အခန်း (၂၇၀၉-၂၇၁၀)
Vol. 211 Ch. 2709-2710
အခန်း(၂၇၀၉)
“ဒါတွေ အားလုံးက အဆင့်မမီလို့ စွန့်ပစ်ထားတဲ့ ဆေးလုံးတွေလား”
လော့ချင်းအာ၏ စကားကိုကြားလျှင် ကျန်းချန်နှင့် အခြားသူများသည် အချိန်အတော်ကြာသည် အထိ ဘာစကားမျှ မပြောနိုင်ဘဲ ဖြစ်သွားခဲ့ကြသည်။
ဤဆေးလုံးများ၏ အဆင့်အတန်းမှာ မနိမ့်ကျပေ။
အနည်းဆုံး ထိုဆေးလုံး အားလုံးသည် ကောင်းကင်အင်မော်တယ် အဆင့်နှင့် ရွှေအင်မော်တယ်အဆင့် ဆေးလုံးများ ဖြစ်ကြသည်။
အပြစ်အနာအဆာ အနည်းငယ် ရှိနေလျှင်ပင် တစ်လုံးချင်းစီ၏ တန်ဖိုးမှာ အလွန်ပင် မြင့်မား၏။
ကျန်းချန်က လော့ရွှေကုန်သည်အဖွဲ့တွင် ခဏမျှ နေထိုင်ဖူး၍ လော့ရွှေကုန်သည် အဖွဲ့မှ ရောင်းချသော ဆေးလုံးများစွာကို မြင်ဖူးခဲ့သည်။
ထိုဆေးလုံး အများအပြား၏ အရည်အသွေးသည် ပြီးပြည့်စုံမှုမရှိဘဲ တချို့ဆိုလျှင် ယခုမြင်တွေ့နေရသော ဆေးလုံးများထက်ပင် အနည်းငယ် နိမ့်ကျနေသေး၏။
ထို့ကြောင့် ဤအဆင့်မမီသော ဆေးဝါးများသည် အမှန်တကယ် အဆင့်မမီခြင်းကြောင့် မဟုတ်ဘဲ တလော့အင်မော်တယ်၏ အမြင်က မြင့်မားလွန်းသောကြောင့် အပြစ်အနာအဆာ အနည်းငယ်မျှသာ ရှိသော ဆေးဝါးများကို အထင်မကြီးဘဲ အမှိုက်ကဲ့သို့ ပုံထားခြင်းသာ ဖြစ်ပေလိမ့်မည်။
“ချင်းအာ.. ဒီမှာရှိတဲ့ ဆေးလုံးတွေကို မင်းပဲ ဦးဆောင်ပြီး အမျိုးအစား ခွဲလိုက်ပါ.. ပြီးရင် အားလုံး အညီအမျှ ခွဲဝေယူကြမယ်”
ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ လော့ချင်းအာကို တိုက်ရိုက်ပင် ပြောလိုက်သည်။
ဤဆေးလုံးများသည် တလော့အင်မော်တယ်နန်းတော်ပိုင်ရှင်၏ မျက်လုံးထဲတွင် အရေးမပါသော အမှိုက်များ ဖြစ်နိုင်သော်လည်း ကျန်းချန်နှင့် အခြားသူများ အတွက်မူ တန်ဖိုးကြီးမားသော ဆေးဝါးများ ဖြစ်သည်။
လော့ချင်းအာက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
“ကျွန်မ အခုပဲ လုပ်လိုက်ပါ့မယ်”
နင်ကောင်းယန်နှင့် အခြားသူများ၏ မျက်နှာထက်တွင်လည်း ဝမ်းသာသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ဤဆေးနန်းဆောင်ထဲတွင် စုပုံနေသော ဆေးလုံးအရေအတွက်သည် သူတို့ နင်မိသားစု ကဲ့သို့ ရွှေအင်မော်တယ်အဆင့်မိသားစုက စုဆောင်းထားသည့် ဆေးလုံးများထက်ပင် ပို၍ များပြားနေခဲ့သည်။
ဤဆေးလုံးပုံကို ညီတူညီမျှ ရှစ်ပုံ ခွဲဝေလိုက်လျှင်ပင် တစ်ယောက်ချင်းစီ ရရှိမည့် ဆေးလုံး အရေအတွက်သည် ရာချီ၍ ရှိနိုင်ပေသည်။
သူတို့အတွက် အသုံးဝင်နိုင်သည့် ဆေးလုံးများကို သိမ်းဆည်းထားပြီး အသုံးမဝင်သည့် ဆေးလုံးများကို အရင်းအမြစ်များနှင့် လဲလှယ်လိုက်မည် ဆိုလျှင် အချိန်အတော်ကြာသည်အထိ ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် ပတ်သက်၍ စိတ်ပူစရာလိုတော့မည် မဟုတ်ပေ။
လော့ချင်းအာနှင့် ကျင့်ကြံသူအချို့က ဆေးလုံးများကို ခွဲဝေနေစဥ်မှာပင် ကျန်းချန်သည် ဆေးနန်းဆောင်ကို ဆက်လက် စူးစမ်းနေခဲ့သည်။
အလွန်လျင်မြန်စွာပင် ကျန်းချန်သည် ဆေးလုံးနန်းဆောင်၏ အနောက်ဘက်တွင် ဆေးလုံးသန့်စင်ခန်း တစ်ခန်းကို ရှာတွေ့ခဲ့သည်။
“ဒီအခန်းက တလော့အင်မော်တယ်ရဲ့ ဆေးလုံး သန့်စင်တဲ့နေရာပဲ ဖြစ်ရမယ်”
ကျန်းချန်က စိတ်လှုပ်ရှားသွားခဲ့ပြီး ဆေးလုံးသန့်စင်ခန်း ရှိရာဆီသို့ လျှောက်လှမ်းလာခဲ့သည်။
ဆေးလုံးသန့်စင်ခန်းသည် နှစ်ကာလကြာမြင့်မှုကြောင့် ဖုန်တက်နေခဲ့ပြီး ဖုန်မှု့န်များ ထူထဲစွာ ဖုံးလွှမ်းနေခဲ့သည်။
ကျန်းချန်က ဆေးလုံးသန့်စင်ခန်း၏ တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်ရောက်လာခဲ့သည်။
ဆေးလုံးသန့်စင်ခန်း၏ ဧရိယာက သိပ်မကျယ်၍ တစ်ချက်ကြည့်လိုက်ရုံဖြင့် အားလုံးကို မြင်တွေ့နိုင်သည်။
ကျန်းချန်က ဆေးလုံးသန့်စင်ခန်း ထဲကို တစ်ချက်ဝေ့ကြည်လိုက်ရာ ဆေးလုံးသန့်စင်ခန်းထဲတွင် ရှုပ်ပွနေသော ဆေးဝါးအကြွင်းအကျန်များမှ လွဲ၍ တခြား ဘာမှမရှိသည်ကို တွေ့လိုက်ရသည်။
ထိုဆေးဝါး အကြွင်းအကျန်များသည် တိရစ္ဆာန်တစ်ကောင်ကောင်က စားထားသကဲ့သို့ ဖြစ်နေခဲ့၏။
ကြမ်းပြင်ပေါ်တွင်လည်း ဇီးပန်းပွင့်ကဲ့သို့ ခြေရာများကို ကျန်းချန် သတိပြုမိလိုက်သည်။
“ဒီဆေးလုံးသန့်စင်ခန်းထဲမှာ သားရဲတစ်ကောင်ကောင်များ ရှိနေတာလား”
ကျန်းချန် အံ့အားသင့်သွားခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် သတိထားသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ဤနေရာသည် တလော့အင်မော်တယ် ချန်ထားရစ်ခဲ့သည့် တလော့ အင်မော်တယ်နန်းတော် ဖြစ်သည်။
အကယ်၍ ဤနေရာတွင် သားရဲတစ်ကောင်ကောင် နေထိုင်နေသည်ဆိုလျှင် ယင်းသည် သာမန်သားရဲတော့ သေချာပေါက် မဟုတ်နိုင်ပေ။
ကျန်းချန်က ဆေးလုံးသန့်စင်ခန်းကို သေသေချာချာ စူးစမ်းရန် ပြင်လိုက်စဥ်မှာပင် ဆေးလုံးသန့်စင်ခန်း၏ ထောင့်တစ်နေရာရှိ ဆေးအကြွင်းအကျန် ပုံထဲကနေ ဖြူဖွေးသော အရိပ်တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာခဲ့သည်။
ကျန်းချန်က ထိတ်လန့်သွားခဲ့ပြီး ဆေးလုံးသန့်စင်ခန်း၏ အပြင်ဘက်သို့ အလျင်အမြန်ပင် နောက်ဆုတ်လိုက်ရသည်။
မကြာမီမှာပင် လက်တစ်ဝါးစာ အရွယ်အစားခန့် ရှိသော ဆီးနှင်းကဲ့သို့ ဖြူဖွေးသည့် မြေခွေးလေး တစ်ကောင်သည် ဆေးလုံးသန့်စင်ခန်းထဲကနေ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
သူ့ရှေ့မှ မြေခွေးလေးကို ကြည့်ရင်း ကျန်းချန် အံ့အားသင့်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် မြေခွေးဖြူလေး၏ ခန္ဓာကိုယ်မှ မည်သည့်စွမ်းအင်ကိုယ်မှ သူ မခံစားရဘဲ ထိုမြေခွေးလေးသည် သာမန်ထက်ပင် ပို၍ သာမန်ဆန်နေသော မြေခွေးလေးတစ်ကောင် ဖြစ်နေသောကြောင့်ပင်။
“ဘယ်လိုလုပ်ပြီး ဒီမှာ မြေခွေးလေး တစ်ကောင် ရှိနေရတာလဲ”
မြေခွေးဖြူလေး ပေါ်လာခြင်းကြောင့် နင်ကောင်းယန်နှင့် အခြားသူများ၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်သည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
မကြာမီမှာပင် နင်ကောင်းယန်သည် တစ်စုံတစ်ရာကို စဥ်းစားမိလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“တစ်ခုခုတော့ လွဲနေပြီ.. တလော့ အင်မော်တယ်နန်းတော်ရဲ့ ပတ်ဝန်းကျင်နဲ့ဆိုရင် သာမန် မြေခွေလေး တစ်ကောင်တောင်မှ အချိန်ကြာလာတာနဲ့အမျှ အနည်းဆုံးတော့ ပကတိအင်မော်တယ်အဆင့်ကို ရောက်နေမှာပဲ”
နင်ကောင်းယန်၏ စကားကိုကြားလျှင် ကျန်းချန်သည် စိတ်လှုပ်ရှားသွားခဲ့သည်။
တလော့ အင်မော်တယ်နန်းတော်ထဲရှိ အင်မော်တယ်စွမ်းအင်သည် အင်မော်တယ်လောကထက်ပင် အဆပေါင်းများစွာ ပိုမိုကြွယ်ဝသည်။
သာမန် ပုရွက်ဆိတ်လေးတစ်ကောင်ပင် ဤတလော့အင်မော်တယ်နန်းတော်ထဲတွင် ရှင်သန်နေမည် ဆိုလျှင် အကျိုးကျေးဇူးများစွာ ရရှိပေလိမ့်မည်။
ဤမြေခွေးလေးသည် တလော့အင်မော်တယ်နန်းတော်ထဲတွင် နေထိုင်နေပြီး ဆေးလုံးသန့်စင်ခန်းထဲရှိ ဆေးအကြွင်းအကျန်များကို ကြည့်ခြင်းအားဖြင့် ထိုမြေခွေလေးသည် အင်မော်တယ် ဆေးဝါးများစွာကို စားသုံးခဲ့သည်မှာ ထင်ရှားနေခဲ့သည်။
ထို့ကြောင့် ၎င်းကို သာမန် မြေခွေးလေး တစ်ကောင်ဟု သတ်မှတ်ရန်မှာ ကျိုးကြောင်းဆီလျော်မှု မရှိပေ။
“အစ်ကိုကျန်းချန်.. ကျွန်မ ခန့်မှန်းတာမမှားဘူး ဆိုရင် ဒီမြေခွေးလေးကလည်း ဆေးလုံးတစ်လုံးပဲ ဖြစ်ရမယ်”
ဤအခိုက်အတန့်တွင် လော့ချင်းအာ၏ တအံ့တဩ ရေရွတ်လိုက်သော စကားသံသည် ကျန်းချန်၏ နားထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်လာခဲ့သည်။
“ဘယ်လို.. ဒီမြေခွေးလေးက ဆေးလုံးတစ်လုံး.. ဟုတ်လား”
လော့ချင်းအာ၏ စကားကိုကြားလျှင် ကျန်းချန်သည် တစ်ခဏမျှ မှင်တက်သွားခဲ့ပြီးမှ သတိပြန်ဝင်လာခဲ့သည်။
သူက သူတို့လူစုကို စူးစမ်းလိုစိတ် အပြည့်ရှိသော မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်နေသည့် မြေခွေးဖြူလေးကို ကြည့်ကာ ထိုမြေခွေးလေးကို ဆေးလုံးတစ်လုံးနှင့် ဆက်စပ် တွေးတောရန် ခက်ခဲနေခဲ့သည်။
“ချင်းအာ.. ဒါက တကယ်ပဲ ဆေးလုံးတစ်လုံး ဟုတ်လို့လား”
ကျန်းချန်က မြေခွေလေးကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့သော်လည်း သူ၏မျက်နှာထက်တွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ဖြစ်ပေါ်နေဆဲပင်။
“လော့မိန်းကလေးရဲ့ ခန့်မှန်းချက်က ဖြစ်နိုင်တယ် ညီနောင်ကျန်းချန်.. သာမန် မြေခွေးလေးတစ်ကောင်က ဒီဆေးလုံးသန့်စင်တဲ့ နေရာမှာ အကြောင်းပြချက်မရှိဘဲ ပေါ်လာဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး.. ဒါကြောင့် ဒီမြေခွေးလေးက အင်မော်တယ်ဆေးလုံး ဖြစ်ဖို့ ဖြစ်နိုင်ခြေ အရမ်းများတယ်”
လော့ချင်းအာ မဖြေကြားမီ နင်ကောင်းယန်က လေးနက်စွာ ပြောလိုက်သည်။
“ငါသိထားသလောက်ဆိုရင် တလော့အင်မော်တယ် အဆင့်ကို ရောက်ရှိသွားတဲ့ တလော့ အင်မော်တယ်ဆေးလုံး တစ်လုံးက ဝိညာဥ်ဥာဏ်အလင်းကို ရရှိနိုင်ပြီး အသွင်ပြောင်းလဲနိုင်စွမ်း ရှိတယ်.. ဒီမြေခွေလေးက အနည်းဆုံးတော့ တလော့အင်မော်တယ်အဆင့် ဆေးလုံး တစ်လုံးပဲ ဖြစ်ရမယ်”
“တလော့အင်မော်တယ်အဆင့် ဆေးလုံးလား”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ကျန်းချန်က အင်မော်တယ်လောက ထဲသို့ ရောက်ရှိနေသည်မှာ အချိန်အတန်ကြာပြီဖြစ်၍ အင်မော်တယ်လောကရှိ အခြေအနေအချို့ကို သဘာဝကျစွာပင် နားလည်ထားခဲ့သည်။
ရွှေအင်မော်တယ် အဆင့်နှင့် တလော့အင်မော်တယ် အဆင့်တို့ကြားတွင် ကျော်ဖြတ်ရန် ခက်ခဲသည့် ကြီမားသော အဟန့်အတား တစ်ခု ရှိသည်။
ဥပမာအားဖြင့် စန်းယွင်ပြည်နယ်တွင် အင်မော်တယ်မြို့တော်ကိုးမြို့ရှိပြီး မြို့တိုင်းတွင် ရွှေအင်မော်တယ်အဆင့် အင်အားစု တစ်စုထက်မက ရှိသော်လည်း စန်းယွင်ပြည်နယ် တစ်ခုလုံးတွင် တလော့အင်အားစုသည် စုစုပေါင်းနှစ်စု၊ သုံးစုခန့်သာ ရှိသည်။
ဤသည်က ရွှေအင်မော်တယ်အဆင့်ကနေ တလော့အင်မော်တယ် အဆင့်ကို ထိုးဖောက်ရန် မည်မျှ ခက်ခဲသည်ကို ဖော်ပြနေခဲ့၏။
အင်မော်တယ်လောကတွင် တလော့အင်မော်တယ်နှင့် ဆက်စပ်နေသမျှ မည်သည့်အရာမဆို သေချာပေါက် သာမန်အရာမဟုတ်ပေ။
ကျန်းချန် သိထားသလောက် တလော့အင်မော်တယ် ဆေးလုံးနှင့် သာမန်ဆေးလုံးတို့၏ အဓိက ကွာခြားချက်မှာ ဆေးလုံးတွင် တလော့အင်မော်တယ် စွမ်းအားများ ပါဝင်နေခြင်း ဖြစ်သည်။
ထိုစွမ်းအားသည် တလော့အင်မော်တယ်အဆင့်ကို ထိုးဖောက်ဝင်ရောက်ရန်အတွက် သော့ချက်လည်း ဖြစ်၏။
ဆိုရလျှင် တလော့အင်မော်တယ် ဆေးလုံးတစ်လုံးသည် ရွှေအင်မော်တယ် အဆင့်ကနေ တလော့အင်မော်တယ် အဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်မည့် အခွင့်အလမ်းအား များစွာ မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။
အကယ်၍ ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူများသာ ထိုဆေးလုံးကို ရရှိသွားမည်ဆိုလျှင် တလော့ အင်မော်တယ် အဆင့်ကို ထိုးဖောက်နိုင်ရန် ကြီးမားသော မျှော်လင့်ချက်ရှိနိုင်ပေသည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ မျက်စိရှေ့မှ မြေခွေးလေးကို စူးစိုက်ကြည့်လိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ တလော့အင်မော်တယ် ဆေးလုံး ဆိုသည်မှာ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများကိုပင် လောဘတက်စေနိုင်သည့် ဆေးလုံးမျိုး ဖြစ်သည်။
ယခု ထိုဆေးလုံးက သူ့မျက်စိရှေ့တွင် ရှိနေပြီ ဖြစ်ရာ ထိုဆေးလုံးကို ဦးစွာ သိမ်းဆည်းထားသင့်သည် မဟုတ်ပါလော။
ထို့နောက်တွင်မူ ကျန်းချန်သည် တွေဝေမနေတော့ဘဲ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သူ့ရှေ့မှ မြေခွေလေးကို လှမ်းဖမ်းလိုက်သည်။
သို့သော်လည်း ကျန်းချန် လက်လှမ်းလိုက်သည်ကို မြင်သည်နှင့် မြေခွေးလေး၏ မျက်ဝန်းထဲတွင် ကောက်ကျစ်သော အမူအရာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် သေးငယ်သော ပုံရိပ်လေးသည် နေရာမှ ပျောက်ကွယ်သွားခဲ့ရာ ကျန်းချန်၏ ဖမ်းဆီးမှုသည် လေထဲတွင်သာ အဆုံးသတ်သွားခဲ့သည်။
ကျန်းချန်က တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
အစောပိုင်းက သူအမှတ်မထင် ဖမ်းလိုက်ခြင်းမျိုးကို သာမန် ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦး ပင်လျှင် အလွယ်တကူ မရှောင်တိမ်းနိုင်ပေ။
သို့သော်လည်း မည်သည့် စွမ်းအင်မှ မရှိပုံရသော မြေခွေးလေးကမူ အလွယ်တကူပင် ရှောင်တိမ်းသွားနိုင်ခဲ့သည်။
တလော့ အင်မော်တယ်နှင့် ပတ်သက်နေသည့် အရာများသည် အမှန်တကယ်ပင် မရိုးရှင်းပေ။
အခန်း(၂၇၀၉)ပြီး၏။
အခန်း(၂၇၁၀)
“အစ်ကိုကျန်းချန်.. ဒီတလော့အင်မော်တယ် ဆေးလုံးက သာမန် မြေခွေးတစ်ကောင်နဲ့ ဘာမှ မခြားနားသလို ထင်ရပေမဲ့ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက် အတွက်တောင် သူ့ကို ဖမ်းဖို့ မလွယ်ကူနိုင်ဘူးလို့ ကျွန်မထင်တယ်.. အကယ်၍ အစ်ကိုသာ သူ့ကို ဖမ်းချင်တယ်ဆိုရင် ဥာဏ်သုံးပြီးတော့မှပဲ ယူနိုင်လိမ့်မယ်”
ထိုအချင်းအရာကို မြင်လျှင် လော့ချင်းအာသည် ကျန်းချန်ကို သတိပေးလိုက်သည်။
လော့ချင်းအာ၏ စကားကိုကြားလျှင် ကျန်းချန် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။
အကယ်၍ ရွှေအင်မော်တယ်အဆင့် ပင်လျှင် ထိုအရာကို မဖမ်းနိုင်လျှင် သူ့လို ပကတိအင်မော်တယ် အဋ္ဌမအဆင့် ကျင့်ကြံသူသည် တလော့အင်မော်တယ် ဆေးလုံးကနေ အသွင်ပြောင်းထားသော မြေခွေးလေးကို ဖမ်းရန်မှာ မဖြစ်နိုင်သလောက်ပင်။
ကျန်းချန်က အနည်းငယ် ဝေခွဲမရ ဖြစ်နေပြီးနောက်တွင် ချက်ချင်းဆိုသလို အင်မော်တယ်ကျောက်တိုင်ကို ထုတ်ယူလိုက်သည်။
သူက ဤတလော့အင်မော်တယ် ဆေးလုံးကို မဖမ်းနိုင်သောကြောင့် အင်မော်တယ်ကျောက်တိုင်၏ အင်မော်တယ်အကျဥ်းသား စွမ်းအားကို အသုံးပြုကာ အင်မော်တယ်ကျောက်တိုင် ထဲသို့ ထည့်သွင်းနိုင်မလား ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
“အင်မော်တယ်အကျဥ်းသားစွမ်းအား.. စုစည်းစမ်း”
ကျန်းချန်က အင်မော်တယ်အကျဥ်းသား စွမ်းအားကို တိုက်ရိုက်ပင် လှုံ့ဆော်လိုက်ပြီး အင်မော်တယ်အကျဥ်းသား စွမ်းအားဖြင့် မြေခွေးလေးကို လွှမ်းခြုံလိုက်သည်။
အင်မော်တယ်အကျဥ်းသား စွမ်းအားကနေ ဖြစ်ပေါ်လာသော စွမ်းအင်သံကြိုးများနှင့် ရင်ဆိုင်ရလျှင် မြေခွေးလေး၏ မျက်ဝန်းများ၌ ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူ မည်မျှပင် ရုန်းကန်ပါစေ၊ အင်မော်တယ်အကျဥ်းသားစွမ်းအား၏ ချုပ်နှောင်မှုကနေ လုံးဝ မလွတ်မြောက်နိုင်ခဲ့ပေ။
အဆုံးသတ်တွင် အင်မော်တယ်အကျဥ်းသား စွမ်းအားကနေ အသွင်ပြောင်းထားသော စွမ်းအင်သံကြိုးသည် မြေခွေးဖြူလေးကို အင်မော်တယ်ကျောက်တိုင် ထဲသို့ ဆွဲသွင်းသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လျှင် လော့ချင်းအာနှင့် အခြားသူများ၏ မျက်ဝန်းထဲတွင် အံ့ဩ တုန်လှုပ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
တလော့အင်မော်တယ် ဆေးလုံး ဆိုသည်မှာ ရွှေအင်မော်တယ်အဆင့်ကျင့်ကြံသူများပင် ဖမ်းဆီးနိုင်ရန် မလွယ်ကူပေ။
ကျန်းချန်သည် ဆန်းကြယ်သော နတ်ဘုရား ကျောက်တိုင်ကို အသုံးပြုလိုက်ရုံဖြင့် တလော့အင်မော်တယ် ဆေးလုံးကို အလွယ်တကူပင် ရယူသွားနိုင်လိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။
လော့ချင်းအာသည် အင်မော်တယ်ကျောက်တိုင်ကို တစ်ခါမှ မမြင်ဖူးသည်တော့ မဟုတ်ပေ။
ကျန်းချန်သည် လော့ဟုန်ယွီနှင့် တိုက်ခိုက်စဥ်က အင်မော်တယ်ကျောက်တိုင်ကို ထုတ်ဖော်ခဲ့ပြီး ရွှေအင်မော်တယ်အဆင့် လက်နက်ကို အသုံးပြုနေသော လော့ဟုန်ယွီကို တိုက်ရိုက်ပင် သတ်ဖြတ်ခဲ့သည်။
ယခုတစ်ခေါက်တွင်လည်း ကျန်းချန်သည် အင်မော်တယ်ကျောက်တိုင်ကို အသုံးပြု၍ တလော့အင်မော်တယ် ဆေးလုံး တစ်လုံးကို အလွယ်တကူပင် သိမ်းပိုက်နိုင်ခဲ့ချေပြီ။
ကျန်းချန်၏ လက်ထဲရှိ အင်မော်တယ်ကျောက်တိုင်သည် အနည်းဆုံး တလော့အင်မော်တယ်အဆင့် ရတနာတစ်ပါး ဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။
အဆင့်နိမ့်စကြဝဠာမှ တက်လှမ်းလာသူ တစ်ဦးသည် တလော့အင်မော်တယ် ရတနာကို ပိုင်ဆိုင်ထားရုံသာမက အင်မော်တယ်ဘုရင်အဆင့် အင်အားစု ဖြစ်သည့် အကြွင်းမဲ့ ဓားအင်မော်တယ် နန်းတော်၏ ဓားသိုင်းကိုပါ တတ်မြောက်ထားခဲ့သည်။
ကျန်းချန်သည် တလော့အင်မော်တယ် တစ်ဦးလော သို့မဟုတ် အကြွင်းမဲ့ ဓားအင်မော်တယ် နန်းတော်မှ အင်မော်တယ်ဘုရင်ပင် ဖြစ်နေမလား ဆိုသည်ကို လော့ချင်းအာ သံသယအချို့ ရှိနေခဲ့သည်။
ကျန်းချန်က တလော့အင်မော်တယ် ဆေးလုံးကို ရယူပြီးနောက်တွင် လော့ချင်းအာနှင့် အခြားသူများသည်လည်း ဆေးနန်းဆောင်ထဲမှ ဆေးလုံးများကို အမြန်ဆုံး ရှစ်ပုံ ပုံလိုက်ကြပြီဂ တစ်ယောက်တစ်ပုံစီ ယူလိုက်ကြသည်။
တလော့ အင်မော်တယ်ဆေးလုံးနှင့် ပတ်သက်၍မူ နင်ကောင်းယန်နှင့် နင်မိသားစု တပည့်များသည် အနည်းငယ်မျှပင် စိတ်မကူးဝံ့ကြပေ။
မည်သို့ပင် ဖြစ်စေကာမူ တလော့အင်မော်တယ် ဆေးလုံးသည် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများပင် အလွယ်တကူဖမ်းဆီးရန် ခက်ခဲသည်ဖြစ်ရာ သူတို့အနေဖြင့် တလော့အင်မော်တယ်ဆေးလုံး အပေါ်တွင် အကြံအစည် ရှိလျှင်ပင် ကျန်းချန်ကဲ့သို့ အလွယ်တကူ ဖမ်းနိုင်စွမ်း မရှိပေ။
ထို့အပြင် ကျန်းချန်၏ ခွန်အားသည် အလွန်တရာပင် သန်မာပြီး သူတို့အနေဖြင့် ကျန်းချန်နှင့် ယှဥ်ပြိုင်နိုင်စွမ်း မရှိကြပေ။
ဆိုရလျှင် ကျန်းချန်နှင့် ထိပ်တိုက် ရင်ဆိုင်မိလျှင် သူတို့သည် ဤဆေးနန်းဆောင်ထဲမှ ဆေးလုံးများကိုပင် ရချင်မှသာ ရပေလိမ့်မည်။
ဆေးနန်းဆောင်ထဲမှ ဆေးလုံးများကို ခွဲဝေယူပြီးနောက်တွင် ကျန်းချန်နှင့် အခြားသူများသည် ဆေးနန်းဆောင်ထဲတွင် အချိန်အကြာကြီး ဆက်လက် မနေတော့ဘဲ တလော့အင်မော်တယ်နန်းတော် ထဲတွင် ဆက်လက် စူးစမ်းခဲ့ကြသည်။
ကျန်းချန်တို့က နန်းဆောင်အချို့ကို ထပ်မံ စူးစမ်းခဲ့သော်လည်း မည်သည့်အရာကိုမှ မတွေ့ရှိခဲ့ပေ။
ထို့အပြင် သူတို့ထက် ခြေတစ်လှမ်းဦးစွာ တလော့အင်မော်တယ် နန်းတော်ကို ဝင်ရောက်သွားသည့် ဝမ်ရှင်းဟန်နှင့်လည်းထပ်မံ မဆုံတွေ့ခဲ့ချေ။
“ညီနောင်ကျန်းချန်.. ဒီခန်းမတွေမှာတော့ ဘာမှစူးစမ်းစရာမရှိတော့ဘူး ထင်တယ်.. ပင်မခန်းမဆီကိုပဲ တိုက်ရိုက်သွားကြရအောင်.. တကယ်လို့ ဒီတလော့အင်မော်တယ် နန်းတော်ထဲမှာ တလော့အမွေအနှစ် ရှိတယ်ဆိုရင် အဲဒါက ပင်မခန်းမထဲမှာပဲ ရှိမှာသေချာတယ်.. ဝမ်ရှင်းဟန်လည်း ပင်မခန်းထဲကို သွားနေလောက်ပြီ”
နင်ကောင်းယန်က ကျန်းချန်ကို ပြောလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်လိုက်၏။
“ကောင်းပြီလေ ဒါဆို ငါတို့ ပင်မခန်းမဆီပဲ သွားကြတာပေါ့”
သူတို့လူစုက တုံ့ဆိုင်းမနေတော့ဘဲ တလော့အင်မော်တယ် နန်းတော်၏ ပင်မခန်းဆီသို့ပင် တိုက်ရိုက်ပင် ဦးတည်သွားခဲ့သည်။
တလော့အင်မော်တယ် နန်းတော်သည် ကျန်းချန်တို့ ထင်ထားသည်ထက်ပင် ပို၍ ဘေးကင်းနေပုံ ရသည်။
ဆေးနန်းဆောင်ကနေ တလော့အင်မော်တယ်နန်းတော်၏ အလယ်ဗဟိုရှိ ပင်မခန်းမသို့ သွားရာလမ်းတွင် ကျန်းချန်တို့သည် မည်သည့် အခက်အခဲမှ မရှိဘဲ ချောချောမွေ့မွေ့ပင် ရောက်ရှိသွားခဲ့သည်။
မကြာမီမှာပင် ခမ်းနားထည်ဝါသော ပင်မခန်းမသည် ကျန်းချန်တို့၏ မြင်ကွင်းတွင် ပေါ်လာခဲ့သည်။
ပင်မခန်းမ၏ အပြင်ဘက်တွင် လူငါးဦး ခြောက်ဦးခန့် မြေပြင်ပေါ်တွင် တင်ပျဥ်ခွေ၍ ထိုင်နေကြပြီး ၎င်းတို့မှာ စန်းဟယ်အင်မော်တယ် မြို့တော်မှ လူများ ဖြစ်ကြသည်။
သူတို့ တလော့အင်မော်တယ်နန်းတော် ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဟယ်ချန်ရီ သည်လည်း စန်းဟယ်အင်မော်တယ်မြို့တော်မှ လူများနှင့်အတူ တလော့အင်မော်တယ် နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့ပြီး သူတို့ထက်ဦးစွာ ပင်မခန်းမသို့ ရောက်ရှိလာသည်မှာ ထင်ရှားနေခဲ့သည်။
သို့သော်လည်း စန်းဟယ်အင်မော်တယ် မြို့တော်မှ တပည့်များ၏ အခြေအနေသည် သိသိသာသာပင် ထူးခြားနေခဲ့သည်။
သူတို့အားလုံးက မျက်နှာများ ဖြူဖျော့နေခဲ့ပြီး အရှိန်အဝါများ အလွန်အမင်း အားနည်းနေကာ ဒဏ်ရာအပြင်းအထန် ရရှိထားသည့် ပုံမျိုး ဖြစ်နေခဲ့သည်။
“သခင်လေးကျန်းချန်လည်း ရောက်လာပြီပဲ”
ဆံပင်ကောက်ကောက်နှင့် လူငယ်တစ်ဦးသည် ကျန်းချန်တို့လူစု ရောက်ရှိလာသည်ကို ချက်ချင်းဆိုသလိုပင် သိရှိသွားခဲ့ပြီး ခေါင်းမော့ကာ နှုတ်ဆက်လိုက်သည်။
“မင်းတို့က ဘယ်လိုဖြစ်ပြီး ဒီလိုပုံစံ ဖြစ်နေရကြတာလဲ”
ကျန်းချန်က စန်းဟယ်အင်မော်တယ် မြို့တော်မှ လူငယ်ပါရမီရှင်များကို ကြည့်ကာ စူးစမ်းစွာ မေးလိုက်သည်။
“ဒါနဲ့ ဟယ်ချန်ရီရော ဘယ်မှာလဲ”
“သခင်လေးကျန်းချန်.. တလော့အင်မော်တယ်နန်းတော်ရဲ့ ပင်မခန်းမက တလော့အင်မော်တယ် ကိုယ်တိုင် စီစဥ်ထားတဲ့စစ်ဆေးတဲ့ နေရာတစ်ခုပဲ.. ပင်မခန်းမထဲကို ဝင်တဲ့သူမှန်သမျှ သူ့ရဲ့ စစ်ဆေးမှုကို ရင်ဆိုင်ရလိမ့်မယ်...ကျွန်တော်တို့ကတော့ တလော့အင်မော်တယ်ရဲ့ စစ်ဆေးမှုမှာ ကျရှုံးသွားခဲ့ပြီ.. အစ်ကိုချန်ရီကတော့ စစ်ဆေးမှုထဲမှာ ရှိနေဆဲပဲ”
ဆံပင်ကောက်ကောက်နှင့် လူငယ်က ဘာမှ ဖုံးကွယ်မထားဘဲ ကျန်းချန်ကို ပြောပြလိုက်သည်။
ရေစက်ရှိသူများသာ တလော့အင်မော်တယ်၏ စစ်ဆေးမှုကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။
ဟယ်ချန်ရီသည် တလော့ အင်မော်တယ်၏ စစ်ဆေးမှုကို ကျော်ဖြတ်နိုင်မည့် အခွင့်အရေး အမှန်တကယ် ရှိခဲ့လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ဟယ်ချန်ရီ အကယ်၍ ရှုံးနိမ့်ခဲ့လျှင်ပင် သူတို့သည် တလော့အင်မော်တယ်၏ အမွေအနှစ်ကို ဝမ်ရှင်းဟန်၏ လက်ထဲသို့ မရောက်စေချင်ကြပေ။
“တလော့အင်မော်တယ်ရဲ့ စစ်ဆေးမှုလား”
ကျန်းချန်၏ မျက်ဝန်းများက လက်ခနဲဖြစ်သွားခဲ့ပြီး လော့ချင်းအာနှင့် အခြားသူများကို ချက်ချင်းဆိုသလို ကြည့်ကာ ပြောလိုက်သည်။
“ဒီစစ်ဆေးမှုကို ကျော်ဖြတ်နိုင်သရွေ့ တလော့အင်မော်တယ်ရဲ့အမွေအနှစ်ကို ရနိုင်လိမ့်မယ်.. မင်းတို့လည်း သွားပြီးတော့ ကြိုးစားကြည့်လိုက်ဦး”
တလော့အမွေအနှစ်နှင့် ပတ်သက်၍ ကျန်းချန်သည် စိတ်ထဲတွင် သိပ်အလေးမထားခဲ့ပေ။
သူကျင့်ကြံထားသော အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်သည် အင်မော်တယ်ဧကရာဇ်ရှချင်း၏ ကျင့်စဥ်ဖြစ်ရာ တလော့အင်မော်တယ် ကျင့်ကြံထားသော တလော့အင်မော်တယ် ကျင့်စဥ်ထက်ပင် ပို၍ အဆင့်မြင့်ပေလိမ့်မည်။
ယင်းအပြင် အပြာရောင်ဧကရာဇ် ဓားသိုင်းနှင့် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း တို့သည်လည်း တလော့အင်မော်တယ် အဆင့်ထက် သာလွန်သော အင်မော်တယ် နည်းစနစ်များ ဖြစ်ကြသည်။
ထို့ကြောင့် ကျန်းချန်သည် တလော့အမွေအနှစ်ကို သဘာဝကျစွာပင် အလေးမထားခဲ့ပေ။
ကျန်းချန်၏ မျက်စိထဲတွင် တလော့အမွေအနှစ်၏ တန်ဖိုးသည် အစောပိုင်းက သူရရှိခဲ့သော တလော့အင်မော်တယ် ဆေးလုံးလောက်ပင် မရှိပေ။
ကျန်းချန်၏ စကားကိုကြားလျှင် လူတိုင်း၏ မျက်ဝန်းထဲ၌ လောဘအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ပကတိအင်မော်တယ် စတုတ္ထအဆင့်သာရှိသော လော့ချင်းအာသည်ပင် စစ်ဆေးမှုကို ကြိုးစားချင်သည့် အမူအရာ ဖြစ်နေခဲ့သည်။
ရွှေအင်မော်တယ်အဆင့် အင်အားစုများမှ ပါရမီရှင်များအတွက် တလော့အင်မော်တယ်၏ အမွေအနှစ်သည် အိပ်မက်ဆန်သော အရာတစ်ခု ဖြစ်သည်မှာ သေချာသလောက်ပင်။
“အစ်ကိုကျန်းချန်.. အစ်ကိုက ဘာလို့ တလော့အင်မော်တယ်ရဲ့ အမွေအနှစ် စစ်ဆေးမှုမှာ မပါဝင်ရတာလဲ”
ကျန်းချန်က တလော့အင်မော်တယ်၏ စစ်ဆေးမှုကို စိတ်ဝင်စားပုံမရသည်အား မြင်လျှင် လော့ချင်းအာက နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဒီတလော့အင်မော်တယ် အမွေအနှစ်က ငါ့အတွက် သိပ်ပြီး အသုံးမဝင်ဘူး ချင်းအာ.. ဒါကြောင့် ငါမပါဝင်တော့တာပဲ”
“တလော့အမွေအနှစ်က အသုံးမဝင်ဘူးတဲ့လား”
ကျန်းချန်၏ စကားကိုကြားလျှင် ဤနေရာရှိ လူတိုင်း၏ မျက်နှာသည် အနည်းငယ် ရှုံ့မဲ့သွားကြသည်။
သူတို့အားလုံး အိပ်မက်မက်နေကြရသည့် တလော့ အမွေအနှစ်သည် ဤလူ၏ မျက်ဝန်းထဲတွင် အသုံးမဝင်သောအရာ ဖြစ်နေခဲ့သည်။
သို့သော်လည်း အသေအချာ ပြန်စဥ်းစားကြည့်လျှင် ကျန်းချန်သည် အကြွင်းမဲ့ ဓားအင်မော်တယ်နန်းတော်၏ ဓားသိုင်းကို တတ်မြောက်ထားပြီး ထိုဓားသိုင်း၏ အဆင့်သည် အင်မော်တယ်ဘုရင်အဆင့်တွင် ရှိနေနိုင်သည်။
သို့ဖြစ်ရာ သာမန် တလော့ အမွေအနှစ်မျှသည် ဤလူအတွက် အသုံးမဝင်သည်မှာ ဖြစ်နိုင်ပေသည်။
အခန်း(၂၇၁၀)ပြီး၏။