အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
113
နှစ်စဉ်ကျင်းပမြဲဖြစ်သော အမျိုးသားနေ့ အားလပ်ရက်ရှည်ကြီးမှာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ စုဟယ်မှာ အတော်လေး နှမြောတသဖြစ်နေမိသည်။ ယခုနှစ်၏ဒုတိယနှစ်ဝက်တွင် အခြားအားလပ်ရက်များမရှိတော့ဘဲ နှစ်သစ်ကူးနေ့ရောက်မှသာ သုံးရက်တာ အားလပ်ရက်တိုလေးကို စောင့်ရမည်ဖြစ်၏။ တည်းခိုခန်းတစ်ခုလုံး ဧည့်သည်များဖြင့် ပြည့်နှက်နေသော ဤခံစားချက်ကို သူမ အမှန်တကယ် လက်မလွှတ်နိုင်ပေ။
"လီရှီ၊ နင် နားရက်ယူချင်လား"
စုဟယ် မေးလိုက်သည်။ အမျိုးသားနေ့ အားလပ်ရက်အတွင်း လီရှီမှာ တစ်ရက်မှ မနားခဲ့ရပေ။ အားလပ်ရက် ကုန်ဆုံးသွားသော်လည်း ယခုအပတ်တွင် အစားထိုး အားလပ်ရက် တစ်ရက် ရှိသေးသဖြင့် အလုပ်သမား အများစုမှာ ပိတ်ရက်တွင် တစ်ရက် ပိုအလုပ်လုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် တည်းခိုခန်းတွင် ဧည့်သည် အလွန်အမင်း မများလှသဖြင့် သူမတစ်ယောက်တည်း ဧည့်ကြိုကောင်တာတွင် ကိုင်တွယ်နိုင်ပေ၏။ လီရှီ ရက်စွဲကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် သူဌေး၊ ကျွန်တော်လည်း မိဘတွေကို ခရီးလေး ဘာလေးလိုက်ပို့ချင်နေတာ၊ လူမရှုပ်တဲ့ အချိန်ခရီးသွားရတာဆိုတော့ ပိုကောင်းတာပေါ့"
အားလပ်ရက်များမှာ တည်းခိုခန်း၏ အလုပ်အများဆုံးအချိန်ဖြစ်သဖြင့် လီရှီအနေဖြင့် အားလပ်ရက်ကုန်ဆုံးပြီးမှသာ အစားထိုးအားလပ်ရက်ကို ယူနိုင်သည်။ စုဟယ်သည် ဝန်ထမ်းများ၏ အားလပ်ရက်ကို ဖြတ်တောက်လေ့မရှိသည့်အပြင်၊ အချိန်မီ မနားရခြင်းအတွက် အပိုဆုကြေးများကိုပါ လျော်ကြေးအနေဖြင့် ပေးလေ့ရှိ၏။ လီရှီ ခွင့်ယူသွားသဖြင့် ယာယီဝန်ထမ်းများဖြစ်သော အစ်မကျန်း၊ တုန်ကျန်း၊ မေကျဲ၊ လျိုရှန်းနှင့် အခြားသူများမှာလည်း အလှည့်ကျ ခွင့်ယူကြလိမ့်မည်။ စုဟယ်သည် တည်းခိုခန်းတွင် ကျန်ရှိသော ဝန်ထမ်းအင်အားကို ကြည့်ရင်း ကတ်ဇာတ်ကောင် အသစ်များကို ခေါ်ယူရန် အချိန်တန်ပြီဟု ခံစားလိုက်ရသည်။
ရှောင်ရှီးမှာ ဗီရိုပေါ်တွင် ရပ်နေရင်း ကြီးကြပ်သူတစ်ဦးအလား အမူအရာ လုပ်နေသည်။ ပြီးခဲ့သည့် အတွေ့အကြုံများအရ ရှောင်ရှီးမှာ ၎င်း၏ ညီအစ်ကိုများကို ခေါ်ယူနိုင်ရန် မျှော်လင့်ချက် သိပ်မထားတော့သော်လည်း ဗီရိုပေါ်တွင် ရပ်နေရန်ကိုမူ ရွေးချယ်ထားဆဲပင်။ ၎င်းသည် ဟဲယဲ့တည်းခိုခန်း၏ ဝန်ထမ်းသစ် ခေါ်ယူသည့် မြင်ကွင်းကို ကြည့်ရှုလိုနေခြင်းဖြစ်သည်။ ကတ်ဆွဲခြင်းသည် သူမ ထိန်းချုပ်၍မရဘဲ ကံတရားအပေါ်၌သာ မူတည်နေသည်ကို စုဟယ် သိထားသဖြင့် စာအုပ်စင်ပေါ်မှ စာအုပ်တစ်အုပ်ကို ကျပန်း ဆွဲထုတ်လိုက်၏။ အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် စုဟယ်သည် ကတ်ဇာတ်ကောင် တစ်ဦးကို အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့သည်။
စနစ် အသိပေးချက် : ကတ်ဆွဲခြင်း အောင်မြင်ပါသည်။
အတွေ့အကြုံရှိနေပြီဖြစ်သော စုဟယ်သည် စနစ်မျက်နှာပြင်ကို တိုက်ရိုက်ပင် ဖွင့်ကြည့်လိုက်သည်။
ဇာတ်ကောင်ကတ် - ဝက်သစ်ချပင်
ဇာတ်ကောင်မိတ်ဆက် - ကျွမ်းကျီ - လူ့လောက မှဖြစ်သည်၊ ၎င်း၏ အရိပ်သည် နွားထောင်ပေါင်းများစွာကို ဖုံးလွှမ်းနိုင်၏၊ လုံးပတ်မှာ လက်တစ်ရာစာရှိ၏၊ တောင်ထက်တွင် အမြင့် ဆယ်ရင်း အထိ တက်ပြီးမှ အကိုင်းအခက်များ ဖြာထွက်ပြီး လှေလုပ်ရန် သုံးနိုင်သည့် အကိုင်းအခက်များမှာ ဆယ်ခုထက်မက ရှိ၏။
ရှားပါးမှုအဆင့် - အဆင့်မြင့်
လက်ရှိအဆင့် - ကြယ်တစ်ပွင့်
ထင်ရှားသော စွမ်းရည် - ဝက်သစ်ချပင်၏ အိမ်မက်
စုဟယ်မှာ ဆွံ့အသွားရသည်။ ခြေသုံးချောင်းရွှေကျီးကန်း ဖြစ်သော ရှောင်ရှီးလေးကို ဆွဲမိသည်မှာ တစ်မျိုးပေါ့၊ ရွှေကျီးကန်းမှာ နတ်ဘုရား သတ္တဝါတစ်မျိုး မဟုတ်ပါလား။ ဒါပေမဲ့ အခုတော့ သစ်ပင်တစ်ပင်ကို ဘယ်လိုဖြစ်ပြီး ဆွဲမိတာလဲ။ သစ်ပင်လည်း ဇာတ်ကောင်ကတ် ဖြစ်နိုင်လို့လား။
"စနစ် ဒါက ချို့ယွင်းချက်တစ်ခု မဟုတ်ဘူးဆိုတာသေချာလား၊ အကြောင်းအရာက လုံးဝကို မကိုက်ညီတော့ဘူး၊ ရှင်က 'ဇာတ်ကောင်ကတ်' လို့ ရှင်းရှင်းလင်းလင်း ရေးထားတယ် မဟုတ်လား၊ ဒါကြီးက ဘယ်လိုဖြစ်ပြီး သစ်ပင် ဖြစ်နေရတာလဲ"
စုဟယ်မှာ စနစ်မျက်နှာပြင်ကို လက်ဖြင့် ထိပြ မေးလိုက်သည်။ စနစ်မှာတော့ အသေကောင်လို ငြိမ်သက်နေပြီး စုဟယ်ကို ဘာမှ ပြန်မဖြေပေ။ စုဟယ်သည် စာအုပ်ကို ပိတ်လိုက်သည်။ ဤစာအုပ်မှာ အထက်တန်းကျောင်းသုံး တရုတ်စာ အပိုဖတ်စာအုပ်ဖြစ်၏။ စုဟယ်သည် ဝိဇ္ဇာတွဲကို လေ့လာခဲ့သူဖြစ်ပြီး သင်္ချာတွင် သိပ်မတော်လှသဖြင့် ဝိဇ္ဇာဘာသာရပ်များတွင်သာ ပို၍ အားစိုက်ခဲ့ရသည်။ အထက်တန်းကျောင်း တရုတ်စာ စာမေးပွဲများတွင် ရှေးဟောင်းတရုတ်စာ ဖတ်ရှုခြင်းကို စစ်ဆေးလေ့ရှိ၏။ အမှတ်ပိုရရန်အတွက် သူမသည် အထက်တန်းကျောင်းတွင် တရုတ်စာ အပိုဖတ်စာအုပ်များကို ဝယ်ယူလေ့လာခဲ့ခြင်းဖြစ်သည်။ ဤစာအုပ်တွင် ကျွမ်းကျီ ရေးသားခဲ့သော ဆောင်းပါးများစွာ ပါဝင်၏။
ကျွမ်းကျီ နှင့် ပတ်သက်၍ စုဟယ် မှတ်မိသည်မှာ 'မြောက်ပင်လယ်၌ ငါးတစ်ကောင် ရှိ၏' နှင့် 'ကျွမ်းကျီ လိပ်ပြာအိပ်မက် မက်ခြင်း' တို့သာ ရှိသည်။ ဤသစ်ပင်၏ ဇစ်မြစ်က ဘယ်ကလဲ။ စုဟယ်သည် စာအုပ်ထဲမှ အကြောင်းအရာများကို လုံးဝ မေ့သွားခဲ့ပြီဖြစ်သည်။ သူမသည် စနစ်မှ ပေးထားသော ဇာတ်ကောင်မိတ်ဆက်ကို ကြည့်ကာ တစ်လုံးချင်း အဓိပ္ပာယ် ဖော်ကြည့်မိသည်။
" '၎င်း၏ အရိပ်သည် နွားထောင်ပေါင်းများစွာကို ဖုံးလွှမ်းနိုင်၏' ဆိုတာက ဒီသစ်ပင်က အရမ်းကြီးလွန်းလို့ သူ့ရဲ့အရိပ်က နွားထောင်ပေါင်းများစွာကို ခိုလှု
ံခွင့်ပေးနိုင်တယ်လို့ ဆိုလိုတာပဲ"
စုဟယ် အသက်ကို ပြင်းပြင်းရှူလိုက်မိသည် ။
"ဟင်း"
ကျွမ်းကျီပီပီ သစ်ပင်တစ်ပင်ကိုတောင် ဒီလောက်ကြီးမားအောင် ဖော်ပြထားတာပဲ။ သူမနယ်ဘက်မှာတုန်းက နွားတွေကို မြင်ဖူးသည်။ နွားတစ်ကောင်တည်းတောင် အတော်လေးကြီးမားလှ၏။ နွားထောင်ပေါင်းများစွာကို အရိပ်ပေးနိုင်သောသစ်ပင်ဆိုလျှင် ဟဲယဲ့တည်းခိုခန်းထက်တောင် ပိုကြီးနေမည် မဟုတ်ပါလား။ ဟဲယဲ့တည်းခိုခန်းမှာဒီဝက်သစ်ချပင်ကြီးကို ဆံ့နိုင်ပါ့မလား။
"'လုံးပတ်မှာ လက်တစ်ရာစာရှိ၏' ဆိုတော့ သစ်ပင်ရဲ့ ပင်စည်က ပေတစ်ရာလောက် ထူတယ်လို့ ဆိုလိုတာ၊ (၁) မီတာ = (၃) ပေ ဆိုတော့၊ ပေ (၁၀၀) = (၁၀၀) / (၃) = (၃၃.၃၃) မီတာပေါ့!"
စုဟယ်သည် တွက်ချက်ရင်းနှင့် ပို၍ ထိတ်လန့်လာသည်။ စုဟယ်သည် နောက်ဆုံးတစ်ဝက်ကို ဆက်လက် အဓိပ္ပာယ်ဖော်ကြည့်၏။
"သစ်ပင်က တောင်ထိပ်လောက်တောင် မြင့်တယ် ဟုတ်လား၊ မြေပြင်ကနေ မီတာအတော်များများမြင့်ပြီးမှ အကိုင်းတွေ စထွက်တာ ပြီးတော့ လှေလုပ်ဖို့ သုံးနိုင်တဲ့ အကိုင်းအခက်တွေတောင် ဆယ်ခုကျော်ရှိတယ်တဲ့"
စုဟယ် အဓိပ္ပာယ်ဖော်လေလေ၊ စိတ်လေးလေလေ ဖြစ်လာသည်။ ဝက်သစ်ချပင်၏ အကိုင်းအခက် တစ်ခုတည်းမှာတင် လှေတစ်စင်း လုပ်နိုင်တယ်ဆိုရင် ဟဲယဲ့တည်းခိုခန်းကို မြေပြင်ကနေဆွဲထုတ်ပြီး ဒီအပင်ပေါ်မှာ တင်ထားလိုက်ရုံပဲပေါ့။ ဟဲယဲ့တည်းခိုခန်းကို မွမ်းမံထားတဲ့နော်ဧသင်္ဘောအဖြစ် ပြောင်းလိုက်ရုံသာရှိတော့သည်။ စူးဟယ်မှာ ခက်ခဲမှုကြားမှာ ဟာသလုပ်တွေးနေမိ၏။ ဒီလောက်ကြီးမားတဲ့ သစ်ပင်ကြီးမှာ ဟဲယဲ့တည်းခိုခန်းထဲကို ဘယ်လိုဝင်မှာလဲ။
စုဟယ်သည် တည်းခိုခန်းဝန်ထမ်းများ၏ အလုပ်ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးရန်အတွက် ကတ်ဇာတ်ကောင်များကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။ အကယ်၍ ဤဝက်သစ်ချပင်ကြီးမှာ တကယ်ပင် ထိုမျှလောက် ကြီးမားနေမည်ဆိုလျှင် ၎င်းအား ဟဲယဲ့တည်းခိုခန်းထဲသို့ ဆွဲသွင်းရန်မှာတင် ဝန်ထမ်းများအတွက် ပြဿနာတစ်ခု ဖြစ်နေပေလိမ့်မည်။
"သေပြီ ဒီအပင်ကြီးက တံခါးဝမှာ ရောက်နေပြီလား မသိဘူး"
စုဟယ်အချိန်ကို ကြည့်လိုက်သည်။ စနစ်မှ ဇာတ်ကောင်မိတ်ဆက်ကို အဓိပ္ပာယ်ဖော်ပြီး အချိန်မှာ (၃) မိနစ်၊ (၄) မိနစ်လောက် ကုန်လွန်သွားပြီဖြစ်သည်။ စနစ်၏ထုံးစံအရ ကတ်ဆွဲပြီးသည်နှင့် ဇာတ်ကောင်များမှာ တည်းခိုခန်းတံခါးဝတွင် ချက်ချင်း ရောက်လာတတ်၏။ ဒီလောက်ကြီးတဲ့ အပင်ကြီးမှာ တည်းခိုခန်းကို ပိမိမသွားဖို့သာ သူမ မျှော်လင့်မိသည်။ စုဟယ်သည် တံခါးအပြင်သို့ အပြေးထွက်သွားရာ ရှောင်ရှီးမှာ သူမအရှိန်ကို မမီနိုင်လုနီးပါး ဖြစ်သွား၏။
"ဘာကို ဆွဲမိလို့ ဒီလောက်တောင် ပျာယာခတ်နေတာလဲ"
ရှောင်ရှီး အနည်းငယ်မနာလိုဖြစ်ကာ မေးလိုက်သည်။ သူ့ကို ပထမဆုံးအကြိမ်ဆွဲမိတုန်းမှာ စုဟယ်မှာ လုံးဝ ပြင်ဆင်ထားခြင်းမရှိဘဲ သူ့အား မကောင်းဆိုးဝါးတစ်ကောင်လို ဆက်ဆံခဲ့သည်ကို သူကောင်းကောင်း မှတ်မိနေသည်။ ရှောင်ရှီးသည် တွေးလေ စိတ်တိုလေဖြစ်နေမိ၏။ စုဟယ်မှာ သူ့အားရှင်းပြရန် အချိန်မရှိသဖြင့် ဟဲယဲ့တည်းခိုခန်း တံခါးဝသို့ပြေးသွားကာ အခြေအနေကို ကြည့်လိုက်သည်။ ဟဲယဲ့တည်းခိုခန်း၏အမိုးမှာ နဂိုအတိုင်း ရှိနေသည်ကို သေသေချာချာ အတည်ပြုပြီးမှသာ စုဟယ် သက်ပြင်းချနိုင်တော့သည်။ ဝက်သစ်ချပင်ကြီး ရောက်မလာသေးပုံ ရ၏။
"ဒါနဲ့ အဲ့ဒါက ဘာကြီးလဲ"
ရှောင်ရှီး မကျေမနပ် မေးသည်။ စုဟယ်သည် သူမ၏ အသက်ရှူနှုန်းကို ဖြည်းဖြည်းချင်း ထိန်းလိုက်ပြီး ပြန်ဖြေ၏။
"သစ်ပင်တစ်ပင်ပါ"
"သစ်ပင် ဘာသစ်ပင်လဲ၊ ဖူစန်းပင် လား"
ရှောင်ရှီး အနည်းငယ်စိတ်လှုပ်ရှားသွားသည်။ ၎င်းသည် ဖူစန်းပင်ပေါ်တွင် ရှင်သန်ခဲ့သူဖြစ်ရာ အကယ်၍ ဖူစန်းပင်သာဆိုလျှင် အလွန်ကောင်းပေလိမ့်မည်။ စုဟယ် ခေါင်းခါလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ဝက်သစ်ချပင်ပါ"
ရှောင်ရှီးသည် တောင်ပံများကိုပြန်ရုတ်လိုက်ပြီး စုဟယ်၏ပခုံးပေါ်တွင် နားလိုက်ကာ စိတ်ဝင်စားမှု လျော့နည်းသွားသည်။
"ဝက်သစ်ချပင်ပေါ့လေ၊ အေးလေ၊ ဒါဆို ငါ အဲ့ဒီပေါ်မှာ အသိုက်လုပ်မယ်"
ဝက်သစ်ချပင်မှာ သာမန်သစ်ပင်မျိုးဖြစ်သဖြင့် ရှောင်ရှီးမှာ အနည်းငယ် အထင်သေးသော်လည်း သဘာဝသစ်ပင်သည် စုဟယ်၏အခန်းထဲမှ ဗီရိုထက်တော့ အမြဲတမ်းပိုကောင်းသည်။ သူသည် ပို၍ခမ်းနားသော ငှက်သိုက်ကို လိုချင်နေမိ၏။
"ဝန်ထမ်းသစ်ကို အနိုင်မကျင့်ရဘူးနော်၊ ဟုတ်ပြီလား"
စုဟယ် သူ့ကို သတိပေးလိုက်သည်။ သို့သော် ရှောင်ရှီးမှာ တရားမျှတဟန်ဖြင့်ပြန်ပြောသည်။
"ငှက်တွေက သစ်ပင်ပေါ်မှာနေတာ သဘာဝပဲ၊ သစ်ပင်တွေကလည်း ငှက်တွေ အသိုက်လုပ်ဖို့အတွက်ပဲလေ၊ သစ်ပင်ပေါ်မှာနေတဲ့ ငှက်တစ်ကောင်က အနိုင်ကျင့်တယ်လို့ ဘယ်လိုလုပ်ပြောလို့ရမှာလဲ"
လူတစ်ယောက်နှင့် ငှက်တစ်ကောင်မှာ ဟဲယဲ့တည်းခိုခန်း တံခါးဝတွင် ရပ်ကာ ငြင်းခုံနေကြသည်။ (၁၅) မိနစ် ကုန်လွန်သွားသော်လည်း စုဟယ်မှာ ဝက်သစ်ချပင်ကြီးကို မမြင်ရသေးပေ။
"ဝက်သစ်ချပင်ကြီးကို ရဲတွေဖယ်သွားတာလားမသိဘူး"
စုဟယ် အနည်းငယ်စိုးရိမ်လာသည်။ စနစ်မှာ ယခင်ကမှားယွင်းဖူးခြင်းမရှိသဖြင့် ဝက်သစ်ချပင်မှာ ယခုအချိန်တွင် ဟဲယဲ့တည်းခိုခန်းသို့ ရောက်နေသင့်ပြီ ဖြစ်သည်။ ဝက်သစ်ချပင်ကြီး ဟဲယဲ့တည်းခိုခန်းတံခါးဝမှာ ပေါ်လာမည့် အရေးကိုတွေးမိရင်း စုဟယ်၏ စိတ်မှာ ကယောင်ကတမ်းဖြစ်နေ၏။ နိုင်ငံတော်၏ ပြဋ္ဌာန်းချက်များအရ သက်တမ်း (၁၀၀) ကျော်သော သစ်ပင်များကို ရှေးဟောင်းသစ်ပင်များအဖြစ် သတ်မှတ်ပြီး စိတ်ကြိုက် ခုတ်လှဲ၍မရပေ။ သက်တမ်း(၁၀၀) ရှိသော ထင်းရှူးပင်နှင့် ဟော်သွန်းပင်များပင်လျှင် အချင်း (၅၀)၊ (၆၀) စင်တီမီတာခန့်သာရှိသည်။ လုံးပတ် လက်တစ်ရာစာရှိသော သစ်ပင်ဆိုလျှင် သေချာပေါက် အမျိုးသားအဆင့် ပထမတန်းစား ရှေးဟောင်းသစ်ပင်အဖြစ် သတ်မှတ်ခံရပေလိမ့်မည်။
ဖြတ်သွားဖြတ်လာသူတိုင်းမှာ ဟဲယဲ့တည်းခိုခန်းရှေ့တွင် ဤမျှထူထဲသော ဝက်သစ်ချပင်ကြီးရှိနေသည်ကိုမြင်လျှင် ထိုသစ်ပင်မှာ အလွန်တန်ဖိုးရှိကြောင်း သိကြလိမ့်မည်ဖြစ်ပြီး ရဲကိုတောင် တိုင်မိနိုင်သည်။ စောင့်ရင်းနှင့် စိတ်ပူလာသဖြင့် စုဟယ်သည် ရဲစခန်းသို့ သွားကာ အဖမ်းခံရန်ပင် စဉ်းစားနေမိ၏။ သူမ တကယ်ပဲ ရှေးဟောင်းသစ်ပင်ကြီးကို ခုတ်လှဲခဲ့တာမဟုတ်ပါဘူး။
114
စုဟယ်သည် ရှောင်ရှီးကို ခေါ်ပြီး ရဲစခန်းသို့ သွားရန် ပြင်လိုက်သော်လည်း လမ်းတစ်ဝက်တွင် ဖုန်းဝင်လာခဲ့သည်။
"ဟယ်လို စုဟယ်လားခင်ဗျ၊ ကျွန်တော် ဖေးရွှန့်အမြန်ချောကပါ"
ဖုန်းဖြေလိုက်သည်နှင့် ဟုန်လျန်အတွက် ပစ္စည်းများ လာပို့ပေးနေကျ ဝန်ထမ်း၏ အသံမှန်း စုဟယ် မှတ်မိလိုက်သည်။
"ဟုတ်ပါတယ်၊ ပြောပါရှင်"
ပို့ဆောင်ရေးဝန်ထမ်းမှာ ဖုန်းထဲမှတစ်ဆင့် ပြောလိုက်သည်။
"ဒီလိုပါ၊ ခင်ဗျားဆီ ပို့ရမယ့် ပါဆယ်ထုတ်ကြီးတစ်ခုရှိနေလို့ပါ၊ ဒီနေ့က တော်တော်လေး နောက်ကျနေပြီဖြစ်တဲ့အပြင် ကျွန်တော်တို့ဂိတ်မှာလည်း လူမလောက်တာနဲ့ မနက်ဖြန်မနက်မှပဲ အိမ်အရောက် ပို့ပေးလို့ရပါတော့မယ်၊ နားလည်ပေးဖို့ မျှော်လင့်ပါတယ်ဗျာ"
စုဟယ် ခြေလှမ်းများ ရပ်တန့်သွားသည်။
"အမြန်ချောပို့ ပါဆယ်လား"
စုဟယ် မိမိနဖူးကို မိမိပြန်ရိုက်လိုက်မိသည်။ ဟုတ်သားပဲ စနစ်သည် ပစ္စည်းများ ဒါမှမဟုတ် ဇာတ်ကောင်များကို တည်းခိုခန်းတံခါးဝမှာ တိုက်ရိုက် ပစ်ချထားခဲ့တာမျိုးအပြင် ပို့ဆောင်ရေးဝန်ထမ်းတွေမှတစ်ဆင့် အိမ်တိုင်ရာရောက် ပို့ခိုင်းတာမျိုးကိုလည်း အထူးတလည်ဝါသနာပါသေးတာပဲ။ စုဟယ် ခန့်မှန်းကြည့်ရသလောက်တော့ ဒီပါဆယ်မှာ ကတ်ဇာတ်ကောင်အသစ် ဖြစ်ဖို့များသည်။ သူမ တစ်ညလုံး စိတ်ပူနေခဲ့ရသည့် မေးခွန်းကို မေးလိုက်မိ၏။
"နေပါဦး အဲ့ဒီပါဆယ်က အကြမ်းဖျင်း ဘယ်လောက်လောက် ကြီးမလဲဟင်"
ဝန်ထမ်းမှာ ပေတံရှာနေသည်လားမသိ ခဏမျှငြိမ်သွားပြီးမှ ပြောလိုက်သည်။
"တော်တော်ကြီးပါတယ်ဗျ၊ လေးမီတာ၊ ငါးမီတာလောက်တော့ရှည်မယ်ထင်တာပဲ၊ ခင်ဗျား အဝတ်လှန်းစင်ကြီးများ မှာထားလို့လား"
အတိုင်းအတာ အတိအကျကိုကြားရမှ စုဟယ် စိတ်အေးသွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် စနစ်သည် မူလဝက်သစ်ချပင်ကြီးအတိုင်း ပို့ပေးလောက်အောင်အထိတော့ အားမကိုးရသူ မဟုတ်ခဲ့ပေ။
"ဟုတ်ကဲ့ ရပါတယ်၊ ပြဿနာမရှိပါဘူး၊ မနက်ဖြန်မနက်မှပဲ လာပို့ပေးပါ"
'စနစ်က ဝက်သစ်ချပင်ကို ပါဆယ်ထုတ်ထဲ ထည့်ထားသည်ဆိုမှတော့ အသက်ရှူကျပ်ပြီးသေမှာတော့ မဟုတ်ပါဘူးလေ'
စုဟယ် တွေးကာ စနစ်ကိုပဲ ယုံကြည်လိုက်တော့သည်။ နောက်တစ်နေ့ နံနက် စောစောစီးစီးတွင် အသံတစ်သံကြားလိုက်ရ၏။
"တီ တီ တီ"
ယခုတစ်ခေါက်တွင် ဖေးရွှန့်အမြန်ချောဝန်ထမ်းမှာ သုံးဘီးဆိုင်ကယ်ဖြင့် လာခြင်းမဟုတ်ဘဲ ကုန်တင်နောက်တွဲယာဉ် အကြီးကြီးဖြင့် ရောက်လာခြင်းဖြစ်သည်။ ဝန်ထမ်းနှစ်ဦးကားပေါ်မှ ခုန်ဆင်းလာပြီး စုစုပေါင်း လူသုံးယောက်သား အားစိုက်ကာ ပါဆယ်ထုတ်ကြီးကို တံခါးထဲသို့သယ်လာကြ၏။
"ဒီပါဆယ်ကို ဘယ်နားမှာ ထားပေးရမလဲဗျ"
စုဟယ် လူသုံးယောက်ကို ဟင်းသီးဟင်းရွက် စိုက်ခင်းလေးဆီသို့ လမ်းညွှန်လိုက်သည်။
"ဒီနားမှာပဲ ထားပေးပါ၊ လွတ်တဲ့နေရာတစ်ခုခုမှာပဲ ချပေးခဲ့လိုက်"
"ဒုန်း"
ကတ်ထူသေတ္တာကြီးသည် မြေပြင်ပေါ်သို့ လေးလံစွာကျသွားသည်။ စုဟယ် သေတ္တာကို ဖွင့်လိုက်ရာ အထဲတွင် တကယ်ပင် သစ်ပင်တစ်ပင် ရှိနေ၏။ ကတ်ထူသေတ္တာ၏ ကန့်သတ်ချက်ကြောင့် ဝက်သစ်ချပင်မှာ အနည်းငယ် ကွေးနေရရှာသည်။ ၎င်း၏ ပင်စည်မှာ မတ်စောက်ပြီး ခိုင်ခံ့ကာ အခေါက်များမှာ အညိုရင့်ရောင် ရှိသည်။ ချောမွေ့သယောင်ရှိသော မျက်နှာပြင်မှာ နေရောင်အောက်တွင် တလက်လက်တောက်နေပြီး ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံထားသည့် ခိုင်မာသော ခံစားချက်ကို ပေးစွမ်းနေ၏။ သေတ္တာထဲတွင် ထည့်ထားသောကြောင့် ထိပ်ပိုင်းမှာ အနည်းငယ် ကွေးနေသော်လည်း ၎င်း၏ ခိုင်မာတောင့်တင်းမှုကိုတော့ မလျှော့ချနိုင်ပေ။ ဝက်သစ်ချပင်၏ အကိုင်းအခက်များသည် ရှုပ်ထွေးထူထပ်စွာဖြင့် စိမ်းလန်းသော အရိပ်အာဝါသကို ဖန်တီးထားသည်။ အကိုင်းအခက်များပေါ်တွင် နုပျိုသော အစိမ်းရောင် အရွက်များ ဝေဝေဆာဆာ ရှိနေပြီး အရွက်တိုင်းမှာ သေသပ်လှပသည့် ပန်းချီကားတစ်ချပ်ကဲ့သို့ပင်။
အရွက်များမှာ ဘဲဥပုံစံရှိပြီး အနားသတ်များမှာ လွှသွားပုံစံဖြင့် ရှိနေကာ သဘာဝဆန်သော ရှေးဟောင်းအလှတရားနှင့် လတ်ဆတ်သော ရနံ့ကို ထုတ်လွှတ်နေသည်။ စုဟယ်သည် တောနက်ထဲ ရောက်နေသကဲ့သို့ ငြိမ်းချမ်းပြီး သက်တောင့်သက်သာရှိသော ခံစားချက်ကို ရရှိလိုက်၏။ ဝက်သစ်ချပင်တွင် အလွန်များပြားသော အမြစ်ပွားများရှိပြီး ၎င်းတို့ကို ကောက်ရိုးကြိုး ထူထူများဖြင့် ခိုင်မြဲစွာ ချည်နှောင်ထားကာ အမြစ် အောက်ခြေတွင်လည်း မြေကြီးထူထူ ဖုံးအုပ်ထားသည်။ ဝန်ထမ်းသုံးယောက် မနည်းသယ်ခဲ့ရခြင်းမှာ မဆန်းပေ။ ထူထဲသောအမြစ်အချို့မှာ ကောက်ရိုးကြိုးများကြားမှ ဖောက်ထွက်နေပြီး အချုပ်အနှောင်ခံထားရသည်ကို မကျေနပ်သည့်အလား အပြင်သို့ ထွက်ရန် ကြိုးစားနေကြသည်။ သစ်မြစ်များမှာ ခိုင်မာတည်ငြိမ်လှပြီး သစ်ပင်တစ်ပင်လုံး၏ သက်စောင့်အားကို ထောက်ပံ့ပေးထားသည့် အခြေခံအုတ်မြစ်ပင် ဖြစ်၏။ ဤအမြစ်ထူကြီးများမှာ ဝက်သစ်ချပင်၏ ကြီးမားပြီး သန်စွမ်းလှသော ရှင်သန်မှုကို သွယ်ဝိုက်သောနည်း ဖြင့်ဖော်ပြနေသည်။ရှုပ်ထွေးလှပသော အခေါက်၊ စိမ်းလန်းသော အရိပ်နှင့် သန်မာသော အမြစ်စနစ်တို့ဖြင့် ဤဝက်သစ်ချပင်သည် တစ်ရက်တာ သယ်ယူပို့ဆောင်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ပျက်စီးခြင်း မရှိဘဲ ရှင်သန်ခြင်း အရှိန်အဝါကို ထုတ်လွှတ်နေ၏။
စုဟယ် ကတ်ထူသေတ္တာကို လှီးဖြတ်လိုက်သော်လည်း မြေပြင်ပေါ်တွင် လဲလျောင်းနေသော သစ်ပင်ကိုကြည့်ကာ ဘာလုပ်ရမှန်း မသိဖြစ်နေမိသည်။ ငါ ဒီအပင်ကြီးကို မပြီး မြေကြီးထဲ စိုက်ပေးရမလား။
"ဝက်သစ်ချပင် ဝက်သစ်ချပင်ရေ"
စုဟယ် တိုးတိုးလေး ခေါ်ကြည့်သည်။ သို့သော် မြေပြင်ပေါ်တွင် လဲနေသော ဝက်သစ်ချပင်မှာ လှုပ်ပင်မလှုပ်ပေ။
"သစ်ပင်တွေက စကားမပြောကြဘူးလား"
စုဟယ် ဇဝေဇဝါဖြစ်သွားပြီးမှ သစ်ပင်ဆိုတာ စကားမပြောတာ သဘာဝပဲဟု ပြန်တွေးမိသည်။ ဒါပေမဲ့ ဒါက ကတ်ဇာတ်ကောင် ဝက်သစ်ချပင်လေ။ အကယ်၍ ကတ်ဇာတ်ကောင်က စကားမပြောဘူးဆိုရင် သူမအနေနဲ့ ဝက်သစ်ချပင်နဲ့ ဘယ်လို ဆက်သွယ်ရမလဲ။ ပြီးတော့ ဝက်သစ်ချပင်သည် တည်းခိုခန်းရှိ ဧည့်သည်တွေဆီမှ ကောင်းမွန်တဲ့ မှတ်ချက်တွေကို ဘယ်လိုရယူမှာလဲ။
စုဟယ် ခေါင်းကိုက်သွားပြန်သည်။ နောင်ကျရင် ဟဲယဲ့တည်းခိုခန်းမှာ 'တည်းခိုခန်းမှာအနားယူရင်း သစ်ပင်လာကြည့်ပါ' ဆိုတဲ့ ဖျော်ဖြေရေးအစီအစဉ်အသစ် ထည့်ရတော့မှာလား။ ဧည့်သည်တွေအနေနဲ့ ဒီအစီအစဉ်ကို တကယ်ပဲ စိတ်ဝင်စားကြပါ့မလား။ စုဟယ် သံသယဝင်နေမိသည်။
"ဝက်သစ်ချပင် ဝက်သစ်ချပင်"
စုဟယ် သစ်ပင်ကို လက်ဖြင့် တို့ကြည့်သော်လည်း ဘာတုံ့ပြန်မှုမှမရှိသေးပေ။ စုဟယ် ခေါင်းကုတ်လိုက်မိသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီသစ်ပင်ကြီးကို ဒီအတိုင်း ပစ်ထားလို့တော့ မဖြစ်ပေ။ မြေကြီးထဲ ပြန်စိုက်ပေးမှဖြစ်မည်။ စုဟယ်သည် ကတ်ကြေးကိုကိုင်ကာ ဝက်သစ်ချပင်၏ အောက်ခြေနားသို့ တိုးသွားလိုက်သည်။ သူမ ငယ်ငယ်တုန်းက သစ်ပင်စိုက်ပျိုးရေးနေ့ အခမ်းအနားများတွင် ပါဝင်ဖူးသလို ဆရာမတွေမှာလည်း သစ်ပင်စိုက်နည်း သင်ပေးဖူးသည်။ စုဟယ် ပြန်မှတ်မိသွား၏။
"အမြစ်က ကောက်ရိုးကြိုးတွေကို အရင်ဖြတ်ရမယ်၊ ပြီးရင် ပင်စည်ပေါ်က အရွက်တွေကို အကုန်ညှပ်ပစ်ရမယ် ထင်တယ်"
သစ်ပင်တစ်ပင်ကို နေရာရွှေ့စိုက်သည့်အခါ အရွက်အချို့ကို ညှပ်ပစ်ခြင်းမှာ ရေငွေ့ပြန်ခြင်းကို လျှော့ချပေးနိုင်သလို သစ်ပင်၏စွမ်းအင်ကုန်ဆုံးမှုကို သက်သာစေပြီး ပိုးမွှားဒဏ်တွေကိုလည်း လျှော့ချပေးနိုင်ရာ သစ်ပင်အနေနှင့်ပတ်ဝန်းကျင်အသစ်တွင် ပိုမိုလိုက်လျောညီထွေ ဖြစ်အောင် ကူညီပေးနိုင်သည်။
"ချတ် ချတ်"
စုဟယ်သည် ကတ်ကြေးကို လေထဲတွင် ဝှေ့ယမ်းကာ ဘာဆက်လုပ်မည်ကို ဆုံးဖြတ်လိုက်ပြီး ဝက်သစ်ချပင်၏ အမြစ်များဆီသို့ လက်လှမ်းလိုက်သည်။
"ရပ်လိုက်"
အပြင်သို့ ထွက်နေသော အမြစ်တစ်ခုမှာ စုဟယ်လက်ထဲက ကတ်ကြေးကို ရစ်ပတ်ကာတားဆီးလိုက်သည်။ ဝက်သစ်ချပင်ပင် ဖြစ်၏။ စုဟယ် ဆွံ့အသွားသည်။
"ရှင် စကားပြောတတ်တာလား၊ ဒါဆို ခုနက ကျွန်မခေါ်နေတုန်းက ဘာလို့ပြန်မပြောတာလဲ"
ဝက်သစ်ချပင်မှာ ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ စုဟယ် ခေါင်းစောင်းလိုက်ပြီး ဝက်သစ်ချပင်၏အမြစ်ဆီသို့ ထပ်မံလက်လှမ်းလိုက်ပြန်၏။
"အိုး အိုး ငါ ခုနကအိပ်ပျော်သွားလို့ပါ၊ အိပ်ပျော်သွားတာ ဟုတ်ပြီလား"
ဝက်သစ်ချပင်မှာ မလိုလားသလိုပြောလိုက်သည်။ ၎င်း၏အသံမှာ ပျင်းရိလေးတွဲနေပြီး မှော်မှန်ထက်ပင်ပို၍ နှေးကွေးကာ တကယ်ပင် အိပ်ရာမှနိုးလာခါစ အသံမျိုးဖြစ်နေ၏။ စုဟယ်ရယ်မိလိုက်သည်။
"ဝက်သစ်ချပင် ကျွန်မ မနေ့ကရှင့်ရဲ့ ဇာတ်ကြောင်းကို သေသေချာချာဖတ်ထားပြီးသားနော်၊ ရှင်က ဘယ်လိုသစ်ပင်မျိုးလဲဆိုတာ ကျွန်မ မသိဘူးလို့ မထင်နဲ့"
စုဟယ်သည် ဝက်သစ်ချပင်၏ဆင်ခြေကို လုံးဝမယုံပေ။ ကျွမ်းကျီမှာ ဝက်သစ်ချပင်အကြောင်းကို ဤသို့ ဖော်ပြခဲ့ဖူးသည် - ကျူယွမ်ဟုခေါ်သော အရပ်တွင် ကြီးမားလှသော ဝက်သစ်ချပင်ကြီး တစ်ပင်ရှိသည်။ ၎င်းသည် အလွန်မြင့်မားမတ်စောက်ကာ ပင်စည်ထူပြီး အပင်အုပ်မှာစိမ်းစိုနေကာ သက်တမ်းရင့်ပြီး လျှို့ဝှက်ဆန်းပြားလှသည်။ တစ်နေ့တွင် လက်သမားဆရာတစ်ဦးနှင့် သူ၏ တပည့်မှာ ထိုသစ်ပင်ကြီးဘေးမှဖြတ်သွားကြရာ တပည့်ဖြစ်သူမှာ အံ့အားသင့်သွားပြီး ဤမျှလောက် ကောင်းမွန်သော သစ်သားကို သူ့ဆရာက ဘာကြောင့်အသုံးမပြုရတာလဲဟု မေးမြန်းခဲ့သည်။ လက်သမားဆရာမှာ တည်ငြိမ်စွာ ပြန်ဖြေသည်။ ဤသစ်ပင်သည် ကြီးမားသော်လည်း အသုံးမဝင်သော သစ်သားဖြစ်၏။ အကယ်၍ လှေလုပ်လျှင် နစ်မြုပ်သွားမည်၊ ခေါင်းတလားလုပ်လျှင် အမြန်ဆွေးမြည့်သွားမည်၊ အသုံးအဆောင်ပစ္စည်းလုပ်လျှင် အလွယ်တကူ ကျိုးပဲ့သွားမည်၊ တံခါးလုပ်လျှင် သစ်စေးများယိုစီးပြီး ပိတ်၍ရမည်မဟုတ်၊ အိမ်တိုင်လုပ်လျှင်လည်း ပိုးစားသွားမည်ဖြစ်၏။ ဤသစ်ပင်သည် မည်သည့်အရာမှ လုပ်၍မရသော သစ်ပင်ဖြစ်သောကြောင့်သာ သက်တမ်းရှည်ရှည် နေနိုင်ခြင်းဖြစ်သည်။ အိမ်ပြန်ရောက်ပြီးနောက် လက်သမားဆရာ အိပ်မက်မက်သည်။
ဝက်သစ်ချပင်မှာ သူ့အားအိပ်မက်ထဲတွင် ရှင်းပြသည်။ အနီရောင်ဘယ်ရီသီးပင်၊ သစ်တော်ပင်၊ လိမ္မော်ပင်နှင့် ကျွဲကောပင်တို့မှာ အကုန်လုံးအသီးပွင့်သော သစ်ပင်များဖြစ်သည်။ သူတို့အသီးများ မှည့်လာသောအခါ အခူးခံရပြီး အခူးခံရပြီးနောက် သစ်ကိုင်းများမှာ ထိခိုက်ပျက်စီးကုန်၏။ ဤသည်မှာ အသီးသီးသော သစ်ပင်များသည် အရသာရှိသော အသီးများကိုပေးနိုင်ခြင်းကြောင့် တစ်သက်လုံးဒုက္ခရောက်ရခြင်းဖြစ်သည်။ ဤသစ်ပင်များသည် သူတို့၏သဘာဝသက်တမ်းကုန်ဆုံးသည်အထိမနေရဘဲ စောစီးစွာသေဆုံးကုန်ကြရ၏။ ထို့ကြောင့်သာ ၎င်းသည် 'အသုံးမဝင်ခြင်း'ကို ရှာဖွေခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ထိုသစ်ပင်သည် အသုံးမဝင်ခြင်းကိုရှာဖွေပြီး သက်တမ်းရှည်ရှည်နေလိုရုံသက်သက်သာဖြစ်၏။
တခြားစကားဖြင့် ပြောရလျှင် 'ပျင်းရိသော သစ်ပင်' ပင် ဖြစ်သည်။ ဝက်သစ်ချပင် စုဟယ်ကိုပြန်မဖြေချင်ခြင်းမှာ ၎င်းအိပ်ပျော်နေသောကြောင့်မဟုတ်ဘဲ စကားပြောရမည်ကို ပျင်းနေသောကြောင့်သာဖြစ်ပေလိမ့်မည်။