အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အခန်း (၂၇) မီးခတ်သေနတ်
ကျောက်ချောင်အာ၏စကားများကို အိမ်တော်ထိန်းအိုကြီးက သိပ်ပြီး တုံ့ပြန်မှုမရှိခဲ့ပေ။
သူက ခါးကိုကိုင်းကာ ကုန်းကုန်းကွကွသာ နေလေ၏။
သို့သော် ကျောက်ချောင်အာကမူ ဤကိစ္စနှင့်ပတ်သက်၍ ပြောစရာစကားများ မဆုံးနိုင်အောင်ရှိနေပြီး ချက်ချင်းပင် ဆက်ပြောလိုက်သည်။
“အပြင်က ယောက်ျားတွေကို ကြည့်လိုက်စမ်းပါ အခြားသူတွေရှေ့မှာ အော်ဟစ်ဆူညံနေကြတာကို...”
“လှည့်ပြီးတော့ ကိုယ့်မိသားစုအပေါ်မှာ အင်အားအကုန်သုံးကြတယ်လေ...”
“ငါတို့တူကတော့ သူ့မိသားစုကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သိတယ် ဘယ်သူကများ သူ့ဇနီးကို အနိုင်ကျင့်ရဲရင် သူက သေတဲ့အထိ တိုက်ခိုက်မှာပဲ...”
“အဲ့တာကိုမှ သစ္စာရှိပြီး သိက္ခာရှိတဲ့ ယောက်ျားစစ်လို့ ခေါ်တာ မိန်းမဆိုတာ အဲ့လိုလူမျိုးကိုပဲ လက်ထပ်သင့်တာ...”
“ငါတို့တွေ ဒီတူကို အလိုလိုက်ထားတာ တကယ့်ကို မမှားဘူး...”
…
လုယွမ်က သူ၏ တစ်ဇွတ်ထိုးလုပ်ရပ်က အဒေါ်ကျောက်အား သူ့ကိုမုန်းတီးသွားစေမည်မဟုတ်မှန်း လုံးဝမသိခဲ့ပေ။
ထို့အစား ၎င်းက သူမ၏နှလုံးသားထဲမှ ဝန်ထုပ်ဝန်ပိုးကို ထိမှန်သွားစေခဲ့သည်။
သို့သော် လုယွမ်က အဒေါ်ကျောက်နှင့် သူ၏ဆက်ဆံရေးအတွက် စိုးရိမ်ပူပန်နေခြင်းကို ရပ်တန့်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
သူက ခုတင်ပေါ်တွင်လှဲနေရင်း စုလီယန်ကိုပွေ့ဖက်ကာ ထိုနေ့ကဖြစ်ပျက်ခဲ့သည်များကို ပြောပြနေသည်။
ဤနေ့တွင် အများကြီးဖြစ်ပျက်ခဲ့သည်ဟု ထင်ရသော်လည်း တကယ်တမ်း၌ အရာတစ်ခုတည်းသာဖြစ်ပြီး ပြောပြရန်လည်း နှိုင်းယှဉ်ရလျှင် လွယ်ကူလှသည်။
ပြောပြရန်ပို၍ခက်ခဲသောအရာများမှာ မှင်ကြိုးနှင့် ကောင်းကင်ဆရာသခင်ဓားတို့ပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဤအရာများသည် နောင်တွင် ထုတ်ပြရမည့်အရာများဖြစ်သည်။
လုယွမ်က အိမ်တွင် လျှို့ဝှက်ချက်အနေဖြင့် မထားချင်ခဲ့ပေ။
လုယွမ်၏နှလုံးသားထဲတွင် အိမ်ဆိုသည်မှာ အိမ်ပင်ဖြစ်ပြီး လျှို့ဝှက်ချက်များမရှိသင့်သော နေရာတစ်ခုဖြစ်သည်။
သူက စနစ်တစ်ခုနှင့် ကူးပြောင်းလာသူတစ်ယောက်ဖြစ်ကြောင်း ဖွင့်ဟလိုက်ပါက အခြားသူများက သူ့ကို အရူးတစ်ယောက်ဟု ထင်သွားစေနိုင်သည်မှလွဲ၍ တကယ်တမ်း ပြောပြရန်မလိုအပ်သောအရာမရှိပေ။
လုယွမ်က သူ၏ဇနီးဖြစ်သူအား မည်သည့်အရာကိုမျှ ဖုံးကွယ်ထားမည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ သူက အိမ်ထောင်ဖက်ဖြစ်ပြီး ဘဝတစ်သက်တာ အတူတကွဖြတ်သန်းရမည့်သူဖြစ်သည်။
ဤအရာ၊ ထိုအရာများကို ဖုံးကွယ်ထားပြီး အိမ်က အိမ်နှင့်ပင်မတူတော့ပါက တကယ့်ကို အဓိပ္ပာယ်မဲ့လွန်းလှသည်။
ကောင်းကင်ဆရာသခင်ဓားနှင့် မှင်အိုးတို့နှင့်ပတ်သက်၍ အဒေါ်ကျောက်၏စကားအရ ၎င်းတို့က မိသားစုအမွေအနှစ်များဖြစ်သည်။
စုလီယန်က သူမ၏ခင်ပွန်းပြောသမျှအရာအားလုံးကို ယုံကြည်ပြီး ယခင်က ဘာကြောင့်မမြင်ခဲ့ရသနည်းဆိုသည့် သံသယအနည်းငယ်မျှပင် မရှိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ လွန်ခဲ့သောရက်အနည်းငယ်က အိမ်တွင်းအိမ်ပြင် သန့်ရှင်းရေးနှင့် ရှင်းလင်းရေးလုပ်ခဲ့သူမှာ စုလီယန်ပင်ဖြစ်သည်။
“နောင်ကျရင် ပြဿနာတစ်စုံတစ်ရာကြုံလာခဲ့ရင် အစ်ကို့ကိုပြောပြပါ မင်းရဲ့နာကျင်ဝမ်းနည်းမှုတွေအားလုံးကို တစ်ယောက်တည်း ကြိတ်မခံပါနဲ့...”
“အစ်ကိုက မင်းရဲ့ယောက်ျားလေ အပြင်မှာ မတရားမှုတွေခံရပြီး ကိုယ့်ယောက်ျားကို မပြောပြဘူးလား ကိုယ့်ကို သူစိမ်းတစ်ယောက်လို သဘောထားနေတာလား...”
လုယွမ်က စုလီယန်ကို ပွေ့ဖက်ထားရင်း ဆူပူနေသော်လည်း သူမအတွက် စိတ်မကောင်းဖြစ်နေခဲ့သည်။
လုယွမ်သည် ဤည၏ဖြစ်ရပ်အသေးစိတ်ကိုသာမက သူ၏ဇနီး သူ့ကိုလက်ထပ်ပြီး ဒုတိယနေ့တွင် ရွာရှိလူများ ပြောဆိုခဲ့ကြသည်များကိုလည်း သိရှိခဲ့ရသည်။
စုလီယန်က သူမခင်ပွန်း၏ဆိုလိုရင်းကို မည်သို့နားမလည်ဘဲ ရှိပါမည်နည်း။
သူမခင်ပွန်း၏စကားများကို ကြားလိုက်ရသောအခါ စုလီယန်က တကယ့်ကို ကြည်နူးသွားခဲ့သည်။
သူမက ခင်ပွန်းဖြစ်သူထံသို့ တင်းကျပ်စွာ မှီကပ်ထားပြီး သူမ၏လှပသောမျက်နှာလေးက သူ၏ရင်ဘတ်ကို ပွတ်တိုက်နေလေသည်။
သူမက ကြီးမားသောပျော်ရွှင်မှုနှင့်အတူ အနည်းငယ်ချွဲနွဲ့ကာ ပြောလိုက်သည်။
“အစ်ကို့အတွက် ပြဿနာတွေဖြစ်လာမှာကို စိုးရိမ်လို့ပါ...”
ဇနီးဖြစ်သူ၏စကားကို ကြားလိုက်ရသောအခါ လုယွမ်က ချက်ချင်းပင် လက်လှမ်းကာ သူမကို ခပ်ပြင်းပြင်း ရိုက်လိုက်သည်။
ရိုက်သံထွက်ပေါ်လာပြီးနောက် စုလီယန်က ရှက်ရွံ့စွာဖြင့် သူမ၏လှပသောမျက်နှာလေးကို ခင်ပွန်းဖြစ်သူ၏ ရင်ခွင်ထဲ၌ ဝှက်ထားလိုက်သည်။
လုယွမ်က မျက်ခုံးပင့်ကာ ပြောလိုက်သည်။
“အဲ့တာက လုံးဝအဓိပ္ပာယ်မရှိတဲ့စကားပဲ မိသားစုဆိုတာ အချင်းချင်းကူညီဖေးမဖို့အတွက်ရှိတာလေ...”
“ပြဿနာဖြစ်စေတယ်၊ မဖြစ်စေဘူးဆိုတာမျိုး မရှိဘူး...”
“မင်းရဲ့ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်ဇနီးကို ကာကွယ်ရမှာပေါ့ မဟုတ်ရင် ကိုယ်က ဘယ်လိုယောက်ျားမျိုးဖြစ်နေတော့မလဲ...”
အလွန်ကြည်နူးသွားသော စုလီယန်က ခင်ပွန်းဖြစ်သူကို တင်းကျပ်စွာဖက်ထားပြီး ပျားရည်ကဲ့သို့ ချိုမြိန်သောအသံဖြင့် တုံ့ပြန်လိုက်သည်။
“ကျွန်မရဲ့ယောက်ျားက အစွမ်းအစအရှိဆုံး ယောက်ျားစစ်စစ်ကြီးပဲ...”
ထိုစကားကို ကြားလိုက်ရသောအခါ လုယွမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် အခြားတစ်ခုခုကို သတိရသွားခဲ့သည်။
လုယွမ်က ချက်ချင်း ပြောလိုက်သည်။
“စကားမစပ် ပွဲတွေအကြောင်းပြောရရင် ကိုယ်တို့နှစ်ယောက်အတွက်လည်း ပွဲတစ်ပွဲ ကျင်းပသင့်တယ်...”
“ရွာမှာ ရက်အနည်းငယ်လောက်နေပြီး ပြည်နယ်မြို့တော်က တာအိုဆရာက အဲ့လူယုတ်မာကို သတ်တဲ့အထိ စောင့်ကြတာပေါ့ ပြီးရင် မင်းရဲ့အိမ်ကို သွားကြမယ်လေ...”
ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသော စုလီယန်က ဤကိစ္စနှင့်ပတ်သက်၍ ဘာပြောနိုင်မည်နည်း သူမက ချက်ချင်းပင် ခေါင်းကိုဆက်တိုက်ညိတ်ပြပြီး သူမ၏အသံက ချိုမြိန်ကာ ချွဲနွဲ့နေလေသည်။
“အစ်ကိုပြောတဲ့အတိုင်း အကုန်လုပ်ပါ့မယ်...”
…
…
နောက်ထပ် ခုနစ်ရက်၊ ရှစ်ရက်ခန့်အတွင်း လုယွမ်က ဘယ်ကိုမှမသွားဘဲ အိမ်မှာသာနေကာ စာဖတ်နေခဲ့သည်။
သူက ပညာရှင်တစ်ယောက်ဖြစ်သောကြောင့် ၎င်းက လုယွမ်၏ စရိုက်လက္ခဏာနှင့် ကိုက်ညီပေသည်။
သေချာသည်မှာ သူက ယခင်စာအုပ်များကို ကြည့်နေခြင်းမဟုတ်ပေ။
ထို့အစား “ကောင်းကင်ဆရာသခင်” နှင့် “လက်မှုပညာရှင်၏စိတ်ဝိညာဉ်” ဟူသော စာအုပ်များကို ဖတ်နေခြင်းဖြစ်သည်။
ဤစာအုပ်နှစ်အုပ်၏ ရည်ရွယ်ချက်မှာ အလိုအလျောက်ထင်ရှားပြီး တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။
ကောင်းကင်ဆရာသခင်ဆိုသည်မှာ ဝိညာဉ်ရေးရာကျင့်စဉ်များကို ကျင့်ကြံသူများအတွက် သင်ကြားရေးနည်းလမ်းတစ်ခုဖြစ်သည်။
လက်မှုပညာဆိုသည်မှာ အရာဝတ္ထုများကို ဖန်တီးခြင်းအကြောင်းဖြစ်သည်။
ဤစာအုပ်နှစ်အုပ်သည် သာမန်စာအုပ်များသာမကဘဲ စိတ်ကူးယဉ်လောကရှိ ကျင့်ကြံခြင်းနည်းလမ်းများ အမျိုးအစားတွင်လည်း ပါဝင်ပေသည်။
ဥပမာအားဖြင့် “ကောင်းကင်ဆရာသခင်” ကို ရက်အနည်းငယ်ကြာဖတ်ပြီးနောက် ဖော်ပြထားသောနည်းလမ်းများကို ကျင့်ကြံရာ လုယွမ်သည် ယခုအခါ သူ၏လက်များဖြင့် ရွှေရောင်အလင်းတန်းများကို ပွတ်သပ်ဖန်တီးနိုင်နေပြီဖြစ်သည်။
သို့သော်...
အင်း... ၎င်းက အလင်းရောင်တစ်ခုသာ ပေးစွမ်းနိုင်လေသည်။
တကယ်တမ်း၌ သိပ်ပြီးအသုံးမဝင်လှပေ လူပုံစံ မီးသီးတစ်လုံးနှင့်သာ တူနေလေသည်။
ကံမကောင်းစွာဖြင့် ကောင်းကင်ဆရာသခင်တစ်ယောက်ဖြစ်ရန် အတော်လေးခက်ခဲပေသည် လုယွမ်ဖတ်နိုင်သော်လည်း အဓိပ္ပာယ်ကို နားမလည်သောအရာများစွာ ရှိနေသည်။
သူက ဖြည်းဖြည်းချင်းသာ နားလည်အောင် ကြိုးစားနိုင်သည်။
သို့သော် အနည်းဆုံးတော့ လုယွမ်သည် ဤထူးဆန်းသောကမ္ဘာကြီးအကြောင်းကို အနည်းငယ်နားလည်လာခဲ့သည်။
ယခင်ကကဲ့သို့ မျက်စိစုံမှိတ်ပြီး အကန်းတစ်ယောက်လို ဖြစ်နေခြင်းမျိုး မဟုတ်တော့ပေ။
အခြားစာအုပ်ဖြစ်သော “လက်မှုပညာ” မှာမူ လုယွမ်အတွက် ရိုးရှင်းလှသည်။
မည်သို့ပင်ဖြစ်စေ ခေတ်သစ်လူသားများအနေဖြင့် “လက်မှုပညာ” တွင် သင်ကြားထားသောအရာများကို နားလည်ရန် နှိုင်းယှဉ်ရလျှင် လွယ်ကူပေသည်။
အဓိကအချက်မှာ သဘောတရားများကို နားလည်ရန်ဖြစ်သည်။
ဤ “လက်မှုပညာ” စာအုပ်က သင့်အား အရာဝတ္ထုအမျိုးမျိုး ပြုလုပ်ရန် နည်းလမ်းများနှင့် နည်းပညာများကို သင်ကြားပေးသည်။
မှင်ကြိုးများ၊ မျက်နှာသစ်ဇလုံများ၊ စားပွဲများ၊ ကုလားထိုင်များနှင့် ခုံတန်းလျားများကဲ့သို့သော ပစ္စည်းငယ်များမှအစ..
.ပစ္စတိုသေနတ်များမှ စက်သေနတ်များအထိ...
ရေနွေးငွေ့အင်ဂျင်များနှင့် ဒီဇယ်အင်ဂျင်များပင် ပါဝင်သေးသည်။
၎င်းက အထင်ကြီးစရာကောင်းလှသော်လည်း ထိုစွမ်းအားကြီးမားသောအရာများကို တည်ဆောက်ရန်အတွက် ပစ္စည်းများလိုအပ်ပေသည်။
လုယွမ်၌ ဤအရာများကိုပြုလုပ်ရန် စွမ်းရည်မရှိခဲ့ပေ။
သို့သော် လုယွမ်က မကြာသေးမီက ရရှိနိုင်သောပစ္စည်းများကို အသုံးပြု၍ သူကိုယ်တိုင်ပြုလုပ်နိုင်သောအရာများကို မည်သို့ထုတ်လုပ်ရမည်ကို လေ့လာစူးစမ်းနေခဲ့သည်။
သူ၏အဖိုးတန်ပစ္စည်းများကို ကာကွယ်ရန်ဖြစ်သည်။
စောစောနံနက်ခင်း။
“အစ်ကိုဖူရှင်း နံနက်စာအသင့်ဖြစ်နေပြီ အိုးထဲကနေ ကိုယ်တိုင်သွားခပ်စားလိုက်ပါ...”
စုလီယန်က အိမ်ဝင်းထဲတွင်ရပ်ကာ အရှေ့ဘက်အဆောင်သို့ လှမ်းခေါ်လိုက်သည်။
ထို့နောက် သူမက ခြံဝင်း၏ ထောင့်တစ်နေရာသို့ အမြန်လျှောက်သွားပြီး ခင်ပွန်းဖြစ်သူကို ချိုသာဆွဲဆောင်မှုရှိစွာ ပြောလိုက်သည်။
“အစ်ကို စားကြရအောင်...”
လုယွမ်က သူ၏လက်ထဲရှိ တစ်ခုခုကို ကလိနေရင်း လင်းဖူရှင်း၏အခန်းဘက်သို့ လှမ်းကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
“အစ်ကို ဒါကို ချက်ချင်းအပြီးလုပ်လိုက်မယ်...”
လင်းဖူရှင်းက လုယွမ်ကို ကာကွယ်ပေးရန် ရောက်နေသောကြောင့် လွန်ခဲ့သောရက်အနည်းငယ်ကတည်းက လုယွမ်၏အိမ်တွင် နေထိုင်နေခဲ့သည်။
သူတို့ကို နေ့တိုင်း ရွာအပြင်ဘက်မှာ နေဖို့ မျှော်လင့်လို့မရပေ။
သူတို့က အိမ်ဝင်း၏ အရှေ့ဘက်ရှိ အိမ်ကို သူ့အတွက် နေထိုင်ရန် ပေးထားခဲ့သည်။
လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူတို့နှစ်ဦးက အတော်လေးရင်းနှီးလာခဲ့ပြီး တကယ်တော့ သူတို့က ရွယ်တူများဖြစ်ကြသည်။
တစ်ယောက်ကိုတစ်ယောက် ရင်းနှီးသွားသည်နှင့်အမျှ မည်သည့်အကြောင်းကိုမဆို ငြင်းခုံပြောဆိုနိုင်သည်။
လင်းဖူရှင်း၌ အခြားကြီးမားသော ပြဿနာမရှိဘဲ စကားတစ်ခွန်းတည်းသာရှိသည်မှာ ပျင်းရိခြင်းဖြစ်သည်။
ကျူးပါကျဲကဲ့သို့ပင်။
သူက လုယွမ်ထက် စောစောအိပ်ပြီး လုယွမ်ထက် နောက်ကျမှ နိုးသည်။
သူက အများကြီးစားနိုင်သော်လည်း အချိန်မမှန်ပေ။
စားရမည့်အချိန်ရောက်လာသောအခါ အချိန်ဆွဲနေပြီး ခုတင်ပေါ်မှ မဆင်းသေးပေ။
“အစ်ကို ဒါက ဘာလဲ...”
ဘေးတွင်ရပ်နေသော စုလီယန်က စူးစမ်းချင်စိတ်ပြင်းပြနေသော ကလေးငယ်တစ်ယောက်နှင့် တူနေလေသည်။
သူမအကြောင်း ပြောရလျှင် သူမ၏ ချိုသာ၊ ဆွဲဆောင်မှုရှိပြီး လှပသောအသွင်အပြင်က မျိုးရိုးဗီဇပြန်ပေါ်လာပြီးနောက် သူမ၏ အေးစက်စိမ်းကားသောအမူအရာနှင့် ယှဉ်လိုက်ပါက ခံစားချက်များအားလုံး ရုတ်တရက်ပျောက်ဆုံးသွားသကဲ့သို့ဖြစ်ကာ လုံးဝကို အခြားလူတစ်ယောက်အလား ဖြစ်နေပေသည်။
သို့သော် လုယွမ်က သူမ၏ မျိုးရိုးဗီဇ ပြန်ပေါ်လာပြီးနောက် ဇနီးဖြစ်သူ၏အသွင်အပြင်ကိုလည်း အလွန်နှစ်သက်ခဲ့သည်။
အထူးသဖြင့် သူမ၌ ဘုရင်မတစ်ပါး၏ အမူအရာရှိပြီး သူမ၏မျက်နှာက အေးစက်နေသော်လည်း နောက်ဆုံးတွင် သူမကို ခုတင်ပေါ်၌ ဖိချလိုက်သောအခါ သူမ၏ပါးပြင်များက နီမြန်းသွားခဲ့သည်။
ကျွတ်...
အံ့သြစရာပဲ...
“ဒါက...”
“နားကိုပိတ်ထားလိုက်...”
လုယွမ်က ပြောနေရင်း သူကိုင်ထားသောအရာကို မြှောက်လိုက်ပြီး အရှေ့ဘက်အဆောင်၏ ခေါင်မိုးဆီသို့ ချိန်ရွယ်လိုက်သည်။
စုလီယန်က သူမခင်ပွန်း ဘာလုပ်မည်ကို မသိသော်လည်း သူ၏စကားများက သူမအတွက် ဧကရာဇ်၏ အမိန့်တော်များကဲ့သို့ပင်ဖြစ်သည်။
သူမက ချက်ချင်းပင် နားကိုပိတ်ထားလိုက်သည်။
ထို့နောက် သေနတ်ပစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
လုယွမ်က ကြောက်လန့်နေသောအမူအရာဖြင့် ဘေးတွင်ရပ်နေသော စုလီယန်ကိုကြည့်ကာ ပြုံးဖြီးဖြီးလုပ်လိုက်သည်။
“မီးဖောက်သေနတ်တိုလေ...”
“ဒါကို ကိုယ်က နာမည်အသစ်ပေးထားတယ် မီးခတ်သေနတ်တဲ့...”
အခန်း (၂၈) ပြဿနာကြီးတစ်ခု ရောက်လာပြီ
ကောင်းကင်ဆရာသခင်သည် လုယွမ်ကို ပြင်ပလူတစ်ယောက် ဖြစ်သွားစေနိုင်သည်။
“လက်မှုပညာ” က လုယွမ်အား ကိုယ်တိုင် ဖန်တီးခွင့်ပေးထားလေသည်။
ပစ္စည်းအလုံအလောက်ရှိသရွေ့ လုယွမ်က သူကိုယ်တိုင် ဖန်တီးပြုလုပ်နိုင်ပေသည်။
အထူးသဖြင့် မြင့်မြတ်သောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော လုယွမ်သည် အလွန်ကောင်းမွန်သော ရုပ်ပိုင်းဆိုင်ရာအခြေအနေရှိပေသည်။
လုယွမ်က သံတုံးငယ်တစ်တုံးကိုရှာတွေ့ခဲ့ပြီး မီးခတ်သေနတ်ကျည်ဆန်ဖြစ်လာစေရန် သူ၏လက်ထဲတွင် ပွတ်သပ်ဖန်တီးလိုက်သည်။
ဤမီးခတ်သေနတ်ကို ဘာကြောင့်ပြုလုပ်ခဲ့သလဲဆိုလျှင်...
သေချာသည်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက်ဖြစ်သည်။
လုယွမ်၌ အလွန်အစွမ်းထက်သော မြင့်မြတ်သောခန္ဓာကိုယ်ရှိပြီး အသက်ရှင်နေသောလူများကို မကြောက်သော်လည်း...
လူသေများကို မကြောက်သည့်အပြင် မိမိတို့၌ ကောင်းကင်ဆရာသခင်ဓားလည်း ရှိပေသည်။
သို့သော် ပြဿနာတစ်ခုခုဖြစ်လာတိုင်း အင်္ကျီလက်ကိုပင့်တင်ကာ လက်ဗလာဖြင့်တိုက်ခိုက်ရခြင်းက တကယ်တော့ လုယွမ်၏ စတိုင်မဟုတ်ပေ။
၎င်းက ယဉ်ကျေးမှုမရှိရာကျပေသည်။
အထူးသဖြင့် ကောင်းကင်ဆရာသခင်ဓားရှိနေလျှင်ပင် ရှင်းကျီဖြင့် ခုတ်ပိုင်းရန် အနီးသို့ကပ်ရသေးသည်။
လုယွမ်က ဤအရာများကို အမြဲတမ်းအနည်းငယ် သက်သောင့်သက်သာမဖြစ်သလို ခံစားရပြီး အနီးသို့ကပ်ရန် ဝန်လေးနေခဲ့သည်။
အဝေးမှနေ၍ ပစ်ခတ်ရခြင်းလောက် မည်သည့်အရာကမျှ မကောင်းနိုင်ပေ။
ထို့နောက် သေနတ်ကို ဝှေ့ယမ်းကာ “သခင်ကြီး ခေတ်တွေပြောင်းသွားပြီ” ဟု သူပြောလိုက်မည်။
ဘယ်လောက်တောင် ကြည့်ကောင်းလိုက်မည်နည်း။
ဤမီးခတ်သေနတ်က ရှင်းကျီအတွက် အသုံးဝင်သလားဆိုလျှင်...
အသုံးဝင်သည်။
လုံးဝအသုံးဝင်သည်။
လွန်ခဲ့သောနှစ်များစွာက တိုင်နင်းမြို့မှ ထင်ရှားသောပုဂ္ဂိုလ်တစ်ဦး ထွက်ပေါ်လာခဲ့သည်။
ထိုနှစ်က ပြင်းထန်သော မိုးခေါင်ရေရှားမှုဖြစ်ပွားခဲ့ပြီး မိုးခေါင်မှုများကြောင့် ဖုတ်ကောင်များ ပေါ်ထွက်လာနိုင်ခြေ အများဆုံးဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း ဝမ်မိသားစုရွာရှိ ရေကန်ကြီးခန်းခြောက်သွားပြီးနောက် ခေါင်းတလားတစ်တန်း ပေါ်လာခဲ့သည်။
ရွာသူရွာသားများက ၎င်းကို ကံဆိုးသည်ဟု ယူဆသောကြောင့် မည်သူကမျှ ဂရုမစိုက်ခဲ့ကြပေ။
ရည်ကြည်ဖုတစ်ခုတွင် နစ်မြုပ်လုနီးပါးဖြစ်နေသော အလောင်းသည် ရက်အတော်ကြာ နေရောင်နှင့်ထိတွေ့ပြီးနောက် ညဘက်တွင် ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
အမွေးဖြူများပင် စတင်ပေါက်လာသည်ဟု ကြားရသည်။
ထိုကောင်က တိုင်နင်းမြို့တွင် ဆူပူသောင်းကျန်းလွန်းသဖြင့် ပြည်နယ်မြို့တော်မှ တာအိုဆရာတော် အတော်များများပင် သူ့ကို မနှိမ်နင်းနိုင်ခဲ့ကြပေ။
နောက်ဆုံးတွင် သူတို့က တိုင်နင်းတောင်ခြေ၌ တပ်စွဲထားသော စစ်တပ်အရာရှိကို အကူအညီတောင်းခဲ့ကြသည်။
ဤစစ်သားများက အနီရောင်အမြောက် သုံးလက်ကို ယူဆောင်လာခဲ့ကြသည်။
သူတို့က ၎င်းတို့ကို ညတွင်းချင်း မှုတ်ထုတ်ပစ်လိုက်ပြီးနောက် ထိုအုပ်စုကို မည်သည့်အခါမျှ ထပ်မတွေ့ရတော့ပေ။
သေချာသည်မှာ သူတို့အလွန်အစွမ်းထက်ရခြင်း၏ အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာ စစ်တပ်တပ်မှူးက အစွမ်းထက်သောကြောင့်ဖြစ်သည်။
စစ်တပ်တပ်မှူး၌ အင်ပါယာ၏ လူသတ်ချင်သော အငွေ့အသက်နှင့် ရက်စက်ကြမ်းကြုတ်သော စိတ်ဝိညာဉ်တို့ ရှိနေသည်။
စစ်တပ်ခေါင်းဆောင်တစ်ယောက်ကို ဘယ်အလုပ်အကိုင်ကများ စိန်ခေါ်ရဲမည်နည်း။
ထို့အပြင် ထိုအနီရောင်အမြောက်များကို တိုက်ပွဲတွင် အသုံးပြုခဲ့ဖူးသည်။
စစ်မှန်သော လူသတ်လက်နက်နှင့် မကောင်းဆိုးဝါးအငွေ့အသက်များက ၎င်းကို ဝန်းရံနေသည်။
သို့သော် အရာအားလုံးကို ထည့်တွက်ကြည့်မည်ဆိုလျှင် ဤသေနတ်များ၏ ပြင်းထန်သောအလင်းရောင်နှင့် ကျယ်လောင်သောအသံက ပြဿနာ၏အဓိကအကြောင်းရင်းဖြစ်သည်။
လုယွမ်က “ကောင်းကင်ဆရာသခင်” စာအုပ်ကို ဖတ်ဖူးပြီး ဤကဲ့သို့သောလူများသည် တောက်ပသောအလင်းရောင်များနှင့် ကျယ်လောင်သောအသံများကို အကြောက်ဆုံးဖြစ်ကြောင်း သိထားပေသည်။
ဤအရာများသည် ဝိညာဉ်နှစ်ခုနှင့် စိတ်ဝိညာဉ်သုံးခု ပျောက်ဆုံးနေသူများအတွက် အလွန်အဖျက်စွမ်းအားကြီးမားပေသည်။
သူတို့၏ နောက်ဆုံးကျန်ရစ်သော ဝိညာဉ်ကို ချေမှုန်းရန် လွယ်ကူလှသည်။
အထူးသဖြင့်...
လုယွမ်က မီးခတ်သေနတ်မှ သံကျည်ဆန်များကို လုပန်း၏ မှင်အိုးမှ မှင်ခွက်ထဲသို့ပင် နှစ်လိုက်သေးသည်။
၎င်းက ကြောက်စရာကောင်းသည် မဟုတ်လား။
ထို့အပြင် ကမ္ဘာကြီးက ငြိမ်းချမ်းရန် အလှမ်းဝေးနေပြီး ဓားပြများနှင့် ရာဇဝတ်ကောင်များ အများအပြားရှိနေသည်။
ဤအရာက တစ္ဆေများကိုသာမက လူများကိုပါ တားဆီးနိုင်ပေသည်။ ၎င်းက တကယ့်ကို အစွမ်းထက်လှသည်။
လုယွမ်က ဘာကြောင့် အလိုအလျောက် ပစ္စတိုသေနတ် သို့မဟုတ် အခြားအရာတစ်ခုကို မတည်ဆောက်ခဲ့သနည်းဆိုလျှင်... အင်း... ထိုအရာက အတော်လေးရိုးရှင်းပေသည်။
တကယ်တော့ စစ်မှန်သောသေနတ်တစ်လက်၏ ဖွဲ့စည်းပုံက ကမ္ဘာမြေပေါ်ရှိ ခေတ်မီကစားစရာသေနတ်အချို့ထက် ပိုမိုရိုးရှင်းလှသည်။
သို့သော် သေနတ်များကို ရှာဖွေရန်လွယ်ကူသော်လည်း ကျည်ဆန်များကိုရရှိရန် ခက်ခဲပေသည်။
၎င်းက စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီရမည် မဟုတ်ပါက ပြောင်းဝပေါက်ကွဲသွားသကဲ့သို့ မည်သူ့ကိုမျှ မထိမှန်မီ သင့်ကိုယ်သင် အရင်ပေါက်ကွဲသွားလိမ့်မည်။
လုယွမ်ကိုယ်တိုင် လက်ဖြင့်ပွတ်သပ်ဖန်တီးရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
သို့သော် လုယွမ်၏ လက်ရှိ “လက်မှုပညာ” ကို အသစ်သင်ယူထားသော ကျွမ်းကျင်မှုများဖြင့် အပြည့်အဝကိုက်ညီသော ကျည်ဆန်တစ်တောင့်ကို ကိုယ်တိုင်ဖန်တီးရန် ဆယ်ရက်မှ လဝက်အထိ အချိန်ယူရပေလိမ့်မည်။
ထို့ကြောင့် လောလောဆယ် မီးခတ်ပစ္စတိုသေနတ်တစ်လက်သာ ရယူလိုက်ကြပါစို့။
လုယွမ်က ထိုသေနတ်ကို ပစ်ခတ်လိုက်သည်နှင့် ဘေးဘက်အခန်း၏ ခေါင်မိုးပေါ်ရှိ အုတ်ကြွပ်ပြားများက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့သည်။
အရှေ့ဘက်အဆောင်အတွင်းရှိ လင်းဖူရှင်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“ဘာတွေဖြစ်နေတာလဲ...”
“ဘာတွေဖြစ်နေတာလဲ...”
လုယွမ်၏ဘေးတွင်ရပ်နေသော စုလီယန်က လက်နှစ်ဖက်ဖြင့် နားကိုပိတ်ထားဆဲဖြစ်ပြီး သူမ၏လှပသောမျက်နှာလေးမှာ အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။
စုလီယန်က ယခင်က မီးဖောက်သေနတ်များကို မြင်ဖူးခဲ့သည်။
ယခင်က စစ်ပွဲများနှင့် ဖရိုဖရဲဖြစ်နေသောအချိန်များတွင် စစ်တပ်အရာရှိများသည် အတော်လေးအတွေ့ရများသည်။
သို့ပေမဲ့ ဤအရာက အရမ်းတိုပြီး အရမ်းနုနယ်လွန်းသည်...။
ထို့အပြင် ထိုမီးဖောက်သေနတ်များသည် မီးညှိရန် အခြားသူတစ်ယောက်၏ အကူအညီ အမြဲတမ်းလိုအပ်သည်။
ဤအရာက...
စုလီယန်က လုံးဝအံ့အားသင့်နေစဉ် လုယွမ်က မျက်မှောင်ကြုတ်ကာ အိမ်ထဲမှ ပြေးထွက်လာသော လင်းဖူရှင်းကို ကြည့်ပြီး ပြောလိုက်သည်။
“မင်းက အရမ်းမောက်မာတာပဲ...”
“စားဖို့အရေးကိုတောင် မင်းကို ခေါ်နေရသေးတယ်...”
“ဒီကနေစပြီး ညစာစားဖို့ အချိန်မှန်ထွက်ခဲ့ နောက်ကျရင် အိုးထဲမှာ ထမင်းကျန်မှာ မဟုတ်ဘူး...”
လင်းဖူရှင်းက လုယွမ်၏ ဆူပူမှုကိုခံရပြီးနောက် ပြန်မပြောရဲတော့ပေ။
သူက သခင်မကြီး၏ အချစ်တော်ဖြစ်နေမှတော့ မည်သူကများ သူ့ကို အပြစ်တင်နိုင်မည်နည်း။
လင်းဖူရှင်းက မကျေမနပ်ဖြစ်စွာဖြင့်သာ ပြောနိုင်တော့သည်။
“ဒါပေမဲ့ ကျုပ်တို့ ညဘက် ကင်းစောင့်ရဦးမယ်လေ...”
ကင်းစောင့်ရမည်ဟု မပြောခင်အထိ လင်းဖူရှင်းက အဆင်ပြေနေသော်လည်း ထိုသို့ပြောလိုက်သည်နှင့် လုယွမ်က သူ့ကို ကန်ကျောက်ကာ ပြောလိုက်သည်။
“ကင်းစောင့်ရမယ် ဟုတ်လား အုတ်ခဲတွေလို ဟောက်နေပြီးတော့များ...”
“စကားများမနေနဲ့ စားကြစို့ စားပြီးရင် မြို့ထဲကို သွားကြမယ်...”
လုယွမ်က စကားပြောပြီးနောက် သူ၏ဇနီးကို အိမ်ထဲသို့ အရင်ဦးဆောင်ခေါ်သွားခဲ့သည်။
သို့သော် လင်းဖူရှင်းက မကျေမနပ်မဖြစ်တော့ဘဲ သူ၏ထမင်းကို ယူရန် မီးဖိုချောင်သို့ ပျော်ရွှင်စွာသွားလေသည်။
လင်းဖူရှင်း၌ တကယ့်ကို မကျေနပ်စရာမရှိပေ။
အလေးအနက်ပြောရလျှင် လုယွမ်က အရမ်းကောင်းကောင်းစားနေရသည်။
အစာစားတိုင်း ငါးနဲ့အသားပါသည်။ တောမှာနေတုန်းကတောင် ဤသို့စားသောက်ပွဲမျိုး တစ်ခါမှ မစားဖူးပေ။
ထို့ကြောင့် အစပိုင်းတွင် လင်းဖူရှင်းက လုယွမ်အပေါ် အလွန်မညီမျှသလို ခံစားခဲ့ရသော်လည်း ယခုအခါတွင်မူ သူလက်ခံသွားခဲ့ပြီဖြစ်သည်။
ဒီတော့ လုယွမ်အတွက် ခွေးဖြစ်လိုက်တော့မယ်လေ။
ခွေးဖြစ်ရတာ ဘာများမှားနေလို့လဲ။
ထို့အပြင် လုယွမ်၏ခွေးဖြစ်ရခြင်းက သခင်မကြီး၏ခွေးဖြစ်ရခြင်းနှင့် အတူတူပင်ဖြစ်သည်။
ထိုသခင်မက လုယွမ်ကို အရမ်းအလိုလိုက်၏။
မြင်းဆွဲရထားတွေက မြို့ထဲကနေ နေ့တိုင်းမနားတမ်း ရောက်လာနေကြသည်။
ဤသည်က လက်တွေ့မှာ သူ့သားအရင်းကို ဆက်ဆံသလိုပင်။
“ညစာစားပြီးရင် အဝတ်အစားကောင်းကောင်းလေး လဲလိုက်ပါ ဒီနေ့ ပွဲအတွက် ပစ္စည်းအချို့ဝယ်ဖို့ မြို့ထဲသွားကြမယ်...”
“အဲဒီအချိန်ကျရင် အဒေါ်ကျောက်နဲ့ တွေ့ဖို့လည်း မင်းကို ခေါ်သွားမယ်လေ...”
လုယွမ်နှင့် စုလီယန်က စကားပြောရင်း အတူတူစားသောက်နေကြသည်။
လွန်ခဲ့သည့်အကြိမ်က ဖြစ်ပျက်ခဲ့သည့်ကိစ္စအပြီးတွင် ဤသို့ဖြစ်လာမည်ဟု လုယွမ် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
အဒေါ်ကျောက်က သူမကိုယ်သူမ တကယ်ကို ဘာမှမထင်ခဲ့ပေ။
လုယွမ်သည် ဤကာလအတွင်း ကျောက်ချောင်အာ သို့မဟုတ် သူမ၏ခေါင်းပေါ်ရှိ အမြှောက်ကိန်းကို မတွေ့ခဲ့ရသော်လည်း
သို့သော် သူမက ဤနေရာသို့ နေ့တိုင်းပို့ပေးနေသောအရာများကိုသာ ကြည့်လိုက်ပါ။
အစားအသောက်၊ အချိုရည်၊ အဝတ်အစားများနှင့် သူ၏ဇနီးအတွက် လက်ဝတ်ရတနာများ။
မကြည့်ဘဲနှင့်ပင် သိသာထင်ရှားလှသည်။
နောက်ဆုံးဖြစ်ရပ်ဖြစ်ပွားခဲ့သည်မှာ ခုနစ်ရက် သို့မဟုတ် ရှစ်ရက်ခန့်ရှိပြီဖြစ်သည်။
မနေ့က ပစ္စည်းလာပို့သူပြောသည်မှာ ပြည်နယ်မြို့တော်မှ ကောင်းကင်ဆရာသခင်လည်း ရောက်လာပြီဟုဆိုသည်။
ထိုဆရာသခင် ရောက်လာကတည်းက...
မိမိတို့ဘက်တွင် ကြောက်စရာဘာမှမရှိတော့ပေ။
မနေ့ညက သူတို့က ထိုလျိုမိသားစုလူကို နှိမ်နင်းနိုင်ခဲ့လောက်ပြီ ထင်တယ် မဟုတ်ဘူးလား။
ထို့ကြောင့် လုယွမ်က ယနေ့ မြို့ထဲသို့သွားရန် စဉ်းစားနေခြင်းဖြစ်သည်။
ပွဲခံရန်အတွက် လိုအပ်သောပစ္စည်းများကို ဤမြို့တွင် အကုန်အစင်မဝယ်နိုင်သောကြောင့် ဝယ်ရန်အတွက် မြို့ကြီးသို့ သွားရမည်ဖြစ်သည်။
၎င်းက အဒေါ်ကျောက်ထံသို့ သွားရောက်လည်ပတ်ရန် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်သည်။
အခြားသူများထံမှ အကြောင်းပြချက်မရှိဘဲ အကျိုးကျေးဇူးများစွာ ရရှိထားသောကြောင့် လုယွမ်၌ သူတို့ကို ပြန်လည်ပေးဆပ်ရန် နည်းလမ်းမရှိခဲ့ပေ။
ဒါပေမဲ့ အနည်းဆုံးတော့ ငါ့မှာ ပါးစပ်ရှိတယ်လေ ဒါကြောင့် ကျေးဇူးတင်ပါတယ်လို့ ပြောသင့်တာပေါ့။
အခြားသူများ မြင်တွေ့နိုင်စေရန် သူ၏ဇနီးကိုလည်း ခေါ်သွားရမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးက လောကကြီးတွင် ဆွေမျိုးမရှိတော့ကြောင်းနှင့် တစ်ဦးကိုတစ်ဦး မိသားစုကဲ့သို့ ဆက်ဆံကြမည်ဟု ပြောထားခဲ့ပြီးဖြစ်သည်။
စုလီယန်က ဘေးမှနေ၍ နာခံမှုရှိစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ဤကဲ့သို့သော ကိစ္စများတွင် ခင်ပွန်းဖြစ်သူက ဆုံးဖြတ်ရန်မှာ သဘာဝပင်ဖြစ်သည်။
အစားစားပြီးနောက် လင်းဖူရှင်းက ရထားလုံးကို ပြင်ဆင်လေသည်။
လုယွမ်နှင့် စုလီယန်တို့ ရထားလုံးပေါ်တွင် ထိုင်ပြီးနောက် လင်းဖူရှင်းက သူ၏မြင်းကြိမ်တံကို ရိုက်ကာ ရထားလုံးကို မောင်းထွက်သွားခဲ့သည်။
မွန်းတည့်ချိန်ခန့်တွင် သူတို့သုံးဦး တိုင်နင်းမြို့သို့ ရောက်ရှိလာခဲ့သည်။
ကျန်တာကတော့ ရိုးရှင်းပါသည်။ လုယွမ်က ဝယ်ရမည့်ပစ္စည်းများစာရင်းကို ရေးပေးလိုက်ပြီး လင်းဖူရှင်းကို ဝယ်ခိုင်းလိုက်သည်။
လုယွမ်က စုလီယန်ကို ကျောက်ချောင်အာ၏ အိမ်တော်ဆီသို့ တိုက်ရိုက်ခေါ်သွားခဲ့သည်။
ဤနေရာကို ပထမဆုံးအကြိမ်ရောက်ဖူးပေမဲ့ လမ်းကို ရှာတွေ့နိုင်ခဲ့၏။ မနေ့ကလည်း မေးမြန်းထားခဲ့တာကိုး။
လမ်းခရီးတွင် သူတို့နှစ်ဦးက သရေစာကဲ့သို့သော ပစ္စည်းအချို့ကို ဝယ်ခဲ့ကြသည်။
အဖိုးတန်တဲ့အရာတော့ မဟုတ်ပေ။ သို့ပေမဲ့ လက်ဗလာနဲ့တော့ မသွားနိုင်ပေ။
ရောက်ရောက်ချင်းပင် ဂိတ်တံခါးဝတွင် အစောင့်ခုနစ်ယောက်၊ ရှစ်ယောက်ခန့် စောင့်ကြပ်နေသော အိမ်တော်ကြီးတစ်လုံးကို တွေ့လိုက်ရသည်။
အလွန်ခမ်းနားကြီးကျယ်ပုံရလေသည်။
လုယွမ်က စုလီယန်ကို အရှေ့သို့ဦးဆောင်ခေါ်သွားခဲ့သည်။ လုယွမ်က သူမသည် အဒေါ်ကျောက်၏တူဖြစ်ကြောင်း အစောပိုင်းက ပြောချင်ခဲ့သည်။
သို့သော် ၎င်းက အနည်းငယ်ထူးဆန်းပြီး ရှက်စရာကောင်းသလိုလည်း ခံစားရသည်။
နောက်ဆုံးတွင် လုယွမ်က သူ့ဆီသို့ လျှောက်လာနေသော အစောင့်ကို ကြည့်ကာ ပြောလိုက်သည်။
“ဒုက္ခပေးသလိုဖြစ်သွားရင် တောင်းပန်ပါတယ်…ကျုပ်က သခင်မကြီးရဲ့ ဆွေမျိုးပါ ဒီနေ့ သူမကို လာလည်တာပါလို့ အသိပေးပါရစေ...”
လုယွမ်က တစ်ခုခုထပ်ပြောတော့မည်ပြုစဉ် အစောင့်က ခဏရပ်သွားပြီးနောက် ပြောလိုက်သည်။
“မင်းက တူတော်သခင်လေး ဖြစ်ရမယ်...”
*ဟင်…*
လုယွမ်၏အမူအရာကို မြင်လိုက်ရသောအခါ အစောင့်က သူမှန်းတာမှန်သွားပြီဖြစ်ကြောင်း သိလိုက်သည်။
ချက်ချင်းပင် အစောင့်သည် အလွန်ကြင်နာပြီး ယဉ်ကျေးလာကာ အကြိမ်ကြိမ်ဦးညွှတ်၍ ပြောလိုက်သည်။
“တူတော်သခင်လေး ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ...”
“သခင်မကြီး မြို့ထဲမှာမရှိဘူး ကျေးဇူးပြုပြီး အထဲဝင်ပြီး စောင့်ပါဦး...”
ထိုစကားကို ကြားလိုက်ရသောအခါ လုယွမ်က ခေါင်းညိတ်လိုက်သည်။ စီးပွားရေးကိစ္စက တကယ်ပဲ ပြေလည်သွားပုံရသည်။
အဒေါ်ကျောက်က ယခုအခါ လွတ်လွတ်လပ်လပ် အပြင်ထွက်နိုင်ပြီဖြစ်သည်။
လုယွမ်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“လျိုမိသားစုရဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စ ပြေလည်သွားပြီလား...”
လုယွမ် စကားပြောပြီးသွားသောအခါ အစောင့်က ခဏတာ ကြက်သေသေသွားပြီး လုယွမ်က သူ့ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်သည်။
အစောင့်က ခေါင်းခါကာ ပြောလိုက်သည်။
“မဟုတ်ဘူး...”
“မနေ့ညက ပြဿနာကြီးတစ်ခုဖြစ်သွားတယ် ပြည်နယ်မြို့တော်က တာအိုဆရာတော် သေသွားပြီ...”
လုယွမ် - “......”