အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
အခန်း (၁၃) ကိုယ့်ဖာသာ အဝတ်အစားတောင် မဝတ်နိုင်တော့ဘူးလား
အံ့ဩဖွယ်ကောင်းလှပေသည်။ ဤသူ၏ မျက်လုံးများ၌ မျက်ဖြူသား လုံးဝမရှိဘဲ အနက်ရောင်များသာ ဖုံးလွှမ်းနေ၏။
သို့သော်လည်း ထိုသူ၏မျက်လုံးများထဲတွင် အလွန်တရာ ကြောက်ရွံ့ထိတ်လန့်နေမှုကို မြင်တွေ့နိုင်ပေသည်။
စုလီယန်က ထိုသူ၏လည်ပင်းကို အားကုန်ဖိချလိုက်ပြီး သူမ၏အသံက အလွန်အမင်း ဒေါသထွက်နေမှုကြောင့် တုန်ယင်ကာ အက်ကွဲနေခဲ့သည်။
ဤအရာက စုလီယန်၏ရှေ့၌ မည်သို့မျှ အစွမ်းမပြနိုင်ခဲ့ပေ။
သူက ရုန်းကန်ရန် ကြိုးစားသော်လည်း စုလီယန်က သူ၏လည်ပင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။
သို့ရာတွင် သူ မည်သို့ပင်ကြိုးစားစေကာမူ စုလီယန်၏ ဆုပ်ကိုင်ထားမှုမှ ရုန်းမထွက်နိုင်ခဲ့ဘဲ အသံတစ်သံပင် မထွက်နိုင်ခဲ့ချေ။
သူမ၏ ခင်ပွန်းဖြစ်သူကို အကြိမ်ကြိမ် ခြောက်လှန့်ခဲ့သော ရှင်းကျီအပေါ် စုလီယန်က မည်သည့် သနားညှာတာမှုမှ မပြသခဲ့ပေ။
ဒေါသတကြီး ဆဲဆိုကြိမ်းမောင်းပြီးနောက် စုလီယန်က ဆုပ်ကိုင်ထားမှုကို ပို၍တင်းကျပ်လိုက်သည်။
သူမသည် ထိုသူ၏လည်ပင်းကို ချိုးပစ်လိုက်ရာ ခေါင်းနှင့် ကိုယ် နှစ်ပိုင်းပြတ်သွားခဲ့တော့သည်။
နောက်ဆုံး၌ ထိုသူ၏ ပုံရိပ်က လုံးဝပျောက်ကွယ်သွားခဲ့သည်။
သူ၏ နောက်ဆုံးအငွေ့အသက်လေးများ လုံးဝပျောက်ကွယ်သွားချိန်၌ပင် သူတို့၏မျက်နှာထက်ရှိ ကြောက်ရွံ့မှုများက ပျောက်ကွယ်မသွားခဲ့ပေ။
ဤမျှ လှပတင့်တယ်လှသော အမျိုးသမီးက သူမ၏အလှတရားနှင့်အညီ ကြီးမားလှသော ခွန်အားများ ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူကမျှ မျှော်လင့်ထားပုံမပေါ်ချေ။
ကျိန်းသေပေါက် စုလီယန်က ကျိန်ဆဲပေလိမ့်မည်။
ထို့အပြင် သူမ ယခုလေးတင် အသုံးပြုခဲ့သော ဆဲရေးတိုင်းထွာမှုများက အလွန်တရာ ရိုင်းစိုင်းလှပေသည်။
မည်သို့ပင်ဆိုစေကာမူ...
ရွာတစ်ရွာတွင် ကြီးပြင်းလာသူ တစ်ယောက်အနေဖြင့် ရွာသူများ ကျိန်ဆဲကြိမ်းမောင်းနေသည့် မြင်ကွင်းများကို သူမ အများအပြား မြင်တွေ့ခဲ့ရပြီးဖြစ်ပေသည်။
စုလီယန်က ရှင်းကျီအား ရှင်းလင်းပြီးနောက် သူမ၏ခန္ဓာကိုယ်က မျိုးရိုးဗီဇပြန်ပေါ်ခြင်း အခြေအနေမှ ပြန်လည်သက်သာလာခဲ့သည်။
ထိုနေရာ၌ ခေတ္တမျှ ကြက်သေသေရပ်နေပြီးနောက် စုလီယန်က သူမ၏ပါးစပ်ကို လက်ဖြင့် အလျင်အမြန်အုပ်လိုက်ပြီး သူမ၏မျက်နှာထက်တွင် အံ့ဩထိတ်လန့်မှုများ ပြည့်နှက်သွားခဲ့သည်။
*အိုး...ငါ ခုနက ဆဲလိုက်တဲ့ စကားတွေက... အရမ်းကို ဆိုးရွားလွန်းတယ်…*
*တကယ်တော့... ဒီမျိုးရိုးဗီဇပြန်ပေါ်ခြင်းက... ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့ အရမ်းခက်ခဲတာပဲ…*
စုလီယန်က ထိုနေရာ၌ ခေတ္တမျှ ကြက်သေသေရပ်နေပြီးနောက် အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
သို့ရာတွင် သူမ ကျောက်တံတားဆီသို့ရောက်ရှိပြီး အိမ်ပြန်ရန် ပြင်ဆင်နေစဉ်...
စုလီယန်က အခြားအရာတစ်ခုကို တွေးမိသွားခဲ့သည်။
မှောင်မိုက်နေသော ညအချိန်ကို ပြန်လည်ကြည့်ရှုလိုက်ပြီး သူမက အေးစက်စွာ နှာမှုတ်လိုက်သည်။
“အသုံးမကျတဲ့ကောင်တွေ ကောင်းကောင်းမွန်မွန်ပြောနေရင် နားမထောင်ကြဘူး...”
“ငါတို့မိသားစုရဲ့ ထမင်းနဲ့ မုန့်တွေကိုစားပြီးတော့ အခု ငါ့ယောကျ်ားကို လာခြောက်လှန့်ချင်နေကြတယ်...”
“အခုကစပြီး ငါ့ယောကျ်ားကို ခြောက်လှန့်ရဲတဲ့သူက ဝိညာဉ်ဖျက်ဆီးခံရုံတင်မကဘူး...”
“နင်တို့လို အကောင်ဆိုးတွေကို မိုးမခပင်တွေမှာဆွဲကြိုးချပြီး နေ့ရောညပါ ရိုက်နှက်ပစ်မယ်...”
စုလီယန်က ရှင်းကျီအတွက် အလွန်ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို ပြောနေပုံရသည်။
စုလီယန် စကားပြောပြီးနောက် မှောင်မိုက်နေသောညက တိတ်ဆိတ်လျက်ရှိနေဆဲဖြစ်သည်။
စုလီယန်ကို တုံ့ပြန်နေသည့်အလား အေးစက်သော လေပြင်းအချို့သာ ဖြတ်သန်းတိုက်ခတ်သွားခဲ့သည်။
စုလီယန်က ကျောက်တံတားပေါ်တွင် အတန်ကြာရပ်နေပြီးမှ အေးစက်စွာ နှာမှုတ်လိုက်ပြီး အိမ်ပြန်ရန် လှည့်ထွက်သွားခဲ့သည်။
စုလီယန် အိမ်သို့ တိတ်ဆိတ်စွာ ပြန်ရောက်လာသောအခါ သူမ၏ခင်ပွန်းဖြစ်သူသည် အိပ်ရာပေါ်တွင် ကိုယ်ဟန်အနေအထားပင် မပြောင်းဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။
ယခုလေးတင် အေးစက်နေပုံရသော စုလီယန်က ရုတ်တရက် အလွန်တရာ နူးညံ့သိမ်မွေ့သော အမူအရာသို့ ပြောင်းလဲသွားခဲ့သည်။
သူမ၏အဝတ်အစားများကို အလျင်အမြန်ချွတ်လိုက်ပြီး စုလီယန်က အိပ်ရာပေါ်သို့တက်ကာ ခင်ပွန်းဖြစ်သူ၏ ရင်ခွင်ထဲတွင် သက်တောင့်သက်သာရှိသော နေရာတစ်ခုကိုရှာ၍ လှဲလျောင်းလိုက်သည်။
ထို့နောက်မှသာ သူမက ခင်ပွန်းဖြစ်သူအား ဖက်တွယ်ထားလိုက်ပြီး သူမ၏မျက်နှာထက်တွင် ကြည်နူးချိုမြိန်သော အမူအရာဖြင့် အိပ်ပျော်သွားခဲ့တော့သည်။
လုယွမ် မသိသော အရာတစ်ခု ရှိနေခဲ့ပေသည်။
၎င်းမှာ...
စုလီယန်သည် အမှန်တကယ်တော့ တရားဝင် တာအိုဆရာ တစ်ဦးဖြစ်ပေသည်။
စုလီယန် ယခင်က ပြောခဲ့သလို သူမ၏မိခင်ထံမှ သင်ယူခဲ့ခြင်းဟူသော အကြောင်းပြချက်က ထိုမျှ ရိုးရှင်းမနေခဲ့ပေ။
စုလီယန်၏ မိခင်သည်လည်း တရားဝင် တာအိုဆရာတစ်ဦးပင်ဖြစ်သည်။
ထူးဆန်းအံ့ဩဖွယ်ရာများ ပြည့်နှက်နေသော ဤခေတ်ကာလတွင် တာအိုဆရာများဟူသည် အမှန်တကယ်ပင် အလွန်အစွမ်းထက်ပြီး လေးစားခံရသော အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်လေသည်။
ကောင်းကင်ဆရာသခင်ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။
သာမန် အဆင့်နိမ့် တပည့်တစ်ဦးပင်လျှင် အသင်းအဖွဲ့တစ်ခုသို့ ဝင်ရောက်ပြီးသည်နှင့် ဇိမ်ကျကျ နေထိုင်နိုင်ပေသည်။
တရားဝင် ကောင်းကင်ဆရာသခင် တစ်ဦးဖြစ်သော စုလီယန်ကိုတော့ ပြောစရာပင် မလိုအပ်တော့ချေ။
သို့ရာတွင်... ကောင်းကင်ဆရာသခင် တစ်ဦးဖြစ်သော စုလီယန် သို့မဟုတ် သူမ၏မိခင်နှင့် သမီး နှစ်ဦးစလုံး ကောင်းကင်ဆရာသခင်များ ဖြစ်နေကြသော စုလီယန်၏ မိသားစုက အဘယ်ကြောင့်နည်း။
ဤမိသားစုတွင် ကြီးမြတ်သော ကောင်းကင်ဆရာသခင် နှစ်ဦးရှိနေသော်လည်း ၎င်းတို့မှာ အသက်ရှင်သန်ရန်ပင် ရုန်းကန်နေရဆဲဖြစ်သည်။
ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ သူမ၏ အဆင့်အတန်းကြောင့်ပင် ဖြစ်လေသည်။
ဤကမ္ဘာလောကကြီး၏ သဘာဝက ထိုသို့ပင်ဖြစ်သည်။ ၎င်းက မူလဇာစ်မြစ် အစစ်အမှန်ကိုသာ တန်ဖိုးထားလေသည်။
သင်သည် စစ်မှန်သော နတ်ဆိုး သို့မဟုတ် စစ်မှန်သော လူသား ဖြစ်ရမည်။
စုလီယန်ကဲ့သို့ တစ်ဝက်က လူသားဖြစ်ပြီး တစ်ဝက်က နတ်ဆိုးဖြစ်နေသူများမှာ...
ခွဲခြားဆက်ဆံမှုများကို ရင်ဆိုင်ရသော လူ့အဖွဲ့အစည်းတစ်ခုတွင် မွေးဖွားလာခဲ့ကြခြင်းဖြစ်သည်။
ထိုသူတို့တွင် စွမ်းရည်ရှိနေလျှင်ပင် အခြားသူများက အသုံးချမည်မဟုတ်ပေ။
ထို့ထက်ပို၍...
လူများက သင်၏ တစ်ဝက်လူ၊ တစ်ဝက်နတ်ဆိုး ပုံပန်းသဏ္ဌာန်ကို မြင်သောအခါ သင်သည် လူများကို ဒုက္ခပေးနိုင်သည်ဟု ထင်မြင်ကြပြီး သင့်အား အထူးပစ်မှတ်ထားလာကြမည်ဖြစ်သည်။
စုလီယန် ငယ်ရွယ်စဉ်ကတည်းက သူမ၏မိခင် ပြောပြဖူးသည်ကို ကြားခဲ့ရသည်။
ဆိုလိုသည်မှာ ယခင်မင်းဆက်များတွင် ပြင်ပမှ ကောင်းကင်ဆရာသခင်များအား သတ်ဖြတ်သည့် အလေ့အထတစ်ခု ရှိခဲ့လေသည်။
အကြောင်းမှာ လူတိုင်းက ဤပြင်ပ တာအိုဆရာသည် လူများကို ဒုက္ခပေးလိမ့်မည်ဟု ထင်မြင်ကြသောကြောင့်ပင်။
ယခုအခါတွင် အခြေအနေများက ယခင်ကနှင့် မတူတော့သော်လည်း ဖြစ်နိုင်ပါက မိမိ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားခြင်းက အကောင်းဆုံးဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့သော အလေ့အထမျိုး ထပ်မံပေါ်ပေါက်လာပါက မည်သို့ဖြစ်လာမည်ကို မည်သူက အသေအချာ ပြောနိုင်မည်နည်း။
မတရားဘူးလို့ ဆိုလိုတာလား...
ဤကမ္ဘာလောကကြီးသည် အခြေခံအားဖြင့် မတရားမှုများ ရှိနေပြီးသားဖြစ်သည်။
သို့သော်လည်း အခြေအနေများက တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာနေပြီဖြစ်သည်။
ဤသည်မှာ လက်ရှိ ဧကရီ၏ ကျေးဇူးကြောင့်ပင် ဖြစ်ပေသည်။
အကြောင်းရင်းမှာ ဧကရီသည် ဧကရာဇ်မင်း၏ တောင်ပိုင်းခရီးစဉ်တွင် လိုက်ပါသွားစဉ် တောင်ပိုင်း၌ အလွန်ဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရသော လူသားတစ်ပိုင်း၊ နတ်ဆိုးတစ်ပိုင်ူများကို မြင်တွေ့ခဲ့ရသောကြောင့်ဖြစ်သည်။
ကြင်နာတတ်သော ဧကရီက ယခင်မင်းဆက်များ၏ အကျင့်ဆိုးများကို စွန့်လွှတ်ရန် ဧကရာဇ်မင်းအား ဖျောင်းဖျပြောဆိုခဲ့သည်။
သူတို့သည် စုလီယန်နှင့် အခြားလူသားတစ်ပိုင်း၊ နတ်ဆိုးတစ်ပိုင်းများ၏ အဆင့်အတန်းကို မြှင့်တင်ပေးခဲ့ကြသည်။
အနည်းဆုံးတော့ အင်ပါယာ၏ ဥပဒေအရ စုလီယန်သည် ရှန်းလင်းအင်ပါယာ၏ နိုင်ငံသားတစ်ဦး ဖြစ်လေသည်။
အထူးသဖြင့် မကြာသေးမီနှစ်များအတွင်းက လူသားတစ်ပိုင်း နတ်ဆိုးတစ်ပိုင်း မျိုးနွယ်များအပေါ် ညှဉ်းပန်းနှိပ်စက်ခြင်းကို တားမြစ်သည့် ဥပဒေတစ်ခုကို အတိအလင်း ပြဋ္ဌာန်းခဲ့သည်။
ယခုအချိန်တွင် လူသားတစ်ပိုင်း နတ်ဆိုးတစ်ပိုင်းမျိုးနွယ်များအကြောင်း မကောင်းပြောခြင်းသည် အင်ပါယာ၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေခြင်းဖြစ်ပြီး ထောင်ချခံရမည်ဖြစ်သည်။
သေချာပေါက် ဥပဒေက ထိုကဲ့သို့ပင် ဖြစ်သည်။
သို့ရာတွင် အထက်မှ ဆင်းလာသော ဥပဒေများသည် ဒေသတွင်းအဆင့်သို့ ရောက်သောအခါ လွဲချော်သွားလေ့ရှိသည်။
ဒေသတွင်းအဆင့်တွင် အမှန်တကယ် ကြီးမားသော အပြောင်းအလဲများ မရှိသေးပေ။
အထူးသဖြင့် သတင်းအချက်အလက် ရရှိရန် အကန့်အသတ်ရှိသော ကျေးလက်ဒေသများတွင် နေထိုင်သူများအတွက် အရာအားလုံးက ယခင်အတိုင်းပင် ဖြစ်နေဆဲဖြစ်သည်။
သို့သော်လည်း အပြောင်းအလဲဆိုသည်မှာ ကောင်းသောအရာတစ်ခုဖြစ်သည်။
ဤနည်းဖြင့် ဆယ်နှစ် သို့မဟုတ် နှစ်ဆယ်အကြာတွင် လူများ၏ အမြင်များက တဖြည်းဖြည်း ပြောင်းလဲလာလိမ့်မည်ဟု ယုံကြည်ရပေသည်။
စုလီယန်အနေဖြင့် ထိုအရာများကို မခံစားနိုင်တော့သည်သာ ဖြစ်ပေသည်။
သို့သော်လည်း ယခုအခါတွင် စုလီယန်အတွက် အရေးမကြီးတော့ပေ။
အကြောင်းမှာ ယခုအခါ စုလီယန်၌ သူမကို အလွန်ချစ်သော ခင်ပွန်းတစ်ယောက် ရှိနေပြီဖြစ်သောကြောင့်ပင်။
စုလီယန်က သူမသည် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံး အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ခံစားခဲ့ရသည်။
လုယွမ်၏ ရင်ခွင်ထဲတွင် မှီခိုရင်း စုလီယန်က သူမ၏လှပသော မျက်လုံးများကိုဖွင့်ကာ ခင်ပွန်းဖြစ်သူကို အနမ်းအချို့ ထပ်မံပေးရန် ရှေ့သို့မတိုးဘဲ မနေနိုင်တော့ပေ။
ထို့နောက်မှသာ သူမ ကျေနပ်သွားပြီး ပျော်ရွှင်၍ ရှက်သွေးဖြာနေသော အပြုံးလေးဖြင့် ခင်ပွန်းဖြစ်သူ၏ ရင်ခွင်ထဲသို့ ပြန်လည်တိုးဝင်သွားခဲ့သည်။
သို့သော် စုလီယန်က လူတိုင်း၏အမြင်များ အမြန်ဆုံး ပြောင်းလဲသွားနိုင်ရန် မျှော်လင့်နေဆဲဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ...
သူမက ခင်ပွန်းဖြစ်သူအတွက် သားလေးတွေ အများကြီး မွေးပေးချင်နေမိသည်။
စုလီယန်က သူမတို့၏သားလေးကို သူမခံစားခဲ့ရသကဲ့သို့ ခွဲခြားဆက်ဆံခံရခြင်းမျိုး မခံစားစေချင်ပေ။
…
စောစောစီးစီး နံနက်ခင်း။
လုယွမ်သည် အိပ်ရာပေါ်တွင်ထိုင်ရင်း သန်းဝေနေခဲ့သည်။
စုလီယန်က ကြည်နူးပျော်ရွှင်နေသော အမူအရာဖြင့် သူမ၏ခင်ပွန်းကို အဝတ်အစားများ ဝတ်ဆင်ပေးနေသည်။
“အိမ်မှာ နေ့လယ်စာ ကောင်းကောင်းစားနော်... ဒီနေ့ အစ်ကို အသင်းအဖွဲ့ဆီကို သွားလိုက်ဦးမယ်...”
လုယွမ်က သန်းဝေလိုက်သည်။
စုလီယန်က လိမ္မာစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
အမှန်တကယ်တော့ အသင်းအဖွဲ့ဆီသို့ သွားရန် မလိုအပ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ယခုအခါ ရွာ၏ပတ်ဝန်းကျင်တွင် မည်သည့်အကောင်မှ မရှိတော့သောကြောင့်ဖြစ်သည်။
မနေ့ကတည်းက သူတို့အားလုံးကို စုလီယန်က မောင်းထုတ်ပစ်ခဲ့ပြီဖြစ်သည်။
သို့သော်လည်း စုလီယန်က စဉ်းစားကြည့်ပြီးနောက် သူမသည် တာအိုဆရာတစ်ဦးဖြစ်ကြောင်း သူမ၏ခင်ပွန်းကို မပြောပြသင့်ဟု ဆုံးဖြတ်လိုက်သည်။
စုလီယန်က သူမ၏ခင်ပွန်းမှာ ထိုကဲ့သို့သောလူမျိုး မဟုတ်ဟု ခံစားရသော်လည်း။
သို့ရာတွင်... ဤကိစ္စကြောင့် သူမ၏ခင်ပွန်းက သူမကို သဘောမကျတော့မည်ကို စုလီယန်က အနည်းငယ် ကြောက်ရွံ့နေခဲ့သည်။
သူမ၏ မိခင်ကဲ့သို့ပင်။
မိသားစုတွင် စားစရာ လုံးဝမကျန်တော့သော အချိန်တစ်ခုရှိခဲ့ဖူးရာ သူမ၏မိခင်မှာ စားစရာနှင့် လဲလှယ်နိုင်ရန် မိသားစုတစ်စုကို ကူညီပေးရန် မှော်ပညာတစ်ခုကို အသုံးပြုရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။
မှော်ပညာကို အပြည့်အဝ အသုံးမချနိုင်မီ အသေးစား လှည့်ကွက်လေးတစ်ခုကို အသုံးပြုရုံမျှဖြင့် သူမ ပစ်မှတ်ထားခံခဲ့ရပြီးဖြစ်သည်။
မိသားစုထဲမှ တစ်ဦးဦး ခေါင်းကိုက်ဖျားနာဖြစ်လျှင်ပင် သူမ၏မိခင်က သူတို့ကို ဒုက္ခပေးရန် မှော်ပညာများ အသုံးပြုနေသည်ဟု ပြောဆိုကြမည်ဖြစ်သည်။
ထို့ထက်ပို၍...
တစ်ကြိမ်တွင် သူမ၏ မိဘများ ငြင်းခုံကြရာ စကားမဆင်ခြင်သော သူမ၏ဖခင်က သူမ၏မိခင်သည် သူ့ကို ဒုက္ခပေးမည့်အရာတစ်ခုခု လုပ်မည်ကို ကြောက်ရွံ့ကြောင်း ရုတ်တရက် ထုတ်ပြောခဲ့သည်။
ရလဒ်အနေဖြင့် သူမ၏မိခင်ကို အလွန်ဒေါသထွက်စေခဲ့ရာ မိခင်ဖြစ်သူသည် သုံးရက်တိုင်တိုင် အစာမစားဘဲ အိမ်ထဲတွင် သုံးရက်ဆက်တိုက် ငိုကြွေးနေခဲ့တော့သည်။
မည်သို့ပင်ဖြစ်စေ အနာဂတ်တွင် တာအိုဆရာသခင်တစ်ဦး၏ လမ်းစဉ်ကို လိုက်နာတော့မည်မဟုတ်ကြောင်း စုလီယန်က သူမကိုယ်သူမ တွေးလိုက်သည်။
သူမ၏ဘဝသည် သာမန်မိသားစုမှ အခြားမိန်းကလေးများကဲ့သို့ပင် သူမ၏ခင်ပွန်းနှင့်အတူနေထိုင်ပြီး သူ့ကို ပြုစုစောင့်ရှောက်ရန်သာဖြစ်သည်ဟု သူမက ပြောခဲ့သည်။
ထို့ကြောင့် ခင်ပွန်းဖြစ်သူ စိတ်အနှောင့်အယှက်ဖြစ်မည်ကို ရှောင်ရှားရန် တာအိုဆရာသခင်၏ ကိစ္စများကို သူမက ထပ်မပြောတော့ပေ။
ဤဖြစ်ရပ်ပြီးနောက် အရာအားလုံး အဆင်ပြေသွားခဲ့ပြီး ထိုအချိန်မှစ၍ သူတို့နှစ်ဦး ရွာထဲတွင် ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ စုလီယန်က ထိုသို့တွေးခဲ့သည်။
စုလီယန်က လုယွမ်အား အဝတ်အစားများ ဝတ်ဆင်ပေးပြီးနောက် ခင်ပွန်းဖြစ်သူကို ဖိနပ်စီးပေးရန် ဒူးထောက်လိုက်သည်။
အဒေါ်လီ ဝင်လာပြီး သူမရှေ့ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ စကားပင်မပြောနိုင်အောင် ဖြစ်သွားခဲ့သည်။
*မဟုတ်သေးပါဘူးလေ...ငါ့ကို နွားတစ်ကောင်လို ဆက်ဆံနေကြတာပဲ…*
ထို့နောက် သူမက ပြောလိုက်သည်။
“ကိုယ့်ဖာသာ အဝတ်အစားတောင် မဝတ်နိုင်တော့ဘူးလား...”
အခန်း (၁၄) လူပဲဖြစ်ဖြစ် တစ္ဆေပဲဖြစ်ဖြစ် အားလုံးက အသင်းအဖွဲ့ရဲ့ စီမံအုပ်ချုပ်မှုအောက်မှာပဲ ရှိသည်
အဒေါ်လီက အမှန်တကယ်ပင် ဒေါသထွက်နေခဲ့သည်။
*ဘုရားရေ…*
မြို့ပေါ်ရှိ သူဌေးမိသားစုမှ အစေခံမိန်းကလေးတစ်ဦးဆိုလျှင်တောင် ဤကဲ့သို့ ဆက်ဆံခံရမည် မဟုတ်ပေ။
*နင့်ကိုယ်နင် အသက်ကြီးကြီး အဘိုးကြီးတစ်ယောက်လို့ ထင်နေတာလား…*
*ဟမ့်*
သူ့မိသားစုက အလွန်ဆင်းရဲနွမ်းပါးသော်လည်း ဇနီးတစ်ယောက်ရလာပြီးနောက် ရုတ်တရက် အဆင့်အတန်းမြင့်မားသူတစ်ယောက် ဖြစ်လာခဲ့ချေပြီ။
*နင် ဘယ်လောက်တောင် ကောင်းကောင်းမွန်မွန် ပြုစုခံနေရသလဲဆိုတာ ကြည့်စမ်း…*
*နင့် မျက်နှာကိုတောင် ကိုယ့်ဖာသာ မသစ်တာက ပိုကောင်းလိမ့်မယ်... စုလီယန်ကိုပဲ သစ်ပေးခိုင်းလိုက်တော့…*
“ဟင်...”
“အဒေါ်လီ ဘာလို့ ဒီလောက်စောစောစီးစီး ရောက်လာတာလဲ...”
လုယွမ်အား ဖိနပ်စီးပေးပြီးနောက် စုလီယန်က မတ်တတ်ရပ်လိုက်ရာ သူမ၏နောက်တွင်ရပ်နေသော အဒေါ်လီကို မြင်လိုက်ရသည်။
စုလီယန်က အဒေါ်လီကို အတော်လေး ကျေးဇူးတင်နေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ မနေ့က အခြားသူများအားလုံး သူမ၏ခင်ပွန်းအကြောင်း မကောင်းပြောနေကြသော်လည်း အဒေါ်လီက သူ့အတွက် ကောင်းမွန်သော စကားအချို့ ပြောပေးခဲ့သောကြောင့်ဖြစ်သည်။
ယမန်နေ့ညကလည်း စုလီယန်က ဤကိစ္စနှင့်ပတ်သက်၍ သူမ၏ခင်ပွန်းအား မေးမြန်းခဲ့သေးသည်။
သူမခင်ပွန်း၏ အဖြေမှာ သူသည် လူကောင်းတစ်ယောက် မဟုတ်သလို လူဆိုးတစ်ယောက်လည်း မဟုတ်ကြောင်းပင်။
သာမန်လူတစ်ယောက်သာ ဖြစ်ပေသည်။
များသောအားဖြင့် အသေးအဖွဲကိစ္စလေးများတွင် အခွင့်အရေးယူရန်သာ တွေးတောတတ်ပြီး အခြားမည်သည့်အရာမျှ မရှိပေ။
အဒေါ်လီက အိပ်ရာပေါ်တွင် တည်ငြိမ်စွာထိုင်နေသော လုယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ဒေါသတကြီး စိုက်မကြည့်ဘဲ မနေနိုင်တော့ပေ။
ထို့နောက် သူမက ပြောလိုက်သည်။
“ဟေ့ လီယန် ဒီနေ့ည အိမ်မှာ ညစာ မချက်နဲ့တော့...”
“ရွာသူကြီးရဲ့ မိသားစုက ဒီနေ့ ပွဲခံမှာမို့လို့ ဒီည အဲ့နေရာမှာပဲ သွားစားကြမယ်...”
အဒေါ်လီ၏ စကားကို ကြားလိုက်ရသောအခါ လုယွမ်က မျက်လုံးများကို ဖွင့်လိုက်ပြီး အနည်းငယ် ထူးဆန်းစွာဖြင့် မေးလိုက်သည်။
“ဘာလို့ အဲ့ကပ်စေးနဲ အဘိုးကြီးက ရုတ်တရက် ပွဲခံဖို့ စီစဉ်နေရတာလဲ... ဘာသတင်းကောင်းတွေ ရှိလို့လဲ...”
အဒေါ်လီက နှုတ်ခမ်းကို တွန့်လိုက်ပြီး ပြောလိုက်သည်။
“သူ့ရဲ့ တတိယသားက မြို့ထဲမှာ အလုပ်ကောင်းကောင်းတစ်ခု ရသွားလို့ပေါ့... အခုကစပြီး သူ့ရဲ့ တတိယသားက ဒီဒေသကို တာဝန်ယူရတော့မှာလေ...”
အဒေါ်လီ၏ စကားကို ကြားလိုက်ရသောအခါ လုယွမ်က အံ့ဩသွားသောအမူအရာဖြင့် ပြောလိုက်သည်။
“အဲ့လိုစရိုက်မျိုးရှိတဲ့သူက ဘယ်လိုလုပ်ပြီး တာဝန်ခံဖြစ်လာနိုင်ရတာလဲ...”
လုယွမ်၏ စကားကြောင့် အဒေါ်လီက မျက်လုံးလှန်မကြည့်ဘဲ မနေနိုင်တော့ပေ။
*နင်တောင် စုလီယန်လို အမျိုးသမီးမျိုးကို လက်ထပ်ခွင့်ရတာ ကံကောင်းလွန်းလို့ပါ...*
ကျိန်းသေပေါက် အဒေါ်လီက ဤစကားများကို တိုက်ရိုက်ပြောရန် မရဲခဲ့ပေ။
လွန်ခဲ့သည့် နှစ်ရက်အတွင်း စောင့်ကြည့်ပြီးနောက် လုယွမ်သည် အလွန်ဆိုးရွားသောသူ တစ်ယောက်ဖြစ်ကြောင်း သူမ နားလည်လာခဲ့သည်။
ခေတ္တမျှ အဒေါ်လီက လုယွမ်အား စိတ်အနှောင့်အယှက်ပေးရန် တွန့်ဆုတ်နေခဲ့သည်။
သူမက မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်သည်။
“သူ့မိသားစုက မြို့ထဲမှာ အဆက်အသွယ်တွေ ရှိတယ်လေ... အဲ့လိုမှမဟုတ်ရင် သူတို့က ခုချိန်ထိ ဘယ်လိုလုပ်ပြီး ရွာသူကြီး ဖြစ်လာနိုင်မှာလဲ...”
ထို့နောက် အဒေါ်လီက လက်ယမ်းပြလိုက်ပြီး ပြောလိုက်သည်။
“ကောင်းပြီ... ငါ နင်တို့ကို ထပ်မပြောတော့ဘူး... တခြားသူတွေကိုလည်း သွားပြောရဦးမယ်... ဘာပဲဖြစ်ဖြစ် ဒီနေ့ည ရွာသူကြီးအိမ်မှာ ပွဲခံမှာဆိုတော့ အသားတွေ အများကြီးရှိလိမ့်မယ်...”
ထိုသို့ပြောပြီးနောက် အဒေါ်လီက ထွက်ခွာသွားခဲ့သည်။
လုယွမ်က စကားများများစားစား မပြောတော့ပေ။ အဝတ်အစားများ ဝတ်ဆင်ပြီးနောက် အိမ်တွင် စားသောက်ရန်ပင် ဂရုမစိုက်တော့ဘဲ တံခါးအပြင်သို့ တိုက်ရိုက် ထွက်သွားခဲ့သည်။
အသင်းအဖွဲ့သည် ရှီကဲရွာမှ သိပ်မဝေးလှပေ။
သို့သော်လည်း ဤကဲ့သို့သော ပြဿနာများကို ဖြေရှင်းရန် နေ့စဉ်နှင့်အမျှ လူအများအပြားက အသင်းအဖွဲ့ဆီသို့ သွားရောက်ကြသောကြောင့် ကြိုတင်၍ တန်းစီထားရန် လိုအပ်ပေသည်။
ယမန်နေ့ကကဲ့သို့ပင် လုယွမ်က မြို့ထဲသို့သွားကာ အစားအသောက်အချို့ ဝယ်ယူပြီး မြင်းလှည်းတစ်စီးကိုရှာ၍ အသင်းအဖွဲ့ဆီသို့ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။
အသင်းအဖွဲ့ဟု ခေါ်ဆိုသောနေရာ။
လုယွမ်၏ စကားအရပြောရလျှင် ၎င်းမှာ ကျေးလက်ဒေသရှိ ဒေသခံအာဏာရှင်တစ်ဦးနှင့် တူပေသည်။
ဤကမ္ဘာလောကနှင့် သာမန်ရှေးဟောင်းခေတ်ကာလများကြား ကွာခြားချက်မှာ ထူးဆန်းအံ့ဩဖွယ်ရာများ ပျံ့နှံ့နေခြင်း တစ်ခုတည်းမဟုတ်ပေ။
အခြားသော အထူးခြားဆုံးအရာတစ်ခုလည်း ရှိနေသေးသည်။
၎င်းတို့မှာ ဝိညာဉ်ကျောက်တုံးများပင် ဖြစ်လေသည်။
မှန်ပေသည်။ ၎င်းမှာ ကျင့်ကြံခြင်းလောကရှိ ကျင့်ကြံသူများက သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန် အသုံးပြုနိုင်သော ထိပ်တန်းရတနာများနှင့် ဆင်တူပေသည်။
ဤကမ္ဘာလောကတွင် ဝိညာဉ်ကျောက်တုံးများသည် လေနှင့် ရေကဲ့သို့ပင် အလွန်အရေးပါလှသည်။
ပထမဦးစွာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများသည် စွမ်းအင်အရင်းအမြစ်များ ဖြစ်ကြသည်။
ရှန်းလင်းအင်ပါယာတွင် အခြေခံ စက်မှုလုပ်ငန်း အခြေခံအဆောက်အအုံများ ရှိပေသည်။
ရှန်းလင်းအင်ပါယာတွင် ပုံသွင်းစက်များပင် ရှိနေခဲ့သည်။
သို့ရာတွင် ၎င်းတို့အားလုံးမှာ အလွန်အခြေခံကျပြီး ရိုးရှင်းသောအရာများကိုသာ ထုတ်လုပ်နိုင်သည့် အစောပိုင်းပုံသွင်းစက်များသာ ဖြစ်ကြသည်။
ဥပမာအားဖြင့် အနီရောင်အမြောက်နှင့် မီးပေါက်သေနတ်တို့ပင်ဖြစ်သည်။
၎င်းတို့အနက် အရေးအကြီးဆုံးမှာ သံချပ်ကာအင်္ကျီများကို ထုတ်လုပ်နိုင်စွမ်းပင်ဖြစ်သည်။
ရှေးခေတ်ကာလတွင် သံချပ်ကာအင်္ကျီ၏ တန်ဖိုးကို အထူးပြောနေစရာပင် မလိုတော့ချေ။
ရှေးခေတ်ကာလများတွင် အိမ်၌ ဓားများနှင့် လှံများရှိနေခြင်းမှာ ကြီးမားသော ပြဿနာမဟုတ်သော်လည်း သံချပ်ကာအင်္ကျီတစ်စုံကို လျှို့ဝှက်စွာ ပိုင်ဆိုင်ထားခြင်းက အဘယ်ကြောင့် သေဒဏ်ပေးခံရနိုင်သော ပြစ်မှုကြီးတစ်ခု ဖြစ်နေရသနည်း။
အကြောင်းရင်းမှာ သံချပ်ကာအင်္ကျီ ဆယ်စုံသည် လူရာပေါင်းများစွာပါဝင်သော တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းနိုင်သောကြောင့်ပင်။
အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကို အင်ပါယာ၏ တပ်မတော်အတွက် သံချပ်ကာအင်္ကျီများ ထုတ်လုပ်ရာတွင် အဓိကအားဖြင့် အသုံးပြုကြသည်။
အဆင့် (၁) ဝိညာဉ်ကျောက်တုံးများကို နေ့စဉ်သုံးပစ္စည်းများ ပြုလုပ်ရာတွင် အသုံးပြုကြသည်။
ဥပမာအားဖြင့် ရေနွေးဗူးများ၊ မျက်နှာသစ်ဇလုံများ၊ လက်ဖက်ရည်ခွက်များနှင့် အခြားအရာများပင် ဖြစ်သည်။
အဆင့်မြင့်နှင့် အဆင့် (၁) ဝိညာဉ်ကျောက်တုံးများသည် စွမ်းအင်အရင်းအမြစ်များ ဖြစ်ကြသည်။
အဆင့် (၂) ဝိညာဉ်ကျောက်တုံးများကို လက်နက်များနှင့် သံချပ်ကာအင်္ကျီများ သွန်းလုပ်ရန် အသုံးပြုနိုင်သည်။
အဆင့် (၂) ဝိညာဉ်ကျောက်တုံးများနှင့် သွန်းလုပ်ထားသော လက်နက်များနှင့် ပစ္စည်းကိရိယာများသည် အထူးသဖြင့် မိစ္ဆာများနှင့် အခြားသော မကောင်းဆိုးဝါးဝိညာဉ်များကို တိုက်ခိုက်ရာတွင် များစွာပို၍ အစွမ်းထက်ပေလိမ့်မည်။
အဆင့် (၂) ဝိညာဉ်ကျောက်တုံးများကို ကုန်ကြမ်းပစ္စည်းများအဖြစ် သတ်မှတ်ကြသည်။
၎င်းသည် လက်နက်များနှင့် သံချပ်ကာများအတွက်သာ ကန့်သတ်ထားခြင်းမဟုတ်ဘဲ မည်သည့်လုပ်ငန်းတွင်မဆို အဆင့် (၂) ဝိညာဉ်ကျောက်တုံး အနည်းငယ် ထည့်သွင်းလိုက်ခြင်းက ပို၍ကောင်းမွန်လာစေမည်ဖြစ်သည်။
အဆင့် (၃) ဝိညာဉ်ကျောက်တုံးများကို စားသုံးနိုင်သည်။
ချမ်းသာကြွယ်ဝသူအချို့က အဆင့် (၃) ဝိညာဉ်ကျောက်တုံးများကို စားသုံးခြင်းသည် အသက်ရှည်စေပြီး သူတို့၏ ရုပ်ဆင်းသဏ္ဌာန်ကို ပိုမိုကောင်းမွန်လာစေနိုင်သည်ဟု ယုံကြည်ကြသည်။
မှော်ပညာများကို တတ်ကျွမ်းသော လူအချို့အတွက် အဆင့် (၃) ဝိညာဉ်ကျောက်တုံးများကို စားသုံးခြင်းက သူတို့၏ စွမ်းအားကို များစွာ တိုးတက်လာစေနိုင်သည်။
နောက်ဆုံးဖြစ်သော အဆင့် (၄) ဝိညာဉ်ကျောက်တုံးများကို အသေးစား ပစ္စည်းလေးများ ဖန်တီးရာတွင် အသုံးပြုနိုင်သည်။
ဥပမာအားဖြင့်... မီးအိမ်ပင် ဖြစ်သည်။
သို့ရာတွင် အဆင့် (၄) ဝိညာဉ်ကျောက်တုံးများဖြင့် ပြုလုပ်ထားသော မီးအိမ်သည် သိပ်မလင်းလှဘဲ ဝပ် (၃၀) သို့မဟုတ် (၄၀) ခန့်ရှိသော မီးသီးတစ်လုံးနှင့် အတူတူပင်ဖြစ်သည်။
ထိုသို့ဖြစ်နေလျှင်ပင် ၎င်းတို့ကို ချမ်းသာကြွယ်ဝသူများအတွက် ပစ္စည်းကောင်းများအဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။
တိုင်နင်းမြို့ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။ ပြည်နယ်မြို့တော်တွင်ပင် ဝိညာဉ်မီးအိမ်များကို တတ်နိုင်သူ များများစားစား မရှိလှပေ။
ဝိညာဉ်ကျောက်တုံးများသည် ဤကမ္ဘာလောကရှိ အရာအားလုံးကို ကိုယ်စားပြုသည်ဟု ဆိုနိုင်ပေသည်။
ဝိညာဉ်ကျောက်တုံးများသည် ကမ္ဘာမြေ ပေါ်ရှိ ကျောက်မီးသွေးမိုင်းများနှင့် တူပေသည်။
၎င်းတို့အားလုံးမှာ မြေအောက် သို့မဟုတ် တောင်တန်းများတွင် ရှိကြသည်။
ဥပမာအားဖြင့် ကြီးမားသော ဝိညာဉ်ကျောက်တုံးမိုင်းများကို အင်ပါယာနန်းတော်၏ ဆောက်လုပ်ရေးဝန်ကြီးဌာနက တူးဖော်ခဲ့ကြသည်။
အခြားနေရာများရှိ သေးငယ်သော ဝိညာဉ်ကျောက်တုံးမိုင်းများတွင်တော့ လူထိုမျှလောက် မများလှပေ။
ထို့နောက် တူးဖော်ရေးလုပ်ငန်းများမှာ ဒေသဆိုင်ရာ အာဏာပိုင်များ၏ တာဝန်ဖြစ်လာခဲ့သည်။
နောက်ဆုံးတွင် အင်ပါယာနန်းတော်က တစ်စုတစ်စည်းတည်း ဝယ်ယူခဲ့လေသည်။
ထို့အပြင် ဤနေရာ၌ အသင်းအဖွဲ့တစ်ခု ရှိနေခဲ့သည်။
အသင်းအဖွဲ့တစ်ခုကို စတင်တည်ထောင်နိုင်စွမ်းရှိသူများမှာ မည်သူတွေနည်း။
သူတို့အားလုံးမှာ ဒေသခံ သူဌေးများနှင့် ထင်ရှားသော မိသားစုများ ဖြစ်ကြသည်။
ဤသူများသည် တိုင်နင်းမြို့၏ ခရိုင်ဝန်ပင်လျှင် မျက်နှာသာပေးရမည့် လူများဖြစ်ကြသည်။
ဝိညာဉ်ကျောက်တုံးများဆိုသည်မှာ အသက်ရှင်နေသူများ သာမက သေဆုံးသွားသူများကပါ သဘောကျသော အရာတစ်ခု ဖြစ်ပေသည်။
ရှင်းကျီသည် ဤကဲ့သို့သောအရာမျိုးကို အနှစ်သက်ဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ကျောက်တုံးများသည် ရှင်းကျီ၏ ကျင့်ကြံခြင်းအဆင့်ကိုပါ မြှင့်တင်ပေးနိုင်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် အသင်းအဖွဲ့ကို စီမံခန့်ခွဲရန် တာဝန်ရှိသူများ သဘာဝကျကျ ရှိနေခဲ့ခြင်းဖြစ်သည်။
သို့မဟုတ်ပါက သင်သည် ဤဝိညာဉ်ကျောက်တုံးများကို တူးဖော်နိုင်မည်ပင် မဟုတ်ချေ။ ရှင်းကျီက သင့်ကို အစောကြီးကတည်းက သတ်ပစ်ခဲ့လောက်ပြီဖြစ်သည်။
(ရှင်းကျီက တစ်ဦးတည်းနာမည်မဟုတ်ပါဘူး။ မှင်စာတစ္ဆေတွေကိုပြောတာပါ)
ဤအသင်းအဖွဲ့များတွင် မြို့တိုင်း၌ ရွာတစ်ရွာစီရှိပြီး ရိုးရိုးရှင်းရှင်းပြောရလျှင် အသင်းအဖွဲ့များကြား ချိတ်ဆက်ပေးသော စခန်းတစ်ခုအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
ဝိညာဉ်ကျောက်တုံးများကို တူးဖော်ရရှိသည်နှင့် ကျေးလက်ဒေသများမှ ပြည်နယ်မြို့တော်သို့ သယ်ယူပို့ဆောင်ရန် လိုအပ်ပေသည်။
ဤခြံဝင်းများကို အသင်းအဖွဲ့ ကုန်သည်ယာဉ်တန်းများအတွက် နားနေစခန်းများအဖြစ် အသုံးပြုခဲ့ကြသည်။
စခန်းများတွင် ခရီးသွားလာသူများကို စီမံခန့်ခွဲရန် တာဝန်ရှိသူကို ကိုယ်စားလှယ်ဟု ခေါ်ဆိုကြသည်။
သူတို့သည် များသောအားဖြင့် စံအိမ်တွင် အနားယူကြပြီး ဝိညာဉ်ကျောက်တုံးများကို စောင့်ရှောက်ကြသည်။
ဝိညာဉ်ကျောက်တုံးများ သယ်ယူပို့ဆောင်ရေး ယာဉ်တန်းသည် နေ့စဉ် ရောက်လာလေ့မရှိဘဲ ဆယ်ရက် သို့မဟုတ် လဝက်လျှင် တစ်ကြိမ်သာ ရောက်လာတတ်ပေသည်။
သူတို့၏ အားလပ်ချိန်များတွင် ဤရွာများရှိ ကိုယ်စားလှယ်များသည် ပတ်ဝန်းကျင်ရှိလူများ၏ ခရီးသွားလာရေး ပြဿနာများကို ကူညီဖြေရှင်းပေးရန်လည်း ထွက်လာတတ်ကြသည်။
ကျိန်စာသင့်ခံရခြင်း သို့မဟုတ် မကောင်းဆိုးဝါးဝိညာဉ်များ ပူးကပ်ခံရသော မည်သည့်အိမ်ကိုမဆို သူတို့က တာဝန်ယူဖြေရှင်းပေးကြလိမ့်မည်။
သူတို့က စေတနာကောင်း၍ မဟုတ်ဘဲ ဤသည်မှာ အင်ပါယာနန်းတော်က ချမှတ်ထားသော စည်းမျဉ်းတစ်ခုသာ ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ရှေးခေတ်ကာလသည် ခေတ်သစ်ကာလနှင့်မတူဘဲ အိမ်တွင် တစ်စုံတစ်ရာဖြစ်ပွားပါက ဖုန်းတစ်ချက်ဆက်လိုက်ရုံဖြင့် တာဝန်ရှိသူတစ်ဦးက ချက်ချင်း ကားမောင်းလာမည် မဟုတ်ပေ။
ဤနေရာတွင် ကိစ္စများက ရှုပ်ထွေးလာတော့သည်။
ပြည်သူများကို ကာကွယ်ရန် အစိုးရအရာရှိများကိုသာ အလုံးစုံ မှီခိုအားထားမည်ဆိုလျှင် လူမည်မျှ လိုအပ်မည်နည်း။
ထို့ကြောင့် အင်ပါယာနန်းတော်က ဤကိစ္စများကို အသင်းအဖွဲ့များထံ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အမှန်တကယ်တော့ ဤကျေးလက်ဒေသများတွင် သူတို့သည် တစ္ဆေဇာတ်လမ်းများနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ လူသားများနှင့်ပတ်သက်သော ကိစ္စများကိုပါ ဂရုစိုက်ကြသည်။
ဥပမာအားဖြင့် ရွာသူကြီး၏ တတိယသား မိသားစုရှိ ဘဏ္ဍာစိုးနေရာသည် အသင်းအဖွဲ့အတွင်းရှိ ရာထူးတစ်ခုပင် ဖြစ်သည်။
ဝန်ထမ်းများက တာဝန်ယူကြသည်။
ဤသည်မှာ လူတစ်ဦးတစ်ယောက် ဒဏ်ရာရရှိခြင်း သို့မဟုတ် အခြားသူတစ်ဦးကို သတ်ဖြတ်မိသည်အထိ ကြီးထွားလာသော မိသားစုရန်ပွဲများပင် ဖြစ်သည်။
သို့မဟုတ်ပါက တစ်စုံတစ်ယောက်က ငွေကြွေးတင်နေပြီး ပြန်မဆပ်သည့် ကိစ္စမျိုးလည်း ဖြစ်နိုင်သည်။
ထိုကဲ့သို့သော ကိစ္စများအတွက် တိုင်နင်းမြို့ အစိုးရရုံးအထိ သွားရောက်ရန် မလိုအပ်တော့ဘဲ ဒေသခံ တာဝန်ရှိသူများက တိုက်ရိုက် ဖြေရှင်းနိုင်ပေသည်။
အတိုချုပ်ပြောရလျှင်...
ကျေးလက်ဒေသတွင် သင်သည် လူပဲဖြစ်ဖြစ် တစ္ဆေပဲဖြစ်ဖြစ် အသင်းအဖွဲ့က သင့်အပေါ် စီမံအုပ်ချုပ်ခွင့် ရှိလေသည်။