အခန်း (၉၀၃-၉၀၆)
Vol. 89 Ch. 903-906
အခန်း (၉၀၃) အကဲပိုလွန်းခြင်း
လုံချန်း နေမကောင်းဖြစ်သည်ဟု ဆိုသဖြင့် မုန့်ဟူလင်က သူ့ကို တည်းခိုခန်းအထိ ရထားလုံးဖြင့် လိုက်ပို့ပေးရန် ကမ်းလှမ်းလေသည်။
"အခုလို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသား" လုံချန်းက ပြန်လည် ဖြေကြားလိုက်၏။
လုံချန်းက သဘောတူလိမ့်မည်ဟု မုန့်ဟူလင်က ထင်မှတ်နေစဉ်မှာပင် လုံချန်းက ဆက်လက်၍ ဆိုသည်။ "ဒါပေမဲ့ ရထားလုံး မလိုပါဘူး။ အပြင်မှာ လမ်းလျှောက်သွားတာကမှ စိတ်ကြည်လင်ပြီး ပိုမြန်မြန် သက်သာလာမှာပါ။ အလုံပိတ်ထားတဲ့ ရထားလုံးထဲမှာဆိုရင် ပိုပြီး နေမကောင်း ဖြစ်သွားနိုင်လို့ပါ"
"ဒါဆိုရင် အနည်းဆုံးတော့ အစေခံတစ်ယောက်ယောက်ကို မင်းနဲ့အတူ လိုက်ပို့ခိုင်းပါရစေ။ မင်းက နေမကောင်းဖြစ်နေတာဆိုတော့ လမ်းမှာ တစ်နေရာရာမှာ လဲကျသွားမှာ စိုးလို့ပါ" မင်းသားက ယဉ်ကျေးပျူငှာစွာဖြင့် ထပ်မံ အကြံပြုပြန်၏။
မုန့်ချန်သည် သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ပြောဆိုနေကြသည်ကို ကြည့်ကာ စက်ဆုပ်ရွံရှာနေမိသည်။ ဤကိစ္စက သူ့အား အဘယ်ကြောင့် ဤမျှအထိ စိတ်တိုစေသည်ကို သူ မသိသော်လည်း ဒေါသကတော့ ထွက်နေမိသည်မှာ အမှန်ပင်။ သူသည် စိတ်ထဲရှိ ဒေါသကို မျက်နှာပြင်သို့ မထွက်စေဘဲ ခပ်ငေါ့ငေါ့ပင် ဆိုလိုက်၏။
"ညီတော်... မင်းက သူ့အမေလား။ သူက အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ပဲ။ သူ့ဘာသာသူ အိမ်ပြန်နိုင်ပါတယ်။ ကလေးတစ်ယောက်လို တယုတယ လုပ်မနေစမ်းပါနဲ့"
"ကျွန်တော့်ကို ဒီပွဲကို ခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ တကယ်ကို ထူးခြားတဲ့ အတွေ့အကြုံပါပဲ" လုံချန်းသည် ဤအခွင့်အရေးကို အသုံးချကာ မုန့်ဟူလင်အား နှုတ်ဆက်၍ ထွက်ခွာရန် ပြင်လိုက်တော့သည်။
သူသည် ဤနေရာတွင် ကြာကြာမနေဝံ့ချေ။ အဖမ်းခံရနိုင်သည့် အန္တရာယ်က ကြီးမားလွန်းလှပေသည်။ စက္ကန့်တိုင်းမှာပင် ဖူမင်နှင့် သူ၏အပေါင်းအပါများ ပြန်ရောက်လာပြီး သူ့ကို ဖမ်းဆီးသွားနိုင်သည့် စိုးရိမ်မှုက ရှိနေပေသည်။ ထိုသို့သော အဖြစ်မျိုးကို သူ အဖြစ်မခံနိုင်ချေ။
"ကောင်းပြီလေ။ မင်း အဲဒီလိုဆိုရင်လည်း ဂရုစိုက်ပြီး ပြန်ပါ" မုန့်ဟူလင်က သဘောတူလိုက်လေသည်။
လုံချန်းသည် လှည့်ထွက်လာခဲ့ပြီး ခန်းမအတွင်းမှ ထွက်ခွာလာခဲ့၏။ သူသည် မကြာမီမှာပင် နန်းတော်ပြင်ပသို့ ရောက်ရှိသွားတော့သည်။
လုံချန်းသည် နန်းတော်အပြင်ဘက်တွင် ရပ်လျက် နန်းတော်ကြီးကို အကဲခတ်နေမိသည်။
'အခုတော့ ငါ နန်းတော်ထဲကို ရောက်ဖူးသွားပြီဆိုတော့ စိတ်အာရုံနဲ့ နေရာရွှေ့ပြောင်းလို့ ရပြီ။ သူတော်စင် ဘုရင်ရဲ့ သော့ကိုလည်း ငါ ယူနိုင်တော့မှာပေါ့။ အခုတော့ အဲဒါကို လုပ်ဖို့ အကောင်းဆုံးအချိန်ကိုပဲ စဉ်းစားရတော့မယ်' သူ တွေးတောရင်း လှည့်ထွက်ခဲ့လေသည်။
သူသည် မင်ယုနှင့် မင်လန်တို့ တည်းခိုနေသည့် တည်းခိုခန်းဆီသို့ လမ်းလျှောက်ပြန်လာခဲ့၏။
ကြယ်တာရာ အင်ပါယာ၏ မြို့တော်နှင့် အလွန်ဝေးကွာသော နေရာတစ်နေရာတွင် ဝူလျာသည် အဆုံးမဲ့သော သဲကန္တာရပြင်ကြီးထဲ၌ လမ်းလျှောက်နေရရှာသည်။ သူ၏ အဝတ်အစားများမှာ ချွေးများဖြင့် ရွှဲနစ်နေပြီး တစ်နေ့ကုန် ပူပြင်းလှသော နေရှိန်အောက်တွင် လျှောက်လှမ်းခဲ့ရပုံပေါ်၏။
မကြာမီမှာပင် သူသည် ဝေးကွာသော နေရာရှိ ကျောက်ဆောင်တစ်ဆောင်ကို တွေ့လိုက်ရသည်။ သူသည် သဲပြင်ပေါ်တွင် ခန္ဓာကိုယ်ကို အနိုင်နိုင် ဆွဲခေါ်လာခဲ့ပြီး ကျောက်ဆောင်အနီးတွင် ရပ်တန့်လိုက်၏။ သူသည် ကျောက်ဆောင်ပေါ်တွင် ထိုင်ချလိုက်ပြီး ပင်ပန်းနေသော ခန္ဓာကိုယ်ကို အနားပေးလိုက်လေသည်။
သူသည် ညာဘက်လက်ဖြင့် နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ရင်း သက်ပြင်းတစ်ချက် ချလိုက်၏။
"အဲဒီလူ၊ သူ ဘယ်လိုလုပ်လိုက်တာလဲ..." သူက မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်သည်။
"အခုတော့ ငါ့ရဲ့ ဟင်းလင်းပြင် စွမ်းအားတွေကို သုံးလို့ မရတော့ဘူး။ သူ ငါ့ရဲ့ စွမ်းအားတွေကို ဘာလုပ်လိုက်တာလဲ။ ငါ့ရဲ့ အချိန်စွမ်းအားတွေလည်း အလုပ်မလုပ်တော့ဘူး။ သူ ဘာမှော်ပညာတွေ သုံးလိုက်တာလဲ။ ငါ့ရဲ့ စွမ်းအားအားလုံးကို သူ စုပ်ယူသွားသလိုပဲ။ အခု ငါ့မှာ ကျန်တော့တာဆိုလို့ ကျင့်စဉ်အဆင့်ပဲ ရှိတော့တယ်..." သူက ညည်းညူလိုက်မိ၏။
"ငါ့တပည့်ဆီ ပြန်သွားဖို့လည်း မဖြစ်နိုင်သလို ဘာတွေ ဖြစ်ခဲ့သလဲဆိုတာကို သတင်းပို့ဖို့တောင် မလွယ်တော့ဘူး။ ငါ ဒီကမ္ဘာမှာ ပိတ်မိနေပြီ။ ဟင်း... အဲဒီကောင်က ငါ့ဆီက အရာအားလုံးကို လုယူသွားတာပဲ။ သူက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ဒီလောက်တောင် အစွမ်းထက်လာရတာလဲ"
သူသည် စက္ကန့်အနည်းငယ်မျှ မျက်လုံးကို မှိတ်ထားရင်း အနားယူလိုက်သည်။ ဆယ်စက္ကန့်ခန့် ကြာသောအခါ သူ မတ်တပ်ရပ်လိုက်၏။
"အဲဒီနေရာကို သွားမယ့် ဝင်ပေါက်ကို ငါ ရှာရမယ်။ သူတစ်ခုတည်းပဲ ငါ့ပြဿနာကို ဖြေရှင်းပေးနိုင်မှာ" သူက ရေရွတ်လိုက်သည်။
သူ့မျက်စိတစ်ဆုံးတွင်တော့ သွားရမည့် ပန်းတိုင်အား မမြင်ရဘဲ အဆုံးမဲ့သော သဲပြင်ကြီးကိုသာ မြင်တွေ့နေရလေသည်။ သူ လမ်းလျှောက်လိုက်တိုင်း သူ၏လည်ပင်းတွင် ဆွဲထားသော ဒင်္ဂါးပြားပုံသဏ္ဌာန် ဆွဲသီးလေးမှာ ဟိုဟိုဒီဒီ လွှဲရမ်းနေတော့သတည်း။
လုံချန်းသည် မြို့တွင်းရှိ လမ်းမများပေါ်တွင် လမ်းလျှောက်ရင်း အစီအစဉ်တစ်ခုကို ဆွဲနေမိသည်။
"ဒါကို ငါ လုပ်နိုင်ရမယ်။ လာမယ့်ရက်တွေမှာ ပထမအဆင့် စမ်းသပ်ပွဲအတွက် တခြားကမ္ဘာက လူအသစ် ငါးဆယ့်ခုနစ်ယောက် ရောက်လာကြလိမ့်မယ်။ လှည့်စားခြင်း မျက်နှာဖုံးက ငါ့ကို အဲဒီထဲက တစ်ယောက်ယောက်အဖြစ် အသွင်ပြောင်းဖို့ ကူညီပေးနိုင်လိမ့်မယ်။ ငါက ဧည့်သည်ဖြစ်နေမှာဆိုတော့ မျိုးနွယ်စုတွေနဲ့ ဘုရင့်မိသားစုက ငါ့ကို ပြဿနာ ရှာမှာ မဟုတ်ဘူး" လူသူကင်းမဲ့နေသော လမ်းမများပေါ်တွင် လမ်းလျှောက်ရင်း သူဘာသာသူ ပြောနေမိ၏။
"ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ နင် တစ်ခု မေ့နေတယ်။ တခြားကမ္ဘာက ပြိုင်ပွဲဝင်တွေက တစ်ယောက်တည်း လာကြမှာ မဟုတ်ဘူး။ သူတို့ကို စောင့်ရှောက်ပေးမယ့် အုပ်ထိန်းသူ အနည်းဆုံး တစ်ယောက်တော့ ပါလာမှာပဲ။ နင် အသွင်ပြောင်းထားရင်တောင် မကြာခင်မှာပဲ အဖမ်းခံရလိမ့်မယ်" ရွှင်းက ထောက်ပြလိုက်ရာ လုံချန်းအတွက် အခက်တွေ့သွားစေသည်။
"မှန်တယ်။ အဲဒါကလည်း စိုးရိမ်စရာပဲ။ အန္တရာယ်တော့ ရှိတာပေါ့၊ ဒါပေမဲ့ ငါ ဘယ်လို ဂရုစိုက်ရမလဲဆိုတာ သိပါတယ်။ ငါက လူတစ်ယောက်ကို သတ်ပြီး သူ့နေရာမှာ အစားဝင်မယ်လို့ ပြောနေတာ မဟုတ်ဘူး" လုံချန်းက ခေါင်းခါရင်း ပြန်ပြောလိုက်၏။
"ဒါဆို နင်က ဘာလုပ်မလို့လဲ။ သူတို့ကို မသတ်ဘဲနဲ့ သူတို့အသွင်ကို ယူမှာလား။ ဒါဆိုရင် မျက်နှာတူတဲ့သူ နှစ်ယောက် မြို့ထဲမှာ လျှောက်သွားနေကြမှာပေါ့" ရွှင်းက မေးလိုက်သည်။
"အတိအကျပဲ။ ငါက စုံစမ်းထောက်လှမ်းဖို့အတွက် သူတို့မျက်နှာကို ခဏ သုံးချင်တာပဲ။ သူတို့အသင်းထဲ ဝင်ဖို့ စိတ်မကူးပါဘူး။ အဖမ်းမခံရအောင်လည်း သေချာ ဂရုစိုက်မှာပါ" လုံချန်းက အဖြေပေးလိုက်လေသည်။
"ငါကတော့ မလုပ်ဖို့ တားချင်ပေမဲ့ နင်ကတော့ ခေါင်းမာတဲ့လူဆိုတော့ သေချာပေါက် လုပ်ဦးမှာပါပဲ" ရွှင်းက သက်ပြင်းချရင်း တွေးလိုက်မိ၏။
လုံချန်းသည် တည်းခိုခန်းသို့ ရောက်ရှိသွားသည်။
ဒေါက်... ဒေါက်... ဒေါက်...
သူသည် အခန်းတံခါးရှေ့တွင် ရပ်ကာ သုံးကြိမ် ခေါက်လိုက်၏။
"ဘယ်သူလဲ" အတွင်းမှ အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည်။
"ငါပါ" လုံချန်းက ပြန်ဖြေလိုက်၏။
ခြေသံများနှင့် သော့ခလောက် ဖွင့်သံများကို သူ ကြားလိုက်ရသည်။ တံခါးပွင့်သွားသောအခါ မင်လန်၏ လှပသော မျက်နှာလေး ပေါ်ထွက်လာ၏။
"ပြန်လာပြီလား" သူမက လုံချန်းကို နှုတ်ဆက်လိုက်သည်။
လုံချန်းသည် အခန်းထဲသို့ ဝင်လိုက်ပြီး တံခါးကို ပြန်ပိတ်ကာ သော့ခတ်လိုက်၏။ မင်ယုမှာ ကုတင်ပေါ်တွင် ထိုင်နေသည်။ လုံချန်းက သူမဘေးတွင် ထိုင်လိုက်သည်ကို ကြည့်ကာ သူမက မေးသည်။ "ဘယ်တွေ သွားနေတာလဲ"
"မြို့ထဲမှာ သတင်းတချို့ သွားစုဆောင်းနေတာပါ" လုံချန်းက ဖြေလိုက်သည်။
"ဪ... ဒါဆို ဘာတွေ သိခဲ့ရလဲ"
"အများကြီးပဲ။ ငါလိုချင်တဲ့ ဆွဲကြိုးကို ဘယ်လို ခိုးရမလဲဆိုတာကို အခု ငါ ကောင်းကောင်း သိသွားပြီ။ ဒုတိယအချက်ကတော့ ငါတို့ ဒီနေရာမှာ ဆက်နေလို့ မဖြစ်တော့ဘူး။ မနက်ဖြန်ကျရင် နင်တို့နှစ်ယောက်လုံး ကမ္ဘာတုထဲကို ပြန်ကြရမယ်" လုံချန်းက ဆိုလိုက်၏။
"ဟင်... ငါ့ရဲ့ အချိန်က မနက်ဖြန် ကုန်မှာ သိပေမဲ့ မင်ယုကရော ဘာလို့လဲ။ သူက စိတ်မကြည်မလင် ဖြစ်နေတာလေ။ သူ့ကို အပြင်မှာ ပိုပြီး ကြာကြာ ထားပေးလိုက်ပါဦး" မင်လန်က အကြံပြုသည်။
လုံချန်းသည် လေကို ဝဝရှူလိုက်ပြီးမှ ပြန်လည် ဖြေကြားလိုက်၏။ "အဲဒါကြောင့် မဟုတ်ဘူး။ အကြောင်းပြချက်က တခြားစီပဲ"
"ဒီမှာ ငါ့မျက်နှာကို မြင်ဖူးတဲ့သူတွေ ရှိနေတယ်။ သူတို့က ငါ့ကို သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံဆိုတာ သိနေကြပြီ။ ငါ မမှားဘူးဆိုရင် မနက်ဖြန်လောက်ဆိုရင် မြို့အနှံ့မှာ ငါ့ပုံတွေနဲ့ ဝရမ်းစာတွေ ကပ်ထားတော့မှာ။ စစ်သားတွေကလည်း ငါတို့ကို ဖမ်းဖို့ ရောက်လာကြလိမ့်မယ်။ ငါကတော့ လှည့်စားခြင်း မျက်နှာဖုံးနဲ့ လွတ်အောင် ပြေးလို့ ရပေမဲ့ နင်တို့နှစ်ယောက်ကတော့ ငါနဲ့အတူ ရှိနေတာကို လူတွေ မြင်သွားကြပြီ"
"ငါ နင်တို့နဲ့အတူ လမ်းလျှောက်ရင် ငါ့ကို သူတို့ ချက်ချင်း သိသွားလိမ့်မယ်။ ဘယ်တည်းခိုခန်းမှာပဲ နေနေ အာဏာပိုင်တွေက နင်တို့ကို ရှာတွေ့သွားမှာပဲ။ အဲဒီလို ဖြစ်လာရင် ငါ အနားမှာ မရှိတဲ့အချိန်ဆိုရင် နင်တို့အတွက် ပိုပြီး အန္တရာယ် ရှိတယ်။ အဲဒါကြောင့် နင်တို့ ပြန်သွားတာက အကောင်းဆုံးပဲ။ နောက်တစ်ပတ်လောက်အထိ အလှည့်ကျ အပြင်ထွက်တဲ့ စနစ်ကို ငါ ခဏ ရပ်ထားမယ်။ ကမ္ဘာတုထဲက ဘယ်သူမှ အပြင်ထွက်လို့ မရဘူး။ အခြေအနေတွေက တကယ်ကို တင်းမာတော့မှာ" သူက အဖြေပေးလိုက်လေသည်။
အခန်း ၉၀၄ နဲ့ ၉၀၅ က ဆင်ဆာတွေ ပါလို့ ဖျက်ထားပါတယ်။ Novel Soul Facebook Page မှာ နှစ်ပိုင်းလုံး တင်ပေးထားပါတယ်။
အခန်း (၉၀၆) သူ ဤနေရာသို့ ရောက်နေပြီ
လုံချန်း၏ အမြင်တွင်မူ သူသည် ရွှင်း၏ ဘယ်ဘက်ရင်သားကို ဆုပ်ကိုင်ထားခြင်း ဖြစ်သော်လည်း မင်လန်၏ အမြင်တွင်မူ သူသည် လေထုကိုသာ ညှစ်နေသကဲ့သို့ ဖြစ်နေသဖြင့် သူမအတွက် အနည်းငယ် ထူးဆန်းနေပေသည်။ သို့သော်လည်း သူမသည် စကားမပြောဘဲ စူးစမ်းသော အကြည့်ဖြင့်သာ ကြည့်နေမိ၏။
မင်ယုမှာမူ မျက်လုံးများကို မှိတ်ထားပြီး ညည်းညူနေသဖြင့် သူ၏လက်က မည်သည့်နေရာသို့ ရောက်နေကြောင်း မမြင်နိုင်ချေ။
"အခု... အခု ချက်ချင်း ငါ့ကို လွှတ်စမ်း" ရွှင်းသည် သူမ၏ ခန္ဓာကိုယ်မှာ အားအင်များ ချည့်နဲ့လာသဖြင့် ကန့်ကွက်လိုက်ရှာသည်။ သူမ၏ အားနည်းချက်မှာ လုံချန်း၏ လက်ထဲသို့ ရောက်ရှိနေသကဲ့သို့ပင် ခုခံရန် အားအင်ပင် မရှိတော့ချေ။
'ဘာလို့ လွှတ်ရမှာလဲ။ နင်ပဲ အရင်စတာလေ။ အခုတော့ ဒီလိုပဲ နေပေဦးတော့' လုံချန်းက စိတ်ဖြင့် ပြန်ဖြေလိုက်၏။ 'ငါ အလုပ်ပြီးတဲ့အထိ နင် ဒီအတိုင်းပဲ နေရမယ်'
"နင်... နင်..."
ရွှင်းသည် သူ့ကို ဆဲဆိုရန် ပြင်လိုက်သော်လည်း သူမ၏ ခန္ဓာကိုယ်မှာ ရုန်းကန်နေရသဖြင့် နောက်ထပ် ညည်းညူသံလေး တစ်ချက်သာ ထွက်ပေါ်လာတော့သည်။
"ဒါဆိုရင် ငါလည်း အဲဒီလိုပဲ ပြန်လုပ်မှာပဲ" သူမက အားနည်းစွာ ပြောလိုက်ရင်း ခေါင်းကို အထက်သို့ မော့ကာ လုံချန်း၏ ရင်ဘတ်အား ပြန်လည် ဆိတ်ဆွဲလိုက်လေသည်။
'ဒါက ငါ့အပေါ်မှာတော့ အလုပ်မဖြစ်ပါဘူး။ နင် ကြိုက်သလောက် ကြိုးစားကြည့်လို့ ရတယ်' လုံချန်းက ပြုံးလျက် ပြန်ဖြေလိုက်၏။
ထိုသည်က သာမန် အထိအတွေ့ကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုမျိုး မဟုတ်ဘဲ မှန်ကန်သော အထိအတွေ့နှင့် ကျွမ်းကျင်သည့် ပညာရပ်ကြောင့် ဖြစ်ပေါ်လာခြင်းပင်။ လုံချန်းက ဤပညာရပ်၏ အနုစိတ်ပုံများကို သင်ယူထားပြီး ဖြစ်ပေမည့် ရွှင်းကမူ လုံးဝ မသင်ယူထားရသေး သောကြောင့် သူ မည်သို့မျှ စိုးရိမ်နေစရာ မလိုတော့ပေ။
လုံချန်းသည် သူ၏ ဇနီးသည်များနှင့်အတူ ရှိနေစဉ်မှာပင် ဘုရင့်နန်းတော်ကြီး အတွင်း၌မူ လုံချန်း ထွက်ခွာသွားခဲ့စဉ်ကအတိုင်း ဆူညံလျက် ရှိနေဆဲပင် ဖြစ်၏။
အချိန်များ အတော်ကြာသွားခဲ့ပြီ ဖြစ်သော်လည်း အင်မော်တယ်ကမ္ဘာနှင့် သူတော်စင် သတ်ဖြတ်သူ အကြောင်း သူတို့၏ ထင်မြင်ယူဆချက်များမှာ ရပ်တန့်သွားခြင်း မရှိကြချေ။ ဧကရာဇ်မင်းမြတ်သည်လည်း ဝန်ကြီးဝမ်နှင့်အတူ ပြန်လည် ရောက်ရှိမလာသေးပေ။
ဧည့်သည်များက အပြင်တွင် ဆွေးနွေးနေကြစဉ်မှာပင် ဧကရာဇ် မုန့်လျန်၊ ဝန်ကြီးဝမ်၊ ဖူမင်နှင့် သူ၏ အဖွဲ့တို့မှာ သီးသန့်အခန်း တစ်ခန်းအတွင်းသို့ ရောက်ရှိနေကြသည်။ ဖူမင်သည် သူ လုံချန်းကို မြင်တွေ့ခဲ့ရသည့် အချိန်မှစ၍ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို အစီရင်ခံနေ၏။
"ဒီလို အစွမ်းမျိုးဆိုရင်တော့... မင်း လိမ်နေတာ မဟုတ်ဘူးဆိုတာ သေချာပါတယ်" ဖူမင်၏ စကားများကို ကြားပြီးနောက် ဧကရာဇ်က အတည်ပြုလိုက်သည်။ ဖူမင် လိမ်ညာနေခြင်း မဟုတ်ကြောင်း သူ ရိပ်မိလိုက်ပြီ ဖြစ်၏။
"အရှင်မင်းကြီး... ဒါဟာ တကယ်ကို အင်မော်တယ်ကမ္ဘာက လူတစ်ယောက်ရဲ့ အစွမ်းမျိုးပါပဲ။ ဒါမျိုးမဟုတ်ရင် လူငယ်လေး တစ်ယောက်က ဒီလောက် အစွမ်းထက်ဖို့ မဖြစ်နိုင်ပါဘူး" ဝန်ကြီးဝမ်က ထောက်ပြလိုက်သည်။
"အဲဒါကို ငါ နားလည်ပါတယ်။ ဒါပေမဲ့ မေးစရာ ရှိတာက... အင်မော်တယ် ကမ္ဘာက လူတစ်ယောက်က ဘာဖြစ်လို့ သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံနဲ့ တိုက်ခိုက်နေရတာလဲ ဆိုတာပဲ" ဧကရာဇ်က ရေရွတ်လိုက်၏။
"သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံက အင်မော်တယ်ကမ္ဘာက သူစိမ်းကို တစ်ခုခု သွားစမိလို့များလား။ သူတို့ အဲဒီနေရာကို ရောက်သွားတဲ့အချိန်မှာ တိုက်ပွဲက ဖြစ်နေပြီလေ။ ကျွန်တော် ထင်တာကတော့ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သိကြတာ မဟုတ်ပါဘူး။ အဲဒီ သူစိမ်းက အားနည်းတဲ့ ကလေးတစ်ယောက်လို ပုံစံမျိုးဆိုတော့ သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံက သူ့ကို သွားပြီး အနိုင်ကျင့်မိတာ ဖြစ်မှာပါ။ အဲဒါကြောင့်ပဲ တိုက်ပွဲဖြစ်ပြီး သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံက အလဲလဲအကွဲကွဲ ရှုံးသွားရတာ ဖြစ်နိုင်ပါတယ်" ဝန်ကြီးဝမ်က သူ၏ ယူဆချက်များကို လျှောက်တင်လေသည်။
"ဒါကလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နောက်ထပ် ဖြစ်ပျက်ခဲ့တာတွေက ပိုပြီး ဇဝေဇဝါ ဖြစ်စရာ ကောင်းနေတယ်။ တစ်ခဏအတွင်းမှာပဲ သူတို့ထဲက တစ်ယောက်က မြေပြင်ပေါ်မှာ လဲနေပြီး သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံကလည်း အချိန်မရွေး သေသွားနိုင်တဲ့ အနေအထားမျိုး ဖြစ်နေခဲ့တာ" ဖူမင်က ဝင်ပြောလိုက်သည်။
"ဒါပေမဲ့ နောက်တစ်ခဏမှာတော့ သူတို့နှစ်ယောက်လုံး ပျောက်ကွယ်သွားကြတယ်။ နောက်ဆုံးမှာတော့ သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံက တစ်ယောက်တည်း ပြန်ပေါ်လာပြီး သူ့ရဲ့ သူငယ်ချင်းနဲ့အတူ ပျောက်ကွယ်သွားပြန်တယ်။ ဒါကြောင့် သူက သေချာပေါက် အသက်ရှင်နေပါသေးတယ်။ ဟိုလူစိမ်းကိုတော့ နောက်ပိုင်းမှာ မတွေ့ရတော့ဘူး။ သူ အသတ်ခံလိုက်ရတာများ ဖြစ်နိုင်မလား" သူက မေးလိုက်၏။
ဝန်ကြီးဝမ်က ခေါင်းညိတ်ပြပြီးနောက် ဆက်လက်၍ ဆိုသည်။ "ဒီမေးခွန်းတွေကို ဖြေနိုင်မယ့်သူက တစ်ယောက်ပဲ ရှိပါတယ်။ အဲဒါကတော့ သူကိုယ်တိုင်ပါပဲ။ မင်း သူ့ရဲ့ မျက်နှာအသစ်ကို မြင်ခဲ့တယ် မဟုတ်လား။ ဒါဆိုရင် အရင်က သူပြခဲ့တဲ့ မျက်နှာက လှည့်စားထားတဲ့ မျက်နှာအတု ဖြစ်ရမယ်"
"မျက်နှာအသစ်ရဲ့ ပုံတူကိုလည်း ရေးဆွဲခိုင်းလိုက်ဦး။ ပြီးတော့ တိုက်ကြီးတစ်ဝန်းလုံးကို ဖြန့်ဝေလိုက်" ဧကရာဇ် မုန့်လျန်က မိန့်ကြားလိုက်၏။
"ဒါပေမဲ့ အရှင်မင်းကြီး... သူက မျက်နှာကို တစ်ကြိမ် ပြောင်းနိုင်တယ်ဆိုရင် သူ့ရဲ့ အသွင်ပြောင်းတဲ့ ပညာက တော်တော်လေး ကျွမ်းကျင်တဲ့ သဘောပါပဲ။ သူ ဒါကို ထပ်ပြီး လုပ်နိုင်မှာ မဟုတ်ဘူးလား။ သူက မျက်နှာတွေကို ခဏခဏ ပြောင်းနေရင် သူ့ကို ကျွန်တော်တို့ ဘယ်လို ရှာတွေ့နိုင်မှာလဲ" ဝန်ကြီးဝမ်က မေးမြန်းလိုက်သည်။
"ဟုတ်ပါတယ်။ သူ့ရဲ့ ပညာက ကျွမ်းကျင်ပါတယ်။ ဒါပေမဲ့ သူ့မှာ သူငယ်ချင်း တစ်ယောက်လည်း ရှိနေသေးတယ် မဟုတ်လား။ ငါတို့က သူ့ကို သေချာပေါက် ရှာဖွေမှာ ဖြစ်သလို သူ့ရဲ့ သူငယ်ချင်း အပေါ်ကိုလည်း ပိုပြီး အာရုံစိုက်ရမယ်။ သူ့သူငယ်ချင်းရဲ့ ပုံတူကိုလည်း ရေးဆွဲခိုင်းလိုက်။ ဒီပုံတူတွေကိုတော့ ဘုရင့်တပ်မတော်က စစ်သည်တွေဆီကိုပဲ ဖြန့်ဝေရမယ်။ တခြားနိုင်ငံတွေမှာတောင်မှ စစ်တပ်ကိုပဲ ဒီပုံတူသစ်တွေကို ပေးရမယ်" ဧကရာဇ်က ပြုံးလျက် ပြန်ဖြေလိုက်၏။
"သူတို့ကို တွေ့ခဲ့ရင် သတင်းပို့ဖို့ ပြည်သူတွေဆီကိုတော့ မဖြန့်ဝေရဘူးလား အရှင်" ဝန်ကြီးဝမ်က ဧကရာဇ်ကို မေးလိုက်သည်။
"မလိုပါဘူး။ ငါတို့က ဒုတိယလူကို ရှာနေတယ်ဆိုတာ သူတို့ကို မသိစေချင်ဘူး။ ဒါကို လျှို့ဝှက်စစ်ဆင်ရေး တစ်ခုအဖြစ်ပဲ ထားလိုက်ပါ။ သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံကိုပဲ လူသိရှင်ကြား ရှာဖွေခိုင်းလိုက်။ သူ့သူငယ်ချင်းကိုပါ ငါတို့ ရှာနေတယ်ဆိုတာ ဘယ်သူမှ မသိစေရဘူး" ဧကရာဇ်က တိုးတိုးလေး ဆိုလိုက်၏။
"ပြီးတော့ အခုက အရေးကြီးတဲ့ အချိန်ပဲ။ နောက်နှစ်ရက်နေရင် အဆင့်သတ်မှတ်ပွဲရဲ့ ပထမအဆင့်က စတော့မယ်။ မြို့ထဲမှာ ဘာအနှောင့်အယှက်မှ မရှိစေချင်ဘူး။ မြို့ရဲ့ လုံခြုံရေးကို တိုးမြှင့်လိုက်ပါ။ ဘယ်သူစိမ်းကိုမှ ပေးမဝင်နဲ့။ သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံကိုလည်း မြို့ထဲဝင်ပြီး လွတ်လွတ်လပ်လပ် သွားလာခွင့် မပေးစေရဘူး" သူက ဆက်လက် မိန့်ကြားရင်း မတ်တပ်ရပ်လိုက်လေသည်။
"အခု ချက်ချင်းပဲ အလုပ်စကြတော့"
သူသည် အမိန့်များကို မည်သို့ ကိုင်တွယ်ရမည်အား ဆွေးနွေးရန် အခြားသူများကို ထားခဲ့ကာ အခန်းထဲမှ ထွက်ခွာသွားတော့သည်။ သူသည် ထိုလူနှစ်ယောက်၏ ပုံတူများကိုပင် ကြည့်ရှုခြင်း မပြုခဲ့ချေ။
အကယ်၍သာ သူ ကြည့်ခဲ့လျှင် လွန်ခဲ့သော မိနစ်အနည်းငယ်ကမှ လုံချန်းသည် သူ၏ရှေ့တွင် ရှိနေခဲ့သည်ကို သူ ရိပ်မိသွားပေလိမ့်မည်။ သူသည် ဤကဲ့သို့သော အခွင့်အရေးကြီးကို လက်လွတ်ခံကာ ထွက်ခွာသွားခြင်း ဖြစ်၏။ သူသည် ပွဲတော်ကျင်းပရာ ခန်းမသို့ ပြန်ရောက်လာပြီး သူ၏ ပလ္လင်ပေါ်တွင် ပြန်လည် ထိုင်လိုက်လေသည်။
တစ်ညလုံးမှာပင် ဝန်ကြီးဝမ်နှင့် ဖူမင်တို့သည် ထိုလူနှစ်ယောက်၏ ပုံတူများကို ရေးဆွဲခဲ့ကြပြီး မြင်းစီးသူရဲများကို တိုက်ကြီးတစ်ဝန်းရှိ အခြားနိုင်ငံများသို့ စေလွှတ်ကာ ထိုပုံတူများအား ပေးအပ်ခဲ့ကြ၏။ သူတို့၏ တာဝန်မှာ ထိုပုံတူများထဲမှ တစ်ခုကို အများပြည်သူတို့ မသိအောင် လျှို့ဝှက်ထားရန် ဘုရင်များအား ညွှန်ကြားချက် ပေးရခြင်းပင် ဖြစ်သည်။
ပုံတူ အမြောက်အမြားကို မြို့ကို စောင့်ကြပ်နေကြသော မြို့တော်စောင့် စစ်သည်များဆီသို့လည်း ဖြန့်ဝေပေးခဲ့သည်။
"နေဦးဗျာ... ခင်ဗျား ဘာလို့ ကျွန်တော့်ကို ဖုန်းရှု မင်းသားရဲ့ ပုံတူကို လာပေးနေတာလဲ"
အင်ပါယာ၏ အဝင်ဝတွင် ရပ်နေကြသော စစ်သည်များအား ထိုပုံတူများကို ပေးအပ်လိုက်သည့်အခါ သူတို့မှာ ဆွံ့အသွားကြသည်။ သူတို့သည် ပုံတူထဲက လူမှာ ဖုန်းရှုမင်းသား ဖြစ်နေကြောင်း မှတ်မိလိုက်ကြခြင်း ဖြစ်၏။
"ဖုန်းရှုမင်းသား ဟုတ်လား။ ခင်ဗျား ဘာကို ဆိုလိုတာလဲ။ ဆရာကြီးဖူမင်ရဲ့ အဆိုအရ ဒါက သူတော်စင် သတ်ဖြတ်သူ အမွေခံရဲ့ ပုံတူဗျ။ သူက ဘယ်မင်းသားမှ မဟုတ်ဘူး" ဘုရင့်တပ်သားက ပြန်ပြောလိုက်သည်။
"ဟေ... အဲဒီလူက ဖုန်းရှုမင်းသားရဲ့ အမှတ်အသားကို ကိုင်ထားတာဗျ။ ကျွန်တော်က မင်းသားတစ်ပါးလို့ ထင်ပြီး သူ့ကို အထဲပေးဝင်လိုက်တာ။ ဒါဆိုရင် သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံက မြို့တော်ထဲကို ရောက်နေပြီပေါ့ ဟုတ်လား" ထိုလူသည် ချွေးပြန်လာရင်း အော်ပြောလိုက်မိ၏။
"တောက်... မင်းက ငါတို့ရဲ့ ရန်သူကို မြို့တော်ထဲကို ပေးဝင်လိုက်တာလား။ လူယုတ်မာ၊ ဘယ်သူမှ မြို့ထဲကနေ ထွက်မသွားစေနဲ့။ ဒီအကြောင်းကို ဝန်ကြီးဝမ်ကို ငါ အခုချက်ချင်း သတင်းသွားပို့မယ်" ဘုရင့်တပ်သားသည်လည်း မျက်နှာ ပြာနှမ်းသွားကာ ဆိုလိုက်လေသည်။
သူသည် သူ၏ သားရဲပေါ်သို့ တက်လိုက်ပြီး နန်းတော်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလေတော့သည်။