အခန်း (၃၅၂)
Vol. 36 Ch. 352
အခန်း။ ၃၅၂
ရွှီရန်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် မေးလိုက်သည်။
"ပင်လယ်ရေအောက်က ဒီအလွန်အမင်း ကြီးမားတဲ့ အင်းကွက်ကြီးကို ရုပ်သံရိုက်ကူးပြီး သတင်းအချက်အလက်အနေနဲ့ အသုံးပြုလို့ ရမလား"
"အကယ်၍ ဟွာရှက လူတိုင်းသာ ပင်လယ်ရေအောက်မှာ ဖြစ်ပေါ်နေတဲ့ ဒီပြောင်းလဲမှုကြီးကို မြင်တွေ့ရမယ်ဆိုရင် လူတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်မှာ သေချာသလို ဟွာရှရဲ့ ယုံကြည်ချက်ကိုလည်း ပိုမိုခိုင်မာစေမှာ။ ဒါက ကောင်းကင်အထွတ်အထိပ် နန်းဆောင်က သုတေသနပြုနေတဲ့ ကိစ္စဖြစ်ပြီး တကယ့်ကို အသုံးဝင်လိမ့်မယ်"
ကျားမလေးက မျက်ခုံးပင့်လိုက်ရင်း "ကောင်းကင်အထွတ်အထိပ် နန်းဆောင်က တော်တော်လေးကို သုတေသနလုပ်နေတာပဲ" ဟု ပြောလိုက်သည်။
ရွှီရန်က ပြုံးလိုက်ပြီး "ကောင်းကင်အထွတ်အထိပ် နန်းဆောင်က တကယ့်ကို ကောင်းမွန်တဲ့ အဖွဲ့အစည်းတစ်ခုပါ။ ဒါပေမဲ့ မင်းလို ထူးဆန်းတဲ့ ပါရမီရှင်မျိုးတော့ မဟုတ်ဘူးပေါ့"
ကျားမလေးက ခေါင်းကို အသာအယာညိတ်ကာ "ကျွန်မကလည်း အဲဒီနန်းဆောင်ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုလို့ ပြေဋလို့ရပါတယ်" ဟု ပြန်ပြောသည်။
"ကျွန်မကို ရိုက်ကူးရေးစက်တွေ ပေးပါ။ ဒါပေမဲ့ အဲဒီစက်တွေက ပင်လယ်ရေအောက် မီတာ နှစ်သောင်းအနက်က ဖိအားကို ခံနိုင်ရည်ရှိပါ့မလား"
ရွှီရန်က ခေါင်းညိတ်ပြရင်း "ခံနိုင်ပါတယ်" ဟု အာမခံလိုက်သည်။
ကျားမလေးက "ဒါဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဘယ်အချိန်မဆို စတင်ရိုက်ကူးလို့ ရပါတယ်" ဟု ပြောလိုက်သည်။
ထို့ကြောင့် ကျားမလေးသည် ပင်လယ်ရေအောက်ရှိ အံ့မခန်းဖွယ် မြင်ကွင်းများကို ရိုက်ကူးရန် အချိန်ပေးခဲ့သည်။
ပျစ်ချွဲကာ ညစ်ပတ်နေသော အမည်းရောင် ညစ်ညမ်းမှုကြီးက တောင်တန်းကြီးတစ်ခုကို ဝင်
တိုက်နေသည့် နဂါးကြီးတစ်ကောင်အလား ဖြစ်နေပြီး ရွှေရောင်အင်းကွက်ကြီးက ၎င်းကို ခါးလယ်မှ ပိုင်းဖြတ်ကာ စင်ကြယ်သော ရေစီးကြောင်းအဖြစ်သို့ သန့်စင်ပေးနေပုံမှာ မြင်တွေ့ရသူတိုင်းကို အံ့အားသင့် မှင်သက်သွားစေလောက်အောင် ခမ်းနားသည်။
ရွှီရန်သည် ထိုရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းကို ရရှိသောအခါ ကြက်သီးတဖြန်းဖြန်း ထသွားရသည်။
"ပင်လယ်ရေအောက်က ညစ်ညမ်းမှုတွေက ဒီလောက်အထိ ကြောက်စရာကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါက ကုန်းမြေပေါ်ကထက် အဆပေါင်း ရာနဲ့ချီပြီး သိပ်သည်းဆ များနေတာပဲ"
"ဒါပေမဲ့ မင်းရဲ့ မဟာကရုဏာအင်းကွက်ကတော့ တကယ့်ကို နတ်ဘုရားတွေရဲ့ လက်နက်တစ်ခုလိုပဲ"
"ဒါက လူသားတွေရဲ့ စိတ်ဓာတ်ကို တကယ့်ကို မြှင့်တင်ပေးနိုင်လိမ့်မယ်"
ကျားမလေးက လက်ကို ဖြန့်ပြလိုက်ရင်း "ဘေးကင်းဇုန်ရဲ့ နေရာတိုင်းမှာလည်း အင်းကွက်တွေ ရှိနေပြီလေ။ ဝိညာဉ်စွမ်းအင်တွေကလည်း အားကောင်းနေပြီဆိုတော့ လူတွေရဲ့ စိတ်ဓာတ်က မြင့်တက်နေလောက်ပါပြီ မဟုတ်ဘူးလား"
ရွှီရန်က ခေါင်းညိတ်လိုက်သည် "ဟုတ်ပါတယ် ဒါပေမဲ့ အခုမြင်ရတဲ့ အဆင့်လောက်တော့ မတုန်လှုပ်စေခဲ့ဘူး"
"ဒါနဲ့... မကြာသေးခင်က ဘေးကင်းဇုန်ကထွက်တဲ့ ဝိညာဉ်စွမ်းအင်တွေက အပြင်ဘက်ကိုပါ ပြန့်နှံ့သွားတော့ အဆင့်နိမ့်တဲ့ မိစ္ဆာသားရဲအချို့က တိုက်ခိုက်ဖို့ ဝန်လေးနေကြတယ်။ သူတို့အတွက်တော့ ဒီဝိညာဉ်စွမ်းအင်က အဆိပ်အတောက်လိုပဲ ဖြစ်နေတာကိုး"
"ဒါပေမဲ့ တစ်ခြားကမ္ဘာက မိစ္ဆာတွေက ပိုပြီး ထူးဆန်းတဲ့ ညစ်ညမ်းမှုတွေကို ဒီဘက်ကို သယ်ဆောင်လာနေကြတယ်။ ကပ်ဘေးသင့် နယ်မြေတွေမှာပဲ တွေ့ရလေ့ရှိတဲ့ ထူးဆန်းတဲ့ အရိုးစုတွေနဲ့ ထူးဆန်းတဲ့ ရုပ်တုတွေကိုလည်း ယူလာကြတယ်။ တိုက်ပွဲတွေရဲ့ ပြင်းထန်မှုက အရင်ကထက် အဆပေါင်းများစွာ ပိုလာပြီ"
"ငါတို့ရဲ့ ဟွာရှကတော့ ကြီးမားတဲ့ ဖိအားအောက်မှာ ရှိနေတုန်းပါပဲ"
ကျားမလေးက ခေတ္တမျှ စဉ်းစားလိုက်သည်။
"ခုခံနိုင်သမျှ ခုခံထားပါ။ မတတ်နိုင်တာကိုတော့ အတင်းအကျပ် မလုပ်ပါနဲ့။ အဓိက တာဝန်က အချိန်ဆွဲဖို့ပဲ။ ငါတို့ အချိန်ဘယ်လောက် ပိုရမလဲဆိုတာပေါ် မူတည်ပြီး ဟွာရှရဲ့ အောင်နိုင်ခြေက ပိုများလာမှာပါ"
ရွှီရန်က "ဒါက ကောင်းကင်အထွတ်အထိပ် နန်းဆောင်က တွေးထားတာနဲ့ အတူတူပါပဲ။ ငါတို့ ဟွာရှက နှစ်ပေါင်း နှစ်ရာတိုင်အောင် ကြံ့ကြံ့ခံလာခဲ့တာ။ အခုလို အရုဏ်ဦးကို မြင်နေရပြီဆိုမှတော့ အလောတကြီး လုပ်စရာ အကြောင်းမရှိတော့ဘူး"
"အထူးသဖြင့် မင်းလို ထူးဆန်းတဲ့ ပါရမီရှင်တစ်ယောက် ပေါ်လာပြီဆိုတော့ ပိုတောင် အေးအေးဆေးဆေး လုပ်လို့ရသွားပြီ။ ဒါက ရေရှည်စစ်ပွဲတစ်ခုပဲ။ ဟွာရှကတော့ ဒီရေရှည်စစ်ပွဲမှာ နောက်ဆုံးကျရင် အောင်နိုင်သူ ဖြစ်လာမှာပါ"
ကျားမလေးက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ တကယ့်ကို ကြီးမားသော ပညာဉာဏ်ပင်။
ရွှီရန်က "ကဲ... သွားပြီး အနားယူလိုက်ပါဦး၊ ဒီရက်ပိုင်း မင်းလည်း မနားမနေ ပြေးလွှားနေရတာ" ဟု ပြောလိုက်သည်။
ကျားမလေးက လက်ဝှေ့ယမ်းပြရင်း "ကျွန်မကတော့ ဘာပဲဖြစ်ဖြစ် ကျင့်ကြံခြင်းမှာ အစွဲအလမ်းကြီးသူ တစ်ယောက်ပဲလေ" ဟု ပြန်ပြောသည်။
ရွှီရန်က ရုတ်တရက် ရယ်မောလိုက်ပြီး "မင်းကတော့လေ... တကယ့်ကို မနားတမ်း ကျင့်ကြံနေတဲ့ ကလေးပဲ..."
ယွမ်မုန့်ကျီမှ ထွက်ခွာလာပြီးနောက်တွင် ကောင်းကင်အထွတ်အထိပ် နန်းဆောင်က သတင်းနှစ်ပုဒ်ကို ချက်ချင်း ထုတ်ပြန်လိုက်သည်။
ပင်လယ်ရေအောက်တွင် အရှိန်အဟုန်ဖြင့် လည်ပတ်နေသော မဟာကရုဏာအင်းကွက်ကြီး၏ ပုံရိပ်များသည် တစ်နိုင်ငံလုံးကို တစ်ကျော့ပြန် တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။
"အံ့ဖွယ်နတ်ဘုရားသတ်အဖွဲ့ရဲ့ အသင်းခေါင်းဆောင် ရွှီရန်က ဘေးကင်းဇုန် ကိုးခုစလုံးမှာ သန့်စင်ခြင်းအင်းကွက်တွေကို ထွင်းထုပြီးစီးခဲ့ပြီး အဲဒီဇုန်တွေကို စင်ကြယ်တဲ့ နယ်မြေတွေအဖြစ် ပြောင်းလဲပေးလိုက်ပါပြီ"
"အံ့ဖွယ်နတ်ဘုရားသတ်အဖွဲ့ ခေါင်းဆောင်က ပင်လယ်ရေအောက်မှာ ဧရာမ သန့်စင်ခြင်းအင်းကွက်ကြီးတစ်ခုကို ထွင်းထုခဲ့ပြီး ဒါက အပြာရောင်ကြယ်ဂြိုလ်ရဲ့ တတိယမြောက် ဧရာမအင်းကွက်ကြီး ဖြစ်လာခဲ့တယ်။ သုံးလအတွင်းမှာ အပြာရောင်ကြယ်ဂြိုလ်ရဲ့ ညစ်ညမ်းမှုအားလုံးကို အပြီးသတ် သန့်စင်နိုင်တော့မှာဖြစ်လို့ လူသားမျိုးနွယ်ရဲ့ ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာမယ့် ခေတ်သစ်တစ်ခုကို ကူးပြောင်းတော့မှာ ဖြစ်ပါတယ်"
ထို့ပြင် ပင်လယ်ရေအောက်မြစ်ကို သန့်စင်လိုက်သည့် ဤဖြစ်ရပ်မှာ ပြည်တွင်း၌သာမကဘဲ ပြည်ပရှိ ဘုရားကျောင်းတော် မဟာမိတ်အဖွဲ့နှင့် အလင်းမဟာမိတ်အဖွဲ့ဝင်များပါ သိရှိသွားကြသည်။
အကြောင်းမှာ ပင်လယ်ရေအောက်မြစ်သည် အပြာရောင်ကြယ်ဂြိုလ်ရှိ သမုဒ္ဒရာနှင့် မြစ်ချောင်းအားလုံးကို ဆက်သွယ်ထားသောကြောင့်ပင်။ ဟွာရှနိုင်ငံ၏ ပင်လယ်ရေအောက်မြစ် သန့်စင်သွားသည်နှင့် တစ်ပြိုင်နက် ထိုသန့်စင်ခြင်းအာနိသင်က ပင်လယ်ရေစီးကြောင်းများနှင့်အတူ သူတို့ထံသို့ပါ ရောက်ရှိသွားမည်ဖြစ်သည်။
ချက်ချင်းပင် ပြည်ပရှိ ဘုရားကျောင်းတော်နှင့် အလင်းမဟာမိတ်အဖွဲ့မှ လူအများသည် သန့်စင်ပြီးသား ဝိညာဉ်စွမ်းအင်များကို ရှူရှိုက်နိုင်ရန်အတွက် ကမ်းခြေများနှင့် မြစ်ကမ်းနံဘေးများသို့ အုန်းအုန်းကျွက်ကျွက် စုပြုံ၍ ရောက်ရှိလာကြတော့သည်။ အလွန်ပင် နည်းပါးလှသော်ငြားလည်း အခြားနေရာများနှင့် နှိုင်းယှဉ်ပါက ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ သိသိသာသာပင် မြင့်မားနေခဲ့သည်။
...
လူပျိုဖော်ဝင်ကာလ ၃၆၃၀ ရက်မြောက်နေ့။
ယနေ့သည် ထူးခြားသောနေ့တစ်နေ့ ဖြစ်သည်။ နတ်ဘုရားတစ်ပိုင်း အကယ်ဒမီ၏ ဘေးအန္တရာယ်များလှသော လက်တွေ့ကွင်းဆင်းလေ့ကျင့်မှုမှာ ရက်သတ္တပတ် နှစ်ပတ်အကြာတွင် နောက်ဆုံး၌ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
တစ်ခြားကမ္ဘာစစ်မြေပြင်ရှိ တိုက်ပွဲများသည် အလွန်ပင် အန္တရာယ်များလှသည်။ အထူးသဖြင့် မကြာသေးခင်ကမှ ပေါ်ပေါက်လာသော ထူးဆန်းသည့် မိစ္ဆာသားရဲများကြောင့် နတ်ဘုရားသတ်အဖွဲ့ မျိုးဆက်သစ်များအပေါ် ကြီးမားသော ဖိအားများ သက်ရောက်စေခဲ့သည်။
ရွှီရန် ပေးပို့လိုက်သော တန်ခိုးစွမ်းအားမြှင့် တံဆိပ်အဆောင်များနှင့် အခြားသော အထောက်အပံ့များ ရှိနေသော်ငြားလည်း မိစ္ဆာများ၏ သန်မာလာမှုနှုန်းကိုမူ အမှီလိုက်နိုင်ရန် ခက်ခဲနေဆဲပင်။ တစ်ခြားကမ္ဘာဂြိုလ်၏ အခြေခံအုတ်မြစ်မှာ အလွန်ပင် ခိုင်မာလွန်းလှသည်။
နတ်ဘုရားသတ်အဖွဲ့သားများသည် ဤအခြေအနေကြောင့် စိတ်ဓာတ်တက်ကြွလာကာ ပြန်ရောက်သည့်အခါ အဆပေါင်းများစွာ ပိုမိုကြိုးစားရန် ဆုံးဖြတ်လိုက်ကြသည်။ ဤသည်မှာ ဤလေ့ကျင့်ရေးမှ ရရှိလိုက်သော အကြီးမားဆုံး အကျိုးကျေးဇူးတစ်ခုဖြစ်သည်ဟု နည်းပြများက ယူဆကြသည်။
ဤလေ့ကျင့်ရေးတွင် အတောက်ပဆုံးမှာ အံ့ဖွယ်နတ်ဘုရားသတ်အဖွဲ့ပင် ဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲပေ။ အသင်းခေါင်းဆောင်ကိုယ်တိုင် ပါဝင်ခြင်းမရှိဘဲ သူတို့၏ လက်တွေ့လေ့ကျင့်ရေး ရမှတ်များမှာ အမြင့်ဆုံး ဖြစ်နေခဲ့သည်။
သူတို့သည် စုစုပေါင်းရမှတ် ၁ ဒသမ ၅ သန်းအထိ ရရှိခဲ့ကြသည်။ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့ရုံတင်မကဘဲ ဒုတိယရရှိသည့် မှော်ကြေးမုံအဖွဲ့ထက် ခြောက်သိန်းခန့် အသာစီးဖြင့် အပြတ်အသတ် ဦးဆောင်နိုင်ခဲ့ခြင်းပင်။ ဤသည်မှာ တကယ့်ကို ကြောက်စးာကောင်းသော ရလဒ်ပင်။
ထိုအချိန်တွင် ယွမ်မုန့်ကျီ၏ ဧရာမဝင်ပေါက်ကြီး၌ အမှတ်အများဆုံး ရရှိထားသည့် အဖွဲ့အဖြစ် ကျားမလေးသည် တိုက်ပွဲဝင်စိတ်ဓာတ်များ အပြည့်ဖြင့် ရပ်နေသည်။ သူမ၏ဘေးတွင် ကျူးယွီဟန်၊ ထန်ချီချီ၊ နဉ်ရွှမ်နှင့် ကွမ်းရှင်းတို့ ရှိနေကြသည်။ သူတို့သည် အလွန်ပင် တောက်ပလွန်းလှသဖြင့် တိုက်ရိုက်ပင် စိုက်ကြည့်ရန် မဖြစ်နိုင်တော့ပေ။
သူတို့ ရရှိခဲ့သော ရမှတ်မှာ ဤအကြိမ်အတွက် အမြင့်ဆုံးဖြစ်ရုံတင်မကဘဲ အကြိမ်ပေါင်း ၄၉ ကြိမ်မြောက်အထိ သမိုင်းတစ်လျှောက် အမြင့်ဆုံးရမှတ်လည်း ဖြစ်သည်။
ပို၍ စိတ်ဝင်စားစရာကောင်းသည်မှာ အံ့ဖွယ်နတ်ဘုရားသတ်အဖွဲ့ဝင်များတွင် မောပန်းနွမ်းနယ်သည့် အရိပ်အယောင်မျှပင် မတွေ့ရခြင်းပင်။ ဒဏ်ရာအနာတရ လုံးဝမရှိဘဲ စွမ်းအင်များ ပိုလျှံနေဆဲပုံစံမျိုး ဖြစ်နေကြသည်။ သူတို့အတွက် ဤတိုက်ပွဲလေ့ကျင့်မှုမှာ အလွန်ပင် လွယ်ကူချောမွေ့နေခဲ့ဟန်တူသည်။
သူတို့နောက်တွင်မူ ဒုတိယရရှိသည့် ချင်ရီဟောက်၏ အဖွဲ့လိုက်ပါလာပြီး သူတို့၏ စိတ်ဓာတ်မှာ အနည်းငယ် ညှိုးနွမ်းနေကာ တစ်ဦးချင်းစီတွင် ဒဏ်ရာအနည်းနှင့်အများ ပါရှိနေကြသလို စိတ်ပိုင်းဆိုင်ရာအရလည်း ပင်ပန်းနွမ်းနယ်နေကြသည်။
ဤလေ့ကျင့်ရေးအတွက် တာဝန်ခံရသော ကျောင်းအုပ်ဆရာကြီးမားက အဖွဲ့ဝင်များကို ဆုလာဘ်များ ပေးအပ်ကာ အားပေးစကားများ ပြောကြားခဲ့ကြသည်။