အခန်း (၉၁၃-၉၁၄)
Vol. 89 Ch. 913-914
အခန်း (၉၁၃) မြင်မြင်ချင်း အချစ်
လုံချန်းသည် လှပသော မျဉ်းကြောင်းများ ပါရှိသည့် အဆောင်ကို အလေးအနက် စိုက်ကြည့်နေမိ၏။ ထိုမျဉ်းကြောင်းများသည် ပညာရှင်တစ်ဦးက အနုပညာလက်ရာတစ်ခုပမာ အကျိုးသက်ရောက်မှုရော အလှအပပါ ပြည့်စုံအောင် ဖန်တီးထားသည့်အလား လျှို့ဝှက်ဆန်းကြယ်လှပေသည်။
'ကောင်းကင်ဘုံ အဆင့် အလယ်အလတ် ကျင့်ကြံသူ ဟုတ်လား။ ငါ တကယ် ဝယ်ချင်ရင်တောင် ဒါက ငါ့အတွက် အသုံးမဝင်ဘူး။ သူတို့လို လူမျိုးတွေ ရန်ကနေ ငါ့ကိုယ်ငါ ကာကွယ်နိုင်နေပြီပဲ။ သူတို့က ငါ့အတွက် ခြိမ်းခြောက်မှုတစ်ခုတောင် မဟုတ်တော့ဘူး။ သူတော်စင် အဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်နိုင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အခုတော့ ကာကွယ်နိုင်စွမ်းက နိမ့်လွန်းနေတော့ အလကားပါပဲလေ' သူက ခေါင်းခါရင်း တွေးလိုက်မိသည်။
ထိုလူသည် လုံချန်း၏ စိတ်ဝင်စားမှု ကင်းမဲ့နေသော အမူအရာနှင့် ခေါင်းခါလိုက်သည်ကို သတိပြုမိသွား၏။ လုံချန်းသည် ဤအဆောင်ကို စိတ်မဝင်စားကြောင်း သူ သေချာပေါက် သိလိုက်သည်။
"ဒီအဆောင်ကို လူကြီးမင်း သဘောမကျဘူးဆိုရင်လည်း ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ ကာကွယ်ရေး အဆောင်တွေ ရှိပါသေးတယ်ခင်ဗျာ။ ဒီမှာ... ဒါလေးကို ကြည့်လိုက်ပါ။ အရင်တစ်ခုလောက်တော့ လှချင်မှ လှပါလိမ့်မယ်"
"မျဉ်းကြောင်းတွေကလည်း ကြမ်းတမ်းတဲ့ပုံ ပေါက်နေပေမဲ့ ဒါက ကျွန်တော်တို့ဆိုင်ရဲ့ အကောင်းဆုံး လက်ရာတွေထဲက တစ်ခုပါပဲ။ အဲဒါကို တစ်ခေတ်တစ်ခါက သူ့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ နာမည်ကြီးခဲ့တဲ့ ထူးခြားဆန်းပြားတဲ့ အဆောင်ဆရာကြီး တစ်ယောက်က ဖန်တီးခဲ့တာပါ။ သူက သေသပ်တဲ့ မျဉ်းကြောင်းတွေ မဆွဲတတ်ဘူးလို့ လူတွေက ပြောကြပေမဲ့ သူ့ရဲ့ အဆောင်တွေကတော့ အကောင်းဆုံး ကာကွယ်နိုင်စွမ်းတွေ ရှိခဲ့ပါတယ်။ လူအများကြီးက သူ့ရဲ့ ပုံစံကို အတုခိုးဖို့ ကြိုးစားခဲ့ကြပေမဲ့ ဘယ်သူမှ မလုပ်နိုင်ခဲ့ကြပါဘူး"
"သူ့ဆီမှာ သေချာပေါက် ထူးခြားတဲ့ အရာတစ်ခုခု ရှိခဲ့တာပါ။ ကျွန်တော်တို့ဆိုင်က ဒီအဆောင်ကို ရောင်းချသူဆီကနေ ဈေးကောင်းပေးပြီး ဝယ်ယူခဲ့ရတာပါ" ထိုလူက လုံချန်းကို ရှင်းပြလိုက်၏။
ထိုကဲ့သို့ ချီးမွမ်းခန်းဖွင့်ကာ ရှင်းပြမှုကြောင့် လုံချန်း၏ အာရုံသည် ထိုအဆောင်ဆီသို့ ရောက်သွားရပေသည်။ ၎င်း၏ သမိုင်းကြောင်းမှာ အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းလှ၏။ ထိုကဲ့သို့သော လူမျိုးက ဖန်တီးထားသည်ဆိုလျှင် ဤအဆောင်မှာ သာမန်တော့ မည်သို့မျှ မဖြစ်နိုင်ချေ။
"ဒါဆို သူ့ရဲ့ အစွမ်းတွေက ဘာတွေလဲ" သူက မေးလိုက်သည်။
"အရင်အဆောင်က ကောင်းကင်ဘုံ အဆင့် အလယ်အလတ် ကျင့်ကြံသူရဲ့ တိုက်ခိုက်မှု တစ်ကြိမ်ကို တားဆီးနိုင်တယ်ဆိုတာ လူကြီးမင်း မှတ်မိတယ် မဟုတ်လား။ ဒီအဆောင်ကတော့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ။ သူက ဘယ်တိုက်ခိုက်မှုကိုမှ မတားဆီးနိုင်ပါဘူး" ထိုသူက ပြန်ဖြေ၏။
"ဟင်..." ဤအဖြေကြောင့် လုံချန်းမှာ လုံးဝ မှင်တက်သွားရပြီး ထိုသူက သူ့ကို အရူးလုပ်နေသည်လားဟုပင် ထင်မှတ်သွားမိသည်။
မည်သည့် တိုက်ခိုက်မှုကိုမျှ မတားဆီးနိုင်လျှင် ထိုအရာက ပိုကောင်းသည့် အဆောင် မည်သို့ ဖြစ်နိုင်မည်နည်း။ ထိုသည်က တကယ့် ကာကွယ်ရေး အဆောင်သည်လော သို့မဟုတ် ရုပ်ဆိုးဆိုး မျဉ်းကြောင်းများ ဆွဲထားသည့် အသုံးမကျသော စက္ကူစုတ် တစ်ရွက်များလောဟု သူ တွေးတောနေမိ၏။
"ဒါဆို ဒါက ဘယ်လိုလုပ် ပိုကောင်းနေတာလဲ" လုံချန်းက မေးလိုက်သည်။
"အခုလို တုံ့ပြန်တာက လုံးဝ နားလည်နိုင်ပါတယ်ခင်ဗျာ။ လူအများစုက ဒီလက်ဖွဲ့ရဲ့ အထူးအစွမ်းကို ကြားရတဲ့အခါ ဒီလိုပဲ တုံ့ပြန်တတ်ကြပါတယ်" ထိုသူက လုံချန်း၏ တုံ့ပြန်မှုကို လက်ခံကြောင်း ပြသရင်း ရယ်မောကာ ဆိုလိုက်၏။
"ဟုတ်မှာပေါ့လေ။ ကဲ... အခု ဖြေလို့ရပြီလား။ ဒီအဆောင်က ဘာတွေ ပိုကောင်းနေတာလဲ" လုံချန်းက ထပ်မေးလိုက်သည်။
"သေချာတာပေါ့ခင်ဗျာ။ ဒီအဆောင်က တိုက်ခိုက်မှုတွေကို မတားဆီးပေးနိုင်ပေမဲ့ တခြားနည်းလမ်းနဲ့ ကာကွယ်ပေးတဲ့အတွက် ထူးခြားနေတာပါ။ အကောင်းဆုံး ကာကွယ်မှုဆိုတာ အကောင်းဆုံး တိုက်ခိုက်ခြင်းပဲလို့ ပညာရှိကြီး တစ်ယောက်က ပြောဖူးပါတယ်။ ဒီအဆောင်ကလည်း အဲဒီ သဘောတရားကိုပဲ အသုံးပြုထားတာပါ။ သူက အသုံးပြုသူရဲ့ ပတ်လည်မှာ မြားပေါင်း ထောင်ချီ ဖန်တီးပေးပြီး လူကြီးမင်းကို လာတိုက်ခိုက်တဲ့သူဆီကို ပြန်လည် ပစ်ခတ်ပေးမှာပါ" ထိုသူက ဖြေလိုက်၏။
"အဲဒါက ဘယ်လိုလုပ် ကာကွယ်ရေး အဆောင် ဖြစ်ရမှာလဲ။ တိုက်ခိုက်ရေး အဆောင်ပဲ ဖြစ်ရမှာပေါ့။ သူက မကာကွယ်ပေးဘဲ တိုက်ခိုက်ရုံ သက်သက်ပဲလေ" လုံချန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"အဲဒါက သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်း အကုန် မဟုတ်သေးလို့ပါခင်ဗျာ။ ရန်သူကို မြားတွေနဲ့ တိုက်ခိုက်ပြီးတာနဲ့ သူက နေရာရွှေ့ပြောင်းခြင်း အဆောင်အနေနဲ့ပါ ဆက်လက် လုပ်ဆောင်ပေးပြီး လူကြီးမင်းကို အဲဒီနေရာကနေ မီတာ ငါးရာ အကွာကို ရွှေ့ပြောင်းပေးမှာပါ။ ဒါကြောင့် ရန်သူကို တိုက်ခိုက်နေတဲ့ တစ်ချိန်တည်းမှာပဲ လူကြီးမင်းဆီကို လာနေတဲ့ တိုက်ခိုက်မှုကနေ လွတ်မြောက်အောင် နေရာရွှေ့ပြောင်းပြီး ကာကွယ်ပေးနိုင်ပါတယ်ခင်ဗျာ" ထိုသူက မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာလျက် ဖြေလိုက်၏။
"စိတ်ဝင်စားစရာပဲ။ ဒီအဆောင်က သေချာပေါက် အသုံးဝင်တာပဲ။ အဲဒီလူက နယ်ပယ်နှစ်ခုကို တစ်ပြိုင်တည်း ပေါင်းစပ် အသုံးပြုသွားတာကိုး" လုံချန်းက ခေါင်းညိတ်ရင်း တိုးတိုးလေး ဆိုလိုက်သည်။
'ငါ ဖန်တီးခဲ့တဲ့ ဓားသိုင်းပညာရပ်ရဲ့ သဘောတရားနဲ့ သွားဆင်နေတာပဲ။ ငါက တိုက်ခိုက်မှုတစ်ခုမှာ နိယာမ နှစ်ခုကို တစ်ပြိုင်တည်း သုံးခဲ့သလို ဒီလူကလည်း အဆောင်အစွမ်း နှစ်ခုကို တစ်ပြိုင်တည်း သုံးထားတာပဲ' သူ တွေးလိုက်မိ၏။ 'သူက နေရာရွှေ့ပြောင်းခြင်း အဆောင်နဲ့ တိုက်ခိုက်ရေး အဆောင် နှစ်ခုစလုံးရဲ့ အစွမ်းတွေ မလျော့ကျသွားအောင် ပေါင်းစပ်ထားတာပဲ'
"မှန်လိုက်တာခင်ဗျာ။ အစောက ကျွန်တော် ပြောသလိုပဲ၊ လူကြီးမင်းက တကယ်ကို အမြင်စူးရှတာပါ" ထိုသူက မြှောက်ပင့်သော လေသံဖြင့် ဆိုလိုက်၏။
"ဈေးက ဘယ်လောက်လဲ" ဟလုံချန်းက ဤပစ္စည်းကို ဝယ်ယူရန် တကယ်ပင် စိတ်ဝင်စားသွားသည့်အလား မေးလိုက်သည်။
"ဈေးနှုန်းက ကြယ်တာရာ ရွှေဒင်္ဂါး သုံးထောင်တည်းပါ ခင်ဗျာ" ထိုသူက ဖြေ၏။
"ဟင်... မဆိုးဘူးပဲ။ ဒီမှာပဲ စောင့်နေ။ ငါ ပိုက်ဆံ သွားယူပြီး အခုပဲ ပြန်လာခဲ့မယ်" လုံချန်းက ပြန်ပြောလိုက်သည်။
သူ့တွင် ဝယ်ရန် ငွေမရှိသဖြင့် တကယ်တမ်း ပြန်လာမည် မဟုတ်ချေ။ ယခုထက်ပို၍ အချိန်မဆွဲတော့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ထွက်ခွာရန် အချိန်ကျရောက်လာပြီ ဖြစ်သောကြောင့်ပင်။ သူ လိုချင်သောသူကို သူ မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ ယခုသည် ထွက်ခွာရန်အတွက် အကောင်းဆုံး အချိန်ပင် ဖြစ်၏။
"ရပါတယ်ခင်ဗျာ။ လူကြီးမင်း ပြန်လာတဲ့အထိ ဒီအဆောင်ကို သေချာ သိမ်းထားပေးပါ့မယ်" ဆိုင်အကူက ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်၏။ ဈေးကြီးသော ပစ္စည်းတစ်ခုကို ရောင်းချလိုက်ရသဖြင့် သူ အလွန်ပင် ဝမ်းသာနေပေသည်။ အောက်ထပ်ရှိ ပစ္စည်းများလောက် ဈေးမကြီးသော်လည်း တန်ဖိုးနည်း ပစ္စည်းတော့ မဟုတ်ပေ။ သူ့အတွက် အရောင်း ရာခိုင်နှုန်း ကောင်းကောင်း ရမည်မှာ သေချာနေသည် မဟုတ်လော။
လုံချန်းသည် ဆိုင်တံခါးကို တွန်းဖွင့်ကာ အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် ဆိုင်ရှေ့မှ ဖြတ်လျှောက်လာသော လူတစ်စုနှင့် အချိန်ကိုက်ပင် ဆုံလေတော့သည်။
သူသည် သူ၏ရှေ့မှ လူတစ်ဦးကို ဝင်တိုက်မိသွား၏။ သူ၏ မျက်နှာကို ဖုံးကွယ်ထားသော နှာခေါင်းစည်းမှာ မြေပြင်ပေါ်သို့ ကျသွားခဲ့ပြီး လှည့်စားခြင်း မျက်နှာဖုံးဖြင့် ဖန်တီးထားသော ခန့်ညားလှသည့် မျက်နှာမှာ ပေါ်လွင်သွားတော့သည်။
"ရှင် မျက်စိ မပါဘူးလား"
သူ ဝင်တိုက်မိသည်မှာ အပြာရောင်ဆံပင်နှင့် အမျိုးသမီး ဖြစ်နေပြီး သူမက သူ့ကို မျက်မမြင်တစ်ဦးလားဟု ဒေါသတကြီး စိုက်ကြည့်ကာ အော်ငေါက်လိုက်ခြင်း ဖြစ်၏။
"ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် မကြည့်မိလိုက်လို့ပါ" လုံချန်းက အလျင်အမြန် တောင်းပန်ရင်း မိန်းကလေးဘက်သို့ လှည့်လိုက်၏။
သူသည် မိမိအမှားကို ဝန်ခံရင်း မတော်တဆ ဖြစ်သွားသယောင် ဟန်ဆောင်လိုက်ခြင်း ဖြစ်သည်။ သူ၏ သရုပ်ဆောင်မှုမှာ အလွန် ပီပြင်လှသဖြင့် သူ ကိုယ်တိုင် ကြိုတင် ကြံစည်ထားသည်ဟု လုံးဝ ထင်မှတ်စရာ မရှိချေ။
အပြာရောင်ဆံပင်နှင့် အမျိုးသမီးသည် သူမဘက်သို့ လှည့်လာသော လုံချန်း၏ မျက်နှာကို မြင်လိုက်ရသောအခါ နတ်ဘုရား တစ်ယောက်ပမာ ခန့်ညားလှသော မျက်နှာကြောင့် အံ့ဩမှင်တက်သွားရပေသည်။ သူမ၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွားပြီး နှလုံးသားမှာ ရင်ဘတ်ထဲမှ ခုန်ထွက်လာတော့မည့်အလား နှလုံးခုန်နှုန်းများလည်း မြန်ဆန်လာတော့၏။
သူမသည် လုံချန်းကို မြင်မြင်ချင်း ချစ်မိသွားလေပြီ။ ပို၍ တိကျစွာ ပြောရလျှင် လုံချန်း၏ လှည့်စားခြင်း မျက်နှာဖုံးဖြင့် ဖန်တီးထားသော ခန့်ညားလှသည့် မျက်နှာကို ချစ်မိသွားခြင်း ဖြစ်၏။ သူသည် ဤမိန်းကလေး သူ့ကို မြင်မြင်ချင်း ကြွေသွားစေရန် ရည်ရွယ်ချက်ဖြင့်ပင် အလွန် ခန့်ညားအောင် ဖန်တီးထားခဲ့ခြင်း ဖြစ်သည် မဟုတ်လော။
လမ်းဘေးမှ မိန်းကလေးများ သူ့ကို အာရုံမစိုက်မိစေရန်အတွက် မျက်နှာတစ်ဝက်အား နှာခေါင်းစည်းဖြင့် ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။ သူ ဆွဲဆောင်လိုသော တစ်ဦးတည်းသော မိန်းကလေးမှာ ယခု သူ၏ရှေ့တွင် ရပ်နေသော မိန်းကလေးပင် ဖြစ်၏။
ထိုအပြာရောင်ဆံပင်နှင့် မိန်းကလေးမှာ အခြားသူမဟုတ်ဘဲ သားရဲအင်ပါယာမှ ကျားလက်သည်း အမျိုးသမီးနှင့် တိုက်ခိုက်တော့မည့်ဆဲဆဲ ဖြစ်ခဲ့သော မိန်းကလေးပင် ဖြစ်သည်။ သူမသည် လျှပ်စီးကမ္ဘာအဖွဲ့၏ အဆင့်သတ်မှတ်ပွဲဝင်မည့် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်၏။
လုံချန်းသည် နှာခေါင်းစည်းကို ရှာဖွေရန်အတွက် မြေပြင်ကို အပြစ်ကင်းစင်သော အမူအရာဖြင့် ငုံ့ကြည့်လိုက်သည်။ သူသည် နှာခေါင်းစည်းကို ကောက်ယူကာ မျက်နှာအား ပြန်ဖုံးလိုက်၏။
"ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်ခင်ဗျာ" သူက နောက်တစ်ကြိမ် တောင်းပန်လိုက်ပြီးနောက် ထွက်ခွာရန် ပြင်လိုက်တော့သည်။
"နေ... နေဦး" အပြာရောင်ဆံပင်နှင့် အမျိုးသမီးက ရုတ်တရက် လှမ်းခေါ်လိုက်လေတော့သည်။
အခန်း (၉၁၄) ပုံတူကားချပ်များ
လုံချန်းက နောက်သို့ လှည့်ကြည့်လိုက်၏။ တိုက်ခတ်နေသော လေညင်းနှင့်အတူ ဝေ့ဝဲနေသည့် သူ၏ ဆံပင်များက သူ့ကို ပို၍ပင် ခန့်ညားသွားစေပေသည်။
"ဟုတ်ကဲ့... ဘာများလဲဗျ" သူက မေးလိုက်၏။
"ဒါဟာ ရှင့်အမှားမဟုတ်ပါဘူး။ ရှင် တောင်းပန်နေဖို့ မလိုဘူးလေ" စိမ်းပြာရောင်ဆံပင်နှင့် အမျိုးသမီးက သူမ၏ မျက်နှာတွင် နူးညံ့သော အပြုံးတစ်ခု ဆင်မြန်းလျက် ပြန်ဖြေလိုက်၏။
"ဪ... ကျေးဇူးပါပဲ" လုံချန်းက မထိတထိ လေသံဖြင့် ပြန်ပြောလိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။
"အဲဒီလူက ဘယ်သူလဲ" ထိုမိန်းကလေးက သူမနှင့်အတူ လိုက်ပါလာသော တော်ဝင်စစ်သည်ကို မေးလိုက်၏။
"ကျွန်တော်လည်း မသေချာဘူးခင်ဗျ။ ဒီမြို့ထဲမှာ လူတွေက အများကြီးပဲလေ။ သူက ကျွန်တော် မသိတဲ့သူ ဖြစ်မှာပါ" တော်ဝင်စစ်သည်က ပြန်ဖြေသည်။
"ဒီလောက် ခန့်ညားတဲ့သူကို ရှင်က ဘယ်လိုလုပ် မသိရတာလဲ။ ဒီရုပ်ရည်မျိုးနဲ့ဆိုရင် သူက နာမည်ကြီးနေရမှာပေါ့၊ အခုတော့ ရှင်က မသိဘူးလို့ ပြောနေတာလား။ ရှင်က တကယ်ရော ကျွန်မတို့ရဲ့ လမ်းပြအဖြစ် အရည်အချင်း ပြည့်ရဲ့လား" ထိုမိန်းကလေးက စိတ်ပျက်လက်ပျက်ဖြင့် မျက်စောင်းထိုးရင်း ဆိုလိုက်၏။ သူမ၏ လေသံမှာ ထိုအဖြေကို အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်နေပုံရပေသည်။
သူမသည် မင်းသမီးတစ်ပါး ဖြစ်သဖြင့် အမြဲတမ်း အဖြေအမှန်ကိုသာ ရရှိနေကျ ဖြစ်၏။ သူမ၏ ဘေးတွင်လည်း အရာအားလုံးကို သိနားလည်သော အရည်အချင်းရှိသူများသာ ဝန်းရံနေခဲ့သည်။ ထို့ကြောင့်ပင် ဤနေရာသို့ ရောက်လာသောအခါ ယခုကဲ့သို့ အသုံးမကျသောသူများကို အစောင့်အဖြစ် ပေးအပ်ထားသည်အား သူမ အံ့ဩနေမိခြင်း ဖြစ်၏။
"ကျွန်တော်က..." တော်ဝင်စစ်သည်မှာ ဒေါသတကြီး ပြန်ပြောချင်စိတ် ပေါက်သွားသည်။ သူသည် တော်ဝင်စစ်သည် တစ်ဦးသာ ဖြစ်ပြီး မြို့ထဲရှိ လူတိုင်းအား မှတ်တမ်းတင်ထားသူ မဟုတ်ကြောင်း ပြောချင်သော်လည်း မိမိကိုယ်ကို ပြန်ထိန်းလိုက်၏။ ဤသူများသည် သူ၏ ဧည့်သည်တော်များ ဖြစ်ကြသည်။ သူတို့အတွက် ပြဿနာ မဖြစ်စေသင့်ဟု သူက တွေးလိုက်မိ၏။
သူသည် စိတ်ကို လျှော့ကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ယဉ်ကျေးစွာဖြင့် ပြန်ဖြေလိုက်သည်။ "ဒါဟာ သူ အပြင်ထွက်တဲ့အခါတိုင်း အဲဒီနှာခေါင်းစည်းကို တပ်ထားတတ်လို့ ဖြစ်မှာပါ။ သူ့ကိုယ်သူ ဖုံးကွယ်ထားတတ်တော့ လူတွေက သူ့ရဲ့ ရုပ်ရည်ကိုရော၊ သူ့အကြောင်းကိုရော သိကြမှာ မဟုတ်ပါဘူး။ အဲဒါကြောင့်လည်း သူက နာမည်မကြီးတာ ဖြစ်နိုင်ပါတယ်"
အပြာရောင်ဆံပင်နှင့် အမျိုးသမီးသည် ထိုအချက်ကို သဘောပေါက်သွားပြီး သဘောတူလိုက်၏။ "မှန်တယ်... သူက ကျွန်မကို မတော်တဆ ဝင်တိုက်မိပြီး နှာခေါင်းစည်း ပြုတ်မကျသွားခဲ့ရင် ကျွန်မတောင် သူ့အကြောင်း သိမှာ မဟုတ်ဘူး"
"မှန်လိုက်တာခင်ဗျာ" သူမ သဘောပေါက်သွားသဖြင့် တော်ဝင်စစ်သည်မှာ ဝမ်းသာအားရ ခေါင်းညိတ်လိုက်မိသည်။
"ဒါတွေ အရေးမကြီးပါဘူး။ သူက ရှင့်ရဲ့ ပြည်သူပဲလေ။ သူ့အကြောင်း သိအောင်လုပ်ဖို့က ရှင့်တာဝန်ပဲ။ ကျွန်မက သူ့ကို ကျွန်မတို့ရဲ့ ဒုတိယလမ်းပြအဖြစ် လိုချင်တယ်။ သူ့လိုလူမျိုးနဲ့ အတူရှိရတာက ပိုပြီး ပျော်စရာကောင်းမယ်လို့ ကျွန်မ ယုံကြည်တယ်" ထိုမိန်းကလေးက မျက်စောင်းထိုးရင်း ပြောလိုက်၏။
"ဟူး..." တော်ဝင်စစ်သည်မှာ မိမိကိုယ်ကို နဖူးရိုက်မိမတတ် ခံစားလိုက်ရသည်။ ယခုကဲ့သို့ ခေါင်းမာလှသော ကလေးများနှင့် လာတိုးရသည်မှာ သူ မည်မျှပင် ကံဆိုးလိုက်သနည်း။
ကလေးများနှင့်အတူ ပါလာသော အုပ်ထိန်းသူကမူ စကားတစ်ခွန်းမျှ ဝင်မပြောချေ။ သူသည် ဤကလေးများ၏ ကလေးကလား ကိစ္စများမှာ သူနှင့်မဆိုင်သကဲ့သို့ ဆိုင်ခန်းများကိုသာ လိုက်ကြည့်နေလေသည်။
"သူပြောသလိုပဲ လုပ်လိုက်ပါဗျာ။ ပင်းလုအီက တော်တော်လေး ခေါင်းမာတဲ့ မိန်းကလေး။ ခင်ဗျားက သဘောမတူမချင်း ခင်ဗျားခေါင်းပေါ်ကနေ ဆင်းမှာ မဟုတ်ဘူး" အဖွဲ့ထဲမှ ဆံပင်နီနှင့် အမျိုးသားက ပြုံးလျက် ဆိုလိုက်၏။
"သူ ဒီမှာ ရှိနေတုန်းက ဘာလို့ အမျိုးသမီးလေး ကိုယ်တိုင် မမေးခဲ့တာလဲ" တော်ဝင်စစ်သည်က ထိုမိန်းကလေးကို ကြည့်ကာ မေးလိုက်သည်။
"အဲဒါကတော့ ကျွန်မက သူ့နားမှာ ရှိချင်လို့ အတင်းကပ်နေပါတယ်ဆိုတဲ့ ပုံစံမျိုး အမြင်မခံနိုင်လို့ပေါ့။ ကျွန်မ ကိုယ်တိုင် မေးတာနဲ့ ရှင်က သွားမေးတာက လုံးဝ ကွဲပြားခြားနားတယ်လေ" မိန်းကလေးက ပြန်ဖြေ၏။ "ဪ... ဒါနဲ့ သတိရလို့။ ရှင့်ကို ကျွန်မ ခိုင်းလိုက်တာလို့ သူ့ကို မပြောပါနဲ့။ သူ့ကို လမ်းပြဖြစ်အောင် ရှင့်ဘာသာရှင် အကြောင်းပြချက်တစ်ခုခု ရှာပြီး ပြောလိုက်"
"ဟူး... ကောင်းပါပြီဗျာ။ ကျွန်တော် ကိုယ်တိုင်ပဲ သွားပြောလိုက်ပါ့မယ်။ ဒီမှာတင် စောင့်နေကြပါ" ထိုသူက ပြန်ဖြေပြီးနောက် သူတို့ကို ထားရစ်ခဲ့ကာ လုံချန်းနောက်သို့ ပြေးလိုက်သွားတော့သည်။
တော်ဝင်စစ်သည်သည် အဝေးမှ လုံချန်း၏ ကျောပြင်ကို မြင်နေရ၏။ "ဟေ့... နေဦး" သူက လှမ်းခေါ်သော်လည်း လုံချန်းက မကြားသည့်အလား ရပ်မပေးချေ။
လုံချန်းက လမ်းကြားတစ်ခုထဲသို့ ဘယ်ဘက် ကွေ့ဝင်သွားသည်ကို ထိုသူ မြင်လိုက်ရသည်။ သူသည်လည်း ထိုနေရာသို့ ရောက်သွားပြီး လူသူကင်းမဲ့သော လမ်းကြားထဲသို့ ဝင်သွားသောအခါ လုံချန်းက ပို၍ပင် ဝေးလံသီခေါင်သော လမ်းကြားထဲသို့ ထပ်မံ ကွေ့ဝင်သွားသည်ကို တွေ့လိုက်ရပြန်၏။
ထိုသူသည် ထူးဆန်းသည်ဟု ထင်မိသော်လည်း တွေးတောနေရန် အချိန်မရှိချေ။ လုံချန်းကို မျက်ခြေပြတ် မခံနိုင်ပေ။ အခုထိ သူ နားလည်ထားသလောက်ဆိုလျှင် အပြာရောင်ဆံပင် မိန်းကလေးမှာ အလွန် ခေါင်းမာသူ ဖြစ်၏။ အကယ်၍ လုံချန်းကို မျက်ခြေပြတ်သွားပြီး သူမဆီ ခေါ်မလာနိုင်ခဲ့လျှင် သူ ဒုက္ခရောက်ပေလိမ့်မည်။
သူသည်လည်း ဘယ်ဘက်သို့ ကွေ့ကာ ဗလာကျင်းနေသော လမ်းကြားထဲသို့ ဝင်လိုက်၏။ လမ်းကြား၏ အဆုံးမှာတော့ ပိတ်နေပြီး နံရံတစ်ခုသာ ရှိတော့သည်။ ထိုနေရာတွင် လုံချန်းက နံရံကို ငေးကြည့်ရင်း မှင်တက်နေသကဲ့သို့ ရပ်နေသည်ကို သူ တွေ့လိုက်ရ၏။ သူသည် လုံချန်း၏ ကျောပြင်ကိုသာ မြင်နေရပေသည်။
"ခွင့်လွှတ်ပါဦး၊ ကျွန်တော် ခင်ဗျားနဲ့ စကားပြောချင်လို့ပါ" လုံချန်းအနားသို့ တိုးကပ်သွားရင်း ထိုသူက လှမ်းခေါ်လိုက်၏။
သူ လှမ်းခေါ်သော်လည်း လုံချန်းက ပြန်မဖြေသည်ကို သူ သတိထားမိလိုက်သည်။ သူသည် အကွာအဝေး တစ်ဝက်ခန့်အထိ ရောက်ရှိလာပြီး သူတို့ကြားတွင် မီတာအနည်းငယ်သာ ကွာတော့၏။
သူသည် ရှေ့သို့ ထပ်မတိုးတော့ချေ။ တစ်ခုခု မှားယွင်းနေပြီဟု သူ ခံစားလိုက်ရသောကြောင့်ပင်။ လုံချန်းက အဘယ်ကြောင့် ပြန်မဖြေရသနည်း။ သူက အဘယ်ကြောင့် ငြိမ်သက်စွာ ရပ်နေရသနည်း။ တစ်ခုခု မှားနေသည်မှာ သေချာပေသည်။
"ငါက တော်ဝင်စစ်သည် တစ်ယောက်အနေနဲ့ အမိန့်ပေးတယ်။ နောက်ကို လှည့်စမ်း။ မင်းရဲ့ မျက်နှာကို ငါ့ကို ပြစမ်း" စစ်သည်က အော်ဟစ်လိုက်၏။
သူသည် အဖြေကို စောင့်ဆိုင်းနေသော်လည်း နည်သည်မျှ ပြန်မကြားရသေးချေ။ သူသည် သူ၏ ဓားရိုးပေါ်သို့ လက်တင်လိုက်ပြီး ဓားကို ဆွဲထုတ်တော့မည့် ဆဲဆဲတွင်မှ အဖြေတစ်ခုအား ကြားလိုက်ရတော့သည်။
လုံချန်းက နောက်သို့ လှည့်မကြည့်သော်လည်း ပြန်ဖြေလိုက်၏။ "မင်းတို့တွေ ငါ့ရဲ့ ပုံတူကားချပ်တွေကို ကိုင်ပြီး တစ်မြို့လုံး ပတ်နေကြတာပဲ။ ဘာဖြစ်လို့ ငါ့မျက်နှာကို ထပ်ကြည့်ချင်နေသေးတာလဲ။ မင်းတို့အားလုံး အခုလောက်ဆို ငါ့မျက်နှာကို အလွတ်ရနေသင့်ပြီ မဟုတ်လား"
သူ၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ရှိနေသော်လည်း ထိုသူမှာမူ ကံဆိုးစွာဖြင့် မြင်တွေ့နိုင်ခြင်း မရှိချေ။
ထိုသူသည် လုံချန်း၏ မျက်နှာကို မမြင်ရသေးသော်လည်း လုံချန်း၏ အဖြေကပင် မည်သို့ ဖြစ်ပျက်နေကြောင်း ခန့်မှန်းရန် လုံလောက်နေပြီ ဖြစ်၏။
သူတို့အားလုံး ဆောင်ထားရသည် ပုံတူကားချပ်သည်လော။ သို့ဆိုလျှင် သူက ရုပ်ဖျက်ခြင်းတွင် ဆရာကျလှသော သူတော်စင် သတ်ဖြတ်သူ၏ အမွေခံ ပုံတူကားချပ် မဟုတ်လော။
ဒါဆို သူက...
ထိုသူ၏ မျက်နှာပေါ်တွင် ချွေးစက်များ ပေါ်လာပြီး သူသည် နောက်သို့ တစ်လှမ်းဆုတ်ကာ သူ၏ ဓားကို ဆွဲထုတ်လိုက်တော့သည်။
"မင်း နောက်ဆုံးတော့ ပုန်းမနေတော့ဘဲ ထွက်လာပြီပေါ့။ ကောင်းပြီ၊ အခုတော့ လိမ္မာလိမ္မာနဲ့ သေလိုက်စမ်း" သူ အော်ဟစ်လိုက်ရင်း ထိုသူက ဓားကွက်ပြင်ကာ ဓားကို လွှဲယမ်းလိုက်၏။ ထိုသူ လွှဲယမ်းလိုက်သော ဓားသည် ခဏမျှ တောက်ပသွားပြီးနောက် ပြင်းထန်သော အလင်းတန်း တစ်ခုအဖြစ် လုံချန်းဆီသို့ ပြေးဝင်သွားတော့သည်။
ထိုအလင်းတန်းသည် လုံချန်းကို ထိမှန်သွားပြီး သူ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်း ဖြတ်တောက်ပစ်လိုက်၏။ လုံချန်း၏ ပါးစပ်မှ အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားတော့သည်။ သူ၏ ခန္ဓာကိုယ် အပေါ်ပိုင်းမှာ ဘေးသို့ လျောကျသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။
သွေးများမှာ နေရာအနှံ့သို့ လွင့်စင်သွားပြီး မီးခိုးရောင် မြေပြင်ပေါ်တွင် နီရဲသော အရောင်များ ဖုံးလွှမ်းသွားတော့သည်။
"ဟက်... ငါကတော့ အလကားနေရင်း ကြောက်နေမိတာ။ မင်းက ပိုးကောင်တစ်ကောင်ထက် မပိုပါလား" လုံချန်းကို ဤမျှ လွယ်ကူစွာ သတ်လိုက်နိုင်သဖြင့် ထိုသူက ဟားတိုက်၍ ရယ်မောလိုက်၏။
သူသည် မြေပြင်ပေါ်တွင် နှစ်ပိုင်းပြတ်လျက် လဲလျောင်းနေသော လုံချန်း၏ ခန္ဓာကိုယ်ဆီသို့ လျှောက်သွားလိုက်သည်။ လုံချန်း၏ မျက်နှာ အောက်ပိုင်းမှာတော့ နှာခေါင်းစည်းဖြင့် ဖုံးအုပ်ထားဆဲပင် ရှိနေသေးသည်။