အခန်း (၁၇၁-၁၇၂)
Vol. 18 Ch. 171-172
အခန်း ၁၇၁ - အချစ်လား
သူမက မေးကိုမော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"ဆိုင်းလပ်စ်က ခြေလှမ်း ကိုးဆယ့်ကိုးလှမ်းအထိ လျှောက်လှမ်းဖို့ ဆန္ဒရှိနေတာပဲ ကျွန်မကကော သူ့ဆီကို ခြေတစ်လှမ်းလောက် မလှမ်းနိုင်ရဘူးလား သူ ကျွန်မကို ထားသွားချင်တယ်လို့ တစ်ခါမှ မပြောခဲ့ဘူး ဒါဆို ကျွန်မက ဘာလို့ သူ့ကို ထားသွားရမှာလဲ တခြားလူတွေက ကျွန်မကို လက်မခံချင်နေပါစေ ဆိုင်းလပ်စ်ကတော့ လက်ခံတယ်လေ သူ ကျွန်မကို ချစ်လို့ ကျွန်မဘေးမှာ ရှိနေပေးသလို ကျွန်မလည်း သူ့ကို ချစ်လို့ သူ့ဘေးမှာ ရှိနေပေးမှာ"
သူမ၏ အသံမှာ အဆုံးသတ်တွင် တုန်ယင်နေသော်လည်း စကားလုံးများမှာ ပြတ်သားနေဆဲပင်။
အိုင်ဗီသည် ဖန်ကွဲသံကဲ့သို့ စူးရှအေးစက်သော ရယ်သံဖြင့် ရယ်လိုက်သည်။
"အဲ့ဒါ အချစ်မဟုတ်ဘူး သူ့အနားမှာ ရှိနေပေးရုံနဲ့ သူ့ကို သေစေနိုင်တယ်ဆိုတာ သိရက်နဲ့ ဒါကို အချစ်လို့ ဘယ်လိုခေါ်နိုင်မှာလဲ ဒါဟာ အတ္တကြီးတာပဲ"
ပက်ထရစ်ရှာက ပခုံးတွန့်ပြလိုက်၏။
"ရှင့်အတွက်တော့ အတ္တကြီးတယ်လို့ မြင်မှာပေါ့ ဒါပေမဲ့ ကျွန်မအတွက်တော့ ဒါဟာ အချစ်ပဲ ကျွန်မ သေရမယ်ဆိုရင်တောင် သူ့ဘေးမှာပဲ သေချင်တယ် သူ သေရမယ်ဆိုရင်လည်း ကျွန်မဘေးမှာပဲ သေစေချင်တယ် အချစ်ဆိုတာ အမြဲတမ်း သန့်ရှင်းစင်ကြယ်ပြီး ပြီးပြည့်စုံနေတာမျိုး မဟုတ်ပါဘူး တစ်ခါတလေမှာ ရှုပ်ထွေးတတ်တယ် တစ်ခါတလေမှာ နာကျင်စေတတ်တယ် ဒါပေမဲ့ အဲဒါက အချစ်ပါပဲ"
သူမက ခေါင်းမာသော အကြည့်ဖြင့် ဆက်ပြောလိုက်သည်။
"ဒါ့အပြင် ကံဆိုးမှု ဆိုတာ စိတ်ကူးတစ်ခုပဲ ဖြစ်ကောင်းဖြစ်မှာပါ တစ်ခါတလေမှာ လူတွေက တိုက်ဆိုင်မှုတွေကို အလွန်အမင်း ယုံကြည်လွန်းလို့ အဲဒါကို ကျိန်စာတစ်ခုအဖြစ် ပြောင်းလဲပစ်တတ်ကြတယ် အဖန်ဖန်တလဲလဲ ယုံကြည်နေတဲ့အရာက လက်တွေ့ ဖြစ်လာတတ်တာမျိုးပေါ့ ဖြစ်နိုင်တာက ဒီကံဆိုးမှုဆိုတာ အဲဒီလိုမျိုးပဲနေမှာ အဲဒါကို ငါတို့ မကြောက်တော့ဘူးဆိုရင် ငါတို့ကို လွှမ်းမိုးနေတာလည်း ရပ်သွားမှာပါ"
အိုင်ဗီ၏ နှုတ်ခမ်းများ တုန်ယင်သွားပြီး နှလုံးသားမှာလည်း နာကျင်စွာ တွန့်လိမ်သွားသည်။
'သူပြောချင်တာက... ငါကိုယ်တိုင်က အဲဒါကို ယုံကြည်နေလို့ပဲ ဒီကံဆိုးမှုက လက်တွေ့ဖြစ်လာတာလား ငါက အရမ်းကြောက်နေလို့ ငါ့ကိုယ်ငါနဲ့ ငါ့ဘေးနားက လူတွေကို ကျိန်စာတိုက်မိသလို ဖြစ်နေတာလား'
ပက်ထရစ်ရှာက အနားသို့ တိုးလာကာ တိုးညင်းသော်လည်း ပြတ်သားသော အသံဖြင့် ပြောလိုက်၏။
"ရှင်သာ ဆိုင်းလပ်စ်ကို တကယ်ချစ်ရင် သူ့ကို ထားသွားမှာ မဟုတ်ဘူး သူ့နှလုံးသားကို ခွဲရက်မှာ မဟုတ်ဘူး ရှင် ထွက်သွားတဲ့အချိန်မှာ သူ ဘယ်လောက်တောင် နာကျင်ခဲ့ရသလဲဆိုတာ ရှင်သိလား သူ ပြိုလဲသွားခဲ့တာ အိုင်ဗီ သေချင်စိတ် ပေါက်သွားတဲ့အထိ ပြိုလဲသွားတာ အဲဒီအချိန်မှာ ရှင့်ရဲ့ စွန့်လွှတ်မှုက ဘာအသုံးကျလို့လဲ သူ့ကို ကာကွယ်ဖို့ဆိုပြီး ရှင် ထားခဲ့ပေမဲ့ တစ်ဖက်က ကြည့်ရင် ရှင် သူ့ကို သတ်နေတာနဲ့ အတူတူပဲ"
ထိုစကားလုံးများမှာ အိုင်ဗီ၏ နှလုံးသားကို ဓားဖြင့် မွှန်းလိုက်သကဲ့သို့ပင်။
သူမ လက်ဖြင့် စားပွဲကို ဝုန်းခနဲ ရိုက်လိုက်သည်။ "တော်တော့ ရပ်လိုက်တော့!"
ပက်ထရစ်ရှာ တုန်သွားသော်လည်း နောက်သို့ မဆုတ်ခဲ့ပေ။ သူမ၏ လက်များမှာ ဘေးတွင် တုန်ယင်နေသော်လည်း နူးညံ့သော အပြုံးကို ဆက်လက် ထိန်းထားဆဲ ဖြစ်သည်။
"ကျွန်မ မရပ်နိုင်ဘူး" သူမက တိုးတိုးလေး ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ တစ်စုံတစ်ယောက်က ရှင့်ကို ဒါကို ပြောပြဖို့ လိုနေလို့ပဲ ရှင်က စွန့်လွှတ်မှုလို့ ခေါ်လိုက်ရုံနဲ့ ရှင့်အချစ်က ကျွန်မအချစ်ထက် ပိုကြီးမြတ်သွားတာ မဟုတ်ဘူး အချစ်ဆိုတာ ထားသွားတာ မဟုတ်ဘူး ဘာပဲဖြစ်ဖြစ် အတူတူ ရှိနေပေးတာကမှ အချစ်ပဲ အဲဒါ ဆိုင်းလပ်စ် ကျွန်မကို ပေးခဲ့တဲ့ အရာပဲ အဲဒါ ကျွန်မ သူ့ကို ပြန်ပေးနေတဲ့ အရာပဲ"
"နင် ဘာမှ မသိဘဲနဲ့ လျှောက်မပြောနဲ့" အိုင်ဗီသည် အသံကုန် အော်ဟစ်လိုက်သဖြင့် ပက်ထရစ်ရှာမှာ ကြောက်လန့်လွန်း၍ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။ အိုင်ဗီ၏ ပုံစံမှာ အလွန်ပင် စိတ်မတည်ငြိမ်ဖြစ်နေ၏။
သို့သော်လည်း...
ပက်ထရစ်ရှာသည် သူမ၏ နှုတ်ခမ်းကို နာကျင်အောင် ကိုက်လိုက်ရင်း ခပ်တိုးတိုး ရယ်မောလိုက်သည်။ "ဒါဆိုရင်လည်း ရှင်ပဲ ပြောပြလေ မဟုတ်ရင်တော့ နောင်တစ်ချိန်မှာ ရှင် ဆိုင်းလပ်စ်အနားကို ကပ်ဖို့ ကြိုးစားတိုင်း ကျွန်မက တားဆီးမှာ ဖြစ်သလို တွေ့ခွင့်လည်း ပေးမှာ မဟုတ်ဘူး"
သူမသည် အပြင်ပန်းတွင် တည်ငြိမ်ပြီး နူးညံ့သိမ်မွေ့သော အမူအရာကို ပြထားကာ နှုတ်ခမ်းတွင်လည်း လှောင်ပြုံးလေး ရှိနေသော်လည်း သူမ၏ ရင်ထဲတွင်မူ ဆုတောင်းနေမိသည်။
'ကျေးဇူးပြုပြီး... ဘုရားသခင် နားထောင်နေတယ်ဆိုရင် သူ့ရန်ကနေ ကျွန်မကို ကာကွယ်ပေးပါ'
အိုင်ဗီသည် ရင်ထဲတွင် အလွန်ပင် ကယောက်ကယက် ဖြစ်နေ၏။ "သူ ငါ့ကြောင့် အသတ်ခံရတာကို ငါကိုယ်တိုင် မြင်ခဲ့ရတာ ငါ့ရဲ့ ကံဆိုးမှုကြောင့်လေ အဲဒါကို ဘာလို့ ငါက သူ့အနားမှာ နေရဦးမှာလဲ သူ့ကို ဆုံးရှုံးလိုက်ရတုန်းက ငါ ဘယ်လို ခံစားခဲ့ရလဲဆိုတာ နင် သိလို့လား ငါ..."
"ရပ်လိုက်တော့" ပက်ထရစ်ရှာက လက်ဝါးပြကာ တားလိုက်သည်။ သူမ၏ သွားများမှာ ကြောက်လန့်လွန်း၍ တဒေါက်ဒေါက် မြည်နေသော်လည်း သူမ မဆုတ်မနစ် ရင်ဆိုင်နေဆဲ ဖြစ်သည်။ "အိုင်ဗီ လောကမှာ အကြွင်းမဲ့ဆိုတာ မရှိဘူး ရှင့်ဆီက ဗျာဒိတ်ရူပါရုံထဲမှာ သေသွားတဲ့ စတီဖင်ကို ရှင် ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုင်းလပ်စ်ဆီက ကျွန်မ ကြားထားတယ် စတီဖင်ရဲ့ နိဂုံးကို ရှင် ပြောင်းလဲနိုင်ခဲ့ရင် ဆိုင်းလပ်စ်ကိုကော ဘာလို့ မပြောင်းလဲနိုင်ရမှာလဲ တကယ်တော့ ရှင့်ကြောင့်ပဲ သူက ကျွန်မနဲ့ လက်တွဲဖြစ်သွားတာမလား"
အိုင်ဗီသည် စိုးရိမ်တကြီးဖြင့် ပြန်လည် တိုက်စစ်ဆင်လိုက်သည်။ "စတီဖင်ကို ကယ်နိုင်တာက အဲဒါက လူတွေ ဖန်တီးထားတဲ့ ကိစ္စမို့လို့လေ၊ ဒါပေမဲ့ ဆိုင်းလပ်စ်ရဲ့ သေဆုံးမှုက..."
စကားအဆုံးတွင် အိုင်ဗီ မှင်သက်သွားသည်။ မဟုတ်ဘူး... ဆိုင်းလပ်စ်၏ သေဆုံးမှုကလည်း... တစ်နည်းအားဖြင့် လူတွေ ဖန်တီးခဲ့တာ မဟုတ်ဘူးလား
အဓိက လူသတ်သမားမှာ ရာဗင်ခရော့ဖ် မိသားစုနှင့် သူမကိုယ်တိုင်ပင် ဖြစ်သည်။ ဤဘဝတွင် သူမသည် ရာဗင်ခရော့ဖ် မိသားစုကို ဖမ်းဆီးပြီးပြီ ဖြစ်သလို သူမကိုယ်တိုင်လည်း အထူးပင် ဂရုစိုက်နေခဲ့သည်။
ဒါဆိုလျှင်... ဆိုင်းလပ်စ်သည် သူမ၏ ယခင်ဘဝကကဲ့သို့ သေဆုံးသွားမည့် အလားအလာမှာ များစွာ လျော့နည်းသွားပြီ ဖြစ်သည်။
ပြန်လည်သုံးသပ်ကြည့်လျှင်... သူမသည် အလွန်ပင် မိုက်မဲစွာ ပြုမူခဲ့မိကြောင်း အိုင်ဗီ သိရှိသွားသည်။
သူမသည် အသက်အန္တရာယ်ရှိသော အခြေအနေများနှင့် ဝေးဝေးတွင် နေသရွေ့ ဆိုင်းလပ်စ် သေဆုံးမည် မဟုတ်ပေ။ အသက်အန္တရာယ်ရှိသော အခြေအနေမျိုးတွင်သာ ဆိုင်းလပ်စ်က သူ့အသက်ကို စွန့်လွှတ်ရန် စဉ်းစားလိမ့်မည် ဖြစ်သည်။
သူမ၏ လစဉ် အခါအားလျော်စွာ ကြုံတွေ့ရသော ကံဆိုးမှုများနှင့် ပတ်သက်၍မူ... ထိုကာလများကို မှတ်သားထားပြီး ပုံသေနည်းကို ရှာဖွေကာ ထိုအချိန်အတွင်း ဆိုင်းလပ်စ်နှင့် ဝေးဝေးတွင် နေထိုင်မည်ဆိုလျှင် အရာအားလုံး အဆင်ပြေသွားမည် မဟုတ်ပါလား?
"အိုင်ဗီ... ရှင် တစ်ခုတော့ နားလည်ထားဖို့ လိုတယ် ဆိုင်းလပ်စ်ကို ချစ်တယ်လို့ ဟန်ဆောင်ပြောနေရင်းနဲ့ သူ့ကိုယ်စား ဆုံးဖြတ်ချက်တွေချပြီး သူကလည်း အဲဒါကို နားထောင်လိမ့်မယ်လို့ ရှင် မျှော်လင့်နေလို့ မရဘူး" ပက်ထရစ်ရှာ၏ လှောင်ပြောင်သော လေသံမှာ အလွန်ပင် ပြင်းထန်လှသည်။
"ကျွန်မ..." အိုင်ဗီ စကားစလိုက်သော်လည်း ပက်ထရစ်ရှာ၏ စကားကို ပြန်မချေပနိုင်ခဲ့ပေ။ သူမသည် ဟန်ဆောင်နေခြင်း မဟုတ်သော်လည်း ဆိုင်းလပ်စ်၏ သဘောထားကို သူမ လျစ်လျူရှုခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
သူမသည် 'သူ့ကောင်းကျိုးအတွက် ငါ လုပ်နေတာ' ဆိုသည့် သဘောထားကို လက်ကိုင်ထားခဲ့သော်လည်း သူမ၏ ရှုထောင့်မှ ဆိုင်းလပ်စ်အတွက် ကောင်းသည်ဟု ထင်ရသောအရာမှာ ဆိုင်းလပ်စ်အတွက်တော့ ကောင်းချင်မှ ကောင်းလိမ့်မည် ဖြစ်သည်။
အိုင်ဗီသည် စိတ်ပျက်အားငယ်စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်မိပြီး သူမ၏ စိတ်နှလုံးမှာ နစ်မြုပ်သွားတော့သည်။
'ငါ ဘာတွေ လုပ်မိလိုက်တာလဲ... ဆိုင်းလပ်စ်က ငါ့အတွက် သူ့အသက်ကို စွန့်ခဲ့တာ... ဒါတောင် ငါက သူ့ကို တွန်းထုတ်ခဲ့တယ်... သူ့ကို ထပ်ခါတလဲလဲ နာကျင်အောင် လုပ်ခဲ့တယ်... ပြန်လည်မွေးဖွားလာပြီးတာတောင်မှ... ငါ့ရဲ့ ခေါင်းမာတဲ့ အတွေးအခေါ်တွေကြောင့် နှစ်လလောက် အချိန်ဖြုန်းခဲ့မိတယ်...'
"ဘာပဲဖြစ်ဖြစ်လေ" ပက်ထရစ်ရှာ၏ နူးညံ့သော အသံကြောင့် အိုင်ဗီ သတိပြန်ဝင်လာသည်။ "ရှင့်ကို ကျေးဇူးတင်ရမယ်။ ရှင့်ရဲ့ မိုက်မဲမှုအတွက်ပေါ့။ ရှင် အခုထိ နားမလည်သေးဘူးဆိုရင်လည်း... ကျွန်မရဲ့ ကံကောင်းမှုကိုပဲ ကျေးဇူးတင်ရတော့မှာပဲ"
သူမ ထွက်ခွာရန် လှည့်လိုက်စဉ် ခေတ္တရပ်ကာ လှောင်ပြုံးလေးဖြင့် ပြောလိုက်သည်မှာ "ဒါနဲ့ အိုင်ဗီ၊ ကျွန်မက ရှင့်ကို တန်ဖိုးရှိတဲ့ အကြံဉာဏ်တစ်ခု ပေးခဲ့တာဆိုတော့... အနည်းဆုံးတော့ ဒီစခန်းမှာ အမြဲတမ်း နေထိုင်ခွင့်ရဖို့ သတ်မှတ်ချက်ကို ပြောပြသင့်တယ် မဟုတ်လား"
အိုင်ဗီသည် ပက်ထရစ်ရှာကို ကြောင်စီစီဖြင့် စိုက်ကြည့်နေမိရာ ပက်ထရစ်ရှာမှာ ပြေးချင်စိတ်ပင် ပေါက်သွားသော်လည်း သူမ နေရာတွင် မဆုတ်မနစ် ရပ်နေဆဲ ဖြစ်သည်။
"ရွှေတုံး ၁၀ တုံး" အိုင်ဗီက ခပ်ပြတ်ပြတ် ပြောလိုက်ပြီး သူမကို လျစ်လျူရှုလိုက်သည်။ သူမ ယခုအချိန်တွင် ပက်ထရစ်ရှာကို ရင်ဆိုင်ရန် အားအင်မရှိတော့ပေ။
ပက်ထရစ်ရှာသည် ရုံးခန်းထဲမှ ဟန်ပါပါဖြင့် လျှောက်ထွက်လာခဲ့သော်လည်း အပြင်ရောက်သည်နှင့် မြေပြင်ပေါ်သို့ ခွေခနဲ လဲကျသွားတော့သည်။
ပက်ထရစ်ရှာ: မေမေရေ ကြောက်စရာကြီး
မာသာ (အနီးအနားမှ စောင့်ကြည့်နေသူ): အယ် ဘာတွေဖြစ်ကုန်တာလဲ
အခန်း ၁၇၂ - မာသာ၏ အဖြေ
မာသာသည် ပက်ထရစ်ရှာသာ ရုံးခန်းထဲမှ မောက်မာဝင့်ကြွားစွာနဲ့ ယုတ်မာသော အမူအရာဖြင့် ထွက်လာခဲ့လျှင် တစ်ခုခုလုပ်ရန် အသင့်ပြင်ထားခဲ့သည်။ သို့သော် ယခုကြည့်ရသည်မှာ... သူမသည် ပက်ထရစ်ရှာဆိုသည့် ဒီမိန်းကလေးကို အထင်ကြီးလွန်းခဲ့ပုံရသည်။
'ငါ့အထက်လူကြီးဆိုတာလည်း ထုံးစံအတိုင်းပဲ...' မာသာ သတိပြန်ဝင်လာပြီး အိုင်ဗီကို ချီးကျူးလိုက်မိသည် - 'သူကတော့ ဘယ်တော့မှ အရှုံးမခံဘူးပဲ။'
သူမသည် ပက်ထရစ်ရှာတစ်ယောက် မြေပြင်ပေါ်တွင် မိနစ်အနည်းငယ်ကြာ ထိုင်နေပြီးမှ တုန်ယင်နေသော ခြေထောက်များဖြင့် ထရပ်ကာ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့သည်။
..........
အိုင်ဗီသည် သူမရှေ့ရှိ အဖြူရောင်နံရံကို ကြောင်စီစီဖြင့် စိုက်ကြည့်နေမိသည်။ စခန်းရှိ အခြားတိုက်ခန်းများအတိုင်း တည်ဆောက်ထားသည့် ဤရုံးခန်းဟုခေါ်သော နေရာအတွင်းရှိ အေးစက်စက် အရှိန်အဝါက သူမအပေါ် သက်ရောက်မှု မရှိသလောက်ပင်။
နောင်တတရားများက သူမ၏ အစိတ်အပိုင်းတိုင်းတွင် ပြည့်နှက်နေသည်။ သူမကိုယ်သူမ ရွံရှာမိသည့်စိတ်ပင် မဝင်နိုင်သေးခင်မှာပင် တစ်နေ့တာ ကုန်ဆုံးသွားခဲ့ပြီ။ သို့သော် အိုင်ဗီမှာ ထိုင်နေရာမှ မထသေးပေ။
ညဘက်တွင် လူတိုင်း သိမ်းဆည်းပြီး ပြန်ကုန်ကြသောအခါ အိုင်ဗီကို စိတ်ပူနေသော လာကြည့်ခဲ့သည်။ လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေသော အိုင်ဗီကို မြင်လိုက်ရသောအခါ သူမ၏ ရင်ထဲတွင် အေးခဲသွားသလို ခံစားလိုက်ရသည်။
"မအိုင်ဗီ"
မာသာ၏ ခေါ်သံကြောင့် အိုင်ဗီ သတိပြန်ဝင်လာသည်။ အိုင်ဗီ၏ မျက်လုံးများက အလိုအလျောက် ပြတင်းပေါက်ဆီသို့ ရောက်သွားပြီး စခန်းအတွင်း ဖုံးလွှမ်းနေသော အမှောင်ထုကြီးကို ကြည့်ရင်း စခန်းတွင် လမ်းမီးများ မရှိသေးသဖြင့် အရပ်သားများ ညဘက် သွားလာရန် ခက်ခဲနေမည်ကို သတိပြုမိသွားသည်။
"ရှင်" သူမ၏ အသံမှာ ခံစားချက် ကင်းမဲ့နေသော်လည်း အခြေအနေကို ခန့်မှန်းတတ်သော မာသာအတွက်မူ ပြောမပြနိုင်သော နာကျင်မှုကို ခံစားမိလိုက်သည်။
"ညတောင် ရောက်နေပြီ... ပြန်ဖို့ မပြင်သေးဘူးလား" မာသာက စိတ်ပူစွာ မေးလိုက်သည်။ သူမကိုယ်သူမ သတိမထားမိဘဲ သူမ၏ မျက်နှာအမူအရာမှာ နူးညံ့သွားပြီး ကိုင်ထားသော ဖိုင်တွဲကိုလည်း ပို၍ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိသည်။
"ရှင် ပြန်လို့ရပါပြီ ကျွန်မမှာ လုပ်စရာ အလုပ်လေးတွေ ကျန်သေးလို့"
မာသာက နှုတ်ခမ်းကို ဖိထားပြီး ပြန်ရန် တွန့်ဆုတ်နေမိသည်။ ဤနှစ်ရက်အတွင်း အိုင်ဗီ ဒီလောက် နုနုနယ်နယ် ဖြစ်နေသည်ကို သူမ ပထမဆုံး မြင်ဖူးခြင်းပင်။
"မအိုင်ဗီ တစ်ခုခု စိတ်အနှောင့်အယှက် ဖြစ်နေတယ်ဆိုရင် ကျွန်မကို ပြောပြလို့ ရပါတယ် ကျွန်မ ကူညီနိုင်ရင် ကူညီပေးချင်လို့ပါ"
ထိုစကားကြောင့် အိုင်ဗီ ခေတ္တရပ်သွားပြီး ခါးသီးသော ရယ်သံလေး တစ်ချက် ထွက်လာသည်။ သူမသည် ထိုစကားကို စောင့်နေခဲ့သကဲ့သို့ပင် နောက်စက္ကန့်တွင် စကားလုံးများမှာ သူမ၏ ပါးစပ်မှ အရှိန်အဟုန်ဖြင့် ထွက်လာတော့သည်။
"ကျွန်မ အမှားကြီး မှားခဲ့ပြီ တကယ့်ကို အမှားကြီးပဲ အခုတော့ သူ ကျွန်မကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်တော့ဘူး ထင်တယ်... ကျွန်မ... ကျွန်မကိုယ်ကျွန်မ တကယ်ကို ထုံလိုက်တာလို့ ခံစားရတယ်"
မာသာ တောင့်ခဲသွားသည်။ သူမ၏ အထက်လူကြီး၏ လေသံထဲတွင် စိတ်ပျက်အားငယ်မှု၊ နောင်တရမှုနှင့်အတူ အနည်းငယ်သော မျှော်လင့်ချက်လေး ပါနေသည်ကို ကြားလိုက်ရသောကြောင့် ဖြစ်သည်။
'တကယ်ကို သူ့ကို ဖက်ထားပြီး ကျောလေး ပွတ်ပေးချင်စရာပဲ' ဟု သူမ ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။ 'သူ ကြည့်ရတာ အရမ်း ငယ်သေးပြီး အတွေ့အကြုံ မရှိသလိုပဲ'
"မအိုင်ဗီ 'အသစ်က ပြန်စဖို့ ဘယ်တော့မှ နောက်မကျဘူး' ဆိုတဲ့ စကားကို ကြားဖူးလား ကိုယ်တိုင်က စတင်ပြီး လှုပ်ရှားလိုက်တာက အရာများစွာကို ပြောင်းလဲပေးနိုင်ပါတယ်" ဟု သူမက အကဲခတ်ရင်း အကြံပြုလိုက်သည်။
အိုင်ဗီ ခဏရပ်သွားပြီးမှ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ "ကျွန်မမှာ သူငယ်ချင်း တစ်ယောက် ရှိတယ်..."
မာသာ: ဟေး... အဲဒီလိုပဲ 'ကျွန်မမှာ သူငယ်ချင်း တစ်ယောက် ရှိတယ်' နဲ့ အမြဲ စတာပဲ။
"သူမကို အရမ်းချစ်တဲ့ အမျိုးသားတစ်ယောက် ရှိတယ် အဲဒီလူက သူမအတွက် သူ့မိသားစုကိုတောင် တော်လှန်ခဲ့တယ် သူမက အချစ်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံတာမျိုး မကြိုက်ဘူးဆိုတာ သိသွားတော့ အဝေးကနေပဲ မသိမသာ ဂရုစိုက်ပေးခဲ့တယ် သူမ ဗိုက်ဆာရင် စားစရာ ဝယ်ပေးတယ် သူမ မွေးစားမိသားစုရဲ့ နှိပ်စက်မှုကို ခံရရင်လည်း ကာကွယ်ပေးခဲ့တယ် ပြီးတော့ သူမရဲ့ ဆုံးဖြတ်ချက်မှန်သမျှကို အမြဲ အလေးထားခဲ့တယ် ဒါပေမဲ့ သူမကတော့ သူ့ရဲ့ ကောင်းကျိုးအတွက်ဆိုပြီး သူ့ကို ထားခဲ့တာ..."
"ရှင့်သူငယ်ချင်းက ထုံတာပဲ" မာသာက လွှတ်ခနဲ ပြောလိုက်ရာ တစ်ခဏအတွင်း အခန်းထဲရှိ အပူချိန်မှာ ရုတ်တရက် ကျဆင်းသွားတော့သည်။
အိုင်ဗီ : အယ် အဲဒီလိုမျိုးကြီး ပြောဖို့ လိုလို့လား
မာသာသည် သူမ၏ ရင်ထဲမှ ထွက်လာမည့် ရယ်သံကို အတင်းအကျပ် အောင့်ထားလိုက်ရသည်။ "ကျွန်မက အမှန်အတိုင်း ပြောတာပါ အထက်လူကြီး ရှင် မသိတာက... စကားချိုချိုလေးတွေပြောပြီး လာပရောပရီတတ်တဲ့ ယောက်ျားတွေ အများကြီး ရှိပေမဲ့... ရှင့်သူငယ်ချင်းမှာ ရှိတဲ့ အဲဒီလူလိုမျိုး သူချစ်တဲ့ အမျိုးသမီးအတွက် ဒီလောက်အထိ လုပ်ပေးနိုင်တဲ့လူကတော့ အနည်းငယ်ပဲ ရှိတာပါ"
"ဒါဆို သူမ ဘာလုပ်သင့်လဲ" အိုင်ဗီက စိုးရိမ်တကြီး မေးလိုက်သည်။ မာသာက သူမ၏ ပြဿနာကို တကယ်ပဲ ဖြေရှင်းပေးနိုင်လိမ့်မည်ဟု သူမ ခံစားနေရသည်။ "သူ့မှာ အစားထိုး တစ်ယောက်တောင် ရနေပြီလေ ပြီးတော့ သူတို့က စေ့စပ်ပွဲတောင် လုပ်တော့မှာ"
မာသာ၏ မျက်လုံးများ ဒေါသကြောင့် ဝိုင်းစက်သွားသည်။ အစားထိုး တစ်ယောက် ရှိနေတယ် ဟုတ်လား ဒီလူကတော့ တကယ့် လူယုတ်မာပဲ မဟုတ်သေးပါဘူး...
မာသာ ခေတ္တရပ်ပြီး ပက်ထရစ်ရှာကို သတိရသွားသည်။ ပက်ထရစ်ရှာက အိုင်ဗီပြောနေတဲ့ အစားထိုး ဆိုတဲ့သူလား အမ် ဒါပေမဲ့... ပက်ထရစ်ရှာ ပြုမူပုံကို ကြည့်ရတာကတော့...
အချစ်ရေး ရှုပ်ထွေးတဲ့ CEO တစ်ယောက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ မာသာအတွက်တော့... လူယုတ်မာတွေ အစားထိုးတွေ ဖြူစင်တဲ့ လမင်းလေး တွေနဲ့ စာချုပ်လက်ထပ်ပွဲတွေအကြောင်းကို ဘယ်ဝတ္ထုရေးဆရာထက်မဆို ပိုနားလည်တယ်လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောနိုင်ပါသည်။
"အထက်လူကြီး အဲဒီလူက အစားထိုးကို ရှာတွေ့ခဲ့တာ ဘယ်နှရက် ရှိပြီလဲ" မာသာက မျက်လုံးများကို ကျဉ်းမြောင်းပြီး မေးလိုက်သည်။
"သုံးရက်ပဲ ရှိသေးတယ်" အိုင်ဗီက ရိုးသားသော ကလေးတစ်ယောက်လို ပြန်ဖြေသည်။
အချစ်ရေးနှင့် ပတ်သက်လာလျှင် သူမ၏ EQ မှာ အလွန်ပင် နိမ့်ပါးနေပြီး အကူအညီ လိုအပ်နေသည်ကို သူမ ဝန်ခံလိုက်သည်။
'သုံးရက်လား မဟုတ်နိုင်တာ အစားထိုးတစ်ယောက်ကို ရှာဖို့ အနည်းဆုံး တစ်ပတ်လောက်တော့ ကြာရမှာလေ ရှာတွေ့ပြီးရင်တောင်မှ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင် လုပ်ရဦးမယ်၊ ပြီးတော့ အချစ်ရေးတစ်ခု စတင်ဖို့အတွက် အစားထိုးကို ငွေကြေးနဲ့ သိမ်းသွင်းရတာမျိုးတွေ လုပ်ရဦးမှာ'
မာသာ အသေအချာ စဉ်းစားလိုက်ပြီးနောက် ယူဆချက် နှစ်ခု ထွက်လာသည် - 'ပထမတစ်ချက်က... အဲဒီ လူယုတ်မာက အစားထိုးကို အရင်ကတည်းက လျှို့ဝှက် မွေးထားတာ ဒုတိယတစ်ချက်ကတော့...'
"မအိုင်ဗီ ရှင့်သူငယ်ချင်းက အဲဒီ အစားထိုးကို အရင်က မြင်ဖူးလား" သူမက ထူးဆန်းသော မျက်နှာပေးဖြင့် မေးလိုက်သည်။
"မမြင်ဖူးဘူး" အိုင်ဗီက ခေါင်းခါပြသည်။ သူမ၏ အချက်ကို ပိုခိုင်လုံစေရန်အတွက် "အဲဒီလူက တခြား ဘယ်မိန်းကလေးကိုမှ လှည့်မကြည့်ဖူးဘူး" ဟုပင် ထပ်ပြောလိုက်သေးသည်။
သူမသည် ပက်ထရစ်ရှာက ဆိုင်းလပ်စ်ကို လူယုတ်မာဟု ထင်သွားမည်ကို စိုးရိမ်နေမိသည်။
"ရှင်ကော အဲဒီလူနဲ့ အစားထိုးကို အတူတူရှိနေတာ မြင်ဖူးလို့လား" မာသာက အမှန်တရားနှင့် နီးကပ်နေပြီဟု ခံစားရသဖြင့် ဆက်မေးလိုက်သည်။
အိုင်ဗီ မှင်သက်သွားပြီး ခေါင်းခါလိုက်မိကာ သူမ၏ မျက်နှာမှာ မှောင်ကျသွားသည်။ ပက်ထရစ်ရှာက သူမကို လှည့်စားခဲ့တာလား အဲဒီဇာတ်လမ်းက အစကတည်းက အလိမ်အညာလား
"ရှင်က အဲဒီအစားထိုးက လိမ်နေတယ်လို့ သံသယရှိတာလား" အိုင်ဗီက သံသယရှိသော လေသံဖြင့် မေးလိုက်သည်။
"ဟင်း... အဲဒါက ရှင် အဲဒီအစားထိုးနဲ့ ဘယ်နေရာမှာ အရင်ဆုံး ဆုံခဲ့တာလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်" မာသာ မေးလိုက်စဉ် သူမ၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။
"အဲဒီလူရဲ့ အစ်မအိမ်မှာပါ" အိုင်ဗီက အလျင်အမြန် ပြန်ဖြေလိုက်ရာ သူမ၏ ရင်ခုန်သံမှာ မြန်လာပြီး ဝမ်းသာစိတ်များ ဖြစ်ပေါ်လာသည်။
'အထက်လူကြီးရဲ့ ယောက်မလောင်းပေါ့... သိပြီ။ ပက်ထရစ်ရှာ ထွက်သွားပြီးတဲ့နောက်မှာ မအိုင်ဗီက စိတ်ညစ်နေတာ ဒါမှမဟုတ် အနိုင်ကျင့်ခံရတဲ့ ပုံစံမျိုး မပေါက်ဘဲ... သူ့အမှားသူ သိသွားတဲ့ ပုံစံမျိုး ဖြစ်နေတာပဲ...'
အစားထိုး တစ်ယောက်က 'ဖြူစင်တဲ့ လမင်းလေး'ဆီကို လာပြီး သူမရဲ့ အမှားကို သိအောင် ရဲရဲတင်းတင်း လာပြောတယ်ဆိုတာ... ဒါက...
မာသာ၏ မျက်လုံးများ ပြူးသွားပြီး အိုင်ဗီကို သနားစရာသတ္တဝါလေးတစ်ကောင်လို ကြည့်လိုက်မိသည်။
'ဒီလောက်အထိ အကွက်ချ စီစဉ်တတ်တဲ့ ယောက်ျားနဲ့ဆိုရင်တော့... အထက်လူကြီးတော့ အရိုးတောင် ကျန်ပါ့မလားမသိဘူး'