← Chapters

အခန်း (၃၅၃)

Vol. 36 Ch. 353

အခန်း (၃၅၃)

Vol. 36 Ch. 353

အခန်း။ ၃၅၃

ထို့နောက်တွင် နတ်ဘုရားသတ်အဖွဲ့ဝင်များသည် တဖြည်းဖြည်းချင်း ထွက်ခွာသွားကြပြီး နောက်ထပ် လေ့ကျင့်ရေးကာလကို စောင့်ဆိုင်းရင်း ကျင့်ကြံခြင်းများ ပြုလုပ်ရန် အပြာရောင်ကြယ်ဂြိုလ်သို့ ပြန်လာခဲ့ကြသည်။

...

ဧရာမဝင်ပေါက်ကြီးကို ဖြတ်ကျော်လာပြီးနောက်

"အစ်ကိုကြီး ဘယ်မှာလဲ အစ်ကိုကြီး ဘယ်မှာလဲ"

ဝင်ပေါက်ကြီးမှ အပြင်သို့ ခြေလှမ်းလိုက်သည်နှင့် ကျားမလေးသည် အားအင်အပြည့်ဖြင့် အော်ဟစ်၍ မေးလိုက်သည်။ သူမ၏ ရွှေရောင်မျက်ဝန်းများက ရွှီရန်၏ အရိပ်အယောင်ကို ရှာဖွေရန် ပတ်ဝန်းကျင်သို့ ဝေ့ဝဲကာ ကြည့်ရှုနေ၏။

အသင်းခေါင်းဆောင်ဖြစ်သူ ရွှီရန်သည် လက်တွေ့တိုက်ပွဲလေ့ကျင့်ရေးတွင် ပါဝင်ခြင်းမရှိသော်လည်း သူ၏အဖွဲ့သားများကို ကြိုဆိုရန် ရောက်ရှိနေခဲ့သည်။

ကျားမလေး၏ အသံထွက်ပေါ်လာပြီးနောက် ရွှီရန်သည် သူတို့ထံသို့ လျှောက်လှမ်းလာပြီး လက်မောင်းများကို ဆန့်တန်းကာ

"ပထမဆုရခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ပြီးတော့ အိမ်ပြန်လာတာကိုလည်း ကြိုဆိုပါတယ်" ဟု ပြောလိုက်သည်။

ကျားမလေးသည် ပြုံးရွှင်စွာဖြင့် ပြေးလာပြီး "အစ်ကိုကြီး... ကျွန်မတို့ကို ဆုချဖို့အတွက် ရေခဲမုန့် ဘယ်လောက်တောင် ပြင်ထားသလဲ" ဟု မေးမြန်းသည်။

ရွှီရန်: "အားလုံးကို ဆုချဖို့လား မင်းတစ်ယောက်တည်းကို ဆုချဖို့ မဟုတ်ဘူးလား"

ကျားမလေးက တခိခိရယ်မောရင်း "အားလုံးလည်း ရေခဲမုန့်ကြိုက်ကြတာပဲ မဟုတ်ဘူးလား" ဟု ဆိုကာ နောက်ကွယ်မှ အဖွဲ့သားများ၏ ထောက်ခံမှုကို ရယူရန် လှည့်ကြည့်လိုက်သည်။

အဖွဲ့သားအားလုံးမှာလည်း မျက်နှာသာပေးသည့်အနေဖြင့် "ဟုတ်ပါတယ်..." ဟု ပြိုင်တူဖြေလိုက်ကြသည်။

ရွှီရန်က ခေါင်းကို အသာအယာခါယမ်းရင်း "ကောင်းပြီလေ... ဒါဆိုရင် ကုန်တိုက်ကိုသွားကြတာပေါ့။ ဒီနေ့ အသုံးစရိတ်အားလုံး ငါ့တာဝန်ထားလိုက်"

ကျားမလေးမှာ ဝမ်းသာအားရဖြင့် "ဟေး... ပျော်စရာကြီး" ဟု အော်ဟစ်ကာ အောင်ပွဲခံကြတော့သည်။

...

အားလုံးသည် နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းသို့ ပြန်လည်ရောက်ရှိလာကြသည်။ မိခင်များမှာလည်း သူတို့၏ကလေးများဘေးတွင် ဝိုင်းအုံလာကြပြီး ခန္ဓာကိုယ်နှင့် မျက်နှာလေးများကို အသာအယာပွတ်သပ်ကာ စစ်ဆေးနေကြသည်။

"ပင်ပန်းသွားကြပြီ... တစ်ခြားကမ္ဘာစစ်မြေပြင်မှာ တိုက်ပွဲတွေက အရမ်းပြင်းထန်ခဲ့လား"

"..."

"သိပ်ပြီးတော့ မဟုတ်ပါဘူး"

"ကျွန်မတို့ အဖွဲ့သားတွေက အရမ်းသန်မာတာပဲ။ သွေးစွမ်းအင်တန်ဖိုး တစ်သန်းရှိတဲ့ မိစ္ဆာတွေကိုတောင် သတ်နိုင်တယ်"

"အသင်းခေါင်းဆောင် မပါဘဲနဲ့တောင် ကျွန်မတို့ ပထမဆု ရခဲ့တာလေ"

မိခင်များမှာ ဂုဏ်ယူမှုများဖြင့် "တကယ်ကို တော်ကြတာပဲ" ဟု ချီးကျူးကြသည်။

လင်းချန့်၏မိခင်က "ကဲ... သွားကြစို့ ဒီနေ့ည ဂုဏ်ပြုစားသောက်ပွဲလုပ်ပြီး အတူတူ ဆင်နွှဲကြတာပေါ့။ မင်းတို့ကို အိမ်က အမြဲတမ်း ကြိုဆိုနေပါတယ်" ဟု ပြောလိုက်သည်။

ယွီဟန်၏မိခင်ကလည်း "ဟုတ်တယ်... မင်းတို့ အိမ်ပြန်လာနိုင်တဲ့ အကြိမ်တိုင်းက ဆင်နွှဲဖို့ ထိုက်တန်ပါတယ်" ဟု အားပေးသည်။

တစ်ခြားကမ္ဘာစစ်မြေပြင်ဆိုသည်မှာ မည်သို့သောနေရာ၊ နတ်ဘုရားသတ်အဖွဲ့ဆိုသည်မှာ မည်မျှအန္တရာယ်များကြောင်း သူတို့ ကောင်းကောင်းသိကြသည်။ ထို့ကြောင့် အိမ်သို့ ဘေးကင်းစွာ ပြန်ရောက်လာခြင်းမှာ အကြီးမားဆုံး ဝမ်းမြောက်စရာပင်။

ကျားမလေး: "ဟေး"

...

နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်း၌ ညတာ ရောက်ရှိလာခဲ့သည်။

ကောင်းကင်ယံမှာ ကြည်လင်နေပြီး ညစ်ညမ်းသော မြူခိုးတိမ်တိုက်များလည်း လုံးဝမရှိတော့ပေ။ ညဦးယံလေပြေထဲတွင် သင်းပျံ့သောရနံ့နှင့် ချိုမြိန်သောအရသာတို့ ကိန်းဝပ်နေကာ ဝိညာဉ်စွမ်းအင်များကြောင့် ခြံဝင်းအတွင်းရှိ သစ်ပင်ပန်းမန်များမှာလည်း စိမ်းလန်းစိုပြည်နေသည်။ အသားကင်စက်ပေါ်မှ အသားများသည် တစီစီအသံဖြင့် အရသာရှိသော အဆီများ ထွက်ပေါ်နေ၏။

ရုတ်တရက် နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းအတွင်း၌ အရေးပေါ်သတိပေးသံများ ဟိန်းထွက်လာတော့သည်။

"သတိပေးချက် သတိပေးချက် ဘေးကင်းဇုန် အားလုံးမှာ အရမ်းကြီးမားတဲ့ မိစ္ဆာလှိုင်းလုံးကြီးတွေ တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာနေပါတယ်။ ဘေးကင်းဇုန်တွေက ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရပါတယ်။ အဖွဲ့အစည်းအားလုံးအနေနဲ့ စစ်ကူလွှတ်နိုင်ရင် ချက်ချင်း စစ်ကူလွှတ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ အရမ်း ပြင်းထန်တဲ့ မိစ္ဆာလှိုင်းတွေကို ခုခံဖို့အတွက် တစ်ခြားကမ္ဘာစစ်မြေပြင်ဆီကို ဦးတည်ကြပါ"

အရေးပေါ်သတိပေးချက်..

မိစ္ဆာလှိုင်းလုံးကြီးတွေလား။

အဲဒါက ဘေးကင်းဇုန် အားလုံးမှာ တစ်ပြိုင်နက် ဖြစ်နေတာလား။

"အပြာရောင်ကြယ်ဂြိုလ်ကနေပါ စစ်ကူတောင်းနေရတယ်ဆိုတော့... ဒါက အကြီးမားဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ရမယ်။ တစ်ခြားကမ္ဘာစစ်မြေပြင်မှာ ဒီလောက်ကြီးမားတဲ့ မိစ္ဆာလှိုင်းတွေ ဖြစ်ပေါ်လာဖို့ တစ်ခုခုတော့ ထူးခြားနေပြီ"

ချီယွန်းတောင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသော ထိုအချက်ပေးသံကြောင့် မိခင်များအားလုံး ကြောက်ရွံ့ကာ တုန်လှုပ်သွားကြသည်။

"ဒါတွေက ဘာလို့ ရုတ်တရက်ကြီး ဖြစ်လာရတာလဲ ဒါမျိုး မဖြစ်တာ နှစ်ပေါင်း တစ်ရာကျော်နေပြီ မဟုတ်ဘူးလား"

မိဘအများအပြားမှာလည်း မျက်မှောင်ကြုတ်နေကြသည်။

"တကယ်လို့သာ စစ်ကူတွေ လိုနေတယ်ဆိုရင် ငါတို့ရဲ့ ကလေးတွေပါ စစ်မြေပြင်ကို သွားရတော့မှာလား။ အခုလို ပြင်းထန်တဲ့ အခြေအနေမျိုးမှာ စစ်မြေပြင်က တကယ့်ကို ရက်စက်ကြမ်းကြုတ်နေမှာ အသေအချာပဲ"

လင်းချန့်က သူမ၏သားဖြစ်သူ ရွှီရန်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

"ရှောင်ရန်..."

သူမ၏သားမှာ ရွယ်တူများထက် အဆပေါင်းများစွာ သန်မာကြောင်း၊ ဘေးကင်းဇုန်၏ ပြဿနာပေါင်းစုံကို ဖြေရှင်းပေးခဲ့သူ ဖြစ်ကြောင်း သူမ ကောင်းကောင်းသိသည်။ သူသည် သမိုင်းတစ်လျှောက် အင်အားအကောင်းဆုံး ပါရမီရှင်ပင်။

သူ၏ ပါရမီမှာ ကြောက်စရာကောင်းသလို တိုက်ပွဲဝင်စွမ်းရည်မှာလည်း ထူးကဲသည်။ အခုလို အခြေအနေမျိုးမှာ သူမ၏သားက ဘေးကင်းဇုန်အတွက် ရှေ့တန်းကနေ ပါဝင်ရတော့မည်ကို သူမ ရင်လေးနေမိတော့သည်။

ထိုသို့သော ပါရမီထူးမျိုး ပိုင်ဆိုင်ထားခြင်းက သူသည် ရှေ့တန်းစစ်မျက်နှာပြင်သို့ မလွဲမသွေ သွားရမည်ဖြစ်ပြီး အန္တရာယ်အရှိဆုံး နေရာများသို့ပင် ရောက်ရှိသွားနိုင်သည်ဟု အဓိပ္ပာယ်ရသည်။

သူမ၏ သားဖြစ်သူ၏ အရည်အချင်းအပေါ် အပြည့်အဝ ယုံကြည်မှုရှိသော်လည်း မိခင်တစ်ယောက်အနေဖြင့် စိုးရိမ်ပူပန်စိတ်ကိုမူ မတားဆီးနိုင်ခဲ့ပေ။

ရွှီရန်သည် သူ့မိခင်ကို ကြည့်ကာ "ဘာမှမဖြစ်ဘူး အမေ။ အောင်ပွဲကတော့ အသေအချာပဲ" ဟု နှစ်သိမ့်လိုက်သည်။

ထိုအချိန်တွင် ကျားမလေး၏မိခင်၊ ယွီဟန်၏မိခင်၊ ထန်၏မိခင်၊ နဉ်ရွှမ်၏မိခင်နှင့် ကွမ်းရှင်း၏မိခင်တို့သည်လည်း စိုးရိမ်တကြီး ဖြစ်နေကြသည်။

အံ့ဖွယ်နတ်ဘုရားသတ်အဖွဲ့ဝင်များသည်လည်း ရွှီရန်၏ ဘေးတွင် စုရုံးလာကြသည်။

ကျားမလေး၏ မျက်နှာတွင် တိုက်ပွဲဝင်လိုစိတ်များ အထင်းသား ပေါ်လွင်နေပြီး "အစ်ကို... ဒီတစ်ခေါက် လေ့ကျင့်ရေးကို ကျွန်မလည်း လိုက်ခဲ့ရမလား" ဟု မေးမြန်းသည်။

ငယ်စဉ်ကတည်းက ကျားမလေးသည် ရွှီရန်နှင့်အတူ လေ့ကျင့်လိုခဲ့သူ ဖြစ်သည်။ ယခုလေးတင် လက်တွေ့လေ့ကျင့်ရေးတွင် ပထမဆု ရရှိထားခဲ့သဖြင့် သူမသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ အပြည့်ရှိနေခဲ့သည်။

ကျူးယွီဟန်၊ ကွမ်းရှင်း၊ နဉ်ရွှမ်နှင့် ထန်ချီချီတို့ကလည်း တညီတညွတ်တည်း ပြောလိုက်ကြသည်။

"အသင်းခေါင်းဆောင်... ကျွန်မတို့ အဆင်သင့်ပါပဲ"

နတ်ဘုရားသတ်အဖွဲ့ဝင်တစ်ဦး ဖြစ်လာပြီဆိုလျှင် မည်သူမျှ နောက်တွန့်နေမည် မဟုတ်ပေ။ သူတို့သည် တိုက်ပွဲကို တစ်ခါမျှ မကြောက်ရွံ့ခဲ့ကြဖူးချေ။

သို့သော်လည်း ရွှီရန်က ခေါင်းခါပြလိုက်ပြီး "အခုထိတော့ မဖြစ်သေးဘူး။ နင်တို့ရဲ့ အင်အားက ငါတိုက်ခိုက်နေတဲ့ တိုက်ပွဲပြင်းထန်မှုအဆင့်ကို မမီသေးဘူး" ဟု ပြောလိုက်သည်။

ကျားမလေးက အနည်းငယ် မကျေမနပ်ဖြစ်သွားဟန်ဖြင့် "ဒါပေမဲ့ ကျွန်မတို့ သွေးစွမ်းအင် ကိုးသိန်းရှိတဲ့ တစ်ခြားကမ္ဘာက သရဲကျားကြီးကိုတောင် သတ်ခဲ့တာလေ" ဟု ပြန်ပြောသည်။

အံ့ဖွယ်နတ်ဘုရားသတ်အဖွဲ့၏ သွေးစွမ်းအင်တန်ဖိုးမှာ နှစ်သိန်းခန့်သာ ရှိသော်လည်း သူတို့အဖွဲ့သားများ ပူးပေါင်းကာ ကိုးသိန်းတန်ဖိုးရှိသော သရဲကျားကို သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ အမှန်တကယ်ပင် အစွမ်းထက်ကြောင်း သက်သေပြနေပြီး ယုံကြည်ချက်လည်း တိုးစေခဲ့သည်။

ရွှီရန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း "နင်တို့က တတိယ ခံစစ်စည်းမှာ တိုက်လို့ရပေမဲ့ ငါကတော့... နတ်ဘုရားတွေကို သတ်ဖို့ လိုလိမ့်မယ်။ အဲဒါကြောင့် နင်တို့က ငါ့ဘေးမှာ အတူတူ တိုက်ဖို့ အခုထိတော့ မဖြစ်နိုင်သေးဘူး"

"တကယ်လို့ နင်တို့သာ ငါနဲ့အတူ ရှေ့တန်းကို လိုက်လာရင် ငါက နင်တို့အတွက်ပါ စိတ်ပူပြီး အာရုံခွဲနေရလိမ့်မယ်"

"ဒါပေမဲ့ နင်တို့ သွားလို့ရမရဆိုတာ ငါက ဆုံးဖြတ်ရတာ မဟုတ်ဘူး။ ကျောင်းအုပ်ကြီးတွေက ဆုံးဖြတ်ရမှာပါ"

"နင်တို့ရဲ့ လေ့ကျင့်ရေးက ခုမှ ပြီးတာဆိုတော့ ပုံမှန်ဆိုရင် အနားယူပြီး ပြန်လေ့ကျင့်ဖို့ အချိန်လိုတာပေါ့"

ကျားမလေးက နှုတ်ခမ်းဆူလိုက်ပြီး "ကျွန်မတို့ အံ့ဖွယ်အဖွဲ့က အနားယူဖို့ မလိုပါဘူး ဟုတ်တယ်မလား" ဟု သူမ၏ အဖွဲ့သားများကို လှည့်မေးလိုက်သည်။

ကျူးယွီဟန်၏ အကြည့်မှာ ခိုင်မာနေပြီး "ဟုတ်ပါတယ်" ဟု ဖြေသည်။

ထန်ချီချီ၊ နဉ်ရွှမ်နှင့် ကွမ်းရှင်းတို့ကလည်း ခေါင်းညိတ်ကြသည်။

ရွှီရန်: "ကျောင်းအုပ်ကြီးကိုတော့ သွားပြောလို့ရပါတယ်။ ဒါပေမဲ့... ဒီလို အစွန်းရောက် မိစ္ဆာလှိုင်းတွေက တကယ့်ကို အန္တရာယ်များနိုင်တယ်။ နင်တို့ကိုယ်နင်တို့ သေချာ ဂရုစိုက်ရမယ်နော်"

ကျားမလေး၏ ရွှေရောင်မျက်ဝန်းများက တောက်ပနေသည်။

"စိတ်ချပါ စိတ်ချပါ... ဒီလို ပြင်းထန်တဲ့ တိုက်ပွဲတွေကသာ ကျွန်မတို့ရဲ့ အလားအလာတွေကို အကောင်းဆုံး လှုံ့ဆော်ပေးနိုင်မှာ"

ထန်ချီချီ: "မှန်တယ် ကျွန်မတို့ ဒီလို ပြင်းထန်တဲ့ တိုက်ပွဲတွေကို ရင်ဆိုင်ဖို့ လိုတယ်"

ရွှီရန်က လက်ကို ဖြန့်ပြလိုက်ရင်း "ကျောင်းအုပ်ကြီးကို သွားမေးကြည့်ကြပေါ့။ သူတို့က လွှတ်ချင်ရဲ့လားဆိုတာ"

"ဒါ့အပြင် အဖွဲ့သားတွေကို သေချာ ဂရုစိုက်ကြပါ။ တစ်ယောက်ယောက် တစ်ခုခု ဖြစ်သွားခဲ့ရင်တော့ ငါ့ရဲ့ ပြစ်ဒဏ်ပေးတာကို ရင်ဆိုင်ရလိမ့်မယ်"

ရွှီရန်က ရုတ်တရက် တည်ကြည်လေးနက်သွားသည်။

ကျားမလေး၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး အကြည့်များက ခိုင်မာလာသည်။

"ကျွန်မ အဖွဲ့သားတွေကို အကောင်းဆုံး ဂရုစိုက်ပါ့မယ်"

ရွှီရန်: "ဆုတ်ခွာဖို့ လိုအပ်ရင် ဆုတ်ပါ။ ရှောင်တိမ်းဖို့ လိုရင် ရှောင်ပါ။ အတင်းအကျပ် အစွမ်းပြဖို့ မကြိုးစားနဲ့ နားလည်လား"

ကျားမလေးက လေးနက်စွာ ခေါင်းညိတ်သည်။

"နားလည်ပါတယ်။ ကျွန်မတို့ရဲ့ ပန်းတိုင်က ရန်သူတွေကို အများဆုံး သုတ်သင်ဖို့ပဲလေ။ အဲဒါကြောင့် ကိုယ့်အင်အားကို ထိန်းသိမ်းထားဖို့က အရေးအကြီးဆုံးပဲ။ မဆင်မခြင်တော့ မလုပ်ပါဘူး"

"နောက်ပြီးတော့ အစ်ကို... အစ်ကို ကိုယ်တိုင် တီထွင်ပေးထားတဲ့ ကိုယ်ပျောက်အတတ်ကို မယုံလို့လား ဒီအတတ်ရှိနေရင် ကျွန်မတို့ရဲ့ အသက်ရှင်သန်နိုင်စွမ်းက အံ့ဩစရာကောင်းလောက်အောင် မြင့်မားနေမှာပါ"

ရွှီရန်က ရယ်မောလိုက်ပြီး "နောက်ဆုံး တစ်ခုအနေနဲ့ တစ်ခုခု ထူးထူးဆန်းဆန်းနဲ့ ကြုံရင် အဲဒါက စက်ယန္တရား မိစ္ဆာတစ်မျိုးမျိုး ဖြစ်နေမလားဆိုတာ စဉ်းစားပါ"

"ဥပမာ ယုံကြည်မှုမဲ့ ကောင်းကင်ဘေးဒုက္ခဆိုရင် အဲဒါကို ဖြေဖျောက်ဖို့က အကြွင်းမဲ့ ယုံကြည်မှု ရှိနေဖို့ပဲ..."

"ဥပမာ..."

ရွှီရန်သည် အချက်အလက်များစွာကို ပြောပြနေခဲ့သည်။

ယဲ့ဖျင် ရောက်လာသည့်တိုင်အောင်ပင်။

ယဲ့ဖျင်က တံတိုင်းပေါ်တွင် ရပ်ကာ "ရှောင်ရန်... ဒီအစွန်းရောက် မိစ္ဆာလှိုင်းတွေက..."

ရွှီရန်က လှည့်ကြည့်ကာ ပြုံးလိုက်ပြီး "ကျွန်တော် သွားပါ့မယ်။ ကျွန်တော့်မှာ နတ်ဘုရားတွေကို သတ်နိုင်တဲ့ တိုက်ပွဲဝင်စွမ်းအား ရှိပါတယ်"

ယဲ့ဖျင်: "အင်း... ငါ သိပါတယ်။ ငါတို့လည်း မင်းနဲ့အတူ လိုက်ခဲ့မှာပါ။ ဒီတစ်ခေါက်တော့ ဟွာရှနိုင်ငံကို စောင့်ရှောက်နေတဲ့ မီးငရဲ နတ်ဘုရားသတ်အဖွဲ့နဲ့ ဝိညာဉ်နှိမ်နင်းရေး နတ်ဘုရားသတ်အဖွဲ့တွေလည်း တစ်ခြားကမ္ဘာစစ်မြေပြင်ကို ဦးတည်ကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ နတ်ဘုရားသတ်အဖွဲ့ အတော်များများက ပိတ်မိနေကြလို့ပဲ"

"အကယ်၍ ငါတို့သာ စစ်ကူမသွားရင်... သူတို့အားလုံး သုတ်သင်ခံရမှာကို စိုးရိမ်ရတယ်..."

ထိုစကားကို ကြားလိုက်ရသည့်အခါ ရွှီရန်၏ မျက်တောင်များမှာ တုန်ခါသွားရသည်။

ထို့နောက် မီးငရဲ နတ်ဘုရားသတ်အဖွဲ့က ယဲ့ဖျင်၏ ဘေးတွင် ဆင်းသက်လာသည်။

မီးငရဲအဖွဲ့၏ အသင်းခေါင်းဆောင် လီယန်က "ကောင်လေး... မတွေ့တာ ကြာပြီပဲ။ မင်းရဲ့ အင်အားက ကြောက်စရာကောင်းလောက်အောင် တိုးတက်နေပြီလို့ ငါ ကြားထားတယ်နော်" ဟု ပြောလိုက်သည်။

ရွှီရန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း "ကံကောင်းလို့ပါဗျာ ကံကောင်းလို့ပါ" ဟု နှိမ့်ချစွာ ပြောလိုက်သည်။

မီးငရဲအဖွဲ့သားများက ခေါင်းခါလိုက်ကြပြီး "ဒါက ဘယ်တော့မှ ကံတရားကြောင့် မဟုတ်ဘူး။ မင်းက တကယ့်ကို ထူးဆန်းတဲ့ ပါရမီရှင်ပဲ"

"ဒီတစ်ခေါက်တော့ ငါတို့တွေ ပခုံးချင်းယှဉ်ပြီး တိုက်ခိုက်ရမယ့်ပုံပဲ။ ဒီနေ့ ဒီအချိန်ကို ဒီလောက်မြန်မြန် ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

သူတို့မှာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ကြပေ။

“လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်ကမှ ကလေးငယ်တစ်ယောက်ဖြစ်ခဲ့တဲ့သူက အခုတော့ တစ်ယောက်တည်းနဲ့ နတ်ဘုရားတွေကိုတောင် သတ်နိုင်နေပြီဆိုတာ ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလဲ”

ရွှီရန်က ခေါင်းညိတ်ပြပြီး "ကျွန်တော်လည်း အခုပဲ ဝင်သွားတော့မလို့ပါ။ ဒါနဲ့ ဦးလေးလီ... လက်ရှိ အခြေအနေက ဘယ်လိုရှိလဲ" ဟု မေးလိုက်သည်။

ယဲ့ဖျင်သည်လည်း စိုးရိမ်တကြီးဖြင့် လီယန်ကို ကြည့်လိုက်သည်။ ဟွာရှနိုင်ငံ၏ အနောက်ဘက်စွန်းတွင် ရှိနေသော နတ်ဘုရားသတ်အဖွဲ့များကိုပါ စစ်မြေပြင်သို့ စစ်ကူအဖြစ် တိုက်ရိုက် စေလွှတ်ရသည်ဆိုလျှင် အခြေအနေမှာ အလွန်ပင် ဆိုးရွားနေပေလိမ့်မည်။

လီယန်က သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။

"တိကျတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘူး။ ဒါပေမဲ့ ညစ်ညမ်းနယ်မြေထဲမှာ ကြီးမားတဲ့ ဆူပူအုံကြွမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ကြားရတယ်။ အဲဒါကြောင့် တစ်ခြားကမ္ဘာစစ်မြေပြင်တစ်ခုလုံးမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဘေးကင်းဇုန် အားလုံးက မိစ္ဆာတွေက ဘေးကင်းဇုန်တွေကို ဖျက်ဆီးပစ်ချင်တဲ့ပုံစံနဲ့ တိုက်ခိုက်နေကြတာ"

"စစ်မြေပြင်က တကယ့်ကို တင်းမာနေတာ။ ကံကောင်းတာက မင်းရဲ့ အင်းကွက်တွေကြောင့် ဘေးကင်းဇုန် အပြင်ဘက်မှာပါ ဝိညာဉ်စွမ်းအင်တွေ ပေါများနေပြီး ကျင့်ကြံသူတွေရဲ့ အကူအညီနဲ့ ဒီတိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခံ ခုခံနေကြတုန်းပဲ"

"ဒါပေမဲ့ ဒဏ်ရာရတဲ့သူတွေကတော့ အဆမတန် များပြားလာနေပြီ။ ခြုံငုံကြည့်ရရင် ငါတို့ ဟွာရှက တကယ့်ကို ပြင်းထန်တဲ့ အခြေအနေကို ရင်ဆိုင်နေရတာပါ"

"ဒီအစွန်းရောက် မိစ္ဆာလှိုင်းတွေက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်။ ညစ်ညမ်းနယ်မြေထဲကနေ မိစ္ဆာတွေက မပြတ်တမ်း ထွက်ပေါ်လာနေပြီး ဒီတိုက်ပွဲကြောင့် ကြီးမားတဲ့ ပေးဆပ်မှုတွေ ရှိလာနိုင်တယ်။ ဟွာရှရဲ့ နှစ်ပေါင်း ရာချီတဲ့ အခြေခံအုတ်မြစ်တွေပါ ယိမ်းယိုင်သွားနိုင်သလို..."

"နတ်ဘုရားသတ်အဖွဲ့ အမြောက်အမြားလည်း သုတ်သင်ဖျက်ဆီးခံရနိုင်ခြေ ရှိတယ်..."

ရွှီရန်မှာ မှင်သက်သွားရသည်။

"ဒီလောက်အထိတောင် ပြင်းထန်နေတာလား"

"ဟုတ်တယ်... အခြေအနေက တကယ့်ကို ဆိုးရွားနေတာ..."

All Chapters