← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း ၁၇၃ - အိုင်ဗီနဲ့ အိပ်ဖို့လား

"ရှင့်သူငယ်ချင်းက အဲဒီလူကို ချစ်သလား" မာသာက မေးလိုက်သည်။ အဖြေတစ်ခု မပေးခင်မှာ သူမ၏ အထက်လူကြီးသည် အတင်းအကျပ် ခံထားရခြင်း သို့မဟုတ် မှားယွင်းသော သံယောဇဉ်မျိုး ဖြစ်နေမှာကို သူမ သေချာအောင် လုပ်ချင်နေခြင်း ဖြစ်သည်။

"ချစ်တာပေါ့" အိုင်ဗီ၏ အဖြေမှာ အလွန်ပင် မြန်ဆန်လှသည်။ ဆိုင်းလပ်စ်အပေါ်ထားရှိသော သူမ၏ ခံစားချက်ကို သူမ တစ်ခါမှ မသံသယဖြစ်ဖူးပေ။

"ဒါဆိုရင်တော့... ကျွန်မမှာ အဖြေရှိပါတယ်"

"ဘာလဲ" အိုင်ဗီက မေးလိုက်သည်။ ထိုခဏတွင် သူမသည် မာသာ၏ ဦးနှောက်ထဲသို့ ခုန်ဝင်ပြီး ဘာတွေတွေးနေသလဲဆိုတာကို ကြည့်ချင်စိတ်ပင် ပေါက်သွားမိသည်။

မာသာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး "အဆင့် (၁) - ရှင့်သူငယ်ချင်းကို အဲဒီလူကို သူမဘက်ပါလာအောင် မြူဆွယ် ခိုင်းလိုက်ပါ"

'တောင်းပန်ပါတယ် အထက်လူကြီး... ရှင့်နဲ့ စကားပြောပြီးတဲ့နောက် ရှင့်ရဲ့ EQ က ဒီလောက်အထိ နိမ့်နေမှန်း မသိခဲ့ရင် ကျွန်မ ဒီလို အစွန်းရောက်တဲ့ နည်းလမ်းမျိုး သုံးမှာ မဟုတ်ပါဘူး'

မာသာသည် ရိုးအီနေသော ဝတ္ထုများစွာကို ဖတ်ဖူးထားသဖြင့် တစ်ခုကို ကောက်ချက်ချနိုင်သည်။ ဇာတ်လိုက်မနှင့် ဇာတ်လိုက်တို့သည် နားလည်မှုလွဲတာတွေကို ရှင်းလင်းပြီး နောက်တစ်ဆင့်တက်ဖို့ဆိုလျှင် ၃ နှစ်လောက် နားလည်မှုလွဲ ၅ နှစ်လောက် ခွဲခွာနေပြီးမှ ဖြစ်တတ်ကြသည်။

အဲဒီလို အချိန်ဖြုန်းနေမည့်အစား အိုင်ဗီအနေဖြင့် အဆင့်အားလုံးကို ကျော်ဖြတ်ပြီး အချစ်နယ်ကျွန်းဆီသို့ တိုက်ရိုက်ရောက်သွားတာက ပိုကောင်းလိမ့်မည်။

"ဒါပေမဲ့... အဲဒါက..." အိုင်ဗီသည် ဘာမှားနေသလဲဆိုတာကို ထောက်ပြဖို့ စကားလုံး မရှာနိုင်ဖြစ်နေသည်။ ဆိုင်းလပ်စ်ကို မြူဆွယ်ဖို့လားဒါပေမဲ့... သူက စေ့စပ်တော့မှာ မဟုတ်လား ပြီးတော့ သူက နောက်ဆုံးတော့ ပျော်ရွှင်နေပြီလေ... သူမသာ အခု ဝင်ရှုပ်လိုက်ရင် သူ ပြန်ပြီး ဝမ်းနည်းသွားမှာ မဟုတ်ဘူးလား

"မအိုင်ဗီ ကျွန်မပြောတာကို နားထောင်ပါဦး။ ဖြစ်နိုင်တာက အဲဒီလူက ရှင့်သူငယ်ချင်းအပေါ် ခံစားချက် ရှိနေတုန်း ဖြစ်မှာပါ ဘာပဲဖြစ်ဖြစ် ချစ်ရတဲ့သူကို ၃ ရက်အတွင်း ဘယ်သူက မေ့နိုင်မှာလဲ စေ့စပ်ပွဲဆိုတာကလည်း... သူတို့နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် ချစ်နေကြတာမှ မဟုတ်တာ တစ်ယောက်က အစားအသောက်နောက် လိုက်တာ နောက်တစ်ယောက်ကတော့ မှားယွင်းတဲ့ အချစ်နောက် လိုက်နေတာပဲလေ"

"ဒါပေမဲ့ အစားထိုးက..." အိုင်ဗီ နှုတ်ခမ်းကို ကိုက်ထားမိသည်။ အမှန်အတိုင်းပြောရလျှင် သူမသည် ပက်ထရစ်ရှာကို မနှစ်သက်သော်လည်း ထိုအမျိုးသမီးအပေါ် ကလဲ့စားချေဖို့တော့ တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။

ပက်ထရစ်ရှာသာ ဆိုင်းလပ်စ်ကို ဒီနှစ်တွေတစ်လျှောက်လုံး တကယ်ချစ်ပြီး စောင့်စားခဲ့တာဆိုရင်... သူမက အိုင်ဗီထက် ပိုပြီး ဆိုင်းလပ်စ်နဲ့ ထိုက်တန်နေမှာပေါ့...

အိုင်ဗီ၏ မျက်နှာပေါ်မှ စိတ်ပျက်အားငယ်မှုနှင့် ဝေခွဲမရဖြစ်နေမှုများကို မြင်လိုက်ရသောအခါ မာသာ အသက်ပြင်းပြင်း ရှူလိုက်မိသည်။

'အမှန်တရားကို သိသွားတဲ့အခါ မအိုင်ဗီက ငါ့ကို ဓားနဲ့ လိုက်ခုတ်တော့မှာပဲ... ဒါပေမဲ့ အခုက တွန့်ဆုတ်နေရမယ့် အချိန်မဟုတ်ဘူး'

ရဲရင့်သော စစ်သားတစ်ဦးကဲ့သို့ပင် မာသာက ဆက်ပြောလိုက်သည်။

"အဲဒီအစားထိုးကို နစ်နာကြေး တစ်ခုခု ပေးလိုက်လေ ဥပမာ - စခန်းမှာ အမြဲတမ်း နေထိုင်ခွင့်နဲ့ ခိုင်မာတဲ့ အလုပ်တစ်ခုပေါ့"

အိုင်ဗီသည် စားပွဲကို ခေါက်ရင်း အကြာကြီး စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။ "ကျွန်မ... ကျွန်မ စဉ်းစားကြည့်ပါဦးမယ်"

မာသာ သက်ပြင်းချလိုက်သည်။ ရောမမြို့ကြီးကို တစ်ရက်တည်းနဲ့ တည်ဆောက်ခဲ့တာ မဟုတ်ဘူးဆိုတာ သူမ သိသည်။ သို့သော် အိုင်ဗီ တွန့်ဆုတ်နေခြင်းက အနည်းဆုံးတော့ တိုးတက်မှု တစ်ခုရှိနေပြီ ဖြစ်ကြောင်း သက်သေပြနေသည်။

ထိုအတွေးဖြင့် သူမက အကြံပြုလိုက်သည် - "ကောင်းပါပြီ။ ဒါဆို ကျွန်မ သွားတော့မယ်"

အိုင်ဗီသည် မာသာ၏ ကျောပြင်ကို ဝေခွဲမရသော အကြည့်ဖြင့် စိုက်ကြည့်နေမိသည်။ အမှန်ပင်... ဤဘဝတွင် သူမသည် သတ်ဖြတ်ခြင်း ဒါမဟုတ် ကျေးဇူးတင်ခြင်း ဆိုသည့် သဘောထားနှစ်ခုသာ ရှိခဲ့ပြီး... ဤကဲ့သို့သော ဗျာများရသည့် အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးပေ။

ရုတ်တရက် သူမ၏ ညာဘက်ဘေးတွင် အဖြူရောင်အဝတ်အစားနှင့် ရွှေရောင်ဦးခေါင်းကွင်းလေး ပါသော အိုင်ဗီအသေးစားလေးတစ်ဦး ပေါ်လာပြီး နတ်သမီးလေးကဲ့သို့ အသံဖြင့် ပြောလိုက်သည် -

"အိုင်ဗီ သူတို့ကို လွှတ်ထားလိုက်ပါ။ သူတို့ကို သူတို့ဘဝနဲ့သူတို့ ပျော်ပျော်ရွှင်ရွှင် နေခိုင်းလိုက်ပါ အဲဒါကမှ မှန်ကန်တဲ့ လမ်းစဉ်ပဲ"

ဘယ်ဘက်ဘေးတွင်မူ အနက်ရောင်အဝတ်အစား အနီရောင်ဦးချိုနှင့် ခက်ရင်းခွ ကိုင်ထားသော အိုင်ဗီအသေးစားလေး တစ်ဦး ပေါ်လာပြန်သည်။ သူမက ယုတ်မာသော အမူအရာ (တကယ်တော့ ချစ်စရာကောင်းနေသည်) ဖြင့် မြှူဆွယ်သော အသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။

"အိုင်ဗီ လက်မလျှော့နဲ့ ဆိုင်းလပ်စ်က ရှင့်ကို စောင့်ပါ့မယ်လို့ အစကတည်းက ကတိပေးခဲ့တာလေ အခုက သူ့စကားတွေရဲ့ အမှန်တရားကို စမ်းသပ်ရမယ့် အချိန်ပဲ သူ့ဆီသွားပြီး ပက်ထရစ်ရှာကို မေ့ပစ်ပြီး ရှင့်ကိုပဲ လက်ထပ်ချင်လာတဲ့အထိ သူ့ကို မြူဆွယ်ပစ်လိုက်"

"ဟေ့ အဲဒါက မကောင်းတဲ့ လုပ်ရပ်ပဲလေ" နတ်သမီး အိုင်ဗီလေးက ကန့်ကွက်လိုက်သည်။

"ဘာဖြစ်လဲ ဒါက ကမ္ဘာပျက်နေတဲ့ အချိန်ပဲလေ သူ့ကို ဘယ်သူကမှ လာပြီး တရားစီရင်မှာ မဟုတ်ဘူး" မိစ္ဆာ အိုင်ဗီလေးက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ဆိုင်းလပ်စ်ရဲ့ ပျော်ရွှင်မှုကိုကော မစဉ်းစားပေးဘူးလား" နတ်သမီးလေးက အော်ပြောသည်။

"အချစ်လေးရေ... အိုင်ဗီကသာ သူ့ကို ပြုစုယုယလိုက်မယ်ဆိုရင် သူက ကမ္ဘာပေါ်မှာ အပျော်ဆုံးလူ ဖြစ်သွားမှာပါ" မိစ္ဆာမလေးက သူမ၏ လက်သည်းကို လေဖြင့် မှုတ်ရင်း ပြောလိုက်သည်။

အိုင်ဗီ: အယ်

နတ်သမီး အိုင်ဗီ: "အာ"

.........

ပက်ထရစ်ရှာသည် တာလီယာ ၏ အိမ်သို့ ပြန်ရောက်လာသည်။ သူမနောက်ကို ဘယ်သူမှ လိုက်မလာတာ သေချာအောင် လုပ်ပြီးမှ (ယခုခေတ်တွင် မမြင်ရသော စွမ်းအားရှင်များက နည်းလမ်းသစ်ဖြင့် ခိုးယူတတ်ကြသည်) ပန်းရောင်ဆံပင်တုကို ချွတ်လိုက်ပြီး ဆိုဖာပေါ်တွင် တစ်ကိုယ်လုံး တုန်ယင်စွာ ထိုင်ချလိုက်သည်။

ဆံပင်တုအောက်မှ သူမ၏ သဘာဝ အနက်ရောင် ဆံနွယ်များ ကျဆင်းလာသောအခါ သူမသည် အိုင်ဗီနှင့် လုံးဝ ကွဲပြားခြားနားသော ပုံစံ ဖြစ်သွားသည်။

နာရီဝက်ခန့် ကြာပြီးနောက် ပက်ထရစ်ရှာသည် သတ္တိပြန်မွေးကာ ဆိုင်းလပ်စ်ထံသို့ စာရိုက်လိုက်သည်။

"အလုပ်ပြီးပြီ"

ခဏရပ်ပြီးနောက် သူမ နောက်ထပ် စာတစ်စောင် ထပ်ပို့လိုက်သည်။ "ဒါက တကယ် အလုပ်ဖြစ်မယ်လို့ ရှင် သေချာရဲ့လား ကျွန်မထင်တာတော့ ရှင်ပါ ဒီပြဇာတ်မှာ ပါဝင်ပြီး ကျွန်မနဲ့အတူ သရုပ်ဆောင်တာက ပိုပြီး ယုံကြည်စရာကောင်းမယ် ထင်တယ်။"

ပက်ထရစ်ရှာသည် ဤပြဇာတ်ကို အကြာကြီး မဆွဲချင်ပေ သူမတွင် အတိတ်နိမိတ်တစ်ခု ရှိနေသည်... သူမသာ ၄ ရက်ထက် ပိုပြီး သရုပ်ဆောင်နေရမည်ဆိုလျှင် သူမ၏ ရည်းစားထက် သူမက အရင် သေသွားနိုင်ပေသည်။

အိုင်ဗီကို အမြန်လှုံ့ဆော်ပြီး အိုင်ဗီဘက်က တစ်ခုခု လုပ်လာအောင်ပဲ သူမ လိုချင်သည်။ အဲဒီအခါကျမှသာ သူမသည် ထိုကြောက်စရာကောင်းသော မျက်လုံးများရှိသည့် မိစ္ဆာမကြီးလက်ထဲမှ လွတ်မြောက်နိုင်မည် ဖြစ်သည်။

အိုင်ဗီ ‘ငါက အ့လောက်တောင်ကြောက်စရာ‌ကောင်း‌ နေလို့လာ’

"မလိုဘူး" ဆိုင်းလပ်စ်က တည်ငြိမ်စွာ စာပြန်လာသည်။

တခြားအမျိုးသမီးတစ်ဦးကို ထိတွေ့ဖို့ တွေးလိုက်ရုံနှင့်ပင် သူ ရွံရှာမိသည်။ ထို့ပြင် သူသာ တခြားအမျိုးသမီးတစ်ဦးနှင့် အိုင်ဗီရှေ့တွင် ပေါ်လာမည်ဆိုလျှင်... အိုင်ဗီ ဘယ်လောက်တောင် ငိုကြွေးနေမလဲဆိုတာ ဘုရားပဲ သိလိမ့်မည်... သူ အဲဒီလို မလုပ်ရက်ပေ။

တခြားလူတွေက သူ့ကို အမျိုးသမီးတစ်ဦး ငှားရမ်းသည့်အတွက် ရွံစရာကောင်းသည်ဟု ပြောကြလိမ့်မည် ဖြစ်သော်လည်း လူတစ်ယောက်သည် အကျပ်အတည်းတစ်ခုနှင့် မတွေ့မချင်း ဘာမှ လှုပ်ရှားမှာ မဟုတ်ဘူးဆိုတာ သူ သိသည်။

သူက ထောင်ချောက်ကို ခင်းထားပြီးပြီ ဖြစ်သဖြင့် နောက်ဆုံးအဆင့်ကတော့ သူ့ဇနီးလောင်းကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်လာဖို့ပဲ လိုတော့သည်။ သူမကို အတင်းအကျပ် မလုပ်နိုင်သဖြင့် ရှေ့ဆက်မတိုးခင်မှာ စိတ်ထဲက အဖုအထစ်တွေကို အရင်ရှင်းလင်းပစ်တာက ပိုကောင်းသည်။

အိုင်ဗီအနေဖြင့် အခုအချိန်မှာ သူ့ကို လာရောက်ရင်ဆိုင်ပြီး နားလည်မှုလွဲတာတွေကို ဖြေရှင်းသင့်ပြီ ဖြစ်ကြောင်း နားလည်သွားသင့်သည်။ နောက်ဆုံးတွင် သူမသည် သူမကိုယ်သူမ ကံဆိုးမဟု သတ်မှတ်ထားသည့် သံသယအားလုံးကို စွန့်လွှတ်လိုက်ရမည် ဖြစ်သည်။

ထိုအခါမှ သူ ရရှိထားသော လက်ထပ်စာချုပ်အကြောင်း အမှန်တရားကို ပြောပြမည် ဖြစ်ပြီး သူတို့နှစ်ဦး ပျော်ရွှင်စွာ ပေါင်းသင်းသွားကြမည် ဖြစ်သည်။

ပြီးပြည့်စုံသော အစီအစဉ်ပဲ

အိုင်ဗီ၏ EQ နိမ့်ပါးမှုနှင့်ပင် သူမသည် ဤအဆင့်များကို လိုက်နာလိမ့်မည်ဟု သူ ယုံကြည်သည်။

တီ

ပက်ထရစ်ရှာ ဆီမှ ရောက်လာသော စာအသစ်ကို သူ မြင်လိုက်ရသည်။

"ဒါနဲ့ တစ်ခုပြောရဦးမယ် မာသာ ဆိုတဲ့ အမျိုးသမီးက ရှင့်မိန်းမနဲ့ အိပ်ဖို့ ကြံစည်နေတယ်နော်"

ဆိုင်းလပ်စ်: !!!

အခန်း ၁၇၄ - မျိုးဗီဇပြောင်း တောဝက်

ဆိုင်းလပ်စ် တစ်ယောက် နားထဲတွင် အသံများ မြည်ဟည်းသွားသလို ခံစားလိုက်ရသည်။ သူ၏ အမူအရာမှာ တဖြည်းဖြည်း မှောင်ကျလာပြီး သွားကြိတ်ကာ စာပြန်ရိုက်လိုက်၏။

"အဲဒါ ဘယ်သူလဲ ပြီးတော့ ငါ့ရဲ့ အိုင်ဗီနားမှာ သူ ဘာလုပ်နေတာလဲ"

သဝန်တိုမှု အရှိန်အဝါမှာ အလွန်ပြင်းထန်လှသဖြင့် ဆိုင်းလပ်စ်နှင့် အဝေးကြီးမှာ ရှိနေသည့် ပက်ထရစ်ရှာပင် အနံ့ရနိုင်သည် ဆိုင်းလပ်စ်၏ အသင်းဖော်များဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။

ဟင်နရီသည် တုန်လှုပ်သွားပြီး ဆိုင်းလပ်စ်ကို ဝေခွဲမရသော အမူအရာဖြင့် ကြည့်လိုက်ကာ ထို့နောက် အခြားသူများ နားနေသည့် ယာယီစခန်းဘက်သို့ ပြန်လှည့်လာခဲ့သည်။

"ခေါင်းဆောင် စိတ်တိုနေပုံပဲ"

အေဒင် ကတော့ အသား‌ တွေကင်ရင်းကို ပခုံးတွန့်ပြလိုက်ပြီး ထိုအသားကို စကားလက် ဆီသို့ ကမ်းပေးလိုက်သည်။ စကားလက်ကတော့ ဆိုင်းလပ်စ်ကို စွဲမက်ဖွယ် အကြည့်များဖြင့် ကြည့်နေရင်း ထိုအသားကို ယူလိုက်၏။

"ဟူး... ဒီလို အချောအလှလေးကို... ငါ ဘာလို့များ စိတ်ညှို့လို့ မရတာပါလိမ့်"

စကားလက်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဂျက်က ရယ်မောရင်း လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။ "နင် ခေါင်းကို ဟိုဘက်လှည့်ပြီး အဲဒီစကားကိုပဲ ပြောလိုက်မယ်ဆိုရင်တော့ တောင်တွေကိုတောင် ရွှေ့ပစ်နိုင်မှာပါ။"

အေဒင် မျက်နှာနီသွားသော်လည်း စကားလက်ကတော့ မျက်စောင်းထိုးလိုက်သည်။ အေဒင်၏ ခံစားချက်ကို သူမ သိသည်။ သို့သော်လည်း... ယခု သူမ၏ မျက်လုံးများက ဆံပင်အရောင်မှာ အရင်းမှစ၍ ပြောင်းလဲနေသော အရပ်ရှည်ရှည် ချောမောသည့် လူငယ်လေးဆီမှာသာ ရောက်နေသည်။

ဆိုင်းလပ်စ်၏ လက်ရှိ ပုံပန်းသဏ္ဍာန်မှာ အလွန် ဆွဲဆောင်မှု ရှိလှသည်။ သူ၏ အနက်ရောင် ဆံပင်များမှာ အရင်းမှစ၍ အရောင်ပြောင်းနေပြီး တဖြည်းဖြည်း ရွှေရောင် ဖြစ်လာနေသည်။ အခြားသူများတွင်ဆိုလျှင် ဤကဲ့သို့ တစ်ဝက်တစ်ပျက် မျိုးဗီဇပြောင်းလဲမှုမှာ အရုပ်ဆိုးနေမည် ဖြစ်သော်လည်း ဆိုင်းလပ်စ်၏ ယုံကြည်မှုရှိသော အရှိန်အဝါနှင့် ချောမောသော မျက်နှာကြောင့် ထိုဆံပင်အရောင် ပြောင်းလဲမှုက သူ့ကို ပို၍ ဆွဲဆောင်မှု ရှိစေသည်။

သူသည် အလွန် ချောမောလှသဖြင့် အဖွဲ့အတွင်းရှိ အမျိုးသမီးအားလုံးမှာ သူ့ကို အားကျခြင်း သို့မဟုတ် စိတ်ဝင်စားခြင်း တစ်မျိုးမျိုး ရှိခဲ့ကြသည်။

ကိုးလ် သည် ဆိုင်းလပ်စ်၏ တိုက်ခိုက်ရေး စွမ်းရည်ကို အားကျသည်။ အမီလီယာ မှာလည်း ဆိုင်းလပ်စ်အပေါ် တစ်ခါက စိတ်ဝင်စားမှု အနည်းငယ် ရှိခဲ့သော်လည်း ဟင်နရီကို ချစ်မိသွားချိန်တွင် ထိုစိတ်မှာ ပျောက်ကွယ်သွားခဲ့သည်။ အေရီရယ် ကတော့ သူတို့ ပထမဆုံး ဆုံတွေ့စဉ်က ဆိုင်းလပ်စ်ကို တကယ်ပဲ စွဲမက်ခဲ့ကြောင်း ဝန်ခံထားသည်။

သို့သော်လည်း ဆိုင်းလပ်စ်သည် အိုင်ဗီနောက်သို့ ပေါ်ပေါ်တင်တင်ကော မသိမသာပါ လိုက်နေသည်ကို မြင်သောအခါ ထိုစွဲမက်မှုမှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ အားလုံးက ရှေ့ဆက်သွားနိုင်ခဲ့ကြသော်လည်း... သူမ စကားလက် ကတော့ လက်မလျှော့နိုင်ခဲ့ပေ။

ဘာကြောင့်လဲ အိုင်ဗီသည် မည်မျှ မထိုက်တန်ကြောင်း သူမ မြင်တွေ့ထားရသောကြောင့် ဖြစ်သည်။ အိုင်ဗီသည် ဆိုင်းလပ်စ်၏ ဆယ်ပုံတစ်ပုံကိုတောင် မမီနိုင်သဖြင့် သူမ လက်မလျှော့ချင်ခြင်း ဖြစ်သည်။

တစ်နေ့တွင် အိုင်ဗီ၏ မစွမ်းဆောင်နိုင်မှုကို သိရှိသွားပြီးနောက် ဆိုင်းလပ်စ်တစ်ယောက် အိုင်ဗီကို လုံးဝ လက်လျှော့သွားလိမ့်မည်ဟု သူမ မျှော်လင့်နေခဲ့သည်။ သို့သော် နှစ်အတော်ကြာလာသည်အထိ ဆိုင်းလပ်စ်က မျက်စိကန်းနေတာလား ဒါမှမဟုတ် အိုင်ဗီက စုန်းမလားဆိုသည်ကို စကားလက် တွေးတောနေမိသည်။

အေးစက်သော လေညင်းတစ်ချက် စကားလက်၏ ပါးကို ဖြတ်တိုက်သွားသဖြင့် သူမ သတိပြန်ဝင်လာသည်။ ထိုအခါမှ အေဒင်က သူမကို စိုက်ကြည့်နေသည်ကို သတိထားမိသွား၏။ ထိုစူးရှသော အကြည့်ကြောင့် သူမ၏ ရင်ခုန်သံ မြန်သွားပြီး ပါးပြင်များလည်း တဖြည်းဖြည်း ပူတက်လာသည်။

မှိန်ပျပျ လမင်းအောက်တွင် ပုပ်သိုးနေသော လက္ခဏာများ ပြနေသည့် စိမ်းစိုသော တောအုပ်ကြီးဖြင့် ဝန်းရံထားစဉ်၊ ချောမောသော မျက်နှာထား၊ ဖြောင့်စင်းသော နှာတံနှင့် ဆာလောင်မွတ်သိပ်နေသော မျက်ဝန်းများဖြင့် သူမကို စိုက်ကြည့်နေသည့် အမျိုးသားတစ်ဦး... ဘယ်သူက ရင်မခုန်ဘဲ နေနိုင်မှာလဲ။

၎င်းမှာ အချစ်ဝတ္ထုထဲမှ အခန်းတစ်ခန်းကဲ့သို့ပင်...

'မဟုတ်ဘူး... ငါ ချစ်တာ ဆိုင်းလပ်စ်ကိုလေ... ဒါက တိုက်ဆိုင်မှုတစ်ခုပဲ' စကားလက်သည် သူမ၏ ရင်ဘတ်ကို ပုတ်ရင်း ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။

အေဒင်သည် စကားလက်၏ တုံ့ပြန်မှုကြောင့် စိတ်ပျက်သွားပြီး ဆိုင်းလပ်စ်ကို ရှုပ်ထွေးသော ခံစားချက်များဖြင့် မသိမသာ ကြည့်လိုက်မိသည်။ မနာလိုမှု မနာလိုမှုနှင့်အတူ အားကျမှုတို့ပင် ဖြစ်သည်။

မနာလိုဖြစ်ရသည်မှာ စကားလက်၏ အချစ်ကို ဆိုင်းလပ်စ် ရရှိထားသောကြောင့်ဖြစ်ပြီး အားကျရသည်မှာမူ အိုင်ဗီက ဆိုင်းလပ်စ်ကို အကြိမ်ကြိမ် ငြင်းပယ်နေသော်လည်း သူသည် ခိုင်ခိုင်မာမာရှိနေပြီး ဝမ်းနည်းမှု တစ်စုံတစ်ရာမျှ မပြသသောကြောင့် ဖြစ်သည်။

"ဟေ့ စကားလက်၊ ငါပြောတာ အဲဒီဘက် မဟုတ်ဘူး ငါ့စကား နားထောင်ပြီး အေဒင်နဲ့ပဲ တွဲလိုက်ပါတော့ ဘာလို့လဲဆိုတော့ ငါကြည့်ရသလောက် ဆိုင်းလပ်စ်နဲ့ အိုင်ဗီက ပေါင်းဖြစ်ကြမှာပဲ ဟင်နရီတောင် အခု အိုင်ဗီကို ဆားနတ်သမီး လို့ ခေါ်ပြီး ကြည်ညိုနေပြီလေဟူး... ငါက သူ့ကို ဘာလို့လဲလို့ မေးပေမဲ့ သူက ပြန်မဖြေဘူး ဘာပဲဖြစ်ဖြစ် စကားလက်ရယ်၊ ရင့်ရင့်ကျက်ကျက်နဲ့ လက်လျှော့လိုက်ပါတော့... ဟင်ဘာလို့ အားလုံး ငြိမ်သွားကြတာလဲ"

အေရီရယ်သည် သူမ၏ အစ်ကိုကြောင့် တင်းမာသွားသော လေထုကို သိရှိသဖြင့် လက်ကို မြှောက်ကာ ဂျက်၏ ခေါင်းကို ရိုက်လိုက်သည်။

ဂျက်: ဟာ ဘာလို့ ငါ့ကို ရိုက်တာလဲ

ဟင်နရီမှာ ပြောစရာ စကားမဲ့သွားပြီး ခေါင်းခါလိုက်သည်။ "ငါ့အဖွဲ့ထဲမှာ ငါ့အပြင် သေလမ်းရှာတဲ့လူတွေ ရှိသေးတာပဲလား အမီလီယာက ငါ့ကို အူတူတူလို့ ခေါ်တယ် တကယ်တော့ ငါတို့ထဲမှာ ဂျက်က အထုံဆုံးပဲဆိုတာ ရှင်းနေတာပဲ"

ရှဲရှဲ... ရှဲရှဲ...

"အဲဒါ ဘာအသံလဲ" ဂျက်က မျက်မှောင်ကြုတ်ကာ အကာအကွယ်ပေးမည့် အနေအထား ပြင်လိုက်သည်။ အခြားအသင်းသားများလည်း တိုက်ခိုက်ရေး အနေအထား ပြင်လိုက်ကြ၏။

ဝေါ့

တောဝက်နှင့် ဆင်တူသော ကြောက်မက်ဖွယ် သတ္တဝါကြီးတစ်ကောင်။ ၎င်း၏ အရေပြားမှာ ပုပ်သိုးနေပြီး အစိမ်းကွက်များ ဖုံးလွှမ်းနေကာ ဘေးဘက်များတွင်လည်း သွေးစိုနေသော အမာရွတ်များ ရှိနေသည်။ ပါးစပ်မှ ရှည်လျားပြီး ထက်မြက်သော အစွယ်များ ထွက်နေကာ သွားရည်များ ကျနေပြီး ၎င်း၏ တောက်ပနေသော မျက်လုံးများမှာ ဆာလောင်မွတ်သိပ်မှုဖြင့် တောက်လောင်နေသည်။

အဲ့‌တောဝက်က ယာယီစခန်းဆီသို့ ပြေးဝင်လာသောအခါ အရှိန်ကြောင့် မြေကြီးပင် တုန်ခါသွားသည်။ ကျောက်ခဲအချို့မှာ အသက်ဝင်လာသကဲ့သို့ ခုန်တက်သွားကြသော်လည်း အနီးကပ် ကြည့်မည်ဆိုလျှင် ထိုတောဝက်၏ အားအင်ကြောင့် ဖြစ်ကြောင်း သိနိုင်သည်။

ပုပ်သိုးနေသော အနံ့ဆိုးကြီး လွှမ်းမိုးလာသဖြင့် အေရီရယ်သည် နှာခေါင်းကို ရှုံ့လိုက်မိသည်။ အနံ့မှာ အလွန်ပြင်းထန်ပြီး ဖိအားပေးလွန်းလှသဖြင့် အဖွဲ့အတွင်းရှိ အမျိုးသားများပင် နှာခေါင်းကို အုပ်ထားချင်စိတ် ပေါက်သွားကြသည်။

"ကိုးလ်၊ ဟင်နရီ၊ ဘယ်ဘက်မှာ နေပါ။ အေဒင်က စကားလက်ကို အကာအကွယ်ပေး စကားလက် နင်က သူ့ရဲ့ အရွယ်အစားကို အတတ်နိုင်ဆုံး ကျုံ့ပစ်ရမယ် ဂျက် မင်း ငါ့ဘေးမှာ နေ အေရီရယ်က ငါနဲ့ ဂျက်ရဲ့ နောက်မှာ နေ။" ဆိုင်းလပ်စ်၏ မိုးကြိုးသံကဲ့သို့ ပြတ်သားသော အမိန့်သံကြောင့် အဖွဲ့သားများ၏ တင်းမာနေသော အာရုံကြောများ ပြေလျော့သွားကြသည်။

တစ်ခဏအတွင်း အားလုံးက နေရာယူလိုက်ကြသည်။ တောဝက်ကြီး အနားသို့ ကပ်လာသည်နှင့် ဆိုင်းလပ်စ်သည် လက်ကို မြှောက်လိုက်ရာ ကြည်လင်သော ကောင်းကင်ယံမှ မိုးကြိုးတစ်ချက် ပစ်ချလိုက်ပြီး တောဝက်ကို တည့်တည့် ထိမှန်သွားသည်။

"ဝါးးးးး" မျိုးဗီဇပြောင်း တောဝက်ကြီးသည် နာကျင်စွာ အော်ဟစ်လိုက်သည်။ ထိုအခါ စကားလက်က အခွင့်အရေးကို အရယူကာ တောဝက်ရှိရာသို့ လက်ကို ဆန့်ထုတ်လိုက်ပြီး ၎င်းကို သေးငယ်သွားအောင် အာရုံစိုက်လိုက်သည်။

တစ်ချိန်တည်းမှာပင် အေရီရယ်က မျက်လှည့်ပြကွက် တစ်ခု ဖန်တီးရန် ကြိုးစားနေသည်။ ဟင်နရီသည် ဂျက်နှင့် ပူးပေါင်းကာ တောဝက်ကို ရေဖြင့် ပက်လိုက်ပြီး မိုးကြိုးစွမ်းအားရှိသော ဂျက်က သူ၏ လက်မှ အားပျော့သော မိုးကြိုးများကို ထုတ်လွှတ်ကာ တောဝက်ကို တိုက်ခိုက်လိုက်သည်။

အေရီရယ် အောင်မြင်ခါနီးအချိန်မှာပင် တောဝက်ကြီးမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ နှုတ်ခမ်းပေါ်တွင် ပေါ်လာတော့မည့် အပြုံးမှာ ချက်ချင်း ပြိုလဲသွားပြီး သူမ၏ အသင်းဖော်များ၏ ကျောပြင်ကို ဝမ်းနည်းစွာ ကြည့်နေမိသည်။

'ငါက ဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ' သူမ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်နေမိသော်လည်း ဆိုင်းလပ်စ်က တောဝက်ကို စစ်ဆေးနေသည်ကို မြင်သောအခါ သူမ၏ အမူအရာကို အမြန် ပြန်ဖုံးကွယ်လိုက်သည်။

All Chapters