အခန်း (၃၆၀)
Vol. 36 Ch. 360
အခန်း။ ၃၆၀
နတ်ဘုရားအဆင့် မိစ္ဆာများမှာ လှည့်ထွက်သွားကြစဉ် သူတို့၏ အက်ရှရှအသံကြီးများမှာ အသံလှိုင်းများအဖြစ် ပဲ့တင်ထပ်သွားပြီး အမည်းရောင်မြူခိုးတိမ်တိုက်ကြီးအဖြစ် ပြောင်းလဲသွားကာ နောက်ဆုံးတွင် ထူးဆန်းကြောက်မက်ဖွယ်ကောင်းသော မျက်လုံးအိမ်ပေါင်းများစွာ ဖြစ်ပေါ်လာတော့သည်။
"သွေးစွမ်းအင်တန်ဖိုး သုံးသန်းကျော်နဲ့ နတ်ဘုရားအဆင့် မိစ္ဆာ ဆယ်ဂဏန်းကျော်ကို မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်နိုင်တယ်ဆိုတာ..."
"ဒါက ဒီမျိုးဆက်ရဲ့ ဟွာရှယဉ်ကျေးမှုက ရွေးချယ်လိုက်တဲ့ ကံကြမ္မာရှင်ပဲ ဖြစ်ရမယ်..."
"တကယ်ကို ထူးခြားတဲ့ ယဉ်ကျေးမှုပဲ။ နေကိုးစင်းကို ပစ်ချခဲ့တဲ့သူတွေ၊ ကိုးခုမြောက်အိုးကြီးတွေကို သွန်းလုပ်ခဲ့တဲ့သူတွေ၊ မဟာတံတိုင်းကြီးကို တည်ဆောက်ခဲ့တဲ့သူတွေ၊ တစ်ခြားကမ္ဘာဂြိုလ်ကို ကျူးကျော်ခဲ့တဲ့သူတွေ... တစ်မျိုးဆက်ပြီး တစ်မျိုးဆက် ဘယ်တော့မှ အဆုံးမရှိနိုင်တဲ့သူတွေပဲ"
"ဒီ အပြာရောင်ကြယ်ဂြိုလ်ပေါ်မှာ ငါ့ကို လက်နက်တာအိုနယ်ပယ်ထဲ ရောက်အောင် ကူညီပေးနိုင်မယ့် ရတနာတွေ အမှန်တကယ် ရှိနေပုံပဲ။မဟုတ်ရင် ဒီလောက် ပုရွက်ဆိတ်လောက်ပဲရှိတဲ့ လူမျိုးစုက မျိုးတုံးတော့မယ့် အန္တရာယ်ကနေ အမြဲတမ်း ခုခံနိုင်စွမ်း ရှိနေမှာ မဟုတ်ဘူး"
"ငါတို့က ကောင်းကင်ဘုံကပ်ဘေးတွေပဲ။ သူတို့က ဒီကပ်ဘေးကိုတောင် ခုခံရဲကြတယ်ပေါ့"
မြင့်မြတ်သောမျက်လုံး အရှင်သခင်က မဲ့ပြုံး ပြုံးလိုက်သည်။
...
တစ်ချိန်တည်းမှာပင် အခြားတစ်နေရာ၌ ညစ်ညမ်းနယ်မြေ၏ အပြင်ဘက်တွင် ထူထပ်လှသော အမည်းရောင်မြူခိုးများကြားမှ နွားခေါင်းနှင့်၊ ဦးခေါင်းပေါ်တွင် ဧရာမ အမည်းရောင်ရွှေရောင် ဦးချိုကြီး တစ်ခုပါရှိပြီး ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် ခေါင်းကိုးလုံး ဆင့်လျက်ရှိသော နာကျည်းမှုသားရဲတစ်ကောင်က ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
၎င်းတွင် မျက်နှာသွင်ပြင် မရှိဘဲ မျက်နှာပေါ်တွင် ဝဲကယက်ပုံစံ မျက်လုံးတစ်စုံသာ ရှိပြီး ပါးပြင်ပေါ်ရှိ ငါးမန်းအစစ်အလား ဖြစ်နေသော ပါးဟက်များမှ အမည်းရောင်မြူခိုးများကို မှုတ်ထုတ်နေသည်။ ၎င်း၏ ထူးဆန်းသော မျက်လုံးများသည် ဘေးကင်းဇုန်ရှိရာဘက်သို့ စူးစိုက်ကြည့်နေ၏။
မည်းနက်နေသော သေခြင်းတရား အငွေ့အသက်များက ဝေးလံသော စစ်မြေပြင်မှ လွင့်ပါးလာပြီး ၎င်း၏ အမည်းရောင်မြူခိုးများအတွင်းသို့ ပေါင်းစပ်၍ ဝင်ရောက်သွားကြသည်။
"တကယ့်ကို ကြွယ်ဝတဲ့ သေခြင်းတရား စွမ်းအင်တွေပဲ"
"သိပ်ကို သဘောကျဖို့ကောင်းတာပဲ။ ဒီလောက် ကြီးမားပြီး သိပ်သည်းတဲ့ သေခြင်းတရားစွမ်းအင်တွေ"
"နည်းနည်းလောက် ပိုရရင် ကောင်းမှာပဲ"
"ဟင် နတ်ဘုရားအဆင့် မိစ္ဆာတွေဆီက သေခြင်းတရားစွမ်းအင်တွေတောင် ပါလာတာလား။ ကောင်းတယ်... ကောင်းတယ်... အရမ်းကောင်းတယ် ဒါက တကယ့်ကို အံ့ဩစရာပဲ"
မသေနိုင်သော အရှင်သခင်သည် စစ်မြေပြင်မှ လွင့်လာသော ထူထပ်လှသည့် သေခြင်းတရားစွမ်းအင်များကို စုပ်ယူနေသည်။ ၎င်းတွင် မျက်နှာသွင်ပြင် မရှိသော်လည်း ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းနှင့် ပတ်ပတ်လည်ရှိ အမည်းရောင်မြူခိုးများက ၎င်းသည် အလွန်အမင်း ကျေနပ်ပီတိဖြစ်နေကြောင်း ပြသနေသည်။
၎င်း၏ အနောက်တွင်မူ နတ်ဘုရားအဆင့် အရှိန်အဝါများ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် နာကျည်းမှုသားရဲသုံးကောင် ရှိနေသည်။ သူတို့သည် မသေနိုင်သော အရှင်သခင်ကို ကာကွယ်ပေးနေသည့် ကိုယ်ရံတော်များအလားပင်။ တစ်ကောင်ချင်းစီ၏ သွေးစွမ်းအင်တန်ဖိုးမှာ သန်းငါးဆယ်စီ ရှိကြသည်။
"တောင်ပံပါတဲ့ မြွေ၊ ခြေတစ်ထောင်ကောင်၊ အဆိပ်ညွန်အိုင်... မင်းတို့ သုံးယောက် ငါ့ရဲ့ ပတ်ဝန်းကျင်ကို စောင့်ကြပ်ပေးကြ။ ဘယ်သူပဲဖြစ်ဖြစ် လာပြီး နှောင့်ယှက်ရင် တိုက်ရိုက်
သတ်ပစ်လိုက်။ ငါ ဒီသာယာမှုကို ဘာအနှောင့်အယှက်မှမရှိဘဲ ခံစားချင်လို့ ဟားဟားဟား"
ကပ်ဘေးအဆင့်နာကျည်းမှုသားရဲ သုံးကောင်က တညီတညွတ်တည်း ပြန်ပြောလိုက်သည်။
"အမိန့်တော်အတိုင်းပါ မြင့်မြတ်သောအရှင်"
ချက်ချင်းပင် ထိုသားရဲ သုံးကောင်သည် အနီးအနားသို့ ပျံ့နှံ့သွားကြသည်။ သူတို့သည် မည်သူမျှ လာရောက် မနှောင့်ယှက်နိုင်စေရန် ရုပ်တုများအလား ရပ်တန့်ကာ စောင့်ကြပ်နေကြတော့သည်။
သူတို့သည် သေခြင်းတရားစွမ်းအင်ဆိုသည်မှာ ဘာလဲဆိုသည်ကို မသိကြပေ။ သို့သော် သူတို့၏ အရှင်သခင်သည် ထိုစွမ်းအင်များကို စုပ်ယူရသည်ကို နှစ်သက်သည်။ ထိုအရာက အရှင်သခင်၏ ကောင်းကင်ဘုံပေး နတ်ဘုရားအတတ်ဖြစ်ပြီး လောကကြားရှိ အဆန်းကြယ်ဆုံးသော သေခြင်းတရားစွမ်းအင်များကို စုပ်ယူကာ အဆုံးစမဲ့ သန်မာလာနိုင်သည်ဟု သူတို့ ယုံကြည်ထားကြသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့၏ အရှင်သခင်သည် မြင့်မြတ်သောမျက်လုံး အရှင်သခင်ထက် အဆပေါင်း ရာချီ၊ ထောင်ချီ၍ ပိုမိုသန်မာလှသည်။ သူတို့၏ အမြင်တွင်မူ အရှင်သခင်က မည်သူမျှ မယှဉ်နိုင်သော တည်ရှိမှုမျိုး ဖြစ်သည်။
မည်းနက်နေသော သေခြင်းတရားအငွေ့အသက်များသည် မသေနိုင်သော အရှင်သခင်၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်၍ ပေါင်းစပ်သွားကြသည်။
နှစ်နာရီခန့် ကြာမြင့်သွားပြီးနောက် ကောင်းကင်ယံရှိ သေခြင်းတရားစွမ်းအင် ဝဲကယက်ကြီးမှာ လုံးဝကွယ်ပျောက်သွားပြီး မသေနိုင်သော အရှင်သခင်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ ထိုအခါ ၎င်း၏ ကျောပြင်မှ ကြောက်မက်ဖွယ်ကောင်းသော အရိုးအတောင်ပံတစ်စုံ ထွက်ပေါ်လာတော့သည်။
ထိုအရိုးအတောင်ပံများပေါ်တွင် ဖြူဖျော့ဖျော့ အသားစအနွမ်းများ ကပ်ငြိနေပြီး ၎င်းအသားစများကြားတွင် အရေအတွက် အကန့်အသတ်မရှိသော ထူးဆန်းသည့် ဦးခေါင်းခွံများမှာ တွန့်လိမ်ငြိတွယ်နေကာ အေးစိမ့်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
"အာ... တကယ့်ကိုပဲ သေခြင်းတရားစွမ်းအင်တွေက ငါ့အတွက်တော့ အမြင့်မြတ်ဆုံး ပျော်ရွှင်မှုကို ပေးတာပဲ"
မသေနိုင်သော နာကျည်းမှုသားရဲဘေးရှိ ကိုယ်ရံတော် သုံးဦးက "ဂုဏ်ယူပါတယ် မြင့်မြတ်သောအရှင်" ဟု ချီးကျူးဂုဏ်ပြုလိုက်ကြသည်။
ရုတ်တရက် ပြင်းထန်လှသော သေခြင်းတရား အရှိန်အဝါလှိုင်းကြီးတစ်ခု ၎င်းထံမှ ဖြာထွက်လာရာ ထိုကြောက်မက်ဖွယ် အရှိန်အဝါကြောင့် နတ်ဘုရားအဆင့် ကိုယ်ရံတော် သုံးဦးပင်လျှင် ကြံ့ကြံ့မခံနိုင်ဘဲ နောက်သို့ ယိုင်သွားကြရသည်။
"ဒီလို စစ်ပွဲမျိုးက ထွက်လာတဲ့ သေခြင်းတရားစွမ်းအင်က နည်းလွန်းသေးတယ်။ ပိုပြီးတော့ ပူဇော်သက္ကာပြုမှုတွေ၊ ပိုပြီးတော့ မျှော်လင့်ချက်မဲ့တဲ့ သေဆုံးမှုတွေ လိုအပ်သေးတယ်"
တောင်ပံပါသောမြွေက ဦးညွှတ်လျက် "မြင့်မြတ်သောအရှင် မြင့်မြတ်သောမျက်လုံး အရှင်သခင်က လူသားတွေရဲ့ ဘေးကင်းဇုန်ကို တိုက်ခိုက်နေတာက တဖြည်းဖြည်းနဲ့ အရှိန်အဟုန် အမြင့်ဆုံးကို ရောက်တော့မှာပါ။ အဲဒီအချိန်ကျရင် စစ်မြေပြင်အနှံ့ကနေ သေခြင်းတရားစွမ်းအင်တွေ အဆက်မပြတ် ထွက်ပေါ်လာပါလိမ့်မယ်။ အဲဒီအခါကျရင် အရှင်သခင်ရဲ့ စွမ်းအားတွေက အထွတ်အထိပ်ကို ပြန်ရောက်လာမှာပါ"
ထိုစကားကို ကြားသောအခါ မသေနိုင်သော အရှင်သခင်က "ဟဲဟဲ" ဟု နှာခေါင်းရှုံ့၍ ရယ်မောလိုက်သည်။
" မြင့်မြတ်သောမျက်လုံး အရှင်သခင်ဆိုတာကလည်း အသုံးမကျတဲ့ကောင်ပါပဲ။ သူ့ရဲ့ ကိုယ်ပွားမဟုတ်တဲ့ ခန္ဓာကိုယ်အစစ်က အပြာရောင်ကြယ်ဂြိုလ်ပေါ် မဆင်းသက်ရဲဘူးလေ။ အဲဒါကြောင့် ဒီလို မိုက်မဲတဲ့ တိုက်ခိုက်မှုမျိုးကိုပဲ လုပ်ရဲတာပေါ့"
နာကျည်းမှုသားရဲဂြိုလ်နှင့် အပြာရောင်ကြယ်ဂြိုလ်ကြားတွင် အကာအကွယ်အတားအဆီးတစ်ခု ရှိသည်။ ထိုအတားအဆီးကို မဟာအဓိဋ္ဌာန်ရှင်က အပြာရောင်ကြယ်ဂြိုလ်၏ ကံကြမ္မာရှင်များနှင့်အတူ အသက်ပေး၍ တည်ဆောက်ခဲ့ခြင်းပင်။ ၎င်းမှာ နတ်ဘုရားအဆင့် တည်ရှိမှုများ အပြာရောင်ကြယ်ဂြိုလ်ပေါ်သို့ တိုက်ရိုက်ဆင်းသက်ခြင်းကို တားဆီးရန် ဖြစ်သည်။
"မြင့်မြတ်တဲ့မျက်လုံး အရှင်သခင်က အဲဒီအတားအဆီးကို ဖောက်ဖို့ တခြားသူတွေရဲ့ အကူအညီကို ယူခဲ့တာ မှန်ပေမဲ့ သူကိုယ်တိုင်ကတော့ တိုက်ရိုက်မဆင်းလာရဲသေးဘူး။ နောက်ဆုံးတော့ ဒီအချက်ကပဲ အပြာရောင်ကြယ်ဂြိုလ်ကို အခွင့်အရေး ပေးနေသလို ဖြစ်နေတာပေါ့။
ကြီးကျယ်တဲ့အလုပ်ကို လုပ်ချင်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် အထိခိုက်မခံနိုင်ဘဲ ကြောက်နေတဲ့ အသုံးမကျတဲ့ကောင်"
ကပ်ဘေးအဆင့်နာကျည်းမှုသားရဲ သုံးကောင်မှာမူ ဘာမှမပြောဝံ့ကြပေ။ သူတို့အနေဖြင့် အရှင်သခင်တစ်ပါးကို ဝေဖန်ရန် လုံးဝ မလုပ်ရဲကြခြင်းပင်။
...
"ဟဲဟဲ"
မသေနိုင်သော အရှင်သခင်က ထပ်မံ၍ ကဲ့ရဲ့လိုက်ပြန်သည်။
"မြင့်မြတ်သောမျက်လုံး အရှင်သခင်က ဒီတိုက်ခိုက်မှုကို မစတင်ခင်မှာ အပြာရောင်ကြယ်ဂြိုလ်ကို အကြာကြီး အကွက်ချခဲ့တာတောင်မှ အခုထိ အပြတ်မတိုက်ရဲသေးဘူး။ တကယ့်ကို အသုံးမကျတာပဲ"
သေခြင်းတရားကြားမှ ရှင်သန်လာသော မသေနိုင်သော အရှင်သခင်သည် မြင့်မြတ်သောမျက်လုံး အရှင်သခင်၏ အလွန်အမင်း သတိကြီးလွန်းမှုကို အထင်သေးနေခြင်းပင်။
"အရင်ကတော့ သူ အလုပ်ဖြစ်မယ် ထင်ထားတာ။ ဒါပေမဲ့ ဒီလောက် အချိန်တွေအကြာကြီး ကုန်သွားတာတောင် ဘာတိုးတက်မှုမှ မရှိဘူး။ တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ"
နာကျည်းမှုသားရဲဂြိုလ်က အပြာရောင်ကြယ်ဂြိုလ်ကို ကျူးကျော်ရန် ဆုံးဖြတ်ကတည်းက ဆုံးဖြတ်ချက်အားလုံးကို မြင့်မြတ်သောမျက်လုံး အရှင်သခင်ကသာ ချမှတ်ခဲ့ခြင်းပင်။ အချိန်အတော်ကြာသည့်တိုင် အောင်မြင်မှုမရသည့်အပြင် အပြာရောင်ကြယ်ဂြိုလ်၏ ပြန်လည်တိုက်ခိုက်မှုများကို အပြင်းအထန် ခံခဲ့ရသဖြင့် မသေနိုင်သော အရှင်သခင်က ၎င်းကို အသုံးမကျသူဟု သတ်မှတ်ထားခြင်းပင်။
သို့သော် မြင့်မြတ်သောသစ်ပင်ကိုယ်တိုင်က မြင့်မြတ်သောမျက်လုံး အရှင်သခင်ကို ဤတာဝန် ပေးထားခြင်းကြောင့်သာ သည်းခံနေခြင်းပင်။
အနောက်ရှိ တောင်ပံပါသောမြွေ၊ ခြေတစ်ထောင်ကောင်နှင့် အဆိပ်ညွန်အိုင် သားရဲ သုံးကောင်မှာမူ ခေါင်းကိုသာ ငုံ့ထားကြသည်။
"ဒါဆို... မြင့်မြတ်သောအရှင်ကိုယ်တိုင် အပြာရောင်ကြယ်ဂြိုလ်ပေါ်ကို တိုက်ရိုက် ဆင်းသက်မှာလား"
မသေနိုင်သော အရှင်သခင်က "..."
ငါက ပြောရုံပဲ ပြောတာလေ။ မင်းတို့လို ငတုံးသုံးယောက်က တကယ်ကြီး ထင်နေတာလား။
ဘယ်သူက အပြာရောင်ကြယ်ဂြိုလ်ပေါ် ဆင်းချင်မှာလဲ။ ကိုယ့်ကိုကိုယ် ဒုက္ခရှာဖို့လား။
အဲဒီလို ပျက်စီးလုနီးပါး နေရာမျိုးက မျိုးတုံးတော့မယ့် အခြေအနေရောက်တိုင်း မဟာအဓိဋ္ဌာန်ရှင်ဆိုတဲ့ ကြောက်စရာကောင်းတဲ့ ကောင်တွေ ထွက်ထွက်လာတာလေ။
မဟာအဓိဋ္ဌာန်ရှင်အကြောင်းကို တွေးမိသည်နှင့် မသေနိုင်သော အရှင်သခင်၏ မျက်လုံးများမှာ အရောင်တောက်လာပြီး ၎င်း၏ ပတ်ဝန်းကျင်ရှိ အမည်းရောင်မြူခိုးများမှာလည်း ကြည်နူးသာယာသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်လေတော့သည်။
မဟာအဓိဋ္ဌာန်ရှင်……..