အခန်း (၁၁၅-၁၁၆)
Vol. 12 Ch. 115-116
115
ဝက်သစ်ချပင်သည် စုဟယ်မှာ သူ၏အကြံကို ရိပ်မိသွားသည်ကို သိလိုက်ရသောအခါ ရှက်ရွံ့ခြင်းမရှိသည့်အပြင် သူ့ပင်ကိုယ်သဘာဝအတိုင်း ပို၍ပင် စိတ်အေးလက်အေး ရှိနေတော့သည်။
"ငါ့ကို ဟိုထောင့်မှာ စိုက်ပေး"
ဝက်သစ်ချပင်မှာ သူ့အမြစ်ကို ဆန့်ထုတ်ကာ ဟင်းသီးဟင်းရွက် စိုက်ခင်းလေးရဲ့ ထောင့်တစ်နေရာကို ညွှန်ပြလိုက်သည်။ ထိုနေရာသည် အကျယ်ဝန်းဆုံးဖြစ်ပြီး နေရောင်ခြည် အကောင်းဆုံးရသဖြင့် သစ်ပင်တစ်ပင် လှဲလျောင်းနေဖို့ အကောင်းဆုံးနေရာပင်ဖြစ်၏။ စုဟယ် ကတ်ကြေးကို ကိုင်ထားရင်း အသံပေးကာ ပြောလိုက်သည်။
"ဝက်သစ်ချပင်၊ ရှင် ကိုယ့်ဘာသာကိုယ်ပဲ သွားပါလား၊ မဟုတ်ရင် ကျွန်မသယ်ရင်းနဲ့ ရှင့်ကို ထိခိုက်မိမှာစိုးလို့ပါ"
သိသာသည်မှာ ဝက်သစ်ချပင်သည် ဤမျှလောက် ဝီရိယမရှိပေ။ သူသည် အမြစ်များကို လှုပ်ခါပြီး ရစ်ပတ်ထားသည့် ကောက်ရိုးကြိုးများကို ဖြည်ချလိုက်ကာ လှုပ်ရှားမှု ရပ်တန့်သွားပြန်သည်။
"ကဲ အခု ငါ့ကို သယ်သွားပေးလို့ ရပြီ"
စုဟယ်မှာ ဘာမှမတတ်နိုင်တော့ပေ။ ဝက်သစ်ချပင်ကို စိုက်ခင်းထဲမှာ ဒီအတိုင်း ပစ်ထားလို့မှမရတာ။ ဝက်သစ်ချပင်မှာတော့ ဘယ်မှာဘဲနေရပါစေ ဂရုမစိုက်သော်လည်း စုဟယ်မှာတော့ ဒီလောက်ရှည်လျားသော သစ်ပင်ကြီးကို လမ်းပေါ်မှာ ကန့်လန့်ဖြတ် ပိတ်နေသည်ကို လက်မခံနိုင်ပေ။ စိုက်ခင်းထဲမှ လမ်းကို ပိတ်ထားမည့်အပြင် ခရမ်းသီးပင်နှင့် ပဲတောင့်ရှည်ပင်များ၏ ကြီးထွားမှုကိုပါ ထိခိုက်စေမည် မဟုတ်ပါလား။
စုဟယ်သည် မစ္စကျိကိုသာ လှမ်းခေါ်လိုက်ရတော့သည်။ ကံကောင်းထောက်မစွာဖြင့် မစ္စကျိမှာ ခွန်အားကြီးမားလှသဖြင့် ဝက်သစ်ချပင်ကို သူရွေးချယ်ထားသော ထောင့်လေးဆီသို့ အားစိုက်စရာမလိုဘဲ မသွားပေးခဲ့သည်။ ဝက်သစ်ချပင်သည် သူ့နေရာသို့ ရောက်သည်နှင့် အမြစ်များကို ဆန့်ထုတ်လိုက်၏။ အမြစ်များမှာ စပါးအုံမြွေကြီးများအလား မြေကြီးထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ကာ အမြစ်တွယ်လိုက်ကြသည်။ ဝက်သစ်ချပင်၏ အမြစ်များသည် မြေပြင်အောက်သို့ တစ်ခုနှင့်တစ်ခု ရစ်ပတ်ထိုးဖောက်သွားပြီး မြေဆီလွှာထဲမှ အာဟာရနှင့် ရေဓာတ်များကို စတင်စုပ်ယူတော့၏။ အမြစ်တွယ်သွားသည်နှင့်အမျှ သူ၏ အကိုင်းအခက်များနှင့် အရွက်များသည်လည်း ကောင်းကင်ယံသို့ ဝေဝေဆာဆာ ဖြန့်ကားထွက်လာသည်။
"ဝုန်း ဝုန်း"
ဝက်သစ်ချပင်၏ အမြစ်တိုင်းမှာ ခွန်အားနှင့် သက်စောင့်အားများ ပြည့်နှက်နေသည်။ မြေအောက်ရှိ ကျောက်ခဲများနှင့် အမြစ်များ ထိတွေ့မိသည့် အသံများ ထွက်ပေါ်လာ၏။ မြေကြီးထဲရှိ ကျောက်ခဲများမှာ သူ့ကို မတားဆီးနိုင်ဘဲ အမြစ်များဟာ ကျောက်တုံးကြားရှိ အက်ကြောင်းများကို လွယ်လွယ်ကူကူပင် ထိုးဖောက်ပြီး မြေအောက်ထဲ ပိုနက်အောင် ထိုးဖောက်သွားသည်။
"ဟင်"
ဝက်သစ်ချပင်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ သူ မာကြောသော အရာတစ်ခုကိာ ထိမိသွားပုံရ၏။ စုဟယ်သည် ဝက်သစ်ချပင် အောက်သို့ အမြစ်တွယ်နေသည်ကို ကြည့်ကာ သူမ၏ အလုပ်တာဝန်တွေ အတော်လေး လျော့သွားသည်ဟု ခံစားလိုက်ရသည်။ မဟုတ်ရင် သူမနှင့် မစ္စကျိတို့မှာ ကျင်းတူးနေရဦးမည် ဖြစ်၏။ စိုက်ခင်းထဲမှ မြေကြီးများ လှုပ်ခါနေသည်ကို ကြည့်ရင်း စုဟယ် မျက်ခုံးလှုပ်သွားကာ လှမ်းအော်လိုက်သည်။
"သတိထားဦး မြေအောက်မှာ ပိုက်လိုင်းတွေ ရှိတယ်"
ကံမကောင်းစွာဖြင့် စုဟယ်၏ သတိပေးချက်မှာ နောက်ကျသွားခဲ့ပြီ။
"ဖူး"
ရွှံ့နွံများကြားမှ ရေပန်းတစ်ခု ပန်းထွက်လာသည်။ ထို့နောက် ရေစီးကြောင်းမှာ ပို၍ ကြီးလာကာ ဟင်းသီးဟင်းရွက် စိုက်ခင်းလေးတွင် ရေပန်းအသေးစားလေးတစ်ခု အောင်မြင်စွာ ရရှိသွားတော့သည်။ စုဟယ် မျက်လုံး ပြူးသွားရသည်။ ဒါသူမရဲ့ ရေပိုက်လေ။ ဝက်သစ်ချပင်မှာ အနည်းငယ် ရှက်သွားပုံရသည်။
"ငါက မြေအောက်မှာ ကျောက်ခဲကြီး ရှိတယ် အောက်မေ့လို့၊ ရပါတယ် ငါ ပြန်ပိတ်ပေးမယ်"
မြေလွှာကြီးမှာ ဖောင်းတက်လာပြီးမှ ပြန်ကျသွားသည်။ ဝက်သစ်ချပင်၏ အမြစ်များသည် မြေအောက်တွင် တရွရွ လှုပ်ရှားနေပြီး ယိုစိမ့်နေသော ရေပိုက်ကို ပိတ်ရန် ကြိုးစားနေ၏။ စုဟယ် အော်သံ တစ်ချက် ထွက်သွားသည်။ ဒါက မသိချင်ယောင်ဆောင်နေတာ မဟုတ်လား။ ဒီအတိုင်း ဖိပိတ်ထားရုံနဲ့ ဘာမှမထူးဘူးလေ။ ခေတ်မီပညာရေးသည် လူသားများအတွက်သာမက သစ်ပင်များအတွက်ပါ လိုအပ်ကြောင်း၊ သင်ကြားရခြင်းထက် ခက်ခဲသောအရာ မရှိကြောင်း စုဟယ် နောက်ဆုံးတွင် နားလည်သွားတော့သည်။ ဤအတွေးမှာ ရေပိုက်ပြင်ဆရာကို ခေါ်ပြီးနောက်တွင် ထိပ်ဆုံးသို့ ရောက်ရှိသွားတော့၏။
ရေပိုက်ပြင်ခ ယွမ် (၂,၀၀၀) နှင့် ရေယိုစိမ့်မှုကြောင့် ဆုံးရှုံးသွားသော ရေတန်ချိန် (၃၀) အတွက် ကျသင့်ငွေကို ပေးချေနေရစဉ် စုဟယ်၏ လက်များမှာ အနည်းငယ် တုန်ယင်နေသည်။ သူမသည် ထိုင်ခုံလေးတစ်လုံးကို ယူကာ ဝက်သစ်ချပင်အောက်မှာ ထိုင်ပြီး သူ့ကို အသိပညာတွေ စတင် ဝေမျှတော့၏။ စုဟယ်၏ တိုက်တွန်းမှုကြောင့် ဝက်သစ်ချပင်မှာ တစ်ခါတစ်ရံတွင် သူမ နားထောင်နေကြောင်း ပြသရန် အရွက်များကို ခါပြတတ်သည်။ အကယ်၍ စုဟယ်သာ သေသေချာချာ စောင့်မကြည့်နေလျှင် ဝက်သစ်ချပင်မှာ လှုပ်ပင် လှုပ်မည်မဟုတ်ပေ။
စုဟယ် သက်ပြင်းကို အရှည်ကြီး ချလိုက်မိသည်။ ဒီဝက်သစ်ချပင်မှာ အသေကောင်လို ဟန်ဆောင်တဲ့နေရာမှာ ဆရာကြီးပင်၊ သူ တကယ်ပဲ နားထောင်နေရဲ့လားဆိုတာ သူမ မသိတော့ပေ။ အခြားကိစ္စများကို ခဏဘေးဖယ်ထားကာ ဧည့်သည်များ၏ ကောင်းမွန်သောမှတ်ချက် ရရှိရေးအတွက် လူတစ်ယောက်နှင့် သစ်ပင်တစ်ပင် ဆွေးနွေးကြရပြန်သည်။
"ဒါနဲ့ ရှေ့လျှောက် ရှင် ဘယ်လို အလုပ်လုပ်ဖို့ စိတ်ကူးထားလဲ"
"အလုပ် ဘာလို့အလုပ်လုပ်ရမှာလဲ"
ဝက်သစ်ချပင် အနည်းငယ်ကြောင်အသွားသည်။
"ဒါပေမဲ့ ရှင် အလုပ်မလုပ်ရင် မှတ်ချက်တွေရမှာမဟုတ်ဘူးလေ၊ ကျွန်မ အဲ့ဒါကို စိတ်ပူနေတာ၊ ရှင်က တည်းခိုခန်းရဲ့ အလှစိုက်ပင် သက်သက်ပဲဖြစ်နေလို့မှ မရတာ"
စုဟယ်မှာ ဝက်သစ်ချပင်ကို ဘယ်လို နေရာချထားရမလဲဆိုတာ အခုထိ အကြံမရသေးပေ။ မူလအရွယ်အစားနှင့်ယှဉ်လျှင် ယခု ဝက်သစ်ချပင်သည် ခန္ဓာကိုယ်ကို ကျုံ့ထားသည်ဆိုသော်လည်း ဧည့်ခန်းထဲတွင် ထည့်ထားရန်မှာ အတော်လေး ခက်ခဲနေသေးသည်။ သို့သော် ဝက်သစ်ချပင်မှာမူ စုဟယ်၏ သောကများကို နားမလည်နိုင်ပေ။ ဝက်သစ်ချပင်၏ စိတ်နှလုံးမှာ တည်ငြိမ်အေးချမ်းလှသော ရေကန်ကြီးတစ်ခုနှယ် ဖြစ်သည်။ ပြင်ပမှ လေပြင်းများ မည်မျှပင် တိုက်ခတ်ပါစေ၊ သူ၏စိတ်အာရုံကို လှုပ်ခတ်အောင် မလုပ်နိုင်ပေ။ သူသည် ကောင်းမွန်သောမှတ်ချက် များ သို့မဟုတ် ကြယ်ပွင့် အဆင့်မြှင့်တင်ခြင်းများအပေါ် စိတ်ဝင်စားမှု လုံးဝမရှိပေ။
သူ့ဘဝမှာ ရိုးရှင်းလှပြီး လောကကြီးနှင့် အဆက်အသွယ်ဖြတ်ကာ အပြင်လောက၏ ရုန်းကန်လှုပ်ရှားမှုများကို ဂရုမစိုက်ပေ။ အချိန်အတော်များများတွင် သူသည် နှစ်ခြိုက်စွာ အိပ်ပျော်နေတတ်သည်။ နိုးထနေသော အချိန်အနည်းငယ်တွင်လည်း ကောင်းကင်ယံကို ကြည့်ကာ တိမ်တိုက်များ ရွေ့လျားနေသည်ကို ကြည့်ရင်း သူ့အတွေးများကို လွှတ်ထားတတ်၏။ သူအလုပ်မလုပ်ခြင်းမှာ ပျင်းနေ၍ မဟုတ်ဘဲ အလုပ်လုပ်ခြင်းသည် အဓိပ္ပာယ်မရှိဟု ခံစားရသောကြောင့် ဖြစ်သည်။ သစ်ပင်တစ်ပင်အတွက် ရှင်သန်နေရုံသက်သက်မှာတင် လုံလောက်နေပြီဖြစ်၏။ လူသားတွေ ဘာကြောင့် အောင်မြင်မှုနှင့် အသုံးဝင်မှုတွေနောက်ကို မနားမနေ လိုက်နေကြတာလဲဆိုတာ ဝက်သစ်ချပင် နားမလည်နိုင်ပေ။ သစ်ပင်တစ်ပင်အတွက် အသုံးဝင်လာပြီဆိုလျှင် ရှောင်လွှဲ၍မရသော ဒုက္ခများ စတင်လာခြင်းပင် မဟုတ်ပါလား။
သူသည် နှစ်ပေါင်းများစွာ ကြီးထွားလာရင်းနှင့် လောကရှိ လူသားများကို စောင့်ကြည့်ခဲ့ရာ လူသားအားလုံးမှာ အတူတူပင်ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ လူတစ်ယောက်မှာ တက်ကြွလေ၊ အသုံးဝင်လေ၊ သူတို့ ရင်ဆိုင်ရမည့် စမ်းသပ်မှုတွေက ပိုများလေပင်။ Sisyphus သည် ကျောက်တုံးကြီးကို တောင်ပေါ်သို့ နေ့စဉ်တွန်းတင်နေရသလို လူသားများမှာလည်း တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် အမျိုးမျိုးသော အလုပ်တွေကို လုပ်နေကြရသည်။ ဝက်သစ်ချပင်၏ အမြင်အရ လူသားများ၏ အလုပ်မှာ Sisyphus နေ့စဉ် ကျောက်တုံးတွန်းနေရတာထက်တောင် ပို၍ စိတ်ပျက်စရာ ကောင်းနေသေး၏။ စုဟယ်သည် ပြန်လည် တိတ်ဆိတ်သွားသော ဝက်သစ်ချပင်ကို ကြည့်ကာ စိုးရိမ်လာသည်။
"ရှင် မှတ်ချက်တွေ မရရင် ကြယ် (၁) ပွင့် အဆင့်မှာပဲ ထာဝရရှိနေမှာနော်"
ဝက်သစ်ချပင်မှာတော့ တည်ငြိမ်နေဆဲပင် ဖြစ်သည်။
"အဲ့တော့ ဘာဖြစ်လဲ"
စုဟယ် သူမဦးနှောက်ကို အစွမ်းကုန် သုံးသော်လည်း ဘာဖြစ်နိုင်မလဲဆိုတာ စဉ်းစားမရပေ။ အဆင့်မတက်ခြင်းမှာ ဝက်သစ်ချပင်အတွက် တကယ်ပဲ ဘာမှ ထိခိုက်မှုမရှိပုံရသည်။ ဟုန်လျန် အဆင့်တက်ချင်သည်မှာ ပို၍ အသုံးဝင်လာပြီး စုဟယ်နှင့် တည်းခိုခန်းအတွက် ပိုလုပ်ပေးချင်သောကြောင့်ဖြစ်သည်။ ဝေဖုန်းယီ အဆင့်တက်ချင်သည်မှာ မိသားစုနှင့် ပတ်သက်သော အဖိုးတန်အမှတ်တရတွေကို ရှာဖွေချင်သောကြောင့်ဖြစ်ပြီး ရှောင်ရှီးမှာ သူ့ညီအစ်ကိုတွေကို ကယ်တင်ဖို့ နည်းလမ်းရှာချင်သောကြောင့်ဖြစ်ကာ မစ္စကျိမှာ သူမ ခေတ်သစ်လူ့အဖွဲ့အစည်းတွင်သင်ယူခဲ့သည့် စိုက်ပျိုးရေးပညာများကို သူမမျိုးနွယ်စုဆီ ပြန်ယူသွားချင်သောကြောင့်ဖြစ်၏။ ဝက်သစ်ချပင်မှာတော့ ဘာကိုမှမလိုချင်သဖြင့် အဆင့်တက်ရန်အတွက်လည်း မည်သည့် တွန်းအားမှ မရှိပေ။
စုဟယ် သဘောပေါက်သွားသည်။ ဝက်သစ်ချပင်အတွက် ဟဲယဲ့တည်းခိုခန်းနှင့် သူမသည် သူ့၏ ရှည်လျားလှသော ဘဝသက်တမ်းအတွင်း ခဏတာဖြတ်သန်းသွားသူများသာဖြစ်၏။ ဝက်သစ်ချပင်မှာ အဆင့်မတက်လျှင်ပင် စုဟယ်တို့ မိသားစု မျိုးဆက် သုံးဆက်စာအထိ ဆက်လက် ရှင်သန်နေနိုင်ပေလိမ့်မည်။ သူမ နည်းလမ်းပြောင်းလိုက်သည်။
"ဒါဆို ဝက်သစ်ချပင် ရှင့်ရဲ့ထူးခြားတဲ့ စွမ်းရည်က ဘာအတွက် သုံးလို့ရလဲ"
ဝက်သစ်ချပင် ကိုယ်တိုင်မှာ ရည်မှန်းချက် မရှိသဖြင့် သူ့စွမ်းရည်သည် တည်းခိုခန်းအတွက် ဘာအကျိုးပြုမလဲဆိုတာကိုသာ စုဟယ် ကြည့်ရတော့မည်။ ဝက်သစ်ချပင် စကားပြောလိုက်သည်၊ သူ့အသံမှာ ဝေးကွာလှသော တောင်ကြားထဲမှ ပဲ့တင်သံတစ်ခုအလား ဟိန်းထွက်နေသည်။
"အာ အဲ့ဒါလား၊ အဲ့ဒါက မင်းကို အိပ်မက်ကောင်းတွေ ပေးနိုင်လိမ့်မယ်၊ ငါ့ရဲ့အကိုင်းတစ်ခုကိုချိုးပြီး မင်းရဲ့ အိပ်ရာဘေးမှာ ထားလိုက်ပါ"
ဝက်သစ်ချပင်၏ပင်စည်မှာ အနည်းငယ် ကိုင်းညွတ်သွားကာ အကိုင်းအခက်များမှာ ဖြည်းဖြည်းချင်း ကျဆင်းလာသည်။ အရွက်များမှာ ညင်သာစွာယိမ်းနွဲ့နေပြီး စုဟယ်၏ ဘေးတွင် အလွန်သေးငယ်သော အကိုင်းလေးတစ်ခု ဆန့်ထွက်လာသည်။ စုဟယ်သည် သူမလက်သန်းလောက်တောင်မရှိသော ထိုအကိုင်းလေးကို ဂရုတစိုက်ချိုးယူလိုက်၏။ ဝက်သစ်ချပင်အတွက် ဤအကိုင်းလေးကို ချိုးပေးလိုက်ခြင်းမှာ လူသားတစ်ယောက် ဆံပင်တစ်ပင် နုတ်လိုက်သလိုပင် ဘာမှ မခံစားရပေ။ စိမ်းစိုသော အရွက်နှစ်ရွက်ပါသည့် ထိုအကိုင်းလေးကို စုဟယ်၏အိပ်ရာဘေးတွင် ထားရှိလိုက်တော့သည်။
116
ကုတင်ပေါ်တွင် လဲလျောင်းနေရင်း စုဟယ်သည် အစပိုင်း၌ ထိုအကိုင်းလေးကိုသာ အာရုံစိုက်နေမိသည်။ ဝက်သစ်ချပင်၏ အကိုင်းလေးမှာ သူမထံသို့ ဘယ်လိုအိမ်မက်မျိုး ပို့ဆောင်ပေးမည်ကို သိချင်သဖြင့် ခဏခဏ လှမ်းကြည့်နေမိသည်။ တဖြည်းဖြည်းနှင့် ထိုအကိုင်းလေးထံမှ သင်းပျံ့သော ရနံ့တစ်ခု ထွက်ပေါ်လာသည်ကို သူမ ခံစားလိုက်ရ၏။ ဤရနံ့သည် သဘာဝတရား၏ အစစ်မှန်ဆုံး လက်ဆောင်တစ်ခုဖြစ်ပြီး အတုအယောင် ရေမွှေးများနှင့်မတူဘဲ မည်သည့် ဓာတုပစ္စည်းနံ့မျှ ပါဝင်ခြင်းမရှိပေ။ ၎င်းသည် သစ်ရွက်များ၊ သစ်ခေါက်များနှင့် သစ်စေးများ ပေါင်းစပ်ထားသည့် သဘာဝရနံ့ဖြစ်ပြီး လတ်ဆတ်ကာ အနည်းငယ် ချိုမြိန်သောရနံ့ ရှိသည်။ ၎င်းသည် နံနက်ခင်းနှင်းစက်များ၊ မိုးရွာပြီးစ မြေကြီးရနံ့နှင့် နွေဦးတွင် ပွင့်လန်းနေသော ပန်းရနံ့များကို အမှတ်ရစေ၏။
စုဟယ် အသက်ကို ဝဝရှူသွင်းလိုက်သောအခါ ရနံ့မှာ ပို၍ပင် ပြင်းရှလာပြီး သစ်ပင်များ ကြီးထွားလာမှု၏ စည်းချက်နှင့် ရှင်သန်မှုတို့ကို သယ်ဆောင်လာသော သစ်တော၏ အသက်ရှူသံကဲ့သို့ ဖြစ်နေသည်။ စုဟယ်မှာ အာရုံခံစားမှုများ ပေါင်းစပ်သွားသည့်အလား ခံစားလိုက်ရပြီး ထိုအကိုင်းလေးသည် တစ်ချိန်က ဝက်သစ်ချပင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ကြောင်း၊ ၎င်းသည် ပြောင်းလဲလာသော ရာသီဥတုများကို မျက်မြင်တွေ့ခဲ့ပြီး လေဒဏ်မိုးဒဏ်တို့၏ ဆေးကြောမှုကို ခံယူခဲ့ကြောင်း ခံစားမိနေ၏။ ယခုအခါ ဝက်သစ်ချပင်ကြီးထံမှ ခွဲထွက်လာခဲ့ပြီ ဖြစ်သော်လည်း သဘာဝတရားနှင့် ရင်းနှီးစွာ ဆက်နွှယ်နေသည့် ထိုအမှတ်တရများနှင့် ခံစားချက်များကို သိမ်းဆည်းထားဆဲပင်။
စုဟယ် မျက်လုံးများကို မှိတ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ထိုရနံ့သည် သူမအား အချိန်နှင့် အာကာသကို ဖြတ်ကျော်ကာ သက်ဝင်လှုပ်ရှားနေသော တောအုပ်ကြီးဆီသို့ ခေါ်ဆောင်သွားသလိုပင်။ သူမသည် ဝက်သစ်ချပင်ကြီးအောက်တွင် ရပ်နေရင်း သစ်ရွက်များကြားမှ တိုးဝင်လာသည့် နေရောင်ခြည်၏ နွေးထွေးမှုကို ခံစားနေရကာ နွေဦးမိုးရေစက်များ၏ အေးမြမှုကို ခံယူနေရသကဲ့ကဲ့သို့ ခံစားလိုက်ရသည်။ အိပ်ပျော်နေသောမင်းသမီးလေးရဲ့ ကုတင်ပေါ်တွင် လဲလျောင်းနေသော စုဟယ်သည် လျင်မြန်စွာ အိပ်ပျော်သွားသော်လည်း ယခုတစ်ကြိမ်တွင်မူ သူမ အိပ်မက်မက်နေသည်ကို ရှင်းရှင်းလင်းလင်း သိနေ၏။ ဤအိပ်မက်ထဲတွင် သူမသည် ဖိအားများနှင့် သောကများ ကင်းဝေးရာ ပြီးပြည့်စုံသော ကမ္ဘာသစ်တစ်ခုသို့ ရောက်ရှိနေသကဲ့သို့ ခံစားရသည်။
အိပ်မက်ထဲ၌ စုဟယ်သည် ဝမ်းစာအတွက် နေ့စဉ်ရုန်းကန်နေရသည့် မိန်းကလေးတစ်ယောက် မဟုတ်တော့ပေ။ သူမသည် ဟဲယဲ့တည်းခိုခန်း၏ လုပ်ငန်းလည်ပတ်မှု အခြေအနေများကို စိတ်ပူနေရန် မလိုတော့ဘဲ မိမိအလိုရှိသလို လွတ်လွတ်လပ်လပ်နှင့် အေးအေးလူလူ နေထိုင်နိုင်သူတစ်ဦး ဖြစ်နေသည်။ ပင်ပန်းလှသော အလုပ်များကို လုပ်ကိုင်ရန် မလိုတော့သလို ဘဝ၏ သေးဖွဲသော ကိစ္စရပ်များအတွက်လည်း စိတ်ပူနေရန် မလိုတော့ပေ။ သူမသည် 'ငါးဆားနယ်' တစ်ကောင် အလား နွေးထွေးသော ကမ်းခြေပေါ်တွင် လဲလျောင်းကာ နေရောင်ခြည်ကို ခံယူရင်း မည်သည့်သောကမှ မရှိသော ပျော်ရွှင်မှုကို ခံစားနေရသည်။
နေ့တိုင်းတွင် စုဟယ်သည် နေရောင်ခြည်ကြောင့် နိုးထလာတတ်သည်။ သူမသည် အိပ်ရာပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေရင်း ပြတင်းပေါက်အပြင်ဘက်မှ မိုးပြာရောင် ကောင်းကင်နှင့် တိမ်ဖြူဖြူလေးများကို ငြိမ်သက်စွာ ကြည့်နေနိုင်သလို၊ ဝေးကွာသော အရပ်မှ လှိုင်းသံများကို နားထောင်ရင်း သူမ၏ ပါးပြင်ကို လာရောက်ပွတ်သပ်သွားသော လေပြည်အေးကို ခံစားနေနိုင်သည်။ သူမအနေဖြင့် အိပ်ရာမှ အတင်းအကျပ် ထရန်မလိုတော့သလို၊ အခန်းသန့်ရှင်းရေးလုပ်ရန် သို့မဟုတ် ဧည့်သည်များကို ဧည့်ခံရန် အပြင်ထွက်ရန်လည်း မလိုတော့ပေ။ သူမသည် ထိုငြိမ်သက်ခြင်းနှင့် အေးချမ်းခြင်းကို အပြည့်အဝ ခံစားနိုင်သည်။ ထိုအိပ်မက်ထဲတွင် စုဟယ်၌ သူမ အမြဲလုပ်ချင်ခဲ့သော်လည်း အခွင့်အရေးမရခဲ့သည့် အရာများကို လုပ်ရန် အချိန်များစွာ ရှိနေ၏။ သူမသည် စုတ်တံကို ကိုင်ကာ ပန်းချီကားချပ်ပေါ်တွင် အရောင်များကို လွတ်လပ်စွာ ခြယ်မှုန်းနိုင်သည်၊ စာအုပ်တစ်အုပ်ကို ကိုင်ကာ ပုံပြင်ပင်လယ်ကြီးထဲတွင် အချိန်ကုန်မှန်းမသိ နစ်မြောနေနိုင်သည်၊ သို့မဟုတ် လသာဆောင်တွင် ထိုင်ရင်း နေဝင်ချိန်နှင့်လထွက်ချိန်ကို ကြည့်ကာ သဘာဝတရား၏ အလှတရားနှင့် ငြိမ်သက်ခြင်းကို ခံစားနေနိုင်သည်။
စုဟယ်သည် သူမ၏ အိပ်မက်ထဲတွင် အတိုင်းမသိ ပျော်ရွှင်မှုကို ခံစားရသည်။ ထိုပျော်ရွှင်မှုသည် စိတ်အတွင်းပိုင်း၏ တင်းတိမ်မှုနှင့် ငြိမ်းချမ်းမှုတို့မှ လာခြင်းဖြစ်၏။ သူမသည် ရုပ်ဝတ္ထုပစ္စည်းများနောက်သို့ အလောတကြီး လိုက်မနေတော့သလို လူမှုပတ်ဝန်းကျင်၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းရန်လည်း မိမိကိုယ်ကိုယ် ပျောက်ဆုံးမသွားတော့ပေ။ ဤအိပ်မက်ထဲတွင် သူမသည် သူမ၏ ပင်ကိုယ်စရိုက်အစစ်အမှန်နှင့် ကိုယ်ပိုင်ပျော်ရွှင်မှုတို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ စုဟယ်သည် ဤအိပ်မက်ဘဝကို ပို၍ နှစ်သက်လာ၏။ အိပ်မက်ထဲတွင် သူမသည် သာမန်လူတစ်ယောက်ဖြစ်ပြီး ချမ်းသာသူ မဟုတ်သော်လည်း ပျော်ရွှင်မှုဆိုသည်မှာ အပြင်ပန်း ရုပ်ဝတ္ထုပစ္စည်းများနှင့် အောင်မြင်မှုများမှ အမြဲတမ်း လာသည်မဟုတ်ဘဲ စိတ်၏ ငြိမ်းချမ်းမှုနှင့် တင်းတိမ်မှုတို့မှ လာတတ်ကြောင်း သူမ စတင်နားလည်လာသည်။ သာမန်မိန်းကလေးဖြစ်သော သူမသည် ဘဝ၏ အခိုက်အတန့်တိုင်းကို တန်ဖိုးထားတတ်လာပြီး ဘဝ၏ ကောင်းမွန်သောအရာတိုင်းအတွက် ကျေးဇူးတင်တတ်လာ၏။
တစ်နေ့တွင် သူမသည် ကျောင်းနေဖက်စုံညီပွဲသို့ တစ်ဖန် တက်ရောက်ခဲ့သည်။ အောင်မြင်သော အသက်မွေးဝမ်းကျောင်းနှင့် ပျော်ရွှင်သော မိသားစုများကို ပိုင်ဆိုင်ထားကြသည့် သူငယ်ချင်းများ၏ ရှေ့မှောက်တွင် သူမသည် သာမန်အတိုင်းပင် ဖြစ်နေပြီး သူတို့ထက် မသာလွန်ပေ။ သို့သော် ထူးဆန်းသည်မှာ သူမသည် လုံးဝ စိုးရိမ်စိတ်မရှိခြင်းပင် ဖြစ်သည်။ သူမသည် ပင်လယ်ပြင်တွင် သူမ မြင်ခဲ့ရသော အလှပဆုံး နေထွက်ချိန်နှင့် သူမ ကောက်ရခဲ့သော အဖြောင့်မတ်ဆုံး သစ်ကိုင်းလေးအကြောင်းကို သူငယ်ချင်းများကို ပျော်ရွှင်စွာ ပြောပြနေမိ၏။
စုဟယ် အိပ်မက်မှ နိုးလာသောအခါ သူမ၏ မျက်နှာတွင် ကျေနပ်သော အပြုံးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ စုဟယ်သည် အိပ်ရာဘေးတွင် ထားထားသော ဝက်သစ်ချပင် အကိုင်းလေးကို ကြောင်စီစီဖြင့် စိုက်ကြည့်နေမိသည်။ ဝက်သစ်ချပင် ဘာကြောင့် အလုပ်မလုပ်ချင်တော့သလဲဆိုတာကို သူမ နားလည်သွားပုံရ၏။ ငါးဆားနယ် တစ်ယောက်လို ပျင်းပျင်းရိရိ လဲလျောင်းနေရတဲ့ ခံစားချက်မှာ တကယ်ကို ပျော်စရာကောင်းလွန်းသည်။ စုဟယ်သည် အိပ်ရာပေါ်တွင် ထိုင်ရင်း အိပ်မက်၏ အရသာကို ပြန်လည်ခံစားနေမိသည်။ သူမ၏အတွင်းပိုင်း၌ နိုးထလာသော ငါးဆားနယ် ဗီဇကို အနိုင်ယူပြီး အိပ်ရာပေါ်မှ ဆင်းနိုင်ဖို့ တော်တော်လေး အချိန်ယူလိုက်ရ၏။ ဤ ဝက်သစ်ချပင်၏ အိပ်မက်ပေးခြင်း စွမ်းရည်မှာ တကယ်ကို မှော်ဆန်လှသည်။
ဝက်သစ်ချပင်၏ လွှမ်းမိုးမှုအောက်တွင် သူမ၏ အသိစိတ်သည် သူမ၏ စိတ်အာရုံ မှ ဖန်တီးထားသော အိပ်မက်တစ်ခုဆီသို့ ဦးတည်သွားခြင်းဖြစ်သည်။ ဤအိပ်မက်ထဲတွင် ဘာမဆို ဖြစ်နိုင်ပြီး အသေးစိတ်အချက်အလက်တိုင်းမှာ လက်တွေ့ကမ္ဘာ၏ ပုံတူတစ်ခုအလား ထင်ရှားလှ၏။ ဝက်သစ်ချပင်၏ အကိုင်းလေးသည် အိပ်မက်များကို လမ်းညွှန်ပေးသည့် ရိုးရှင်းသော ကိရိယာတစ်ခုသာ မဟုတ်ဘဲ အိပ်မက်များ၏ လက်တွေ့ဆန်မှုကိုလည်း မြှင့်တင်ပေးနိုင်သည်။ အိပ်မက်ထဲတွင် လူသားများသည် အထိအတွေ့၏ နူးညံ့မှု၊ အရသာ၏ ကြွယ်ဝမှု၊ အကြားအာရုံ၏ ရှင်းလင်းမှုနှင့် အနံ့မျိုးစုံတို့ကိုပင် ခံစားနိုင်၏။ အာရုံခံစားမှုတိုင်းမှာ ပို၍ ထင်ရှားလာသဖြင့် အိပ်မက်နှင့် လက်တွေ့ကြားမှ စည်းကို ဝေဝါးသွားစေသည်။
"ဝက်သစ်ချပင် အိပ်မက်ပေးခြင်း" ၏ နောက်ထပ် ထူးခြားချက်မှာ အိပ်မက်မက်သူအား အိပ်မက်၏ ဦးတည်ချက်ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ခွင့် ပေးထားခြင်းဖြစ်သည်။ အိပ်မက်မက်သူများသည် အိပ်မက်ထဲတွင် သူတို့၏ ဆန္ဒများကို ဖြည့်ဆည်းနိုင်သည်၊ ကောင်းကင်မှာ ပျံသန်းခြင်း ဖြစ်စေ၊ ရေအောက်ကမ္ဘာကို စူးစမ်းခြင်း ဖြစ်စေ သို့မဟုတ် ကွေကွင်းနေရသော ဆွေမျိုးသားချင်းများနှင့် ပြန်လည်ဆုံတွေ့ခြင်း ဖြစ်စေ လုပ်ဆောင်နိုင်၏။ စုဟယ်သည် သူမကိုယ်သူမ ကမ်းခြေမှ မြက်ခင်းပြင်ဆီသို့ လမ်းလျှောက်သွားရန် မိမိကိုယ်ကို ထိန်းချုပ်ခဲ့သည်။ ဤသို့ ထိန်းချုပ်နိုင်ခြင်းမှာ အိပ်မက်ကို ပို၍ အဓိပ္ပာယ်ရှိစေကာ စိတ်ပိုင်းဆိုင်ရာ ကုသမှု ခရီးစဉ်တစ်ခုကဲ့သို့ ကျေနပ်မှုကို ပေးစွမ်းသည်။
စုဟယ်သည် အိပ်မပျော်ခင်မှာ ခိုင်မာသော ညွှန်ကြားချက် ပေးထားခြင်းမရှိသဖြင့် ဤအိပ်မက်ကို ဝက်သစ်ချပင်မှာ ထိန်းချုပ်ထားခြင်း ဖြစ်သည်။ စုဟယ်သည် သူ့ကို ထပ်ပြီး ဒုက္ခမပေးစေရန်အတွက် ဝက်သစ်ချပင်မှာ သူမအား ဤမျှလောက် အေးချမ်းသော အိပ်မက်တစ်ခုကို လုပ်ပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။ လူသားများသည် အိပ်မက်မက်ပြီးနောက် ပို၍ ပင်ပန်းလေ့ရှိသော်လည်း စုဟယ်မှာမူ ထိုသို့မခံစားရပေ။ ထို့အစား အမျိုးသားနေ့ အားလပ်ရက်မှစကာ အလုပ်များခဲ့သဖြင့် ရရှိလာသော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများမှာ လွင့်စင်သွားပြီး သူမ၏ ဝိညာဉ်မှာ နှိပ်နယ်ပေးခြင်း ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထို့အပြင် သူမ နိုးလာပြီးနောက် အိပ်မက်၏ အရသာထဲတွင် နစ်မြောနေဆဲ ဖြစ်သော်လည်း အိပ်မက်ဆိုသည်မှာ အိပ်မက်သာဖြစ်ကြောင်း သူမ သိနေခဲ့၏။ ဝက်သစ်ချပင်သည် လူသားများကို အိပ်မက်ထဲတွင် လုံးလုံးလျားလျား နစ်မွန်းသွားအောင် ခွင့်ပြုမည်မဟုတ်ပေ။ စုဟယ်သည်လည်း "ငါးဆားနယ်" ဘဝကို တောင့်တမိသော်လည်း လက်ရှိတွင် ဟဲယဲ့တည်းခိုခန်းကို နာမည်ကြီး လုပ်ငန်းတစ်ခုဖြစ်အောင် တည်ထောင်ရန် ပို၍ စိတ်ဝင်စားနေဆဲဖြစ်သည်။
စုဟယ်သည် နံနက်ခင်း နေရောင်ခြည်ကို ခဏမျှ ခံယူရင်း အကြောဆန့်ကာ အိပ်ရာမှ ထလိုက်သည်။ သူမသည် အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးများကို ပွတ်သပ်ကာ မတ်တတ်ရပ်လိုက်၏။ နေ့သစ်တစ်ခု စတင်ခဲ့ပြီဖြစ်ရာ သူမ အလုပ်စလုပ်တော့မည်။ အဝတ်အစားလဲပြီးနောက် စုဟယ်သည် ပေါ့ပါးသော ခြေလှမ်းများဖြင့် အခန်းထဲမှ ထွက်လာကာ တည်းခိုခန်း စင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့သည်။ ဝက်သစ်ချပင်မှာ တည်းခိုခန်းဘဝနှင့် လိုက်လျောညီထွေ ဖြစ်နေပြီလားဆိုတာကို သူမ ကြည့်ချင်နေမိ၏။ သူမ လှေကားရင်းသို့ ရောက်သောအခါ ဧည့်ကြိုကောင်တာ၏ ဧည့်ခန်းမဆောင်ထဲတွင် ထိုင်နေသော အမျိုးသားနှစ်ဦးကို မြင်လိုက်ရသည်။
စုဟယ် အနည်းငယ် အံ့သြသွားသည်။ ဒီလောက် စောစောစီးစီး အခန်းယူမည့် ဧည့်သည်တွေ ရှိနေတာလား။ သို့မဟုတ် လက်ဖက်ရည်နှင့် မုန့်အတွက် တန်းစီရမည့်နေရာမှာ အပြင်ဘက်မှာဖြစ်ကြောင်းကို းမသိဘဲ တန်းစီနေကြခြင်းလား။ စုဟယ် သိချင်စိတ်ဖြင့် အနားတိုးသွားလိုက်သည်။
"မင်္ဂလာပါရှင်၊ ဧည့်သည်တော်တို့ အခန်းယူဖို့ လာတာလား"
အမျိုးသားဧည့်သည်တစ်ဦးမှာ အရပ်အမောင်း အလယ်အလတ်ရှိပြီး ရိုးရှင်းသော ရှပ်အင်္ကျီနှင့် ပေါ့ပေါ့ပါးပါး ဘောင်းဘီကို ဝတ်ဆင်ထားကာ မျက်မှန်တပ်ထားသဖြင့် သပ်ရပ်ကာအဆင့်အတန်းရှိသော ပုံစံရှိသည်။ သူ့လက်ထဲတွင် ဖိုင်တွဲတစ်ခုကို ကိုင်ထား၏။ နောက်တစ်ဦးမှာမူ အနည်းငယ်ဝပြီး မျက်နှာတွင် အပြုံးနုလေး ရှိနေကာ ဖော်ရွေသော ပုံစံရှိ၏။
"ကျွန်တော်တို့ ဟဲယဲ့တည်းခိုခန်းရဲ့ သူဌေးကို ရှာနေတာပါ၊ ခင်ဗျားက သူဌေးလား"
အမျိုးသားတစ်ဦး မေးလိုက်သည်။ စုဟယ် ကြောင်သွား၏။ သူတို့က သူမကို ရှာနေတာလား။