← Chapters

အခန်း (၃၅၅)

Vol. 36 Ch. 355

အခန်း (၃၅၅)

Vol. 36 Ch. 355

အခန်း။ ၃၅၅

ကောင်းကင်လက်မှုပညာရှင် "...ကောင်းပါပြီ..."

...

အခြားတစ်ဖက်တွင်မူ တစ်ခြားကမ္ဘာစစ်မြေပြင်၌ ရုတ်တရက် အုံကြွလာသော မိစ္ဆာလှိုင်းလုံးကြီးများကြောင့် ခံစစ်စည်းသုံးခုဖြင့် စနစ်တကျ ဖွဲ့စည်းထားသော စစ်မျက်နှာပြင်မှာ ဖရိုဖရဲ ဖြစ်သွားခဲ့ရသည်။

မူလက ပထမခံစစ်စည်းတွင်သာ ရှိနေသင့်သော သွေးစွမ်းအင်တန်ဖိုး တစ်သန်းရှိ မိစ္ဆာများသည် ယခုအခါ တတိယခံစစ်စည်းအထိ ရောက်ရှိလာကြပြီ ဖြစ်သည်။

တိတိကျကျ ပြောရလျှင် စစ်မြေပြင်တွင် သွေးစွမ်းအင်တန်ဖိုး တစ်သန်းအောက်ရှိသော မိစ္ဆာဟူ၍ မကျန်တော့ပေ။

ထိုအကျိုးဆက်ကြောင့် တိုက်ခိုက်ရေးအဖွဲ့ အတော်များများမှာ တိုက်ပွဲတွင် ပါဝင်ဆင်နွှဲရန် အရည်အချင်း မမီတော့ဘဲ ဘေးကင်းဇုန်ကို ကြီးကြပ်ရသော တပ်ရင်းမှူးများက သူတို့ကို နောက်တန်းသို့ အလျင်အမြန် ပြန်လည်ရုပ်သိမ်းခဲ့ရသည်။

မိစ္ဆာအရေအတွက်မှာ တိုးပွားလာပြီး အဖွဲ့သားများမှာမူ နည်းပါးသွားခဲ့သည်။ ယွဲ့အဆင့်ထက်မြင့်သော ကျင့်ကြံသူများသည်ပင် ကြောက်စိတ်ကြောင့် ကြက်သီးဖြန်းဖြန်း ထလာရပြီး ခုခံရသည်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုခက်ခဲလာခဲ့သည်။

သူတို့မှာ အထူးတိုက်ခိုက်ရေးအဖွဲ့များ ဖြစ်ကြသော်လည်း အစွန်းရောက် မိစ္ဆာလှိုင်းများနှင့် ထိပ်တိုက်တွေ့သည့်အခါ အတိုင်းအဆမဲ့သော ထိတ်လန့်မှုကို ခံစားနေရသည်။

ကံကောင်းထောက်မစွာဖြင့် မဟာကရုဏာအင်းကွက်မှ စဉ်ဆက်မပြတ် ထုတ်လွှတ်ပေးနေသော စင်ကြယ်သည့် ဝိညာဉ်စွမ်းအင်များကြောင့် မိစ္ဆာများသည် အဆိပ်ငွေ့များကြား ရောက်နေသကဲ့သို့ ခံစားနေရသည်။

မူလက မည်သို့မျှ ဖျက်ဆီး၍မရသော သလင်းချပ်ဝတ်များမှာ ဝိညာဉ်စွမ်းအင်၏ တိုက်စားမှုအောက်တွင် ပူပြင်းလာကာ အရေပြားများ လောင်ကျွမ်းပြီး ဒဏ်ရာဗရပွ ဖြစ်ကုန်ကြသည်။

သို့သော်လည်း လူသားများဘက်တွင်မူ မျှော်လင့်ချက် ကင်းမဲ့နေဆဲပင်။

"သတ်"

"သတ်ပစ်ကြ"

"အပြတ်သတ်"

သူတို့သည် ထုံထိုင်းသွားသည်အထိ သတ်ဖြတ်နေကြရသည်။ ရံဖန်ရံခါတွင် ခန္ဓာကိုယ်၌ ရရှိလာသော ဒဏ်ရာများကို ကုသခြင်းအဆောင်ငယ်များဖြင့်ပင် အပြည့်အဝ မကုသနိုင်တော့ပေ။

"ငါတို့ ဘာဆက်လုပ်ကြမလဲ"

"ဓားတွေတောင် တုံးကုန်ပြီ"

"ထိပ်တန်းအဆင့် လက်နက်တွေကို ပြောင်းသုံးကြ ကောင်းကင်အထွတ်အထိပ် နန်းဆောင်ကနေ အခမဲ့ ထောက်ပံ့ပေးနေပြီ"

"စွမ်းအင်ပြန်ဖြည့်အဆောင်တွေ၊ အရှိန်မြှင့်အဆောင်တွေနဲ့ ကုသခြင်းအဆောင်တွေကို အလုံအလောက် ပေးထားတယ်"

"ဒါပေမဲ့ လူသားတွေရဲ့ စိတ်ဓာတ်က ဒါကို မခံနိုင်တော့ဘူး တကယ့်ကို မျှော်လင့်ချက်မဲ့နေပြီ"

စစ်မြေပြင်တွင် စစ်သည်တော်များသည် အံတင်းတင်းကြိတ်လျက် သလင်းသားရဲများကို ခုတ်ပိုင်းနေကြသည်။

လက်နက်နှင့် ချပ်ဝတ်များ ထိတွေ့သံမှာ ပြင်းထန်လျင်မြန်စွာ ထွက်ပေါ်နေပြီး ညှီစို့စို့ သွေးနံ့များမှာ အရပ်မျက်နှာအနှံ့ ပန်းထွက်ကာ ခုနတင်မှ ကြည်လင်စပြုလာသော ကောင်းကင်ယံကို ပြန်လည် ညစ်ထေးစေခဲ့သည်။

ဘေးကင်းဇုန် အပြင်ဘက်ရှိ စစ်မြေပြင်တစ်ခုလုံး သွေးနီရောင် လွှမ်းသွားခဲ့ကာ မြေပြင်ပေါ်တွင် သွေးများဖြင့် လမ်းခင်းထားသကဲ့သို့ပင်။ ထိုသွေးစက်များ စီးဆင်းရာ လမ်းကြောင်းတစ်လျှောက်တွင် ထူထပ်သော အမည်းရောင်မြူခိုးများ စစ်မြေပြင်၌ လျင်မြန်စွာ ပျံ့နှံ့လာတော့သည်။

"မကောင်းတော့ဘူး"

မိစ္ဆာများကို ခုခံနေသော ကျင့်ကြံသူများသည် မျက်နှာပျက်သွားကြပြီး အမည်းရောင်မြူခိုးများ ပျံ့နှံ့လာရာ အရပ်ကို ထိတ်လန့်တကြား စိုက်ကြည့်လိုက်ကြသည်။

"အမည်းရောင်မြူခိုးတွေက ဝိညာဉ်စွမ်းအင်ရဲ့ ဖိနှိပ်မှုအာနိသင်ကို ချေဖျက်နေတယ်"

"ငါတို့တော့ သွားပြီ ငါတို့ရဲ့ နောက်ဆုံးအားကိုးရာက အဖျက်ဆီးခံနေရပြီလား"

"ဒါ အဆိပ်သွေးတွေကြောင့်လား"

"အဆိပ်သွေးတွေက သန့်စင်ခံနေရပေမဲ့ အင်းကွက်ကို ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိနေတာပဲ... နာရီဝက်လောက် တောင့်ခံနိုင်ရင် တိုက်ပွဲအခြေအနေက ပြောင်းပြန်ဖြစ်သွားလိမ့်မယ်"

ကျင့်ကြံသူများမှာ ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။ ဤသည်မှာ သတင်းကောင်း မဟုတ်ရုံတင်မကဘဲ ကပ်ဘေးကြီးတစ်ခု ဆိုက်ရောက်တော့မည့် နိမိတ်ပင်။

မူလက ရွှီရန်၏ မဟာကရုဏာအင်းကွက်ထုတ်လွှတ်သော ဝိညာဉ်စွမ်းအင်ကြောင့် မိစ္ဆာများကို နှိမ်နင်းထားနိုင်သော်လည်း ယခုအခါ ထိုအဆိပ်သွေးများကြောင့် အမည်းရောင်မြူခိုးများ ပျံ့နှံ့ခွင့် ရသွားခဲ့ကာ မိစ္ဆာများက ထိုမြူခိုးများကြားတွင် ပိုမိုရူးသွပ်လာကြသည်။

"မကောင်းဘူး မြူခိုးတွေက မိစ္ဆာတွေကို အင်အားဖြည့်ပေးနေတယ်"

ကျင့်ကြံသူတစ်ဦးက အော်ဟစ်လိုက်သည်။

"ခံစစ်ကို နောက်ဆုတ်ကြ နောက်ကို ဆုတ် ဘေးကင်းဇုန်ထဲအထိ ဝင်ကြ ဘေးကင်းဇုန်ထဲမှာလည်း နှိမ်နင်းတဲ့ အာနိသင်ရှိသေးတယ်"

"ဆုတ်ကြ အားလုံး ဆုတ်ကြ"

"တိုက်ပွဲထဲမှာ အချိန်မဆွဲနဲ့ အသေအပျောက် မရှိစေနဲ့ အသက်ရှင်ဖို့က အရေးကြီးဆုံးပဲ"

အတွေ့အကြုံရင့်သော ကွပ်ကဲမှုအဖွဲ့ခေါင်းဆောင်က လက်ရှိအခြေအနေမှာ ထိပ်တိုက်ရင်ဆိုင်ရန် မသင့်တော်ကြောင်း လျင်မြန်စွာ ဆုံးဖြတ်လိုက်သည်။

စစ်သည်တော်အချို့မှာ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သဖြင့် ဘေးကင်းဇုန်အတွင်းသို့ အချိန်မီ ပြန်လည်ဝင်ရောက်နိုင်ခဲ့ကြသည်။ သို့သော် အချို့မှာမူ သလင်းသားရဲများနှင့် လုံးထွေးနေသဖြင့် အချိန်မီ မဆုတ်ခွာနိုင်ခဲ့ကြပေ။

အမည်းရောင်မြူခိုးများ လိမ့်တက်လာသည့်အခါ ၎င်းအတွင်း၌ ပုန်းအောင်းနေသော နာကျည်းမှုသားရဲများက ချောင်းမြောင်းတိုက်ခိုက်ခဲ့သဖြင့် ထိုစစ်သည်တော်များမှာ အမည်းရောင်မြူခိုးများကြားတွင် ထာဝရ ကျန်ရစ်ခဲ့ရတော့သည်။

ထူထပ်သော အမည်းရောင်မြူခိုးများမှာ ပွက်ပွက်ဆူနေသည့်အလား လိမ့်တက်နေပြီး ရိုးတွင်းခြင်ဆီအထိ အေးစိမ့်သွားစေသော စူးရှသည့် အော်ဟစ်သံများ ထွက်ပေါ်နေသည်။

"အားးးးး"

နာကျင်စွာ အော်ဟစ်သံများမှာ မြူခိုးများကြားမှ ပဲ့တင်ထပ်နေသည်။ ခဏအကြာတွင် ထိုအော်ဟစ်သံများမှာ ရုတ်ချည်း ငြိမ်သက်သွားခဲ့ပြီး အရိုးစု ဒါဇင်ပေါင်းများစွာကို ဘေးကင်းဇုန်ဘက်သို့ ပစ်ထုတ်လိုက်ကြသည်။

အမည်းရောင်မြူခိုးများကြားတွင် ထူးဆန်းသော မျက်နှာများ ပေါ်လာပြီး ဘေးကင်းဇုန်ကို ကြည့်ကာ ယုတ်မာစွာ ပြုံးပြနေကြသည်။

စစ်သည်တော်များသည် ထိတ်လန့်သွားကြသော်လည်း ချက်ချင်းပင် တုံ့ပြန်နိုင်ခဲ့ကြသည်။

"အဲဒီအမည်းရောင်မြူခိုးတွေက ပြဿနာပဲ မြန်မြန်... သန့်စင်ခြင်း တတ်မြောက်တဲ့သူတွေ မြူခိုးတွေ ထပ်မပြန့်အောင် တားဆီးကြ"

ချက်ချင်းပင် စစ်သည်တော်များ၏ ရှေ့မှောက်၌ အပြာရောင် အကာအကွယ်တံတိုင်းကြီး တစ်ခု ပေါ်လာပြီး တရိပ်ရိပ် တက်လာနေသော အမည်းရောင်မြူခိုးများကို ဟန့်တားလိုက်တော့သည်။

"ဟူးးး"

အကာအကွယ်တံတိုင်းအတွင်းရှိ စစ်သည်တော်များသည် မြူခိုးများအတွင်းမှ လွင့်စဉ်လာသော အရိုးစုများကို ကြည့်ရင်း ကြောက်စိတ်ကြောင့် ကြက်သီးများ ထနေကြတော့သည်။

"ဒီအမည်းရောင်မြူခိုးတွေက ဘာတွေလဲ အရင်က တစ်ခါမှ မမြင်ဖူးဘူး"

"ဒါက နတ်ဘုရားအဆင့်ရှိတဲ့ မိစ္ဆာတစ်ကောင်ကောင်ရဲ့ လက်ချက် ဒါမှမဟုတ် ထူးဆန်းတဲ့ ရုပ်တုတစ်ခုခုကနေ ဖြစ်ပေါ်လာတဲ့ စည်းမျဉ်းတစ်ခုပဲ ဖြစ်ရမယ်"

စစ်သည်တော်များက အပြင်းအထန် သုံးသပ်နေကြစဉ်မှာပင် အကာအကွယ်တံတိုင်းအပြင်ဘက်က အမည်းရောင်မြူခိုးများသည် တံတိုင်းကို ဝိုင်းရံပိတ်ဆို့လိုက်ပြီး လျင်မြန်စွာပင် တိုက်စားကာ အပေါက်များ ဖြစ်ပေါ်စေတော့သည်။

"အကာအကွယ်တံတိုင်းက တိုက်စားခံနေရပြီ မြန်မြန်... ပြန်ဖာကြ"

ချက်ချင်းပင် အကာအကွယ်တံတိုင်းအတွင်း၌ ဖရိုဖရဲ ဖြစ်ကုန်ကြသည်။

"သွားပြီ... ငါတို့ ဒီခံစစ်ကို ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး"

"စီမံကိန်းမှူး ရွှီက သန့်စင်ခြင်းအင်းကွက်ကို ရေးဆွဲလို့ ပြီးရုံရှိသေးတယ်။ လူသားတွေဘက်က ပြန်လည်တိုက်စစ်ဆင်ဖို့ ပြင်နေတုန်းမှာပဲ ဒါမျိုးဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

"ဒီမိစ္ဆာတွေက အရမ်းထူးဆန်းတာပဲ။ ညစ်ညမ်းမှုတွေကို ရုပ်လုံးပေါ်လာအောင် သူတို့ ဘာတွေလုပ်လိုက်ကြတာလဲ မသိဘူး"

"ဒီခံစစ်စည်း ပျက်သွားရင်တောင် မိစ္ဆာတွေက ဘေးကင်းဇုန်ကိုတော့ ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး။ ဘေးကင်းဇုန် ရှိနေသရွေ့ မျှော်လင့်ချက် ရှိပါသေးတယ်။ ဒါပေမဲ့ ငါတို့ကတော့ အဲဒါကို မြင်တွေ့ရဖို့ အသက်ရှင်မှာ မဟုတ်တော့ဘူး"

သူတို့ စကားပြောနေစဉ်မှာပင် အကာအကွယ်တံတိုင်းပေါ်မှ အပေါက်များမှာ ပိုမိုများပြားလာပြီး ပြိုကွဲလုနီးပါး ဖြစ်လာခဲ့သည်။

"ဖောင်း"

အပြာရောင် အကာအကွယ်တံတိုင်းကြီးမှာ အပိုင်းပိုင်းအစစ ကွဲအက်သွားတော့သည်။

တံတိုင်းကြီး ကွဲအက်သွားသည်နှင့် တပြိုင်နက် ထက်မြက်သော လက်သည်းကြီး တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာကာ ကျင့်ကြံသူတစ်ဦးကို ဆွဲဖမ်းပြီး ၎င်း၏ ပါးစပ်ကြီးထဲသို့ အတင်းထိုးထည့်လိုက်သည်။

"လူသားကျင့်ကြံသူတွေရဲ့ အရသာက အကောင်းဆုံးပဲဟေ့"

မိစ္ဆာကြီးသည် အရသာခံကာ ဝါးစားနေပြီး ၎င်း၏ သွေးရောင်လွှမ်းသော မျက်လုံးများဖြင့် ကျန်ရှိနေသော ကျင့်ကြံသူများကို ပန်းကန်ပေါ်က ဟင်းလျာများသဖွယ် ကြည့်ကာ ယုတ်မာစွာ ပြုံးနေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော ဘေးနားက စစ်သည်တော်များမှာ ဒေါသများဖြင့် မျက်ဝန်းများ နီမြန်းလာကြသည်။ သူတို့ အလွန်ပင် နာကျင်ကာ ခံပြင်းနေကြသည်။

သို့သော်လည်း သူတို့ကိုယ်တိုင်ပင်လျှင် အမည်းရောင်မြူခိုးများ၏ ဝိုင်းရံမှုကို ခံနေရသဖြင့် အန္တရာယ်တွင်းထဲ ရောက်နေကြပြီ ဖြစ်သည်။ ညစ်ညမ်းမှုများကြားတွင် ပိတ်မိသွားပါက သေခြင်းတရားမှလွဲ၍ အခြားမရှိပေ။

"ဘေးကင်းဇုန်အထိ ရောက်ဖို့ မီတာ တစ်ထောင်ပဲ လိုတော့တယ် ငါတို့ ပြန်ရောက်နိုင်ပါ့မလား"

"ခက်လိမ့်မယ်"

"သန့်စင်ခြင်းအဆောင်ငယ်တွေလည်း ကုန်သွားပြီ။ ငါတို့မှာ အဲဒီအဆောင်တွေသာ အများကြီးရှိရင် ဒီညစ်ညမ်းမှုတွေကို ဖယ်ရှားနိုင်မှာ"

မျှော်လင့်ချက် ကင်းမဲ့နေသည့် အချိန်တွင်

ကျင့်ကြံသူတစ်ဦးက "အဲဒီ ပါရမီရှင်သာ ငါတို့နဲ့အတူ ရှိနေရင် ဘယ်လောက်ကောင်းမလဲ" ဟု ငိုချင်းချလိုက်မိသည်။

"ဟူးးး..."

"မိစ္ဆာလှိုင်းတွေက ရုတ်တရက်ကြီး ဖြစ်လာတာဆိုတော့ အဆောင်တွေကလည်း မလုံလောက်ဘူး ဖြစ်နေတယ်"

"ဟူးးး..."

ရုတ်တရက် ဤမျှော်လင့်ချက်မဲ့နေသော အရေးကြီးဆုံး အချိန်ကာလတွင် ရွှေရောင်အဆောင်များ ကပ်ထားသည့် လေပွေတစ်ခုသည် သူတို့၏ အနောက်ဘက်သို့ ကျဆင်းလာပြီး သူတို့၏ ကျောပြင်များပေါ်တွင် အမှတ်မထင် လာရောက်ကပ်ငြိသွားတော့သည်။

ရွှေရောင်အလင်းတန်းများ ဝင်းခနဲ ဖြစ်သွားပြီး သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို အလင်းများဖြင့် လွှမ်းခြုံလိုက်သည်။

"ဒါ... ဒါက သန့်စင်ခြင်းအဆောင်ငယ်ပဲ"

"မင်းရဲ့ ကျောမှာ အဆောင်ကပ်နေပြီ ငါ့မှာလည်း ရှိတယ်"

"အမည်းရောင်မြူခိုးတွေက အနားတောင် မကပ်ရဲတော့ဘူး"

"ငါတို့ အသက်ရှင်ပြီ ငါတို့ အသက်ရှင်ပြီ"

ကျင့်ကြံသူများမှာ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ သေမင်းလက်မှ လွတ်မြောက်လာပြီးနောက် အားရပါးရ ဟိန်းဟောက်လိုက်ကြတော့သည်။

"ဒါ ကောင်းကင်အထွတ်အထိပ် နန်းဆောင်က စစ်ကူလွှတ်လိုက်တာလား"

သူတို့ ဇဝေဇဝါ ဖြစ်နေကြကာ ဘေးကင်းဇုန်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလွှားနေကြစဉ် အနောက်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူတို့အားလုံး ထိတ်လန့်သွားကြရသည်။

သူတို့၏ အနောက်ဘက်တွင် အမည်းရောင်မြူခိုးများကြားမှ တက်လာနေသော မိစ္ဆာတပ်မတော်ကြီးကို လျှပ်စီးအလား မြန်ဆန်လှသော ရှေးဦးသတ်ဖြတ်ခြင်း အလင်းတန်းများက ဓားစွမ်းအင်များအဖြစ် ပြောင်းလဲကာ ပိုင်းဖြတ်လိုက်သည်။

သွေးစွမ်းအင် တစ်သန်းရှိသော မိစ္ဆာပေါင်း သောင်းနှင့်ချီမှာ ချက်ချင်းပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

"ဟင်..."

"ဒါ... ဒါက..."

"ငါ မြင်တာ တကယ်ပဲလား"

"သွေးစွမ်းအင် တစ်သန်းရှိတဲ့ မိစ္ဆာသောင်းချီက ချက်ချင်းကြီး ပျက်စီးသွားတာလား"

"မဖြစ်နိုင်တာ လုံးဝ မဖြစ်နိုင်ဘူး"

"ဒါက နတ်ဘုရားတွေရဲ့ လက်ချက်ပဲ ဖြစ်ရမယ်"

"ငါ မျက်စိမှားတာ နေမှာပါ"

"မဟုတ်ဘူး မင်း မျက်စိမမှားဘူး ငါလည်း မြင်လိုက်တယ်"

"ထိပ်တန်း ပါရမီရှင်တစ်ယောက် ရောက်လာပြီ"

"ဘယ်လို ပါရမီရှင်မျိုးက ဒီလောက်အထိ ကြောက်စရာကောင်းနေရတာလဲ"

"ငါလည်း မသိဘူး..."

အသက်ဘေးမှ လွတ်လာသော ကျင့်ကြံသူများမှာ မှင်သက်နေကြသည်။ ဘေးကင်းဇုန်အတွင်းရှိ စစ်သည်တော်များမှာလည်း ထိုမြင်ကွင်းကို ကြည့်ရင်း ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ရပ်နေကြမိသည်။

"ဟူးးးး"

ဘေးကင်းဇုန်အတွင်းမှ အသက်ပြင်းပြင်း ရှူလိုက်သံများ ပဲ့တင်ထပ်သွားသည်။

ရွှီရန်၏ အနောက်တွင်ရှိနေသော ယဲ့ဖျင်မှာလည်း မျက်လုံးအဝိုင်းသားဖြင့် "ဝါးးးး မင်းက ဒီလောက်အထိ တော်နေတာလား" ဟု အော်ဟစ်လိုက်မိတော့သည်။

All Chapters