အခန်း (၁-၂)
Vol. 1 Ch. 1-2
အခန်း (၁) အဲ့အမြှောက်ကိန်းဆိုတာက ဘာများလဲ
“ဒီနေရာ မင်းမင်းဆက်ရဲ့ မြေပုံဖြစ်တာ အသေအချာပဲ...”
ရိုးရှင်းသောအခန်းတစ်ခုထဲတွင် မူးဝေနောက်ကျိနေသော လုယွမ်က သူ၏ရှေ့ရှိ ကြီးမားသောမြေပုံကြီးကို သေချာစွာ စိုက်ကြည့်နေခဲ့သည်။
မည်သို့ပင်ဆိုစေ မင်းမင်းဆက်၏ နယ်မြေက မှတ်မိရန် အလွန်လွယ်ကူပြီး အလွန်ထင်ရှားသော အမှတ်အသားများရှိပေသည်။ ထို့အပြင် လုယွမ်သည် ကူးပြောင်းမလာမီကတည်းက မင်းမင်းဆက်၏ အမာခံပရိသတ်တစ်ဦး ဖြစ်နေသောကြောင့်လည်း ပါပေမည်။
သူက တစ်ချက်ကြည့်လိုက်ရုံဖြင့် ချက်ချင်းသိလိုက်သည်။ ဤသည်မှာ မင်းမင်းဆက်အင်ပါယာ၏ နယ်မြေအစစ်အမှန်ပင်ဖြစ်သည်။ ထို့အပြင် ဤမြေပုံ၏အနေအထားအရ ဟုန်ဝူခေတ်က ဖြစ်သင့်ပေသည်။
မြောက်ပိုင်းယွမ်တို့ကို သဲကန္တာရဆီသို့ မောင်းထုတ်ပြီးဖြစ်ကာ နယ်နိမိတ်များကိုလည်း ကနဦးသတ်မှတ်ပြီးဖြစ်သည်။
လုယွမ်က သူ၏မှတ်ဉာဏ်များထဲတွင် ရှာဖွေကြည့်လိုက်သောအခါ ဟုန်ဝူဧကရာဇ် သို့မဟုတ် မြောက်ပိုင်းယွမ်တို့နှင့် ပတ်သက်သည့် မှတ်ဉာဏ်များကို မတွေ့ရချေ။
ထိုအစား လုယွမ်၏စိတ်ထဲတွင် ရုတ်တရက်ပေါ်လာသည်က တစ်ကိုယ်လုံးရွှဲရွှဲစိုနေပြီး အလွန်အမင်း စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ရေသရဲတစ်ကောင်က သူ့ဆီသို့ ပြေးဝင်လာသည့် မြင်ကွင်းပင်ဖြစ်သည်။ သူက ထိုအပုပ်နံ့နှင့် ညှီစော်ကိုပင် ရနေသလို ခံစားလိုက်ရသည်။
သူ၏စိတ်ထဲမှ မှတ်ဉာဏ်များက ရုတ်တရက်ပေါ်လာသောအခါ လုယွမ်တစ်ယောက် လန့်ဖျပ်သွားပြီး ချွေးစေးများပင် ထွက်လာခဲ့သည်။
ဟူး...
“ဉာဏ်ပညာမျက်လုံး ပွင့်လာပါပြီ”
အေးစက်ပြီး ရှင်းလင်းသောအသံတစ်ခုက မည်သည့်သတိပေးချက်မှမရှိဘဲ ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။
လုယွမ်က လက်တင်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ချွေးစေးများရွှဲနစ်ကာ အသက်ကိုပြင်းပြင်းရှူနေရသည်။
*စောက်ကျိုးနည်း…*
ဤနေရာက မင်းမင်းဆက် အင်ပါယာ မဟုတ်လောက်ဘူး...
*နေပါဦး... ဒီနေရာကို ရှန်းလင်းအင်ပါယာလို့ ခေါ်တာပဲ…*
လက်ရှိဧကရာဇ်က ဟုန်ဝူဧကရာဇ် ကျူးယွမ်ကျန်း မဟုတ်ပေ။
သို့သော် သူ၏မှတ်ဉာဏ်များကို အချိန်အနည်းငယ်ကြာအောင် ရှာဖွေပြီးနောက်တွင် လုယွမ်က ဤနေရာသည် မင်းမင်းဆက် အင်ပါယာဖြစ်ကြောင်း အမှန်တကယ် ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ရှန်းလင်းအင်ပါယာ၏ တည်ထောင်ခြင်းလုပ်ငန်းစဉ်၊ အတွေ့အကြုံများနှင့် ယခင်သမိုင်းကြောင်းများကပင် မင်းမင်းဆက် တည်ထောင်ခြင်းနှင့် အတိအကျတူညီနေသောကြောင့်ဖြစ်သည်။
သမိုင်းဝင်ဖြစ်ရပ်များစွာကလည်း အလွန်ဆင်တူနေပေသည်။ ဥပမာအားဖြင့် ကျန်းရှီချန်၊ ချန်ယိုလျန်နှင့် အခြားသူများဖြစ်ကြသည်။ ဤရှန်းလင်းအင်ပါယာထဲတွင် ထိုသူများ၏အမည်များက ကွဲပြားနေသော်လည်း သူတို့၏လုပ်ရပ်များနှင့် နောက်ဆုံးရလဒ်များက သမိုင်းနှင့် လုံးဝကွာခြားမှုမရှိပေ။
ထို့အပြင် နောက်ထပ်အရာတစ်ခု ရှိနေသေးသည်။ လက်ရှိအချိန်က ဟုန်ဝူခေတ်ပင်ဖြစ်သည်။ လက်ရှိဧကရာဇ်ကလည်း ဟုန်ဝူဧကရာဇ်ဖြစ်သော်လည်း သူက ကျူးယွမ်ကျန်း မဟုတ်ပေ။ ဤနေရာရှိ တော်ဝင်မိသားစု၏ မျိုးရိုးအမည်မှာ ကူ ဖြစ်သည်။
*ဒီနေရာက အတိအကျ ဘယ်နေရာကြီးလဲ…*
သေချာသည်က လက်ရှိအချိန်တွင် လုယွမ် အသိချင်ဆုံးအရာမှာ ထိုရေတစ္ဆေက ဘယ်လိုဖြစ်ရတာလဲ ဆိုသည်ပင်။
၎င်းက အလွန်ပီပြင်လွန်းသည်။ ၎င်းမှာ သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည့် အရာဖြစ်ကြောင်း ရှင်းလင်းနေသည်။
သူ၏မှတ်ဉာဏ်များကို ထပ်မံရှာဖွေပြီးနောက် လုယွမ်က အလွန်သေချာသွားခဲ့သည်။ သူ၏မူလခန္ဓာကိုယ်ပိုင်ရှင်မှာ ထိုရေတစ္ဆေကြောင့် လန့်သေသွားခဲ့ခြင်းဖြစ်သည်။
ထို့နောက် သူက ဤနေရာသို့ ကူးပြောင်းလာခဲ့ခြင်းဖြစ်သည်။
သူ၏မူလခန္ဓာကိုယ်ပိုင်ရှင်မှာ ပိန်လှီပြီး အားနည်းသော ပညာရှင်တစ်ဦးဖြစ်သည်။
သူက တစ်ညလုံးမအိပ်ဘဲ နွေဦးနှင့် ဆောင်းဦး နှစ်စဉ်မှတ်တမ်းကို ဖတ်နေခဲ့ပြီး အပြင်ထွက်ချိန်တွင် တစ်ခုခုကြောင့် လန့်ဖျပ်ကာ သေဆုံးသွားခဲ့ခြင်းများလား။
လုယွမ်က လုံးဝမသေချာသေးပေ။ မှတ်ဉာဏ်များ အပြည့်အဝ ပေါင်းစပ်သွားမှသာ သူသိနိုင်ပေလိမ့်မည်။
လက်ရှိတွင် လုယွမ်၏စိတ်ထဲသို့ များပြားလှသော မှတ်ဉာဏ်များ စီးဝင်လာနေသဖြင့် လောလောဆယ် အခြားမည်သည့်အရာကိုမျှ စဉ်းစား၍မရနိုင်အောင် ဖြစ်နေသည်။
သူသိသည်မှာ သူနှင့် နာမည်တူသော ပညာရှင်တစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းလာခဲ့ခြင်းကိုသာဖြစ်သည်။
လွတ်နေသော နံရံလေးဘက်၊ ခြံထဲရှိ ကြက်မအနည်းငယ်နှင့် ခေါင်းအုံးအောက်ရှိ ငွေစအနည်းငယ်သာလျှင် လက်ရှိ လုယွမ်ပိုင်ဆိုင်သော အရာများဖြစ်သည်။
*အိုး…*
သေချာသည်က ဤအခန်းထဲတွင် စာအုပ်များလည်း ရှိနေသေးသည်။ ၎င်းတို့ကို စက္ကူဟောင်းများအဖြစ် ရောင်းချလိုက်ပါက ကြွပ်ရွသော မုန့်ပြားအနည်းငယ်ကို ဝယ်နိုင်ပေလိမ့်မည်။
*အဆင်ပြေပါတယ်လေ… ဒီနေရာက နတ်ဘုရားအဆင့် စတင်မှုမျိုး မဟုတ်ပေမဲ့ သေချာပေါက် ငရဲကျနေတဲ့ အခြေအနေမျိုးလည်း မဟုတ်ပါဘူး…*
လုယွမ်က အဓိကခန်းမရှိ ကြီးမားသော လက်တင်ကုလားထိုင်ပေါ်တွင် ထိုင်ကာ မှတ်ဉာဏ်များ အပြည့်အဝပေါင်းစပ်သွားရန် စောင့်ဆိုင်းနေစဉ် တံခါးက ဒိုင်းခနဲ ရုတ်တရက် ပွင့်လာပြီးနောက် အဖိုးအိုတစ်ဦးက အလျင်စလို ဝင်လာခဲ့သည်။
“သတို့သမီးအသစ်ကို ပွဲစားက ခေါ်လာပြီလေ ဘာလို့ ဒီနေရာမှာ ငိုက်မျဉ်းနေတာလဲ မြန်မြန်လုပ် မြန်မြန်လုပ်စမ်း...”
လုယွမ်က မျက်လုံးများ ဖွင့်လိုက်သောအခါ အရေးအကြောင်းများပြည့်နေပြီး အသားမည်းသောအဖိုးအိုက သူ့ကို ချက်ချင်းဆွဲထူကာ အပြင်ဘက်သို့ ဆွဲခေါ်သွားတော့သည်။
ပိန်လှီနေသော လုယွမ်မှာ ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ ဆွဲကိုင်ခံလိုက်ရသည်။
သူ့ရှေ့ရှိ မြင်ကွင်းက ပြောင်းလဲသွားသောအခါ လုယွမ်က သူ၏ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
ရှေးဟောင်းရွာလေးတစ်ရွာဖြစ်သည်။ အိမ်အများစုမှာ မြေကြီးများဖြင့် ပြုလုပ်ထားသော်လည်း သူ၏အိမ်ကတော့ အုတ်၊ အုတ်ကြွပ်တို့ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ သို့သော် လုယွမ်က အိမ်၏အခြေအနေကို သိထားပေသည်။ ဆန်အိုးက အောက်ခြေကိုပင် ရောက်နေပြီဖြစ်သည်။
လုယွမ်က မိန်းမူးကာ လုံးဝရှုပ်ထွေးနေစဉ် သူ့ကို ဆွဲခေါ်သွားသော အဖိုးအိုအား ထပ်မံကြည့်လိုက်သည်။
သူ့တွင် ထူးခြားသောအရာ ဘာမျှမရှိဘဲ သာမန်လယ်သမားတစ်ဦး၏ ရုပ်ရည်မျိုးသာရှိသည်။ အသက်သုံးဆယ် သို့မဟုတ် လေးဆယ်ဝန်းကျင်ခန့်သာ ရှိမည်။
သို့သော်...
“အမြှောက်ကိန်း ၂”
*ဟမ်...အဲ့တာက ဘာလဲ…*
ဤသည်ကို မြင်လိုက်ရသောအခါ လုယွမ်မှာ ချက်ချင်းပင် အနည်းငယ် အသိစိတ်ပြန်ဝင်လာခဲ့သည်။ သူက မျက်တောင်ခတ်ကာ ထပ်ကြည့်လိုက်သည်။ သူ အမြင်မှားသွားခြင်း မဟုတ်ပေ။ အဖိုးအို၏ခေါင်းပေါ်တွင် စာသားတစ်ကြောင်းက ပေါလောပေါ်နေသည်။
“အမြှောက်ကိန်း ၂”
ဤစာသားက မှိန်ဖျော့ဖျော့ အဖြူရောင်အလင်းတန်းဖြင့် လင်းလက်နေသည်။
*ဒါက…*
*ဒါက ဘာလဲ... စောစောက ငါ့ရဲ့စနစ်ကြီးလား…*
ဟုတ်သည်။ လွန်ခဲ့သောခဏက စနစ်တစ်ခု ပေါ်လာခဲ့သည်။
သို့သော်...
ဤသည်က ဘာကိုဆိုလိုတာလဲ။ အမြှောက်ကိန်း ဟုတ်စ။ နတ်ဆိုးတွေဆီက ပစ္စည်းတွေကျလာတဲ့ အမြှောက်ကိန်းကို ပြောတာလား။ ဤသူက NPC တစ်ယောက်လား...။
သို့မဟုတ်...
လုယွမ်က ထိုမျှမရိုးရှင်းကြောင်း ခံစားလိုက်ရသည်။ သို့သော် လုယွမ်က ဤစနစ်က ဘာကိုဆိုလိုမှန်း အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။ စနစ်က ထိုစကားတစ်ခွန်းကိုသာ ရေရွတ်ပြီးနောက် ထပ်မံတိတ်ဆိတ်သွားခဲ့သည်။
လုယွမ်က တွေဝေနေဆဲဖြစ်ပြီး သူ၏ဦးနှောက်က ထူပိန်းနေစဉ် နောက်ဆုံးတွင် သူက ရွာ၏ဘိုးဘေးခန်းမရှေ့သို့ အဖိုးအိုဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည်။
ထိုနေရာတွင် လူများပြည့်ကျပ်နေပြီဖြစ်သည်။ ရွာသူရွာသား အကြီးအငယ်အားလုံးက သူတို့၏ခွေးခြေခုံလေးများနှင့် ခုံတန်းလျားများကို ယူဆောင်လာကာ စောင့်ဆိုင်းနေကြသည်။
လုယွမ်က ဤလူအုပ်ကြီးကို ကြည့်လိုက်သည်။ လူတိုင်း၏ခေါင်းပေါ်တွင် စာသားတစ်ကြောင်းစီ ပေါလောပေါ်နေသည်။
“အမြှောက်ကိန်း…”
အချို့က မြင့်ပြီး အချို့က နိမ့်သည်။ အနိမ့်ဆုံးမှာ တိုက်ရိုက်ပင် “အမြှောက်ကိန်း ၀” ဖြစ်ပြီး လုံးဝမှိုင်းတိုက်နေကာ အလင်းရောင်မရှိပေ။ အမြင့်ဆုံးမှာ “အမြှောက်ကိန်း ၂” သို့မဟုတ် “အမြှောက်ကိန်း ၃” ဖြစ်သည်။
တစ်ဖွဲ့လုံးတွင် “အမြှောက်ကိန်း ၃” ရှိသော တစ်ဦးတည်းသောသူမှာ လူအုပ်၏အလယ်ဗဟို၌ ထိုင်နေသော သက်ကြီးရွယ်အိုတစ်ဦးဖြစ်သည်။
သူ၏မှတ်ဉာဏ်များအရ လုယွမ်က ဤသူမှာ ရွာသူကြီးဖြစ်ကြောင်း သိလိုက်သည်။ ရွာသူကြီး လီကွမ်းဟန်ပင်ဖြစ်သည်။ တစ်ရွာလုံးတွင် သူ၏စကားသာလျှင် ဥပဒေဖြစ်သည်။
လုယွမ်က စနစ်ကို ကောင်းစွာ နားမလည်သေးပေ။ သူသိသည်မှာ အမြှောက်ကိန်း တိုးလာသည်နှင့်အမျှ လူ၏ခေါင်းပေါ်ရှိ စာသားအရောင်က ပြောင်းလဲသွားမည်ဆိုခြင်းကိုသာ ဖြစ်သည်။ အမြှောက်ကိန်း ၀ ရှိသူများမှာ မှိုင်းတိုက်နေသော မီးခိုးရောင်စာသားများရှိသည်။ အမြှောက်ကိန်း ၁ နှင့် ၂ ရှိသူများမှာ မှိန်ဖျော့ဖျော့ အဖြူရောင်အလင်းများရှိသည်။ ရွာသူကြီး၏ အမြှောက်ကိန်း ၃ ကတော့ အစိမ်းရောင်အလင်း အနည်းငယ် ထွက်ပေါ်နေသည်။
လုယွမ် လုံးဝကြောင်အမ်းနေစဉ် လီကွမ်းဟန်က လုယွမ်အား ရုတ်တရက်ကြည့်ကာ မေးလိုက်သည်။
“ရောက်လာဖို့ ဘာလို့ ဒီလောက်တောင်ကြာနေတာလဲ...”
လုယွမ် စကားပြောသည်ကို မစောင့်ဘဲ သူ့ကို ဆွဲခေါ်လာသော အဖိုးအိုက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
“ဟီး... ဒီကောင်လေးက အိမ်ထဒမှာ ငိုက်မျဉ်းနေတာလေ သူ့ကို သွားခေါ်တော့ သူက မူးဝေပြီး အိပ်ပျော်လုနီးပါး ဖြစ်နေပြီ...”
အနီးအနားရှိ တစ်ယောက်က ရယ်မောလိုက်သည်။
“သူက ဒီနေ့ သတို့သမီးအသစ် ရောက်လာမှာကို သိလို့ မနေ့ညက ညဉ့်နက်တဲ့အထိ မအိပ်ဘဲနေခဲ့တာများလား...”
အနီးအနားရှိ အသက်ကြီးကြီး အမျိုးသမီးအချို့ကလည်း နောက်ပြောင်ကာ ရယ်မောလိုက်ကြသည်။ သို့သော် သူတို့စကားပြောလိုက်သည်နှင့် သူတို့၏ခင်ပွန်းများက မျက်စောင်းထိုးလိုက်ကြသည်။
“မဟုတ်ကဟုတ်ကတွေ မပြောကြနဲ့...”
သူမ၏ခင်ပွန်းက မျက်စောင်းထိုးသည်ကို မြင်သောအခါ အဘွားအိုက ထပ်မပြောရဲတော့ပေ။ သူမက လွန်ခဲ့သောရက်အနည်းငယ်က ဖြစ်ရပ်များကိုလည်း ပြန်အမှတ်ရသွားခဲ့သည်။ ဤအချိန်တွင် အားလုံးက တိတ်ဆိတ်သွားကြသည်။
လီကွမ်းဟန်က တစ်ခုခုကို ခန့်မှန်းမိပုံပေါ်ပြီး ပြောလိုက်သည်။
“သွားထိုင်ချေ… လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်း မကောင်းဆိုးဝါးဝိညာဥ်နဲ့ ကြုံခဲ့ရပြီး ကံဆိုးမှုတွေ ခံစားခဲ့ရလို့ ဒီတစ်ကြိမ်တော့ ကံကောင်းစေဖို့ မင်းအတွက် ဇနီးကောင်းတစ်ယောက်ကို ရွေးချယ်ပေးမယ်…ဒါဆို မင်းရဲ့ကျန်းမာရေးလည်း အနည်းငယ်ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်တယ်...”
*ဘာတွေဖြစ်နေတာလဲ…*
*နေပါဦး...ငါ တကယ်ပဲ တစ္ဆေနဲ့ ကြုံတွေ့ခဲ့ရတာလား…*
ထိုမြင်ကွင်းက အရင်က ဤခန္ဓာကိုယ်က ဖန်တီးထားသော စိတ်ကူးယဉ်သက်သက် မဟုတ်ပေ။ သဘောသက်ရောက်မှုကို ကြည့်ရလျှင် သူ၏မူလခန္ဓာကိုယ်ပိုင်ရှင်မှာ တစ္ဆေကြောင့် အမှန်တကယ် လန့်သေသွားခဲ့ခြင်းလော။
သို့သော် လုယွမ်ကို အံ့သြစေဆုံးအရာမှာ တစ္ဆေများနှင့် ကြုံတွေ့ရခြင်းကို ပြောဆိုသောအခါ ဤနေရာရှိလူများက အလွန်သာမန်ကိစ္စတစ်ခုကို ဆွေးနွေးနေသကဲ့သို့ ဖြစ်နေခြင်းပင်။ ဤသည်က လုယွမ်အား မေးခွန်းထုတ်စရာများ အပြည့်ဖြစ်စေခဲ့သည်။ ဤသည်က မည်သို့သော ကမ္ဘာကြီးနည်း။
လုယွမ်က ထိုင်ရန်နေရာတစ်ခု ရှာတွေ့ပြီးနောက် ရွာသူကြီးလီကွမ်းဟန်က ဘေးဘက်သို့လှည့်ကာ ပြောလိုက်သည်။
“အမျိုးသမီးလေးကို ခေါ်လာခဲ့...”
ထိုသို့ခေါ်လိုက်ပြီးနောက် အမျိုးသမီးတစ်စုက အခြားထောင့်တစ်နေရာမှ ထွက်ပေါ်လာခဲ့သည်။
ဤအခိုက်အတန့်တွင် လုယွမ်က ဤအမျိုးသမီးများကို မကြည့်ဘဲ မြေပြင်ကိုသာ ကြောင်ငေးကြည့်နေခဲ့သည်။ သူနှင့် ယခုလေးတင် ပေါင်းစပ်သွားသော မှတ်ဉာဏ်အမြောက်အများကို သူက အလျင်အမြန် ရှာဖွေနေခဲ့သည်။
သို့သော် သူ၏အမြင်အာရုံက အလွန်စူးရှတောက်ပသော သက်တံရောင်အလင်းတန်းတစ်ခုကြောင့် ချက်ချင်းပင် ဆွဲဆောင်ခံလိုက်ရသည်။
လုယွမ်က မော့ကြည့်လိုက်သောအခါ...
*ရှူး..ဒါက...အခု ဒါကြီးက ဘာကြီးလဲ…”
လုယွမ်က အလွန်လှပသော အမျိုးသမီးတစ်ဦး၏ ခေါင်းပေါ်တွင် ကြီးမားသော “အမြှောက်ကိန်း ၉” ဟု မှတ်သားထားသည်ကို မြင်လိုက်ရသည်။ ထို့အပြင် ဤစာသား၏ ဖောင့်မှာ နှိုင်းယှဉ်မရနိုင်လောက်အောင် စူးရှတောက်ပပြီး အရောင်အသွေးစုံလင်သော သက်တံရောင်အလင်းတန်း ဖြစ်နေပေသည်။
လုယွမ်က သူ၏စနစ်မှာ မည်သည့်အတွက်ဖြစ်ကြောင်း မသိသော်လည်း ဤသည်မှာ အမြင့်ဆုံးအဆင့် အမြှောက်ကိန်းဖြစ်ရမည်ဟု တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။
သို့သော်...
တစ်ယောက်ယောက်ကများ ကျေးဇူးပြုပြီး အဲ့အမြှောက်ကိန်းဆိုတာက အမှန်တကယ် ဘာကိုဆိုလိုတာလဲဆိုတာကို ငါ့ကို ပြောပြပေးနိုင်မလား...။
အခန်း (၂) ကျုပ် သူမကို လက်ထပ်ချင်တယ်
အလွန်တောက်ပသော အလင်းရောင်တစ်ချက် လင်းလက်သွားခဲ့သည်။
ထို့နောက် အလင်းရောင်များ ပျောက်ကွယ်သွားခဲ့သည်။
၎င်းသည် အွန်လိုင်းဂိမ်းတစ်ခုတွင် အလွန်စွမ်းအားကြီးမားသော နတ်ဘုရားလက်နက်တစ်ခု ကျလာချိန်၌ တစ်ချက်လင်းလက်သွားသကဲ့သို့ပင်ဖြစ်သည်။
သို့သော် ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
သို့သော် ပုံမှန်အခြေအနေတွင်ပင် ဤအမြှောက်ကိန်း ၉ သည် အရောင်အသွေးတောက်ပနေဆဲဖြစ်သည်။
အခြားသူများ၏ မှေးမှိန်သော အဖြူရောင်အလင်းတန်းများနှင့် နှိုင်းယှဉ်ပါက ၎င်းသည် တူညီသောအဆင့်တွင်မရှိသည်မှာ သိသာထင်ရှားလှပေသည်။
ထိုအလွန်တောက်ပသော အလင်းရောင်များ မှေးမှိန်သွားသောအခါ။
လုယွမ်ကလည်း ဤအမြှောက်ကိန်း ၉ ၏အောက်ရှိ ပုံရိပ်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
တစ်ဦးတည်းသော ... နတ်ဆိုးဆန်ဆန် ညို့ယူဖမ်းစားနိုင်လောက်သည်အထိ အလွန်လှပလွန်းသော ပြိုင်ဘက်ကင်း အလှပိုင်ရှင် မိန်းမပျိုတစ်ဦးပင်ဖြစ်သည်။
သူမ၏ ရုပ်ရည်သွင်ပြင်တစ်ခုတည်းကြောင့်မဟုတ်ဘဲ အဆိုးရွားဆုံး နတ်ဆိုးဆန်သောအရာမှာ ထိုအမျိုးသမီး၏ ထောင်လိုက်ဖြစ်နေသော မျက်လုံးအိမ်များပင်ဖြစ်သည်။
၎င်းတို့က လူသားမျက်လုံးများ မဟုတ်ကြပေ။
ဤနတ်ဆိုးဆန်သော ထောင်လိုက်မျက်လုံးများကပင် ထိုနေရာ၌ရှိနေသူအားလုံး၏ အကြည့်များကို ဤအမျိုးသမီးဆီသို့ ဆွဲဆောင်သွားစေခဲ့ခြင်းဖြစ်သည်။
“ဟမ့် ... ပွဲစား ... ဒါက ဘာသဘောလဲ ... ငါတို့ ရှီကဲရွာကို အလေးမထားတာလား ... ဘာဖြစ်လို့ မြွေအမျိုးသမီးတစ်ယောက်ကို ဒီနေရာကို ခေါ်လာရတာလဲ ...”
လုယွမ်က ထိုအမျိုးသမီးကို ကြောင်ငေးကြည့်နေစဉ်မှာပင် ရွာထဲမှ တစ်စုံတစ်ယောက်က မကျေမနပ်ဖြစ်နေခဲ့ပြီဖြစ်သည်။
ချက်ချင်းပင် သူတို့က ရှင်းလင်းသော ငြင်းဆန်လိုမှုများကို ပြသလာကြသည်။
အလယ်တွင်ထိုင်နေသော ရွာသူကြီး လီကွမ်းဟန်က ဘာမှမပြောသော်လည်း သူ၏မျက်နှာထားကလည်း အလွန်တည်တင်းနေခဲ့သည်။
“ငါတို့ ရှီကဲရွာက အရင်တုန်းက ခရိုင်ဝန်တစ်ယောက်တောင် ပေါ်ထွက်ခဲ့ဖူးတာကို ... ဘာဖြစ်လို့များ ဒီလိုမြွေအမျိုးသမီးကို ခေါ်လာရတာလဲ …”
သူမ၏ဘေးမှ လိုက်ပါလာသော ပွဲစားက ချက်ချင်းပင် ရှေ့ထွက်၍ ဝင်ရောက်ဖြန်ဖြေပေးလိုက်သည်။
“အို့ ... လူကြီးမင်းတို့ သေချာကြည့်ကြပါဦး ... ဒီရုပ်ရည်မျိုးနဲ့ သူမက သာမန်မြွေအမျိုးသမီးတစ်ယောက် ဟုတ်ပါ့မလား … ရှီကဲရွာကို တန်ဖိုးထားလွန်းလို့သာ ဒီနေရာကို ခေါ်လာခဲ့ရတာပါ ... နောက်ပြီး အစ်ကိုကြီးပြောလိုက်တဲ့စကားက စည်းလုံးမှုကို ထိခိုက်စေတယ် ... အင်ပါယာနန်းတော်က လူပဲဖြစ်ဖြစ် နတ်ဆိုးပဲဖြစ်ဖြစ် အားလုံးက ရှန်းလင်းအင်ပါယာရဲ့ နိုင်ငံသားတွေပဲလို့ နှစ်ပေါင်းများစွာကတည်းက ပြောလာခဲ့တာလေ ... ဒါ့အပြင် သူမရဲ့ရုပ်ရည်ကိုလည်း ကြည့်ပါဦး ... ကျွန်မက လူကြီးမင်းတို့ကို ဘယ်လိုလုပ် လှည့်စားရက်မှာလဲ ... ဒီလောက်လှပတဲ့ရုပ်ရည်မျိုးကို ကျွန်မ ပွဲစားလုပ်လာတဲ့ နှစ်သက်တမ်းတစ်လျှောက်လုံး သူမလောက် လှတဲ့သူ တစ်ဝက်လောက်တောင် မတွေ့ဖူးပါဘူး ...”
အမှန်တကယ်တော့ ပွဲစားကလည်း မြွေအမျိုးသမီးတစ်ဦးကို မခေါ်လာချင်ခဲ့ပေ။
၎င်းက သူမ၏ နာမည်ဂုဏ်သတင်းကို အနည်းငယ် ထိခိုက်စေသည်။
သို့သော် သူမ၏ အငယ်ဆုံးသားဖြစ်သူသည် မကြာသေးမီက ကံဆိုးမှုများနှင့် ကြုံတွေ့ခဲ့ရပြီး မည်သူကမျှ မကုသပေးနိုင်ခဲ့သည်ကို မည်သူကများ ပြောထားခဲ့သနည်း။
သူ့ကို ကုသပေးခဲ့သူမှာ စုလီယန်၏ မိခင်ပင်ဖြစ်သည်။
စုလီယန်၏ မိခင်က သူမ၏သမီးအတွက် အိမ်ထောင်ဖက်ရှာပေးရန်မှလွဲ၍ မည်သည့်အရာကိုမျှ ပြန်မတောင်းဆိုခဲ့ပေ။
ပွဲစားသည် စုလီယန်က အမှန်တကယ်ပင် နူးညံ့သိမ်မွေ့ပြီး လှပကြောင်းကို မြင်တွေ့ရသောကြောင့် သူမကို တစ်ချက်စမ်းကြည့်ရန် ခေါ်ထုတ်လာခဲ့ခြင်းဖြစ်သည်။
ရလဒ်အနေဖြင့် ...
သူမက ရွာပေါင်းဆယ်ရွာကျော်ကို သွားရောက်ခဲ့သော်လည်း အားလုံးက သူမကို ငြင်းပယ်ခဲ့ကြသည်။ သူမက အိမ်ထောင်မကျသေးပေ။
ဤသူများက နောက်ဆုံးကျန်နေသူများဖြစ်သည်။ အကယ်၍ သူမသည် ယခုအချိန်တွင် လက်မထပ်နိုင်ပါက အမှန်တကယ် မျှော်လင့်ချက်ရှိတော့မည်မဟုတ်ပေ။
ပွဲစား၏ စကားများနှင့်ပတ်သက်၍ ရွာသူရွာသားများက စကားမပြောနိုင်လောက်အောင် ဖြစ်သွားခဲ့ရသည်။
ဤပွဲစားသည် အလွန်ထက်မြက်သော လျှာတစ်ခုရှိပြီး သေဆုံးသွားသူများကိုပင် အသက်ပြန်ရှင်လာစေရန် ပြောဆိုနိုင်စွမ်းရှိသည်။
ဤသည်မှာ သူမ အသက်မွေးဝမ်းကျောင်းပြုသည့် နည်းလမ်းဖြစ်ကြောင်း မည်သူက သူမကို ပြောထားခဲ့သနည်း။
သို့သော် သူမ မည်မျှပင် ပြောနိုင်ပါစေ သူတို့က ပြန်လည်မငြင်းခုံနိုင်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ သူတို့၏ နှလုံးသားထဲတွင်တော့ သဘောမတူကြပေ။
အချို့သော သက်ကြီးရွယ်အို အမျိုးသမီးများက မချင့်မရဲဖြင့် နှုတ်ခမ်းဆူကာ ...
“လှနေတော့ကော ဘာအကျိုးရှိမှာလဲ ... အဲ့သေးသွယ်တဲ့ လက်မောင်းတွေနဲ့ ခြေထောက်တွေကို ကြည့်ပါဦး ... အကယ်၍ သူမသာ အိမ်ထောင်ကျသွားရင် ဘာအလုပ်မှ လုပ်နိုင်မှာမဟုတ်ဘူး ... သူမက ယောက်ျားတစ်ယောက်ကို ဘယ်လိုလုပ် ပြုစုယုယနိုင်မှာလဲ ... ယောက်ျားကသာ သူမကို ပြန်ပြီး ပြုစုပေးရမှာ မဟုတ်ဘူးလား ...”
ရွာထဲရှိ အမျိုးသမီးများက ဤမြွေအမျိုးသမီးအား အထင်သေးခဲ့ကြသည်။
သို့သော် ၎င်းက ဤအကြောင်းပြချက်များကြောင့် လုံးလုံးလျားလျားတော့ မဟုတ်ပေ။
အကြီးမားဆုံး အကြောင်းပြချက်မှာ ...
သူမက အလွန်လှပလွန်းပြီး နတ်ဆိုးဆန်လွန်းနေခြင်းကြောင့်ပင်ဖြစ်သည်။
အကယ်၍ ထိုကဲ့သို့သောအမျိုးသမီးက ရွာထဲသို့ အိမ်ထောင်ကျလာပါက သူတို့၏ ကိုယ်ပိုင်ခင်ပွန်းများက မိသားစုအပေါ် မည်သို့များ စိတ်စွဲလန်းနိုင်တော့မည်နည်း။
အခြားအရာများကို ဂရုမစိုက်ဘဲ ကြည့်လိုက်ရုံပင်။ ဤအမျိုးသမီး ပေါ်လာသည့်အချိန်မှစ၍ ယခုအထိ။
သူတို့၏ ခင်ပွန်းများ၏ မျက်လုံးများက ဤအမျိုးသမီးထံမှ ဖယ်ခွာမသွားခဲ့ပေ။
ရွာသူရွာသားများနှင့်ပတ်သက်၍ လူအုပ်၏ အဆုံးတွင်ရပ်နေသော စုလီယန်သည် ခေါင်းကိုငုံ့ထားပြီး အားနည်းစွာဖြင့် သူမကိုယ်သူမ ကာကွယ်ပြောဆိုလိုက်သည်။
“ကျွန်မ ... ကျွန်မ အလုပ်လုပ်နိုင်ပါတယ် ... ပြီးတော့ လူတွေကို ဘယ်လိုပြုစုရမလဲဆိုတာလည်း သိပါတယ် ... ကျွန်မက မိသားစုမှာ သမီးအကြီးဆုံးပါ ... အိမ်မှုကိစ္စတွေကိုလည်း အားလုံး လုပ်ခဲ့ပါတယ် ...”
သူမက ဤစကားများကို အကြိမ်များစွာ ပြောခဲ့ဖူးပုံရသည်။
သူမ ပြောလိုက်တိုင်း အခြားသူများက သူမကို မယုံကြည်ခဲ့ကြပေ။
သို့မဟုတ် သူမက တစ်စုံတစ်ယောက်ကို ပြုစုနိုင်သည်ဆိုသည့် အချက်ထက် ကျော်လွန်သော အကြောင်းပြချက်များကြောင့် လူများက သူမကို မနှစ်သက်ကြောင်း စုလီယန် သိနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ထို့ကြောင့် သူမက ညှိုးငယ်စွာဖြင့် ပြောလိုက်သည်။
သို့သော် သူမသည် အခြားသူများကို အထင်လွဲမခံလိုဘဲ တစ်စုံတစ်ခုကို ခေါင်းမာစွာဖြင့် ပြောချင်နေဆဲဖြစ်သည်။
စုလီယန် ထင်ထားသကဲ့သို့ပင်။
ရှင်းပြခြင်းက အသုံးမဝင်ခဲ့ပေ။
လူအုပ်ကြီးက လုံးဝနားမထောင်ကြပေ။ သူတို့အားလုံးက စုလီယန်၏ အမှားများကိုသာ ရှာဖွေနေကြသည်။
စုလီယန်နှင့်အတူ လိုက်ပါလာသော မိန်းကလေးများကလည်း ယခုအခါ၌ သူတို့၏ ရင်ဘတ်များကို ကျေနပ်ဂုဏ်ယူစွာဖြင့် ကော့ထားကြသည်။
သူတို့ကလည်း စုလီယန်ကို မနှစ်သက်ကြပေ။
သူမက အလွန်လှပလွန်းပြီး နတ်ဆိုးဆန်လွန်းနေသည်။
မည်သည့်ရွာသို့ သွားသည်ဖြစ်စေ သူမက အမျိုးသားများ၏ အာရုံစိုက်မှုကို အမြဲတမ်း ဦးစွာဆွဲဆောင်နိုင်ခဲ့သည်။
သို့သော် ...
ဘယ်လောက်ပဲ လှနေပါစေ ဘာဖြစ်သေးလဲ။
သူမက ရွေးချယ်မခံရသေးဘူး မဟုတ်လား။
အကယ်၍ သူမက ဤမျှလှပပြီး ဤမျှနတ်ဆိုးဆန်နေလျှင် ပြည့်တန်ဆာအိမ် သို့မဟုတ် ဖျော်ဖြေရေးအိမ်တော်သို့ သွားသင့်သည်မဟုတ်လား။ ဘာဖြစ်လို့များ အပြင်ထွက်ပြီး အိမ်ထောင်ဖက်ရှာတဲ့အကြောင်း ပြောနေရတာလဲ။
တစ်ခဏမျှ မကောင်းသော အတွေးများရှိသူ အချို့က ဤအကြောင်းကို စဉ်းစားခဲ့ကြသည်။
ဤအချိန်တွင် လုယွမ်သည် စုလီယန်ကို ကြောင်ငေးကာ ကြည့်နေဆဲဖြစ်သည်။
၎င်းက စုလီယန်၏ အလှအပကို စွဲလန်းနေခြင်းကြောင့် မဟုတ်ပေ။
သူက ဤအမြှောက်ကိန်းကို မည်သို့စတင်အသက်သွင်းရမည်ကို စဉ်းစားနေခြင်းသာဖြစ်သည်။
စနစ်က ထိုသို့မပြောခဲ့သော်လည်း လုယွမ်သည် ဤအမြှောက်ကိန်း ၉ က အကောင်းဆုံးဖြစ်ကြောင်းကို သေချာပေါက် သိထားသည်။
ဤအမြှောက်ကိန်းကို အသက်သွင်းနိုင်သရွေ့ သူသည် အလွန်ကောင်းမွန်သော စနစ်၏ ဆုလာဘ်တစ်ခုကို သေချာပေါက် ရရှိမည်ဖြစ်သည်။
ဤသည်မှာ အခြေခံအားဖြင့် စနစ်မှပေးပို့သော အစပြုသူများအတွက် လက်ဆောင်ပက်ကေ့ချ်တစ်ခုဖြစ်သည်။
သို့မဟုတ် လူသစ်များအတွက် သက်သာချောင်ချိရေးကာလဟု ဆိုနိုင်သည်။
သို့သော် ပြဿနာမှာ ၎င်းကို မည်သို့စတင်အသက်သွင်းရမည်နည်း။
လုယွမ်၏ စိတ်ထဲတွင် လောလောဆယ်၌ မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်နေပြီး အမြှောက်ကိန်းကို မည်သို့တွက်ချက်သည်ကို သူ စဉ်းစား၍မရသေးပေ။
*ဖြစ်နိုင်တာက ... ပိုလှတဲ့သူက အမြှောက်ကိန်း ပိုရတာလား …*
လုယွမ်က အခြားသူများကို ကြည့်လိုက်သည်။ ထိုသို့ဖြစ်ပုံမရပေ။
ထိုသူများအထဲတွင် ရုပ်ရည်အတော်အသင့်ကောင်းမွန်သူ တစ်ဦးရှိနေသည်။
သို့သော် သူတို့၏ အမြှောက်ကိန်းမှာ ၀ ဖြစ်နေသည်။
စကားစပ်မိ၍ပြောရလျှင် အမြှောက်ကိန်း ၀ ဆိုသည်မှာ အတော်လေး ရှားပါးလှသည်။
ရွာထဲတွင် လူများစွာရှိသော်လည်း အနည်းငယ်သောသူများသာလျှင် အမြှောက်ကိန်း ၀ ရှိကြသည်။
ထိုအမြှောက်ကိန်း ၀ ရှိသော လူအနည်းငယ်ကို လုယွမ်က မှတ်ဉာဏ်ထဲမှ ပြန်လည်စဉ်းစားကြည့်လိုက်သောအခါ သူတို့အားလုံးသည် ရွာထဲတွင် အလုပ်မလုပ်ဘဲ စားဝတ်နေရေးအတွက်သာ တွေးကာ ပျင်းရိနေတတ်သူများဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဤအကြောင်းကို စဉ်းစားမိသောအခါ။
လုယွမ်က အမြှောက်ကိန်း ၉ ရှိနေသော စုလီယန်အား ထပ်မံကြည့်ရှုလိုက်သည်။
*ဖြစ်နိုင်တာက ... ဒီအမြှောက်ကိန်းကို အသက်သွင်းဖို့ဆိုတာ ... အင်း …*
လုယွမ်က စုလီယန်ကို ကြောင်ငေးကြည့်နေစဉ်။
သူ၏ဘေးတွင်ရှိနေသော လူတစ်ဦးက ရုတ်တရက် သူ့ကို တွန်းလိုက်သည်။
လုယွမ် သတိပြန်ဝင်လာသောအခါ သူ၏ဘေးတွင်ရှိသော သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးက ရယ်မောကာ ကြည့်နေသည်ကို မြင်လိုက်ရသည်။
“ဘာတွေ ငေးကြည့်နေတာလဲ ... မသွားတော့ဘူးလား ... ဒီတစ်ခါတော့ ဘာမှရေရေရာရာမရှိတဲ့ စကားတွေ၊ အယုံသွင်းတဲ့စကားတွေ မပြောနဲ့တော့ ... ဒါက အခုနှစ်အတွက် နောက်ဆုံးအသုတ်ပဲ ... အကယ်၍ နင် အခုအချိန်မှာ တစ်ယောက်ယောက်ကိုမှ မရှာနိုင်ဘူးဆိုရင် နောက်နှစ်အထိ စောင့်ရလိမ့်မယ် ...”
လုယွမ် လှည့်ကြည့်လိုက်သောအခါ ရွာထဲရှိ အိမ်ထောင်မကျသေးသော လူငယ်များက ဤမိန်းကလေးများနှင့် စကားပြောရန် ရှေ့သို့ ထွက်သွားကြပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဤမိန်းကလေးတိုင်း၏ ရှေ့တွင် လူတစ်ယောက်စီ ရှိနေကြသည်။
စုလီယန်၏ရှေ့တွင်ပင် လူအချို့ ရှိနေခဲ့သည်။
သို့သော် စုလီယန်၏ရှေ့တွင်ရှိနေသော သူများမှာ ရွာထဲရှိ ရည်မှန်းချက်မရှိသော အမျိုးသားအနည်းငယ်သာဖြစ်သည်။
သူတို့၏ မိသားစုများသည် ဆင်းရဲမွဲတေနေရုံသာမက သူတို့ကိုယ်တိုင်ကလည်း အလုပ်မလုပ်ဘဲ လေလွင့်နေသူများ သို့မဟုတ် မျှော်လင့်ချက်မရှိသော လောင်းကစားသမားများ ဖြစ်ကြသည်။
အချုပ်အားဖြင့်ဆိုရသော် သူတို့၏ခေါင်းပေါ်ရှိ အမြှောက်ကိန်းများအားလုံးမှာ ၀ ဖြစ်နေကြသည်။
မိသားစုအခြေအနေ ပုံမှန်ရှိသော အချို့သူများအတွက်မူ သူတို့ ချဉ်းကပ်ရန် ပြင်ဆင်နေချိန်မှာပင် သူတို့၏ မိခင်များက နှာခေါင်းကို လက်ညိုးထိုးကာ ပြန်လည်ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ကြရသည်။
ဤအချိန်၌ လုယွမ်၏ မှတ်ဉာဏ်များက အခြေခံအားဖြင့် လုံးဝပေါင်းစပ်သွားခဲ့ပြီဖြစ်သည်။
သူက ဘာတွေဖြစ်နေလဲဆိုတာကို အခြေခံအားဖြင့် နားလည်သွားခဲ့သည်။
သူသည် ဤကမ္ဘာကြီးကို အံ့သြနေစဉ်မှာပင် မတ်တတ်ရပ်ကာ စုလီယန်ဆီသို့ လျှောက်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် စုလီယန်သည် သူမနှင့် စကားလာပြောသော အမျိုးသားအနည်းငယ်ကို ကြည့်ကာ အနည်းငယ် ကြောက်လန့်နေခဲ့သည်။
ဤအမျိုးသားများ၏ မျက်နှာထားက ကြင်နာတတ်ပုံမပေါ်ဘဲ သူတို့မေးသော မေးခွန်းများကိုလည်း ဖြေဆိုရန် ခက်ခဲလှသည်။
အထူးသဖြင့် သူတို့၏ ဖုံးကွယ်မထားသော ကိလေသာရမ္မက်အပြည့်ပါသည့် အကြည့်များဖြစ်သည်။ သူတို့က လူကောင်းများနှင့် လုံးဝမတူကြပေ။
သူတို့က လူဆိုးလူမိုက်များသာဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းလှသည်။
သို့သော် စုလီယန်က သူမ၏ အဆင့်အတန်းဖြင့် ဤကဲ့သို့သော နေရာမျိုးတွင် အိမ်ထောင်ကျလိုပါက လူကောင်းတစ်ယောက်နှင့် လက်ထပ်ရမည်မဟုတ်ကြောင်းကိုလည်း သိထားသည်။
စုလီယန်က သူမ၏ရှေ့မှ လူအနည်းငယ်ကို ကြောက်ရွံ့စွာ ကြည့်နေစဉ်။
အနောက်မှ လက်တစ်ဖက်က ထိုလူအနည်းငယ်ကို တွန်းဖယ်လိုက်ပြီး သူက တိုက်ရိုက်ပင် ပြောလိုက်သည်။
“မိန်းကလေး ... ကျုပ်က သင့်တော်မယ်လို့ ထင်လား ...”
လုယွမ်၏ ပေါ်လာမှုက စုလီယန်အတွက် အရုဏ်ဦးအလင်းတန်းတစ်ခုကဲ့သို့ပင်ဖြစ်သည်။
အခြားသူများနှင့် နှိုင်းယှဉ်ပါက လုယွမ်သည် နူးညံ့သိမ်မွေ့သော ရုပ်ရည်သွင်ပြင်နှင့် ပညာတတ်တစ်ဦး၏ ဟန်ပန်ရှိသည်။
အထူးသဖြင့် သူ၏ သန့်ရှင်းသော ဝတ်ရုံပင်ဖြစ်သည်။
၎င်းတွင် ဖာရာအတော်များများရှိသော်လည်း အဝတ်အစားများ စုတ်ပြဲနေပြီး ကော်လာများနှင့် အင်္ကျီလက်များက ပြောင်လက်နေသည်အထိ မည်းညစ်နေသော ထိုအမျိုးသားများထက် အများကြီး ပိုကောင်းနေပေသည်။
ထိုသူများ၏ လည်ပင်းများကလည်း အက်ကွဲနေကြသည်။
လုယွမ်က ရုတ်တရက် ကြားဖြတ်ဝင်လာခြင်းက အခြားလူအနည်းငယ်ကို သဘာဝကျစွာပင် အလွန်မကျေမနပ်ဖြစ်သွားစေခဲ့သည်။
သူတို့က ချက်ချင်းပင် မျက်ခုံးပင့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
“မင်း ဘာလုပ်နေတာလဲ ... တန်းစီနေရတယ်ဆိုတာ မသိဘူးလား ...”
လုယွမ်က အနည်းငယ် ရယ်စရာကောင်းနေသည်ဟု ထင်လိုက်သည်။ ဤကိစ္စတွင် တန်းစီရမည့်နေရာက ဘယ်မှာရှိနေပါသနည်း။
ဤအချိန်တွင် မူလက မျှော်လင့်ချက်အားလုံးကို လက်လွှတ်လိုက်ပြီဖြစ်သော စုလီယန်သည် လုယွမ်ရောက်လာသည်ကို မြင်သောအခါ သူမ၏ လှပပြီး ညို့ယူဖမ်းစားနိုင်သော မျက်လုံးများထဲတွင် အလင်းရောင်များ တောက်ပလာခဲ့သည်။
ဤမြင်ကွင်းကို အနီးအနားရှိ အမျိုးသားအနည်းငယ်က သဘာဝကျစွာပင် မြင်တွေ့သွားကြသည်။
သူတို့က လုယွမ်၏ နောက်ခံကို ချက်ချင်းပင် စတင်ဖော်ထုတ်ကြတော့သည်။
“သူ့ရဲ့ ကြည့်ကောင်းတဲ့ရုပ်ရည်ကို အယုံမလွယ်နဲ့ ... သူက အသုံးမကျဘူး ... သူက စုတ်ပြဲနေတဲ့ စာအုပ်အနည်းငယ်ကိုပဲ ဖတ်တတ်တာ ... သူ့မိသားစုက ငါတို့ထက်တောင် ပိုဆင်းရဲသေးတယ် ...”
သို့သော် ဤသည်က စုလီယန်နှင့် လုံးဝသက်ဆိုင်ခြင်း မရှိပေ။
စုလီယန်အတွက်မူ အမျိုးသားက ရိုးသားဖြောင့်မတ်နေသရွေ့ ၎င်းက လုံလောက်နေပြီဖြစ်သည်။
စုလီယန်သည် လုယွမ်အပေါ် အလွန်ကျေနပ်အားရနေသည်။
အနည်းဆုံးတော့ သူ၏ ကြင်နာတတ်သော အကြည့်လေးတစ်ခုတည်းကပင် စုလီယန်အား သူ့အပေါ် အလွန်သဘောကျသွားစေခဲ့သည်။
ကိလေသာရမ္မက်များဖြင့် ပြည့်နှက်နေသည့် တကယ်ကို သည်းခံနိုင်စရာမရှိသော အခြားအမျိုးသားများ၏ အကြည့်များနှင့် မတူညီပေ။
အနည်းငယ် ဆင်းရဲနေခြင်းက ဘာမှမဟုတ်ပေ။ လူက ရိုးသားဖြောင့်မတ်နေသရွေ့ အဆင်ပြေသည်။
စုလီယန်က ချမ်းသာသော မိသားစုတစ်ခုသို့ အိမ်ထောင်ကျကာ ဇိမ်ခံဘဝဖြင့် နေထိုင်ရန် တစ်ခါမှ မမျှော်လင့်ခဲ့ဖူးပေ။
လုယွမ်၏ စိတ်အားထက်သန်သော အကြည့်ဖြင့် အကြည့်ခံရသောအခါ စုလီယန်က ရှင်းပြ၍မရနိုင်အောင် အနည်းငယ် ရှက်ရွံ့သွားပြီး သူမ၏ ခေါင်းကို ငုံ့လိုက်သည်။
“ကျွန်မကို ... အထင်မသေးသရွေ့ပါပဲ ...”
နောက်တစ်စက္ကန့်တွင် လုယွမ်က စုလီယန်၏ သေးငယ်ပြီး နူးညံ့သော လက်လေးကို တိုက်ရိုက်ဆုပ်ကိုင်လိုက်ကာ အလယ်တွင်ထိုင်နေသော ရွာသူကြီးဆီသို့ လှည့်ကြည့်၍ ပြောလိုက်သည်။
“ကျုပ် သူမကို လက်ထပ်ချင်တယ် ...”
လုယွမ်က စကားပြောပြီးဆုံးသွားသောအခါ။
လုယွမ်၏ အသိစိတ်ပင်လယ်ထဲတွင် အေးစက်ပြီး ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
[ဂုဏ်ယူပါတယ် ပိုင်ရှင် ... သင်သည် ကိုးဆ အသက်ဝင်သည့် ဆုလာဘ်ကို စတင်အသက်သွင်းနိုင်ခဲ့ပြီး မြင့်မြတ်သောခန္ဓာကိုယ်နှင့် ငွေစင်တစ်သိန်းကို ရရှိပါသည်]
[ဆုလာဘ်ကို ပိုင်ရှင်၏ စနစ်နေရာလွတ်ထဲသို့ ပေးပို့လိုက်ပြီဖြစ်ပြီး ပိုင်ရှင်က အချိန်မရွေး ထုတ်ယူနိုင်ပါသည်]