အခန်း (၉-၁၀)
Vol. 1 Ch. 9-10
အခန်း (၉) နင့်ယောက်ျားက နင့်ကို ဒါတွေ စားခိုင်းတာလား
တိတိကျကျပြောရလျှင် ဤမိန်းကလေးငယ်သည် တစ္ဆေလေးတစ်ကောင်ဖြစ်ပေသည်။
သူမသည် စုလီယန်ကြောင့် ခဏတာလန့်သွားခဲ့သည်။
သူမက ချက်ချင်းဆင်းသက်လာပြီး သူမ၏ မျက်လုံးပြူးကြီးများက နာကြည်းမှုကြောင့် နီရဲသွားကာ...
“တခြားသူတွေက သမီးကို မမြင်နိုင်ပါဘူး...”
စုလီယန်က မိန်းကလေးငယ်၏ဘေးသို့ အမြန်လျှောက်သွားပြီး သူမ၏ဆံကျစ်များကိုဆွဲကာ အိမ်ထဲသို့ ဆွဲသွင်းသွားခဲ့သည်။
အိမ်ထဲရောက်သောအခါ စုလီယန်က တံခါးကို အမြန်ပိတ်လိုက်ပြီး အလွန်လေးနက်စွာဖြင့်...
“အဆင်မပြေဘူးလေ ဒီရွာထဲက တစ်ယောက်ယောက်က မှော်ပညာတွေတတ်ပြီး နင့်ကိုမြင်သွားရင် ဘယ်လိုလုပ်မလဲ...”
မိန်းကလေးငယ်က ခေါင်းငုံ့ကာ တိုးတိတ်စွာ ပြန်ဖြေလိုက်သည်။
သူမသည် သိပ်ပျော်ရွှင်နေပုံမပေါ်ပေ။
မိန်းကလေးငယ် ဤမျှမှုန်ကုပ်နေသည်ကို မြင်လိုက်ရသောအခါ စုလီယန်က ရယ်မောခြင်းကို မထိန်းနိုင်ခဲ့ပေ။
သူမက သူမ၏ယောက်ျား မနေ့ကဝယ်ပေးထားသော သကြားလုံးတစ်လုံးကို အိတ်ကပ်ထဲမှထုတ်ကာ ကမ်းပေးရင်း...
“ကောင်းပါပြီ ကောင်းပါပြီ ရော့ ဒီမှာ နင့်အတွက် သကြားလုံး...”
သကြားလုံးရသောအခါ မိန်းကလေးငယ်က ရွှင်လန်းသွားခဲ့သည်။ သူမက ၎င်းကိုယူလိုက်ပြီး အခွံကိုအမြန်ခွာကာ ပါးစပ်ထဲပစ်ထည့်လိုက်ပြီး...
“အစ်မ သမီး အသားစားချင်သေးတယ်...”
စုလီယန်က ရပ်တန့်သွားပြီး မီးဖိုချောင်ဘက်သို့ မသိမသာ လှမ်းကြည့်လိုက်မိသည်။
ဤကောင်မလေး ရောက်ရောက်ချင်း ထိုနေရာသို့ အရင်သွားခဲ့သည်မှာ သေချာပေသည်။ မည်သို့ပင်ဖြစ်စေ ထိုနေရာသည် သူမ အကြိုက်ဆုံး ခိုးဝင်တတ်သောနေရာ ဖြစ်နေသည်။
သို့သော် ဤတောင်းဆိုမှုနှင့်ပတ်သက်၍ စုလီယန်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ပြီး...
“အသားမရဘူး အဲ့တာက ငါ့ယောက်ျားစားဖို့အတွက် တခြားဘယ်သူမှ စားလို့မရဘူး...”
မိန်းကလေးငယ်က ခေါင်းကိုစောင်းလိုက်ပြီး နားမလည်နိုင်သောအမူအရာဖြင့်...
“ဒါပေမယ့် ခဲအို မထွက်သွားခင်က အစ်မကို စားဖို့ပြောခဲ့တယ်လေ အစ်မက အရမ်းကပ်စေးနှဲတာပဲ ကိုယ်တိုင်အသားစားပြီး သမီးကိုကျ နည်းနည်းလေးမှ မကျွေးဘူး...”
မိန်းကလေးငယ် စကားပြောလို့ဆုံးသည်နှင့် စုလီယန်က သူမ၏ခေါင်းကို ခေါက်လိုက်လေသည်။
မိန်းကလေးငယ်က ငိုတော့မည့်ဆဲဆဲ ခေါင်းကိုကိုင်ထားစဉ် စုလီယန်က အိမ်ကို စတင်ရှင်းလင်းလိုက်ပြီး လေးနက်စွာဖြင့်...
“အစ်မလည်း စားလို့မရဘူး ငါ့ယောက်ျားက ငါ့ကိုဂရုစိုက်လို့သာ ဒါပေမဲ့ ငါက ချွေတာပြီး သူ့ကိုအရင်စားဖို့ ဦးစားပေးရမယ်...”
ယွမ်ယွမ်လေးက ပါးစပ်ထဲမှသကြားလုံးကို အရသာခံရင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဒါဆိုရင် အစ်မက ဘယ်တော့ အသားစားလို့ရမှာလဲ...”
စုလီယန်က ခဏတာစဉ်းစားလိုက်ပြီး...
“ငါ့ယောက်ျားနဲ့ အတူတူစားတဲ့အချိန်မှသာ စားလို့ရမှာပေါ့...”
ထိုစကားကိုကြားသောအခါ မိန်းကလေးငယ်က ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်ပြီး...
“ဒါဆိုရင် ညကျရင် သမီး အသားစားရတော့မယ်...”
သို့သော် စုလီယန်က သူမကို သနားညှာတာမှုကင်းမဲ့စွာဖြင့် ဖြတ်ပြောလိုက်သည်။
“လုံးဝမရဘူး ငါ့ယောက်ျားက တစ္ဆေတွေ မကောင်းဆိုးဝါးတွေကို အရမ်းကြောက်တာ နင် ဒီနေရာမှာရှိနေရင် သူ့ကို အလွယ်တကူ လန့်သွားစေလိမ့်မယ်...”
ထိုစကားကိုကြားသောအခါ မိန်းကလေးငယ်က ထပ်မံ၍ နာကြည်းသွားပုံရသည်။
“ဒါပေမယ့် သမီးက မကောင်းဆိုးဝါးမှမဟုတ်တာ ပြီးတော့ ခဲအိုကလည်း သမီးကို မြင်ရတာမှမဟုတ်တာ...”
စုလီယန်အတွက်မူ ဤသည်မှာ ညှိနှိုင်း၍မရနိုင်သောအရာ ဖြစ်ပေသည်။
သူမ၏ယောက်ျားက မိန်းကလေးငယ်ကို မမြင်နိုင်သည်မှာ မှန်သော်လည်း မိန်းကလေးငယ်၏ အကျင့်စရိုက်ကို သူမ အတိအကျသိထားလေသည်။
ဟိုဟာကိုကိုင် ဤဟာကိုဆွလုပ်တတ်ပြီး ညဘက် ရေနွေးအိုးကို ရုတ်တရက် တိုက်ချမိပါက သူမယောက်ျား လန့်သွားမည်မဟုတ်ပါလော။
ထို့အပြင် သူမသည် ယခုအခါ အိမ်ထောင်သည်အမျိုးသမီးတစ်ဦး ဖြစ်နေပြီဖြစ်သည်။
ညတိုင်း သူမ၏ယောက်ျားက သူမကို အလိုလိုက်ချစ်ခင်ချင်နေသည်။ အကယ်၍ သူမသာ ထိုနေရာတွင်ရှိနေပါက စုလီယန်တစ်ယောက် ရှက်လွန်း၍ သေသွားနိုင်ပေသည်။
မနေ့ညကအကြောင်းကို စဉ်းစားမိသောအခါ စုလီယန်၏ လှပသောမျက်နှာပေါ်တွင် နီရဲမှုတစ်ခု ပြန့်နှံ့သွားခဲ့သည်။
စုလီယန်က အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ခွင့်မပြုနိုင်ဘူး စကားမစပ် အမေက နင့်ကို ဘာလို့ ဒီနေရာကိုလွှတ်လိုက်တာလဲ...”
မိန်းကလေးငယ်သည် မေ့တတ်ပြီး စုလီယန်ပြောလိုက်သည်နှင့် သူမနေချင်သည့်ကိစ္စကို ချက်ချင်းမေ့သွားခဲ့သည်။
သူမက ပြန်ပြောသည်။
“အမေက ဘာမှမခိုင်းပါဘူး လာပြီးမေးခိုင်းရုံသက်သက်ပါ ညဘက်မှာ ပွဲစားက လူတစ်ယောက်လွှတ်လိုက်ပြီး အစ်မက ယောက်ျားကောင်းကောင်းရတယ် ခဲအိုကလည်း ချောမောတယ် အစ်မကို ဂရုစိုက်တယ် ပြီးတော့ မိသားစုကလည်း ချမ်းသာတယ်လို့ ပြောတယ်လေ အမေက မယုံလို့ သမီးကို လာကြည့်ခိုင်းတာပါ...”
ထိုစကားကိုကြားသောအခါ စုလီယန်၏ နှုတ်ခမ်းထောင့်များတွင် လှပသောအပြုံးတစ်ခု မလွဲမသွေ ပေါ်လာခဲ့သည်။
သူမသည် အတိုင်းမသိပျော်ရွှင်သွားပြီး အနည်းငယ်လည်း ဂုဏ်ယူမိလေသည်။
ရွာထဲရှိလူတိုင်းက သူမသည် နောက်ဆုံးတွင် ခြေမသန်သော အဘိုးအိုတစ်ဦး သို့မဟုတ် အရက်သောက် လောင်းကစားလုပ်ပြီး မိန်းမလိုက်စားသော အသုံးမကျသည့်လူယုတ်မာတစ်ဦးနှင့် လက်ထပ်ရလိမ့်မည်ဟု ပြောခဲ့ကြသည်။
သူမက ဤမျှကောင်းမွန်သောယောက်ျားနှင့် လက်ထပ်ရမည်ဟု မည်သူက ထင်ထားမည်နည်း။
*ငါက မြွေအမျိုးသမီးဖြစ်နေတော့ရော ဘာဖြစ်လဲ ငါ့ယောက်ျားက ငါ့ကို မြတ်နိုးနေတာပဲလေ*
“ဒါဆိုရင် နင် သူ့ကိုမြင်ခဲ့ပြီပေါ့ အစ်မယောက်ျားက ဘယ်လိုနေလဲ...”
စုလီယန်က စားပွဲကို အဝတ်စုတ်ဖြင့် သုတ်နေစဉ် မိန်းကလေးငယ်အား ဂုဏ်ယူသောအမူအရာဖြင့် လှည့်ကြည့်ကာ မေးလိုက်သည်။
မိန်းကလေးငယ်က အလွန်လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
“တကယ်ပါ အစ်မက လက်ထပ်ပြီးတာနဲ့ အသားစားရတယ် ပြီးတော့ အစ်ကိုကလည်း အစ်မအပေါ်ကောင်းတယ် သမီးလည်း အစ်ကို့ကို သဘောကျတယ် ဘာလို့လဲဆိုတော့ အစ်ကိုက တစ္ဆေတွေအပေါ်လည်း ကောင်းလို့လေ...”
“ဟင်…”
ထိုစကားကိုကြားသောအခါ စုလီယန်က မိန်းကလေးငယ်အား နားမလည်သောအမူအရာဖြင့် ကြည့်လိုက်သည်...
“နင်က အစ်ကိုနဲ့မှ အဆက်အသွယ်မရှိတာ သူက တစ္ဆေတွေအပေါ် ကောင်းမှန်း နင်ဘယ်လိုသိလဲ...”
မိန်းကလေးငယ်က ခေါင်းယမ်းလိုက်ပြီး ကောက်ကျစ်သောအမူအရာဖြင့်...
“ဘာလို့လဲဆိုတော့ သမီးလာတဲ့အချိန် တံတားအောက်မှာ ပေါက်စီတွေနဲ့ ထမင်းတွေကို တွေ့ခဲ့လို့လေ အစ်မရဲ့ လက်ရာနဲ့တူတယ် အစ်မက အရမ်းကပ်စေးနှဲတာဆိုတော့ ဆန်အစစ်တွေ ပေါက်စီအစစ်တွေကို သေချာပေါက် သုံးရက်မှာမဟုတ်ဘူး အစ်မသဘောသာဆိုရင် တစ္ဆေတွေကို လှည့်စားဖို့ ကျောက်ခဲတွေ သဲတွေကိုပဲ သုံးလောက်တယ် ဒါကြောင့် အဲ့တာက ခဲအိုရဲ့ အကြံပဲဖြစ်ရမယ်...”
ထိုစကားကိုကြားသောအခါ စုလီယန်က မိန်းကလေးငယ်အား မျက်စောင်းမထိုးဘဲ မနေနိုင်ခဲ့ပေ...
“ကောင်းပြီ ကောင်းပြီ မြန်မြန်ပြန်တော့ ငါအလုပ်လုပ်တာကို လာမနှောင့်ယှက်နဲ့ ဒီနေရာမှာ အကုန်အဆင်ပြေတယ်လို့ ငါ့အမေကိုပြောလိုက် ငါ့ယောက်ျားက ငါ့ကို အဘက်ဘက်ကနေ ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်လို့လည်း ပြောလိုက်ဦး ငါတို့ နောက်ရက်ကျ မင်္ဂလာပွဲလုပ်ဖို့ ပြန်လာခဲ့မယ်...”
ပြောပြီးနောက် မိန်းကလေးငယ်က တံခါးဝတွင် နှုတ်ခမ်းဆူကာ မပြန်ချင်မပြန်ရက် အချိန်ဆွဲနေသည်ကို စုလီယန်တွေ့လိုက်ရသဖြင့် သူမအား သကြားလုံး နောက်ထပ်နှစ်လုံး ကမ်းပေးလိုက်သည်။
မိန်းကလေးငယ် ပျော်ရွှင်စွာ ခုန်ပေါက်ထွက်ခွာသွားသည်ကို ကြည့်ရင်း သူမကို လူမမြင်စေရန် သတိပေးလိုက်ပြီး နောက်ဆုံးတွင် လွှတ်လိုက်လေသည်။
မနက် ရှစ်နာရီခန့်တွင်ဖြစ်သည်။
စုလီယန်သည် နှစ်နာရီ သုံးနာရီခန့် အလုပ်များနေခဲ့ပြီး အိမ်တွင်းအိမ်ပြင်ကို ရှင်းလင်းနေခဲ့သည်။
စုလီယန်သည် သဘာဝအားဖြင့် လက်မြန်ခြေမြန်ရှိပြီး ထို့အပြင် အိမ်ထဲတွင် ပစ္စည်းများများစားစား မရှိပေ။
စာအုပ်များက များနေပြီး ၎င်းတို့ကို စုလီယန်က မကိုင်ရဲပေ။ သူမသည် စာအုပ်စင်များ စားပွဲနှင့် အခြားအရာများကိုသာ သုတ်သင်ရှင်းလင်းခဲ့သည်။
အရာအားလုံး ပြီးစီးသွားသောအခါ စုလီယန်က စားသောက်ရန် ပြင်ဆင်လိုက်သည်။
စောစောက မိန်းကလေးငယ်အား အသားမကျွေးခြင်းမှာ စုလီယန်က တကယ်ကပ်စေးနှဲနေခြင်း မဟုတ်ပေ။
မိသားစုတွင် ငွေရှိသည်မှာ မှန်သော်လည်း ငွေမည်မျှပင်ရှိစေကာမူ ချွေချွေတာတာ နေထိုင်ရမည် မဟုတ်ပါလော။
သေချာသည်မှာ စုလီယန်လည်း အသားစားရသည်ကို နှစ်သက်ပေသည်။ ယခုလိုခေတ်ကြီးတွင် မည်သူက မနှစ်သက်ဘဲ နေမည်နည်း။
သို့သော် သူမ၏ယောက်ျားနှင့် အတူစားရသည်ကပင် လုံလောက်နေပြီဖြစ်ရာ တစ်နေ့သုံးနပ် အသားကို မည်သို့စားနိုင်မည်နည်း။
ထိုသို့ဆိုလျှင် သူမသည် ရွာသားများ မကြာခဏပြောလေ့ရှိသော အစားမက်ပြီး ပျင်းရိသည့် မိန်းမတစ်ယောက် ဖြစ်မသွားပေဘူးလော။
စုလီယန်က မီးဖိုချောင်ထဲတွင် မွှေနှောက်ရှာဖွေလိုက်ရာ ပြောင်းဖူးမှုန့် အနည်းငယ်ကို တွေ့ရှိခဲ့ပြီး ၎င်းတို့ကို ပေါင်မုန့်ပြားများအဖြစ် ပြုလုပ်လိုက်သည်။
ပုပ်နေသော ကန်စွန်းဥ အနည်းငယ်လည်း ရှိသေးသည်။
သူမက မကောင်းသောအပိုင်းများကို ဖယ်ထုတ်လိုက်ပြီး ပြောင်းဖူးမှုန့်နှင့်အတူ ပေါင်းလိုက်လေသည်။
သူမ၏ယောက်ျားသည် ဤအရာများကို သေချာပေါက် စားမည်မဟုတ်ပေ။ သူ၏အကျင့်အရ ၎င်းတို့အားလုံးကို လွှင့်ပစ်လိုက်မည်သာ ဖြစ်သည်။
ထိုသို့ဆိုပါက အလွန်ဖြုန်းတီးရာကျပေမည်။ ထို့ကြောင့် သူမကိုယ်တိုင် စားလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
ဤအရာများကို ပြီးစီးပြီးနောက် စုလီယန်က ခြံဝင်းထဲသို့ ပြန်သွားကာ မနက်က စိမ်ထားသော အဝတ်အစားညစ်များကို လျှော်ဖွပ်လိုက်သည်။
သူမသည် အိပ်ရာခင်းကို အထူးတလည် သေချာပွတ်တိုက် လျှော်ဖွပ်လိုက်သည်။
မနေ့က သူမ၏ယောက်ျားသည် အလွန်အလျင်လိုနေသဖြင့် ၎င်းတို့အောက်တွင် အဝတ်တစ်ခုမခံထားမိရာ အနီရောင်အကွက်တစ်ခု ကျန်ရစ်နေခဲ့သည်။
စုလီယန် အရာအားလုံးကို ပြီးစီးသွားသောအခါ စားသောက်ရန် အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။
သူမက ရေနွေးတစ်ခွက်ကို ငဲ့လိုက်ပြီး ပြောင်းဖူးပေါင်မုန့်ပြားကို ချဉ်ဖတ်တစ်ဖတ်နှင့်အတူ စားလိုက်သည်။
“အခုမှ စားတာလား အခုမှ အလုပ်တွေပြီးတာလား...”
အနောက်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
စုလီယန်က လန့်သွားပြီး လှည့်ကြည့်လိုက်ရာ သူမအနောက်တွင် အမျိုးသမီးကြီးတစ်ဦး ရပ်နေသည်ကို မြင်လိုက်ရသည်။
ဤသူက ဘယ်သူပါလိမ့်။
အဒေါ်လီက ပြုံးကာ ဘေးဘက်သို့ လက်ညှိုးထိုးပြရင်း...
“ငါက နင့်ရဲ့ အိမ်နီးချင်းပါ လီ လို့ခေါ်တယ်...”
စုလီယန်က ခဏတာ မှင်သက်သွားပြီးနောက် သူမကိုင်ထားသောအရာကို အမြန်ချကာ ခုံတစ်လုံးကို သွားယူလိုက်ပြီး...
“ကျေးဇူးပြုပြီး ထိုင်ပါဦး...”
စုလီယန် ပြန်ရောက်လာသောအခါ အဒေါ်လီသည် သူမ၏စားပွဲပေါ်ရှိ အစားအစာများကို ကြက်သေသေကာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
အဒေါ်လီ မည်သည့်အကြောင်းကြောင့် ရောက်လာသည်ကို စုလီယန် မသိပေ။
မနေ့က ဤရွာရှိလူများသည် သိပ်မကောင်းကြဘဲ အားလုံးက မကောင်းသောရည်ရွယ်ချက်များကို ကိုင်စွဲထားကာ ၎င်းတို့အပေါ် အခွင့်အရေးယူချင်နေကြကြောင်း သူမ၏ယောက်ျားပြောသည်ကို ကြားခဲ့ရသဖြင့် သူမ သတိထားရမည်ဖြစ်သည်။
ယနေ့တွင် အဒေါ်လီသည် အထူးတလည် အကြောင်းပြချက်တစ်ခုခုကြောင့် ရောက်လာခြင်းမဟုတ်ပေ။
အိမ်နီးချင်းအိမ်သို့ သတို့သမီးအသစ်တစ်ဦး ဝင်ရောက်လာခဲ့သည်။ အဒေါ်လီသည် မြွေအမျိုးသမီးတစ်ဦးကို သိပ်ဂရုမစိုက်သော်လည်း သူမ ဘာလုပ်နိုင်မည်နည်း။
သူမက လက်ထပ်ပြီး ဝင်လာခဲ့ပြီဖြစ်သည်။
၎င်းတို့သည် ဤနေရာတွင် တစ်သက်လုံး နေထိုင်သွားကြမည်ဖြစ်ရာ အစောကြီးမဟုတ်လျှင်တောင် နောက်ပိုင်းတွင် အပြန်အလှန် ဆက်ဆံရမည်သာ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အဝေးမှဆွေမျိုးထက် နီးစပ်သောအိမ်နီးချင်းက ပိုကောင်းပေသည်။
သေချာသည်မှာ အရေးအကြီးဆုံးအချက်က... မနေ့က လုယွမ်သည် ကောင်းမွန်သောအရာများစွာကို ဝယ်လာခဲ့သည်။
အရက်များ၊ အသားများ...
အကယ်၍ သူမ လာရောက်ပြီး စကားကောင်းလေးများ ပြောလိုက်ပါက သတို့သမီးအသစ်က ရက်ရောကောင်း ရက်ရောနိုင်ပေသည်။
သူမက အသားတစ်ဖတ်လောက်ရအောင်ယူပြီး အရသာမြည်းကြည့်ဖို့ ပြန်ယူသွားနိုင်မလား။
သို့သော် သူမရောက်ရှိလာသောအခါ အဒေါ်လီက ကြက်သေသေသွားခဲ့သည်။
“နေပါဦး နင့်ယောက်ျားက နင့်ကို ဒါတွေပဲ စားခိုင်းတာလား...”
အခန်း (၁၀) အဲ့လုယွမ်က တကယ့်ကို လူကောင်းတစ်ယောက်မဟုတ်ဘူး
လောကကြီးက ဖရိုဖရဲဖြစ်နေပြီး လယ်သမားအိမ်ထောင်စုများက တကယ်ကို ဆင်းရဲနွမ်းပါးကြသော်လည်း ရှီကဲရွာသည် ရွာကြီးတစ်ရွာဖြစ်ပေသည်။
လူတိုင်းက မြို့သူမြို့သားများကဲ့သို့ ဂျုံမှုန့်အဖြူကို မစားနိုင်ကြသော်ငြားလည်း အနည်းဆုံးတော့ သူတို့သည် ရက်အနည်းငယ်ကြာတိုင်း ဂျုံကြမ်းကို စားနိုင်ကြသေးသည်။ ဂျုံကြမ်းမရှိလျှင်တောင် ပြောင်းဖူးမှုန့်ကို စားနိုင်ကြသေး၏။
ပုပ်နေသော ကန်စွန်းဥကို ကိုက်စားနေရသည်က ဘာသဘောနည်း။
ထိုအရာများက ရွာထဲတွင် ဝက်နှင့် ခွေးများကို ကျွေးရန် အသုံးပြုသောအရာများဖြစ်သည်။
စုလီယန်က ခဏတာ ကြက်သေသေသွားပြီးနောက် သူမ၏လက်များကို အလျင်အမြန်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး... ကျွန်မယောက်ျားက ကျွန်မအပေါ် အရမ်းကောင်းပါတယ်... သူ ကျွန်မကို အသားတွေကျွေးတယ် ဒါပေမဲ့ ဒါတွေ ပုပ်သိုးသွားမှာ စိုးရိမ်လို့ပါ... အလဟဿဖြစ်သွားမှာစိုးလို့ ဒါတွေကို အရင်စားနေတာပါ...”
စုလီယန်က သူမ၏ ခင်ပွန်းအတွက် အလျင်အမြန်ရှင်းပြလိုက်သော်လည်း အဒေါ်လီ ကြားလိုက်ရသောအခါ သိပ်မယုံကြည်ခဲ့ပေ။
ဘာပဲဖြစ်ဖြစ် အသားစားရတာကို ဘယ်သူက မကြိုက်ဘဲနေမည်နည်း။
သူမက ထိုသို့ပြောလျှင်တောင် ဆီ သို့မဟုတ် အသား လုံးဝမရှိတာမျိုးတော့ မဖြစ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် မနေ့က နွားလှည်းများရောက်လာပြီး အိမ်ဝင်းထဲသို့ ပစ္စည်းများရွှေ့ပြောင်းသောအခါ အဒေါ်လီက ဘေးမှနေ၍ စောင့်ကြည့်နေခဲ့ခြင်းကြောင့်ဖြစ်သည်။
ဘုရားရေ... အဲဒါက ဝက်သားတစ်ခြမ်းလောက်ရှိသည်လေ။
အဒေါ်လီက ခဏမျှစဉ်းစားလိုက်ပြီး သူမ၏နှုတ်ခမ်းများကို မဲ့လိုက်သည်။
*ကျွတ်…လုယွမ်က တကယ်ကို အပြစ်ကျူးလွန်နေတာပဲ*
*သူမက မြွေအမျိုးသမီးဖြစ်နေလျှင်တောင်မှ နင် ခုလို နှိပ်စက်လို့မရဘူးလေ*
*သူကိုယ်တိုင်က ကောင်းတာတွေအကုန်စားပြီး သူ့မိန်းမကိုတော့ ဒီလိုဟာတွေ စားခိုင်းတယ်ပေါ့*
*ပြီးတော့ သူက သူ့ကိုယ်သူ ပညာရှင်လို့တောင် ခေါ်သေးတယ်*
*သူက ဘယ်လို အကြံအစည်ထုတ်ရမလဲဆိုတာ သေချာပေါက် သိနေတာပဲ*
“အဒေါ်လီ ဘာကိစ္စရှိလို့လဲ...”
ဘေးတွင် စုလီယန်က အဒေါ်လီ တိတ်ဆိတ်ကာ မှိုင်တွေနေပြီး ဘာတွေတွေးနေမှန်းမသိသည်ကို မြင်သောအခါ ထပ်မေးလိုက်သည်။
အဒေါ်လီက လန့်သွားပြီး သတိပြန်ဝင်လာပြီးနောက် လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။
“ဘာမှမဖြစ်ပါဘူး ဘာမှမဖြစ်ပါဘူး... မြန်မြန်စား မြန်မြန်စား... အဒေါ်က အိမ်နီးချင်းဆိုတော့ လာလည်တာပါ... တို့တွေက အိမ်နီးချင်းတွေဆိုတော့ ရင်းနှီးအောင်လို့ လာခဲ့တာပါ... အဒေါ့်ကို ဂရုမစိုက်နဲ့ သမီးဘာသာ ဆက်စား...”
စုလီယန်က ခေါင်းညိတ်လိုက်သည်။ ပုံမှန်အားဖြင့် ဧည့်သည်လာသောအခါ ဆက်စားနေခြင်းက ယဉ်ကျေးမှုမရှိပေ။
သို့သော် စုလီယန်သည် ယခုတကယ်ကို ဆာလောင်နေပြီဖြစ်သည်။
မနေ့ညက သူမ၏ခင်ပွန်းသည် အလောတကြီးဖြစ်နေပြီး ထို့အပြင် မွန်းတည့်ချိန်က သူ့နှင့်အတူ အသားပန်းကန်များစွာကို စားခဲ့ရသေးသည်။
သူမ ညနေပိုင်းက ဘာမှမစားခဲ့ရပေ။
ဖယောင်းတိုင်များကို မှုတ်ပစ်ပြီးနောက် သူတို့သည် အချိန်အတော်ကြာ အလုပ်ရှုပ်နေခဲ့ကြသည်။ သူမ၏ ခင်ပွန်းက အလုပ်အများစုကို လုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ခံစားချက်များ ပြင်းထန်လာသောအခါ စုလီယန်လည်း ခဏတာ အလုပ်ရှုပ်သွားခဲ့သည်။
သူမသည် တစ်မနက်ခင်းလုံး အိမ်သန့်ရှင်းရေးလုပ်နေခဲ့သောကြောင့် ယခုတကယ့်ကို ဆာလောင်မွတ်သိပ်နေပြီဖြစ်သည်။
စုလီယန်က အသိအမှတ်ပြုလိုက်ပြီး ဆက်စားရန် ထိုင်ချလိုက်သည်။
အနီးတွင်ထိုင်နေသော အဒေါ်လီက သပ်ရပ်နေသောအခန်းကို ဝေ့ကြည့်လိုက်ပြီး သူမ၏နှလုံးသားထဲတွင် အံ့ဩမနေဘဲ မနေနိုင်ခဲ့ပေ။ စုလီယန်သည် တကယ်ြကို အရည်အချင်းရှိပေသည်။
အဒေါ်လီသည် ဤအိမ်သို့ အရင်က မရောက်ဖူးသည်မဟုတ်ပေ။ အိမ်ထဲတွင် ပစ္စည်းများများစားစားမရှိသော်လည်း အရင်ကတော့ နေရာတိုင်းတွင် ဖုန်မှုန့်များနှင့် ရှုပ်ပွနေခဲ့သည်။
ယခုတော့ အရာအားလုံးက သန့်ရှင်းပြီး တောက်ပနေပေသည်။
အိမ်ဝင်းထဲတွင်လည်း အဝတ်အစားများ လှန်းထားသည်က ပြည့်နှက်နေသည်။ စုလီယန်သည် မနက်စောစောကတည်းက အလုပ်ရှုပ်နေခဲ့မည်မှာ ပြောစရာပင်မလိုပေ။
ကန်စွန်းဥများနှင့် ပြောင်းဖူးမှုန့်ကိတ်မုန့်များကို ကိုက်စားပြီး နင်သွားသောအခါ ရေနွေးသောက်နေသော စုလီယန်ကို ကြည့်ကာ အဒေါ်လီသည် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။
“အဒေါ်လီ ကျွန်မတို့အိမ်ရဲ့မြေက ဘယ်မှာလဲ... ကျွန်မကို ပြပေးလို့ရမလား... အိမ်က အလုပ်တွေပြီးသွားပြီဆိုတော့ လယ်ကွင်းတွေကို သွားကြည့်ချင်လို့ပါ...”
စုလီယန်က ရုတ်တရက် တစ်ခုခုကိုတွေးမိသွားပြီး အဒေါ်လီကိုကြည့်ကာ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ အဒေါ်လီက ခဏတာ ကြက်သေသေသွားပြီး ပြောလိုက်သည်။
“နင် တစ်မနက်လုံး အလုပ်ရှုပ်နေတာကို လယ်ကွင်းတွေကို ဘာသွားလုပ်မလို့လဲ... မနက်ဖြန်မှ သွားပါ...”
စုလီယန်က ပြုံးလိုက်ပြီး ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
“အဆင်ပြေပါတယ်... အိမ်မှာ အလကားနေရင်း ဘာမှလုပ်စရာမရှိဘူးဆိုတော့ လယ်ကွင်းတွေကိုသွားကြည့်ပြီး လမ်းမှတ်ထားမလို့ပါ...”
စုလီယန်၏စကားများကို နားထောင်ရင်း အဒေါ်လီသည် ခဏတာ စကားပြောစရာမဲ့သွားသည်။
*ဓီကောင်မလေး တုံးအလိုက်တာ၊ အလုပ်တွေအားလုံးက တစ်ရက်တည်းနဲ့ ဘယ်လိုလုပ် ပြီးနိုင်မှာလဲ*
နောက်ဆုံးတွင် အဒေါ်လီက ပြောလိုက်သည်။
“ကောင်းပြီလေ သမီး စားပြီးသွားရင် အဒေါ်လိုက်ပို့ပေးမယ်... အဒေါ်လည်း ထိုဘက်ကို သွားရမှာနဲ့ အတော်ပဲ...”
စုလီယန်က ခေါင်းညိတ်လိုက်ပြီး သူမ၏ စားသောက်နှုန်းက မြန်ဆန်လာခဲ့သည်။
မကြာမီမှာပင် စုလီယန်က ဗိုက်ဝသွားခဲ့သည်။
ပြောင်းဖူးမှုန့်ကိတ်မုန့်များနှင့် ကန်စွန်းဥများက အလွန်ခြောက်သွေ့နေသောကြောင့် သူမက ရေများစွာကိုသောက်ခဲ့ပြီး မကြာမီမှာပင် ဗိုက်ပြည့်သွားခဲ့သည်။
ကိတ်မုန့်နှစ်ခုနှင့် ပုပ်နေသော ကန်စွန်းဥတစ်ခု ကျန်နေသေးသည်။
စုလီယန်က ၎င်းတို့ကို သူမနှင့်အတူ ယူသွားရန် ထုပ်ပိုးလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူမ၏ ခင်ပွန်းက မွန်းတည့်ချိန်တွင် ပြန်လာမည်မဟုတ်သောကြောင့် အလုပ်မနှောင့်နှေးစေရန် မွန်းတည့်ချိန် လယ်ကွင်းဘေးတွင် စားရန် အစားအစာများကို ယူသွားခြင်းက ပိုကောင်းပေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အဒေါ်လီသည် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။
နောက်ဆုံးတွင် သူတို့နှစ်ယောက်သည် သူတို့၏ ကိရိယာများကို ယူကာ အတူတကွ ထွက်ခွာသွားကြသည်။
သူတို့ ရွာအပြင်ဘက်ရောက်သည်နှင့် အဒေါ်လီက လမ်းတစ်ဖက်သို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
“ဟိုဘက်မှာ မြက်တွေပေါက်ပြီး လပ်နေတဲ့ အကွက်က နင်တို့မြေပဲ...”
စုလီယန်က ရင့်မှည့်လုနီးပါးဖြစ်နေသော ပြောင်းဖူးခင်းများနှင့် ပြည့်နေသော တောင်စောင်းများကို ကြည့်လိုက်သော်လည်း သူမမိသားစု၏ မြေကွက်ကမူ အလွတ်ဖြစ်နေပြီး မြက်များထူထပ်နေသည်။ သူမက တွေဝေသွားခဲ့သည်။
“ကျွန်မတို့မိသားစုက ဒီနှစ်မှာ ဘာမှမစိုက်ထားဘူးလား...”
စုလီယန်က အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။
အဒေါ်လီကမူ မျက်လုံးများကို မလှန်ဘဲ မနေနိုင်ခဲ့ဘဲ ပြောလိုက်သည်။
“စိုက်ပျိုးတာလား... လုယွမ်က လယ်ယာလုပ်ငန်းနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ မသိဘူးလေ... တစ်နေကုန် အသုံးမကျတဲ့ စာအုပ်တွေကို ဖတ်နေတာပဲ... သူက ဒီဘဝမှာ ဘာမှဖြစ်လာမှာ မဟုတ်ဘူး...”
အဒေါ်လီက သူမ၏ ခင်ပွန်းကို ဝေဖန်သည်ကို ကြားလိုက်ရသောအခါ စုလီယန်က အနည်းငယ် စိတ်မချမ်းမသာဖြစ်သွားပြီး သူ့အတွက် အလျင်အမြန် ကာကွယ်ပြောဆိုလိုက်သည်။
“အဲ့တာက အရင်တုန်းကပါ... ကျွန်မယောက်ျားက အခု အရမ်းကောင်းနေပါပြီ...”
စုလီယန်၏စကားများကို ကြားလိုက်ရသောအခါ အဒေါ်လီက နှုတ်ခမ်းမဲ့လိုက်ပြီး ငြင်းခုံရန်ပင် ပျင်းရိသွားသည်။
*ဒီကောင်မလေး တုံးအလိုက်တာ၊ အရောင်းခံရတာတောင် ဝယ်တဲ့သူကို ပိုက်ဆံကူရေပေးနေသေးတယ်*
သူတို့ လယ်ကွင်းများဆီသို့ ရောက်သောအခါ အဒေါ်လီက သူမမိသားစု၏ မြေဆီသို့ သွားခဲ့သည်။ စုလီယန်က မြက်များထူထပ်နေသော လယ်ကွင်းကို ကြည့်လိုက်ပြီး တုံ့ဆိုင်းမနေဘဲ ပေါက်တူးကိုယူကာ စတင်အလုပ်လုပ်လေတော့သည်။
ဤနှစ်၏ သီးနှံအတွက် အချိန်မီတော့မည်မဟုတ်သောကြောင့် သူမက ပေါင်းပင်များကို ရှင်းလင်းပြီး မြေကြီးကို ပြင်ဆင်ရမည်ဖြစ်သည်။
ဆောင်းဦးပေါက်၍ အခြားသူများအားလုံး ရိတ်သိမ်းပြီးသည်အထိ သူမ စောင့်ရမည်ဖြစ်ပြီး သူတို့ ပြောင်းဖူးရိုးတံများကို မီးရှို့သောအခါ မြေဆီလွှာကို အားဖြည့်ရန် သူမ၏ ကိုယ်ပိုင်လယ်ကွင်းကိုလည်း မီးရှို့ရမည်ဖြစ်သည်။
ထိုသို့ဆိုလျှင် နောက်နှစ် စိုက်ပျိုးရေးအတွက် နှောင့်နှေးမည်မဟုတ်ပေ။
စုလီယန်က တစ်မနက်လုံး ခေါင်းငုံ့ကာ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့သည်။
မွန်းတည့်ချိန်ရောက်သောအခါ သူမသည် မနက်စာကို နောက်ကျမှ စားထားသောကြောင့် ဗိုက်ဆာသည်ဟု မခံစားရဘဲ မစားဘဲနှင့် ဆက်လက်အလုပ်လုပ်ခဲ့သည်။
ထိုစဉ် လယ်ကွင်းအစွန်းတွင် လူအတော်များများ စုရုံးကာ အတူတကွ စားသောက်နေကြသည်။
အလုပ်များသော လယ်ယာစိုက်ပျိုးရာသီတွင် အခြေခံအားဖြင့် မည်သူမျှ အိမ်သို့ပြန်၍ မစားကြပေ။
ထို့အစား သူတို့သည် မနက်ပိုင်းတွင် အစားအစာများကို ပြင်ဆင်ပြီး လယ်ကွင်းများသို့ ယူဆောင်လာကာ မွန်းတည့်ချိန်တွင် လမ်းဘေး၌ စားသောက်ကြသည်။ ထို့နောက် ခဏတာ အနားယူပြီး ဆက်လက်အလုပ်လုပ်ကြသည်။
ဤနည်းဖြင့် အချိန်ကုန်သက်သာပေသည်။
“ငါ့ကိုပြောစမ်းပါဦး... သွယ်လျတဲ့ခါးနဲ့ သေးသွယ်တဲ့ခြေတံတွေရှိနေတာတောင် သူမက ဘယ်လိုလုပ်ပြီး နွားတစ်ကောင်လို သန်မာပြီး အရည်အချင်းရှိနေရတာလဲ...”
“သူမက ဒီမနက်တစ်မနက်တည်းနဲ့ မြေနှစ်ဧကနီးပါးကို တစ်ယောက်တည်း ရှင်းလင်းပြီးသွားပြီ...”
အဝေးမှနေ၍ မြေကြီးကို ပေါက်တူးပေါက်ရင်း မောဟိုက်နေဆဲဖြစ်သော စုလီယန်ကိုကြည့်ကာ ဟင်းသီးဟင်းရွက်ပြုတ်များကို စားနေရင်း လူတစ်ယောက်က မှတ်ချက်ချလိုက်သည်။
“သူမက ဦးထုပ်ဖြစ်ဖြစ် တစ်ခုခုဖြစ်ဖြစ် မဆောင်းဘူးလား...”
“ဒီလောက်ကြီးတဲ့ နေပူထဲမှာဆိုရင် နှစ်ရက်လောက်နေရင် အသားတွေ မည်းသွားမှာ မဟုတ်ဘူးလား...”
“သူမက ဘယ်လိုလုပ်ပြီး အခုထိ ဖြူဖွေးနေသေးတာလဲ...”
အခြားတစ်ယောက်ကလည်း သိချင်စိတ်ဖြင့် မေးလိုက်သည်။
ထိုသူပြောပြီးနောက် ဗဟုသုတပိုရှိသော အနီးအနားမှ တစ်ယောက်က ပြောလိုက်သည်။
“သူတို့က ငါတို့နဲ့ မတူဘူး... အဲ့တာက သူတို့ရဲ့ သဘာဝပဲ... နေဘယ်လောက်ပဲပူပူ အသားမည်းမသွားဘူး...”
“သူတို့က အသက်အရွယ်မရင့်ဘူးပြီးတော့ အသားအရေလည်း အရမ်းကောင်းတယ်လို့ ငါကြားဖူးတယ်...”
“ငါတို့ကိုကြည့်စမ်း... လက်လုပ်လက်စား အလုပ်တွေကို နှစ်အနည်းငယ်လုပ်ပြီးတာနဲ့ ငါတို့ရဲ့လက်တွေက ကြမ်းတမ်းလာတာပဲ... သူတို့က အသက်ကြီးတဲ့အထိ အလုပ်လုပ်နိုင်တယ် ပြီးတော့ အဲ့လက်သေးသေးလေးတွေက ရေလို နူးညံ့နေတုန်းပဲ...”
ထိုစကားကို ကြားလိုက်ရသောအခါ အနီးနားတွင် စားသောက်နေသော အမျိုးသမီးအချို့က မနာလိုစိတ်ဖြင့် ကြည့်လိုက်ကြသည်။
“တကယ်လား...”
“အဲ့လိုမျိုး ရှိတာလား...”
သေချာပေါက် ခါးသီးနေသော သူများလည်း ရှိနေပေသည်။ ထိုစကားကို ကြားသောအခါ အမျိုးသမီးတစ်ဦးက အသံကိုမြှင့်ကာ စုလီယန်ဘက်သို့ လှောင်ပြောင်သည့်အသံဖြင့် အော်ပြောလိုက်သည်။
“အဟက်...”
“ယောက်ျားတွေကို အစေခံဖို့ အထူးဖန်တီးထားတဲ့ တန်ဖိုးမရှိတဲ့ အသားအရေပဲ... ဘယ်လောက်ပဲ သုံးသုံး နူးညံ့နေတာ အံ့ဩစရာမရှိပါဘူး...”
ထိုသူ၏စကားများက အလွန်ကျယ်လောင်ပြီး လယ်ကွင်းများက ကျယ်ဝန်းနေသောကြောင့် စုလီယန်သည် သဘာဝကျကျပင် ရှင်းလင်းစွာ ကြားလိုက်ရသည်။
သူမ၏ လက်များက ခဏတာ ရပ်တန့်သွားပြီးနောက် ခေါင်းငုံ့ကာ ဆက်လက် အလုပ်လုပ်လေသည်။
မကြားချင်ယောင်ဆောင်ကာ စုလီယန်သည် ၎င်းကို လက်ခံလိုက်သည်။
သူမသည် ငယ်စဉ်ကတည်းက ဤကဲ့သို့သော ဆိုးရွားသည့်စကားများကို ကြားခဲ့ရသောကြောင့် ကိစ္စမရှိပေ။ သူမ၏ ခင်ပွန်းက သူမကို မြတ်နိုးနေသရွေ့ လုံလောက်ပေပြီ။
ထိုသူက လှောင်ပြောင်အော်ဟစ်၍ အဆုံးသတ်လိုက်သည်နှင့် တစ်ဖက်မှ ရောက်လာသော အဒေါ်လီက နှုတ်ခမ်းကိုမဲ့ကာ မပြောဘဲ မနေနိုင်ခဲ့ပေ။
“ကဲပါ ကဲပါ... သူမက ရွာထဲကို အိမ်ထောင်ကျပြီး ရောက်လာပြီဆိုတော့ တစ်သက်လုံး ဒီနေရာမှာ နေရတော့မှာပဲ... ဘာလို့ ခုလိုတွေ ဆက်လုပ်နေရတာလဲ...”
“သူမအတွက်လည်း မလွယ်ပါဘူး... သူမကို အမြဲတမ်း အနိုင်မကျင့်ကြပါနဲ့...”
အဒေါ်လီ စကားပြောပြီးသည်နှင့် တစ်စုံတစ်ယောက်က မကျေမနပ်ဖြင့် လျှာသပ်လိုက်သည်။
“ကျွတ်… ဒါကဘာလဲ...”
“အဲ့မြေခွေးမလေးက ပထမဆုံးနေ့ ရောက်လာတာတောင် နင့်ကို ပြုစားလိုက်ပြီလား...”
“နင်က ဘယ်သူ့ဘက်မှာလဲ...”
ထိုင်ချပြီးနောက် အဒေါ်လီက သူမ၏ ထမင်းချိုင့်ကို ထုတ်လိုက်ပြီး ဤမနက်က မြင်ခဲ့ရသည်များကို ပြန်ပြောပြလိုက်သည်။
အဒေါ်လီ ပြောပြီးသွားသောအခါ...
လူတိုင်း ကြက်သေသေသွားကြသည်။
“ဟမ်...အဲ့တာက တကယ်ပဲလား.
“ဒါဆိုရင်.. အဲ့လုယွမ်က တကယ့်ကို လူကောင်းတစ်ယောက်မဟုတ်ဘူး”