← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

111

စာရွက်စာတမ်းအိတ်ထဲရှိ အထောက်အထားများမှာ အတော်လေး ပြည့်စုံလှသည်။ နေ့စဉ်လူမှုဘဝအတွက် လိုအပ်မည့် မည်သည့်လက်မှတ်မျိုးမဆို အထဲတွင် အသင့်ပြင်ဆင်ပေးထား၏။ အရေးကြီးဆုံးဖြစ်သော မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းအပြင်၊ စနစ်သည် ဟုန်လျန်အတွက် မူလတန်းနှင့် အလယ်တန်း ကျောင်းဆင်းလက်မှတ်များကိုပါ ထည့်သွင်းပေးထားရာ သူမအား (၉) နှစ်တာမသင်မ‌နေရ ပညာရေးစနစ်ကို သင်ကြားခဲ့ဖူးသူတစ်ဦးအဖြစ် ဖန်တီးပေးထားသည်။ ထို့ပြင် တည်းခိုခန်းအတွက် အလိုအပ်ဆုံးဖြစ်သော ကျန်းမာရေးလက်မှတ်နှင့် ဟုန်လျန်၏ ကိုယ်ခန္ဓာစစ်ဆေးမှု အစီရင်ခံစာများကိုပါ စနစ်မှ ပံ့ပိုးပေးထားသည်။ ဤပုဂ္ဂိုလ်ရေးဆိုင်ရာ အထောက်အထားများကြောင့် ဥပဒေကြောင်းအရဆိုလျှင် ဟုန်လျန်သည် ခေတ်သစ်လူ့အဖွဲ့အစည်း၏ တရားဝင်အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။

"ဟုန်လျန် ဒါတွေက စနစ်ကထုတ်ပေးထားတဲ့ နင့်ရဲ့ကိုယ်ရေးအချက်အလက်တွေပဲ၊ သေချာဖတ်ပြီး မှတ်ထားလိုက်ဦး"

စုဟယ်သည် စာရွက်စာတမ်းများကို မိတ္တူကူးပြီးနောက် ဟုန်လျန်ထံ လှမ်းပေးလိုက်သည်။ ဟုန်လျန် သူမလက်ပေါ်ရှိ ဂျုံမှုန့်များကိုဆေးကြောလိုက်ပြီး အံ့အားသင့်စွာဖြင့်မေး၏။

"ဒါတွေက ဘာတွေလဲဟင်"

စုဟယ် ရှင်းပြလိုက်သည်။

"နင့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေရဖို့ စနစ်နဲ့ လဲလှယ်လိုက်တာ၊ အခုကစပြီး နင်က မှတ်ပုံတင်မရှိတဲ့သူ မဟုတ်တော့ဘူး"

ဟုန်လျန်မှာ အနည်းငယ် ဇဝေဇဝါဖြစ်နေသည်။ သူမသည် ဤအထောက်အထားများ၏ အရေးပါပုံကို မသိသေးပေ။ ပုံမှန်အားဖြင့် သူမသည် ဤစာရွက်များကို အသုံးမပြုဘဲ ဟဲယဲ့တည်းခိုခန်းတွင် ကောင်းမွန်စွာ နေထိုင်နေနိုင်သည် မဟုတ်ပါလား။ သို့သော်လည်း ဟုန်လျန်သည် အခြေအနေနှင့် လိုက်လျောညီထွေ နေတတ်သူ ဖြစ်သည်။ စုဟယ်ပြောသမျှကို သူမအမြဲတမ်း လက်ခံလေ့ရှိရာ သူမအထောက်အထားများကို ယူဆောင်ပြီး သေသေချာချာကျက်မှတ်နေတော့၏။ စုဟယ်၏ကြိုတင်ပြင်ဆင်မှုများမှာ အမှန်တကယ်ပင် လိုအပ်ခဲ့သည်။ အကြောင်းမှာ နှစ်ရက်အကြာတွင် စျေးကွက်ကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေးဗျူရိုမှ အရာရှိများ ချက်ချင်းရောက်ရှိလာသောကြောင့် ဖြစ်၏။

"ဘာဖြစ်တာလဲ၊ မုန့်တွေမှာ ပြဿနာရှိလို့လား"

တံခါးဝတွင် တန်းစီစောင့်ဆိုင်းနေသော ဖောက်သည်များမှာ ယူနီဖောင်းဝတ် စစ်ဆေးရေးမှူးများကို ကြည့်ကာ စိုးရိမ်တကြီးဖြင့် မေးကြသည်။ မကြာသေးမီက အွန်လိုင်းတွင် အစားအသောက် ဘေးကင်းလုံခြုံမှုဆိုင်ရာ ပြဿနာများစွာ ထွက်ပေါ်နေသဖြင့် သူမအနှစ်သက်ဆုံးဆိုင်လေး ထိခိုက်သွားမည်ကို စိုးရိမ်နေမိ၏။ ယနေ့ ဟဲယဲ့တည်းခိုခန်း တံခါးဝတွင် တန်းစီနေသူများမှာ ထူးထူးခြားခြား များပြားနေပြီး ဆူညံသံများမှာ ဆိုင်အတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားကာ ဆိုင်တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။

"ငါတို့ ဆက်တန်းစီရဦးမှာလား"

တစ်စုံတစ်ယောက်မှ တိုးတိုးလေးမေးလိုက်သည်။

"လောလောဆယ်တော့ တန်းစီထားဦးလေ၊ ငါဆိုတန်းစီတာတစ်ဝက်တောင် ကျော်နေပြီ၊ အခုထွက်သွားရင် အလကားဖြစ်ကုန်မှာပေါ့"

ဖောက်သည်အများစုမှာ စစ်ဆေးရေးမှူးများ၏အခြေအနေကို စောင့်ကြည့်ရင်း ဆက်လက်စောင့်ဆိုင်းရန်သာ ဆုံးဖြတ်လိုက်ကြသည်။ စစ်ဆေးရေးမှူးများသည် တည်းခိုခန်း၏လုပ်ငန်းလိုင်စင်နှင့် ဟုန်လျန်၏ကျန်းမာရေးလက်မှတ်ကို စစ်ဆေးကြ၏။ စုဟယ်သည် ဟုန်လျန်၏အနားတွင်ရှိနေပေးပြီး သူမအတွက် မေးခွန်းများကို ဖြေကြားပေးသည်။

"ဒီလောက်တောင် ငယ်တာလား၊ ဒီနှစ်မှ (၁၇) နှစ်ပဲ ရှိသေးတာလား"

စစ်ဆေးရေးမှူးတစ်ဦးမှာ ဟုန်လျန်၏မှတ်ပုံတင်ဓာတ်ပုံနှင့် လူကိုယ်တိုင်ကို ယှဉ်ကြည့်ကာမေးသည်။ စုဟယ်မှာ တည်ငြိမ်နေ၏။ သူမသည် စနစ်မှ ထုတ်ပေးထားသော အချက်အလက်များကို မနေ့ကသေသေချာချာ လေ့လာထားပြီးသားဖြစ်၍ ပြဿနာမရှိကြောင်းသိ၏။

"ဟုတ်ကဲ့ပါ၊ ဒါပေမဲ့ မကြာခင် (၁၈)နှစ် ပြည့်တော့မှာပါ၊ ဒါက ဥပဒေနဲ့မညီတာမျိုးတော့ မဟုတ်ဘူးမလား"

စစ်ဆေးရေးမှူးမှာ ပြုံးလိုက်သည်။

"ဥပဒေနဲ့ မညီတာတော့ မဟုတ်ပါဘူး၊ အသက် (၁၆) နှစ်ပြည့်ရင် အလုပ်လုပ်လို့ရနေပါပြီ၊ ဒီအပိုင်းကိုတော့ အလုပ်သမားဌာနက အဓိကစစ်ဆေးတာပါ၊ ကျွန်တော်တို့က သန့်ရှင်းရေးကို လာစစ်တာပါ၊ ဒါပေမဲ့ ကျွန်တော်သိချင်တာက ခင်ဗျားတို့ဆိုင်ဖွင့်တာ ဆယ်နှစ်ကျော်နေပြီ၊ ဒါပေမဲ့ မုန့်လုပ်တဲ့စားဖိုမှူးက ဒီလောက်တောင်ငယ်နေလို့ပါ"

"ကျွန်မတို့ စားဖိုမှူးကငယ်ပေမဲ့ အထင်မသေးနဲ့ဦးနော်၊ မိသားစုအစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ပညာဖြစ်လို့ ကျွန်မတို့စားဖိုမှူးက အသက် (၅) နှစ်၊ (၆) နှစ်ကတည်းက ဒီပညာကိုစတင် အမွေဆက်ခံလာတာပါ၊ အဲ့လိုတွက်မယ်ဆိုရင် စားဖိုမှူးက မုန့်လုပ်တဲ့ အတွေ့အကြုံ ဆယ်နှစ်ကျော်ရှိနေပါပြီ"

စုဟယ် မျက်နှာပြောင်တိုက်ကာ ကြွားလုံးထုတ်လိုက်သည်။ စစ်ဆေးရေးမှူးမှာ ဆွံ့အသွားရ၏။ လုပ်ငန်းအတွေ့အကြုံကို ဤသို့တွက်ချက်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

"ဒါဆို ငယ်ငယ်ကတည်းက လေ့ကျင့်ပေးထားတဲ့ မိသားစုအမွေအနှစ်ကို ဆက်ခံသူပေါ့ ဟုတ်လား"

စုဟယ် မရေမရာပင်ပြန်ဖြေလိုက်သည်။

"နီးစပ်တာပေါ့၊ အဲ့ဒီလိုပဲ ပြောရမှာပဲ"

အမှန်အတိုင်းပြောရလျှင် ဟုန်လျန် ရှင်သန်ခဲ့သည့် ခေတ်ကာလမှ ယခုအထိဆိုလျှင် နှစ်ပေါင်း (၂၀၀) ကျော်နေပြီ ဖြစ်ရာ ၎င်းကိုအမွေအနှစ် ဆက်ခံခြင်းဟု မဆိုလျှင် ဘာကို ဆိုရမည်နည်း။ စစ်ဆေးရေးမှူးများသည် ထိုအကြောင်းကို ဆက်မမေးတော့ဘဲ ဟဲယဲ့တည်းခိုခန်း၏ အစားအသောက် ရောင်းချခွင့်လိုင်စင်၊ မီးဖိုချောင်သန့်ရှင်းရေး၊ ဝန်ထမ်းကျန်းမာရေးလက်မှတ်၊ ကုန်ကြမ်းဝယ်ယူမှု မှတ်တမ်းများ၊ ပန်းကန်ခွက်များ ဆေးကြောပိုးသတ်မှုနှင့် အစားအသောက် ချက်ပြုတ်ပြင်ဆင်ပုံတို့ကို အလေးထားစစ်ဆေးကြ၏။ ထို့နောက် သူတို့က မှတ်ချက်ပေးသည်။

"လောလောဆယ် ဆိုင်ထဲကသန့်ရှင်းရေးကတော့ အားလုံးစနစ်တကျရှိပါတယ်၊ ဒီနမူနာတွေကိုတော့ ယူသွားပါ့မယ်၊ ပြဿနာ တစ်ခုခုရှိရင်တော့ ချက်ချင်း အကြောင်းပြန်ပေးပါ့မယ်"

စစ်ဆေးရေးမှူးများသည် နမူနာများကို ယူဆောင်ကာ အလျင်အမြန်ပင် ပြန်သွားကြတော့သည်။ ဟဲယဲ့တည်းခိုခန်းတံခါးဝတွင် ကျောပိုးအိတ်ကိုယ်စီဖြင့် တက္ကသိုလ်ကျောင်းသား တစ်စုသည်ပြန်သွားသော စစ်ဆေးရေးမှူးများနှင့် တိုက်တိုက်ဆိုင်ဆိုင်တိုးလေတော့၏။

"ဘာဖြစ်တာလဲ၊ အစ်ကိုအော်ရိန်းညွှန်းတဲ့ဆိုင်က ပထမဆုံးအကြိမ်ပြဿနာတက်တာလား"

ကျောင်းသားများမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဝေခွဲမရဖြစ်နေကြသည်။ သူတို့သည် အစ်ကိုအော်ရိန်း၏ဆိုင်သုံးသပ်ချက်ဗီဒီယိုကိုကြည့်ပြီး ဟဲယဲ့တည်းခိုခန်းသို့လာရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်၏။ အော်ရိန်းနှင့် ဒန်ဒန်တို့၏ ဗီဒီယိုသည် C-Station ၏ အပတ်စဉ် ကြည့်ရှုသင့်သည့် စာရင်းထဲသို့ ဝင်သွားခဲ့သဖြင့် ကြည့်ရှုသူများစွာ ရရှိခဲ့ပြီး ဟဲယဲ့တည်းခိုခန်းကို သိရှိသူလည်း ပို၍များပြားလာခဲ့သည်။ အကယ်၍ ရော့စ်သာ ဗီဒီယိုကိုပြန်စစ်ကြည့်မည်ဆိုလျှင် ဟဲယဲ့တည်းခိုခန်း၏ လိပ်စာကို အလွယ်တကူရှာတွေ့နိုင်ပေလိမ့်မည်။ အော်ရိန်း၏အဖွဲ့မှာ မှတ်ချက်များနှင့် စာတန်းများကိုစစ်ထုတ်နေသော်လည်း၊ ကြည့်ရှုသူ များပြားလာသည်နှင့်အမျှ ဟဲယဲ့တည်းခိုခန်းအကြောင်း မှတ်ချက်အချို့ ကျန်ရစ်နေခဲ့၏။ သို့သော်လည်း Like အများဆုံးရထားသော မှတ်ချက်များကိုမူ အော်ရိန်းအဖွဲ့မှ ဖျက်ပစ်ခဲ့သည်။ မဟုတ်လျှင် ဤဗီဒီယိုမှာ ကြော်ငြာရိုက်ထားသလိုဖြစ်နေမည်စိုးသောကြောင့် ဖြစ်၏။ ကျောပိုးအိတ်နှင့် ကျောင်းသားလေးမှာခေါင်းကိုကုပ်ရင်း ရှေ့ဆက်လှမ်းလာခဲ့သည်။

"ငါတို့ ဆက်ကြည့်ကြမလား၊ တကယ်ပဲ ပြဿနာရှိရင် ဆိုင်ကိုပိတ်ခိုင်းလိုက်မှာပေါ့"

မုန့်ဆိုင်တံခါးဝသို့ရောက်သောအခါ သူတို့အားလုံး မျက်လုံးပြူးသွားကြသည်။ တံခါးဝမှတောင် ဝင်လို့မရပေ။ တန်းစီနေသူများမှာ ဆိုင်အပြင်ဘက်အထိ ရှည်လျားနေ၏။ လူအုပ်ကြီးမှာ တိုးဝှေ့နေကြသည်။ တန်းစီနေသူများထဲတွင် အမျိုးသား၊ အမျိုးသမီး စုံလင်လှပြီး အမျိုးသားအတော်များများပါ မုန့်ဝယ်ရန် စောင့်နေကြသဖြင့် တန်းစီရာနေရာမှာ ဆူညံ၍အသက်ဝင်နေ၏။ ကျောင်းသားများသည် အဝေးမှနေ၍ ဤမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။ တန်းစီသည့် အဆုံးမှာ ဘယ်နားမှာလဲဟု သူတို့ လိုက်ရှာနေမိသည်။

"ဘာဖြစ်တာလဲ၊ ခုနတင် စစ်ဆေးရေး လာသွားတာ မဟုတ်လား၊ ဘာလို့ လူတွေက တန်းစီနေကြတုန်းလဲ"

ကျောင်းသားတစ်ဦးမှ အံ့ဩတကြီး မေးလိုက်သည်။ အခြားကျောင်းသားတစ်ဦးမှာ လူအုပ်ကိုကြည့်ကာ ခေါင်းမူးသွားဟန်ဖြင့် ပြောလိုက်၏။

"ဒီနေ့ လျှော့စျေးပေးနေတာလား၊ ဒီလောက် လူများနေတာ ငါတို့ ဘယ်လောက်တောင် တန်းစီရမလဲမသိဘူး"

လမ်းသွားလမ်းလာတစ်ဦးမှာ ဤကျောင်းသားများ၏ အံ့ဩနေသော မျက်နှာများကို မြင်သောအခါ သတိပေးလိုက်သည်။

"မောင်ရင်တို့လည်း တန်းစီမလို့လား၊ အခုချက်ချင်းသွားတန်းမစီရင် ဒီနေ့ ဝယ်ရမှာ မဟုတ်တော့ဘူးနော်"

အရေအတွက် ကန့်သတ်ထားသည်ဟု ကြားလိုက်ရသည်နှင့် ကျောင်းသားများမှာ ချက်ချင်းပင်တန်းစီရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့တန်းစီလိုက်သည်နှင့် ဖောက်သည်ဟောင်းတစ်ဦးမှ ပိုင်ရှင်အားမေးနေသည်ကို ကြားလိုက်ရ၏။

"သူဌေးမလေး ခုနစစ်ဆေးရေးကဘာဖြစ်တာလဲ၊ ကျွန်မက ဒါကိုကလေးအတွက်ဝယ်တာ၊ သူဌေးမလေးတို့က လတ်လတ်ဆတ်ဆတ်လုပ်တာမလို့ လာဝယ်တာပါ၊ ကျွန်မကလေးက ဒါကို ခဏခဏ စားနေကျ ဘာပြဿနာမှမရှိဘူးမလား"

စုဟယ် သူတို့စိတ်ချစေရန် ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ဘာပြဿနာမှ မရှိပါဘူး၊ ပုံမှန် စစ်ဆေးတာပါပဲ၊ စိုးရိမ်တယ်ဆိုရင် နောက်ရက်တွေမှာ ဆိုင်ဖွင့် မဖွင့် စောင့်ကြည့်လိုက်ပေါ့၊ တကယ်ပဲ ပြဿနာရှိရင် ကျွန်မဆိုင်ကဆက်ဖွင့်လို့ရပါဦးမလား"

စုဟယ်၏အဖြေကိုကြားရမှ ကျောင်းသားများမှာ စိတ်အနည်းငယ် အေးသွားကြသည်။ သူတို့သည် အော်ရိန်း၏ ပရိသတ်အစစ်အမှန်များဖြစ်ကြ၏။ အကယ်၍ ဟဲယဲ့တည်းခိုခန်းသာ တစ်ခုခုဖြစ်သွားခဲ့လျှင် ၎င်းသည် အော်ရိန်းအပေါ် ဆိုးကျိုးသက်ရောက်နိုင်သည် မဟုတ်ပါလား။ တန်းစီရသည်ကိုမုန်းသော ကျောင်းသားမှ သက်ပြင်းချသည်။

"အော်ရိန်းလာရိုက်တုန်းက ဒီလောက် လူမများပါဘူး၊ ဘာလို့ အခုမှလူတွေဒီလောက် များနေတာလဲ၊ ငါ တန်းမစီချင်ဘူး၊ တန်းစီရတာကို အမုန်းဆုံးပဲ"

"နေဦး ငါ သွားမေးကြည့်မယ်"

သူ့သူငယ်ချင်းမှာ ဤသို့ဆိုကာ လူအုပ်ထဲ တိုးသွားသည်။

"အစ်မကြီး၊ ဒီနေ့ ဘာလို့လူတွေ ဒီလောက် တန်းစီနေကြတာလဲ"

တန်းစီနေရသော အစ်မကြီးမှာလည်း ပျင်းနေသဖြင့် လူငယ်လေးများနှင့် စကားပြောရန် ဝမ်းသာသွားသည်။

"မောင်ရင်တို့က တခြားမြို့ကလာတာလား"

"ဟုတ်ပါတယ်ခင်ဗျ ဘာဖြစ်လို့လဲ ဒီနေ့ ဒေသခံတွေကို လျှော့စျေးပေးနေလို့လား"

ကျောင်းသားမှာ နားမလည်စွာ မေးလိုက်သည်။ တခြားမြို့က လာတာနဲ့ ဘာဆိုင်လို့လဲ။

"သြော် အဲ့ဒါကြောင့်ကိုး၊ ငါတို့ဒေသခံတွေကတော့ အကုန်သိကြတယ်၊ ပြောပြမယ် အရင်နှစ်ရက်က ဒီနားမှာရွှေဆိုင်ဓားပြတိုက်ခံရတယ်လေ၊ အဲ့ဒီမှာ ဒီဆိုင်ရှင်မွေးထားတဲ့ ငှက်ကလေးက ဓားပြတွေကို နှိမ်နင်းလိုက်တာ၊ အဲ့ဒါကြောင့် လူတွေကလာကြည့်ကြတာပေါ့"

အစ်မကြီးမှာ ရှင်းပြလိုက်သည်။

"ရွှေဆိုင် ဓားပြတိုက်တယ်"

ကျောင်းသားများမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စိတ်လှုပ်ရှားသွားကြသည်။ ဒါက အတော်လေး ထူးခြားသည့် ကိစ္စပင်။

"အစ်မကြီး မြန်မြန်ပြောပြပါဦး၊ ဗီဒီယိုရောရှိလား၊ ကျွန်တော်တို့ကိုလည်း တစ်ချက်လောက် ဝေမျှပေးပါဦး"

ကျောင်းသားများမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ ဤသို့ဖြင့် ဗီဒီယို အသီးသီးကိုကြည့်ခဲ့ကြသော လူအုပ်စုနှစ်စုသည် ဟဲယဲ့တည်းခိုခန်းတွင် ဆုံစည်းကြပြီး သတင်းအချက်အလက်များကို အပြန်အလှန်ဖလှယ်ကြလေတော့၏။

"မောင်ရင်တို့ပြောတာက Vloggerတစ်ယောက်က ဒီဆိုင်ကိုလာညွှန်းထားတယ် ဟုတ်လား၊ အိုး တကယ်ကို အံ့ဩဖို့ကောင်းလိုက်တာ"

အစ်မကြီးမှာ ခေတ်ရေစီးကြောင်းကို အမှီလိုက်နိုင်ပြီဟု ခံစားနေရသည်။ ကျောင်းသားများမှာလည်း အမြင်ကျယ်သွားကြ၏။

"ပိုင်ရှင်ရဲ့ ငှက်ကလေးက တကယ် တော်တာပဲ၊ ကျွန်တော်တို့ မြင်ခွင့်ရမလား မသိဘူး"

အစ်မကြီးမှာ သူမသူငယ်ချင်းများထံသို့ Vlogger၏ ဆိုင်သုံးသပ်ချက် အကြောင်းများကို ပြန်လည် ဖောက်သည်ချတော့သည်။ ကျောင်းသားများမှာလည်း ရှောင်ရှီးနှင့် ဓားပြများ၏ဗီဒီယိုကို အော်ရိန်း၏ပရိသတ် Groupထဲသို့ တင်လိုက်ကြ၏။ ဟဲယဲ့တည်းခိုခန်း၏ လူကြိုက်များမှုမှာ တစ်ဖန် ပြန်လည်မြင့်တက်လာပြန်တော့သည်။

112

"ရွှေဆိုင်ဓားပြ" နှင့် "အော်ရိန်း၊ ဒန်ဒန်" တို့၏ တည်းခိုခန်းသုံးသပ်ချက် ဗီဒီယိုနှစ်ခု ပေါင်းစပ်လိုက်သည့် အခါ ဟဲယဲ့ဟိုတယ်၏ လူကြိုက်များမှုနှုန်းမှာ (၃၇၀,၀၀၀) / (၁,၀၀၀,၀၀၀) သို့ ရောက်ရှိသွားခဲ့သည်။ သို့သော်လည်း စုဟယ်မှာမူ စိတ်မပါ့တပါဖြစ်နေပြီး မည်သည့်အရာကိုမျှ စိတ်ဝင်တစားမရှိသလိုခံစားရသည်။ ချောင်လိဖန်းသည် တည်းခိုခန်းအား အကြိမ်ကြိမ် တိုင်ကြားခဲ့သော်လည်း ဟဲယဲ့တည်းခိုခန်းမှာ စစ်ဆေးမှုအားလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့၏။ သို့သော် စုဟယ်မှာမူ ပျော်ရွှင်မှုမရှိလှပေ။

လီရှီ၏ကြိုးပမ်းအားထုတ်မှုကြောင့် အွန်လိုင်းပလက်ဖောင်း၏ Customer Service မှ လုပ်ကြံဝေဖန်ချက်နှစ်ခုကို နောက်ဆုံးတွင် ဖျက်ပေးခဲ့သော်လည်း ချောင်လိဖန်း ကိုယ်တိုင်တည်းခိုပြီးမှ ရေးထားသည့် ဝေဖန်ချက်မှာမူကျန်ရှိနေဆဲဖြစ်သည်။ စုဟယ်သည် အွန်လိုင်းပလက်ဖောင်းကို အခါအားလျော်စွာ ဖွင့်ကြည့်မိပြီး ထိုစိတ်အနှောင့်အယှက်ဖြစ်ဖွယ် မှတ်ချက်ကိုမြင်ရတိုင်း သက်ပြင်းအရှည်ကြီးချမိ၏။ ဤဝေဖန်ချက်ဆိုးကြီးမှာ ဟဲယဲ့တည်းခိုခန်း၏ အသစ်စက်စက် ဆေးသုတ်ထားသော နံရံပေါ်တွင်ကပ်နေသည့် ကြီးမားလှသော ပလာစတာချပ်ကြီးနှင့်တူလှသည်။ ခွာပစ်ချင်သော်လည်းမရရာ စုဟယ်မှာ သူမမျက်လုံးများကိုသာ ဖောက်ထုတ်ပစ်လိုက်ချင်ပြီး ခဏတာလောက် မျက်စိကန်းသွားရင်ကောင်းမှာပဲဟု တွေးမိ၏။

"ရှေ့နေကြီး ကျွန်မဘက်က တကယ်ပဲ ပြန်ပြီး တုံ့ပြန်နိုင်တဲ့နည်းလမ်းမရှိတော့ဘူးလား"

စုဟယ်သည် သူမရှေ့နေထံ ဖုန်းဆက်၍ အကူအညီထပ်တောင်းကြည့်ပြန်သည်။ ရှေ့နေမှာလည်း အနည်းငယ် အကြံအိုက်နေပုံရ၏။

"တကယ်ကို နည်းလမ်းမရှိတာပါဗျာ၊ ဧည့်သည်တွေမှာ တည်းခိုပြီးရင် ဝေဖန်ပိုင်ခွင့်ရှိပါတယ်၊ မကောင်းတဲ့သုံးသပ်ချက်ပေးတာက စိတ်ခံစားမှုနဲ့ ကိုယ်တွေ့အတွေ့အကြုံကို ဖော်ပြတာဖြစ်လို့ အနည်းငယ် ချဲ့ကားပြောဆိုတာ ရှိရင်တောင် ဒါဟာ စော်ကားမှု ဒါမှမဟုတ် အသရေဖျက်မှု အဆင့်အထိတော့ မရောက်သေးပါဘူး"

"ဒါပေမဲ့ သူမက ပုံအမှားတွေ တင်ထားပြီး အချက်အလက်တွေကို လုပ်ကြံဖန်တီးထားတာလေ"

ဖုန်းထဲမှတစ်ဆင့် ရှေ့နေမှာ တတ်နိုင်သမျှ ရှင်းလင်းအောင် ရှင်းပြနေသည်။

"ဒါပေမဲ့ သူဌေးမလေးပြောပြချက်အရ တည်းခိုခန်းမှာ အရေပြားရောဂါရှိတဲ့ ဧည့်သည် တကယ်ရှိခဲ့တာပဲမဟုတ်လား၊ ပုံတွေက အတုဖြစ်နေရင်တောင် အဆိုးဆုံးအနေနဲ့ အချက်အလက်တွေကို ချဲ့ကားပြောဆိုတယ်လို့ပဲ သတ်မှတ်လို့ရပါတယ်"

ရှေ့နေ အကြံသစ်တစ်ခု ပေးလာသည်။

"ဒါပေမဲ့ အဲ့ဒီ အရေပြားရောဂါရှိတဲ့ ဧည့်သည်ကိုတော့ တရားစွဲခိုင်းလို့ရပါတယ်၊ သူဌေးမလေး ပြောပြချက်အရဆိုရင် အစ်မချောင်က လူနာကို တိုက်ခိုက်စော်ကားခဲ့တာဖြစ်လို့ ဒါဟာ ပုဂ္ဂိုလ်ရေးအရ စော်ကားမှုလို့ သတ်မှတ်လို့ရပါတယ်"

"ဒါကတော့ လုံးဝမဖြစ်နိုင်တာပဲ၊ ယွီယွမ်ဖေးက ကြည်ကြည်ဖြူဖြူလုပ်ပါ့မလားဆိုတာထားပါဦး၊ လူနာတစ်ယောက်အတွက် တရားစွဲတယ်ဆိုတာက အဲ့ဒီမြင်ကွင်းကိုပြန်တွေးခိုင်းသလို ဖြစ်နေမှာ၊ ဒါက ဒဏ်ရာဟောင်းကို ပြန်ဆွပေးသလို ဖြစ်နေလိမ့်မယ်"

စုဟယ်သည် ယွီယွမ်ဖေးကို ဤကိစ္စထဲ ဆွဲမသွင်းချင်ပေ။

"ဒါဆို ခြိမ်းခြောက်ငွေညှစ်မှုမြောက်ဖို့တောင် မလုံလောက်ဘူးလား"

စုဟယ် အလျှော့မပေးဘဲမေးပြန်သည်။

"မမြောက်ပါဘူးဗျာ"

ရှေ့နေသည် စုဟယ်၏ခံစားချက်ကို နားလည်ပါသော်လည်း ဥပဒေပြဋ္ဌာန်းချက်များအရ ချောင်လိဖန်း၏လုပ်ရပ်မှာ ဥပဒေကို ဖောက်ဖျက်ခြင်းမရှိပေ။ သူမတွင် ကိုယ်ကျင့်တရားမရှိခြင်းသာ ဖြစ်သည်ဟု ဆိုရမည်။

"ဟင်း"

စုဟယ် ခေါင်းကိုက်သွားရသည်။ သူမသည် ချောင်လိဖန်းကို ဥပဒေအရ အပြစ်မပေးနိုင်လျှင် ဤအတိုင်းပဲ လွှတ်ထားရတော့မည်လော။

"ဥပဒေက အလုပ်မဖြစ်ရင် ငါနာမ်ပိုင်းဆိုင်ရာနည်းသုံးမယ် "

စုဟယ် တိုးတိုးလေးရေရွတ်လိုက်သည်။ တည်းခိုခန်းမှာ ဘာမှဆုံးရှုံးမှုမရှိသော်လည်း သူမမှာ ကလဲ့စားချေချင်စိတ်ပြင်းပြနေ၏။ မစ္စကျိသည် ယနေ့တွင် မွေးနေ့အခမ်းအနားနှစ်ခုကို ဆောင်ရွက်ပေးရန် ရှိသည်။ မွေးနေ့ဦးထုပ်လေး ဆောင်းထားသော မိန်းကလေးငယ်လေးမှာ ဟဲယဲ့တည်းခိုခန်းမှမုန့်လေးကို ကိုင်ထားရင်း ဝတ်ရုံရှည်ကြီးဝတ်ဆင်ကာ မျက်နှာဖုံးစွပ်ထားသည့် မစ္စကျိ၏ဆုတောင်းအကကို ပျော်ရွှင်စွာကြည့်နေ၏။ မီးပုံကြီး၏အပူရှိန်ကြောင့် လူတိုင်းနွေးထွေးနေကြပြီး မိန်းကလေးငယ်လေး၏ မျက်နှာလေးမှာ မီးရောင်အောက်တွင် နီမြန်းနေသည်။ သူမအနေဖြင့် ဟဲယဲ့တည်းခိုခန်းမှာ အလွန်ပျော်စရာကောင်းသည်ဟု ထင်နေမိ၏။

လွန်ခဲ့သောနှစ်ရက်၌ သူမမိဘများမှာ သူမကိုယုံမြစ်သို့ ပင်လယ်ရူခင်းကြည့်ရန် ခေါ်သွားကြပြီး ညနေတိုင်း တည်းခိုခန်းတွင် လက်ရေးလှသင်တန်း တက်ခဲ့ရသည်။ ယခုအခါ စိတ်ဝင်စားစရာကောင်းသော အခမ်းအနားပါရှိနေပြီဖြစ်ရာ သူမအနေဖြင့် မွေးနေ့တိုင်းကို ဤကဲ့သို့ ပျော်ရွှင်ချင်နေမိ၏။ မိန်းကလေးငယ်လေးသည် မစ္စကျိ က‌နေသည်ကို ကြည့်ရင်း သေသေချာချာ ဆုတောင်းလိုက်သည်။ မိဘများမှာလည်း သူမ၏လှပသော အခိုက်အတန့်ကို ဖုန်းဖြင့်မှတ်တမ်းတင်ပေးနေကြ၏။ မီးပုံဘေးတွင် လျှို့ဝှက်ဆန်းပြားသော ကချေသည်မှာ ရိုးရာဟန်အပြည့်ဖြင့် လွတ်လပ်ပေါ့ပါးစွာ ကပြနေပြီး အရာအားလုံးမှာ ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ မိန်းကလေးငယ်၏ မျက်ဝန်းလေးများမှာ လှပသောဆုတောင်းများဖြင့် တောက်ပနေ၏။ သူမသည် မျက်လုံးလေးများကို ညင်သာစွာမှိတ်လိုက်ပြီး နှစ်သစ်တွင် သူမအိပ်မက်များ ပြည့်ဝပါစေကြောင်း တိုးတိုးလေးဆုတောင်းလိုက်သည်။

မိဘများမှာလည်း မိန်းကလေးငယ်၏ ပျော်ရွှင်မှုကိုကြည့်ကာ သူတို့သားသမီးများ အနာဂတ်တွင် လင်းလက်တောက်ပပြီး ပျော်ရွှင်ကျန်းမာပါစေကြောင်း ဆုတောင်းပေးနေကြသည်။ ဤသည်မှာ မိသားစုဝင်များ မီးပုံဘေးတွင် စုဝေးကာ နွေးထွေးမှုနှင့် ပျော်ရွှင်မှုကို ဝေမျှနေကြသည့် လှပသော ညတစ်ညပင် ဖြစ်သည်။ ပျော်ရွှင်မှုတွင် နှစ်မြုပ်နေသော ဤမိသားစုမှာ ထောင့်စွန်းတစ်နေရာတွင် ပုန်းကွယ်နေပြီး သူတို့၏မွေးနေ့အခမ်းအနားတွင် တိတ်တဆိတ်ပါဝင်နေသည့် အမှောင်ရိပ်တစ်ခုကိုမူ သတိမထားမိကြပေ။ စုဟယ်သည် ခရမ်းသီးပင်နှင့် ပဲတောင့်ရှည်ပင်များဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ တတွတ်တွတ် ရေရွတ်နေသည်။

"ပြန်ကန်စေ ပြန်ကန်စေ၊ မကောင်းမူတွေ အကုန်ပြန်ကန်စေ "

"ပြုသူအသစ် ဖြစ်သူအဟောင်း ဝဋ်လည်ပါစေ ဝဋ်လည်ပါစေ "

ဤသည်မှာ သူမဒုတိယအကြိမ်မြောက် အခမ်းအနားကို ခိုးဝင်ခြင်းဖြစ်သည်။ ချောင်လိဖန်းကို တစ်ကြိမ်လေးတောင် ကျိန်စာမတိုက်နိုင်ဘူးဆိုတာ သူမ မယုံကြည်နိုင်ပေ။

"ဟတ်ချိုး"

ချောင်လိဖန်း နှာချေလိုက်သည်။ မကြာခင်က သူမသည် အတော်လေးကံဆိုးနေသည်ဟု ခံစားနေရပြီး ၎င်းမှာ ဟဲယဲ့တည်းခိုခန်းမှာ သူမကံဇာတာကို နှောင့်ယှက်နေခြင်းဖြစ်ရမည်ဟု တွေးမိသည်။ ချောင်လိဖန်းသည် တွေးလေလေ ဒေါသထွက်လေဖြစ်သော်လည်း ဘာမှတော့ မတတ်နိုင်ပေ။ သူမအနေဖြင့် တိုင်ကြားနိုင်သမျှနေရာတိုင်းကို ဖုန်းဆက်ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ သူမသည် ယခင်က ထိုကဲ့သို့သော လှည့်ကွက်များဖြင့် အကျိုးအမြတ်များစွာရဖူး၏။ ဥပမာအားဖြင့် ပစ္စည်းတစ်ခုသက်တမ်းကုန်ခါနီးအထိ တမင်စောင့်ပြီးမှ ဝယ်ယူခြင်း၊ သို့မဟုတ် ဟင်းပွဲများစွာကို မှာယူပြီးနောက် အစားအသောက်ထဲတွင် ယင်ကောင်ပါသည်ဟု စွပ်စွဲခြင်း စသည်ဖြင့် အပြင်ထွက်တိုင်း အလကားရအောင် အမြဲကြိုးစားလေ့ရှိသည်။

သို့သော် ဟဲယဲ့တည်းခိုခန်းတွင်မူ သူမ ကျရှုံးခဲ့ရသည့်အပြင် သူမ၏ကိုယ်ပိုင်ကံဇာတာပါ နိမ့်ကျသွားခဲ့သည်။ မနက်အိပ်ရာထချိန်တွင် ဆံပင်အခြောက်ခံစက်နှင့် ဆံပင်များငြိမိပြီး တစ်ခေါင်းလုံး လောင်ကျွမ်းလုနီးပါးဖြစ်ခဲ့ရ၏။ အလုပ်သွားရန် ထွက်လာချိန်တွင်လည်း သူမကားတွင် ဒဏ်ကြေးလက်မှတ် ကပ်ထားသည်ကို တွေ့ရသည်။ နှစ်ပေါင်းများစွာ စစ်ဆေးခြင်းမရှိသည့် နေရာတွင် ယာဉ်ထိန်းရဲမှာ ရုတ်တရက် ပေါ်လာခြင်းဖြစ်၏။ စိတ်ပျက်လက်ပျက်ဖြင့် ဘတ်စ်ကားမှတ်တိုင်သို့ လမ်းလျှောက်သွားသော်လည်း နာရီဝက်ကြာ စောင့်ဆိုင်းခဲ့သည့်တိုင်အောင် ဘတ်စကားမှာ ရောက်မလာသဖြင့် တက္ကစီငှားစီးခဲ့ရသည်။ သို့သော် ကားပေါ်တက်လိုက်သည့်အချိန်တွင် သူမပိုက်ဆံအိတ် ပျောက်ဆုံးနေသည်ကို သတိထားမိတော့၏။ ငွေသားများ၊ ဘဏ်ကတ်များနှင့် မှတ်ပုံတင်များ အားလုံးပါသွားပြီဖြစ်သည်။

သူမအိတ်ကို လိုက်ရှာပေးရန် ယာဉ်မောင်းအား ဖုန်းဆက်ခဲ့ရသည်။ သဘာဝကျစွာပင် သူမအလုပ်နောက်ကျသွားခဲ့ပြီး သူဌေး၏ ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းခြင်းကိုခံခဲ့ရ၏။ နောက်ဆုံးတွင် သူမစားပွဲခုံသို့ ပြန်ရောက်သောအခါ ထိုင်ရုံရှိသေး သူမအသစ်ဝယ်ထားသော စကတ်ပေါ်သို့ ကော်ဖီများမှောက်ကျသွားသဖြင့် တစ်မနက်လုံးအရှက်ရနေခဲ့ရသည်။

နေ့လယ်စာစားချိန်တွင် အနီးနားရှိ စားသောက်ဆိုင်သို့သွားရန် ဆုံးဖြတ်ခဲ့၏။ နာရီဝက်ကြာ တန်းစီစောင့်ဆိုင်းခဲ့သော်လည်း သူမအလှည့်ရောက်ခါနီးမှ ဟင်းပွဲများကုန်သွားတော့သည်။ အလုပ်ဆင်းချိန်တွင်လည်း လေပြင်းများ၊ မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် ကြုံတွေ့ရပြီး တစ်ကိုယ်လုံးစိုရွှဲသွားခဲ့၏။ ထို့ပြင် မတော်တဆ ခွေးချေးကို နင်းမိခဲ့သဖြင့် သူမဖိနပ်နှင့် ခြေအိတ်များပါ အကုန်ပေပွကုန်သည်။

သူမသားဖြစ်သူသည်လည်း ကျောင်းမှ ပြန်လာရာတွင် မျက်နှာကိုအုပ်ကာ ပြန်လာသည်။ စစ်ဆေးကြည့်လိုက်သောအခါ ပျားတုပ်ခံထားရသဖြင့် ပါးစပ်ဟ၍မရ စကားပြော၍မရဖြစ်နေရှာ၏။ အဆိုးဆုံးမှာ လမ်းတွင်တုပ်ခံရခြင်းဖြစ်သဖြင့် ကျောင်းထံမှ နစ်နာကြေး တောင်း၍မရခြင်းပင်။ ယနေ့သည် သူမ၏ကံဆိုးမှုများအတွက် အစပျိုးရုံသာရှိသေးသည်ကို ချောင်လိဖန်းတစ်ယောက် မသိရှိရှာသေးပေ။

All Chapters