အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
အခန်း(၁၁) ဘာတွေဖြစ်နေတာလဲ
ရွာထဲရှိ အမျိုးသမီးများက အပြစ်ရှာတတ်ပြီး ခနဲ့တဲ့တဲ့ပြောဆိုတတ်ကြသည်ဟု နာမည်ကြီးပေသည်။
သို့သော် သူတို့ကိုလည်း ကိုယ်ချင်းစာနိုင်ပါသည်။
ယခုခေတ်ကာလတွင် အမျိုးသမီးတစ်ယောက်ဖြစ်ရသည်မှာ ခက်ခဲလှပေသည်။
သူမက အပြင်ဘက်၌ ထူးဆန်းစွာပြုမူပြီး ဒေါသထွက်ပြချင်ပြမည်ဖြစ်သော်လည်း အိမ်သို့ရောက်သည်နှင့် တစ်ပြိုင်နက် သူမ၏ခင်ပွန်းကို နာခံစွာ အလုပ်အကျွေးပြုရပေမည်။
သူမ၏ ယောက်ျားကို ကောင်းစွာမပြုစုနိုင်ပါက သူမသည် ပါးရိုက်ခံရလိမ့်မည်ဖြစ်သည်။
အဒေါ်လီက ဤအကြောင်းကို ပြောပြလာသောအခါ...
လူတိုင်းက သူတို့၏ ကိုယ်ပိုင်အတိတ်အတွေ့အကြုံများကို ရုတ်တရက် သတိရသွားကြပြီး အကြောင်းတစ်ခုခုကြောင့် စုလီယန်အတွက် အနည်းငယ် စိတ်မကောင်းဖြစ်သွားကြသည်။
ထို့အပြင် တစ်မနက်လုံး ကြည့်ရှုပြီးနောက်...
စုလီယန်သည် ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့ပြီး လူတိုင်းထင်ထားသကဲ့သို့ ဟန်ဆောင်နေခြင်းမရှိသလို သူမက လှပနေသောကြောင့် လူများကို မြှူဆွယ်ရန်လည်း မကြိုးစားခဲ့ပေ။
“နောက်ကျရင် သေချာကြည့်နေ... သူမ စားတဲ့အခါ ပုပ်နေတဲ့ ကန်စွန်းဥတွေပဲ ဖြစ်နေလိမ့်မယ်...”
“ငါတို့ရွာမှာဆိုရင် အဲ့တာတွေက ခွေးကျွေးဖို့ပဲ ကောင်းတာလေ...”
အဒေါ်လီက သူမ၏ ပန်းကန်လုံးထဲမှ ဟင်းရည်ကိုသောက်ရင်း နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်သည်။
ထိုအုပ်စုက အတူတကွစုရုံသွားကြပြီး သူတို့၏မျက်နှာများတွင် သိချင်စိတ်များပြည့်နှက်နေကာ မေးလိုက်ကြသည်။
“အဲ့တာက မမှန်ဘူးလေ... မနေ့က လူတိုင်းမြင်ခဲ့တာပဲဟာ...”
“အဲ့လူဆီမှာ ဆန်တွေ ဂျုံမှုန့်ဖြူတွေနဲ့ ဝက်တစ်ခြမ်းတောင် ရှိနေတာကို သူမက ဘယ်လိုလုပ်ပြီး ဒါတွေကို စားနေရတာလဲ...”
အဒေါ်လီက မျက်လုံးများကိုလှန်လိုက်ပြီး ပြောလိုက်သည်။
“ဘာလို့ဖြစ်ရမှာလဲ... သေချာပေါက် အဲ့ဟာတွေကို အသုံးမကျတဲ့ လုယွမ်ကပဲ စားနေလို့ပေါ့...”
လုယွမ်က ကောင်းတာတွေကိုစားပြီး ခွေးကျွေးရမည့်အရာများကို စုလီယန်က စားရခြင်းဖြစ်သည်။
လုယွမ်က တကယ်ကို ရွံရှာဖွယ်ကောင်းသည်ဟု ဝန်ခံရမည်ဖြစ်သည်။
သူက မြွေအမျိုးသမီးကို လက်ထပ်ခဲ့တာ အံ့ဩစရာတော့မဟုတ်ပေ။ အကယ်၍ သူသာ အသိုင်းအဝိုင်းကောင်းမှ အမျိုးသမီးတစ်ဦးကို လက်ထပ်ခဲ့ပါက သူ့ကို ဤကဲ့သို့ ရမ်းကားခွင့်ပေးထားမည်လား။
စုလီယန်၏ နောက်ခံက အလွန်ဆိုးရွားနေသောကြောင့်သာ သူ့နောက်ကို လိုက်နိုင်ခြင်းဖြစ်သည်။
ဤပညာရှင်များက တကယ်ကို ယုတ်မာကြပေသည်။
အကြံအစည်များက အလွန်ပက်စက်လှသည်။
ဤစကားကို ကြားလိုက်ရသောအခါ အမျိုးသမီးများသည် သူတို့၏ခင်ပွန်းများထံမှ အနိုင်ကျင့်ခံရခြင်းနှင့် ယောက္ခမများထံမှ ဆူပူခံရခြင်းစသည့် အတိတ်အတွေ့အကြုံများကို ပြန်လည်သတိရသွားကြသည်။
ခဏတာမျှ လုယွမ်ကိုပါ ကျိန်ဆဲလာကြတော့သည်။
“တောက်... အဲ့လုယွမ်က တကယ့် လူယုတ်မာပဲ... တကယ့် အန္တရာယ်ကောင်ပဲ...”
အခြားတစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။
“အဲ့တာက အဓိပ္ပာယ်မရှိဘူး... လုယွမ်က အရင်က အတော်လေး ရိုးသားခဲ့တာ မဟုတ်ဘူးလား... သူ့ကို သုံးချက်လောက် ရိုက်ရင်တောင် စကားတစ်ခွန်းမှ ထွက်လာမှာ မဟုတ်ဘူး...”
အဒေါ်လီက ခဏတာစဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
“မကောင်းဆိုးဝါးဝိညာဉ်က သူ့ရဲ့စရိုက်ကို ပြောင်းလဲပစ်လိုက်တာများလား...”
လုယွမ်က အစကတည်းက သန္ဓေဆိုးတစ်ယောက်ဖြစ်ပြီး ကောက်ကျစ်ကာ ခန့်မှန်းရခက်ပေမဲ့ အရင်တုန်းက မသိသာခဲ့တာလည်း ဖြစ်နိုင်ပေသည်။
“ဘာပဲဖြစ်ဖြစ် အခုကစပြီး အဲ့လူယုတ်မာနဲ့ ဝေးဝေးနေကြ...”
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်းက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင်။
လုယွမ်သည် တိုင်နင်းမြို့သို့ မြင်းလှည်းဖြင့် ရောက်ရှိနေပြီဖြစ်သည်။
ရွာသူရွာသားများက သူ့အကြောင်းကို ဇာတ်လမ်းဆင်ကာ လုံးဝနီးပါး ဖန်တီးပြောဆိုနေကြသည်ကို လုယွမ်က လုံးဝမသိခဲ့သည်မှာ သေချာလှပေသည်။
လုယွမ်သည် ယခုလက်ရှိတွင် မြင်းလှည်းထဲ၌ထိုင်ကာ မြေပဲများကိုစား၍ ဝိုင်အနည်းငယ်ကို သောက်ရင်း ပြတင်းပေါက်မှတစ်ဆင့် ရှုခင်းများကို ကြည့်ရှုနေသည်။
လုယွမ်၏မျက်လုံးထဲတွင် ဤနေရာသည် မင်းမင်းဆက်နှင့် ဆင်တူသော်လည်း အဘက်ဘက်မှကြည့်လျှင် မင်းမင်းဆက်နှင့် ကွာခြားနေပေသည်။
နတ်ဆိုးများနှင့် ဘီလူးများ၊ မကောင်းဆိုးဝါးဝိညာဉ်များနှင့် တစ္ဆေများအကြောင်းကိုတော့ ထည့်မပြောတော့ပေ။
ဤနေရာတွင် အတွေ့ရများသော အစားအစာတစ်ခုဖြစ်သည့် ပြောင်းဖူးမှုန့်ကို ဥပမာအနေဖြင့် ယူကြည့်ပါ။ ၎င်းကို ပြောင်းဖူးမှ ပြုလုပ်ထားခြင်းဖြစ်သည်။
ကန်စွန်းဥများနှင့် အခြားအရာများလည်း ရှိနေသေးသည်။
မင်းမင်းဆက်ကာလက ဘယ်နေရာမှာ ဤကဲ့သို့သောအရာကို ရှာတွေ့နိုင်မည်နည်း။
အကယ်၍ ဤကဲ့သို့သောအရာသာ တကယ်ရှိခဲ့ပါက မင်းမင်းဆက်သည် ကျဆုံးခဲ့မည်မဟုတ်ပေ။
စားသောက်နေထိုင်မှုအပါအဝင် ဤနေရာရှိ လူနေမှုဘဝစတိုင်က တရုတ်သမ္မတနိုင်ငံခေတ်ကို အနည်းငယ် ပြန်လည်အမှတ်ရစေသည်။
မကြာမီမှာပင် မြင်းလှည်းသမားက လုယွမ်ကို တိုင်နင်းမြို့၏ ဈေးတန်းဧရိယာသို့ ခေါ်ဆောင်သွားခဲ့သည်။
ဤနေရာတွင် ဈေးတစ်ခုနှင့် အစိုးရရုံးတစ်ခု ရှိပေသည်။
ဤနေရာ၌ ဈေးထဲတွင် ဆိုင်ခန်းများကို အဝယ်အရောင်းလုပ်နိုင်သည်။
ဤနေရာတွင် ဆိုင်ခန်းတစ်ခန်းကို ဝယ်ယူပြီးနောက် ၎င်းကို ကိုယ်တိုင်အသုံးပြုနိုင်သလို ငှားရမ်းရန်အတွက် ရုံးတွင် အပ်နှံထားနိုင်ပေသည်။
လုယွမ်က အစိုးရရုံးသို့သွား၍ စုံစမ်းကြည့်ရာ ရောင်းရန်ရှိသော ဆိုင်ခန်းများစွာ ရှိနေသေးကြောင်း တွေ့ရှိခဲ့ရသည်။
ပြီးတော့ ဈေးနှုန်းများကလည်း မသက်သာလှပေ။
အရာအားလုံးကို ထည့်သွင်းစဉ်းစားကြည့်လျှင် ယခုအချိန်တွင် ဆိုင်ခန်းဝယ်ယူခြင်းက အပေးအယူကောင်းတစ်ခုမဟုတ်ပေ။
နေရာကောင်းတစ်ခုရှိ ဆိုင်ခန်းတစ်ခန်းသည် အခြားအထွေထွေကုန်ကျစရိတ်များမပါဝင်ဘဲ ငွေစင် ရှစ်ရာထက် မနည်းကျသင့်မည်ဖြစ်သည်။
ဤဆိုင်ခန်းအတွက် ရရှိသော လစဉ်ငှားရမ်းခက ငွေစင် ငါးပြားသာဖြစ်သည်။
တွက်ကြည့်လိုက်ပါ။
အရင်းကျေဖို့ ဘယ်နှစ်နှစ်လောက် အချိန်ယူရမည်နည်း။
စစ်ပွဲများဖြစ်ပွားနေသော ဤကဲ့သို့ ဖရိုဖရဲအချိန်ကာလတွင် ဤပိုက်ဆံကို ကိုင်ထားခြင်းက ဘာမှားနေလို့လဲ။
သို့သော်လည်း ဤအရာများ၏ ဆွဲဆောင်မှုမှာ တန်ဖိုးတက်လာနိုင်ချေရှိခြင်းနှင့် ခိုင်မာမှုရှိခြင်းတို့တွင် တည်ရှိပေသည်။
ဤနေရာရှိ အသေးစိတ်အချက်အလက်အချို့က အစစ်အမှန် မင်းမင်းဆက်နှင့် ကွာခြားနေသော်ငြားလည်း။
ယေဘုယျ ဖွံ့ဖြိုးတိုးတက်မှုဦးတည်ချက်ကမူ မင်းမင်းဆက်နည်းတူပင် ဖြစ်သည်။
ထိုသို့ဆိုလျှင် ၎င်းသည် ဟုန်ဝူခေတ် အစပိုင်းလောက်တွင် ဖြစ်သင့်ပေသည်။
မြောက်ပိုင်းရှိ စစ်ပွဲများပြီးဆုံးသွားပြီး အင်ပါယာတည်ငြိမ်သွားသည်နှင့် တစ်ပြိုင်နက် ရွှေခေတ်တစ်ခု စတင်လာမည်ဖြစ်သည်။
ထိုအချိန်ရောက်လျှင် ဤဆိုင်ခန်း၏ဈေးနှုန်းက သိသိသာသာ မြင့်တက်လာလိမ့်မည်။
ထို့ကြောင့် ဝယ်ယူရန် တန်နေဆဲဖြစ်သည်။
လုယွမ်က စနစ်နေရာလွတ်ထဲမှ ငွေစင်များကို ကြိုတင်ထုတ်ယူလိုက်သည်။
သူက နေရာကောင်းတွင်ရှိသော ဆိုင်ခန်းသုံးခန်းကို ဝယ်ယူခဲ့သည်။
စီမံခန့်ခွဲမှုစရိတ်များနှင့် အခြားအထွေထွေကုန်ကျစရိတ်များ အပါအဝင် စုစုပေါင်း ငွေစင် သုံးထောင်ကျော် ကုန်ကျခဲ့သည်။
ဘာကြောင့် ပိုမဝယ်ခဲ့တာလဲ။
၎င်းမှာ အာရုံစိုက်ခံရလွန်းပြီး ပြဿနာတက်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
သုံးခန်းဆိုလျှင် လုံလောက်သင့်ပေသည်။
ငွေပေးချေပြီး ပိုင်ဆိုင်မှုစာချုပ်ကို ရရှိသည်နှင့် ကိစ္စပြီးပြတ်သွားပြီဟု ယူဆရသည်။
လုယွမ်က အိမ်ငှားရှာခြင်း သို့မဟုတ် ထိုကဲ့သို့သော ကိစ္စများတွင် ပါဝင်ပတ်သက်ရန် မလိုအပ်တော့ပေ။
ငှားရမ်းပြီးသည်နှင့် ဒေသဆိုင်ရာ အစိုးရရုံးက သူ့ကိုယ်စား ငွေကောက်ခံပေးမည်ဖြစ်ပြီး လုယွမ်အနေဖြင့် လစဉ်လာရောက်ထုတ်ယူရုံသာဖြစ်သည်။
ဤအရာများအားလုံးကို ပြီးစီးပြီးနောက် လုယွမ်သည် အဆက်အသွယ်အချို့ရနိုင်မလားဟု တိုင်နင်းမြို့တစ်ဝိုက်တွင် လှည့်လည်သွားလာလေတော့သည်။
အဆင်မပြေလျှင်လည်း ငွေအနည်းငယ်သုံးလိုက်ခြင်းက ကိစ္စမရှိပေ။
သို့သော် နေ့လယ်ခင်းတစ်ချိန်လုံး လှည့်လည်သွားလာပြီးနောက် လုယွမ်က သူသည် အရာရာကို အလွန်ရိုးရှင်းစွာ တွေးခဲ့မိကြောင်း နားလည်သွားခဲ့သည်။
သူတွေးမိသောအရာကို အခြားသူများလည်း တွေးမိနိုင်သည်။
ဤခေတ်ကာလတွင် အစိုးရအလုပ်တစ်ခုကို ဘယ်သူက မရချင်ဘဲနေမည်နည်း။
ချမ်းသာကြွယ်ဝသော လူကြီးလူကောင်းများဆိုလျှင် သူတို့၏ မိသားစုဝင်များကို ရုံးထဲသို့သွင်းရန် ပို၍ပင် စိတ်အားထက်သန်နေကြသေးသည်။
ထို့အပြင် ကြက်များနှင့် ဘဲများကို သယ်ဆောင်ပြီး တစ်စုံတစ်ယောက်ထံ အကူအညီတောင်းမည်ဆိုလျှင်တောင် အဆက်အသွယ်ရှိဖို့ လိုအပ်သည် မဟုတ်ပါလား။
သင်က ဘယ်သူ့ကိုမှ မသိဘဲနဲ့ လူတွေကို ပိုက်ဆံပေးချင်နေတာလား။
သူတို့က တစ်ခုခုဖြစ်လာမှာကို စိုးရိမ်နေကြသည်။
အချိန်အတော်ကြာ လှည့်လည်သွားလာပြီးနောက် ဖြေရှင်းစရာနည်းလမ်းမရှိကြောင်း သူနားလည်သွားခဲ့သည်။
သို့သော်လည်း ဤခရီးစဉ်က လုံးဝအချည်းနှီးတော့ မဖြစ်ခဲ့ပေ။
လုယွမ်သည် သူ၏ စနစ်၏ အမြှောက်ကိန်းအကြောင်းကို စတင်နားလည်လာခဲ့သည်။
သူ၏ ကိုယ်ပိုင်စနစ်၏ အမြှောက်ကိန်းသည် တစ်စုံတစ်ဦးနှင့် မိတ်ဆွေဖွဲ့ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးပမာဏ ဖြစ်သင့်ပေသည်။
ဥပမာအားဖြင့် စောစောက လုယွမ်သည် ဈေးအစိုးရရုံးသို့ သွားခဲ့စဉ်ကဖြစ်သည်။
အထဲရှိ ရုံးရေးစာရေးများအားလုံးနီးပါးသည် အမြှောက်ကိန်း ၃၌ ရှိနေကြသည်။
ဤလူများအားလုံးသည် တရားဝင် အလုပ်ခန့်ထားသော ပုဂ္ဂိုလ်များဖြစ်ကြသည်။
သူတို့သည် အခြားသူများထက် သာလွန်သည်ဟု ယူဆရသည်။
ဤလူများနှင့် မိတ်ဆွေဖွဲ့ခြင်းက သာမန်လူများနှင့် မိတ်ဆွေဖွဲ့ခြင်းထက် အကျိုးကျေးဇူးများစွာကို သဘာဝကျကျ ပိုမိုရရှိစေသည်။
သို့သော် ထိုမျှလောက် လုံးဝရိုးရှင်းနေခြင်းတော့ မဟုတ်ပေ။
ဥပမာအားဖြင့် ဈေးအစိုးရရုံးရှိ အဖွဲ့ခေါင်းဆောင်ငယ်တစ်ဦးဖြစ်ပြီး ၎င်းသည် အရာရှိငယ်တစ်ဦးဖြစ်သည်။
လုယွမ်သည် ထိုအဖွဲ့ခေါင်းဆောင်ကို ကြည့်လိုက်ရာ သူ၏ အမြှောက်ကိန်းက ၂ သာရှိပြီး သာမန်ရုံးစာရေးတစ်ဦးလောက်ပင် မမြင့်မားကြောင်း တွေ့လိုက်ရသည်။
ယုတ္တိတန်တန် တွေးကြည့်မည်ဆိုလျှင် ဤသို့မဖြစ်သင့်ပေ၊ ဘာပဲဖြစ်ဖြစ် သူက အရာရှိငယ်တစ်ဦးဖြစ်သောကြောင့် ပို၍သြဇာအာဏာရှိသင့်ပေသည်။
အစပိုင်းတွင် လုယွမ်က ကောင်းစွာနားမလည်ခဲ့ပေ။
သို့သော် ထွက်ခွာရမည့်အချိန်ရောက်သောအခါ လုယွမ် နားလည်သွားခဲ့သည်။
လုယွမ် ထွက်ခွာလာစဉ် အပြင်ဘက်ရှိ လူများက ဤအရာရှိငယ်သည် အသုံးမကျသူဖြစ်ကြောင်း တီးတိုးပြောဆိုနေကြသည်ကို ကြားလိုက်ရသည်။
သူတို့က ပိုက်ဆံသာယူသွားပြီး ဘာအလုပ်မှ မလုပ်ပေးခဲ့ကြပေ။
ဤနည်းဖြင့် တစ်စုံတစ်ယောက်သည် စရိုက်ဆိုးရှိပြီး သူတို့နှင့် ပတ်သက်မိပါက ဤလူ၏ အမြတ်ထုတ်ခြင်းနှင့် လိမ်လည်လှည့်ဖြားခြင်းကို ခံရနိုင်ချေရှိကြောင်း လုယွမ် နားလည်သွားခဲ့သည်။
ထို့ကြောင့် ဤသူသည် ရာထူးမြင့်မားသော်လည်း သူ၏အမြှောက်ကိန်းက နိမ့်ကျနေခြင်းဖြစ်သည်။
ဤအရာတွင် မြင်ရသည်ထက် ပိုမိုနက်နဲသောအရာများ ရှိနေပေသည်။
သူ၏ဇနီး၏ အမြှောက်ကိန်းက ၉ ဖြစ်နေသည်။
ဘာတွေဖြစ်နေတာလဲ။
ပထမဆုံးအနေဖြင့် သူမက ကိုယ်ကျင့်တရားကောင်းမွန်ပြီး အရည်အချင်းရှိသည်ဆိုသည့်အချက်ကို ထည့်မပြောတော့ပေ။
သေချာပေါက်ပင်။
သို့သော် ဤအရာများကပဲ အမြှောက်ကိန်း ၉ကို တိုက်ရိုက်ပေးနိုင်ပါသလား။
လုယွမ်သည် ဤအချက်ကို တကယ်ပင် စဉ်းစား၍မရခဲ့ပေ။
ဖြစ်နိုင်ချေတော့ ရှိပေသည်။
ဘာပဲဖြစ်ဖြစ် အိမ်ထောင်ပြုပြီး ဇနီးမယားရယူခြင်းသည် ဘဝ၏ အဓိကအရေးကြီးသော အဖြစ်အပျက်တစ်ခုဖြစ်သည်။
ဇနီးကောင်းတစ်ဦးကို လက်ထပ်ရခြင်းက တစ်သက်တာ ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးနိုင်သည်။ ထိုအကြောင်းပြချက်တစ်ခုတည်းနှင့်ပင် ၉ ဆ အမြှောက်ကိန်းက တန်ပေသည်။
နောက်ဆုံးတွင် လုယွမ်သည် တိုင်နင်းမြို့တစ်ဝိုက်၌ လှည့်လည်သွားလာခဲ့သော်လည်း ဘာတစ်ခုမှ မတွေ့ရှိခဲ့ပေ။
အရင်ဆုံး အိမ်ပြန်ပြီး နောက်မှ အခြားနည်းလမ်းတစ်ခုကို စဉ်းစားရန် သူ ဆုံးဖြတ်လိုက်သည်။
ဤလောကတွင် သင်၌ ထူးခြားသောအရာမရှိဘဲ သာမန်လူတစ်ယောက်သာဖြစ်နေမည်ဆိုလျှင် ဘဝက လွယ်ကူလိမ့်မည်မဟုတ်ပေ။
သင်ချမ်းသာနေလျှင်တောင်မှ အမြဲတမ်းအကြောက်တရားဖြင့်သာ နေထိုင်ရလိမ့်မည်ဖြစ်သည်။
အိမ်မပြန်မီ လုယွမ်က မြို့ထဲတွင်မရနိုင်သော ပစ္စည်းအသေးအမွှားအချို့ကို ဝယ်ယူခဲ့ပြီး စုလီယန်အတွက် လှပသော လက်ဝတ်ရတနာလေးအချို့ကိုလည်း ဝယ်ယူခဲ့သည်။
ညဘက်ရောက်လာသောအခါ ညနေ ခြောက်နာရီ သို့မဟုတ် ခုနစ်နာရီခန့်တွင်ဖြစ်သည်။
လုယွမ်သည် ရွာသို့ မြင်းလှည်းဖြင့် ပြန်လာခဲ့သည်။
မြင်းလှည်းသမားကို ကျသင့်ငွေပေးချေပြီးနောက် လုယွမ်က သူ၏ပစ္စည်းများကိုယူကာ ရွာထဲသို့ လမ်းလျှောက်ပြန်လာခဲ့သည်။
အဝေးမှ ရွာထဲရှိ အိမ်များမှ ထွက်ပေါ်နေသော အလင်းရောင်ကိုကြည့်ရင်း သူ၏လှပသောဇနီးလေးကို တွေးကာ လုယွမ်က သူ၏ခြေလှမ်းများကို မြန်ဆန်လိုက်သည်။
ကျောက်တံတားနားသို့ ချဉ်းကပ်လာသောအခါ။
လုယွမ်က ခဏတာ စဉ်းစားလိုက်သည်။
ယခုအခါ သူ၌ မြင့်မြတ်သောခန္ဓာကိုယ် ရှိနေသော်လည်း မနေ့က သူ၏ဇနီးသည်လည်း သူ့ကိုယ်စား ဝင်ရောက်ပြောဆိုပေးခဲ့သည်။
သို့သော်...
ရှောင်လွှဲနိုင်လျှင် ရှောင်သွားခြင်းက ပိုကောင်းပေသည်။ ထိပ်တိုက်ရင်ဆိုင်ရန် မလိုအပ်ပါဘူး မဟုတ်လား။
လုယွမ်က ဘေးလမ်းမှတစ်ဆင့် ချက်ချင်းလမ်းလွှဲလိုက်ပြီး ရွာထဲသို့ အခြားလမ်းကြောင်းမှ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။
သို့သော် လုယွမ် ရွာထဲသို့ဝင်လုနီးပါးအချိန်တွင်...
ရုတ်တရက် အေးစက်သော လေပြင်းတစ်ချက်က လုယွမ်၏အနောက်မှ ဖြတ်တိုက်သွားခဲ့သည်။
ထို့နောက် လုယွမ်၏ ခေါင်းပေါ်မှ အလွန်ခြောက်ခြားဖွယ်ကောင်းသော ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။...
“ခစ်... ခစ်... ခစ်...”
လုယွမ်၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။ အနီးနားရှိ သစ်ပင်ကြီးတစ်ပင်၏ ကိုင်းဖျားတွင် လုယွမ် ကောင်းစွာမှတ်မိနေသော ဖြူဖျော့ဖျော့မျက်နှာတစ်ခု ပေါ်လာခဲ့သည်။
လုယွမ်က ထုံကျင်သွားခဲ့သည်။
“စောက်ကျိုးနည်း... မင်း ဘာလို့လာပြန်တာလဲ…”
အခန်း (၁၂) နင် နားကန်းနေတာလား
ဤအခြေအနေ၌ ဘာပြောစရာရှိတော့မည်နည်း။
အရာအားလုံးကို ပစ်ချပြီး ထွက်ပြေးရုံသာရှိတော့သည်။
ရွာထဲသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ဤအရာများက သူတို့အား အန္တရာယ်မပြုနိုင်တော့ပေ။
လုယွမ်သည် အံကိုကြိတ်ကာ အရူးအမူး ပြေးလေတော့သည်။
ထိတ်လန့်ဖွယ်ကောင်းသော ရယ်သံက လုယွမ်၏ နားအနီးမှ ထွက်ပေါ်နေသည်။
ထို့အပြင် လုယွမ် အရူးအမူးပြေးလေလေ ထိုရယ်သံက ပို၍ကျယ်လောင်လာလေလေ ဖြစ်သည်။
၎င်းက လုယွမ်အား လှောင်ပြောင်နေသကဲ့သို့ပင်။
ချွေးသံတရွဲရွဲဖြင့် လုယွမ်တစ်ယောက် ရွာထဲသို့ ပြေးဝင်လာသောအခါ သူက နောက်သို့ ထပ်မံကြည့်လိုက်သည်။
ထိုအခါ သစ်ကိုင်းပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသော ထူးဆန်းသည့်မိန်းမကို မြင်လိုက်ရသည်။ သူမက ပါးစပ်ကို ဟထားပြီး ပြုံးနေသောကြောင့် မျက်လုံးများမှာ မှေးကျဉ်းနေသည်။
ဤထူးဆန်းသော မြင်ကွင်းကြောင့် လုယွမ်၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားခဲ့ရပြန်သည်။
ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်တွင် ထိုအရာများက ပြီးခဲ့သည့်အကြိမ်ကဲ့သို့ သူ၏အပေါ်သို့ တိုက်ရိုက်ခုန်အုပ်လာခြင်းမရှိပေ။
ယခုအခါ လုယွမ်၌ မြင့်မြတ်သောခန္ဓာကိုယ် ရှိနေသောကြောင့် ၎င်းက မလှုပ်ရှားရဲခြင်းလား ဆိုသည်မှာတော့ မသေချာပေ။
သို့မဟုတ် သူ၏ဇနီးဖြစ်သူက မနေ့က ၎င်းအား ပြောဆိုခဲ့သည်မှာ အလုပ်ဖြစ်သွားခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။
သို့သော် ပြဿနာက...
ဤအရာက သူ့အား လိုက်ဖမ်းခြင်းကို ရပ်တန့်သွားလျှင်တောင်မှ ဤအတိုင်းဆက်သွားနေရန် မကောင်းပေ။
ဆိုလိုသည်မှာ သူက ရွာထဲမှ ဘယ်တော့မှ ထွက်ခွာတော့မည်မဟုတ်ဘူး ဟူသောအဓိပ္ပာယ်လော။
အိမ်အပြန်လမ်းတွင် လုယွမ်သည် ယိုင်နဲ့နဲ့ဖြစ်နေပြီး သူ၏ခြေလှမ်းများကလည်း မညီမညာဖြစ်နေသည်။
တံခါးပေါက်သို့ ရောက်လာသောအခါ လှပသောပုံရိပ်တစ်ခုက သူ၏အနီးသို့ လျှင်မြန်စွာ လျှောက်လာခဲ့သည်။
လုယွမ်က အစပိုင်းတွင် လန့်သွားသော်လည်း နူးညံ့ချိုသာသောအသံကို ကြားလိုက်ရသောအခါ စိတ်သက်သာရာရသွားခဲ့သည်။
“အပြင်မှာ အရမ်းအေးနေတာကို ဘာလို့ တံခါးဝမှာ စောင့်နေရတာလဲ...”
လုယွမ်က သူ၏ဆီသို့ လျှောက်လာသော စုလီယန်ကိုကြည့်ကာ ပြောလိုက်သည်။
စုလီယန်သည် လုယွမ်၏အနီးသို့ လျှင်မြန်စွာရောက်လာပြီး လုယွမ်သယ်လာသောပစ္စည်းများကို ယူကာ ချိုသာသောအသံဖြင့် ပြောလိုက်သည်။
“မှောင်လာတဲ့အထိ အစ်ကို ပြန်မရောက်သေးလို့ နည်းနည်းစိုးရိမ်ပြီး တံခါးဝမှာ စောင့်နေတာပါ...”
အဓိကအကြောင်းရင်းမှာ မီးဖိုထဲတွင် ထင်းများလောင်ကျွမ်းနေသေးသောကြောင့်သာဖြစ်သည်။ ထိုသို့မဟုတ်ပါက စုလီယန်သည် ရွာအဝင်ဝအထိ သွားစောင့်နေမည်ဖြစ်သည်။
သူ၏ရှေ့မှ လှပပြီး ကြင်နာတတ်သော ဇနီးဖြစ်သူကို ကြည့်ကာ လုယွမ်၏ရင်ထဲတွင် အလွန်နွေးထွေးသွားခဲ့သည်။
အစပိုင်းတွင် လုယွမ်သည် ဤကမ္ဘာသို့ ကူးပြောင်းလာရခြင်းအပေါ် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
ဤကဲ့သို့သော ကမ္ဘာမျိုးတွင် အသက်ရှင်သန်ရန်ပင် အလွန်ပင်ပန်းလှသည်။
သို့သော် ရောက်ရောက်ချင်းတွင် ဤကဲ့သို့သော ဇနီးမျိုးကို ရရှိလိုက်ခြင်းက အရာအားလုံးကို တန်ဖိုးရှိသွားစေသည်။
သူတို့နှစ်ယောက် အိမ်ထဲသို့ ဝင်လာပြီးနောက် စားပွဲပေါ်တွင် ပစ္စည်းများတင်ထားလိုက်သော စုလီယန်က လှည့်ကာ ချက်ချင်းပြောလိုက်သည်။
“အစ်ကို ဘာဖြစ်လာတာလဲ...”
ထိုသို့ပြောရင်း စုလီယန်က သူမ၏ခင်ပွန်းအနီးသို့ လျှင်မြန်စွာလျှောက်သွားကာ ငုံ့၍ သူ၏ဝတ်ရုံပေါ်မှ ဖုန်များကို ခါချပေးလိုက်သည်။
လုယွမ်လည်း အံ့သြသွားပြီး ခုနကဖြစ်ပျက်ခဲ့သည်များကို ပြန်သတိရကာ မတတ်နိုင်စွာဖြင့် ပြောလိုက်သည်။
“မပြောပါနဲ့တော့... အဲ့အမျိုးသမီးတစ္ဆေနဲ့ ထပ်တိုးပြန်ပြီ...”
“သူက သစ်ကိုင်းပေါ်မှာထိုင်ပြီး ကိုယ့်ကို ရယ်နေတာ... ကိုယ်လည်း ပြန်ပြေးလာတော့ ခြေကျင်းဝတ် လည်သွားတယ်လေ...”
ထိုစကားကိုကြားလိုက်ရသောအခါ စုလီယန်က လန့်သွားပြီး သူမ၏ခင်ပွန်းကို အံ့သြစွာမော့ကြည့်ကာ ပြောလိုက်သည်။
“ကျောက်တံတားဆီက တစ်ကောင်လား...”
လုယွမ်က ခေါင်းညိတ်လိုက်ပြီး ထိုင်ချကာ ရေတစ်ငုံ သောက်လိုက်သည်။
သူက တစ်ခုခုပြောရန်ပြင်လိုက်ချိန်တွင် စုလီယန်က ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည့် မျက်နှာထားဖြင့် ရပ်နေသည်ကို မြင်လိုက်ရသည်။
မည်သို့ပင်ဖြစ်စေ စုလီယန်က မနေ့ကမှ သူမအနေဖြင့် ၎င်းအား စကားတစ်ခွန်းလောက် ပြောပေးလိုက်လျှင် ရပြီဟု ပြောထားခဲ့သည်မဟုတ်လော။
နောက်တစ်နေ့တွင် ထိုအမျိုးသမီးတစ္ဆေက ထပ်မံပေါ်လာခဲ့သည်။
ဇနီးဖြစ်သူ၏ နောင်တရနေသော အမူအရာကို မြင်လိုက်ရသောအခါ လုယွမ်က စုလီယန်၏လက်ကိုဆွဲကာ သူ၏ပေါင်ပေါ်တွင် ထိုင်ခိုင်းပြီး နှစ်သိမ့်ပေးလိုက်သည်။
“မင်းရဲ့အမှား မဟုတ်ပါဘူး... သာမန် မကောင်းဆိုးဝါးဝိညာဉ်သာဆိုရင် မင်းရဲ့နည်းလမ်းက သေချာပေါက် အလုပ်ဖြစ်မှာပါ...”
“ဒါပေမဲ့ ကိုယ် အပြန်လမ်းမှာ သေချာစဉ်းစားကြည့်တယ်...”
“သူမက ကိုယ့်ကို ကပ်တွယ်နေတာက ဘိုးဘေးကြောင့်များ ဖြစ်နေမလားလို့...”
လုယွမ်က စုလီယန်ကို ယုံကြည်သည်။ သူ၏ဇနီးသည် အလကားကတိများ ပေးတတ်သူမျိုး မဟုတ်ပေ။
သူမက ရသည်ဟုပြောလျှင် ရမည်သာဖြစ်သည်။
*အနည်းဆုံးတော့ ထိုအမျိုးသမီးတစ္ဆေက ယနေ့ ငါ့အပေါ်ကို ခုန်မအုပ်လာဘူး မဟုတ်လား*
သို့သော် ဤကိစ္စက ဖြစ်လာသေးသည်။ ထို့ကြောင့် လုယွမ်က ဤသည်မှာ တခြားအကြောင်းတစ်ခုခုကြောင့် ဖြစ်ရမည်ဟု တွေးလိုက်သည်။
စုလီယန်က သူမခင်ပွန်း၏ စကားများကို နားထောင်ရင်း သူဘာကိုဆိုလိုမှန်းမသိဘဲ အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။
လုယွမ်က စဉ်းစားကာ ပြောလိုက်သည်။
“အဲ့အမျိုးသမီးတစ္ဆေက ကိုယ့်ရဲ့ ဘိုးဘေးလက်ထက်တုန်းက ပြစ်မှားခဲ့ဖူးတဲ့သူ တစ်ယောက်ယောက်များလား...”
“ဘိုးဘေးက လူဆိုးတစ်ယောက်လို့ မိဘတွေဆီက ကြားဖူးတယ်... သူက လောဘကြီးတယ်... လာဘ်တောင်းတယ်... ပြီးတော့ အလွဲသုံးစားမှုတွေလည်း လုပ်ခဲ့တယ်တဲ့...”
“သူတို့က ငွေနည်းနည်းလေးနဲ့ မတရားစွပ်စွဲခံရတဲ့သူတွေကို မကြာခဏ သတ်ပစ်တတ်တယ်... အဲ့လိုသာမဟုတ်ရင် ကိုယ်တို့မိသားစုက ဒီစည်းစိမ်တွေကို စုဆောင်းနိုင်ခဲ့မှာ မဟုတ်ဘူး...”
စုလီယန်က မဟုတ်ဘူးဟု ပြောချင်ဟန်ဖြင့် မျက်တောင်ခတ်လိုက်သည်။
အကြောင်းမှာ စုလီယန်သည် မနေ့ညက ထိုအရာကို မြင်ခဲ့ပြီး မတရားသေဆုံးသွားသည့် ကိစ္စမျိုး မဟုတ်သောကြောင့်ဖြစ်သည်။
သူမက သူမ၏ခင်ပွန်းကို အနိုင်ကျင့်ရလွယ်သည်ဟု ထင်သောကြောင့် စချင်ရုံသက်သက်သာဖြစ်သည်။
ဤမှင်စာတစ္ဆေများက လူဆိုးများကို ကြောက်တတ်ကြသည်။ သင်က ပိုကြမ်းတမ်းလေလေ သူတို့က ပိုကြောက်လေလေဖြစ်သည်။
ပြောင်းပြန်အားဖြင့် ၎င်းကို ပိုကြောက်လေလေ ၎င်းက သင့်အား ပို၍ နှိပ်စက်ရန် ကြိုးစားလေလေဖြစ်သည်။
သို့သော် စုလီယန်က ထိုစကားများကို ဖွင့်မပြောရက်ပေ။
မည်သို့ပင်ဖြစ်စေ မနေ့ကမှ သူမက ဤအရာများကို သူမ၏ခင်ပွန်းနှင့် အဆက်အသွယ်မလုပ်စေရဟု ပြောထားခဲ့ပြီး ယခု ထပ်ပေါ်လာပြန်သည်မဟုတ်လော။
လုယွမ်က သူ၏ဇနီး ဘာတွေတွေးနေမှန်း မသိသော်လည်း ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ်စေ မနက်ဖြန်ကျရင် အသင်းက တစ်ယောက်ယောက်ကို သွားရှာပြီး ကြည့်ခိုင်းရမယ်... သူတို့က ကိစ္စမျိုးတွေကို တာဝန်ယူတယ်လို့ ထင်တယ်...”
စုလီယန်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သော်လည်း သူမ ဘာတွေတွေးနေမှန်း မသိရပေ။
ထို့နောက် လုယွမ်က သူ၏ဇနီးဖြစ်သူ၏ တင်းရင်းသော တင်ပါးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။
“ကဲ... ဘာအရသာရှိတဲ့ အစားအသောက်တွေ လုပ်ထားလဲ... အထဲဝင်လာကတည်းက အနံ့လေး ရနေတယ်... မြန်မြန် ယူလာခဲ့ပါဦး...”
သူမ၏ခင်ပွန်းက ထိုသို့ပုတ်လိုက်သောအခါ စုလီယန်လည်း အတွေးများထဲမှ ချက်ချင်း သတိဝင်လာပြီး ရှက်သွေးဖြာကာ ပြန်ဖြေပြီးနောက် မီးဖိုချောင်ထဲသို့ အစားအသောက်များ သွားယူလေသည်။
မကြာမီမှာပင် ပေါက်စီများ၊ ဝက်နံရိုးပေါင်းများ၊ ကြက်သွန်မြိတ်နှင့် ကြော်ထားသော ကြက်ဥကြော်နှင့် မြေပဲလှော် တစ်ပန်းကန်တို့ ရောက်လာခဲ့သည်။
ဤအရာများသည် အခြားမိသားစုများဆိုလျှင် နှစ်သစ်ကူးကာလတွင်ပင် စားရမည်မဟုတ်သော အစားအစာများဖြစ်ပြီး ယခု ဤနေရာတွင် ချထားပေသည်။
လုယွမ်က အငွေ့တထောင်းထောင်းထနေသော အဖြူရောင်ပေါက်စီကို ယူလိုက်ပြီး ဝက်နံရိုးပေါင်းကို တစ်ကိုက် ကိုက်လိုက်သည်။
အရသာကို ခံစားရင်း သူ့အတွက် အရက်နွေးပေးနေသော စုလီယန်ကို ကြည့်ကာ အံ့သြစွာဖြင့် ပြောလိုက်သည်။
“အရမ်း အရသာရှိတာပဲ...”
“မြို့ထဲက စားသောက်ဆိုင်တွေထက်တောင် ပိုကောင်းနေသေးတယ်...”
ဤခေတ်တွင် ပါဝင်ပစ္စည်းများ ကောင်းလျှင်တောင်မှ ကောင်းမွန်သော အစားအသောက်တစ်ခုဖြစ်အောင် ပြုလုပ်နိုင်မည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ဤအရာကို ယခင်က မမြင်ဖူးသလို မလုပ်ဖူးပါက မည်သို့လျှင် အရသာရှိအောင် လုပ်နိုင်မည်နည်း။
သူမ၏ခင်ပွန်း အစားအသောက်များကို မြိန်ယှက်စွာ စားသောက်နေသည်ကို မြင်သောအခါ စုလီယန်လည်း ပျော်ရွှင်သွားသည်။ သူမက သူ့ကိုကြည့်ကာ ချိုသာစွာ ပြုံးပြီး ပြောလိုက်သည်။
“ညီမရဲ့ ဒုတိယဦးလေးက အရင်တုန်းက အလွတ်စားဖိုမှူး လုပ်ခဲ့ဖူးတယ်... ပတ်ဝန်းကျင်ကလူတွေ မင်္ဂလာဆောင်ဖြစ်ဖြစ် အသုဘဖြစ်ဖြစ် သူ့ဆီလာပြီး ချက်ခိုင်းတတ်ကြတယ်...”
“ညီမလည်း ငယ်ငယ်လေးကတည်းက ဒုတိယဦးလေးကို ကူညီပေးရင်းနဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ သိသွားတာပါ...”
ထိုစကားကိုကြားလိုက်ရသောအခါ လုယွမ်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။ မဆန်းတော့ပေ။
သူတို့နှစ်ယောက် စားသောက်ပြီးနောက် ဖယောင်းတိုင်များကို ငြိမ်းသတ်လိုက်ပြီး လိုက်ကာများကိုဆွဲကာ အိပ်ရာဝင်ခဲ့ကြသည်။
ထိုညတွင် နှစ်ယောက်သား အိပ်ရာထဲ၌ ပွေ့ဖက်ထားကြပြီး လုယွမ်က ယနေ့ မြို့သို့သွားခဲ့သည့်အကြောင်းကို ပြောပြနေသည်။
မိသားစု၌ ဆိုင်သုံးဆိုင် ရှိသည်ဟူသောအချက်ကို သူ၏ဇနီးဖြစ်သူက သဘာဝကျကျ သိထားရန် လိုအပ်ပေသည်။
စကားပြောနေရင်း လုယွမ်၏လက်များက တောင်စမ်းမြောက်စမ်း စတင်လှုပ်ရှားလာခဲ့သည်။
စုလီယန်ထံမှ တိုးညင်းသော ညည်းသံလေးထွက်ပေါ်လာပြီးနောက် သူမက လုယွမ်၏ နားနားသို့ကပ်ကာ ချိုသာစွာ တိုးတိုးလေးပြောလိုက်သည်။
“အစ်ကိုက... လူဆိုးကြီး...”
စုလီယန်၏ ချိုသာသော အသံလေးနှင့်အတူ ထပ်မံစတင်လိုက်ပြန်သည်။
…
သန်းခေါင်ယံအချိန်။
လုယွမ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး သူ၏ရင်ခွင်ထဲတွင် မှီခိုနေသော စုလီယန်သည် ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။
အိပ်ပျော်နေသော လုယွမ်ကို ကြည့်ကာ စုလီယန်သည် စောစောက မြင်ကွင်းကို ပြန်လည်သတိရသွားဟန်ဖြင့် သူမ၏မျက်နှာက နီရဲသွားခဲ့သည်။
သူမ၏ခင်ပွန်းကို ချစ်မေတ္တာအပြည့်ပါသော မျက်လုံးများဖြင့် ခဏမျှ စိုက်ကြည့်ပြီးနောက် စုလီယန်က အိပ်ရာထဲမှ တိတ်တဆိတ်ထကာ အဝတ်အစားများ ဝတ်ဆင်လိုက်သည်။
အရာအားလုံး သပ်ရပ်သွားပြီးနောက် စုလီယန်က ကုတင်ဘေးသို့သွားကာ သူမ၏ခင်ပွန်းကို စောင်ခြုံပေးလိုက်သည်။
ထို့နောက် သူမက တံခါးကိုဖွင့်ပြီး အမှောင်ထုထဲသို့ ပျောက်ကွယ်သွားလေသည်။
ရှီကဲရွာ။
ရွာအပြင်ဘက်၊ ကျောက်တံတားအောက်တွင်။
ငွေရောင်အကြေးခွံများ တောက်ပနေသော ကျောက်စိမ်းရောင်လက်တစ်ဖက်က ဖိုသီဖတ်သီဖြစ်နေသော မိန်းမတစ်ယောက်ကို တံတားတိုင်တွင် တင်းကျပ်စွာ ဖိကပ်ထားသည်။
ကြီးမားသော မြွေဖြူကြီး၏ အမြီးတစ်ခုက တံတားအောက်ရှိ မြစ်ကမ်းစပ်တစ်လျှောက် ရှေ့နောက် ယမ်းခါနေသည်။
၎င်းက ကျာပွတ်တစ်ခုကဲ့သို့ မြစ်ရေကို ရိုက်ခတ်နေပြီး တဖျန်းဖျန်း မြည်သံများ ထွက်ပေါ်နေသည်။
“ငါ့ယောက်ျားနဲ့ ဝေးဝေးနေဖို့ နင့်ကို ငါပြောထားတယ်လေ...”
“နင် နားကန်းနေသလား...”