← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

119

စိတ်လှုပ်ရှားသွားသော်လည်း စုဟယ် မိမိကိုယ်ကိုယ် ပြန်ထိန်းထားဆဲ ဖြစ်သည်။ ဤကိစ္စမှာ သေချာစဉ်းစားရန် လိုအပ်သေးသဖြင့် စုဟယ် စကားချန်ကာ ပြောဆိုလိုက်၏။

"ကျွန်မ ဒီကိစ္စကို သေချာလေး စဉ်းစားဖို့ လိုပါသေးတယ်၊ မနက်ဖြန်ကျမှ အဖြေပြန်ပေးလို့ ရမလားရှင်"

ပျန်းကျူနှင့် ဖုယန်တို့မှာ ကန့်ကွက်ခြင်း မရှိကြပေ။ 'မောင်းမနှစ်ဖော်၏ ဒဏ္ဍာရီ' ကို ယုံကျန်းမြစ်အောက်ရှိ ခရိုင်မြို့လေးတစ်မြို့တွင် တည်ရှိသော ဆင်မင်းရုပ်ရှင်မြို့တော် ၌ ရိုက်ကူးနေခြင်း ဖြစ်သည်။ ထိုနေရာသို့ ကားမောင်းသွားလျှင် (၂) နာရီပင် မပြည့်သဖြင့် အလွန်နီးကပ်သည်ဟု ဆိုနိုင်သည်။ သူတို့နှစ်ဦးသည် ယုံကျန်းမြို့ထဲတွင် သင့်တော်သော တိရစ္ဆာန်သရုပ်ဆောင်များကို ရှာဖွေတွေ့ရှိထားပုံရသဖြင့် ယုံကျန်းမြို့သို့ လူကိုယ်တိုင် လာရောက်ရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်၏။ သို့မဟုတ်ပါက ဇာတ်ညွှန်းရေးဆရာတစ်ဦးနှင့် လက်ထောက် သရုပ်ဆောင်ရွေးချယ်ရေး ဒါရိုက်တာတစ်ဦးတို့သည် တိရစ္ဆာန်သရုပ်ဆောင် ရွေးချယ်ရန်အတွက် ဤမျှအထိ အလုပ်ရှုပ်ခံနေစရာ မလိုပေ၊ ၎င်းမှာ အဓိကမင်းသမီးကို ရွေးချယ်သကဲ့သို့ အရေးမကြီးလှသောကြောင့် ဖြစ်သည်။

အစ်မဖြစ်သူနှင့် ညီမဖြစ်သူတို့ ငြင်းခုံကြသည့် အထွတ်အထိပ်အခန်းမှာ ရိုက်ကူးရန် အလွန်ခက်ခဲနေခဲ့သည်။ ဒါရိုက်တာကုန်းမှာ အခြားအခန်းသစ်များကို ပြောင်းလဲရိုက်ကူးနေသော်လည်း ရိုက်ကွင်းမှ အခြေအနေမှာမူ အတော်လေး ဖိအားများနေဆဲ ဖြစ်၏။ ဖုယန်သည် လက်ထောက် သရုပ်ဆောင်ရွေးချယ်ရေး ဒါရိုက်တာ အဖြစ်တာဝန်ယူထားခဲ့သည်။ သင့်တော်သော တိရစ္ဆာန်သရုပ်ဆောင် မတွေ့သေးသရွေ့ သူသည် ထိုဖိအားများလှသော လေထုရှိသည့် ရိုက်ကွင်းသို့ စောစောစီးစီး မပြန်ချင်သေးပေ။ ပျန်းကျူမှာလည်း စိတ်မသက်မသာ ဖြစ်နေရသည်။ အမှန်တကယ်တော့ ခုနက စုဟယ်နှင့် စကားပြောနေစဉ် ဖုယန်သာ ကြားဖြတ်မတားခဲ့လျှင်ပင် သူသည် 'မောင်းမနှစ်ဖော်၏ ဒဏ္ဍာရီ' အတွက် ရှင်းလင်းသော ဇာတ်သိမ်းကို ပေးနိုင်ဦးမည်မဟုတ်ပေ။

သူ၏ မူလစိတ်ကူးအရ 'မောင်းမနှစ်ဖော်၏ ဒဏ္ဍာရီ' ၏ ဇာတ်သိမ်းတွင် အစ်မဖြစ်သူ နန်ကုန်းချင်လွမ်းသည် ညီမဖြစ်သူ နန်ကုန်းကျီယန်အပေါ် လုံးဝ သတိမထားဘဲ ယုံကြည်နေခဲ့သည်။ ကျီယန်သည် ဧကရာဇ်၏ လှည့်ဖြားမှုကို ခံရကာ သူမ၏နှလုံးသားကို ပုံအပ်ခဲ့ပြီး အစ်မဖြစ်သူကို အချစ်ပြိုင်ဘက်အဖြစ် သတ်မှတ်ကာ အခြားမိဖုရားများနှင့် ပေါင်းပြီး အစ်မကို အအေးနန်းဆောင် ထဲသို့ အကျဉ်းချခဲ့၏။ နန်ကုန်းကျီယန်သည် သူမ၏အစ်မကို ဧကရာဇ် မျက်နှာသာပေးမှုအတွက် သူမနှင့် မယှဉ်ပြိုင်စေချင်ရုံသာ ဖြစ်သော်လည်း မမျှော်လင့်ဘဲ သူမသည် မကောင်းမှု၏ လက်ပါးစေ ဖြစ်သွားခဲ့ရကာ အစ်မဖြစ်သူ နန်ကုန်းချင်လွမ်းမှာ အအေးနန်းဆောင်ထဲတွင် ကွယ်လွန်သွားခဲ့ရသည်။ အစ်မဖြစ်သူ သေဆုံးသွားပြီးနောက် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကြောင့် ကျီယန်သည် သူမ၏ ကြီးလေးသောအမှားကို နားလည်သွားခဲ့ပြီး အစ်မအတွက် လက်စားချေရန်နှင့် မိသားစုဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်ရန် ဆုံးဖြတ်ခဲ့၏။

သို့သော် ပျန်းကျူနှင့် ဒါရိုက်တာကုန်းတို့သည် ဤဇာတ်သိမ်းကို သဘောမကျကြပေ။ နန်ကုန်းချင်လွမ်းကဲ့သို့ ဉာဏ်ကောင်းသူတစ်ဦးမှာ သူမအပေါ် ညီမဖြစ်သူ အကောက်ကြံမည်ကို အမှန်တကယ်ပဲ ကြိုတင်မမြင်နိုင်ဘဲ နေပါ့မလား။ ထို့ပြင် နန်ကုန်းကျီယန်မှာလည်း အချစ်အတွက်ကြောင့်နှင့် မိသားစုသံယောဇဉ်ကို လုံးဝ စွန့်လွှတ်နိုင်ပါ့မလား။ ပျန်းကျူသည် ဇာတ်လမ်း၏ နောက်ဆုံးဦးတည်ချက်ကို မဆုံးဖြတ်နိုင်သေးသောကြောင့် ရုပ်ရှင်မြို့တော်မှထွက်ကာ သရုပ်ဆောင်ရှာဖွေမည့် ဖုယန်နှင့်အတူ ဟဲယဲ့တည်းခိုခန်းသို့ လိုက်လာခဲ့ခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်အသစ်တစ်ခုကို ပြောင်းလဲလိုက်ခြင်းမှာ စိတ်ကူးသစ်များကို လှုံ့ဆော်ပေးနိုင်လိမ့်မည်ဟု သူ ခံစားရပြီး သင့်တော်သော တိရစ္ဆာန်သရုပ်ဆောင်ကို တွေ့လိုက်ရခြင်းမှာလည်း စိတ်ကူးသစ်များကို ဖြစ်ပေါ်စေနိုင်လိမ့်မည်ဟု သူ မျှော်လင့်နေ၏။ ဖုယန်နှင့် ပျန်းကျူတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ပြောလိုက်သည်။

"ဒါဆိုရင် သူဌေးမလေး ခင်ဗျားရဲ့ တည်းခိုခန်းမှာ အခန်းလွတ်ရှိသေးလားဗျာ၊ ကျွန်တော်တို့ နှစ်ယောက် ဒီည ဒီမှာပဲ တည်းပါ့မယ်၊ မနက်ဖြန်မနက်ကျရင်တော့ အဖြေတစ်ခု ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ဧည့်သည် လာတည်းမည်ဆိုသဖြင့် စုဟယ်မှာ သဘာဝအတိုင်းပင် ကန့်ကွက်စရာ မရှိပေ။ သူမသည် အ‌ရှေ့ကောင်တာသို့ သွားကာ အခန်းလွတ်ရှိမရှိ စစ်ဆေးရန် ကွန်ပျူတာကို ဖွင့်လိုက်သည်။

"ဆရာတို့နှစ်ယောက် ဘယ်လိုအခန်းမျိုး လိုချင်ပါသလဲရှင်၊ တစ်ယောက်ခန်းလား၊ နှစ်ယောက်ခန်းလား"

ဖုယန် အနည်းငယ်ပူနေသောသူ့ဗိုက်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

"တစ်ယောက်ခန်းတွေပဲ ပေးပါဗျာ၊ ကျွန်တော်ကဟောက်တတ်တော့ ဆရာပျန်းကို အနှောင့်အယှက်ဖြစ်နေမှာစိုးလို့ပါ"

စုဟယ် အခန်းများကို စစ်ဆေးနေရင်း သူတို့နှစ်ဦးကို ကြော်ငြာဝင်လိုက်သည်။

"ဒါကတော့ စိတ်ချလို့ရပါတယ်ရှင်၊ ကျွန်မတို့ တည်းခိုခန်းက ကုတင်တွေကို လူသားတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့အညီ အထူးပြုလုပ်ထားတာပါ၊ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေရုံတင်မကဘဲ ဟောက်တာကိုလည်း တားဆီးပေးနိုင်ပါတယ်"

ဖုယန်မှာ ခပ်ပြုံးပြုံးနှင့်ပင် သူ၏ ဝတုတ်တုတ် မျက်နှာထားမှာအလွန်ခင်မင်စရာ ကောင်းလှသော်လည်း စုဟယ်၏ စကားကိုတော့ ပြန်မဖြေခဲ့ပေ။ သူ့အမူအရာကို ကြည့်ရုံနှင့်ပင် ဟဲယဲ့တည်းခိုခန်းတွင် ဤကဲ့သို့ အံ့ဖွယ်ကုတင်များရှိသည်ကို သူ သိပ်မယုံကြည်ကြောင်း စုဟယ် သိလိုက်သည်။ စုဟယ်လည်း ဆက်ပြီးကြော်ငြာမနေတော့ပေ။ အခန်းထဲရောက်သွားသည်နှင့် အိပ်စက်နေသောမင်းသမီးလေးရဲ့ ကုတင်မွေ့ရာ၏အံ့ဖွယ်ကောင်းပုံကို သူတို့ အလိုလိုသိသွားကြလိမ့်မည်။ ဖုယန် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ၏အမည်ကို ပေးလိုက်သည်။

"သူဌေးမလေး၊ ကျွန်တော်တို့အတွက် ပြေစာလေးထုတ်ပေးဖို့ မမေ့နဲ့ဦးနော်"

"ဟုတ်ကဲ့ပါရှင်၊ ပြေစာပေါ်မှာ တည်းခိုခရေးပေးပါ့မယ်၊ တစ်ခန်းကို (၃၆၀) ယွမ်ကျသင့်ပါတယ်၊ ပြေစာကို နှစ်ယောက်ပေါင်း တစ်စောင်ပဲ ထုတ်ပေးရမလား၊ ဒါမှမဟုတ် သီးသန့်စီ ထုတ်ပေးရမလားရှင်"

စုဟယ် မေးလိုက်သည်။ ဖုယန်၏ အပြုံးမှာ အနည်းငယ်တုံ့ဆိုင်းသွားပြီး အံ့သြသွားဟန်ဖြင့်မေးလာ၏။

"အဲ့ဒီလောက်တောင် ဈေးပေါတာလား၊ ဒီထက် ဈေးကြီးတဲ့အခန်းအမျိုးအစားတွေ မရှိတော့ဘူးလား"

သူတို့ခရီးသွားလျှင် တည်းခိုခနှင့် စားစရိတ်များကို ပြန်အမ်းငွေရရှိနိုင်သည်။ ဥပမာအားဖြင့် သရုပ်ဆောင်များသည် တစ်နေ့လျှင် စားစရိတ် (၃,၀၀၀) ယွမ် ရရှိကြပြီး ဝန်ထမ်းများမှာမူ (၁,၀၀၀) ယွမ်ခန့် ရရှိကြ၏။ တည်းခိုခအတွက်မူ အကန့်အသတ် မရှိသဖြင့် ဖုယန်သည် ခရီးသွားလျှင် ပိုမိုအဆင့်မြင့်သော အခန်းများကိုသာ အမြဲရွေးချယ်လေ့ရှိသည်။ အားလုံးက ကုမ္ပဏီက ပြန်ပေးမှာပဲကို ဘာလို့ ပိုက်ဆံချွေတာနေမှာလဲ။

စုဟယ်မှာ ကြောင်သွားရသည်။ ဟဲယဲ့တည်းခိုခန်း၏အခန်းများမှာ ဈေးပေါလွန်းသည်ဟု တစ်စုံတစ်ယောက် ပြောသည်ကို သူမပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၏။ ဤကဲ့သို့ အသုံးအဖြုန်းကြီးသော ဧည့်သည်ကို စုဟယ်မှာ လွယ်လွယ်နှင့်လွှတ်ပေးမည်မဟုတ်ပေ။ သူမ ချိုသာစွာပြုံးလိုက်ပြီး မိတ်ဆက်ပေးလိုက်၏။

"ကျွန်မတို့ ဟိုတယ်မှာ 'အိပ်မက်လှလှ' လို့ခေါ်တဲ့ အခန်းအမျိုးအစားလည်းရှိပါတယ်ရှင်၊ အဲ့ဒီအခန်းမှာ အိပ်မက်ကောင်းတွေမက်စေဖို့ ကူညီပေးတဲ့ အမွှေးနံ့သာတွေနဲ့ ပြင်ဆင်ပေးထားပါတယ်၊ အဲ့ဒီအ‌မွှေးနံ့သာတွေကို သဘာဝအပင်တွေရဲ့ အဆီအနှစ်ကနေထုတ်ယူထားတာဖြစ်ပြီး သူ့ရဲ့နူးညံ့တဲ့ရနံ့က ဆရာတို့ကို အိပ်မက်ကမ္ဘာထဲကိုခေါ်ဆောင်သွားပေးမှာပါ"

ဖုယန် ဂရုမစိုက်ဟန်ဖြင့် လက်ဝေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။

"ဒါဆို အဲ့ဒီအခန်းပဲ ပေးပါ"

စုဟယ်၏အပြုံးမှာ ပို၍ပင်ချိုသာလာသည်။

"ဟုတ်ကဲ့ပါရှင်၊ အိပ်မက်လှလှ ဝန်ဆောင်မှုနဲ့ဆိုရင် တစ်ခန်းကို (၈၆၀) ယွမ်ကျသင့်ပါမယ်၊ အိပ်မက်ထဲမှာ ဘာတွေမက်ချင်လဲဆိုတာကို အိပ်ရာမဝင်ခင် ကြိုတွေးထားလို့ရပါတယ်ရှင်"

စုဟယ်သည် သူတို့နှစ်ဦးကို အခန်း‌ရှေ့သို့လိုက်ပို့လိုက်ပြီးနောက် ရုပ်ရှင်ရိုက်ကူးရေးကိစ္စကိုဆွေးနွေးရန် ရှောင်ရှီးကို သွားရှာတော့သည်။

"ရုပ်ရှင်ရိုက်ရမယ်၊ ဒါဆို တီဗီထဲမှာ ပါလာမှာပေါ့၊ သွားမယ် သွားမယ်"

တီဗွီဇာတ်လမ်းတွဲတစ်ခု၏ စာတန်းထိုးမှာ သူ့နာမည်ပါလာနိုင်သည်ကို ကြားလိုက်ရသောအခါ ရှောင်ရှီး အလွန်တရာစိတ်လှုပ်ရှားသွားတော့သည်။ ပြီးတော့ အဲ့ဒီ Weibo ဆိုတာကိုလည်း ရှောင်ရှီးမှာ အခုဆိုရင် ကောင်းကောင်းနားလည်နေပြီဖြစ်၏။ ဟုန်လျန်ရဲ့ မုန့်တွေတောင် Weibo ပေါ် ရောက်သေးတာပဲ။ သူလည်း အဲ့ဒီလိုမျိုးဖြစ်ချင်သည်။ သူ့နာမည်ကျော်ကြားမှုကို မြှင့်တင်ချင်နေ၏။ ရွှေလက်စွပ်ဓားပြမှုဖြစ်စဉ်မှ သူ့ကို ကျော်ကြားမှု အနည်းငယ်ပေးခဲ့သည်။ နောက်ပိုင်းရက်များတွင် ရှောင်ရှီးသည် သူ့ကျော်ကြားမှုကို တွေးကြည့်ရုံနှင့်ပင် နေ့တိုင်း ခေါင်းတရမ်းရမ်းဖြစ်နေပြီး အသံပင် ချိုသာလာခဲ့သည်။ စုဟယ်သည် ထိုကိစ္စမှာ အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်ဟု ယူဆသောကြောင့် ရှောင်ရှီးကို ရုပ်ရှင်ရိုက်ကူးရေးနှင့် ပတ်သက်ပြီး တိုင်ပင်ခဲ့ခြင်း ဖြစ်၏။

"ဒါပေမဲ့ ရှောင်ရှီး၊ နင့်ရဲ့ တတိယမြောက်ခြေထောက်ကို ဘယ်လိုလုပ်မလဲ"

စုဟယ် ရှောင်ရှီး၏တတိယမြောက်ခြေ‌ထောက်ကို ညွှန်ပြလိုက်သည်။ ရှောင်ရှီးမှာ သူ့ခြေထောက်များကိုငုံ့ကြည့်လိုက်ပြီး ညည်းတွားလိုက်၏။

"လူသားကမ္ဘာက တကယ်ကိုအသုံးမကျဘူး၊ ဘာလို့ ခြေသုံးချောင်းပါတဲ့ငှက်တွေ မရှိရတာလဲ"

ရှောင်ရှီးသည် တောင်ပံများကိုခတ်လိုက်ပြီး လေထဲတွင် တစ်ပတ်ပျံဝဲလိုက်သည်။ ခြေသုံးချောင်းပါရွှေကျီးကန်း၏ ခြေသည်းသုံးခုစလုံးမှာ အားကောင်းသော ဆုပ်ကိုင်နိုင်စွမ်းရှိကြ၏။ ရှောင်ရှီးသည် စားပွဲပေါ်သို့ ဆင်းသက်တော့မည့်အချိန်တွင် လေထဲ၌ ကျော့ရှင်းစွာဝဲပျံရင်း သင့်တော်သော နေရာကိုရှာဖွေတတ်သည်။ နေရာတွေ့ပြီဆိုလျှင် ရှောင်ရှီးသည် သူ့ခြေတစ်ဖက်ကို ကျွမ်းကျင်စွာ ဆန့်ထုတ်လိုက်ပြီး ဟန်ချက်ညီစေရန် စားပွဲတင်ပြင်ကို အသာအယာ ထိတွေ့လိုက်၏။ ထို့နောက် ရှောင်ရှီးသည် သူ့ခန္ဓာကိုယ်ကို ဖြည်းညင်းစွာနိမ့်ချလိုက်ပြီး ကျန်ရှိသော ခြေသည်းနှစ်ဖက်ကို တစ်ခုပြီးတစ်ခု အညီအမျှချလိုက်သည်။ ဤဖြစ်စဉ်အတွင်း သူသည် ခန္ဓာကိုယ် ဟန်ချက်ညီစေရန် ခြေသုံးချောင်းစလုံးပေါ်သို့ အလေးချိန်ကို မျှတစွာခွဲဝေချလိုက်သည်။

စားပွဲပေါ်တွင်ရပ်နေသော ရှောင်ရှီး၏ အနေအထားမှာ တည်ကြည်လေးနက်လှပြီး သူ့ခြေသုံးချောင်းမှာ စားပွဲကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်မှာ သူ၏ ခန့်ညားထည်ဝါမှုနှင့် စွမ်းအားကို လောကကြီးအား ကြေညာနေသကဲ့သို့ပင်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်မှာ အနည်းငယ်ရှေ့သို့ ကိုင်းနေပြီး ဦးခေါင်းကိုမော့ထားကာ မည်သူမျှ မထိပါးဝံ့သည့် မြင့်မြတ်သော အမူအရာကို ပြသနေသည်။

ရှောင်ရှီးသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် အလယ်မှခြေထောက်ကိုပြန်ရုတ်လိုက်ကာ သာမန်ငှက်တစ်ကောင်ကဲ့သို့ ခြေနှစ်ဖက်နှင့်ရပ်နေသည့်ဟန်ကို အတုခိုးလိုက်တော့၏။

120

ရှောင်ရှီးသည် သူ၏နှုတ်သီးကို အသုံးပြု၍ အမွှေးအတောင်များကို ပြုပြင်နေပြီးနောက် စုဟယ် စားပွဲပေါ်တွင် တင်ထားခဲ့သော ရေခွက်ထဲ၌ နှုတ်သီးနှစ်ကာ အမြီးပိုင်းမှ အမွှေးအတောင်များကို ပိုမိုပွယောင်းလာအောင် ပြုလုပ်လိုက်သည်။

"ဘယ်လိုလဲ၊ အခုထိ သိသာနေသေးလား"

ရှောင်ရှီးမှာ စုဟယ်ကို ထပ်မံစစ်ဆေးပေးရန် မေးလိုက်သည်။ စုဟယ် ရှောင်ရှီးကို တစ်ပတ်ပတ်ကြည့်ပြီးနောက် ဖုန်းကိုထုတ်ကာ ဓာတ်ပုံအချို့ရိုက်လိုက်၏။

"ဒါလေး ကြည့်ကြည့်ဦး"

စုဟယ် ဓာတ်ပုံများကိုချဲ့ပြီး ရှောင်ရှီးအား ပြသလိုက်သည်။ ခြေသုံးချောင်းပါရွှေကျီးကန်းဟု ခေါ်ဆိုရခြင်းမှာ ၎င်းတွင် ခြေသည်းသုံးခုပါရှိသောကြောင့်ဖြစ်ပြီး ရှောင်ရှီးမှာတစ်ဖက်ကို သိမ်းထားလျှင်ပင် အနီးကပ်ကြည့်ပါက ပုံမှန်မဟုတ်သောအချက်ကို မြင်နိုင်သေး၏။

"အဝေးကကြည့်ရင်တော့ ပြဿနာမရှိပေမဲ့၊ ဒီမှာကြည့် ခြေသည်းပုံစံက ပေါ်နေသေးတယ်၊ ပြီးတော့ အခုခေတ် ကင်မရာတွေက အရည်အ‌သွေးမြင့်တော့ ဒီထက်တောင်ကြည်လင်နေမှာ"

စုဟယ်မှာ ဓာတ်ပုံကိုထောက်ပြရင်းပြောလိုက်သည်။ ရှောင်ရှီးမှာ စိတ်ဓာတ်ကျသွားပြီး သိမ်းထားသော ခြေသည်းမှာ ချက်ချင်းပင်ပြန်လည်ဆန့်ထုတ်လိုက်၏။

"ဒါပေမဲ့ ငါ တကယ်သွားချင်တာ"

သူသည် ယခုအခါ ဒုတိယကြယ်ပွင့်အဆင့်သို့ရောက်ရှိနေပြီဖြစ်ရာ လူကြိုက်များရန် မည်မျှခက်ခဲကြောင်း ကိုယ်တိုင်တွေ့ကြုံထားပြီးဖြစ်သည်။ ဤရက်ပိုင်းအတွင်း သူသည် ညဘက်၌ ဆရာကြီးဝေ၏လက်ရေးလှသင်တန်းကိုပင် သွားရောက်ကြည့်ရှုကာ တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်ပုံကို လေ့လာနေခဲ့၏။ သူသည် အွန်လိုင်းပေါ်တွင် အိမ်မွေးတိရစ္ဆာန်ဘလော့ဂါများရှိကြောင်းသိရှိနေသည့် အင်တာနက်အသုံးချမှု ကျွမ်းကျင်သူဖြစ်နေပြီဖြစ်သည်။

ရှောင်ရှီးမှာ သူကိုယ်သူ အိမ်မွေးတိရစ္ဆာန်ဟု လုံးဝဝန်ခံမည်မဟုတ်သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပါဝင်လိုက်လျှင် ပရိသတ်အမြောက်အမြားကို ဆွဲဆောင်နိုင်ပြီး ကျော်ကြားမှုရရန်မှာ အလွန်လွယ်ကူလိမ့်မည်ဟု တွေးထားသည်။ အဆိုပါ အင်တာနက်နာမည်ကြီးများနှင့် တင်ဆက်သူများအားလုံးသည် ဖျော်ဖြေရေးလောကထဲဝင်ရန်နှင့် သရုပ်ဆောင်ရန် အလွန်ကြိုးစားနေကြရာ ရှောင်ရှီးမှာလည်း ထိုသို့ပင် ဖြစ်ချင်နေမိ၏။ စုဟယ် ခေါင်းကိုကုတ်ရင်း ဖုန်းထဲမှ ဓာတ်ပုံကို ပြန်ကြည့်လိုက်သည်။

"ငါ ဖုယန်ကို ပြောကြည့်ရင်ရော နင်ငယ်ငယ်တုန်းက နေမကောင်းဖြစ်လို့ အကျိတ်တစ်ခု ထွက်လာတာမလို့ ပုံစံက နည်းနည်းထူးဆန်းနေတာလို့လေ၊ ပြီးတော့ နင်ခြေသည်းကို သိမ်းထားပြီး ကင်မရာထဲမှာ မမြင်ရအောင်ထားကြည့်မလား"

ရှောင်ရှီးမှာ အနည်းငယ်ဒေါသထွက်သွားပြီး စုဟယ်၏လက်ချောင်းကို ခပ်ဖွဖွလေး ဆိတ်လိုက်သည်။

"ဟွန့်၊ နင့်ရဲ့ ခြေသည်းတွေကမှ အကျိတ်တွေ"

သို့သော် သူ့စိတ်ထဲတွင် ပိုကောင်းသည့် စိတ်ကူးမရှိသဖြင့် စုဟယ်၏ အကြံဉာဏ်ကို မတတ်သာဘဲ လက်ခံလိုက်ရတော့သည်။ တစ်ချိန်တည်းမှာပင် ဖုယန်နှင့် ပျန်းကျူတို့သည် တည်းခိုခန်းတစ်ဖက်ခြမ်းရှိ 'စန်းကျုံးဘုရားကျောင်း' သို့ ဆုတောင်းရန် သွားခဲ့ကြ၏။ ဖုယန်မှာ အမွှေးတိုင်များကို ကြည်ညိုစွာ ထွန်းညှိလိုက်သည်။ ဖျော်ဖြေရေးလောကထဲတွင် အချိန်အတန်ကြာအောင်ကျင်လည်ခဲ့သူပီပီ သူသည် နက္ခတ္တဗေဒနှင့် အယူအဆ များကို အနည်းငယ် ယုံကြည်၏။

"ရုပ်ရှင်အဖွဲ့အတွက် သင့်တော်တဲ့ တိရစ္ဆာန်သရုပ်ဆောင် မြန်မြန်တွေ့ပါစေလို့ ဆုတောင်းပါတယ်"

ထို့နောက် သူတို့နှစ်ဦးမှာ မြို့ထဲ၌ နေ့လယ်တစ်‌နေ့ခင်းလုံး လည်ပတ်ခဲ့ပြီးမှ ဟဲယဲ့တည်းခိုခန်းသို့ အနားယူရန် ပြန်လာခဲ့ကြသည်။

"ဆရာပျန်း၊ သူဌေးမလေးပြောတာကြားတာတော့ ခြောက်လွှာမှာ လက်ရေးလှတိုက်ရိုက်သင်တန်းရှိတယ်တဲ့၊ ကျွန်တော်တို့ ဇာတ်ညွှန်းထဲက လက်ရေးလှနဲ့ ပန်းချီကားတော်တော်များများက အပြီးမသတ်ရသေးဘူး မဟုတ်လား၊ အပေါ်ကို သွားကြည့်ရင် ဘယ်လိုလဲ"

ဖုယန်သည် ရုပ်ရှင်မြို့တော်မှထွက်လာသော်လည်း သူ့အလုပ်ကိုမမေ့ပေ။ ရှေးဟောင်းဇာတ်လမ်းတွဲများရှိ အချို့သော အခန်းများတွင် သရုပ်ဆောင်မျာမှာ စာရေးခြင်း သို့မဟုတ် စုတ်တံဖြင့် ပန်းချီဆွဲခြင်းများ ပြုလုပ်ရလေ့ရှိသည်။ ထိုအခန်းများတွင် သရုပ်ဆောင်အစား လက်ရေးလှကျွမ်းကျင်သူ များက ရိုက်ကူးပေးရခြင်း ဖြစ်၏။

'‌မောင်းမနှစ်ဖော်၏ ဒဏ္ဍာရီ' တွင် ဇာတ်ကောင်များစွာ ပါဝင်သောကြောင့် ဇာတ်ကောင်တစ်ဦးချင်းစီအတွက် မတူညီသော လက်ရေးဟန်များ လိုအပ်နေသဖြင့် အချို့လက်ရာများမှာ အတည်မပြုနိုင်သေးခြင်း ဖြစ်သည်။

ပျန်းကျူသည် လက်ရေးလှပညာကို အလွန်စိတ်ဝင်စားသူဖြစ်ရာ ခြောက်လွှာရှိ ခန်းမထဲသို့ ရောက်သည်နှင့် ပြန်မထွက်ချင်တော့ပေ။ ပျန်းကျူသည် စားပွဲငယ်လေးတွင် မတ်မတ်ထိုင်ကာ ပရိုဂျက်တာ ကို မျက်တောင်မခတ်ဘဲ ကြည့်နေသည်။ ဝေဖုန်းယီမှာ စုတ်တံကို ယူလိုက်ပြီး မင်ရည်တွင် အနေတော် နှစ်လိုက်ကာ စုတ်တံထိပ်ဖျားတွင် မင်ရည်များ အညီအမျှ ပျံ့နှံ့သွားစေရန် မင်ကျောက်ပြားပေါ်၌ အသာအယာလှည့်လိုက်၏။ လှုပ်ရှားမှုတိုင်းသည် တည်ငြိမ်ပြီး အေးဆေးလှကာ တိတ်ဆိတ်သော အကတစ်ခုကိုကပြနေသကဲ့သို့ပင်။

ပျန်းကျူမှာ ဤတည်ငြိမ်မှုတွင် အလွန်စွဲလန်းသွားရသည်။ ဝေဖုန်းယီ၏လက်ထဲမှစုတ်တံသည် စာရေးနေခြင်းသက်သက်မဟုတ်ဘဲ စက္ကူနှင့် နူးညံ့စွာ စကားပြောနေခြင်းဖြစ်ကြောင်း သူ ခံစားလိုက်ရ၏။ စုတ်တံထိပ်ဖျားမှ ရွှမ်စက္ကူပေါ်တွင် ကခုန်လိုက်သည်နှင့် မင်ရည်များသည် လှပသောလိုင်းများအဖြစ် တဖြည်းဖြည်းပုံပေါ်လာသည်။ စုတ်ချက်တိုင်း၊ မျဉ်းကြောင်းတိုင်းသည် ခွန်အားနှင့် နူးညံ့မှုတို့ပြည့်နှက်နေကာ စီးဆင်းနေသော ရေကဲ့သို့ဖြစ်သော်လည်း တောင်တန်းကြီးများကဲ့သို့ ခန့်ညားလှ၏။ ပျန်းကျူ၏အကြည့်များမှာ စုတ်တံထိပ်ဖျား၏ လှုပ်ရှားမှုနောက်သို့လိုက်ပါနေသည်။ သူသည် စာလုံးတစ်လုံးချင်းစီ၏ သက်ဝင်လှုပ်ရှားမှုကို စက္ကူပေါ်တွင် မြင်တွေ့နေရပြီး တစ်လုံးချင်းစီ၌ ပါဝင်သော နက်ရှိုင်းသည့် ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းကို ခံစားနေရသည်။ ပျန်းကျူမှာ မနေနိုင်တော့ဘဲ စုတ်တံကို ယူကာ လိုက်လံရေးသားကြည့်တော့၏။

သင်တန်းပြီးဆုံးသွားသောအခါ ပျန်းကျူမှာ လက်ရေးလှ၏ ဆွဲဆောင်မှုတွင် နစ်မြောနေဆဲ ဖြစ်သည်။ သူသည် ဆရာကြီးဝေကို ရုပ်ရှင်အဖွဲ့ဆီသို့ လက်ရေးလှ အကြံပေးပုဂ္ဂိုလ်အဖြစ် ခေါ်ဆောင်သွားချင်စိတ်ပင် ပေါက်လာတော့၏။ ဖုယန်မှာမူ စာပေသမားတစ်ဦး မဟုတ်သဖြင့် လက်ရေးလှကို စိတ်မဝင်စားသော်လည်း မမျှော်လင့်ဘဲ လိုက်နားထောင်ရင်းမှ သင်တန်းတစ်ချိန်လုံးကို ဆုံးအောင် နားထောင်လိုက်မိသည်။

"အံ့သြစရာပဲ၊ တကယ့်ကို အံ့သြစရာပဲ၊ ဆရာကြီးဝေရဲ့ သင်တန်းက တကယ်ကို မယုံနိုင်စရာပဲဗျာ"

ဖုယန်မှာ ဆရာကြီးဝေကို အလွန်ပင် လေးစားသွားရသည်။ သူသည် သင်တန်းတစ်ချိန်လုံးကို စားပွဲမှာထိုင်ပြီး ဆုံးအောင် နားထောင်ခဲ့မိသည်။ အိပ်ရာထဲ လှဲနေချိန်မှာပင် ဖုယန်မှာ သူကိုယ်တိုင် တစ်နေ့တွင် ယဉ်ကျေးသိမ်မွေ့သော စာပေသမားတစ်ဦး ဖြစ်လာနိုင်သည်ဟူသော ပျော်ရွှင်မှုတွင် နစ်မြောနေဆဲဖြစ်၏။

"ဟမ် ဘာနံ့လေးလဲ၊ ဪ ဒါသူဌေးမလေးပြောတဲ့ လူတွေကို အိပ်မက်မက်စေတဲ့ အမွှေးနံ့သာဖြစ်ရမယ်၊ မွှေးသားပဲ"

ဖုယန် တိုးတိုးလေး ရေရွတ်လိုက်သည်

"တကယ်ပဲ အိပ်မက်မက်စေနိုင်တယ်ဆိုရင် အိပ်မက်ကောင်းလေးပဲမက်ချင်ပါတယ်၊ နေ့တိုင်းအလုပ်တွေက အရမ်းများတော့ တကယ်ကို စိတ်ပျက်ဖို့ ကောင်းတာ"

ထိုသို့ပြောရင်း ဖုယန်သည် မျက်လုံးများကိုမှိတ်လိုက်သည်။ ရုတ်တရက်ဆိုသလို သူသည် ရောင်စုံတိမ်တိုက်များကို မြင်တွေ့လိုက်ရ၏။

"ဝါး ငါ အိပ်မက်မက်နေပြီလား၊ ဒီနေရာက အရမ်းလှတာပဲ ဓာတ်ပုံရိုက်ထားဦးမှ၊ ဪ ဟုတ်သားပဲ ငါ အိပ်မက်မက်နေတာကိုး"

ဖုယန်သည် ပထမဆုံးအကြိမ်အဖြစ် သူ အိပ်မက်မက်နေသည်ကို တကယ့်လက်တွေ့ကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။ ဖုယန်မှာ လှုပ်ရှားလိုက်သော်လည်း သူ့တွင်လက်များမရှိဘဲ ဖုန်းကိုကိုင်၍မရကြောင်း တွေ့လိုက်ရ၏။ သူသည် သမုဒ္ဒရာထဲ၌ ရေမှော်ပင် အသေးလေးတစ်ပင်ဖြစ်နေခြင်းပင်။ သူသည် ရေမှော်ပင်လေးအဖြစ် ပြောင်းလဲသွားကာ နွေးထွေးသော ပင်လယ်ရေနှင့်အတူ မျောပါရင်း ကြည်လင်ပြာလွင်သော သမုဒ္ဒရာထဲတွင် အသာအယာယိမ်းနွဲ့နေသည်။ သူသည် အတွေးများ၊ သောကများပြည့်နှက်နေသည့် လူသားတစ်ဦးမဟုတ်တော့ပေ။ ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် ထုတ်လုပ်သူများကိုရင်ဆိုင်နေစရာမလိုတော့သလို အလုပ်ကိစ္စများကိုလည်း ဖြေရှင်းနေစရာမလိုတော့ပေ။ ပူပင်သောကကင်းသော ရေမှော်ပင်လေးအဖြစ် မိခင်သမုဒ္ဒရာ၏ပွေ့ဖက်မှုကို ခံစားရုံသာလိုတော့သည်။ နေ့စဉ်နေ့တိုင်း ဒီရေအတက်အကျနှင့်အတူ သူသည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် မျောပါရင်း ပင်လယ်ရေမှ ပေးစွမ်းသော အေးမြမှုနှင့် သက်သောင့်သက်သာရှိမှုကို ခံစားနေရသည်။

ဒီရေတက်ချိန်တွင် သူသည် ကောင်းကင်မှ တိမ်တိုက်များကို ထိတွေ့နိုင်သကဲ့သို့ ပင်လယ်၏အမြင့်ဆုံးနေရာသို့ ရောက်ရှိသွားကာ ဒီရေကျချိန်တွင်မူ ရောင်စုံငါးလေးများနှင့် လှပသော သန္တာကျောက်တန်းများကြားတွင် နွေးထွေးသော ပင်လယ်ရေထဲသို့ နစ်မြုပ်သွား၏။

နံနက်စောစောတွင် ပထမဆုံး နေရောင်ခြည်မှာ ပင်လယ်ရေပြင်ကို ဖောက်ထွင်းဝင်ရောက်လာသောအခါ သူ၏ဘဝသစ်တစ်နေ့ကို စတင်သည်။ လှိုင်းလုံးလေးများနှင့်အတူ အသာအယာ ယိမ်းနွဲ့ရင်း နံနက်ခင်း အရုဏ်ဦး၏ ခန့်ညားမှုကို ငေးမောကြည့်ရှုသည်။ ရွှေရောင်နေရောင်ခြည်မှာ ပင်လယ်ပြင်ပေါ်တွင် ဖြာကျနေကာ တဖျပ်ဖျပ်တောက်ပနေသည်မှာ မြင်သူတိုင်း၏ နှလုံးသားကို ဖမ်းစားထားနိုင်၏။ သူသည် ထိုနွေးထွေးသော နေရောင်ခြည်အောက်တွင် ရေစိမ်ရင်း သဘာဝတရား၏ ငြိမ်းချမ်းမှုနှင့် တိတ်ဆိတ်မှုကို ခံစားနေရသည်။ နေ့ခင်းဘက်တွင်မူ သူသည် ပင်လယ်ရေစီးကြောင်းနှင့်အတူ လှပသော ရေအောက်ရှုခင်းများစွာကို ဖြတ်ကျော်သွားလာ၏။ သက်ဝင်လှုပ်ရှားနေသော ရေအောက်ဥယျာဉ်ကြီးများသဖွယ်ဖြစ်သည့် ရောင်စုံသန္တာကျောက်တန်းများကို မြင်တွေ့ရပြီး၊ အပူပိုင်းဒေသငါးအုပ်စုလေးများမှည သူ့အနားတွင် ပတ်ချာလည်ကူးခတ်ရင်း ဤထူးဆန်းသော ရေမှော်ပင်လေးကို စပ်စုကြည့်နေကြသည်။ ဖုယန်သည် လိပ်ကြီးများ အေးအေးလူလူ ကူးခတ်နေသည်ကိုလည်း မြင်တွေ့ရပြီး ၎င်းတို့၏ ကျော့ရှင်းသော အနေအထားမှာ သူ့ကို ငြိမ်းချမ်းစေ၏။ ညဘက်တွင်မူ သူသည် ဒီရေ၏ စည်းချက်နှင့်အတူ ပင်လယ်ရေပြင်ပေါ်တွင် တိတ်ဆိတ်စွာ လဲလျောင်းရင်း ကြယ်ရောင်စုံ ကောင်းကင်ကြီးကို ငေးကြည့်နေသည်။ ကြယ်လေးများမှာ သူ့ကို မျက်စိမှိတ်ပြနေသကဲ့သို့ ညကောင်းကင်ယံတွင် တဖျပ်ဖျပ် တောက်ပနေကြ၏။ စကြဝဠာကြီး၏ ကျယ်ပြောမှုနှင့် လျှို့ဝှက်ဆန်းကြယ်မှုကို သူ ခံစားလိုက်ရသည်။ ပင်လယ်လေပြေမှာ အသာအယာ တိုက်ခတ်လာကာ အေးမြမှုနှင့်အတူ ဝေးကွာသော ကုန်းမြေဆီမှ ပန်းရနံ့များကို သယ်ဆောင်လာပေးသည်။ သူသည် ဤကဲ့သို့ ထူးခြားသော ညလေးထဲတွင် နစ်မြောနေတော့၏။ အိပ်မက်သမုဒ္ဒရာထဲတွင် ဖုယန်၌ ပူပင်သောကမရှိ၊ စိုးရိမ်ပူပန်မှုမရှိဘဲ သဘာဝတရားနှင့် တစ်သားတည်းဖြစ်နေသည်။ သူသည် သဘာဝတရား၏ ခန့်ညားလှသော ရှုခင်းများကို အပြည့်အဝ ခံစားနေရ၏။

အခြားတစ်ဖက်တွင်မူ ပျန်းကျူ၏ အိပ်မက်မှာ ဖုယန်နှင့် လုံးဝကွဲပြားနေသည်။ မြူမှိုင်းသော အိပ်မက်ထဲတွင် ပျန်းကျူသည် အချိန်နှင့် အာကာသ နယ်နိမိတ်များကိုဖြတ်ကျော်ကာ ရှေးဟောင်းနန်းတော်ကြီးတစ်ခုသို့ ရောက်ရှိသွားသည်။ နန်းတော်တံတိုင်းကြီးများမှာ မြင့်မားလှပြီး ကြက်သွေးရောင်တံခါးကြီးများမှာ တင်းတင်းကြပ်ကြပ်ပိတ်ထားသဖြင့် ပြင်ပလောကနှင့် သီးခြားခွဲထားသကဲ့သို့ နက်ရှိုင်းသောဖိအားများကို ခံစားရစေ၏။ သူသည် ထိုနန်းတော်ထဲတွင် ဝိညာဉ်တစ်ခုဖြစ်သွားခဲ့ပြီး နန်းတွင်း၏နေရာအနှံ့အပြားသို့ တိတ်ဆိတ်စွာ လှည့်လည်သွားလာနေသည်။ ဝိညာဉ်တစ်ခုအနေဖြင့် သူသည် နန်ကုန်းချင်လွမ်းနှင့် နန်ကုန်းကျီယန် ညီအစ်မနှစ်ဦး၏ ချစ်ခြင်း၊ မုန်းခြင်းပဋိပက္ခများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရ၏။ အစ်မဖြစ်သူကို ဆုံးရှုံးလိုက်ရသော ကျီယန်ကိုမြင်လိုက်ရသည်။ သူမ၏ဝမ်းနည်းမှုမှာ လက်စားချေလိုသော မီးတောက်အဖြစ် ပြောင်းလဲသွား၏။ သူမသည် အစ်မဖြစ်သူသေဆုံးမှု၏ နောက်ကွယ်မှ တရားခံအစစ်ကိုရှာဖွေရန် စီစဉ်တော့သည်။ သူမလုပ်ရပ်များမှာ ပိုမိုရူးသွပ်လာပြီး နန်းတွင်း၏အခြေအနေမှာလည်း ပိုမိုတင်းမာလာသည်။ ဝိညာဉ်ပျန်းကျူသည် ကျီယန်တစ်ယောက်လက်စားချေခြင်းလမ်းပေါ်သို့ တစ်လှမ်းချင်း လျှောက်လှမ်းနေသည်ကို ကြည့်ရင်း စိတ်ထဲတွင် အကူအညီမဲ့မှုနှင့် ဝမ်းနည်းမှုတို့ ပြည့်နှက်နေရသည်။

ဤနက်ရှိုင်းလှသော နန်းတော်ထဲတွင် လူတိုင်းမှာ သူတို့၏လောဘနှင့် အစွဲအလမ်းများကြား ပိတ်မိနေကြပြီး လူတိုင်းမှာ အာဏာ၊ အဆင့်အတန်းနှင့် အချစ်အတွက် တိုက်ခိုက်နေကြသည်။ '‌မောင်းမနှစ်ဖော်၏ ဒဏ္ဍာရီ' ၏ မူလဇာတ်သိမ်းကို တွေ့မြင်ပြီးနောက် ဝိညာဉ်ပျန်းကျူမှာ အနည်းငယ်မကျေမနပ် ဖြစ်သွား၏။

"မဟုတ်ဘူး၊ ဇာတ်လမ်းက ဒီလိုမျိုးမဖြစ်သင့်ဘူး"

သူ၏ထိုအတွေးနှင့်အတူ အိပ်မက်တစ်ခုလုံးမှာ လှိုင်းထသွားပြီး ဇာတ်လမ်းတစ်ခုလုံးမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ ဤတစ်ကြိမ်တွင်မူ နန်ကုန်းကျီယန်သည် ဧကရာဇ်အပေါ် အချစ်စိတ်ဝင်နေသော်လည်း သူမ၌ဆင်ခြင်တုံတရား အနည်းငယ်ကျန်ရှိနေသေးသဖြင့် သူမအစ်မကို အအေးနန်းဆောင်သို့ပို့ရန်အတွက်မစွပ်စွဲခဲ့ပေ။

နောက်တစ်နေ့နံနက်တွင် နိုးလာသောအခါ ပျန်းကျူသည် ဖိနပ်ပင်မစီးနိုင်တော့ပေ။ သူသည် အိပ်ရာပေါ်မှအမြန်ဆင်းကာ စာရေးစားပွဲတွင်ထိုင်လိုက်သည်။ သူ့စိတ်ထဲတွင် ဇာတ်ကွက်အတွက် စိတ်ကူးသစ်တစ်ခုရရှိသွားပြီ ဖြစ်သည်။

All Chapters