အခန်း (၁၇၅-၁၇၆)
Vol. 18 Ch. 175-176
အခန်း ၁၇၅ - ဗလက်ဒ်
"ဒါကို အသားဖြတ်လိုက်ကြ ဒီအသားက စားလို့ရမရဆိုတာ စစ်ဆေးဖို့အတွက် စစ်အခြေစိုက်စခန်းကို နမူနာအချို့ ပြန်ယူသွားဖို့ လိုတယ်" ဆိုင်းလပ်စ်က ပတ်ဝန်းကျင်ကို အကဲခတ်နေရင်း တောဝက်ကို ခွဲစိတ်ရန် အမိန့်ပေးလိုက်သည်။
သူတို့သည် မျိုးဗီဇပြောင်းသတ္တဝါကို ကိုင်တွယ်ရန် စွမ်းအားများကို အသုံးပြုခဲ့ကြသဖြင့် သွေးညှီနံ့များ ထွက်မလာခဲ့ပေ။ ထို့ပြင် တောဝက်မှ ထွက်နေသော အနံ့ဆိုးကလည်း ဇမ်ဘီများကို ဝေးဝေးတွင် ရှိနေစေနိုင်သည်။
သို့သော် တောဝက်၏ ကျွမ်းသွားသော အရေပြားအနံ့က တစ်စုံတစ်ဦး၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သလို၊ တောဝက်၏ နာကျင်စွာ အော်ဟစ်သံကလည်း ဇမ်ဘီအချို့ကို ခေါ်ဆောင်လာနိုင်သည်ကို ဆိုင်းလပ်စ် သိရှိနေသည်။
"သတိနဲ့နေကြ ဇမ်ဘီအချို့ ငါတို့ဆီကို ဦးတည်လာနေနိုင်တယ်" ဆိုင်းလပ်စ်က သတိပေးလိုက်သည်။
"ဟုတ်ကဲ့" အဖွဲ့သားများက တပြိုင်နက် ပြန်ဖြေကြသည်။ ဟင်နရီက ဆိုင်းလပ်စ် တောဝက်ခေါင်းထဲမှ တူးထုတ်လိုက်သော အမြူတေကို စိုက်ကြည့်ရင်း မေးလိုက်သည်။ "ခေါင်းဆောင်၊ အဲဒါတွေက ဘာလဲ ဇမ်ဘီ အမြူတေတွေနဲ့ တူလား ဒါပေမဲ့ ဘာလို့ ဒီလောက်တောင် ကြီးနေရတာလဲ"
ဆိုင်းလပ်စ်၏ လက်ထဲရှိ အမြူတေမှာ ကလေးတစ်ယောက်၏ လက်သီးဆုပ်ခန့် ရှိပြီး ဖြူဖျော့ဖျော့ အလင်းတန်းလေးများ ထွက်နေသည်။
"ငါ့ခန့်မှန်းချက် မမှားဘူးဆိုရင် ဒါက ဟင်းလင်းပြင် အမြူတေ ပဲ။ ဒါပေမဲ့ ဇမ်ဘီတွေဆီက ရတဲ့ အမြူတေတွေထက် အားအင် ပိုများတယ်" ဟု ဆိုင်းလပ်စ်က ကောက်ချက်ချလိုက်သည်။
"အော်..." ဟင်နရီ၏ မျက်လုံးများ တောက်ပသွားသည်။ သူ နောက်ထပ် မေးခွန်းမမေးတော့ဘဲ တောဝက်ကိုသာ အာရုံစိုက်လိုက်၏။ အခြားသူအချို့ကမူ ဆိုင်းလပ်စ်နှင့် ဟင်နရီတို့ စကားပြောနေစဉ်အတွင်း ရောက်ရှိလာသော ဇမ်ဘီများကို စတင်တိုက်ထုတ်နေကြသည်။
ပတ်ဝန်းကျင်ကို ရှင်းလင်းပြီးနောက် အားလုံး ဗိုက်ဆာလာကြသည်။
ဆိုင်းလပ်စ်က သူတို့မိသားစု စုဆောင်းထားသော ခေါက်ဆွဲခြောက်ထုတ်များကို ထုတ်ပေးလိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူတို့မိသားစုမှာ ဆန် ခေါက်ဆွဲခြောက်နှင့် စည်သွပ်ဗူးများကဲ့သို့သော အခြေခံရိက္ခာအချို့ကိုသာ စုဆောင်းထားခဲ့သဖြင့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို မစားခဲ့ရသလောက်ပင်။
ခေါက်ဆွဲခြောက် တစ်ထုပ်စီ စားပြီးနောက် အဖွဲ့သားများမှာ သက်ပြင်းချရင်း အစားအသောက်အကြောင်းကို စကားစလာကြသည်။
"ကြက်သားဟင်းလေး စားချင်လိုက်တာ... ကုန်းဘောင်ကြီးကျော် မစားရတာ ကြာပြီ... ဟူး" ကိုးလ်က အိပ်မက်ယောင်သလို ရေရွတ်လိုက်သည်။
"ဟင်းသီးဟင်းရွက် ပေါင်းဟင်း... အဲဒါလေး... ကမ္ဘာပျက်တော့မယ်မှန်းသာ ကြိုသိရင် အဲ့စည်သွပ်ဗူးတွေ အများကြီး ဝယ်ထားမိမှာ" အမီလီယာက စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။
"ပီဇာ ငါ ပီဇာ လိုချင်တယ်" စကားလက်က စိုးရိမ်တကြီး တောင့်တနေသည်။
"ငါကတော့ ငါးဟင်း ငါးကြော်၊ ငါးတစ်ကာ၊ ဆယ်လ်မွန်ကင်၊ ငါးဥ... အား ရူးတော့မှာပဲ" ဂျက်က စိတ်ပျက်လက်ပျက်ဖြင့် ဆံပင်များကို ထိုးဖွနေတော့သည်။
အေဒင်ကတော့ ဝင်မပြောသော်လည်း သူကိုယ်တိုင်လည်း သူ့စားဖိုမှူး လုပ်ပေးလေ့ရှိသည့် ပရိုတင်းဓာတ်မြင့်မားသော အသုပ်များကို စားချင်နေမိသည်။ သူက ကျန်းမာရေးအတွက် အစားအသောက်ကို အထူးဂရုစိုက်သူဖြစ်သဖြင့် အသုပ်ကောင်းကောင်း လုပ်တတ်သည့် စားဖိုမှူးတစ်ဦးကို ငှားရမ်းထားခဲ့ဖူးသည်။
အေရီရယ်ကတော့ ဟင်းသီးဟင်းရွက် စွပ်ပြုတ်ကို သောက်ချင်နေသည်။ အေးစက်သော ရာသီဥတုတွင် သူမသည် ဟင်းသီးဟင်းရွက် စွပ်ပြုတ်၊ အသားစွပ်ပြုတ်များနှင့် ဝိုင်တို့ကို ပို၍ နှစ်သက်သည်။ သူမသည် စွပ်ပြုတ်ကို အလွန်အမင်း နှစ်သက်သူဖြစ်သည်။
သူတို့၏ တောင့်တမှုများကို ကြားသောအခါ ဆိုင်းလပ်စ်သည် အိုင်ဗီ ချက်ပေးခဲ့သော ငါးဟင်းကို သတိရသွားပြီး တံတွေးမြိုချလိုက်မိသည်။ အိုင်ဗီ၏ လက်ရာမှာ တကယ်ကို ကောင်းမွန်လှသည်။ ၎င်းတွင် ကျွမ်းကျင်သူတစ်ဦး၏ အငွေ့အသက်မျိုး ပါရှိသည်။
သူ့ကိုယ်သူ ဟင်းချက်တတ်သည်ဟု ဆိုသော်လည်း သူ၏ လက်ရာမှာ အိမ်ချက်အရသာမျိုးသာ ရှိသည်။
ရုတ်တရက် အိုင်ဗီ၏ ပိန်ပါးသော ကိုယ်လုံးလေးကို သတိရသွားပြီး သူ စိုးရိမ်လာသည်။
'သူ ထမင်းမှန်မှန် စားရဲ့လားမသိဘူး... တကယ်လို့ သူ စိတ်မကောင်းဖြစ်ပြီး ထမင်းမစားဘဲ နေနေရင် ဘယ်လိုလုပ်မလဲ မဖြစ်ဘူး အဲဒါတော့ မကောင်းဘူး။ ဒီအစီအစဉ်ကို ဆက်မလုပ်တော့ဘူး။ သူ့ကို ထမင်းမစားနိုင်တဲ့အထိ နှိပ်စက်မိမှာကို ငါ မလိုလားဘူး'
ဆိုင်းလပ်စ်သည် သူ၏ အစီအစဉ်အတွက် နောင်တရလာသည်။ သူသည် အိုင်ဗီကို ပို၍ ထိရောက်စွာ ကာကွယ်ပေးနိုင်ရန်အတွက် သူမကို သူနှင့် ပိုမိုနီးကပ်လာစေချင်သော်လည်း၊ နောက်ဆုံးတွင် သူမ တစ်နပ်လောက် ထမင်းငတ်သွားမည်ဆိုလျှင် သူ၏ အစီအစဉ်မှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
'ပြန်ရောက်တာနဲ့ အမှန်အတိုင်း အကုန်ပြောပြလိုက်တာ ပိုကောင်းမယ်။'
ထိုအတွေးဖြင့် ဆိုင်းလပ်စ်သည် ပက်ထရစ်ရှာထံ စာပို့ကာ အစီအစဉ်မှ လုံးဝနုတ်ထွက်ရန်နှင့် တာလီယာထံမှ လစာကို ယူရန် ပြောလိုက်သည်။ တာလီယာထံသို့လည်း စာတစ်စောင် ချန်ထားခဲ့ပြီးနောက် သူ၏ ဖုန်းကို သိမ်းလိုက်တော့သည်။
"ငါတို့ မကြာခင်မှာ ဘရိုချေးလ် တောင်တန်းဒေသကို ရောက်တော့မယ်၊ အဲဒီမှာ ကားကို ထားခဲ့ရမယ် ရိက္ခာသိုလှောင်ရုံဆီကို ခြေလျင်သွားဖို့ ၄ ရက်လောက် ကြာလိမ့်မယ် ဒါကြောင့် လိုအပ်တာတွေ ပြင်ဆင်ထားကြ လေးလံတာတွေ မသယ်နဲ့ ပေါ့ပါးတဲ့ လက်နက်တွေကိုပဲ အာရုံစိုက်ပြီး ကာကွယ်ရေးဝတ်စုံတွေကို ဝတ်ထားကြပါ ဗလက်ဒ် ရောက်လာတာနဲ့ ရိက္ခာသိုလှောင်ရုံတွေဆီကို ငါတို့ ထွက်ခွာကြမယ်" ဆိုင်းလပ်စ်က ညွှန်ကြားလိုက်သည်။
ဗလက်ဒ်သည် ဆိုင်းလပ်စ်နှင့် အဆက်အသွယ်ရှိသော အငြိမ်းစား စစ်သားတစ်ဦးဖြစ်ပြီး ကမ္ဘာပျက်ပြီးနောက်တွင် ဟင်းလင်းပြင် စွမ်းအား ကို ရရှိခဲ့သူဖြစ်သည်။
ဆိုင်းလပ်စ်သည် စစ်တပ်မှ မည်သူ့ကိုမျှ မယုံကြည်သဖြင့် ဟင်းလင်းပြင် စွမ်းအားရှင်များကို ခေါ်မလာခဲ့ဘဲ ဗလက်ဒ်ကိုသာ အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။
"ဗလက်ဒ် ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ" ဟင်နရီက စိုးရိမ်တကြီး မေးလိုက်သည်။ ဇမ်ဘီတွေ လွှမ်းမိုးနေတဲ့ အချိန်မှာ တောထဲမှာ နေရတာက သေတွင်းထဲ ဆင်းနေတာနဲ့ တူသော်လည်း သူတို့မှာ ရွေးချယ်စရာ မရှိပေ။
ဘရိုချေးလ် တောင်တန်းဒေသအနီးတွင် ငလျင်လှုပ်ခတ်ထားသဖြင့် လမ်းများမှာ ပျက်စီးနေသည်။ ယခုအခါ တောလမ်းကိုသာ အသုံးပြုနိုင်တော့ပြီး ထိုလမ်းမှာလည်း ထိခိုက်မှုများရှိသော်လည်း ပင်မလမ်းမကြီးလောက်တော့ မဆိုးရွားပေ။
"သန်းခေါင်ယံလောက်ဆို ရောက်မှာပါ" ဆိုင်းလပ်စ်က ဗလက်ဒ်နှင့် နောက်ဆုံးပြောထားသော စကားများကို အခြေခံ၍ ခန့်မှန်းပြောဆိုလိုက်သည်။
"ဟင်နရီ ငါ မင်းကို မေးစရာရှိတယ်" ဂျက်က ပြောလိုက်ရာ ဟင်နရီက ဆက်ပြောရန် မျက်ခုံးပင့်ပြလိုက်သည်။
"တောင်တွေကသာ စကားပြောတတ်ရင် ဘာပြောမယ် ထင်လဲ" သူက လျှို့ဝှက်ဆန်းပြားစွာ မေးလိုက်သည်။
ဟင်နရီက ကြောင်သွားပြီး "ဘာလဲဟ" ဟု မေးလိုက်၏။
"Bro, chill! (ဟေ့လူ... အေးအေးဆေးဆေး နေစမ်းပါ) ဟားဟား" ဂျက်က ရယ်မောလိုက်သည်။
(မှတ်ချက် - တောင်အမည် Brochill နှင့် အေးဆေးနေရန်ပြောသည့် Bro, chill ကို စကားကစားထားခြင်းဖြစ်ပါသည်။)
အခြားသူများ: "..." ဝါး... တကယ်ကို အပေါစား ဟာသပဲ။
..............
ဆိုင်းလပ်စ်၏ မစ်ရှင်အကြောင်းကို မသိရှိသော အိုင်ဗီသည် သူမ၏ စခန်းကို ပိုမိုလုံခြုံအောင် တည်ဆောက်ရေးကိုသာ အဓိက အာရုံစိုက်နေသည်။
စစ်သားများကို ငှားရမ်းပြီး ရေနှင့် ရိက္ခာကိုလည်း သတ်မှတ်ပြီးပြီ ဖြစ်သဖြင့်၊ ယခုအခါ သူမသည် တပ်ဆင်ရန်နှင့် သိုလှောင်ရန် လိုအပ်သည့် လျှပ်စစ်ပစ္စည်းများကို အာရုံစိုက်လိုနေသည်။
သူမသည် သဘာဝဘေးအန္တရာယ်များအကြောင်းကို သိရှိသော်လည်း အခြားသူများကမူ မသိကြပေ။ သူတို့အတွက်မူ ကမ္ဘာပျက်ချိန်တွင် လျှပ်စစ်မီးများ တဖြည်းဖြည်း ပြတ်တောက်နေသဖြင့် လျှပ်စစ်ပစ္စည်းများသည် အသုံးမဝင်ဆုံးအရာများ ဖြစ်နေသည်။
အစားအသောက်က အကြီးမားဆုံး လိုအပ်ချက် ဖြစ်နေချိန်တွင် ဘယ်သူက လျှပ်စစ်ပစ္စည်းများကို စုဆောင်းနေမှာလဲ။
သို့သော် အိုင်ဗီတွင်မူ သူမ၏ ဟင်းလင်းပြင်သိုလှောင်ခန်းထဲတွင် နေရာလွတ်များစွာ ရှိနေသလို အကန့်အသတ်မရှိသော အစားအသောက် ရိက္ခာများလည်း ရှိနေသဖြင့် ၎င်းတို့ကို စုဆောင်းရန် စိတ်ကူးရှိသည်။ သူမ၏ စခန်းသည် တဖြည်းဖြည်း ကြီးထွားလာမည်ဖြစ်ပြီး၊ ကမ္ဘာပျက်ကပ်ကြီးမှာလည်း ရာစုနှစ်တစ်ခုခန့် ကြာမြင့်နိုင်တယ်လေ
ထို့ကြောင့် စက်ကိရိယာများ အစရှိသည့် ရသမျှ ပစ္စည်းများကို သိမ်းဆည်းထားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
'ဟင်း... ငါ့ရဲ့ ရိက္ခာရှာဖွေတဲ့ စွမ်းအားက ငါ့ကို ဆေးဝါးတွေ ပေးနိုင်တယ်ဆိုရင် တစ်နေ့မှာ သံသတ္တုရိုင်းတွေကိုကော ပေးနိုင်မလား မသိဘူး’
စနစ်: ‘နင်လဲ တစ်မျိုးပြီး တစ်မျိုးတောင်းနေတော့’
အခန်း ၁၇၆ - သွေးပူလေ့ကျင့်ခန်း
အိုင်ဗီသည် အတွေးများထဲတွင် နစ်မျောနေစဉ်မှာပင် ကြောင်စီစီအမူအရာဖြင့် မတ်တပ်ရပ်လိုက်မိပြီး သူမ၏ ရိက္ခာရှာဖွေရေးစွမ်းအား တစ်ကျော့ပြန် အသက်ဝင်လာသည်ကို သတိပြုမိလိုက်သည်။
ဤတစ်ကြိမ်တွင် သူမ အဝေးကြီး လျှောက်သွားစရာ မလိုဘဲ စခန်း၏ ထောင့်တစ်နေရာတွင် ပေါ်လာသည်။ ထိုနေရာသည် အနည်းငယ် ဆိတ်ငြိမ်ပြီး လူသူအရောက်အပေါက် နည်းသော်လည်း အိုင်ဗီသည် မည်သည့်စွန့်စားမှုကိုမျှ မလုပ်လိုပေ။
တစ်ခုတည်းသော ကံကောင်းသည့်အချက်မှာ ထိုရိက္ခာများကို အိုင်ဗီတစ်ယောက်တည်းသာ မြင်နိုင်ခြင်းဖြစ်သည်။ မကြာမီ အချိန်မှတ်နာရီ ပေါ်လာပြီး ၂၀ မိနစ်ဆိုသည့် အချိန်ကို မြင်လိုက်ရသောအခါ အိုင်ဗီ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။
မကြာခင်မှာ ဤအချိန်သည် မိနစ် ၃၀ အထိ တိုးလာတော့မည်။ နောက်တစ်လခန့် ကြာလျှင် သူမ၏ စွမ်းအားများ အဆင့်တက် တော့မည်ဟု သူမ ခံစားနေရသည်။
အချိန်စတင်သည်နှင့် အိုင်ဗီသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ရိက္ခာများအပေါ် အာရုံစိုက်လိုက်သည်။
'အို... ကြက်သွန်ဖြူတွေပဲ...'
ရိုကမ်ဘိုး ကြက်သွန်ဖြူ ၃၀၀ ဂရမ်လား ကောက်လိုက်ပြီ။
ခရမ်းရောင် ကြက်သွန်ဖြူ ၂၅၀ ဂရမ် လား။ ကောက်လိုက်ပြီ။
နွေဦး ကြက်သွန်ဖြူ ၄၀၀ ဂရမ်လား။ ကောက်လိုက်ပြီ။
ချက်စနော့ အနီရောင် ကြက်သွန်ဖြူ ၃၀၀ ဂရမ်လား။ ကောက်လိုက်ပြီ!
ပေါ်စလိန် ကြက်သွန်ဖြူ ၂၀၀ ဂရမ်? ကောက်လိုက်ပြီ။
ကြက်သွန်ဖြူအနက် အင်ချီလီယမ် အနီရောင် ကြက်သွန်ဖြူ၊ ပန်းရောင် ကြက်သွန်ဖြူ၊ ပါရှားကြယ် ကြက်သွန်ဖြူ၊ ဂီတ ကြက်သွန်ဖြူ၊ ဂျာမန် အဖြူရောင် ကြက်သွန်ဖြူ၊ ခရီယိုး ကြက်သွန်ဖြူ၊ အာတီချုတ် ကြက်သွန်ဖြူနှင့် ဆင်ကြက်သွန်ဖြူများ...
ကြက်သွန်ဖြူ ကီလိုဂရမ် ၄၀၀ ခန့် ကောက်ယူပြီးသောအခါ အချိန်ပြည့်သွားပြီး အိုင်ဗီသည် မြေပြင်ပေါ်သို့ ခွေခနဲ လဲကျသွားသည်။ သူမ၏ ခံနိုင်ရည်မှာ များစွာ တိုးတက်လာပြီ ဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ်မှာ အာဟာရချို့တဲ့မှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရဆဲ ဖြစ်သည်။
ယခင်ဘဝတုန်းက သူမ၏ မိသားစုအရင်းများနှင့် ဆုံတွေ့ခဲ့စဉ်က သူတို့က သူမကို ဂရုတစိုက် ပြုစုပေးခဲ့သဖြင့် ကိုယ်အလေးချိန် မတက်လာသော်လည်း ကျန်းမာရေးမှာ သိသိသာသာ ကောင်းမွန်လာခဲ့သည်။
'ဟင်း... အခု သူတို့ ဘယ်မှာ ရှိနေကြမလဲ သူတို့ အဆင်ပြေပြေ ရှိနေကြဖို့ မျှော်လင့်ပါတယ်။ ဆိုင်းလပ်စ်ဆီကနေ သူတို့ရဲ့ သတင်းအစအနလေးတွေ မကြာခင် ကြားရဖို့ မျှော်လင့်ပါတယ်' ဟု သူမ တွေးလိုက်မိစဉ် မျက်ဝန်းများတွင် ဝမ်းနည်းရိပ်များ ယှက်သန်းသွားသည်။
သူမ မတ်တပ်ရပ်လိုက်ပြီး ဖုန်များကို ခါလိုက်ကာ စခန်း၏ အဝင်ဝဆီသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။ လွန်ခဲ့သော အပတ်အတွင်း အိုင်ဗီသည် စခန်းပတ်ဝန်းကျင်ရှိ ဇမ်ဘီများကို ရှင်းလင်းသည့်အလုပ်ကို တစ်ရက်မျှ မရပ်နားခဲ့ပေ။
နောက်ပိုင်းတွင် စခန်းကို ထပ်မံချဲ့ထွင်ရမည် ဖြစ်သဖြင့် အိုင်ဗီသည် အခွင့်အရေးကို အရယူကာ အနီးနားရှိ ဧရိယာများမှ ဇမ်ဘီများကိုပါ ရှင်းလင်းရန် ကြိုးစားနေခဲ့သည်။
သူမ၏ ဟင်းလင်းပြင်သိုလှောင်ခန်း ထဲတွင် အမြူတေ အမြောက်အမြား စုဆောင်းမိနေပြီး အိုင်ဗီသည် ၎င်းတို့ကို သူမ၏ ကျင့်စဉ် အတွက် အသုံးပြုသည်။ စုစုပေါင်း အမြူတေ ၃၀,၀၀၀ နီးပါး ရှိနေပြီ ဖြစ်သည်။
"သူ နောက်တစ်ခေါက် ထွက်သွားပြန်ပြီလား" အသစ်တည်ဆောက်ထားသော မြားပစ်စင် ပေါ်တွင် ရပ်နေသည့် လူကပ်စ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
စခန်းရှိ စစ်သားများကို အိုင်ဗီက ကိုယ်တိုင် လေ့ကျင့်ပေးထားခြင်း ဖြစ်သည်။ သေနတ်ပစ်ခြင်းမှသည် ကိုယ်ခံပညာအထိ အိုင်ဗီသည် အရာအားလုံးတွင် ကျွမ်းကျင်သူ ဖြစ်သည်။ အိုင်ဗီကို နည်းပြအဖြစ် ပထမဆုံး စတင်တွေ့ဆုံခဲ့စဉ်က သူတို့အားလုံး ဘယ်လောက် ရယ်ချင်စရာ ကောင်းသည်ဟု ထင်ခဲ့ကြသည်ကို ယခုတိုင် မှတ်မိနေကြသေးသည်။
...................
"အားလုံးပဲ မင်္ဂလာပါ။ ကျွန်မက ရှင့်တို့ရဲ့ နည်းပြ အိုင်ဗီပါ" အိုင်ဗီသည် သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။ သူမ၏ လှပသော ပန်းရောင်ဆံနွယ်များကို ထုံးဖွဲ့ထားပြီး ရိုးရှင်းသော အနက်ရောင် တီရှပ်နှင့် အားကစားဘောင်းဘီကို ဝတ်ဆင်ထားသည်။
အဖွဲ့ခေါင်းဆောင် လူကပ်စ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ လက်အောက်မှ စစ်သားများကလည်း အိုင်ဗီကို ဝေခွဲမရသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
သူတို့က အိုင်ဗီကို တကယ်ပဲ အထင်သေးနေကြခြင်း မဟုတ်ပါ... သို့သော်... သူမက အလွန်ပင်... ပိန်ပါးပြီး သေးငယ်လွန်းနေသည်။ ထို့ပြင် သူမ၏ အသားအရေက နှင်းကဲ့သို့ ဖြူဖွေးနေခြင်းမှာ သူမသည် အိမ်ထဲကအိမ်ပြင် မထွက်သလောက်ပင် ဖြစ်ကြောင်း ပြနေသည့် လက္ခဏာပင်။
နေပူထဲတွင် လေ့ကျင့်နေသူတစ်ဦးသည် ဤမျှ ဖြူဖွေးနေနိုင်စရာ အကြောင်းမရှိပေ။
သူမထက် အနည်းဆုံး နှစ်ဆလောက် ပိုကြီးမားသည့် ယောက်ျားသားတွေကို သူမက ဘယ်လိုမျိုး လေ့ကျင့်ပေးမှာလဲ?
အိုင်ဗီသည် ထိုဝေခွဲမရသော အကြည့်များကို လျစ်လျူရှုကာ အမိန့်ပေးလိုက်သည် - "သွေးပူလေ့ကျင့်ခန်းကနေ စကြမယ်။ စခန်းတစ်ခုလုံးကို ၂ ပတ် ပတ်ပြေးပါ၊ ပြီးရင် ဒိုက်ထိုး အကြိမ် ၂၀၀ လုပ်ရမယ်"
အားလုံးက အိုင်ဗီကို အံ့သြတကြီး စိုက်ကြည့်လိုက်ကြသည်။ သူ ရူးနေတာလား မီတာ ၂၀,၀၀၀ ကျယ်တဲ့ စခန်းကို ၂ ပတ် ပတ်ပြေးရမယ် ဟုတ်လား အဲဒါ ကီလိုမီတာ ၄၀ မဟုတ်ဘူးလား ကားတစ်စီးတောင် အဲဒီအကွာအဝေးကို ရောက်ဖို့ နာရီဝက်လောက် မောင်းရတာ အဲဒါကို သူက သွေးပူလေ့ကျင့်ခန်းလို့ ခေါ်နေတာလား?
သို့သော် အိုင်ဗီ၏ အေးစက်သော အကြည့်နှင့် ဖိအားပေးနိုင်သော အရှိန်အဝါအောက်တွင် မည်သူမျှ မငြင်းဆန်ရဲဘဲ စတင်ခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် စစ်သားအချို့က အတင်းစပြောကြတော့သည်။
"ဟေ့... စခန်းက ဘာလို့ သူ့ကို နည်းပြအဖြစ် ငှားထားတာလဲ ကြည့်ရတာ အားနည်းမယ့် ပုံစံမျိုးကို"
ဒါကတော့ အာသာ ဖြစ်သည်။ သူသည် နေရောင်အောက်တွင် တောက်ပနေသော ကြေးနီရောင် ဆံပင်တိုရှိပြီး တိုက်ခိုက်ခြင်းထက် အတင်းပြောရသည်ကို ပိုနှစ်သက်သူ ဖြစ်သည်။
"ရှူး" အနက်ရောင်ဆံပင်နှင့် စိမ်းရင့်ရောင်မျက်လုံးများရှိသည့် ပီးယား က အာသာကို စိုက်ကြည့်ရင်း နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ တားလိုက်သည်။ "သူက ဘယ်သူလဲဆိုတာ မင်းသိလား စခန်းခေါင်းဆောင်ရဲ့ ကိုယ်စားလှယ်လေ စခန်းထဲကို ပါရမီရှင်တွေ လက်ခံတဲ့နေရာမှာ သူက အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ"
"အေးလေ... နိုင်ငံရေးအရတော့ သြဇာရှိပုံရပါတယ်၊ယ ဒါပေမဲ့ သူ့ရဲ့ အပျော်တမ်း အမိန့်ပေးပုံကို ကြားလိုက်လား? ကီလိုမီတာ ၄၀ ပြေးတာနဲ့ ဒိုက်ထိုး ၂၀၀ ကို သွေးပူလေ့ကျင့်ခန်းတဲ့ ငါ လောင်းရဲတယ် သူ နေပူထဲမှာ ၁ ကီလိုမီတာတောင် ပြေးဖူးမှာ မဟုတ်ဘူး၊ မဟုတ်ရင် အဲဒါတွေကို သွေးပူလေ့ကျင့်ခန်းလို့ ခေါ်မှာ မဟုတ်ဘူး" အာသာက ညည်းတွားလိုက်သည်။
"ဟေ့ လူလေး၊ မင်း မသိလို့ပါ၊ စစ်တပ်မှာတုန်းကတော့ ဒိုက်ထိုး ၁၀၀ ကို သွေးပူလေ့ကျင့်ခန်းအဖြစ် လုပ်ခဲ့ကြတာပဲလေ" မက်စ်ဝဲလ်က သူ၏ ဖြူဖွေးသော သွားများကို ပြကာ ပြုံးလိုက်သည်။ သူ၏ ညိုစိမ့်စိမ့် အသားအရေနှင့် ဖော်ရွေသော အပြုံးက တင်းမာနေသော လေထုကို တစ်ခဏအတွင်း ပျောက်ကွယ်သွားစေသည်။
"ငါ သိပါတယ် သိပါတယ်... ဒါပေမဲ့ သူ့ကိုတော့ မလေးစားနိုင်သေးဘူး..." အာသာက တိုးတိုးလေး ပြောလိုက်သော်လည်း နောက်တစ်စက္ကန့်တွင် တီးတိုးပြောသံများက သူ၏ အာရုံကို ဆွဲဆောင်သွားသည်။
"နေဦး နည်းပြကလည်း ငါတို့နဲ့အတူ လိုက်ပြေးနေတာလား"
"ဟေ့၊ငါ လောင်းကြေးထပ်တယ်၊ သူ ၁ ကီလိုမီတာ ပြေးပြီးရင်တင် အမောဆို့သွားမှာ"
"ငါက မီတာ ၅၀၀ ပဲ လောင်းတယ်"
"..."
အာသာ စိတ်လှုပ်ရှားသွားပြီး အော်ပြောလိုက်သည်။
"ငါကတော့ မီတာ ၇၀၀ ကျော်ရင် သူ လဲကျသွားမယ်လို့ လောင်းတယ်"
စစ်သားအားလုံး ငြိမ်ကျသွားသည်။ သူတို့ တီးတိုးပြောနေကြခြင်းမှာ အသံတိုးတိုးလေးဖြစ်သဖြင့် နည်းပြက သတိမထားမိလောက်ဟု ထင်ခဲ့ကြသော်လည်း အခု အာသာ အော်ပြောလိုက်မှတော့ သူ အကုန်ကြားသွားပြီ မဟုတ်ပါလား
သူ ဒေါသထွက်သွားမလား ဒါမှမဟုတ် အဲဒီစကားတွေကြောင့် ငိုသွားမလား
အိုင်ဗီကဲ့သို့ လှပသော အမျိုးသမီးတစ်ဦး ငိုနေသည်ကို မြင်ရမည်ဟူသော အတွေးကြောင့် ငြိမ်နေခဲ့သည့် စစ်သားများမှာ အာသာကို ဒေါသတကြီး ကြည့်လိုက်ကြသည်။ အာသာမှာလည်း နောက်ကနေ ပြေးနေရင်း အားနာစွာဖြင့် နှာခေါင်းကို ကုတ်နေမိသည်။
သူလည်း လွန်သွားပြီဟု ခံစားရသဖြင့် တောင်းပန်ရန် ပါးစပ်ပြင်လိုက်စဉ် ကြည်လင်ပြတ်သားပြီး ရယ်မောသံ အနည်းငယ် ပါဝင်သော အသံတစ်ခုက ပြန်လည် ဖြေကြားလာခဲ့သည်။
"ကျွန်မကတော့ ရှင့်တို့ အားလုံးထက် အရင် သွေးပူလေ့ကျင့်ခန်း ပြီးမယ်လို့ လောင်းတယ်"
မောက်မာသလို ရှိသော်လည်း... နားထောင်လို့ ကောင်းလှသည်။ အားလုံး၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသော အတွေးပင် ဖြစ်သည်။
သူတို့ နောက်ထပ် အတင်းမပြောနိုင်ခင်မှာပင် အိုင်ဗီသည် ရှေ့သို့ အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်သွားတော့သည်။ ၂ ပတ် ပတ်ပြေးရန် သူမအတွက် ၁၅ မိနစ်သာ ကြာခဲ့သည်။ စစ်သားများ ကီလိုမီတာ ၄၀ ပြေးပြီးချိန်တွင် အိုင်ဗီသည် ဒိုက်ထိုး ၂၀၀ ကိုပါ အပြီးသတ်ထားပြီး ဖြစ်သည်။
အဆိုးဆုံးက ဘာလဲဆိုတော့... သူမမှာ ချွေးတစ်စက်တောင် မထွက်ခြင်းပင်!
"ဘယ်လိုလုပ်ပြီး..."