← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃) ဒီကောင်လေးက ဘာဖြစ်လို့ ပိုပြီးစိတ်လှုပ်ရှားနေရတာလဲ

*ဒါက အသက်ဝင်သည့်ဆုလာဘ်လား…*

*ဒါဆိုရင် အလိုအလျောက်ဆုလာဘ်ကော ရှိသေးတာလား…*

*အလိုအလျောက်ဆုလာဘ်ကို ဘယ်လိုမျိုး အသက်သွင်းရမလဲ…*

*အင်း … အလိုအလျောက်ဆိုကတည်းက ငါ့ဘာသာငါ အသက်သွင်းဖို့ နည်းလမ်းမရှိဘူးဆိုတဲ့ သဘောပဲ…*

*နောက်ကျမှ ဖြည်းဖြည်းချင်း တိုးတက်လာဖို့ လိုအပ်တာများလား…*

လုယွမ်က တွေးတောနေခဲ့သည်။

လုယွမ်စကားပြောပြီးသွားသောအခါ တစ်ရွာလုံး တိတ်ဆိတ်သွားခဲ့သည်။ လုယွမ်က စုလီယန်ကို တကယ်ရွေးချယ်လိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ကြပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့အထဲတွင် စုလီယန်က အဆိုးရွားဆုံး ရွေးချယ်မှုပင်ဖြစ်သည်။ ခဏအကြာတွင် လူတိုင်းက စတင်၍ တီးတိုးပြောဆိုလာကြသည်။

ပထမဆုံးအနေဖြင့် သူတို့က စုလီယန်၏ မူလဇာစ်မြစ်အကြောင်းကို ပြောကြသည်။ သူမက မြွေအမျိုးသမီးတစ်ဦးဖြစ်သည်။ သူမက သာမန်လူသားတစ်ယောက်မဟုတ်ပေ။ သူမ၏ အဆင့်အတန်းက နိမ့်ကျလှသည်။ ထို့အပြင် သူမက ကျက်သရေမရှိပေ။ သူမ၏ သေးသွယ်လှသော လက်မောင်းများနှင့် ခြေထောက်များကိုကြည့်၍ နောင်တွင် အလုပ်လုပ်နိုင်မည်လားဆိုသည်မှာ သံသယဖြစ်ဖွယ်ပင်။

သူမက ကံကောင်းခြင်းများ ပါလာမည့်သူနှင့် မတူဘဲ သူမ၏ ဆွဲဆောင်မှုရှိသော အသွင်အပြင်ကိုသာ ကြည့်ကြသည်။ သူမ အိမ်ထောင်ပြုပြီး ဝင်လာပါက အလုပ်မလုပ်ဘဲ အလကားထိုင်စားမည့်သူသာ ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

လူတိုင်းက လုယွမ်အား ထိုကဲ့သို့ မိုက်မဲသော ရွေးချယ်မှုကို မပြုလုပ်ရန် ဖျောင်းဖျကြတော့သည်။

“နင်က မကြာသေးခင်ကမှ မကောင်းဆိုးဝါးဝိညာဉ်ရဲ့ ဒုက္ခပေးတာကို ခံထားရတာလေ... အခု ဒီလိုလူမျိုးကို လက်ထပ်ရဲသေးတာလား...”

သက်ကြီးအမျိုးသမီးတစ်ဦးက လုံးဝသဘောမတူနိုင်စွာဖြင့် လုယွမ်အား ပြောလိုက်သည်။

ထိုစကားကိုကြားသောအခါ အနီးတွင်ရပ်နေသော ပွဲစားက ချက်ချင်းပင် ဝင်ရောက်ကာကွယ်ပြောဆိုလိုက်သည်။

“အိုး... အစ်မကြီးရယ် အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောပါနဲ့... ကျွန်မရဲ့ စုလီယန်က ဘာဖြစ်နေလို့လဲ...”

“သူမက သင့်တင့်လျောက်ပတ်တဲ့ မြွေမျိုးနွယ်ဝင်တစ်ယောက်ပါ... မကောင်းဆိုးဝါးဝိညာဉ် မဟုတ်ပါဘူး... ‘ဒီလိုလူမျိုး’ ဆိုတာက ဘာသဘောလဲ...”

“ဒီစကားကို မြို့ထဲမှာပြောလို့ တစ်ယောက်ယောက်ကကြားပြီး တိုင်တန်းလိုက်ရင် အရာရှိတွေက သွေးခွဲတဲ့ရာဇဝတ်မှုနဲ့ ဖမ်းဆီးတာခံရလိမ့်မယ်နော်...”

လုယွမ်က လူအုပ်ကြီး၏အလယ်တွင် စုလီယန်၏ လက်သေးသေးလေးကို ကိုင်ထားရင်း သူတို့ကို အေးစက်စွာ စိုက်ကြည့်ကာ ရပ်နေခဲ့သည်။

လွန်ခဲ့သော အခိုက်အတန့်ကသာဆိုလျှင် လုယွမ်က ရွာသူရွာသားများသည် သူ့အတွက် ကောင်းစေချင်၍ ပြောနေကြသည်ဟု ခံစားရပေလိမ့်မည်။ သို့သော် ယခု မှတ်ဉာဏ်များအားလုံးကို ပေါင်းစပ်ပြီးနောက်တွင် ဤရွာရှိ လူအနည်းငယ်ကသာ လူကောင်းပီသကြောင်း လုယွမ် သိလိုက်ရသည်။

လူတိုင်းက ငြင်းခုံနေကြစဉ် လုယွမ်က ရုတ်တရက် စားပွဲကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

“ဘာတွေ ဆူညံနေကြတာလဲ... ကျုပ်က ဇနီးတစ်ယောက်ကို လက်ထပ်မှာဖြစ်ပြီး ခင်ဗျားတို့အားလုံးရဲ့ မှတ်ချက်တွေကို မလိုအပ်ပါဘူး...”

“ကျွန်တော်က ခင်ဗျားတို့ကို အသိပေးဖို့နဲ့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ပြောပြဖို့ ဤ

ဒီနေရာကို လာခဲ့တာပါ... သိထားရင် လုံလောက်ပြီဖြစ်ပြီး ခင်ဗျားတို့ရဲ့ သဘောတူညီချက်ကို တောင်းဆိုနေတာ မဟုတ်ဘူး...”

လုယွမ်၏ အမူအရာကြောင့် စုလီယန် အံ့အားသင့်သွားပြီး သူ့ကို မော့ကြည့်လိုက်မိသည်။ စုလီယန်က သူမ၏ခင်ပွန်းသည် ပညာရှင်တစ်ဦးဖြစ်ပြီး သူ၏ ယခင်စကားများက နူးညံ့ကာ အားနည်းသည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် သူက ယခုလို စားပွဲကို ရိုက်ချရဲလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ သူက တော်တော်လေး ယောက်ျားဆန်ပုံပေါ်သည်။

ခင်ပွန်းဖြစ်သူက သူမအတွက် ဤသို့လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တွေးမိသောအခါ စုလီယန်က သူ၏ မကြာသေးမီက စကားများကို ပြန်လည်သတိရသွားသည်။ စုလီယန်၏ နှလုံးသားထဲတွင် ချိုမြိန်သော လှုပ်ခတ်မှုတစ်ခုကို ခံစားလိုက်ရသည်။

စုလီယန်က အံ့အားသင့်သွားခဲ့လျှင် ရွာသူရွာသားများက ပို၍ပင် အံ့အားသင့်သွားကြပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ လုယွမ်က မည်သည့်လူစားမျိုးဖြစ်ကြောင်း ရွာသူရွာသားများက အတိအကျ သိထားကြသည်။ ပုံမှန်အားဖြင့် သူသည် အတိတ်ဆိတ်ဆုံးနှင့် အနူးညံ့ဆုံးသူတစ်ဦးဖြစ်ရာ ယခုလို စားပွဲကို မည်သို့ ရိုက်ချရဲပါသနည်း။

လူတိုင်းက လုယွမ်အား အံ့သြတကြီး စိုက်ကြည့်နေကြပြီးနောက် သူ၏ဘေးရှိ စုလီယန်ကို လှမ်းကြည့်လိုက်ကြသည်။ လုယွမ်သည် ဤနတ်ဆိုးမလေး၏ ပြုစားခြင်းကို ခံလိုက်ရပြီဟု သူတို့အားလုံး ခံစားလိုက်ရသည်။

ဘုရားရေ။ သူမက အိမ်ထောင်မပြုရသေးခင်မှာပင် ပုံမှန်အားဖြင့် အသုံးမကျဆုံးနှင့် သဘောအပျော့ဆုံးသူဖြစ်သည့် လုယွမ်ကို ဤအခြေအနေသို့ ပြောင်းလဲသွားစေခဲ့ပြီဖြစ်သည်။ သူမသာ အိမ်ထောင်ပြုပြီး ဝင်လာပါက သူတို့ယောက်ျား၏ ဝိညာဉ်သည်လည်း ဤနတ်ဆိုးမလေး၏ လုံးဝပြုစားခြင်းကို ခံရပေလိမ့်မည်။

ချက်ချင်းပင် သက်ကြီးအမျိုးသမီးအချို့က သူတို့၏ အသံများကို ပိုမိုကျယ်လောင်စွာ ထုတ်ကာ လုယွမ်အား ချေပပြောဆိုကြတော့သည်။ ရှီကဲရွာ၏ ဓလေ့ထုံးစံများက မည်မျှ ဖြောင့်မတ်မှန်ကန်ကြောင်းနှင့် နတ်ဆိုးမတစ်ဦးအား အိမ်ထောင်ပြုခွင့် မပေးခဲ့ဖူးကြောင်းကို သူတို့က ထုတ်ဖော်ပြောဆိုကြသည်။ ဤနေရာရှိ လူတိုင်းက လူသားများဖြစ်ကြပြီး ထိုအတိုင်းသာ ပြုမူသင့်ကြောင်း စသည်ဖြင့် ပြောဆိုကြသည်။

သို့သော် သူတို့၏စကားများနှင့်ပတ်သက်၍ လုယွမ်က ခါးသီးစွာပြုံးလိုက်ပြီး လှောင်ပြောင်လိုက်သည်။

“ဒီနေရာမှာ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာကို ရပ်လိုက်ကြတော့...”

“ရှီကဲရွာက ဒီနေ့ ဒီလိုအခြေအနေဖြစ်နေတာ ကျုပ်ရဲ့ ဘိုးဘေးကြောင့် မဟုတ်ဘူးလား...”

“တစ်ယောက်ကိုတစ်ယောက် အမြဲတမ်း အကြံအစည်တွေထုတ်ပြီး နေ့တိုင်း သူတစ်ပါးဆီကနေ အခွင့်အရေးယူဖို့ တွေးနေရုံနဲ့ အဲ့တာတွေကို ရရှိလာတယ်လို့ ခင်ဗျားတို့ ထင်နေကြတာလား...”

“အဲ့တုန်းက ခင်ဗျားတို့အားလုံး ဒီရွာကို အိမ်ထောင်ကျလာခဲ့တာကလည်း ကျုပ် ဘိုးဘေးကြောင့်ပဲ မဟုတ်ဘူးလား...”

“စကားများတာ ရပ်လိုက်တော့... ကျုပ်က ဒီဇနီးကို လက်ထပ်ဖို့ ဆုံးဖြတ်ထားပြီးပြီ... ခင်ဗျားတို့က ခွင့်မပြုဘူးဆိုရင်လည်း ကောင်းပြီလေ... ကျုပ် ထွက်သွားမယ်...”

“ကျုပ် မသွားခင်မှာ ကျုပ် ဘိုးဘေးကိုပါ တစ်ပါတည်း ခေါ်သွားမယ်...”

လုယွမ်စကားပြောပြီးသွားသောအခါ ထိုအချိန်အထိ တိတ်ဆိတ်နေခဲ့သော ရွာသူကြီးက ရုတ်တရက် စားပွဲကိုရိုက်ချလိုက်ပြီး လုယွမ်အား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

“အဓိပ္ပာယ်မရှိတာ...”

“ဘိုးဘေးက ကွယ်လွန်သွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီလေ... မင်းက အခု သူ့ရဲ့ ဝိညာဉ်ကို နှောင့်ယှက်ချင်နေတာလား...”

“မင်းက သူ့ရဲ့ မြစ်လေ… ဒါက မင်းရဲ့ ဘိုးဘေးအပေါ် ရိုသေမှုပြသတဲ့ နည်းလမ်းလား...”

လုယွမ်က ရေနွေးပူကို မကြောက်သော ဝက်ရိုင်းတစ်ကောင်ကဲ့သို့ ခေါင်းမာသော အမူအရာဖြင့် မျက်ခုံးပင့်လိုက်သည်။

“အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့... ကျုပ် ဒီဇနီးကို လက်ထပ်လို့ရသလား မရဘူးလား ဆိုတာကိုပဲ ပြောပါ...”

“ကျုပ် သူမကို လက်ထပ်ရင် သူမ ဒ္နေရာမှာ နေလို့ရလား...”

လုယွမ်က ရွာသူကြီးကို ပေါ်တင် ဂရုမစိုက်ခြင်းက သူ့အား တကယ်ကို ဒေါသထွက်စေခဲ့သည်။ သို့သော် လုယွမ်က ဒေါသထွက်ပြီး ဘိုးဘေး၏ သင်္ချိုင်းကို တကယ်ရွှေ့ပြောင်းသွားမည်ကို သူက အမှန်တကယ် ကြောက်ရွံ့နေပုံပေါ်သည်။ မည်သို့ပင်ဆိုစေကာမူ ဤကောင်လေးသည် မကောင်းဆိုးဝါးဝိညာဉ်၏ ဒုက္ခပေးခြင်းကို ခံရပြီးကတည်းက တော်တော်လေး ပြောင်းလဲသွားခဲ့သည်။

နောက်ဆုံးတွင် သူက အံကြိတ်ကာ ပြောလိုက်သည်။

“ရတယ်... ဘာလို့ မရရမှာလဲ... လုမိသားစုမှာ အခု မင်းတစ်ယောက်တည်း ကျန်တော့တာဆိုတော့ သဘာဝကျကျပဲ မင်းရဲ့စကားက အတည်ပေါ့...”

“တခြားသူတွေက မင်းအတွက် စိုးရိမ်လို့ ကြည့်ပေးနေကြတာပါ... မင်းက နားမထောင်ဘူးဆိုရင်လည်း ပြီးတာပါပဲလေ...”

ထိုအရာကို မြင်သောအခါ လုယွမ်က ကျေနပ်သွားပြီး ဘာမှထပ်မပြောတော့ပေ။

အနီးတွင်ရပ်နေသော သက်ကြီးအမျိုးသမီးများက သဘောမတူလိုသေးဘဲ တစ်ခုခု ထပ်ပြောချင်နေသေးသည်။ သူတို့က စုလီယန်ကို ရွာထဲသို့ အိမ်ထောင်ပြုပြီး ဝင်လာမည်ကို လုံးဝ မလိုချင်ကြပေ။ သို့သော် ရွာသူကြီးက သူတို့ကို ချော့မော့ရုံသာ တတ်နိုင်ခဲ့ပြီး လုယွမ်နှင့် ထပ်မံ၍ မငြင်းခုံရဲတော့ပေ။ မည်သို့ပင်ဆိုစေကာမူ လုယွမ်ပြောသည်က မှန်ပေသည်။ ရှီကဲရွာ ယခုကဲ့သို့ အတိုင်းအတာတစ်ခုအထိ ရောက်ရှိလာခြင်းက သူ၏ ဘိုးဘေးကြောင့်ချည်းသာ ဖြစ်သည်။ အကယ်၍ သူက ဘိုးဘေးကို ပြောင်းရွှေ့သွားပါက ရှီကဲရွာသည် နှစ်အနည်းငယ်အတွင်း ရွာကြီးတစ်ရွာမှ ရွာငယ်လေးတစ်ရွာသို့ ပြန်လည်ကျဆင်းသွားနိုင်သည်။

အသက်ကြီးသော ရွာသူကြီးက ရွာမှ အဒေါ်များကို ချော့မော့၍ ပြီးသွားချိန်တွင် ပွဲစားက ထပ်မံထွက်ပေါ်လာခဲ့သည်။

စုလီယန်အား အိမ်ထောင်ချပေးရသည့် ဤပြဿနာ ပြီးပြေသွားခြင်းအပေါ် ပွဲစားက ပျော်ရွှင်နေပုံမပေါ်ပေ။ ထို့အစား သူမက လုယွမ်အား ကြည့်ရင်း သတိထားနေရသော အမူအရာတစ်ခု ရှိနေခဲ့သည်။

“ဟိုလေ... သခင်လေး... ကျွန်မ သခင်လေးကို မပြောရသေးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်...”

“ဟင်…”

လုယွမ်က ခေါင်းလှည့်ကာ ပွဲစားအား ထူးဆန်းစွာ ကြည့်လိုက်သည်။

“ဘာများလဲ...”

ဤအခိုက်အတန့်တွင် သူလက်ကိုင်ထားသော စုလီယန်၏ ခန္ဓာကိုယ်လေး အနည်းငယ် တုန်ယင်သွားသည်ကို လုယွမ် ခံစားလိုက်ရသည်။ သူက လှည့်ကြည့်လိုက်သောအခါ စုလီယန်က ခေါင်းငုံ့ထားပြီး အနည်းငယ် ကြောက်ရွံ့နေပုံပေါ်သည်ကို မြင်လိုက်ရသည်။

ပွဲစားက အလျင်အမြန် ပြောလိုက်သည်။

“သခင်လေး... မကြောက်ပါနဲ့... ဒ္ကလေးမ လီယန်က တကယ်ကို ကြိုးကြိုးစားစား အလုပ်လုပ်တတ်ပြီး ဘာရောဂါမှလည်း မရှိပါဘူး...”

“ဒါပေမဲ့... သူမဆီမှာ မျိုးရိုးဗီဇပြန်ပေါ်ခြင်း လက္ခဏာတွေ ပြနေလို့ပါ...”

*မျိုးရိုးဗီဇပြန်ပေါ်ခြင်း…*

*အဲ့တာက ဘာလဲ…*

လုယွမ်က သူ၏စိတ်ထဲရှိ မှတ်ဉာဏ်များကို ရှာဖွေကြည့်သော်လည်း မျိုးရိုးဗီဇပြန်ပေါ်ခြင်းနှင့် ပတ်သက်သော မည်သည့်စကားလုံးကိုမျှ ရှာမတွေ့ခဲ့ပေ။

ထိုစကားကို ကြားလိုက်ရသောအခါ လူအုပ်ထဲရှိ အဒေါ်များက ချက်ချင်းပင် စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်ကြသည်။ ရွာသူကြီးက စုလီယန်၏ အိမ်ထောင်ရေးကို သဘောတူလိုက်၍ သူတို့၏ တင်းမာနေမှုများက ချက်ချင်းပင် ရယ်မောစရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူမက ဖျားနာနေသည်ဖြစ်စေ၊ အလုပ်ကြမ်းလုပ်နိုင်သည်ဖြစ်စေ ဤအရာနှင့်ယှဉ်လျှင် အရေးမကြီးတော့ပေ။ မျိုးရိုးဗီဇပြန်ပေါခြင်းဆိုသည်မှာ မည်မျှပင် ကျက်သရေမရှိလိုက်သနည်း။

အခန်း (၄) ငါတို့မိသားစုက တကယ့်ကို ချမ်းသာတယ်

ဤအခိုက် လုယွမ်က စုလီယန်အား ထပ်မံကြည့်လိုက်သည်။

*အင်း … မယ်ဒူဆာပဲ*

နွီဝါးသည် အလွန်မြင့်မြတ်လွန်းလှရာ စုလီယန်က သူမနှင့်မတူပေ။ ကျောက်လင်အာမှာ ဖြူစင်သောပုံစံမျိုးဖြစ်ပြီး စုလီယန်က သူမနှင့်လည်း မတူပြန်ပေ။

စုလီယန်က ဆွဲဆောင်မှုရှိပြီး ကျက်သရေရှိသော အစ်မကြီးပုံစံမျိုးဖြစ်သည်။ ထိုသို့တွေးကြည့်လိုက်သောအခါ သူမက တကယ်ပင် အနည်းငယ်တူနေသည်ဟု ခံစားလိုက်ရသည်။

ဤအခိုက် စုလီယန်က လုယွမ်အား အံ့ဩစွာ ကြည့်လိုက်သည်။

သူမ၏ခင်ပွန်းက သူမကို ဘာကြောင့် ထိုသို့ကြည့်နေမှန်း မသိသော်လည်း သူမ၏ခင်ပွန်းအကြည့်များထဲတွင် အခြားသူများကဲ့သို့ ရွံရှာခြင်း သို့မဟုတ် မထီမဲ့မြင်ပြုခြင်းများ မပါဝင်ကြောင်း စုလီယန် သိနိုင်ပေသည်။

စုလီယန်က စိတ်ထဲ၌ အလွန်ပျော်ရွှင်သွားပြီး ရှက်ရွံ့စွာဖြင့် ခေါင်းကို ငုံ့ထားလိုက်ပြန်သည်။

လုယွမ်အား ဆုပ်ကိုင်ထားသော သူမ၏လက်များက ပို၍တင်းကျပ်သွားခဲ့သည်။

လုယွမ်က သတိပြန်ဝင်လာပြီး ကြောင်အမ်းအမ်းဖြစ်နေသော လီကွမ်းဟန်ကို ကြည့်လိုက်သည်။

“ကျုပ်တို့တွေ အခု ပြန်တော့မည်... ဒီည ဘိုးဘေးခန်းမကို လာပြီး ဘိုးဘေးတွေကို ဂါရဝပြုမယ်... ကျုပ်တို့အတွက် တံခါးဖွင့်ထားပေးဖို့ မမေ့နဲ့ဦး...”

ထိုသို့ပြောပြီးနောက် လုယွမ်က စုလီယန်ကိုဆွဲကာ ထွက်သွားခဲ့သည်။

ပွဲစားက ဝမ်းသာအားရဖြင့် နေရာတွင် ခုန်ပေါက်နေခဲ့ပြီး လုယွမ်နောက်သို့ နာခံစွာ လိုက်သွားသော စုလီယန်ကိုကြည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“လီယန်... နေ့လယ်လောက်ကျရင် ထွက်လာပြီး သမီးရဲ့အိမ်က ဘယ်မှာလဲဆိုတာ အဒေါ့်ကို လာပြောဦး... ဒါမှ အဒေါ်က သမီးရဲ့အဖေနဲ့ အမေ့ကို ပြန်ပြောပြလို့ရမှာ...”

စုလီယန်က မျက်နှာလေးနီရဲသွားကာ ပွဲစားကို လှည့်၍ ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်မ သိပါပြီ အဒေါ်...”

ရှီကဲရွာမှ ရွာသူရွာသားများက လုယွမ်နှင့် စုလီယန်တို့ ထွက်ခွာသွားသောပုံရိပ်ကို အမျိုးမျိုးသော အမူအရာများဖြင့် ကြည့်နေကြသည်။

အမျိုးသားအများစုက မနာလိုဖြစ်နေကြသည်။

သူမက မြွေအမျိုးသမီးပဲဖြစ်ဖြစ်၊ ကံဆိုးတာပဲဖြစ်ဖြစ် ဂရုစိုက်နေမည်မဟုတ်ပေ။ ထိုကဲ့သို့သောအသွင်အပြင်မျိုးနှင့်ဆိုလျှင် တစ်ကြိမ်သေရမည်ဆိုလျှင်တောင်မှ တန်ပေသည်။

အမျိုးသမီးများကတော့ အများစုမှာ ပြင်းထန်စွာ မနာလိုဖြစ်နေကြသည်။

အထူးသဖြင့် စုလီယန်နှင့်အတူ အိမ်ထောင်ပြုရန် ရောက်လာကြသော အမျိုးသမီးများပင်ဖြစ်သည်။

လုယွမ်က အလွန်ဆင်းရဲသော်လည်း သူ၏အသွင်အပြင်ကိုကြည့်လိုက်ပါက သူ၏အဝတ်အစားများက သန့်ရှင်းသပ်ရပ်နေပေသည်။ သူ၏စကားပြောဆိုပုံကလည်း နားထောင်လို့ကောင်းပေသည်။

သူသည် တကယ်တမ်း အသုံးမကျသော ပညာရှင်တစ်ယောက်သာ ဖြစ်သော်လည်း နောင်တစ်ချိန် စာမေးပွဲများအောင်မြင်သွားခဲ့လျှင်ကော။ ဖြစ်နိုင်ခြေရှိပေသည်။

စုလီယန်က ဘာကြောင့် ဤမျှကောင်းမွန်သော ယောကျာ်းမျိုးကို ရွေးချယ်နိုင်ခဲ့သနည်း။

ရှီကဲရွာမှ ရွာသူရွာသားများအတွက် ဘုံတူညီသော ရှုပ်ထွေးမှုတစ်ခု ရှိနေသည်။ ဤသည်မှာ ဤကောင်လေးက ဘယ်အချိန်ကများ ဤမျှ လူဆိုးလူမိုက်တစ်ယောက် ဖြစ်သွားခဲ့သနည်းဟူ၍ပင်။

စောစောက သူမည်မျှ မောက်မာနေသည်ကို ကြည့်လိုက်ပါ။ အားလုံးက ဤကောင်လေးကို အနိုင်ကျင့်ခဲ့ကြဖူးသည်။ ယခုမူ သူက အခြေအနေကို ပြောင်းပြန်လှန်ကာ သူတို့ကို သင်ခန်းစာပေးခဲ့သောကြောင့် သူတို့အားလုံး အလွန်အမင်း စိတ်မသက်မသာ ဖြစ်သွားကြသည်။

ဤကမ္ဘာကြီးက ကျယ်ပြောပြီး အလွန်ထူးဆန်းပေသည်။

ရှန်းလင်းအင်ပါယာ၏ မြောက်ပိုင်းဒေသက ယခုလက်ရှိတွင် သားရဲမျိုးနွယ်များနှင့် စစ်ခင်းနေသည်။

ဤသည်မှာ မင်းမင်းဆက်၏ ဟုန်ဝူခေတ်က ဧကရာဇ်မင်းက မြောက်ပိုင်းယွမ်၏ အကြွင်းအကျန်များကို ရှင်းလင်းရန် မြောက်ပိုင်းသို့ တပ်များစေလွှတ်ခဲ့သည်နှင့် တူညီပေသည်။

တစ်ချိန်တည်းမှာပင် အင်ပါယာ၏ ပြည်တွင်း၌လည်း အမျိုးမျိုးသော မကောင်းဆိုးဝါးဝိညာဉ်များနှင့် သရဲတစ္ဆေများ ပြည့်နှက်နေသည်။

သို့သော်လည်း ဤကမ္ဘာတွင် မကောင်းဆိုးဝါးဝိညာဉ်များနှင့် သရဲတစ္ဆေများ ရှိနေသောကြောင့် သဘာဝကျစွာပင် သူတို့ကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများလည်း ရှိနေပေသည်။

စစ်တလင်းတွင် သွေးထွက်သံယို တိုက်ပွဲဝင်ခဲ့ကြသော စစ်သည်များကို ကြည့်လိုက်ပါက အလောင်းကောင်တောင်တန်းများနှင့် သွေးပင်လယ်များထဲမှ တွားသွားထွက်လာကြသူများဖြစ်ရာ မကောင်းဆိုးဝါးဝိညာဉ်များက သူတို့ကို ချဉ်းကပ်ရန်ပင် မရဲကြပေ။

ဘုရားကျောင်းများရှိ ရဟန်းများနှင့် ကျောင်းတော်များရှိ တာအိုဆရာများတွင်လည်း မကောင်းဆိုးဝါးဝိညာဉ်များကို ကယ်တင်ရန် သို့မဟုတ် ချေမှုန်းရန် နည်းလမ်းများ ရှိကြသည်။

အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော နန်းတွင်းမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးကို ကြည့်လိုက်ပါ။ သူသည် မြစ်များကိုဖြတ်၍ လှေဖြင့် တစ်ယောက်တည်း ခရီးသွားရဲပေသည်။

သူ၏ ဖြောင့်မတ်သော အငွေ့အသက်ကိုသာ အားကိုးပြီး ရေအောက်ကြမ်းပြင်ရှိ ရေတစ္ဆေများနှင့် မကောင်းဆိုးဝါးဝိညာဉ်များက ကြောက်ရွံ့တုန်လှုပ်သွားကြပြီး နောက်သို့ပင် မလှည့်ကြည့်ရဲကြပေ။

ဧကရာဇ်၏ စာမေးပွဲများကို အောင်မြင်ခဲ့သော ပညာရှင်တချို့သည် ပညာရှင်များ၏ စကားအနည်းငယ်ဖြင့် မကောင်းဆိုးဝါးဝိညာဉ်များကို နံရံတွင် ရိုက်နှက်ထားနိုင်ပြီး သူတို့ကို မည်သည့်အခါမှ ပြန်လည်မဝင်စားနိုင်အောင် လုပ်ဆောင်နိုင်သည်။

ထိုအကြောင်းကို ပြောရမည်ဆိုလျှင် မကောင်းဆိုးဝါးဝိညာဉ်များက လူများကို အမြဲကြောက်ရွံ့ကြသည်။ သို့သော် သူတို့က ထိုစွမ်းအားကြီးမားသော လူများကိုသာ ကြောက်ရွံ့ကြခြင်းဖြစ်သည်။ သာမန်လူများကတော့ သူတို့၏ နှိပ်စက်ညှဉ်းပန်းမှု ပစ်မှတ်များသာ ဖြစ်ကြသည်။

လုယွမ်၏ ဘိုးဘေးသည်လည်း ဤနေရာတွင် ခရိုင်ဝန်အဖြစ် တစ်ချိန်က တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

သူသည် ယခင်မင်းဆက်မှ အရာရှိတစ်ဦး ဖြစ်သော်လည်း သူသည် တရားဝင်ဘွဲ့တစ်ခုကို ရရှိခဲ့ပြီး အဆင့်အတန်းတစ်ခု ရှိခဲ့ပေသည်။ သူ၏ကိုယ်ပေါ်တွင် အရာရှိတစ်ဦး၏ အငွေ့အသက်များ ကျန်ရှိနေသမျှ ကာလပတ်လုံး သေဆုံးပြီး မြှုပ်နှံပြီးနောက်၌ပင် သဘာဝကျစွာ အခြားသော သရဲတစ္ဆေများနှင့် မကောင်းဆိုးဝါးဝိညာဉ်များကို ဖိနှိပ်ထားနိုင်လိမ့်မည်ဖြစ်သည်။

ရှီကဲရွာက ဆက်လက်စည်ပင်ဝပြောနေပြီး ရာသီဥတုကောင်းမွန်ခြင်းမှာ လုယွမ်၏ ဘိုးဘေးက ဤနေရာတွင် ရှိနေသောကြောင့်ဖြစ်သည်။ မည်သည့် မကောင်းဆိုးဝါးဝိညာဉ်ကမှ တိုက်ခိုက်ရန် မရဲကြပေ။

ထိုမကောင်းဆိုးဝါးဝိညာဉ်များက ရွာအပြင်ဘက်တွင်သာ လှည့်လည်သွားလာရဲကြသည်။

ထို့ကြောင့် လုယွမ်၏ ဘိုးဘေးကို အားကိုးကာ ရှီကဲရွာက ဆယ်စုနှစ်များစွာအတွင်း အလွန်ကြီးမားသော ရွာကြီးတစ်ရွာအဖြစ် ကြီးထွားလာခဲ့သည်။

အခြားရွာများမှ လူများအားလုံးက သူတို့၏ သမီးများကို ဤနေရာသို့ အိမ်ထောင်ချပေးချင်ကြသည်။

ဤသည်မှာ စောစောက လုယွမ်က ရွာသူကြီးနှင့် ရန်ဖြစ်ရဲသော အကြောင်းရင်းဖြစ်ပြီး ရွာသူကြီးကလည်း လုယွမ်ကို ဘာမှမလုပ်နိုင်သော အကြောင်းရင်းလည်းဖြစ်သည်။

ရွာသူရွာသားများအပေါ် သူ၏ သဘောထားနှင့်ပတ်သက်၍ ပြောရလျှင် ဤသည်မှာ မှတ်ဉာဏ်များကို ပေါင်းစပ်ပြီးနောက် အတိတ်ကဖြစ်ရပ်များကို သူသိလာပြီး အလိုအလျောက် ရွံရှာမိသွားသောကြောင့်သာ ဖြစ်သည်။

လုယွမ်မိသားစုပိုင်ဆိုင်သော အုတ်နှင့်အုပ်ကြွပ်မိုးအိမ်ကိုသာ မြင်ကြသည်။

ဘာကြောင့် အုတ်နှင့်အုပ်ကြွပ်မိုးအိမ်သာ ကျန်ရစ်ခဲ့ရသနည်း။

ကျန်ရှိနေသော ပိုင်ဆိုင်မှုများမှာ ရွာသူရွာသားများ၏ လိမ်လည်မှု၊ လှည့်စားမှု သို့မဟုတ် ‘ချေးငှား’ ခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။

ဤလူများက သူတစ်ပါးကို အနိုင်ကျင့်ရာတွင် အလွန်တော်ကြပေသည်။

မူလခန္ဓာကိုယ်ပိုင်ရှင်မှာ အားနည်းသော ပညာရှင်တစ်ယောက်ဖြစ်ပြီး အလွန်အမင်း သတ္တိကြောင်သူဖြစ်သည်။ သို့သော် သူက ဆိုးရွားစွာ အနိုင်ကျင့်ခံခဲ့ရသည်။

ထိုဖြစ်ရပ်များက လက်ရှိလုယွမ်နှင့် ဘာမှမသက်ဆိုင်သော်လည်း ထိုနေရာတွင် သူ့ကိုယ်သူ ဝင်ကြည့်ရုံမျှဖြင့် သူ့ကို ဒေါသထွက်စေခဲ့သည်။

ထို့အပြင် လုယွမ်က ဤနေရာတွင် ထာဝရနေထိုင်ရန် ဘယ်သောအခါမှ မရည်ရွယ်ထားပေ။

နောင်တစ်ချိန်တွင် သူသာ အောင်မြင်သွားခဲ့ပါက ကျိန်းသေပေါက် ပြောင်းရွှေ့သွားမည်ဖြစ်သည်။

ထို့ကြောင့် သူတို့ကို အလိုလိုက်နေရန် မလိုအပ်ပေ။ သူ့ကို သက်တောင့်သက်သာဖြစ်စေမည့် မည်သည့်အရာကိုမဆို သူ လုပ်ဆောင်မည်ဖြစ်သည်။

“ငါတို့ အိမ်ရောက်ပြီ... အခုမှစပြီး ဒီနေရာက မင်းရဲ့အိမ်ပဲ...”

မကြာမီတွင် လုယွမ်က စုလီယန်ကို ခေါ်ဆောင်၍ ပြန်လာခဲ့သည်။

လုယွမ်၏အိမ်က ရွာ၏အလယ်ဗဟိုတွင် တည်ရှိသောကြောင့် သဘာဝကျစွာပင် အလွန်နီးကပ်ပေသည်။

စုလီယန်က သူမရှေ့ရှိ အုတ်နှင့်အုပ်ကြွပ်မိုးအိမ်ကို ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းနီနီလေးများက အနည်းငယ် ပွင့်ဟသွားပြီး မျက်နှာပေါ်တွင် အံ့ဩမှုများ ပြည့်နှက်သွားခဲ့သည်။

*အုတ်နဲ့ အုပ်ကြွပ်မိုးထားတဲ့အိမ် … ဘယ်လောက်တောင် ခမ်းနားလိုက်လဲ*

ယခင်က အခြားသူများက သူမ၏ခင်ပွန်းသည် ဆင်းရဲသည်ဟု ပြောသောအခါ စုလီယန်က ရွှံ့နှင့်ကောက်ရိုးများဖြင့် ဆောက်ထားသော တဲငယ်လေးဟု ထင်မှတ်ထားခဲ့သည်။

သို့သော် အပြာရောင်ကျောက်ပြားများ ခင်းထားသော အိမ်ဝင်းတစ်ခုနှင့် အခန်းသုံးခန်းပါဝင်သည့် အုတ်နှင့်အုပ်ကြွပ်မိုးအိမ်ဖြစ်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ အလွန်ကြည့်ကောင်းလှပေသည်။

“ငါ့ရဲ့ဘိုးဘေးက ခရိုင်ဝန်တစ်ယောက်ဖြစ်ခဲ့တယ်... ဒါကြောင့် ဒီအရာတွေအားလုံးက သူ ချန်ထားရစ်ခဲ့တာပဲ... ငါ့ရဲ့ဖခင်နဲ့ မိခင်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကုန်ပစ္စည်းတွေရောင်းဝယ်ဖို့ တောင်ဘက်ကို ခရီးထွက်ခဲ့ပေမဲ့ လမ်းတစ်ဝက်မှာ ဓားပြတိုက်ခံရပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး... အခုကစပြီး ဒီနေရာမှာ ငါတို့ နှစ်ယောက်တည်းပဲ ရှိတော့တာမို့ တင်းကျပ်တဲ့ စည်းမျဉ်းတွေ မရှိပါဘူး...”

လုယွမ်က ဘေးမှနေ၍ ပြုံးကာ ရှင်းပြလိုက်သည်။

စုလီယန်က လုယွမ်အား ငေးမောကြည့်နေခဲ့ပြီး ခေါင်းညိတ်လိုက်ကာ သူ၏နောက်မှနေ၍ အိမ်ဝင်းထဲသို့ လိုက်သွားခဲ့သည်။

“မင်း မနက်အစောကြီး တခြားရွာကနေ ကမန်းကတန်း လာခဲ့ရတာမလား... မနက်စာ စားရသေးပုံမပေါ်ဘူး...”

လုယွမ်က ရှေ့မှ လျှောက်သွားရင်း ပြောလိုက်သည်။

စုလီယန်ကဲ့သို့ အိမ်ထောင်ပြုရန် ရောက်လာကြသော ဤအမျိုးသမီးများသည် ပတ်ဝန်းကျင်ရှိ ရွာငယ်လေးများမှနေ၍ ရှီကဲရွာကဲ့သို့သော ရွာကြီးများသို့ ပွဲစားက ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

အကယ်၍ စေ့စပ်မှု အောင်မြင်သွားပါက အမျိုးသမီးက ယောကျာ်းဖြစ်သူ၏ အိမ်သို့ တိုက်ရိုက်ပြောင်းရွှေ့သွားမည်ဖြစ်သည်။

အကယ်၍ မအောင်မြင်ခဲ့ပါက သူမသည် ညအိပ်ရန် ရွာထဲရှိ အမိုးအောက်တစ်ခုခုကို ရှာဖွေပြီး နောက်နေ့နံနက်တွင် နောက်ထပ်ရွာတစ်ရွာသို့ ထွက်ခွာသွားမည်ဖြစ်သည်။

ယနေ့ သူမက အလွန်စောစော ရောက်လာသောကြောင့် နံနက်ခင်းတွင် သိပ်စားရလိမ့်မည် မဟုတ်ပေ။

စုလီယန်က ခေါင်းကိုငုံ့ထားပြီး ရှက်ရွံ့စွာဖြင့် “အင်း...” ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

ထို့နောက် လုယွမ်က အိမ်ဝင်းထဲရှိ ကြက်ခြံကို လက်ညှိုးထိုးပြလိုက်သည်။

“ခဏနေရင် ကြက်တစ်ကောင်သတ်ပြီး မင်းအတွက် ကြက်စွပ်ပြုတ် ချက်ပေးမယ်... မင်းရဲ့ ခွန်အားတွေကို ပြန်ဖြည့်တင်းဖို့ လိုတယ်... ကြည့်စမ်း ဘယ်လောက်တောင် ပိန်နေလဲလို့...”

စုလီယန်က လန့်သွားပြီးနောက် ခေါင်းကို အမြန်မော့ကာ လက်ကာပြလိုက်သည်။

“မလိုပါဘူး မလိုပါဘူး... ဖြစ်သလိုလေး စားလိုက်ရင် ရပါတယ်... ကျွန်မတို့တွေ ချွေတာပြီး နေထိုင်ရမယ်လေ...”

ယောကျာ်းတစ်ယောက်၏ အိမ်တွင် နေထိုင်ရသော ပထမဆုံးနေ့၌ပင် ကြက်တစ်ကောင်သတ်ရန် တစ်စုံတစ်ယောက်ကို မည်သို့ တောင်းဆိုနိုင်မည်နည်း။

သူမက မည်သည့် အိမ်မှုကိစ္စကိုမှပင် မလုပ်ရသေးပေ။

ထို့အပြင် အိမ်က ခမ်းနားသော်လည်း မိသားစုက တကယ်တမ်း မချမ်းသာကြောင်းကို စုလီယန် သိနိုင်ပေသည်။

အလှဆင်ပစ္စည်း သိပ်များများစားစား မရှိပေ။ သူတို့သည် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပုံပေါ်သည်။

သူတို့သည် ချွေချွေတာတာ နေထိုင်ရမည်ဖြစ်သည်။ ကြက်က ဥ,ဥရန်အတွက်ဖြစ်ရာ မည်သို့ စားနိုင်မည်နည်း။

လုယွမ်က စုလီယန် ဤမျှချွေတာတတ်သည်ကို အလွန်ကျေနပ်သွားသည်။

ဤသည်ကလည်း အလိုအလျောက်ဆုလာဘ် ပုံစံတစ်မျိုး ဖြစ်နိုင်သလား။

ဤဇနီးသည်က အလွန်ချွေတာတတ်ပြီး အလွန်ကိုယ်ကျင့်တရားကောင်းကာ နားလည်မှုရှိသောကြောင့် အမြှောက်ကိန်းက အမြှောက်ကိန်း ၉ ဖြစ်နေတာလား။

လုယွမ်က မသိခဲ့ပေ။

သို့သော်လည်း ယနေ့တွင်မူ ကြက်ကို ကျိန်းသေပေါက် စားရမည်ဖြစ်သည်။

လုယွမ်က သူ၏ ခြေလှမ်းများကို ချက်ချင်းရပ်တန့်လိုက်ပြီး သူ၏ဘေးတွင် ရပ်နေသော စုလီယန်ကိုကြည့်ကာ မျက်နှာကို နီးကပ်စွာ တိုးသွားခဲ့သည်။

လုယွမ်၏မျက်နှာ နီးကပ်လာသည်ကို စုလီယန်က ကြည့်နေခဲ့ပြီး သူမ၏ အလွန်လှပသော မျက်နှာလေးက ချက်ချင်းပင် နီရဲသွားခဲ့သည်။

အလွန်အမင်း ရှက်ရွံ့နေသော စုလီယန်က ခေါင်းကို အနည်းငယ်သာ ငုံ့ထားလိုက်သော်လည်း နောက်သို့ ဆုတ်မသွားခဲ့ပေ။

ဤရှက်ရွံ့ပြီး ဆွဲဆောင်မှုရှိသော အသွင်အပြင်လေးက လုယွမ်ကို တကယ်ပင် သူမအား မြတ်နိုးသွားစေသည်။

“မင်း စိတ်ကြိုက်သာ စားပါ... ငါတို့မိသားစုက တကယ်တော့ အရမ်းချမ်းသာတယ်... အခုကစပြီး ငါ့နောက်ကို လိုက်လာတဲ့အတွက် မင်း ကောင်းကောင်းစားရပြီး ကောင်းကောင်းနေရလိမ့်မယ်... ထမင်းစားတိုင်း အသားဟင်း ပါရမယ်...”

All Chapters