအစဖြင့် ပြန်လည် လုယူခဲ့ခြင်းသာ ဖြစ်သည်။

ကျန်းချန်က သူ့ကို ပကတိအင်မော်တယ် သစ်သီးတစ်လုံး မပေးလျှင်ပင် ဟယ်ချန်ရီ အနေဖြင့် မည်သည့် စောဒကမှ တက်ဝံ့မည် မဟုတ်ပေ။

ယခုအခါတွင်မူ ဟယ်ချန်ရီသည် ပကတိအင်‌မော်တယ်သစ်သီးတစ်လုံးကို ရရှိလိုက်သဖြင့် အလွန်ပင် ကျေနပ်နေပြီဖြစ်ရာ မည်ကဲ့သို့ လက်မခံနိုင်စရာ အကြောင်း ရှိပါမည်နည်း။

ကျန်းချန်က ဟယ်ချန်ရီကို ပကတိအင်မော်တယ် သစ်သီးတစ်လုံး ပေးလိုက်ပြီးနောက်တွင် ကျန်ရှိသော ပကတိအင်‌မော်တယ် သစ်သီးနှစ်လုံးကို လော့ချင်းအာနှင့် နင်ကောင်းယန် တို့အား တစ်လုံးစီ ပေးလိုက်သည်။

"အစ်ကိုကျန်းချန်.. ဒီပကတိအင်မော်တယ် သစ်သီးက ကောင်းကင်အင်မော်တယ် အဆင့် သစ်ပင်မိစ္ဆာကနေ သီးပွင့်လာတဲ့ အရမ်းတန်ဖိုးကြီးတဲ့ သစ်သီးပဲ.. ဒါ့အပြင် ဒီသစ်သီးကို အစ်ကိုကျန်းချန်ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ ပြန်လုယူခဲ့တာဆိုတော့ အစ်ကိုပဲ ယူထားသင့်တယ်"

လော့ချင်းအာက အလျင်အမြန် ခေါင်းခါရမ်းလိုက်ပြီး ငြင်းဆိုလိုက်သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။

"ငါ ခန့်မှားတာ မမှားဘူးဆိုရင် ဒီပကတိအင်မော်တယ် သစ်သီးက တစ်လုံးပဲ မျိုချလို့ရတယ်.. ဒုတိယတစ်လုံးကို အသုံးပြုမယ်ဆိုရင် အာနိသင်က သိပ်မရှိတော့ဘူး.. ဒါကြောင့် ငါ့အတွက် သိပ်အသုံးမဝင်တော့မဲ့ အတူတူ မင်းတို့ပဲ လက်ခံလိုက်ပါ"

ကျန်းချန်၏ စကားကိုကြားလျှင် လော့ချင်းအာနှင့် နင်ကောင်းယန် တို့သည် ပကတိ အင်မော်တယ် သစ်သီးများကို လက်ခံလိုက်ကြသည်။

နင်ကောင်းယန်က ကျန်းချန်ကို ကျေးဇူးတင်သော အမူအရာဖြင့် ကြည့်လိုက်သည်။

"ကျန်းချန်.. ငါ နင်ကောင်းယန် မင်းရဲ့ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး"

ပကတိအင်မော်တယ် သစ်သီးတစ်လုံးသည် သူ၏ အနာဂတ် ကြီးထွားမှု အတွက် အလွန်တရာပင် အ‌ရေးပါသော အထောက်အပံ့ တစ်ခု ဖြစ်၏။

"ကဲ ငါတို့ တလော့အင်မော်တယ် နန်းတော် ထဲကို ဝင်သွားကြည့်ရအောင်"

ဤအခိုက်အတန့်တွင် ကျန်းချန်သည် တွေဝေမနေတော့ဘဲ လော့မိသားစုနှင့် နင်မိသားစုမှ လူစုကို ဦးဆောင်၍ တလော့ အင်မော်တယ် နန်းတော် ဆီသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။

အခန်း(၂၇၀၇)ပြီး၏။

အခန်း(၂၇၀၈)

“အစ်ကိုဟယ်.. ကျွန်တော်တို့ရော တလော့အင်မော်တယ် နန်းတော်ထဲကို ဝင်ကြမှာလား”

ကျန်းချန်တို့အဖွဲ့က တလော့အင်မော်တယ် နန်းတော်ထဲ ဝင်သွားသည်ကိုမြင်လျှင် ဟယ်ချန်ရီ၏ နံဘေးရှိ စန်းဟယ်အင်မော်တယ်မြို့တော်မှ ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူက အလျင်အမြန်ပင် မေးလိုက်သည်။

တလော့အင်မော်တယ် အမွေအနှစ်သည် အလွန်တရာပင် ဆွဲဆောင်မှု ရှိသော်လည်း ယခုအခါ ဟယ်ချန်ရီသည် ဒဏ်ရာအပြင်းအထန် ရရှိထားသဖြင့် သူတို့ စန်းဟယ် အင်မော်တယ်မြို့တော်တွင် တလော့အင်မော်တယ် အမွေအနှစ်အတွက် ယှဥ်ပြိုင်နိုင်စွမ်း မရှိပေ။

ထိုခဏဝယ် ဟယ်ချန်ရီသည် ပကတိအင်မော်တယ်သစ်သီးကို မျိုချလိုက်ရာ ခန္ဓာကိုယ်ထဲမှ ကုန်ခမ်းသွားသော စွမ်းအားများသည် မျက်စိတစ်မှိတ် အတွင်း သိသိသာသာပင် ပြန်လည်ကောင်းမွန်လာခဲ့သည်။

သူက ကျန်းချန်ကဲ့သို့ ပကတိအင်မော်တယ် သစ်သီး၏ စွမ်းရည်များကို အကုန်အစင် မစုပ်ယူနိုင်သော်လည်း ပကတိအင်မော်တယ် သစ်သီး၏ စွမ်းအားသည် သူ၏ ဒဏ်ရာများကို အနည်းငယ် ပြန်လည် သက်သာစေခဲ့သည်။

အစောပိုင်းက တိုက်ပွဲတွင် အသုံးပြုလိုက်ရသော စွမ်းအင်များသည် ဆယ်ဆမျှ ပိုမို မြန်ဆန်စွာ ပြန်လည် ဖြည့်တင်းလာခဲ့၏။

“ဝင်ကြတာပေါ့.. ငါတို့ရှေ့မှာ တလော့ အင်မော်တယ်နန်းတော် ရှိနေတာတောင် အထဲမဝင်ခဲ့ဘူးဆိုရင် နှမြောစရာကြီး ဖြစ်နေတော့မှာပဲ”

ဟယ်ချန်ရီ၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

ယခုတစ်ကြိမ် တလော့လျှို့ဝှက်နယ်မြေတွင် ဝမ်ရှင်းဟန်နှင့် ကျန်းချန် ဟူသည့် ပြိုင်ဘက်ကင်း မွန်းစတား နှစ်ကောင် ပေါ်ထွက်လာခဲ့ပြီး ဝမ်ရှင်းဟန်ဖြစ်စေ၊ ကျန်းချန်ဖြစ်စေ ထိုနှစ်ဦးနှင့် ပါရမီနှင့် ခွန်အားသည် သူ့ထက် များစွာ သာလွန်၏။

သူ့အနေဖြင့် ထိုနှစ်ဦးနှင့် အတူ တလော့အင်မော်တယ်အမွေအနှစ်အတွက် ယှဥ်ပြိုင်ရန်မှာ အမှန်တကယ် မဖြစ်နိုင်ပေ။

သို့‌သော်လည်း တလော့အင်မော်တယ် နန်းတော်ထဲတွင် တလော့အင်မော်တယ်၏ အမွေအနှစ်သာမက တလော့အင်မော်တယ်အဆင့် ရတနာများနှင့် ဆေးဝါးများလည်း သေချာပေါက် ရှိနေလောက်သည်။

အကယ်၍ သူတို့သာ တလော့အင်မော်တယ် ရတနာ သို့မဟုတ် တလော့အင်မော်တယ် အဆင့် ဆေးလုံး တစ်လုံး၊ နှစ်လုံးလောက် ရရှိနိုင်မည် ဆိုလျှင် အဆုံးမဲ့ အကျိုးကျေးဇူးများ ရရှိနိုင်သည် မဟုတ်ပါလား။

ကျန်းချန်တို့အဖွဲ့က တလော့အင်မော်တယ်နန်းတော်၏ ဝင်ပေါက်ကို ဖြတ်ကျော်လိုက်ရာ ‌ရှေးဟောင်း အငွေ့အသက်များ လွှမ်းခြုံနေသည့် အေးစက်သော ရေခဲခန်းမဆောင်ကြီးတစ်ခု အတွင်း ပေါ်လာခဲ့သည်။

ကျန်းချန်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ တလော့အင်မော်တယ်နန်းတော် တစ်ခုလုံးသည် ဆန်းကြယ်သော ရေခဲကျောက်တုံး ခရစ္စတယ်ဖြင့် ပြုလုပ်ထားသည်ကို တွေ့လိုက်ရသည်။

ဤနေရာသည် ရေခဲစွမ်းအားကို ထိန်းချုပ်ထားသူများအတွက် စိတ်ကူးအိပ်မက်ထဲမှ နေရာတစ်ခု ဖြစ်သည်။

သူတို့အရှေ့ရှိ တံခါးပေါက်တွင် ကျန်းချန်နှင့် အလွန်ရင်းနှီးသော ပုံရိပ်တစ်ခု ရှိနေခဲ့သည်။

ထိုသူမှာ သူတို့ထက် ခြေတစ်လှမ်းဦးအောင် တလော့အင်မော်တယ် နန်းတော် ထဲကို ဝင်ရောက်သွားသည့် ဝမ်ရှင်းဟန်ပင် ဖြစ်သည်။

ဝမ်ရှင်းဟန်က ကျန်းချန်တို့ လူစု ရောက်ရှိလာသည်ကို သိသော်လည်း လျစ်လျူရှုထားခဲ့သည်။

ကျန်းချန်က အလွန်အမင်း ထူးချွန်သော ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း သူကျင့်ကြံထားသော စွမ်းအားသည် အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်နှင့် တူညီနေသောကြောင့် တလော့အင်မော်တယ်နန်းတော် ထဲတွင် သူဝမ်ရှင်းဟန်သည် အကြွင်းမဲ့ အေးစက်သော အင်မော်တယ်အရှင်၏ အမွေအနှစ်ကို ရရှိရန်အတွက် သေချာပေါက် အားသာချက် ရှိနေခဲ့သည်။

ဝမ်ရှင်းဟန်က ကျန်းချန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်တွင် သူ၏ ပုံရိပ်သည် လှစ်ခနဲ လှုပ်ရှားသွားခဲ့ကာ တံခါးပေါက်ကနေ ထွက်ခွာသွားပြီး တလော့အင်မော်တယ်နန်းတော်၏ အဓိက အချက်အချာ ကျသော နေရာ ဆီသို့ တိုက်ရိုက်ပင် ဦးတည်သွားခဲ့သည်။

“သွားကြစို့.. တလော့အင်မော်တယ် နန်းတော်ထဲမှာ နန်းဆောင်တွေ အများကြီးရှိတယ်.. ငါတို့က အခု နန်းတော်ရဲ့ အပြင်ဘက် အစိတ်အပိုင်းမှာပဲ ရှိနေသေးတယ်.. ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် တလော့အင်မော်တယ်နန်းတော်ရဲ့အမွေအနှစ်က အလယ်ဗဟိုက ပင်မခန်းမဆောင်မှာပဲ ရှိမယ်ထင်တယ်”

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် လော့ချင်းအာ တို့ကို ဦးဆောင်ကာ ဆက်လျှောက်လာခဲ့သည်။

တလော့အင်မော်တယ်နန်းတော် ထဲတွင် ကျန်းချန်သည် အလွန်ပင် သတိထားနေခဲ့ပြီး ပေါ့ပေါ့ဆဆမလုပ်ဝံ့ပေ။

မည်သို့ပင်ဖြစ်စေကာမူ တလော့အင်မော်တယ် ဆိုသည်မှာ ရွှေအင်မော်တယ်အဆင့် အထက်တွင်ရှိပြီး အင်မော်တယ်လောကတွင်ပင် အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရသူ ဖြစ်သည်။

တလော့အင်မော်တယ် တစ်ပါး၏ ရှေ့တွင် သူတို့လို ပကတိအင်မော်တယ်များသည် ပုရွက်ဆိတ်များနှင့် မခြားပေ။

ဤတလော့အင်မော်တယ်နန်းတော် ထဲတွင် တလော့အင်မော်တယ် အရှင် ချန်ထားရစ်ခဲ့သည့် တားမြစ် အစီအရင်အချို့ သေချာပေါက် ရှိနေပေလိမ့်မည်။

အကယ်၍ သူတို့သာ အနည်းငယ် ပေါ့ဆမိလျှင် ဤနေရာမှ ပြန်မထွက်နိုင်တော့သည့် အခြေအနေမျိုး ကျရောက်သွားနိုင်မည်ကို သူ စိုးရိမ်နေမိ၏။

ကျန်းချန်တို့လူစုက ကွေးကောက်နေသော စင်္ကြန်လမ်းအတိုင်း သတိထားကာ လျှောက်လှမ်းလာခဲ့ကြသည်။

မကြာမီမှာပင် ကျန်းချန် တို့သည် လန်းဆန်းသော မွှေးရနံ့တစ်ခုကို ရုတ်တရက် ရရှိလိုက်ကြ၏။

“အစ်ကိုကျန်းချန် ဒါက ဆေးလုံးကနေ ထွက်လာတဲ့ ရနံ့ပဲ.. ကျွန်မ ခန့်မှန်းတာ မမှားဘူးဆိုရင် ဒီအနီးအနားမှာ နန်းဆောင်တစ်ခု ရှိရမယ်.. အဲဒီနန်းဆောင်က တလော့ အင်မော်တယ်က ဆေးလုံးတွေကို သန့်စင် သိုလှောင်ထားတဲ့ နေရာ ဖြစ်နိုင်တယ်”

လော့ချင်းအာက ခပ်တိုးတိုး ပြောလိုက်သည်။

လော့ရွှေကုန်သည်အဖွဲ့၏ သခင်မလေးတစ်ဦး အနေဖြင့် လော့ချင်းအာသည် တစ်နှစ်ပတ်လုံး ဆေးဝါးမျိုးစုံကို ထိတွေ့နေသူ ဖြစ်ရာ ဤကဲ့သို့သော ရနံ့မျိုးကို သဘာဝကျစွာပင် အလွန်တရာ ရင်းနှီးနေခဲ့သည်။

လော့ချင်းအာ၏ စကားကိုကြားလျှင် ကျန်းချန် စိတ်အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

နင်ကောင်းယန်နှင့် အခြားသူများ၏ မျက်နှာတွင်ပင် ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

တလော့အင်မော်တယ်၏ ဆေးလုံး သန့်စင်သိုလှောင်သည့် နေရာတွင် တလော့အင်မော်တယ် အဆင့် ဆေးလုံးများပင် ရှိနေနိုင်သည် မဟုတ်ပါလော။

အကယ်၍ သူတို့သာ တလော့အင်မော်တယ် အဆင့် ဆေးလုံးတစ်လုံး ရရှိနိုင်မည် ဆိုလျှင် ယခုတစ်ကြိမ် တလော့အင်မော်တယ်နန်းတော် ထဲသို့ ဝင်လာခြင်းသည် သူတို့အတွက် အလွန်တရာပင် အကျိုးအမြတ် ရှိသွားစေပေလိမ့်မည်။

“တလော့အင်မော်တယ်ရဲ့ ဆေးလုံးသန့်စင် သိုလှောင်တဲ့နေရာက ဒီတလော့ အင်မော်တယ်နန်းတော်ရဲ့ အရေးပါတဲ့ နေရာတစ်ခုလို့ သတ်မှတ်လို့ရတယ်.. ဒါကြောင့် တလော့အင်မော်တယ် ကိုယ်တိုင် ခင်းကျင်းထားတဲ့ တားမြစ်အစီအရင် အချို့ ရှိနေနိုင်တယ်.. အားလုံးပဲ သတိထားကြပါ”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ‌‌ဆေးရနံ့ထွက်ပေါ်လာသည့် နေရာ ဆီသို့ လူအုပ်ကြီးကို ချက်ချင်းဆိုသလို ဦးဆောင်၍ ခေါ်သွားခဲ့သည်။

တလော့အင်မော်တယ် နန်းတော်ရှိ စင်္ကြန်လမ်းများသည် ဝင်္ကဘာ တစ်ခု ကဲ့သို့ ဖြစ်နေခဲ့သည်။

သတိမထားမိလျှင် အထဲတွင် လမ်းပျောက်သွားနိုင်ခြေ ရှိသော်လည်း ကျန်းချန်တို့သည် ဆေးရနံ့၏ လမ်းညွှန်မှုဖြင့် စင်္ကြန် လမ်းတစ်လျှောက် လျင်မြန်စွာ ဖြတ်ကျော်လာနိုင်ခဲ့သည်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာခန့် အချိန်ကြာပြီးနောက်တွင် ကျန်းချန် တို့သည် ရှေးဟောင်း ဆန်လှသည့် နန်းဆောင် တစ်ခု၏ရှေ့တွင် အဆုံးသတ်၌ ပေါ်လာခဲ့သည်။

ထိုနန်းဆောင်၏ တံခါးထက်တွင် နဂါးနှင့်ဖီးနစ် ကခုန်နေသကဲ့သို့ ခန့်ညားသော စာလုံးကြီးနှစ်လုံး ရှိနေခဲ့သည်။

“ဆေးနန်းဆောင်”

ဤခန်းမဆောင်သည် တလော့အင်မော်တယ်၏ ဆေးလုံးများကို သန့်စင်သိုလှောင်သော နေရာ ဖြစ်ပုံရသည်။

ဆေးနန်းဆောင်က သူတို့ မျက်စိရှေ့တွင် ရှိနေသော်လည်း ကျန်းချန်သည် အထဲသို့ အလွယ်တကူ မဝင်ရောက်ခဲ့ပေ။

သူက ဆေးနန်းဆောင်၏ ပတ်ဝန်းကျင်ကို သေချာစွာ အကဲခတ် ကြည့်ရှုလိုက်ပြီးနောက်တွင် စမ်းသပ်ရန်အတွက် ဓားချီ အနည်းငယ်ကို ထုတ်ဖော်လိုက်သည်။

ဆေးနန်းဆောင်၏ ပတ်ဝန်းကျင်တွင် မည်သည့် အစီအရင် အတားအဆီးမှ မရှိမှန်း သေချာသောအခါမှ လူစုကို ဦးဆောင်၍ ဆေးနန်းဆောင် ဆီသို့ ခေါ်သွားခဲ့သည်။

ဆေးနန်းဆောင်ထဲသို့ ဝင်လိုက်သည့် အခိုက်အတန့်မှာပင် ကျန်းချန်သည် တစ်စုံတစ်ရာကို ချက်ချင်းဆိုသလို ခံစားမိလိုက်သည်။

သူ၏ မျက်နှာအမူအရာက အနည်းငယ်‌ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပင် အားလုံးကို သတိပေးလိုက်သည်။

“အားလုံးပဲ သတိထားကြ.. ဒီဆေးနန်းဆောင်ထဲက လေထုထဲမှာ အဆိပ်ငွေ့တွေ ရှိနေတယ်”

ဆေးနန်းဆောင်ထဲရှိ အဆိပ်‌‌ငွေ့များသည် အတော်လေး အားနည်းသော်လည်း အကယ်၍ ဤနေရာတွင် အချိန်အကြာတွင်း နေထိုင်ပြီး အဆိပ်ငွေ့များကို အလွန်အကျွံ ရှူရှိုက်မိမည်ဆိုလျှင် သာမန် ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

“ကျွန်မမှာ ကောင်းကင်အင်မော်တယ် အဆင့် အဆိပ်ဖြေ ဆေးလုံး ရှိတယ်.. အားလုံးပဲ သောက်လိုက်ကြပါ”

လော့ချင်းအာ အဆိပ်ဖြေဆေးလုံး အချို့ကို ကျန်းချန်နှင့် အခြားသူများထံ အလျင်အမြန်ပင် ကမ်းပေးလိုက်သည်။

လော့‌ရွှေကုန်သည်အဖွဲ့သည် ထျန်းရွှေအင်မော်တယ်မြို့တော်၏ အင်အားအကြီးဆုံး အဖွဲ့အစည်း မဟုတ်သော်လည်း အချမ်းသာဆုံး ဖြစ်သည်မှာတော့ သေချာသလောက်ပင်။

ထို့ကြောင့် သဘာဝကျစွာပင် လော့ရွှေကုန်သည်အဖွဲ့၏ သခင်မလေး ဖြစ်သော လော့ချင်းအာသည် ချမ်းသာကြွယ်ဝ၏။

ယခုတစ်ကြိမ် တလော့လျှို့ဝှက်နယ်မြေ ထဲသို့‌ လော့ချင်းအာ ဝင်ရောက်လာရာတွင် လော့ချန်ချိုးသည် ဒဏ်ရာပျောက်ကင်းစေရန်နှင့် အဆိပ်ဖြေရန် အတွက် အဆင့်မြင့် ဆေးလုံးအများအပြားကို ကိုယ်တိုင် ပြင်ဆင်ပေးခဲ့သည်။

လော့ချင်းအာ ပေးသော အဆိပ်ဖြေ ဆေးလုံး အချို့ကို မျိုချပြီးနောက်တွင် ကျန်းချန်သည် ခန်းမဆောင်ထဲရှိ အဆိပ်ငွေ့များက သူတို့အပေါ် သက်ရောက်မှုမရှိတော့သည်ကို တွေ့လိုက်ရသဖြင့် ခန်းမဆောင် အတွင်းရှိ အခြေအနေကို စိတ်ချလက်ချဖြင့် ကြည့်ရှုလိုက်သည်။

ခန်းမဆောင်၏ အရွယ်အစားက မကျဥ်းဘဲ ပေရာချီမျှ ကျယ်ဝန်းသည်။

ထိုအခိုက်အတန့်တွင် ကျန်းချန်၏ အကြည့်သည် ဆေးနန်းဆောင်၏ ညာဘက် ထောင့်တစ်နေရာရှိ တောက်ပသော အလင်းတန်းများထွက်ပေါ်နေသည့် အရာဝတ္ထုတစ်စု၏ ဆွဲဆောင်မှုကို ခံလိုက်ရသည်။

ထိုအရာဝတ္ထုတစ်စု၏ ပုံပန်းသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရလျှင် ကျန်းချန်သည် အသက်ရှူမှားမတတ်ပင် ဖြစ်သွားခဲ့သည်။

တောင်ကုန်းလေး တစ်ခုကဲ့သို့ ပုံထားသော ထိုအရာဝတ္ထုများသည် အမှန်တကယ်ပင် ဆေးလုံးများ ဖြစ်နေခဲ့ပြီး ဆေးလုံးအားလုံးသည် အလွန်ပင် မြင့်မားသောအဆင့် ရှိသည့် ဆေးလုံးများ ဖြစ်နိုင်၏။

“အစ်ကိုကျန်းချန် ဒီတလော့အင်မော်တယ်က အဂ္ဂိရတ်သခင်တစ်ဦးလည်း ဖြစ်မယ်ထင်တယ်.. ဒီမှာ စုပုံထားတဲ့ဆေးလုံးတွေက အပြစ်အနာအဆာ ရှိတဲ့ အင်မော်တယ်ဆေးလုံးတွေပဲ.. ဒါတွေက တလော့အင်မော်တယ် မလိုချင်တဲ့ အဆင့်မမှီတဲ့ ဆေးလုံးတွေပဲ ဖြစ်ရမယ်”

လော့ချင်းအာက သူမ ရှေ့တွင် ပုံထားသော ဆေးလုံးပုံကြီးကို မှင်တက်ကာ ကြည့်လိုက်ပြီးနောက်တွင် အချိန်အတော်ကြာမှာ သတိပြန်ဝင်လာခဲ့သည်။

‌လော့ရွှေကုန်သည်အဖွဲ့၏ သခင်မလေးတစ်ဦး ဖြစ်သော်လည်း လော့ချင်းအာသည် သူမ မျက်စိရှေ့မှ မြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့ရသည်။

အခန်း(၂၇၀၈)ပြီး၏။

All Chapters