အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
117
"မင်္ဂလာပါ၊ ကျွန်မက ဟဲယဲ့တည်းခိုခန်းရဲ့ ပိုင်ရှင် စုဟယ်ပါ"
စုဟယ် မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။ အပြာရောင် ရှပ်အင်္ကျီနှင့် အလုပ်ခွင်ဝတ် ဘောင်းဘီအမဲကို ဝတ်ဆင်ထားသည့် ဝတုတ်သောအမျိုးသားသည် နွေးထွေးသော အပြုံးတစ်ခုနှင့်အတူ စုဟယ်အနားသို့ တိုးလာသည်။ သူသည် အနည်းငယ် ဝသယောင်ရှိသော်လည်း ခြေလှမ်းများမှာ သိသိသာသာ ပေါ့ပါးလှ၏။ သူ စုဟယ်ရှေ့တွင် ရပ်လိုက်ပြီး ပြောလိုက်သည်။
"နေကောင်းလား သူဌေးမလေး၊ ကျွန်တော်ကတော့ 'မောင်းမနှစ်ဖော်၏ ဒဏ္ဍာရီ' ဇာတ်လမ်းတွဲရဲ့ လက်ထောက် သရုပ်ဆောင်ရွေးချယ်ရေး ဒါရိုက်တာ ဖုယန် ပါ"
ဖုယန်၏အပြုံးမှာ ကူးစက်တတ်ပြီး လူကို စိတ်အေးလက်အေးဖြစ်သွားစေသည်။ ထို့နောက် ဖုယန်မှာ သူ့ဘေးရှိ သပ်ရပ်ကာအဆင့်အတန်းရှိသော အမျိုးသားကိုညွှန်ပြကာ မိတ်ဆက်ပေးပြန်သည်။
"ဒါကတော့ 'မောင်းမနှစ်ဖော်၏ ဒဏ္ဍာရီ' ရဲ့ ဇာတ်ညွှန်းရေးဆရာ ပျန်းကျူပါ"
စုဟယ် အနည်းငယ်ဇဝေဇဝါဖြစ်သွားသော်လည်း ရိုသေစွာပင် နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ဆရာဖုနဲ့ ဆရာပျန်း"
ဖုယန်သည် လူမှုဆက်ဆံရေးတွင် အလွန်ပါးနပ်သူဖြစ်သည်။ စုဟယ်မျက်နှာပေါ်မှ ဝေခွဲမရဖြစ်မှုကို မြင်သည်နှင့် သူသည် လှည့်ပတ်မနေတော့ဘဲ လာရင်းအကြောင်းကို တိုက်ရိုက်ပင် ပြောလိုက်တော့၏။
"သူဌေးမလေး ဒီလိုပါ၊ ကျွန်တော်တို့ အွန်လိုင်းမှာ ခင်ဗျားမွေးထားတဲ့ ကျီးကန်းလေးကို တွေ့လိုက်လို့ပါ၊ အဲ့ဒီကျီးကန်းလေးက ရဲတွေကို ဓားပြဖမ်းဖို့ကူညီပေးခဲ့တယ်လေ၊ အဲ့ဒါကြောင့် ကျွန်တော်တို့က ခင်ဗျားရဲ့ ကျီးကန်းလေးကို ကျွန်တော်တို့ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ဖို့ ဖိတ်ခေါ်ချင်လို့လာခဲ့တာပါ"
ဖုယန် သူ့ဖုန်းကို ထုတ်လိုက်ပြီး ဓားပြ၏လက်ထဲမှ ရွှေလက်စွပ်ကို ရှောင်ရှီး လုယူသွားသည့် ဗီဒီယိုဖိုင်ကို စုဟယ်အား ပြသလိုက်သည်။
"ဒီဗီဒီယိုကို ကြည့်ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့က ဒီငှက်ကလေး နဲ့ လူကိုယ်တိုင်လာတွေ့ဖို့ ဆုံးဖြတ်လိုက်တာပါ"
ဖုယန် ရယ်မောရင်း ပြောပြသည်။ ရုပ်ရှင်အဖွဲ့သားတွေမှာ ထိုဗီဒီယိုကို တွေ့သွားလိမ့်မည်ဟု စုဟယ်မထင်ထားခဲ့ပေ။ သူမ ခေါင်းညိတ်လိုက်ပြီး ဝန်ခံလိုက်သည်။
"ဒါက တကယ်တော့ ကျွန်မတို့ဆီက ငှက်ပါပဲ၊ သူ့နာမည်က ရှောင်ရှီးလို့ခေါ်တယ်၊ ဒါပေမဲ့ သူကသရုပ်မဆောင်တတ်ဘူးရှင့်"
သူမဆိုင်တွင် ဤကဲ့သို့ငှက်တစ်ကောင် တကယ်ရှိကြောင်း စုဟယ်ဝန်ခံလိုက်သည်ကိုကြားသောအခါ ဖုယန်၏ အပြုံးမှာ ပိုမိုကျယ်ပြန့်လာပြီး ပို၍ပင် တက်ကြွလာသည်။
"သူဌေးမလေး၊ ကျွန်တော်တို့ 'မောင်းမနှစ်ဖော်၏ ဒဏ္ဍာရီ' အကြောင်း ပြောပြတာကို နားထောင်ဖို့ ခဏလောက် အချိန်ပေးလို့ ရမလားခင်ဗျာ"
အိမ်တံခါးဝသို့ ရောက်လာသော ဧည့်သည်ကို အမြဲကြိုဆိုရမည်မဟုတ်ပါလား။ ထို့ပြင် သူတို့မှာ ရုပ်ရှင်အဖွဲ့သားများဖြစ်နေသဖြင့် ဤနေ့နံနက်တွင် အရေးကြီးကိစ္စမရှိသော စုဟယ်သည် ဖုယန်နှင့် ပျန်းကျူတို့အတွက် ရေနှစ်ခွက်ကို ငှဲ့ပေးလိုက်ပြီးနောက် သူမကိုယ်တိုင်လည်း ထိုင်လိုက်ကာ 'မောင်းမနှစ်ဖော်၏ ဒဏ္ဍာရီ' အကြောင်းကို နားထောင်ရန် အသင့်ရှိကြောင်းပြလိုက်သည်။ သပ်ရပ်သော ပျန်းကျူမှာ ရေဒီယို၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား စီမံခန့်ခွဲရေးဌာန၏ မှတ်ပုံတင်လက်မှတ်နှင့် 'မောင်းမနှစ်ဖော်၏ ဒဏ္ဍာရီ' အတွက် မိတ်ဆက်စာအချို့ ပါဝင်သော ဖိုင်တွဲတစ်ခုကို ကမ်းပေးလိုက်၏။ စုဟယ်သည် ဖိုင်တွဲကို ယူကြည့်လိုက်ရာ ဒါရိုက်တာများစာရင်းတွင် ဒါရိုက်တာ ကုန်း၏နာမည်ကို တွေ့သဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။
"ဒါက ဒါရိုက်တာကုန်းရဲ့ ဇာတ်လမ်းတွဲသစ်လား"
ဒါရိုက်တာကုန်းသည် အထူးသဖြင့် နန်းတွဲဇာတ်လမ်းတွဲများကို ရိုက်ကူးရာတွင် အလွန်ကျော်ကြားသည့် ရုပ်မြင်သံကြား ဒါရိုက်တာတစ်ဦး ဖြစ်သည်။ သူမ ရိုက်ကူးခဲ့သော နန်းတွင်းဇာတ်လမ်းတွဲ အတော်များများမှာ အွန်လိုင်းတွင် အမှတ် (၈.၀) နှင့်အထက် ရရှိထား၏။ သူမ၏ ဇာတ်လမ်းများမှာ ချစ်ခြင်း၊ မုန်းခြင်းအပြင် စိတ်လှုပ်ရှားဖွယ် နန်းတွင်းပရိယာယ်များလည်း ပါဝင်သဖြင့် ဇာတ်ကားတိုင်းမှာ အလွန်လူကြိုက်များသည်။ ဖုယန် ဂုဏ်ယူစွာဖြင့် ရင်ဘတ်ကို မတ်လိုက်၏။ ဒါရိုက်တာ ကုန်း၏ လက်ထောက် သရုပ်ဆောင်ရွေးချယ်ရေး ဒါရိုက်တာဖြစ်ရခြင်းမှာ သူ့အတွက် အလွန်ပင် ဂုဏ်ယူစရာ ကောင်းလှသည်။
"ဟုတ်ပါတယ် သူဌေးမလေး တကယ်တော့ ကျွန်တော်တို့ ဇာတ်လမ်းတွဲက ရိုက်ကူးရေးတောင် စနေပါပြီ၊ Weibo ရဲ့ လူပြောအများဆုံး အကြောင်းအရာတွေထဲမှာလည်း အကြိမ်ပေါင်းများစွာ ပါပြီးသားပါ၊ ဒီတစ်ခေါက် သရုပ်ဆောင်အဖွဲ့အင်အားက အတော်တောင့်တင်းပါတယ်၊ ဝါရင့်သရုပ်ဆောင်တွေတင်မကဘဲ ရွှေတံဆိပ်သုံးဆုရှင် မင်းသမီးကြီး နှစ်ယောက်လည်း ပါဝင်ထားပါတယ်၊ ကြည့်ရှုသူနှုန်းအတွက် အခုလက်ရှိ နာမည်ကြီးနေတဲ့ သရုပ်ဆောင် လီထျန်းယီ ကိုလည်း ဇာတ်ပို့နေရာကနေ ဖိတ်ခေါ်ထားပါတယ်"
စုဟယ်မှာ မျှော်လင့်ချက်အပြည့်ဖြင့် နားထောင်နေမိသည်၊ သူမကိုယ်တိုင်လည်း ဒါရိုက်တာ ကုန်း၏ ဇာတ်လမ်းများကို ကြိုက်နှစ်သက်သူတစ်ဦး ဖြစ်သည်။ ဤဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်အဖွဲ့မှာ အလွန်တောင့်တင်းလှ၏။ နာမည်ကြီးလီထျန်းယီပင်လျှင် ဒါရိုက်တာကုန်း၏ ဇာတ်လမ်းတွင် ဇာတ်ပို့နေရာသာပါဝင်ရသည်။ လီထျန်းယီသည် တစ်ခါကဟဲယဲ့တည်းခိုခန်း၏ လမုန့်ကို ကြော်ငြာပေးခဲ့ဖူးသည်ကိုလည်း စုဟယ်မှတ်မိနေသေး၏။ 'မောင်းမနှစ်ဖော်၏ ဒဏ္ဍာရီ' ဘယ်တော့များ ထွက်လာမလဲဟု စုဟယ် တွေးနေမိသည်။ သူမသည် ထိုဇာတ်လမ်းတွဲသစ်ကို အလွန်ကြည့်ချင်နေပြီဖြစ်၏။
စုဟယ်၏ စိတ်ဝင်စားနေသော အမူအရာကို မြင်သောအခါ ဖုယန် သူ့ဘေးမှ ပျန်းကျူကို လက်တို့ကာ စကားပြောရန် အချက်ပြလိုက်သည်။ ပျန်းကျူမှာ စုဟယ်၏ အာရုံကို ရယူရန် ချောင်းတစ်ချက် ဟန့်လိုက်ပြီးနောက် 'မောင်းမနှစ်ဖော်၏ ဒဏ္ဍာရီ' ၏ ဇာတ်ကွက်ကို စတင်ပြောပြတော့သည်။
"ဒီဇာတ်လမ်းတွဲမှာ ရွှေတံဆိပ်သုံးဆုရှင် မင်းသမီးတွေဖြစ်တဲ့ ကျန်းယွီလန် နဲ့ လီပိုင်ဟဲတို့ကို မင်းသမီးနှစ်ပါးဖြစ်တဲ့ နန်ကုန်းချင်လွမ်း နဲ့ နန်ကုန်းကျီယန် နေရာမှာ သရုပ်ဆောင်ဖို့ဖိတ်ခေါ်ထားပါတယ်"
ပျန်းကျူမှာ အဓိကမင်းသမီးနှစ်ဦးကို မိတ်ဆက်ပေးသည်။
"နန်ကုန်းချင်လွမ်း နဲ့ နန်ကုန်းကျီယန် တို့က နာမည်ကျော် နန်ကုန်းမိသားစုက လာတာပါ၊ ဒါပေမဲ့ မိသားစုက နိုင်ငံရေးအရှုပ်တော်ပုံတွေကြောင့် အာဏာလက်လွှတ်ခဲ့ရတယ်၊ မိသားစုရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့အတွက် ညီအစ်မနှစ်ယောက်ဟာ ကြီးလေးတဲ့ တာဝန်တွေကို ထမ်းပိုးပြီး နန်းတော်ထဲကို အပို့ခံခဲ့ရတယ်၊ သူတို့နှစ်ယောက်စလုံးမှာ တိတ်တဆိတ် ချစ်မြတ်နိုးရသူတွေ အသီးသီး ရှိကြပေမယ့် ကံကြမ္မာရဲ့ အလှည့်အပြောင်းနဲ့ မိသားစုရဲ့ လိုအပ်ချက်တွေကြောင့် နန်းတွင်းက ရက်စက်လှတဲ့ ဘဝကို မလွှဲမရှောင်သာ ရင်ဆိုင်ခဲ့ကြရတယ်၊ ညီမဖြစ်သူ နန်ကုန်းကျီယန် ကတော့ ငယ်စဉ်ကတည်းက အလိုလိုက်ခံခဲ့ရပြီး အပြစ်ကင်းစင်တဲ့ စရိုက်ရှိသူပါ၊ လောကအကြောင်းကို ဘာမှ နားမလည်ရှာဘူး၊ ဧကရာဇ်မင်းရဲ့ ချိုသာတဲ့ စကားလုံးတွေနဲ့ ဂရုစိုက်မှုတွေအောက်မှာ သူမဟာ တဖြည်းဖြည်း မိမိကိုယ်ကို ပျောက်ဆုံးသွားပြီး ဧကရာဇ်ကို တကယ် စတင်ချစ်မိသွားခဲ့တယ်၊ နန်ကုန်းမိသားစုဆီက တာဝန်တွေ လက်ခံရတဲ့အခါ သူမ နာကျင်ရသလို၊ သူမရဲ့ အစ်မဖြစ်သူ နန်ကုန်းချင်လွမ်း ကိုတောင်မှ ဧကရာဇ်ရဲ့ အချစ်ကို လုယူမယ့် ပြိုင်ဘက်တစ်ယောက်အဖြစ် မသိစိတ်ကနေ သတ်မှတ်လာခဲ့တယ်၊ အစ်မဖြစ်သူ နန်ကုန်းချင်လွမ်း ကတော့ အရာရာကို အသေးစိတ် တွက်ချက်တတ်ပြီး အကြံအစည်ကြီးတဲ့ အမျိုးသမီးတစ်ဦးပါ၊ သူမက နန်းတော်ထဲဝင်ရတဲ့ တကယ့်ရည်ရွယ်ချက်ကို ကောင်းကောင်းနားလည်ပြီး မိသားစုအပေါ် အမြဲတမ်း သစ္စာရှိခဲ့တယ်၊ လှည့်ဖြားမှုတွေ ပြည့်နှက်နေတဲ့ နန်းတွင်းမှာ ချင်လွမ်းဟာ သူမရဲ့ ဉာဏ်ပညာနဲ့ ချစ်သူဖြစ်သူ နန်းတွင်းကိုယ်ရံတော်ခေါင်းဆောင် ယွီဝမ်ထော့ ရဲ့ အကူအညီနဲ့ အုပ်စုအမျိုးမျိုးကြားမှာ ပါးနပ်စွာ ကစားရင်း သူမရဲ့ အဆင့်အတန်းနဲ့ ဩဇာအာဏာကို အဆက်မပြတ် မြှင့်တင်နိုင်ခဲ့တယ်၊ နန်ကုန်းချင်လွမ်း ဟာ နန်းတွင်းထဲရောက်ရင် စစ်မှန်တဲ့ ခံစားချက်တွေ မရှိရဘူးဆိုတာကို ကောင်းကောင်းသိတယ်၊ နန်ကုန်းမိသားစုကို နန်းတော်မှာ ပိုပြီး အရှိန်အဝါရှိလာစေဖို့အတွက် သူမဟာ သူမရဲ့ချစ်သူ ယွီဝမ်ထော့ ရဲ့ ခံစားချက်တွေကို အသုံးချရုံတင်မကဘဲ နန်ကုန်းကျီယန် ရဲ့ ချစ်သူဟောင်း နာလန်ထော့ ကိုလည်း ပါးနပ်စွာ ချဉ်းကပ်ခဲ့ပြီး သူတို့ရဲ့ ခံစားချက်တွေကို အသုံးချကာ အာဏာလုပွဲမှာ နယ်ရုပ်တွေအဖြစ် အသုံးချခဲ့တယ်၊ ဒါပေမဲ့ ဒီအစီအစဉ်တွေနဲ့ လုပ်ရပ်တွေအားလုံးက နန်ကုန်းကျီယန် ရဲ့ အထင်လွဲမှုတွေကို ပိုပြီး နက်ရှိုင်းသွားစေခဲ့တယ်၊ သူမဟာ သူမအစ်မရဲ့ ရည်ရွယ်ချက်တွေကို သံသယဝင်လာပြီး နန်ကုန်းချင်လွမ်း ဟာ သူမကို နောက်ကျောကနေ ဓားနဲ့ထိုးနေတယ်လို့ ယုံကြည်သွားခဲ့တယ်၊ နန်းတော်အတွင်းက မိဖုရားခေါင်နေရာ၊ ဧကရာဇ်ရဲ့ မျက်နှာသာပေးမှု၊ ချစ်သူဟောင်းတွေ၊ မိသားစုဂုဏ်သိက္ခာ၊ မိဖုရားတွေကြားက တိုက်ပွဲတွေနဲ့ နိုင်ငံရေး အရှုပ်တော်ပုံတွေဟာ ဒီမိဖုရားနှစ်ပါးရဲ့ နန်းတွင်းခရီးကို ပိုပြီး ခက်ခဲကြမ်းတမ်းလာစေခဲ့တယ်"
ဇာတ်ကွက်ကို ပြောပြပြီးနောက် ပျန်းကျူ ရေတစ်ငုံ သောက်လိုက်သည်။ စုဟယ် မျက်တောင်ခတ်ရင်း မေးလိုက်၏။
"အဲ့ဒီနောက် ဘာဆက်ဖြစ်လဲဟင်"
ထိုဇာတ်ကွက်မှာ တကယ်ကို စိတ်ဝင်စားစရာ ကောင်းလွန်းလှသည်၊ စုဟယ်မှာ ဘယ်သူ မိဖုရားခေါင် ဖြစ်သွားမလဲဆိုတာကို တကယ် သိချင်နေမိသည်။ နေပါဦး အဲဒီ ညီအစ်မနှစ်ယောက်က အဲဒီ လူယုတ်မာ ဧကရာဇ်ကြောင့် တကယ်ပဲ ရန်သူတွေ ဖြစ်သွားကြမှာလား။ ပျန်းကျူ ပြောသည်။
"ပြီးတော့"
ဖုယန် ချက်ချင်း ကြားဖြတ်ပြောလိုက်သည်
"ကျန်တဲ့ ဇာတ်ကွက်ကိုတော့ အခွင့်အရေးရရင် ဆက်ပြောပြပါ့မယ်၊ အဓိကကတော့ ဒီဇာတ်လမ်းရဲ့ အရေးကြီးဆုံးအပိုင်းမှာ သူဌေးမလေးရဲ့ ကျီးကန်း အကူအညီလိုအပ်နေလို့ပါ"
"ဆရာပျန်း ငှက်သရုပ်ဆောင် လိုအပ်တဲ့အခန်းအကြောင်းကို သူဌေးမလေးကို ပြောပြလိုက်ပါဦး"
ဖုယန် တိုက်တွန်းလိုက်သည်။ ပျန်းကျူ ခေါင်းညိတ်လိုက်ပြီး စတင်ပြောပြ၏။
"ညီအစ်မနှစ်ယောက် အကြီးအကျယ် စကားများကြတဲ့ အခန်းတစ်ခန်းရှိပါတယ်၊ အဲ့ဒါက ဒီဇာတ်လမ်းရဲ့ အထွတ်အထိပ်အခန်းတွေထဲက တစ်ခုပါပဲ၊ ဒီအခန်းက တိတ်ဆိတ်တဲ့ညတစ်ညမှာဖြစ်တာ၊ လရောင်က ပြတင်းပေါက်ကနေတစ်ဆင့် ချင်လွမ်းရဲ့ နန်းဆောင်ထဲကိုဖြာကျနေတဲ့အချိန်ပေါ့၊ ချင်လွမ်းက အစ်မဖြစ်သူပီပီ အပြောအဆို အမူအရာတိုင်းမှာ အမြဲတမ်း သတိကြီးကြီးထားတတ်တယ်၊ သူမက နန်းတွင်းရဲ့အန္တရာယ်တွေကို ကောင်းကောင်းနားလည်ထားပြီး သူမရဲ့အတွေးနဲ့ အစီအစဉ်တွေ ပေါက်ကြားမှာစိုးလို့ တခြားသူတွေနဲ့ အလွယ်တကူ စကားမပြောဘူး၊ ဒါကြောင့် သူမကကျီးကန်းတစ်ကောင်ကို မွေးထားခဲ့တယ်၊ အဲ့ဒီကျီးကန်းက သူမရဲ့ တစ်ဦးတည်းသော ရင်ဖွင့်ဖော် ဖြစ်လာခဲ့တယ်၊ ညဉ့်နက်လို့ အရာရာ တိတ်ဆိတ်သွားတိုင်း ချင်လွမ်းဟာ သူမရဲ့ သောကတွေကို ကျီးကန်းလေးကို ရင်ဖွင့်လေ့ရှိတယ်၊ ထိုကျီးကန်းက သူမရဲ့ စကားတွေကို နားလည်ပြီး သူမရဲ့ စိတ်ကမ္ဘာကို သိရှိနေသလိုမျိုးပေါ့၊ ဒါပေမဲ့ ဒီလျှို့ဝှက်ချက်က တစ်ညမှာတော့ ပေါက်ကြားသွားခဲ့တယ်၊ ချင်လွမ်းရဲ့ ညီမကျီယန်ဟာ သူမအစ်မအပေါ် သံသယတွေနဲ့ မကျေနပ်ချက်တွေ ပိုများလာပြီး ချင်လွမ်းရဲ့နန်းဆောင်ကို တိတ်တဆိတ်ရောက်လာခဲ့တယ်၊ သူမက အစကတော့ သူမအစ်မကို ထိပ်တိုက်ရင်ဆိုင်ဖို့ အခွင့်အရေးရှာချင်ရုံပဲ၊ ဒါပေမဲ့ မထင်မှတ်ဘဲ ကျီးကန်းလေးက ကဗျာတစ်ပုဒ်ရွတ်နေတာကို ကြားလိုက်ရတယ်၊ အဲ့ဒီကဗျာရဲ့ပုံစံက သူမချစ်ရတဲ့ နာ့လန်ထော်ရဲ့ကဗျာပုံစံနဲ့ တစ်ထေရာတည်းတူနေတာကြောင့် ကျီယန်ဟာ အံ့အားသင့်ပြီး ဇဝေဇဝါဖြစ်သွားခဲ့ရတယ်၊ ကျီယန်ရဲ့ စိတ်ထဲမှာ သံသယတွေ ပြည့်နှက်သွားတယ်၊ ကျီးကန်းက ဘာလို့နာ့လန်ထော်ရဲ့ ကဗျာကို ရွတ်နေရတာလဲဆိုတာကို သူမ ချင်လွမ်းကိုမေးခွန်းထုတ်တော့တာပေါ့၊ ညီမဖြစ်သူရဲ့ မေးခွန်းတွေရှေ့မှာ ချင်လွမ်းရဲ့စိတ်ထဲမှာ ခံစားချက်တွေ ရှုပ်ထွေးသွားခဲ့တယ်၊ သူမရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားတော့မယ်ဆိုတာကို သူမသိလိုက်ရပြီ၊ အဲ့ဒီအချိန်မှာပဲ ကျီးကန်းလေးက ချင်လွမ်းရဲ့ မှန်တင်ခုံပေါ်ကနေ နာ့လန်ထော်ပိုင်တဲ့ ကျောက်စိမ်းလက်စွပ်ကို နှုတ်သီးနဲ့ ကိုက်ချီလာခဲ့တယ်၊ အဲ့ဒီလက်စွပ်က နာ့လန်ထော်က ချင်လွမ်းကို အချစ်သက်သေအဖြစ် ပေးထားတဲ့ လက်ဆောင်၊ သူတို့နှစ်ယောက်ရဲ့ အချစ်ကို သက်သေထူနေတဲ့ အရာပေါ့၊ အဲ့ဒီကျောက်စိမ်းလက်စွပ်ကို မြင်လိုက်ရတဲ့အခါ ကျီယန်ရဲ့သံသယတွေဟာ ဒေါသနဲ့ သစ္စာဖောက်ခံရတဲ့ ခံစားချက်အဖြစ် ချက်ချင်းပြောင်းလဲသွားတော့တာပေါ့၊ သူမရဲ့ချစ်သူက သူမအစ်မနဲ့ ဒီလောက်အထိနက်နက်ရှိုင်းရှိုင်း ပတ်သက်နေလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး၊ ကျီယန်ရဲ့စိတ်တွေ ထိန်းမရအောင်ဖြစ်သွားပြီး ချင်လွမ်းကို ဘာလို့ သစ္စာဖောက်တာလဲ၊ ဘာလို့ သူမရဲ့ချစ်ရသူကို လုယူတာလဲဆိုပြီး မေးခွန်းတွေ မရပ်မနားထုတ်တော့တာပေါ့"
ပျန်းကျူ ပြောလိုက်သည်။
"သူဌေးမလေး ကျွန်တော်တို့ ခင်ဗျားမွေးထားတဲ့ငှက်ကလေးကို တိရစ္ဆာန်သရုပ်ဆောင်အဖြစ် ကျွန်တော်တို့ ရုပ်ရှင်အဖွဲ့မှာ ပါဝင်စေချင်ပါတယ်"
118
အကြောင်းအရာမှာ သူမထံသို့ ဦးတည်လာသောအခါ စုဟယ် ပြန်လည်ဖြေကြားရန် ခက်ခဲသွားတော့သည်။ ရှောင်ရှီးကို သရုပ်ဆောင်ခိုင်းရမည်တဲ့လား။ စုဟယ်၏ ပထမဆုံးအတွေးမှာ ငြင်းပယ်ရန်သာ ဖြစ်သည်။ ဤကိစ္စမှာ စွန့်စားလွန်းရာကြလှ၏။ လူပေါင်းများစွာနှင့် ကင်မရာများရှေ့တွင် ရှောင်ရှီးသာ မတော်တဆ လျှို့ဝှက်ချက် ပေါက်ကြားသွားလျှင် မည်သို့မျှ ပြန်ပြင်၍ ရနိုင်တော့မည် မဟုတ်ပေ။ စုဟယ်၏ ခက်ခဲနေသော အမူအရာကို မြင်လိုက်ရသောအခါ ဖုယန်မှာ ချက်ချင်းပင် သနားစဖွယ်ပုံစံဖြင့် စတင်တိုက်စစ်ဆင်တော့သည်။
"သူဌေးမလေး၊ အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ ရုပ်ရှင်အဖွဲ့မှာ ရန်ပုံငွေ အလုံအလောက် ရှိပါတယ်၊ ဒါရိုက်တာကုန်းရဲ့ ဇာတ်လမ်းတွေကို ကြည့်ဖူးရင် သိမှာပါ၊ ဒါရိုက်တာကုန်းက ရိုက်ကွင်းအစစ်မှာ ရိုက်ရတာကို ပိုသဘောကျပြီး နောက်ပိုင်းမှ ထည့်ရတဲ့ ကွန်ပျူတာအထူးပြုလုပ်ချက် တွေကို မကြိုက်ဘူး၊ ဒါကြောင့် ဒီအခန်းကို ရိုက်ဖို့အတွက် ကျီးကန်းတော်တော်များများကို ကျွန်တော်တို့ ဖိတ်ခေါ်ပြီး စမ်းသပ်ခဲ့ပါတယ်၊ မြို့တော်ကနေ တကူးတက ခေါ်လာတဲ့ ကျီးကန်းသရုပ်ဆောင်တောင် ပါသေးတယ်"
ရိုက်ကွင်းပေါ်မှ တိရစ္ဆာန်သရုပ်ဆောင်များအကြောင်း ပြောလိုက်သောအခါ ဖုယန်မှာ ခေါင်းခဲသွားပုံရပြီး သူ၏ အသနားခံမှုမှာ ပို၍ပင် စစ်မှန်လာတော့သည်။
"ကျွန်တော်တို့ ရိုက်ကွင်းမှာ တော်တော်လေး နားလည်တဲ့ ကျီးကန်းတွေကို တွေ့ဖူးပါတယ်၊ ဒါပေမဲ့ တိရစ္ဆာန်ဆိုတာ တိရစ္ဆာန်ပါပဲ၊ မထင်မှတ်တဲ့ အခြေအနေတွေက အရမ်းများလွန်းတော့ ရုပ်ရှင်အဖွဲ့အတွက် တော်တော်လေး ဒုက္ခရောက်ခဲ့ရတယ်၊ ကျွန်တော်တို့ လိုချင်တာက ညွှန်ကြားချက်ကို နားလည်ပြီး ပစ္စည်းကို ယူပြနိုင်တဲ့ ကျီးကန်းမျိုးပါ၊ ကျီးကန်းတွေက ဉာဏ်ကောင်းပေမဲ့ အာရုံစိုက်နိုင်စွမ်း တိုတောင်းပြီး ထိန်းချုပ်ရခက်တယ်၊ အချို့ကျီးကန်းတွေက လက်စွပ်ကို သွားယူခိုင်းတဲ့အခါ ပစ္စည်းမှားယူတာ ဒါမှမဟုတ် လမ်းမှာ ပြုတ်ကျတာမျိုးတွေ လုပ်လို့ ရိုက်ကူးရေး ကြန့်ကြာခဲ့ရတယ်၊ ဒီနေရာမှာ ကျွန်တော်တို့က အနီးကပ်ရိုက်ချက် လိုချင်တာ၊ ဒီအခန်းတစ်ခန်းတည်းကို ရိုက်ဖို့ အချိန်အတော်ကြာခဲ့ရတယ်"
ဖုယန် ထိုစဉ်က ရိုက်ကူးရေးကွင်းပြင်မှ အခြေအနေများကို ပြန်လည်အမှတ်ရရင်း ခေါင်းခါပြသည်။
"ကျွန်တော်တို့ ကျီးကန်းတွေကို ကဗျာရွတ် ဖို့အတွက်လည်း ကြိုးစားခဲ့ပါသေးတယ်၊ ဆိုလိုတာက သတ်မှတ်ထားတဲ့ အသံထွက်နဲ့ အနိမ့်အမြင့်တွေကို လိုက်တုနိုင်အောင် သင်ပေးတာပေါ့၊ သူဌေးမလေး မြို့တော်ကနေ ခေါ်လာတဲ့ အဲ့ဒီကျီးကန်းက တကယ်ကို အံ့သြဖို့ကောင်းပါတယ်၊ သူက ထန်ဝမ်နန်းဆောင်ရဲ့ အစချီစကား ကိုတောင် ရွတ်နိုင်တယ်ဗျ၊ အဲဒါကို မြင်တော့ ကျွန်တော် လုံးဝကို အံ့သြသွားရတယ်၊ ကျွန်တော်တောင် ဒီကျီးကန်းလောက် ဉာဏ်မကောင်းပါလားဆိုပြီး ခံစားလိုက်ရတယ်"
ဖုယန် အံ့သြတကြီး ပြောပြသည်။
"ဒါပေမဲ့ ကဗျာအသစ်တွေ သင်ပေးတဲ့အခါ သူက စကားလုံးတွေ မှားကုန်ပြီး ဆဲဆိုတာမျိုးတွေ လုပ်တတ်တယ်၊ ဒါမှမဟုတ် 'ကံကောင်းပါစေ' တို့ 'ချမ်းသာပါစေ' တို့ လျှောက်ပြောတော့တာပဲ၊ အဲ့ဒါက ရိုက်ကွင်းမှာ ရယ်စရာတွေ ဖြစ်စေပေမဲ့ ရိုက်ကူးရေး ခက်ခဲမှုကိုတော့ ပိုတိုးစေတာပေါ့၊ သူဌေးမလေး ကျန်းယွီလန် နဲ့ လီပိုင်ဟဲ တို့က ဆုရမင်းသမီးကြီးတွေပါ စဉ်းစားကြည့်ပါဦး သရုပ်ဆောင် ပါရမီရှင် နှစ်ယောက်က ရိုက်ကွင်းမှာ အပြိုင်အဆိုင် သရုပ်ဆောင်ကြမှာလေ၊ ကျွန်တော်တို့ ဒါရိုက်တာကုန်းကလည်း အစကနေ အဆုံးထိ တစ်ဆက်တည်း အပြတ်ရိုက်ချင်နေတာ၊ သရုပ်ဆောင်တွေကတော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့ ကျီးကန်းသရုပ်ဆောင်တွေက ခဏခဏ မှားနေတော့ ကျွန်တော်တို့ ရိုက်ကူးရေး တိုးတက်မှုကို တော်တော်လေး ထိခိုက်နေတယ်"
ဒါရိုက်တာကုန်း၏ တင်းကျပ်လှသော လိုအပ်ချက်များအကြောင်း ပြောရင်း ဖုယန်မှာ သူ့ကိုယ်သူ တကယ်ပင် ခက်ခဲနေကြောင်း ခံစားနေရသည်။
"ဒီအခန်းကို တစ်ဆက်တည်း ရိုက်မယ်ဆိုတဲ့ ဒါရိုက်တာကုန်းရဲ့ စိတ်ကူးက တကယ့်ကို ရဲတင်းလွန်းတယ် မဟုတ်လား၊ တစ်ခန်းလုံးကို တစ်ဆက်တည်း၊ ညီအစ်မနှစ်ယောက် စကားများတဲ့ အခန်းတစ်ခုလုံးကို တစ်ဆက်တည်းလေ၊ ဒါရိုက်တာကုန်းက သရုပ်ဆောင်တွေကို စပြီး ဖိတ်ခေါ်ကတည်းက ဒါဟာ တစ်ဆက်တည်း ရိုက်မှာဖြစ်ကြောင်း ပြောပြခဲ့တယ်၊ အားလုံးက အရမ်းကို စိတ်လှုပ်ရှားခဲ့ကြတာ၊ စိန်ခေါ်မှုက အရမ်းကြီးလွန်းသလို အမှားအယွင်းလည်း လုံးဝ အဖြစ်မခံဘူးလေ၊ ဒါရိုက်တာကုန်းက အမြဲတမ်း ဒါကို တစ်ဆက်တည်းပဲ ဖြစ်ရမယ်လို့ ပြောနေတာ၊ ကျွန်တော်တို့လည်း တစ်ဆက်တည်းရိုက်ဖို့ အားလုံး ပြင်ဆင်ထားပြီးပြီ"
တစ်ဆက်တည်း ရိုက်ကူးသည့် နည်းပညာအကြောင်း ပြောသောအခါ ဖုယန်မှာ အလွန်စိတ်လှုပ်ရှားနေသော်လည်း လက်တွေ့ကို တွေးမိသောအခါ ပြန်လည် စိတ်ပျက်သွားသည်။
"သူဌေးမလေး သရုပ်ဆောင်တွေက တော်တယ်၊ ဒါရိုက်တာက တော်တယ်၊ ဓာတ်ပုံဆရာက တော်တယ်၊ ဒါပေမဲ့ ကျီးကန်းတွေက အဆင်မပြေဘူးဗျ"
ဖုယန်မှာ မကျေမနပ် ဖြစ်နေရသည်။ အကြိမ်ပေါင်းများစွာသော ရိုက်ချက်များမှာ ပြီးပြည့်စုံခဲ့ပြီး တစ်ဆက်တည်း ရိုက်ကူးရန် လုံးဝ ဖြစ်နိုင်ခဲ့သော်လည်း ကျီးကန်းသရုပ်ဆောင်များမှာ အရာရာကို ဖျက်ဆီးခဲ့ကြသည်။ တစ်ဆက်တည်း ရိုက်ကူးမည်ဟူသော စကားကို ကြားလိုက်ရသောအခါ စုဟယ်မှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ ဒါရိုက်တာကုန်း၏ စိတ်ကူးမှာ တကယ့်ကို ပြောင်မြောက်လွန်းလှသည်။
"ဒါပေမဲ့ ဒါရိုက်တာဖု၊ ကျွန်မတို့ တည်းခိုခန်းက ကျီးကန်းက 'ထန်ဝမ်နန်းဆောင် အစချီစကား" ကို မရွတ်တတ်ဘူးလေ၊ ပြီးတော့ ဟိုတစ်ခါရွှေလက်စွပ်ကို သွားလုတာကလည်း သူဘာသာသူ လုပ်တာပါ၊ ကျွန်မ ခိုင်းတာ မဟုတ်ဘူး"
စုဟယ် အရှိအတိုင်းပြောပြလိုက်သည်။ သို့သော် ဖုယန်၏ အာရုံစိုက်မှုမှာ စုဟယ်နှင့် ကွဲပြားနေ၏။ သူသည် စုဟယ်၏စကားထဲမှ အချက်တစ်ချက်ကို ဖမ်းဆုပ်လိုက်သည်။
"'ထန်ဝမ်နန်းဆောင် အစချီစကား' ကို မရွတ်တတ်ဘူး ဟုတ်လား၊ ဒါဆို သူဌေးမလေးရဲ့ကျီးကန်းက စကားပြောတတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့၊ အဲ့ဒါဆို အရမ်းကောင်းတာပဲ၊ အစကနေ ပြန်သင်ပေးနေဖို့ မလိုတော့ဘူးလေ"
ဖုယန်၏မျက်လုံးများမှာ တောက်ပလာတော့သည်။ ကျီးကန်းတွေကြောင့် သူ ဘယ်လောက်တောင် ရူးမတတ်ဖြစ်ခဲ့ရသလဲဆိုတာ ကောင်းကင်ဘုံကပဲသိပါလိမ့်မည်။ သူဆိုလျှင် ကျီးကန်းအဖြစ် ပြောင်းပြီး ကိုယ်တိုင်တောင် သရုပ်ဆောင်လိုက်ချင်စိတ် ပေါက်နေပြီဖြစ်သည်။
"အဲ့ဒါက"
ဖုယန်မှာ သူ့လက်ထောက်သရုပ်ဆောင်ရွေးချယ်ရေး ဒါရိုက်တာဟူသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ အားသာချက်ကို ချက်ချင်း အသုံးချပြီး စုဟယ်အား နားချတော့သည် ။
"သူဌေးမလေး ဒီဇာတ်လမ်းရဲ့ သရုပ်ဆောင်အဖွဲ့ ဘယ်လောက် တောင့်တင်းလဲဆိုတာ ကျွန်တော်ထပ်မပြောတော့ပါဘူး၊ ဒါရိုက်တာကုန်း တစ်ယောက်တည်းနဲ့တင် ကျွန်တော်တို့ ဇာတ်လမ်းက အောင်မြင်မှာသေချာတယ်၊ ကြည့်ပါဦး ကျွန်တော်တို့ တိရစ္ဆာန်သရုပ်ဆောင်ကို ဘယ်လောက်အဝေးကြီးအထိ လာရှာလဲဆိုတာ၊ တခြားရိုက်ကူးရေးအဖွဲ့တွေဆိုရင် နောက်ပိုင်းမှ တည်းဖြတ်ပြီး ပြီးစလွယ် လုပ်လိုက်မှာပဲ ဘာလို့ ကျွန်တော်တို့လို ဒီလောက်အလုပ်ရှုပ်ခံနေမှာလဲ၊ ကျွန်တော်တို့ အဖွဲ့က ပရိသတ်တွေကို အကောင်းဆုံး တင်ဆက်နိုင်ဖို့အတွက် စံပြဖြစ်အောင် ကြိုးစားနေတာပါ"
ဖုယန်မှာ စုဟယ်ကို စည်းရုံးနေသည်။
"ကျွန်တော်တို့ ဇာတ်လမ်းက ဟော်လုံကော် ရဲ့ အကြီးစား ထုတ်လုပ်ရေးဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အကြီးကြီးပါတဲ့ ဇာတ်ကားပါ၊ ကျီးကန်းလေးသာ ကျွန်တော်တို့ အဖွဲ့ဆီကို လာပြီး အရည်အချင်းစစ်ဆေးခံမယ် ဆိုရင်၊ ရွေးချယ်မခံရရင်တောင် ခရီးစရိတ်၊ ထောက်ပံ့ကြေး၊ တိရစ္ဆာန်သရုပ်ဆောင်အတွက် အာဟာရစရိတ်နဲ့ ပိုင်ရှင်ရဲ့ အလုပ်ပျက်ကွက်မှု လျော်ကြေးကို ကျွန်တော်တို့ ပေးမှာပါ"
ဖုယန် အသံကို မြှင့်လိုက်သည်။
"တကယ်လို့ ရွေးချယ်ခံရရင်တော့ ပိုတောင်ကောင်းသေးတယ်၊ ဂဏန်းငါးလုံး လစာလောက်ကိုရမှာသေချာစလို၊ ပါဝင်ရမယ့် အခန်းပိုများလာရင် ဂဏန်းခြောက်လုံးအထိတောင် ရနိုင်ပါတယ်"
စုဟယ် ပိုက်ဆံကို သိပ်စိတ်မဝင်စားပုံရသည်ကို မြင်သောအခါ ဖုယန်မှာ အကွက်ပြောင်းလိုက်သည်။
"ကျွန်တော်တို့ ဒါရိုက်တာကုန်းက ဝန်ထမ်းအားလုံးရဲ့ ကြိုးစားအားထုတ်မှုကို တစ်ကယ်တန်ဖိုးထားတာပါ၊ နောက်ကွယ်က ဝန်ထမ်းတွေနဲ့ အပိုသရုပ်ဆောင်တွေရဲ့ နာမည်တွေကိုတောင် ဇာတ်ကားအပြီး စာတန်းထိုးမှာ ထည့်ပေးတာ၊ တကယ်လို့ သူဌေးမလေးရဲ့ငှက်သာ ရွေးချယ်ခံရရင် သူ့နာမည်လည်း ကျိန်းသေပေါက် ပါလာမှာပါ၊ ဪ ဒါနဲ့ သူဌေးမလေးရဲ့ တည်းခိုခန်းက ဟဲယဲ့တည်းခိုခန်း လို့ ခေါ်တယ် မဟုတ်လား ဒါဆိုရင် စာတန်းထိုးမှာ 'ဟဲယဲ့တည်းခိုခန်းမှ ရှောင်ရှီးလေး' လို့ ထည့်လိုက်ရင် ဘယ်လိုလဲ"
ဖုယန် ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။
"ပြန်စဉ်းစားကြည့်ပါဦး၊ ဒီအခန်းက ဘယ်လောက် အရေးကြီးလဲဆိုတာ၊ ကျွန်တော်တို့ရဲ့ အဓိက ရွှေတံဆိပ်သုံးဆုရှင် မင်းသမီးကြီးနှစ်ယောက်စလုံးက အဲ့ဒီအချိန်ကျရင် Weibo ပေါ်မှာ သေချာပေါက် တင်ကြမှာ၊ ကျွန်တော်လည်း အဲ့ဒီ မင်းသမီးကြီး နှစ်ယောက်ကို ပြောပေးမယ်၊ ဓာတ်ပုံရိုက်ရင် ကျွန်တော်တို့ တိရစ္ဆာန်သရုပ်ဆောင်လေးကိုပါ ထည့်ရိုက်ပေးဖို့ပေါ့၊ သူဌေးမလေးမှာ Weibo ရှိရင်လည်း လူကြိုက်များအောင် ပြန်မျှဝေ လို့ ရတာပေါ့၊ ပြီးတော့ တည်းခိုခန်းကိုလည်း ကြော်ငြာပြီးသား ဖြစ်တာပေါ့ ဟုတ်တယ်မလား"
ဖုယန်မှာ ဆွဲဆောင်မှုရှိသော ပန်းချီကားတစ်ချပ်ကို ဆက်လက် ရေးဆွဲနေတော့သည်။
"တကယ်လို့ ဒီအခန်းကို အောင်အောင်မြင်မြင် ရိုက်နိုင်သွားရင် သူဌေးမလေးရဲ့ ရှောင်ရှီးက ကျွန်တော်တို့ ရုပ်ရှင်အဖွဲ့အတွက် ကျေးဇူးရှင်ကြီး ဖြစ်လာမှာ၊ သရုပ်ဆောင်အားလုံးကလည်း သူ့ကို အထူးကျေးဇူးတင်ကြလိမ့်မယ်၊ လီထျန်းယီ နဲ့ ကျွန်တော်က သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေပါ၊ သူ့ကိုလည်း သီးသန့်ပြောပေးမယ်၊ ရုပ်ရှင်အဖွဲ့ ဓာတ်ပုံတွေတင်ရင် ကျွန်တော်တို့ တိရစ္ဆာန်သရုပ်ဆောင်လေးကိုပါ ထည့်ပေးဖို့ပေါ့၊ ဘယ်လိုလဲ"
ဖုယန်မှာ စုဟယ်၏အားနည်းချက်ကို သိသွားပုံရပြီး လက်မလွှတ်တော့ပေ။ စုဟယ်မှာတော့ ထိုစကားများထဲတွင် နစ်မျောပြီး လက်ခံချင်စိတ်ပေါက်သွားလေတော့သည်။