အခန်း (၉၁၁-၉၁၂)
Vol. 89 Ch. 911-912
အခန်း (၉၁၁) ကလေးကလားနိုင်လှချည်လား
ကြယ်တာရာ ဧကရာဇ်သည် သားရဲလူသားမျိုးနွယ်များကို သူ၏ ကမ္ဘာအတွင်းသို့ လာရောက်ရန် ခွင့်ပြုခဲ့ဖူး၏။ သူသည် ခွင့်ပြုရုံတင်မကဘဲ အလှမ်းဝေးကွာလှသော တိုက်ကြီးတစ်ခုကိုပါ သူတို့ နေထိုင်အခြေချရန် ပေးအပ်ခဲ့သေးသည်။ ထိုတိုက်ပေါ်ရှိ လူသား ပြည်သူပြည်သားများ၏ ဘဝကိုမူ သူသည် အလေးမထားခဲ့ချေ။
သားရဲလူသားများသည် ထိုတိုက်သစ်တွင် သူတို့၏ အခြေစိုက်စခန်းကို တည်ဆောက်ခဲ့ကြပြီး ထိုနေရာအား စတင် အုပ်ချုပ်ကြတော့သည်။ သူတို့သည် ထိုတိုက်ပေါ်ရှိ လူသားများကို ကျွန်များသဖွယ် အသုံးချကာ အုပ်စိုးခဲ့ကြ၏။ ကြယ်တာရာ ဧကရာဇ်ကမူ ထိုအရာများကို ဂရုမစိုက်ဘဲ သူတို့ စိတ်ကြိုက် လုပ်ဆောင်ခွင့် ပေးထားခဲ့ပေသည်။
သူတို့၏ အုပ်ချုပ်မှုမှာ ကာလအတန်ကြာ တည်တံ့ခဲ့သော်လည်း သားရဲလူသားများကို သာမက ကြယ်တာရာ ဧကရာဇ်ကိုပါ အောင်နိုင်ခဲ့သော သူတော်စင်ဘုရင် ပေါ်ထွန်းလာသည့် အခါတွင်မူ အဆုံးသတ်သွားခဲ့ရ၏။
သူတို့သည် ဤကမ္ဘာမှ ထပ်မံ ထွက်ခွာသွားကြရပြန်သည်။ ထိုအချိန်တွင်မှ သူတို့သည် သားရဲကမ္ဘာ ဟု ခေါ်တွင်စေမည့် ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြခြင်း ဖြစ်ပေသည်။
ထို့ကြောင့်ပင် သားရဲကမ္ဘာသည် လျှပ်စီးကမ္ဘာနှင့် မူလကတည်းကပင် ရန်ငြိုးကြီးမားခဲ့ကြ၏။ ပြောင်ပြောင်တင်းတင်း စစ်မတိုက်နိုင်သရွေ့တော့ ဤရန်ငြိုးကို ရင်ထဲမှာ ပိုက်ထားကြရုံသာ ရှိတော့သည်။ ထို့နောက်ပိုင်းတွင်လည်း သူတို့ကြား၌ အငြင်းပွားမှုများနှင့် တိုက်ပွဲငယ်လေးများ မကြာခဏ ဖြစ်ပွားခဲ့သော်လည်း ပထမအကြိမ်ကဲ့သို့ အကြီးအကျယ် စစ်ခင်းခြင်းမျိုးတော့ မရှိခဲ့ကြချေ။
မျိုးဆက်သစ် လူငယ်များကို ဤသမိုင်းကြောင်းများ သင်ကြားပေးသောအခါ ထိုလူငယ်များသည်လည်း ဤရန်ငြိုးများအား အမွေဆက်ခံခဲ့ကြလေသည်။
"နင်က အဆင့်သတ်မှတ်ပွဲတွေ မစခင်မှာတင် သေတွင်းကို အတင်းတိုးချင်နေတာလား" ကျားလက်သည်းနှင့် အမျိုးသမီးက ရပ်တန့်လိုက်ရင်း ဆံပင်နီနှင့် အမျိုးသားကို စိုက်ကြည့်ကာ မေးလိုက်၏။
လျှပ်စီးကမ္ဘာမှ ဆံပင်နီအမျိုးသား၏ အမျိုးသမီး အဖော်ကမူ သူမ၏ ရယ်သံကို အောင့်ထားရန် ကြိုးစားသော်လည်း ထိုခြိမ်းခြောက်စကားအား ကြားသောအခါတွင်တော့ ဟားတိုက်၍ ရယ်မောလိုက်တော့သည်။ ထိုအမျိုးသမီးတွင် အပြာရောင်ဆံပင်နှင့် ကြည်လင်သော မျက်ဝန်းများ ရှိ၏။ သူမ၏ အပြာရောင် ဝတ်စုံကြောင့် သူမသည် လျှပ်စီးကမ္ဘာမှ မင်းသမီးတစ်ပါးနှင့် တူလှပေသည်။
"ဟားဟားဟား... နင်တို့က အိမ်ကနေ နှစ်ခါတောင် အမြီးကုပ်ပြီး အနှင်ထုတ်ခံထားရတဲ့သူတွေ ဖြစ်ပြီးတော့ မောက်မာတာကတော့ လွန်ရောပဲ" သူမက လှောင်ပြောင်သော လေသံဖြင့် ဆိုလိုက်၏။
"ဒီကောင်မ၊ ငါ့ရဲ့ မောက်မာမှုကို နင် သိစေရမယ်" ကျားလက်သည်းနှင့် အမျိုးသမီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရင်း အပြာရောင်ဆံပင်နှင့် မိန်းကလေးဆီသို့ ပြေးဝင်သွားတော့သည်။
"လာလေ၊ ငါက ကြောက်နေမယ် ထင်လို့လား" အပြာရောင်ဆံပင်နှင့် မိန်းကလေး၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်သွားပြီး သူမကလည်း တိုက်ခိုက်ရန် ပြေးထွက်လာခဲ့၏။
"ရပ်စမ်း"
သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် ကျားလက်သည်း အမျိုးသမီး၏ ရှေ့တွင် ပေါ်လာပြီး သူမကို တားဆီးလိုက်သည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ သားရဲကမ္ဘာမှ လူငယ်များနှင့်အတူ အုပ်ထိန်းသူအဖြစ် လိုက်ပါလာသူပင် ဖြစ်၏။
ထိုနည်းတူစွာပင် လျှပ်စီးကမ္ဘာအဖွဲ့၏ အုပ်ထိန်းသူသည်လည်း အပြာရောင်ဆံပင် မိန်းကလေးရှေ့တွင် ပေါ်လာပြီး သူမကို တားဆီးလိုက်လေသည်။
"ငါတို့က ဒီမှာ ဧည့်သည်တွေပဲ။ ပြဿနာ မရှာကြနဲ့။ ဒါဟာ ငါတို့ လုပ်ရမယ့် အလုပ် မဟုတ်ဘူး" ထိုလူနှစ်ဦးလုံးက တိုက်ပွဲကို ရပ်တန့်ရန် တစ်ပြိုင်တည်း ပြောဆိုလိုက်ကြ၏။
"မင်းတို့ရဲ့ စွမ်းရည်ကို ပြဖို့ အခွင့်အရေး မကြာခင် ရလာမှာပါ။ အခုတော့ ပြဿနာ မရှာနဲ့ဦး။ သူတို့အသင်းမှာ တစ်ခုခု ဖြစ်သွားရင် ငါတို့အပေါ် အပြစ်ပုံချတာမျိုး မခံနိုင်ဘူး။ အဲဒါက ငါတို့ အဆင့်သတ်မှတ်ပွဲ ဝင်ခွင့်ကို ထိခိုက်နိုင်တယ်။ အသိတရား ရှိကြစမ်း..." နားရွက်ချွန်နှင့် သက်လတ်ပိုင်း အမျိုးသားက ကျားလက်သည်း အမျိုးသမီးကို ဆုံးမလိုက်၏။
"ဟုတ်ကဲ့... ဆရာကြီး" အမျိုးသမီးက လက်သီးကို တင်းတင်းဆုပ်ထားရင်း ခေါင်းညိတ်လိုက်သည်။
လျှပ်စီးကမ္ဘာမှ အမျိုးသားကလည်း မိမိ၏ လူငယ်ကို သတိထားရန် ပြောဆိုလိုက်လေသည်။
"ဟီးဟီး... စိတ်မကောင်းပါဘူး" အပြာရောင်ဆံပင် မိန်းကလေးက သူမ၏ အုပ်ထိန်းသူကို လျှာထုတ်ပြရင်း တောင်းပန်လိုက်၏။
အခြားသော အသင်းများသည်လည်း ထိုနေရာတွင် ရှိနေကြသော်လည်း ထိုအသင်းနှစ်သင်းကြား ဖြစ်ပွားနေသော ဆူညံပွက်လောရိုက်မှုကို ကြည့်ကာ ရယ်မောနေကြရုံသာ ရှိပေသည်။
"ဟမ့်... ကလေးတွေပဲ"
"သူတို့ကတော့ သူတို့ရဲ့ ဂုဏ်သိက္ခာကို သူတို့ဘာသာ ပြန်ဖျက်ဆီးနေကြတာပဲ။ ဒီလို အသိတရား မရှိတဲ့ ကလေးတွေက ငါတို့ရဲ့ ပြိုင်ဘက်တွေ ဖြစ်လာမယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး။ ငါတို့ ဘယ်လောက်ပဲ ညံ့နေပါစေ အဆင့်သတ်မှတ်ပွဲမှာတော့ ဒီလူတွေထက် မညံ့မှာကတော့ သေချာပါတယ်"
"ဒီလို လူရွှင်တော်တွေက ငါတို့ရဲ့ ပြိုင်ဘက်တွေ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူး။ ငါတို့ရဲ့ ပြိုင်ဘက်တွေက မိစ္ဆာတစ်ပိုင်းတွေနဲ့ ကြီးမြတ်တဲ့ ကမ္ဘာသုံးခုက လူတွေပဲ။ ဒီလိုလူတွေကတော့ အပိုစာရင်းထဲမှာပဲ ရှိတာပါ"
ထိုလှောင်ပြောင်သံများကို ကြားရသောအခါ သားရဲလူသားများမှာ ပို၍ပင် ဒေါသထွက်လာကြရသည်။ ထိုစကားများမှာ သူတို့သည် ဤနေရာသို့ လာရန် အရည်အချင်းမရှိသော အမှိုက်များသဖွယ် နှိုင်းယှဉ်ခံလိုက်ရခြင်း ဖြစ်ပေသည်။
အကယ်၍သာ သူတို့၏ အုပ်ထိန်းသူက တားဆီးမထားလျှင်တော့ သားရဲလူသားများသည် ဒေါသတကြီးဖြင့် ထိုလူများကို အသေသတ်ရန် တိုက်ခိုက်မိကြပေလိမ့်မည်။ သို့သော် ယခုအချိန်တွင်တော့ ဒေါသတကြီး စိုက်ကြည့်နေရုံမှတစ်ပါး အခြားမတတ်နိုင်ချေ။
"သူတို့ကို အခုလောလောဆယ် မေ့ထားလိုက်ပါ။ သားရဲစစ်သည် တစ်ယောက်အတွက် ခွန်အားကတင် အရေးကြီးတာ မဟုတ်ဘူး။ စိတ်ရှည်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းကလည်း အရေးကြီးတယ်။ အဲဒီအရည်အချင်းတွေကို ပြသဖို့ အခုထက် ကောင်းတဲ့ အခွင့်အရေး မရှိတော့ဘူး" နားရွက်ချွန်နှင့် သက်လတ်ပိုင်း အမျိုးသားက တိုက်ခိုက်ချင်စိတ် ပြင်းပြနေသော သားရဲလူငယ်များကို ဖျောင်းဖျလိုက်၏။
အဆင့်သတ်မှတ်ပွဲ ဝင်မည့် အသင်းများသည် တစ်မြို့လုံးက ဝိုင်းကြည့်နေသည့်ကြားတွင်ပင် လမ်းမလယ်၌ ပြောင်ပြောင်တင်းတင်း ငြင်းခုံနေကြခြင်း ဖြစ်၏။ သူတို့အတွက် ဤပြည်သူပြည်သားများမှာ ပုရွက်ဆိတ်များသဖွယ်သာ ဖြစ်သဖြင့် မည်သည်ကိုမျှ ဂရုမစိုက်ကြချေ။
အင်ပါယာမှ လမ်းပြများသည်လည်း သူတို့၏နောက်တွင် ရပ်နေကြသော်လည်း ဧည့်သည်တော်များ၏ အငြင်းပွားမှုကြားတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုကြချေ။ သူတို့သည် မိမိတို့၏ ပြည်သူများက ပြဿနာရှာမှသာ ဝင်ရောက် တားဆီးရန် တာဝန်ရှိသည် မဟုတ်လော။
အဖွဲ့များကြားမှ အပြန်အလှန် ငြင်းခုံမှုများမှာ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သော်လည်း အဝေးတစ်နေရာမှ တစ်စုံတစ်ယောက်က သူတို့ကို စိတ်ဝင်တစား စောင့်ကြည့်နေသည်ကိုမူ သူတို့ မသိကြချေ။
သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် အလှမ်းဝေးသော ထောင့်တစ်နေရာတွင် ရပ်နေရင်း လမ်းမလယ်ရှိ လူများ ငြင်းခုံနေကြသည်ကို စောင့်ကြည့်နေ၏။
"လူငယ်သုံးယောက်စီ ပါတဲ့အဖွဲ့တွေ... ငါ့အထင် မမှားဘူးဆိုရင်တော့ သူတို့တွေက အဆင့်သတ်မှတ်ပွဲ ဝင်မယ့်သူတွေပဲ ဖြစ်ရမယ်။ ဟိုလူတွေကတော့ ငါ စာထဲမှာ ဖတ်ဖူးတဲ့ သားရဲလူသားတွေ ဖြစ်မှာပဲ... သူတို့ကို လေ့လာဖို့ ဒါဟာ အခွင့်အရေးကောင်းပဲ။ ဒါမှ နောက်ပိုင်းမှာ သူတို့အသွင်ကို ပိုပြီး ပီပီပြင်ပြင် ယူနိုင်မှာ။ ဒီအရူးတွေက ငါ့အတွက် အချက်အလက်တွေ အလကား ပေးနေကြတာ တကယ်ကို ကံကောင်းတာပဲ" ထိုသက်လတ်ပိုင်း အမျိုးသားက တိုးတိုးလေး ရေရွတ်လိုက်၏။
ထိုအမျိုးသား၏ လက်တွင်တော့ လုံချန်း အမြဲဝတ်ဆင်ထားသည့် ရှေးဟောင်းလက်စွပ် ရှိနေပေသည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ လူအုပ်ကြားတွင် ပိုမို လုံခြုံစွာ ပုန်းကွယ်နိုင်ရန် သက်လတ်ပိုင်း အမျိုးသားတစ်ဦးအဖြစ် ရုပ်ဖျက်ထားသော လုံချန်းပင် ဖြစ်၏။
သူသည် အခြားကမ္ဘာများမှ လူများ မည်သည့်အချိန်တွင် ရောက်လာမည်ကို သိရှိရန်အတွက် အင်ပါယာ အနီးအနားတွင် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
သူ၏ စောင့်ဆိုင်းမှုမှာလည်း အလဟသ မဖြစ်ခဲ့ချေ။ ထိုလူများ နန်းတော်အတွင်း၌သာ ပုန်းမနေဘဲ အပြင်သို့ ထွက်လာကြလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့ခြင်း ဖြစ်၏။ အကယ်၍သာ သူတို့ ယနေ့ အပြင်သို့ မထွက်လာကြလျှင်တော့ သူကိုယ်တိုင် နန်းတော်ထဲသို့ ခိုးဝင်ပြီး သွားကြည့်ရပေလိမ့်မည်။
အဖွဲ့အသီးသီးကြားမှ ပဋိပက္ခမှာလည်း မကြာမီမှာပင် ပြေလည်သွားကြပြီး သူတို့သည် ရှေ့သို့ ဆက်လက် ထွက်ခွာသွားကြတော့၏။
"ဒါက ခက်ခဲလိမ့်မယ်။ သူတို့တွေ သူတို့ရဲ့ အုပ်ထိန်းသူ အနားကနေ ခွာမယ်လို့ ငါ မယုံဘူး။ ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူး၊ ဘာလို့လဲဆိုတော့ ငါက သူတို့ကို သတ်ချင်တာ မဟုတ်လို့ပဲ။ ငါ လိုချင်တာက ဒီနေ့မှာ သူတို့ ဘယ်သူတွေလဲဆိုတာ အင်ပါယာ တစ်ခုလုံးကို သိစေချင်တာ။ မင်းတို့ အခုလိုပဲ ဆက်လုပ်နေကြစမ်းပါ။ လူတွေ မင်းတို့ကို မြင်ပါစေ။ မင်းတို့ကို မှတ်မိပါစေ။ ဒါမှ မင်းတို့ရဲ့ မျက်နှာကို ငါ အသုံးချလို့ ရမှာ..." လုံချန်းက သူ၏ မျက်နှာပေါ်တွင် လှည့်ဖြားသော အပြုံးတစ်ခု ပေါ်လွင်လျက် ရေရွတ်လိုက်လေတော့သည်။
အခန်း (၉၁၂) ကာကွယ်ရေး အဆောင်
နန်းတော်အတွင်းမှ ထွက်ခွာလာကြသော အဖွဲ့ငါးဖွဲ့သည် မြို့ထဲသို့ လှည့်လည်သွားလာနေကြရာ သူတို့ ဖြတ်သန်းသွားသည့် နေရာတိုင်း၌ ပြည်သူများ၏ အာရုံစိုက်ခြင်းကို ခံနေရပေသည်။
သို့သော် သူတို့သည် အတူတကွ ကြာရှည်စွာ လျှောက်လှမ်းခြင်း မပြုကြချေ။ ခရီးအနည်းငယ် ရောက်ပြီးနောက်တွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အငြင်းပွားမှုများ မဖြစ်ပွားစေရန်အတွက် တစ်ဖွဲ့ချင်းစီအလိုက် လမ်းခွဲထွက်သွားကြရန် သူတို့၏ အုပ်ထိန်းသူများက အကြံပြုခဲ့ကြခြင်း ဖြစ်၏။
ထို့ပြင် အခြားသူများနှင့် အတူရှိနေခြင်းကြောင့် မိမိတို့၏ စိတ်အခြေအနေအား အပျက်မခံတော့ဘဲ အသစ်အဆန်းများကိုလည်း လွတ်လပ်စွာ ကြည့်ရှုနိုင်ကြပေလိမ့်မည်။ ဤအကြံမှာ ကောင်းမွန်လှသဖြင့် မည်သူမျှ ငြင်းဆိုခြင်း မပြုကြချေ။
အထူးသဖြင့် သားရဲလူသားများနှင့် အတူမရှိတော့သော ကျန်အဖွဲ့လေးဖွဲ့အတွက် ပို၍ပင် ကောင်းမွန်လှပေသည်။ သားရဲလူသားများမှာ လူသားများနှင့် လုံးဝ မတူညီဘဲ ထူးခြားနေသဖြင့် ပြည်သူများ၏ အာရုံစိုက်ခြင်းကို အခံရဆုံး ဖြစ်နေသည် မဟုတ်လော။
အခြားအဖွဲ့များမှာမူ သူတို့နှင့်အတူ ရှိနေသမျှ ကာလပတ်လုံး ထိုအာရုံစိုက်မှုများကိုပါ မျှဝေခံစားနေရခြင်း ဖြစ်၏။ ယခုကဲ့သို့ လမ်းခွဲလိုက်မှသာ သူတို့အတွက် ပို၍ မွေ့လျော်ဖွယ်ကောင်းသော အချိန်များကို ပိုင်ဆိုင်နိုင်ကြပေလိမ့်မည်။
သူတို့သည် တပ်သားများနှင့်အတူ လျှောက်လှမ်းနေကြသဖြင့် လူအချို့၏ စိုက်ကြည့်ခြင်းကို ခံရဦးမည် ဖြစ်သော်လည်း အစောပိုင်းကကဲ့သို့တော့ ဆိုးရွားလိမ့်မည် မဟုတ်ချေ။
အဖွဲ့ငါးဖွဲ့မှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ လမ်းခွဲကာ ကိုယ့်လမ်းကိုယ် လျှောက်သွားကြတော့သဖြင့် သားရဲလူသားများသာ အထီးကျန် ကျန်ရစ်ခဲ့တော့သည်။
"ဟမ့်... ဒီကောင်တွေ နောက်ဆုံးတော့ ငါတို့နောက်ကို လိုက်နေတာ ရပ်သွားကြပြီပဲ" လည်ပင်းရှည်သော အမျိုးသားက ပြုံးရင်း ဆိုလိုက်၏။ အခြားသူများ ထွက်ခွာသွားသည်ကို ကြည့်ကာ သူသည် အလွန်ပင် စိတ်ကျေနပ်နေပေသည်။
"သွားကြတာပဲ ကောင်းပါတယ်" ကျားလက်သည်း အမျိုးသမီးက မျက်စောင်းထိုးရင်း ဆိုလိုက်၏။
ဤကဲ့သို့ လမ်းခွဲလိုက်ခြင်းကြောင့် အဖွဲ့ငါးဖွဲ့အတွက် ပြဿနာများ လျော့နည်းသွားနိုင်သော်လည်း လုံချန်းအတွက်မူ ပြဿနာ တစ်ခု တိုးလာပေသည်။ သူတို့ အတူရှိနေစဉ်က စောင့်ကြည့်ရန် ပိုမို လွယ်ကူခဲ့သော်လည်း ယခုအခါတွင်တော့ မည်သည့်အဖွဲ့နောက်သို့ လိုက်ရမည်ဆိုသည်ကို သူ ဆုံးဖြတ်ရတော့မည် မဟုတ်လော။
"ငါ သူတို့နောက်ကိုပဲ လိုက်မယ်" လျှပ်စီးကမ္ဘာအဖွဲ့ကို ကြည့်ရင်း သူက တိုးတိုးလေး ရေရွတ်လိုက်၏။ ထိုသူများကို လေ့လာရသည်မှာ ပို၍ လွယ်ကူပြီး ပစ်မှတ်ထားရန်လည်း ပို၍ အဆင်ပြေမည်ဟု သူ ခံစားလိုက်ရခြင်း ဖြစ်၏။
လုံချန်းသည် ဗလာကျင်းနေသော လမ်းကြားလေးတစ်ခုထဲသို့ ဝင်သွားလိုက်သည်။ ထို့နောက် သူ၏ ဝိညာဉ်အာရုံကို အသုံးပြု၍ လူမရှိကြောင်း သေချာစေပြီးမှ အိမ်ခေါင်မိုး တစ်ခုပေါ်သို့ နေရာရွှေ့ပြောင်း လိုက်၏။
ဗလာကျင်းနေသော အိမ်ခေါင်မိုးပေါ်တွင် သူသည် အဘိုးအို၏ အဝတ်အစားများကို ချွတ်ပစ်ကာ လူငယ်တစ်ဦး၏ အဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ထို့နောက် လှည့်စားခြင်း မျက်နှာဖုံးကို အသုံးပြု၍ သူ၏ မျက်နှာအား ခန့်ညားသော လူငယ်တစ်ဦး အသွင်သို့ ပြောင်းလဲလိုက်၏။
သူသည် မိမိ၏ စိတ်ကူးထဲရှိ အပြည့်စုံဆုံးသော မျက်နှာတစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ထိုမျက်နှာမှာ မည်သည့်မိန်းကလေးမဆို ပထမဆုံး မြင်လိုက်ရုံနှင့်ပင် ရင်ခုန်သွားရလောက်အောင် ခန့်ညားလှပေသည်။
ထို့နောက် သူသည် မျက်နှာ၏ အောက်ခြေထက်ဝက်ကို ဖုံးကွယ်ရန်အတွက် ပါးလွှာသော နှာခေါင်းစည်း တစ်ခုကိုလည်း ဝတ်ဆင်လိုက်ပေသေးသည်။
အားလုံး အဆင်သင့် ဖြစ်ပြီဟု သေချာသောအခါ သူသည် နေရာရွှေ့ပြောင်းခြင်းကို ထပ်မံ အသုံးပြုလိုက်ပြန်၏။ သူသည် မြို့တစ်မြို့လုံး၏ မြေပုံကို သူ၏ ခေါင်းထဲတွင် မှတ်သားထားပြီး ဖြစ်သဖြင့် မည်သည့်နေရာသို့ ရွှေ့ပြောင်းလျှင် စိတ်ချရသည်၊ မည်သည့်နေရာတွင် အန္တရာယ်ရှိသည်ကို ကောင်းကောင်း သိနေပေသည်။
သူသည် အမြဲတမ်း လူသူကင်းမဲ့နေတတ်သော အခြားလမ်းကြားတစ်ခုသို့ ရွှေ့ပြောင်းလိုက်၏။ ထိုနေရာမှာ လျှပ်စီးကမ္ဘာမှ အဖွဲ့သားများ လာမည့်လမ်းနှင့် နီးကပ်သော နေရာပင် ဖြစ်၏။
သူသည် လမ်းကြားထဲမှ ထွက်လာပြီး လမ်းမဘေးရှိ ဆိုင်တစ်ဆိုင်အတွင်းသို့ ဝင်သွားလိုက်သည်။
ထိုဆိုင်မှာ ရှေးဟောင်းအဆောင် အမြောက်အမြားကို ရောင်းချနေသော ဆိုင်တစ်ဆိုင် ဖြစ်၏။ အဆောင် အချို့ကို မှန်ဗီရိုများအတွင်း၌ ပြသထားပြီး ပိုမို တန်ဖိုးကြီးလှသော အဆောင်များကိုမူ အောက်ထပ်တွင် သိမ်းဆည်းထားပေသည်။
"ချီအဆောင်တိုက်ကနေ ကြိုဆိုပါတယ်ခင်ဗျာ။ ဘယ်လို အဆောင်မျိုးကို ရှာနေတာလဲ" ဆိုင်အကူတစ်ဦးက လုံချန်းအနားသို့ တိုးကပ်လာပြီး အကူအညီ လိုအပ်လားဟု မေးမြန်းလိုက်၏။
"ကျွန်တော်တို့ ဆိုင်မှာ ကာကွယ်ရေး အဆောင်တွေ၊ တိုက်ခိုက်ရေး အဆောင်တွေနဲ့ တခြား အဆောင်ပေါင်းစုံ ရှိပါတယ်။ လူကြီးမင်း ဘာကို ရှာနေတယ်ဆိုတာ ပြောပြရင် ပိုပြီး မြန်မြန်ဆန်ဆန် ရှာပေးနိုင်ပါတယ်" သူက ဆက်လက် ပြောဆိုလေသည်။
ယခုခေတ်တွင် နှာခေါင်းစည်း ဝတ်ဆင်ခြင်းမှာ ခေတ်စားနေသော အလှဆင်ပစ္စည်း တစ်ခု ဖြစ်သဖြင့် လုံချန်း နှာခေါင်းစည်း ဝတ်ထားသည်ကို သူက ထူးဆန်းသည်ဟု မထင်ချေ။
လုံချန်းသည် သူ၏ ဝိညာဉ်အာရုံကို လမ်းမပေါ်သို့ ဖြန့်ကြက်ထားလိုက်၏။ ဤဆိုင်အတွင်းသို့ ဝင်လာခြင်းမှာ ဈေးဝယ်ရန် မဟုတ်ဘဲ အခြား ရည်ရွယ်ချက်ကြောင့် ဖြစ်သည် မဟုတ်လော။
သူ့တွင် အခြား ရည်ရွယ်ချက် ရှိနေသော်လည်း ထိုသည်ကို တစ်ဖက်လူ ရိပ်မိသွားလျှင် သံသယဝင်စရာ ဖြစ်သွားနိုင်သဖြင့် သူက လုံးဝ အရိပ်အယောင် မပြချေ။ သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကြက်ပြီးနောက်တွင်မှ ဆိုင်အကူအား အာရုံပြန်စိုက်လိုက်သည်။
"ဒီအဆောင်တွေ အားလုံးက တကယ် အလုပ်လုပ်တာ သေချာရဲ့လား" သူက မေးလိုက်၏။
"သေချာတာပေါ့ခင်ဗျာ။ အပြင်မှာ ပြသထားတာတွေဆိုပေမဲ့ ဒါတွေအားလုံးက ကျွန်တော်တို့ရဲ့ အတွေ့အကြုံရင့် အဆောင်ဆရာကြီးတွေ ကိုယ်တိုင် ဖန်တီးထားတာပါ။ အနုပညာမြောက်တဲ့အပြင် အရည်အသွေးလည်း အလွန်ကောင်းမွန်ပါတယ်" ဆိုင်အကူက ခေါင်းညိတ်လျက် ပြန်ဖြေလိုက်၏။
"ကောင်းပြီ။ ကျွန်တော့်ရဲ့ သူငယ်ချင်းကို လက်ဆောင်ပေးဖို့ အဆောင်အချို့ကို ရှာနေတာပါ။ ကျွန်တော့်အမြင်မှာတော့ ကာကွယ်ရေး အဆောင်တွေက အကောင်းဆုံးမို့ အဲဒါမျိုးကိုပဲ လိုချင်ပါတယ်" လုံချန်းက ဆိုလိုက်သည်။
"ဪ... ကာကွယ်ရေး အဆောင်တွေလား။ ကျွန်တော်တို့ဆိုင်မှာ အကောင်းစားတွေ အများကြီး ရှိပါတယ်ခင်ဗျာ။ ဒီဘက်ကို ကြွပါ" ဆိုင်အကူက အရောင်းဝန်ထမ်းတစ်ဦး၏ ဖားယားသော အပြုံးဖြင့် ဆိုလိုက်၏။
"ဒီအပြင်မှာ ပြထားတဲ့ ထဲမှာရော ကာကွယ်ရေး အဆောင်တွေ မရှိဘူးလား" လုံချန်းက အဝင်ဝအနီးရှိ စင်ပေါ်မှ အဆောင်များကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။
"အဲဒါကတော့... ဟုတ်ကဲ့၊ ဒီထဲမှာလည်း ကာကွယ်ရေး အဆောင် အချို့ ရှိပါတယ်ခင်ဗျာ။ ဒါပေမဲ့ အထဲမှာ ပိုပြီး ကောင်းတာတွေကို တွေ့နိုင်မှာပါ" ထိုသူက ပြန်ဖြေ၏။
လုံချန်းက တစ်စုံတစ်ခုကို သံသယဖြစ်သွားသည့်အလား ထိုသူကို မျက်မှောင်ကြုတ်လျက် စိုက်ကြည့်လိုက်ရင်း မေးလိုက်သည်။ "ဒါတွေအားလုံးက ခင်ဗျားတို့ရဲ့ အတွေ့အကြုံရင့် ဆရာကြီးတွေ လုပ်ထားတာ၊ အနုပညာမြောက်ပြီး အရည်အသွေးကောင်းတယ်လို့ အစောကပဲ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား။ အခုကျမှ ဘာဖြစ်လို့ ဒါတွေကို ဒီလောက် အလွယ်တကူ လျစ်လျူရှုလိုက်ရတာလဲ။ ခင်ဗျား ကျွန်တော့်ကို လိမ်ပြောနေတာလား"
"ဒါ... ဒါကတော့... သေချာတာပေါ့ ခင်ဗျာ။ ဒါတွေကလည်း အကောင်းစား အဆောင်တွေပါပဲ။ ကျွန်တော် ဆိုလိုတာက အထဲမှာ အမျိုးအစား ပိုပြီး စုံလင်တယ်လို့ ပြောတာပါ။ ဒါပေမဲ့ လူကြီးမင်းက ဒါတွေကို စိတ်ဝင်စားတယ်ဆိုရင်လည်း ကျွန်တော် အသေးစိတ် ရှင်းပြပေးနိုင်ပါတယ်ခင်ဗျာ။ ဒီထဲက ဘယ်အဆောင်ကိုပဲ ဝယ်ဝယ် အစွမ်းထက်မှာကတော့ သေချာပါတယ်" ထိုသူက ပျက်သွားသော အမူအရာကို ချက်ချင်း ပြန်ထိန်းကာ ဖြေလိုက်ရှာသည်။
"အဲဒါမှ ဟုတ်တာပေါ့။ ဒီမှာတင် အကောင်းစားတွေ ရှာတွေ့နိုင်မယ်ဆိုရင် ခင်ဗျားလည်း အထဲအထိ လိုက်ပြနေဖို့ မလိုတော့ဘူးလေ" လုံချန်းက ခေါင်းညိတ်လျက် ဆိုလိုက်၏။
"ကောင်းပါပြီ။ ဒီတစ်ခုကနေပဲ စလိုက်ကြရအောင်။ ကျွန်တော် ကြားဖူးတာတော့ အစိမ်းရောင် အဆောင်တွေက ကာကွယ်ရေးအတွက် သုံးတာဆိုပဲ။ ဒါဆို ဒါက ကာကွယ်ရေး အဆောင် ဖြစ်ရမယ်။ ဒါက ဘာတွေ လုပ်နိုင်လဲ၊ ပြီးတော့ ကျွန်တော့်ကို ဘယ်လောက်အထိ ကာကွယ်ပေးနိုင်မလဲ" သူက မေးလိုက်၏။
သူသည် လျှပ်စီးကမ္ဘာ အဖွဲ့သားများ ဤနေရာသို့ ရောက်လာသည်အထိ အချိန်ဆွဲရန်အတွက် ဆိုင်အကူကို အလုပ်ရှုပ်အောင် လုပ်နေခြင်း ဖြစ်ပေသည်။
"တကယ်ကို ရွေးချယ်မှု ကောင်းပါတယ်ခင်ဗျာ။ လူကြီးမင်းရဲ့ အမြင်စူးရှမှုကို ကျွန်တော် ချီးကျူးရပါမယ်။ ဒါက အကောင်းဆုံး ကာကွယ်ရေး အဆောင်တွေထဲက တစ်ခုပါပဲ။ သူ့ကို မိစ္ဆာမီးလျှံ အဆောင်လို့ ခေါ်ပါတယ်။ သူ့ကို ဆုတ်ဖြဲလိုက်ရုံနဲ့ အလွယ်တကူ အသက်သွင်းနိုင်ပါတယ်" ထိုသူက ပြန်ဖြေလိုက်၏။
"သူ့ကို ဆုတ်ဖြဲလိုက်တာနဲ့ တစ်ပြိုင်နက် အသက်ဝင်လာပြီး အသုံးပြုသူရဲ့ ပတ်ပတ်လည်မှာ မီးလျှံတံတိုင်းတစ်ခုကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ဒီမီးလျှံဟာ အသုံးပြုသူကို ဘယ်လို တိုက်ခိုက်မှုမျိုးကနေမဆို တစ်ကြိမ် ကာကွယ်ပေးနိုင်ပါတယ်။ ကောင်းကင်ဘုံ အဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ဦးရဲ့ အပြင်းထန်ဆုံး တိုက်ခိုက်မှုကိုတောင် ကာကွယ်ပေးနိုင်စွမ်း ရှိတာမို့ တကယ်ကို ကောင်းမွန်တဲ့ ရွေးချယ်မှုပါပဲ ခင်ဗျာ"