အခန်း (၉၀၇-၉၀၈)
Vol. 89 Ch. 907-908
အခန်း (၉၀၇) မြို့တော်ကို ပိတ်ဆို့ခြင်း
မနက်လေးနာရီ အချိန် ဖြစ်၏။ မိုးကုပ်စက်ဝိုင်းတွင် နေမင်းသည် စတင် ထွက်ပြူလာချေပြီ။ အလင်းရောင်သည် မြေပြင်တစ်ခုလုံးကို လွှမ်းခြုံကာ မိမိ၏ ဩဇာအာဏာအား ပြသလာသည်နှင့်အမျှ အမှောင်ထုသည်လည်း ဆုတ်ခွာသွားရတော့သည်။
ဘုရင့်တပ်သားသည် နန်းတော်သို့ ရောက်ရှိလာ၏။
ပွဲတော်ကျင်းပမှုမှာ ပြီးဆုံးသွားသည်မှာ ကြာပြီဖြစ်သဖြင့် ဧည့်သည်တော်များလည်း အသီးသီး ပြန်သွားကြပြီ ဖြစ်သည်။ မင်းသားများနှင့် ဧကရာဇ်သည်ပင် မိမိတို့၏ အခန်းများအတွင်း၌ အနားယူနေကြပြီ ဖြစ်၏။
ပွဲတော်ခန်းမ အတွင်း၌မူ ဝန်ကြီးဝမ်၊ စစ်သေနာပတိချုပ်၊ ဖူမင်နှင့် သူ၏အဖွဲ့သားများသာ ကျန်ရစ်ခဲ့ကြသည်။
ဘုရင့်တပ်သား ဝင်လာသည်နှင့်အမျှ တံခါးကြီး ပွင့်သွား၏။
"ပုံတူတွေကို ဖြန့်ဝေပြီးပြီလား။ တော်တော်မြန်တာပဲ" စစ်သေနာပတိချုပ်က ပြန်ရောက်လာသော တပ်သားကို ချီးမွမ်းစကား ဆိုလိုက်သည်။
"ဖြန့်ဝေလို့ မပြီးသေးပါဘူးခင်ဗျာ။ ကျွန်တော် အရေးကြီးတဲ့ အချက်အလက်တစ်ခုကို သိလိုက်ရလို့ လမ်းခုလတ်ကနေ ပြန်လာခဲ့တာပါ။ ဒါက သတင်းဆိုးပါပဲ" တပ်သားက အဖြေပေးလိုက်၏။
"ဘာသတင်းဆိုးလဲ" ဝန်ကြီးဝမ်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"ဝန်ကြီး ပေးလိုက်တဲ့ ပုံတူထဲကလူကို မြို့အဝင်ဝက စစ်သည်တွေ မှတ်မိနေကြပါတယ်ခင်ဗျာ။ သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံဟာ... အခု ကျွန်တော်တို့ မြို့ထဲကို ရောက်နေပါပြီ" တပ်သားက လျှောက်တင်လိုက်၏။
ထိုစကားကြောင့် အားလုံးမှာ မှင်တက်သွားကြပြီး ထိုင်နေရာမှ အလန့်တကြား ထရပ်လိုက်မိကြသည်။ အားလုံး၏ ပါးစပ်များမှာလည်း အံ့ဩလွန်း၍ အဟောင်းသား ဖြစ်နေကြတော့၏။
"သူ ရောက်နေပြီ ဟုတ်လား။ အချိန်ကိုက်တာမှ လွန်ရောပဲ။ အဲဒီကောင်က အခုမှ လာရတယ်လို့။ မနက်ဖြန်ဆိုရင် ဧည့်သည်တော်တွေ ရောက်လာကြတော့မယ်။ သူ့ကို ဒီအတိုင်း လွတ်လွတ်လပ်လပ် သွားလာခွင့် မပေးနိုင်ဘူး..." ဝန်ကြီးဝမ်က စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်မိသည်။
"သူ ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ။ ဒီမြို့က လူတိုင်းကို ပေးဝင်တာ မဟုတ်ဘူးလေ။ ငါတို့ စစ်သည်တွေက သူတို့အလုပ်ကို သေသေချာချာ မလုပ်ကြဘူးလား" စစ်သေနာပတိချုပ်က မျက်မှောင်ကြုတ်လျက် မေးလိုက်၏။
"သိရသလောက်တော့ အဲဒီလူဟာ ဖုန်းရှုမင်းသား အယောင် ဆောင်ထားတာပါ ခင်ဗျာ။ သူ့မှာ တရားဝင် အမှတ်အသား တံဆိပ်လည်း ပါလာပါတယ်။ အခုလောလောဆယ်မှာ နိုင်ငံအသီးသီးက တော်ဝင်မျိုးနွယ်တွေကလွဲရင် ဘယ်သူ့ကိုမှ မြို့ထဲပေးမဝင်တဲ့အတွက် သူက ဒီအချက်ကို အသုံးချပြီး ဝင်လာတာ ဖြစ်ပုံရပါတယ်" တပ်သားက ချက်ချင်းပင် ဖြေကြားလိုက်၏။
"အဲဒီလူယုတ်မာ၊ ဖုန်းရှုမင်းသားကို သူ သတ်လိုက်တာကိုး။ ဒါကြောင့် သူက အမှတ်အသားကို ယူပြီး အယောင်ဆောင်ဝင်လာတာပေါ့။ တကယ်ကို ပရိယာယ်များတဲ့ ကောင်ပဲ။ မြို့တစ်မြို့လုံးကို ပိတ်ဆို့လိုက်စမ်း။ ဘယ်သူ့ကိုမှ အပြင်ထွက်ခွင့် မပေးနဲ့။ အခုလောလောဆယ်တော့ ပြည်သူတွေကို ဒါကို အသိမပေးနဲ့ဦး။ ငါတို့ သိနေပြီဆိုတာကို သူ သိသွားလို့ မဖြစ်ဘူး" ဝန်ကြီးဝမ်က ပြောဆိုရင်း အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။
"ဝန်ကြီး ဘယ်သွားမလို့လဲ" စစ်သည်က မေးလိုက်၏။
"ဧကရာဇ်မင်းမြတ်ကို ဒီအကြောင်း သတင်းသွားပို့မလို့။ မြို့တော်ရဲ့ ပိတ်ဆို့ခြင်း အတားအဆီးကို အသက်သွင်းဖို့အတွက် အရှင်မင်းကြီးရဲ့ ခွင့်ပြုချက်လည်း လိုအပ်တယ်လေ" ဝန်ကြီးဝမ်က ပြန်ဖြေပြီး ထွက်ခွာသွားတော့သည်။
"ပိတ်ဆို့ခြင်း အတားအဆီးဆိုတာ ဘာလဲ။ ငါ ပထမဆုံး ကြားဖူးတာပဲ" ပုရှိုက ဖူမင်ကို မေးလိုက်၏။
"ပိတ်ဆို့ခြင်း အတားအဆီး ဟုတ်လား။ ဒါကို အရင်က တစ်ခါမှ အသုံးမပြုခဲ့ဖူးတော့ မင်း မသိတာ မဆန်းပါဘူး" ဖူမင်က ပြန်ဖြေလိုက်သည်။ "ဒါပေမဲ့ မင်းသာ စာဖတ်တာကို စိတ်ဝင်စားမယ်ဆိုရင်တော့ သိမှာပါ။ ကာကွယ်ရေးဆိုင်ရာ ကျမ်းစာတွေထဲမှာ ဒါကို အထင်အရှား ဖော်ပြထားတယ်လေ"
"ဟုတ်တယ်။ အဲဒီအကြောင်း ဖတ်ဖူးသလိုပဲ။ အဲဒါက တစ်မြို့လုံးကို လွှမ်းခြုံထားတဲ့ အတားအဆီး မဟုတ်လား။ အရင်က တစ်ခါမှ မသုံးဖူးဘူး။ အဲဒီအတားအဆီးက လူတွေကို အပြင်ထွက်လို့မရအောင် တားဆီးရုံတင်မကဘဲ မြို့ရဲ့ အတွင်းပိုင်းကိုပါ လုံခြုံအောင် ပိတ်ဆို့ထားတာ။ ဘယ်သူမှ နေရာရွှေ့ပြောင်းတဲ့ အဆောင်တွေကို သုံးပြီး မြို့ထဲကို ဝင်လာလို့ မရတော့ဘူး..." ကုယန်က ရှင်းပြလိုက်၏။
"တကယ်လား။ အဲဒါ တကယ်ကို အံ့ဩစရာကောင်းတာပဲ" ပုရှိုက အားကျမခံ တအံ့တဩ ရေရွတ်လိုက်မိတော့သည်။
"မဖြစ်ဘူး။ အဲဒီအတားအဆီးကို အသက်သွင်းဖို့ ငါ ခွင့်မပြုနိုင်ဘူး" ဧကရာဇ် မုန့်လျန်သည် ဝန်ကြီးဝမ်၏ တောင်းဆိုချက်ကို ချက်ချင်းပင် ငြင်းပယ်လိုက်၏။
"ဒါပေမဲ့ အရှင်မင်းကြီး... သူ မြို့ထဲမှာ ရှိနေတာပါ။ သူ ဘယ်မှာရှိတယ်ဆိုတာ သိနေတဲ့အချိန်က သူ့ကို ဖမ်းဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ။ တကယ်လို့ ပိတ်ဆို့ခြင်း အတားအဆီးကို အသက်မသွင်းဘူးဆိုရင် သူဟာ အရင်တစ်ခါကလိုပဲ ထွက်ပြေးသွားနိုင်ပါတယ်။ သူ့ကို မလွတ်စေချင်ရင်တော့ အဲဒီအတားအဆီးက လိုအပ်ပါတယ်"
ယခုတစ်ကြိမ်တွင် လုံချန်းကို ဖမ်းမိရန်အတွက် ထိုအတားအဆီးကို အသက်သွင်းခြင်းသည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ဝန်ကြီးဝမ်က သိနေပေသည်။
"မင်းပြောတာကို ငါ နားလည်ပါတယ်။ ဒါပေမဲ့ ငါ ခွင့်မပြုနိုင်ဘူး။ ပိတ်ဆို့ခြင်း အတားအဆီးက ဘယ်လို အလုပ်လုပ်သလဲဆိုတာ မင်း မသိဘူး။ အဲဒါက လူတွေကို အပြင်ထွက်လို့မရအောင် တားဆီးရုံတင်မကဘဲ အထဲကို ဝင်လာလို့မရအောင်လည်း တားဆီးတာပဲ။ မြေပြင်ရဲ့ ဟင်းလင်းပြင် တစ်ခုလုံးကို ပိတ်ဆို့ထားလိုက်တာ" ဧကရာဇ် မုန့်လျန်က ပြန်လည် ရှင်းပြလိုက်၏။
"မနက်ဖြန်မှာ ကမ္ဘာတစ်ဆယ့်ကိုးခုက သံတမန်တွေ ငါတို့ဆီကို လာကြတော့မှာ မင်း သိသားပဲ။ ငါသာ မြေပြင်ကို ပိတ်ဆို့လိုက်ရင် သူတို့ ဝင်လာနိုင်မှာ မဟုတ်တော့ဘူး။ အဲဒီအခါမှာ သူတို့က ငါတို့ကို ကြောက်နေတယ်လို့ ထင်သွားရုံတင်မကဘဲ ကတိမတည်တဲ့သူတွေလို့လည်း သတ်မှတ်ကြလိမ့်မယ်။ သူတို့ရှေ့မှာ ငါတို့ရဲ့ ဂုဏ်သိက္ခာ အပျက်စီးမခံနိုင်ဘူး" သူက ဆက်လက် မိန့်ကြားလေသည်။
ဧကရာဇ် မုန့်လျန်၏ စိုးရိမ်မှုကို ကြားရသောအခါမှ ဝန်ကြီးဝမ်သည် မိမိ မည်မျှအထိ မှားယွင်းသွားခဲ့သည်ကို နားလည်သွားတော့၏။ သူသည် သက်ပြင်းတစ်ချက်ကို ချလိုက်ရင်း လျှောက်တင်လိုက်သည်။ "ဒါကို... ကျွန်တော် မစဉ်းစားမိခဲ့ပါဘူး..."
"သေချာတာပေါ့။ အဲဒါကြောင့်လည်း မင်းက ဧကရာဇ် မဟုတ်တာပေါ့" ဧကရာဇ်က ပြန်လည် မိန့်ကြားလိုက်၏။
"အခု အဲဒီလူက ဒီမှာ ရှိနေပြီဆိုတော့ မြို့ထဲမှာပဲ ငါတို့ရဲ့ အင်အားအားလုံးကို စိုက်ထုတ်ပြီး ရှာဖွေစမ်း။ ၂၄ နာရီအတွင်း သူ့ကို အမိအရ ဖမ်းစေချင်တယ်။ အဆင့်သတ်မှတ်ပွဲတွေ ကျင်းပတဲ့အချိန်မှာ သူ လွတ်နေလို့ မဖြစ်ဘူး" သူက ဆက်လက် မိန့်ကြားသည်။ "ဒါတွေအားလုံးအတွက် မင်းမှာ တာဝန်ရှိတယ်။ မင်း ဘယ်လိုပဲ လုပ်လုပ် ငါ ဂရုမစိုက်ဘူး။ ဘယ်လို အမှားမျိုးကိုမှ ခွင့်လွှတ်မှာ မဟုတ်ဘူး"
"ကျွန်တော် အစွမ်းကုန် ကြိုးစားပြီး သူ့ကို အမိအရ ဖမ်းဆီးပါ့မယ်" ဝန်ကြီးဝမ်က ကတိပြုပြီးနောက် လှည့်ထွက်သွားတော့သည်။
သူ ထွက်သွားပြီးနောက် တံခါးကြီး ပြန်ပိတ်သွား၏။
"သူ ဒီကို ရောက်နေပြီပေါ့လေ။ တကယ်လို့ သူ့ကို ဖမ်းမမိဘူးဆိုရင်တော့ အခက်တွေ့ရတော့မယ်။ သူသာ ငါတို့ရဲ့ ဧည့်သည် တစ်ယောက်ယောက်ကို အန္တရာယ်ပြုလိုက်ရင် ငါတို့အတွက် အထိနာလိမ့်မယ်။ အဲဒီလို ဖြစ်သွားရင် ကမ္ဘာအချင်းချင်း ဆက်ဆံရေးမှာလည်း ပြဿနာ တက်နိုင်တယ်။ သူတို့ကိုလည်း လုံခြုံရေး ပေးထားရမယ် ထင်တယ်" ဧကရာဇ်က ပိတ်သွားသော တံခါးကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် ကုတင်ပေါ်တွင် ပြန်လှဲလိုက်ရင်း မျက်လုံးများကို မှိတ်ထားလိုက်၏။
"အဆင့်သတ်မှတ်ပွဲသာ မရှိဘူးဆိုရင်တော့ အဲဒီလူယုတ်မာကို ဖမ်းဖို့ မြို့ကို ချက်ချင်း ပိတ်ဆို့လိုက်မှာပဲ။ သူ သေသွားတာကို ထိုင်ကြည့်ရတာ တကယ်ကို အရသာ ရှိမှာပဲ" သူက နဖူးပေါ်သို့ လက်တင်ရင်း ရေရွတ်လိုက်လေတော့သည်။
ညဉ့်ဦးယံမှာ တိတ်ဆိတ်နေသည်ဟု ထင်ရသော်လည်း တစ်ညလုံးမှာပင် အမျိုးမျိုးသော ဆွေးနွေးမှုများနှင့် အစီအစဉ်ဆိုးများမှာ ပေါ်ပေါက်နေခဲ့ပေသည်။
စစ်သည်များသည် လုံချန်းကို လိုက်လံ ရှာဖွေနေကြပြီး နောက်ဆုံးတွင် လုံချန်း တည်းခိုနေသည့် တည်းခိုခန်းကို ရှာဖွေ တွေ့ရှိသွားကြ၏။
"သူ ဒီမှာ တည်းနေတာလား" စစ်သေနာပတိချုပ်က တည်းခိုခန်းမှ ဧည့်ကြိုကို ပုံတူနှစ်ခုကို ပြသရင်း မေးလိုက်သည်။
"ဟုတ်ကဲ့ခင်ဗျာ။ ဒီလူက အမျိုးသမီး နှစ်ယောက်နဲ့အတူ ဒီမှာ ရှိနေပါတယ်။ ကျန်တဲ့ တစ်ယောက်ကိုတော့ ကျွန်တော် မတွေ့မိပါဘူး" ဧည့်ကြိုက ပြန်ဖြေလိုက်၏။
"ရပါတယ်။ ငါတို့က ဒီလူကိုပဲ ပိုပြီး အာရုံစိုက်နေတာ။ သူ့အခန်းကို ခေါ်သွားစမ်း" စစ်သေနာပတိချုပ်က ဆိုလိုက်သည်။
သူသည် အင်အားအကောင်းဆုံး စစ်သည် ငါးဆယ်ကျော်နှင့်အတူ ရောက်ရှိလာခြင်း ဖြစ်၏။ တည်းခိုခန်း တစ်ခုလုံးကိုလည်း စစ်သည်များက ဝိုင်းရံထားကြပြီ ဖြစ်သည်။
ဧည့်ကြိုသည် စစ်သည်များအား လုံချန်း၏ အခန်းဆီသို့ လမ်းပြခေါ်ဆောင်သွား၏။
"ဒီအခန်းပါပဲ။ သူ အထဲမှာ ရှိနေရပါမယ်" ဧည့်ကြိုက တိုးတိုးလေး ပြောလိုက်သည်။
"ကောင်းပြီ။ မင်း နောက်ဆုတ်နေတော့။ အားလုံးက ဒီမှာတင် အဆုံးသတ်သွားစေရမယ်" စစ်သေနာပတိချုပ်က တည်ငြိမ် လေးနက်စွာ ဆိုလိုက်၏။
သူသည် အခန်းတံခါးကို ချက်ချင်းပင် ကန်ကျောက်လိုက်ရာ တံခါးကြီးမှာ ပွင့်ထွက်သွားတော့သည်။
အခန်း (၉၀၈) အပြင်သို့
စစ်သေနာပတိချုပ်သည် တည်းခိုခန်း အခန်းတံခါးကို ချိုးဖျက်ကာ အထဲသို့ အတင်းအကျပ် ဝင်ရောက်သွားပြီး သူ၏နောက်တွင်လည်း အခြားစစ်သည်များက ကပ်လျက် ပါလာကြ၏။
သူသည် အခန်းထဲရှိ ကုတင်သို့ ကြည့်လိုက်သော်လည်း ကုတင်မှာ ဗလာကျင်းနေသည်ကိုသာ တွေ့ရပေသည်။ အခန်း၏ မည်သည့်နေရာတွင်မှလည်း လူသူအရိပ်အယောင် မရှိချေ။
စစ်သေနာပတိချုပ်သည် စိတ်ပျက်ဒေါသထွက်စွာဖြင့် ဧည့်ကြိုဘက်သို့ လှည့်ကာ ဟိန်းဟောက်လိုက်တော့၏။ "သူတို့ ဘယ်မှာလဲ"
ဧည့်ကြိုမှာတော့ ထိုနေရာ၌ပင် ကြောက်လန့်တကြား ဆွံ့အလျက် ရှိနေပေသည်။ ထိုသူ၏ ပြင်းထန်လှသော အရှိန်အဝါကြောင့် ဧည့်ကြိုမှာ နေရာမှပင် မရွေ့နိုင်ဘဲ အကျဉ်းကျနေသကဲ့သို့ ခံစားနေရ၏။
သူသည် တုန်လှုပ်ချောက်ချားနေပေပြီ။ အကယ်၍ မှားယွင်းပြီး အသတ်ခံရလျှင်ပင် စစ်သေနာပတိချုပ်ကို မည်သူမှ အပြစ်တင်မည် မဟုတ်ကြောင်း သူ သိနေသည်။ သူ့ကို ဝန်းရံထားသည့် အရှိန်အဝါမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် သူ၏မျက်နှာမှာလည်း ချက်ချင်းပင် သွေးမရှိသလို ဖြူဖျော့သွားတော့၏။
ဧည့်ကြိုသည် တုန်ရီနေသော အသံဖြင့် ပြန်ဖြေလိုက်ရှာသည်။ "ကျွန်... ကျွန်တော် မသိပါဘူး။ သူတို့ အထဲဝင်လာတာကိုတော့ မြင်လိုက်ပါတယ်၊ ဒါပေမဲ့ ပြန်ထွက်သွားတာကိုတော့ မတွေ့မိပါဘူး။ ကျွန်တော် လိမ်မပြောပါဘူးလို့ နတ်ဘုရားကို တိုင်တည်ပြီး ကတိပေးဝံ့ပါတယ်ခင်ဗျာ"
သို့သော်လည်း စစ်သေနာပတိချုပ်က စိတ်လျှော့မည့်ပုံ မပေါ်ချေ။ သူသည် ဧည့်ကြိုအနားသို့ ဖြည်းညှင်းသော ခြေလှမ်းများဖြင့် တိုးကပ်လာ၏။ ထိုဖိနှိပ်ထားသော အရှိန်အဝါကြောင့် ဧည့်ကြိုမှာ အသက်ရှူပင် ခက်ခဲနေပြီ ဖြစ်သော်လည်း စစ်သေနာပတိချုပ် မိမိအနားသို့ တိုးလာသည်ကို မြင်ရသည်မှာ ပို၍ပင် ဆိုးရွားလှပေသည်။
သူ၏ လည်ပင်းနောက်ဘက်မှ အမွှေးအမျှင်များ ထောင်တက်သွားပြီး ပါးစပ်များလည်း ခြောက်ကပ်လာကာ အေးစက်သော လှိုင်းလုံးကြီးတစ်ခုက သူ့ကို လွှမ်းခြုံသွားသကဲ့သို့ ခံစားလိုက်ရ၏။
"သူ... သူ ရေချိုးခန်းထဲမှာ ရှိနေတာ ဖြစ်နိုင်ပါတယ်။ ဟုတ်ပါတယ်၊ အဲဒါ သေချာပါတယ်။ သူ ပြန်ထွက်သွားတာကို ကျွန်တော် တကယ်မမြင်မိတာမို့ သူ အခန်းထဲမှာပဲ ရှိနေဦးမှာပါ။ ရေချိုးခန်းထဲမှာပဲ ရှိနိုင်ပါတယ်" သူက အလန့်တကြား ဖြေလိုက်၏။
စစ်သေနာပတိချုပ်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူ၏ အရှိန်အဝါအား ရုပ်သိမ်းကာ ရေချိုးခန်းတံခါးဘက်သို့ လှည့်ကြည့်လိုက်သည်။
သူသည် ရေချိုးခန်းဆီသို့ လျှောက်သွားကာ တံခါးကို တွန်းဖွင့်လိုက်၏။
သူ၏ မျက်နှာပေါ်တွင် အံ့ဩသွားသော အရိပ်အယောင်တစ်ခု ပေါ်လာပေသည်။
"သူ အထဲမှာ ရှိနေတယ်။ မင်းပြောတာ မှန်တယ်" သူက အာမေဍိတ်သံဖြင့် ဆိုလိုက်၏။
"တွေ့... တွေ့တယ်မလား။ ကျွန်တော် ပြောသားပဲ။ လိမ်မပြောပါဘူးဆိုတာ" ဧည့်ကြိုသည် စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်ရှာသည်။
စစ်သေနာပတိချုပ်သည် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်ပြန်၏။ "ပေါက်လို့ပဲစား။ ဒီမှာ ဘယ်သူမှ မရှိဘူးကွ"
သူသည် သူ၏လက်ကို လက်သီးဆုပ်ကာ နံရံအား ထိုးဖောက်လိုက်ပြီးနောက် သူ၏ နောက်ကွယ်မှ ရေချိုးခန်းတံခါးကို ဝုန်းခနဲ ဆောင့်ပိတ်လိုက်တော့သည်။
"ကျွန်... ကျွန်တော် တကယ်မသိလို့ပါ ခင်ဗျာ။ သူ တစ်ခြားနည်းလမ်းနဲ့ ထွက်သွားတာ ဖြစ်ရပါမယ်" ဧည့်ကြိုသည် ဒူးထောက်ကျသွားရင်း တုန်တုန်ရီရီ ပြောလိုက်မိ၏။ ကျိုးပျက်သွားသော ဆည်ကြီးတစ်ခုကဲ့သို့ပင် သူ၏မျက်ဝန်းမှ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာတော့သည်။ သူ၏မျက်နှာမှာလည်း လုံးဝ သွေးမရှိတော့ချေ။
"မင်း ယုံကြည်နေပုံကို ကြည့်ရတာ သူ ထွက်သွားတာကို မင်း မသိဘူးဆိုတာ ငါ အတည့်အလင်း သိလိုက်ရပါပြီ။ သူကတော့ လွတ်မြောက်ဖို့အတွက် အခြားနည်းလမ်း တစ်ခုခုကို သုံးသွားတာ ဖြစ်ရမယ်။ မင်း အလုပ်ကို မင်း ပြန်သွားတော့" စစ်သေနာပတိချုပ်က ခေါင်းခါရင်း ဆိုလိုက်၏။ သူသည် အခန်းထဲမှ ထွက်ခွာသွားပြီး မကြာမီမှာပင် တည်းခိုခန်း အပြင်ဘက်သို့ ရောက်ရှိသွားတော့သည်။
"အဲဒီကောင်လေးက ငါတို့ လာရှာမယ်ဆိုတာကို သိနေတာ ဖြစ်ရမယ်။ ငါတို့ မရောက်ခင်မှာတင် သူ ထွက်ပြေးသွားပြီ" သူက တည်းခိုခန်း အပြင်ဘက်သို့ လှမ်းထွက်ရင်း ရေရွတ်လိုက်၏။
သူ၏ မျက်နှာပေါ်တွင်တော့ ခါးသီးလှသော အရိပ်အယောင်များ လွှမ်းမိုးနေပေသည်။
"သူ ဘယ်မှာရှိမလဲဆိုတဲ့ သဲလွန်စက တစ်ခုတည်း ရှိတာ။ အခုတော့ သူ့ကို ဘယ်မှာ သွားရှာရပါ့မလဲ။ ငါတို့ သူ့ကို လိုက်ရှာနေတယ်ဆိုတာ သူ သိနေလောက်ပြီ။ သူကတော့ ပုန်းနေမှာပဲ ဖြစ်ဖြစ် မြို့ထဲကနေ ထွက်သွားဖို့ ကြိုးစားမှာပဲ ဖြစ်ဖြစ် တစ်ခုခု လုပ်တော့မှာပဲ" လမ်းပေါ်သို့ ကြည့်ရင်း သူက တွေးတောနေမိတော့သည်။
လမ်းမပေါ်တွင်တော့ လူအများမှာ အသွားအလာ ပြုနေကြပေပြီ။
ကောင်းကင်ယံ၌ နေမင်းသည် တောက်ပစွာ ထွန်းလင်းနေ၏။ မနက် ကိုးနာရီ အချိန် ဖြစ်ပြီး လုံချန်းမှာမူ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ သူသည် အပြင်သို့ ထွက်ရန်အတွက် မြို့တံခါးကြီးအား အသုံးမပြုဘဲ နေရာရွှေ့ပြောင်းခြင်းကိုသာ အသုံးပြုခဲ့၏။
သူသည် တည်းခိုခန်းနှင့် မလှမ်းမကမ်းတွင် ရပ်နေရင်း စစ်သေနာပတိချုပ်ကို ကြည့်နေပေသည်။
စစ်သေနာပတိချုပ် ထွက်ခွာသွားသည်ကို သူက အရိပ်ထဲမှ ကြည့်နေပြီးနောက် သူ၏နောက်သို့ လိုက်ပါသွားတော့၏။
လုံချန်းက အနားသို့ တိုးကပ်သွားချိန်တွင် စစ်သေနာပတိချုပ်မှာ ဆန့်ကျင်ဘက်အရပ်သို့ ကြည့်နေပေသည်။
မကြာမီမှာပင် လုံချန်းသည် စစ်သေနာပတိချုပ်၏ ရှေ့တည့်တည့်မှ ဖြတ်လျှောက်သွားသော်လည်း သူသည် အဝတ်အစားများကို လဲလှယ်ထားရုံတင်မကဘဲ လှည့်စားခြင်း မျက်နှာဖုံးအား အသုံးပြု၍ သူ၏ မျက်နှာနှင့် ခန္ဓာကိုယ် ပုံသဏ္ဌာန်ကိုပါ ပြောင်းလဲထားသဖြင့် စစ်သေနာပတိချုပ်မှာ သူ့ကို လုံးဝ မှတ်မိခြင်း မရှိချေ။
သူ ထွက်ခွာသွားချိန်အထိ မည်သူမှ သူ့ကို မှတ်မိခြင်း မရှိခဲ့ကြပေ။
'ရှာသာရှာနေလိုက်စမ်းပါ ငါ့ကောင်ကြီးရာ။ မင်း ငါ့ကို ဘယ်တော့မှ တွေ့မှာ မဟုတ်ဘူး' သူက ခပ်ယဲ့ယဲ့ ပြုံးရင်း တွေးလိုက်မိ၏။
သူသည် ထိုနေရာမှ ထွက်ခွာသွားတော့သည်။
"ညီတော်... မင်း ဘယ်တုန်းက စပြီး အဲဒီ သစ္စာဖောက်နဲ့ ပူးပေါင်းနေတာလဲ"
တတိယမင်းသားနှင့် အိမ်ရှေ့မင်းသားတို့သည် နန်းတော်အတွင်း၌ လေ့ကျင့်နေစဉ် ဒုတိယမင်းသား ချန်သည် လက်ထဲတွင် စာလိပ်တစ်ခုကို ကိုင်ဆောင်ကာ ဒေါသတကြီး ဝင်ရောက်လာ၏။
"မင်း ဘာကို ဆိုလိုတာလဲ" မင်းသား ဟူလင်းသည် သူ လုပ်ဆောင်နေသည်များကို ရပ်တန့်လိုက်ပြီး မင်းသား ချန်အား စိုက်ကြည့်ကာ မေးလိုက်သည်။
"မင်းရဲ့ သူငယ်ချင်းလေ... သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံဆိုတဲ့ တစ်ယောက်..." မင်းသား ချန်က နှာခေါင်းရှုံ့ကာ ဆိုလိုက်ရင်း စာလိပ်ကို ဒုတိယမင်းသား ဟူလင်းထံသို့ ပစ်ပေးလိုက်၏။
မုန့်ဟူလင်းသည် စာလိပ်ကို ဖွင့်ကြည့်လိုက်ရာ ထိုစာလိပ်ထဲတွင် လုံချန်း၏ ပုံတူအား တွေ့လိုက်ရလေသည်။
သူသည် မင်းသား ချန်ကို စိုက်ကြည့်ရင်း စကား ပြန်မပြောဘဲ နေမိ၏။ "ဒါက ဘာအဓိပ္ပာယ်လဲ။ မင်း ဘာဖြစ်လို့ ငါ့ကို သူ့ရဲ့ ပုံတူ လာပေးနေတာလဲ"
မိမိ၏ အူကြောင်ကြောင် ညီလေးကို မြင်ရသောအခါ မင်းသား ချန်မှာ မှင်တက်သွားရသည်။ 'ဒီနလပိန်းတုံးက အခုထိ နားမလည်သေးဘူးလား။ ဘယ်လောက်တောင် အူကြောင်ကြောင် နိုင်ရတာလဲ' သူက တွေးနေမိ၏။
ထို့ကြောင့်ပင် သူ၏ ဒေါသမှာ ပို၍ပင် တိုးလာရတော့သည်။
သူ၏ သွေးခုန်နှုန်းများမှာ မြန်လာပြီး အသက်ရှူသံများမှာလည်း ပြင်းထန်လာရာ ပေါက်ကွဲထွက်တော့မည့်အတိုင်း ဖြစ်နေပေသည်။ သူ၏ ကြွက်သားများ တင်းမာလာကာ လက်ဆစ်များကိုလည်း ချိုးလိုက်၏။ ကိုယ်အပူချိန်မှာ မြင့်တက်လာပြီး သူ၏ သွေးများမှာလည်း ဆူပွက်နေသကဲ့သို့ ခံစားနေရပေသည်။
သူ၏ လည်ပင်းမှ အကြောများမှာ ထောင်တက်လာပြီး မင်းသား ဟူလင်းကို တိုက်ရိုက်ပင် အော်ဟစ်လိုက်တော့၏။ "မင်း... နလပိန်းတုံး၊ မင်း ခေါ်လာတဲ့လူက ဖုန်းရှုမင်းသား မဟုတ်ဘူးကွ။ သူက သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံပဲ။ မင်းကြောင့်ပဲ ငါတို့ ရန်သူနဲ့ တစ်ဝိုင်းတည်း ထိုင်ခဲ့မိတာ။ အဲဒါက ငါတို့အတွက် ဘယ်လောက်တောင် ရှက်စရာကောင်းလဲဆိုတာ မင်း သိရဲ့လား"
"သူက သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံ ဟုတ်လား။ မင်း နောက်နေတာ မဟုတ်လား..." မင်းသား ဟူလင်းက ယုံကြည်ရန် ငြင်းဆန်လိုက်သည်။ "သူက ငါ့ကို သူ့ရဲ့ တရားဝင် အမှတ်အသား တံဆိပ်ကိုတောင် ပြခဲ့တာလေ။ အဲဒါကို ငါက မမှတ်မိဘူးလို့ မင်း ပြောချင်တာလား"
"နလပိန်းတုံးရဲ့၊ ငါတို့ရဲ့ သံတမန်တွေဆီကနေ လွတ်အောင် ပြေးနိုင်တဲ့ သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံက မင်းသား အမှတ်အသား တံဆိပ်ကို ခိုးဖို့အတွက် နိုင်ငံငယ်လေးက မင်းသားတစ်ယောက်ကို မသတ်နိုင်ဘူးလို့ မင်း ထင်နေတာလား။ မင်းကတော့ တကယ်ကို အနူတောမှာ လူချောလုပ်နေတာပဲ။ သူ့ကို နန်းတော်ထဲ ခေါ်မလာခင်မှာ သေသေချာချာ စစ်ဆေးဖို့တောင် မင်း မစဉ်းစားမိဘူးလား" မုန့်ချန်သည် ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ၏ လက်သီးကို တင်းတင်းဆုပ်ထားသဖြင့် သူ၏ ခြေသည်းလက်သည်းများမှာ အရေပြားထဲသို့ပင် နစ်ဝင်နေတော့သည်။
"ငါ..." မင်းသား ဟူလင်းမှာ ယုံကြည်ရန် ခက်ခဲနေသော်လည်း ထိုစကားများမှာလည်း မဖြစ်နိုင်သည့် အရာများ မဟုတ်ချေ။ အမှန်တရား ဖြစ်နိုင်ခြေ ရှိပေသည်။ သူသည် မုန့်ချန်ကို မနှစ်သက်သော်လည်း ထိုသူက ဤကိစ္စတွင် လိမ်ညာလိမ့်မည်ဟု သူ မယုံကြည်ပေ။
"သူက သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံမှန်း မင်း ဘယ်လို သိတာလဲ" သူက မေးလိုက်၏။
"ဒီပုံတူတွေပေါ့၊ ဒါတွေကို ဖူမင် ပေးခဲ့တာ။ သူက သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံကို မြင်ဖူးပြီး သူ့ရဲ့ မျက်နှာကိုလည်း သိတယ်။ နလပိန်းတုံး၊ ဒီပုံတူတွေကို တစ်မြို့လုံးမှာ ဖြန့်ထားပြီးပြီ" မင်းသား ချန်က စောင်းကြည့်ရင်း ပြောလိုက်လေသည်။
"အဲဒီကောင်ကလေ၊ မနေ့ညက သူ နေမကောင်းတာ မဟုတ်ဘူး။ ဖူမင် မြင်သွားပြီး မှတ်မိသွားမှာ စိုးလို့ သူ ကြိုတင် ထွက်ပြေးသွားတာ" သူက ဆက်လက် ပြောဆိုလိုက်သည်။