အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
129
စုဟယ်သည် ခြေကုန်လက်ပန်းကျစွာဖြင့် ဓာတ်လှေကားထဲမှ တွားသွား၍ ထွက်လာခဲ့ရသည်။ သူမသည် ဓာတ်လှေကား ထိန်းချုပ်ဘောင်ပေါ်ရှိ အရှိန်ထိန်းခလုတ်ကို မူလအခြေအနေသို့ ပြန်လည်ချိန်ညှိလိုက်၏။ ဤအရှိန်ပြင်းဓာတ်လှေကားမှာ တကယ်ကို ရင်တုန်စရာကောင်းလွန်းလှသဖြင့် သူမ မခံစားနိုင်တော့ပေ။ သူမသည် ဧည့်ကြိုကောင်တာတွင် ထိုင်ချလိုက်ပြီး စိတ်ကို ပြန်လည်တည်ငြိမ်အောင် ကြိုးစားနေစဉ်မှာပင် လူအုပ်ကြီးမှာ တည်းခိုခန်းထဲသို့ တိုးဝှေ့ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။
ဤသူများသည် အလွန်အမင်း စိတ်အားထက်သန်နေကြသော ပရိသတ်များနှင့် စပ်စုလိုသူများ ဖြစ်သည်။ အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် နာမည်ကြီးအနုပညာရှင်များမှာ ဤတည်းခိုခန်းတွင် တည်းခိုနေကြသည်ဟူသော သတင်းကို ရရှိသွားကြသဖြင့် သူတို့၏ အိုင်ဒေါ များကို အနီးကပ် မြင်တွေ့နိုင်ရန် မျှော်လင့်ချက်ဖြင့် အပြေးအလွှား ရောက်ရှိလာကြခြင်း ဖြစ်၏။ ပုံမှန်အားဖြင့် အနုပညာရှင်များသည် ရုပ်ရှင်မြို့တော်အနီးရှိ လုံခြုံရေးတင်းကျပ်သော အဆင့်မြင့်ဟိုတယ်ကြီးများတွင်သာ တည်းခိုလေ့ရှိသဖြင့် သာမန်လူများအတွက် ဝင်ရောက်ရန် ခက်ခဲလှသည်။ သို့သော်လည်း ဟဲယဲ့တည်းခိုခန်းမှာ သူတို့အတွက် အခွင့်အရေးတစ်ခု ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့၏။
ပရိသတ်များသည် ဤခက်ခက်ခဲခဲ ရရှိသော အခွင့်အရေးကို အဆုံးရှုံးမခံလိုကြသဖြင့် တည်းခိုခန်း အဝင်ဝတွင် စုဝေးကာ သူတို့နှစ်သက်သော အနုပညာရှင်များနှင့် နီးစပ်ခွင့်ရရန် ကြိုးပမ်းနေကြတော့သည်။ အချို့မှာ ထိုင်နေကြပြီး အချို့မှာ မတ်တပ်ရပ်နေကြကာ အချို့မှာ အားပေးစကားများ ရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြ၏။ အချို့မှာလည်း ကင်မရာများကိုယ်စီဖြင့် တည်းခိုခန်းတံခါးဝတွင် အလုအယက် တိုးဝှေ့ထိုင်စောင့်နေကြပြီး ထွက်ခွာသွားရန် လုံးဝ အစီအစဉ်မရှိကြပေ။ ပရိသတ်များ၏ လက်ထဲရှိ နဖူးစည်းစာတန်းများကို မြင်မှပင် စုဟယ်မှာ ဘာဖြစ်နေသည်ကို သဘောပေါက်သွားတော့သည်။ ဤမျှများပြားလှသော ပရိသတ်များ တည်းခိုခန်းထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်လာပါက အခြားဧည့်သည်များကို အနှောင့်အယှက်ဖြစ်စေရုံသာမကဘဲ တည်းခိုခန်း၏ ပုံမှန်လုပ်ငန်းဆောင်မှုများကိုပါ ထိခိုက်စေမည်ကို သူမ နားလည်လိုက်၏။ စုဟယ်သည် ဧည့်ကြိုကောင်တာနောက်မှ အမြန်ထွက်လာပြီး မျက်နှာတွင် ယဉ်ကျေးသော အပြုံးတစ်ခုကို ဆင်မြန်းကာ ပရိသတ်များကို တံခါးဝတွင် တားဆီးရန် ကြိုးစားတော့သည်။
"အားလုံးပဲ ကျေးဇူးပြုပြီး မတိုးကြပါနဲ့ရှင်၊ ဒါက ပုဂ္ဂလိကပိုင် တည်းခိုခန်းမို့လို့ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်မဝင်ရောက်ကြပါနဲ့"
စုဟယ်သည် သူမ၏ လက်မောင်းများကို ဆန့်ထုတ်ကာ ပရိသတ်များကို ယဉ်ကျေးပျူငှာစွာဖြင့် လူစုခွဲရန် ကြိုးစားလိုက်သည်။ လူအုပ်ကြီးထဲတွင် အချို့သူများမှာ ဖုန်းများကိုယ်စီ ထုတ်ကာ တိုက်ရိုက်ထုတ်လွှင့်မှုများ စတင်လုပ်ဆောင်နေကြပြီး ရေပန်းစားနေသော သတင်းကို အသုံးချကာ လူကြည့်များစေရန် ကြိုးပမ်းနေကြ၏။ သူတို့၏ အာရုံများမှာ ဖုန်းမျက်နှာပြင်ပေါ်တွင်သာ ရှိနေပြီး စုဟယ်၏ သတိပေးချက်များကို လျစ်လျူရှုထားကြသည်။
"အနုပညာရှင်တွေအားလုံး ထွက်သွားကြပါပြီ၊ သူတို့ ဒီမှာမတည်းတော့ပါဘူး၊ အားလုံးပဲ အိမ်ပြန်ကြပါတော့ရှင်"
စုဟယ် အော်ပြောလိုက်သည်။ အချို့သော ပရိသတ်များမှာ ကြားလိုက်ရသော်လည်း ဂရုမစိုက်ကြဘဲ တည်းခိုခန်း၏ အပေါ်ထပ် အခန်းများထဲသို့ ဝင်ရောက်နိုင်ရန် ရှေ့သို့သာ တိုးဝှေ့နေကြသည်။ သူတို့၏ အချစ်တော် အိုင်ဒေါများကို မတွေ့ရလျှင်ပင် သူတို့အိုင်ဒေါများ အိပ်စက်ခဲ့သော ကုတင်ပေါ်တွင် လှဲလျောင်းရခြင်းမှာ သွယ်ဝိုက်သောနည်းလမ်းဖြင့်ထိတွေ့ခွင့်ရခြင်းတစ်မျိုးဟု သူတို့ ယူဆနေကြသည် မဟုတ်ပါလား။
စုဟယ်၏ ရင်ထဲတွင် အကူအညီမဲ့မှုများဖြင့် ပြည့်လျှံလာသည်။ တည်းခိုခန်း၏ စနစ်တကျရှိမှုနှင့် အခြားဧည့်သည်များ၏ အခွင့်အရေးကို ကာကွယ်ရန်အတွက် ပိုမိုပြင်းထန်သော အစီအမံများကို လုပ်ဆောင်ရမည်ဟု သူမ သိလိုက်သည်။ သူမသည် မှန်လုံမီးဖိုချောင်ရှိရာဘက်သို့ လှည့်၍ အော်ဟစ်လိုက်၏။
"မစ္စကျိ မစ္စကျိ"
စုဟယ်၏ ခေါ်သံကို ကြားသည်နှင့် မစ္စကျိသည် တံခါးဝသို့ အပြေးအလွှား ရောက်ရှိလာသည်။ မစ္စကျိသည် ထိုပရိသတ်များကို တောရိုင်းယုန်လေးများကဲ့သို့ ကြည့်လိုက်၏။ သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် ရှေ့သို့ ကိုင်းလိုက်ပြီး ခြေထောက်များကို မြေပြင်တွင် ခိုင်မြဲစွာ အမြစ်တွယ်ထားသကဲ့သို့ ရပ်လိုက်ရာ မည်သူမျှ ချိုးဖျက်၍မရသော ခံစစ်ကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။ ပရိသတ်များသည် ဒီရေအလား ရှေ့သို့ တိုးဝှေ့လာကြပြီး တည်းခိုခန်းထဲသို့ ဝင်ရောက်နိုင်ရန် မစ္စကျိ၏ ခံစစ်ကို စိတ်လှုပ်ရှားစွာဖြင့် တွန်းတိုက်ကြ၏။ သို့သော်လည်း မစ္စကျိမှာ ထိုတွန်းအားများကြောင့် ယိမ်းယိုင်သွားခြင်း လုံးဝမရှိပေ။ သူမ၏ လက်မောင်းများမှာ ရှည်လျားလှသော ကြိမ်လုံးများကဲ့သို့ ဝေ့ယမ်းနေပြီး ပရိသတ်များ၏ လမ်းကြောင်းကို တိကျစွာ ပိတ်ဆို့ထားသည်။ သူမ၏ လက်ဖဝါးများမှာ ကျယ်ပြန့်ပြီး အားသန်လှရာ တစ်ချက်တွန်းလိုက်တိုင်း ရှေ့ဆုံးမှ ပရိသတ်များမှာ မရည်ရွယ်ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြရ၏။ မစ္စကျိသည် ခံစစ်စည်းကို ချိုးဖျက်ရန် ကြိုးစားနေသော ပရိသတ်တိုင်း၏ ရည်ရွယ်ချက်ကို စူးရှသော မျက်လုံးများဖြင့် ခွဲခြားနေသည်။ အကယ်၍ ပရိသတ်တစ်ဦးဦးမှာ အတင်းအဓမ္မ ဝင်ရန် ကြိုးစားပါက သူမ၏ လက်မှအားမှာပိုမိုတိုးလာလိမ့်မည်။ ရန်လိုသော အမျိုးသားတစ်ဦးကို မစ္စကျိမှာ မြဲမြံစွာ ဖမ်းဆီးထားလိုက်ရာ ထိုလူမှာ လှုပ်၍ပင် မရတော့ပေ။
ပရိသတ်များ၏ မျက်နှာတွင် မကျေနပ်မှုနှင့် စိတ်ပျက်မှုများ ပြည့်နှက်နေသည်။ သူတို့သည် ဝင်ပေါက်ရှာရန် ကြိုးစားကြသော်လည်း မစ္စကျိ၏ ခံစစ်မှာ မည်သည့် ဟာကွက်မျှမရှိသော ခိုင်ခံ့သည့် တံတိုင်းကြီးတစ်ခုအလား ဖြစ်နေသည်ကိုသာ တွေ့ကြရသည်။ အချို့မှာ ဘေးဘက်မှ ပတ်ဝင်ရန် ကြိုးစားသော်လည်း မစ္စကျိမှာ သူမ၏ နောက်စေ့တွင် မျက်လုံးပါနေသည့်အလား အချိန်မီ လှည့်ကြည့်ကာ သန်မာသော လက်မောင်းများဖြင့် တည်းခိုခန်း အပြင်ဘက်သို့ ပြန်လည်တွန်းထုတ်လိုက်၏။ စိတ်လှုပ်ရှားနေသော ပရိသတ်များသည် အကြိမ်ကြိမ် ကြိုးစားသော်လည်း ခံစစ်စည်းကို မကျော်ဖြတ်နိုင်ကြသဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ အတန်ကြာ အကျပ်ရိုက်နေပြီးနောက် အချို့သူများမှာ အလျှော့ပေးကာ နောက်သို့ ဆုတ်သွားကြပြီး မစ္စကျိအတွက် လမ်းဖယ်ပေးလိုက်ကြတော့သည်။
စုဟယ်သည် ချွေးများကို သုတ်လိုက်ပြီး ထိုပရိသတ်များကို တံခါးအပြင်ဘက်သို့ လမ်းညွှန်ပေးလိုက်ကာ တည်းခိုခန်း အဝင်ဝတွင် အဝါရောင် သတိပေးတိပ် နှစ်လိပ်ဖြင့် စည်းတားလိုက်သည်။ သူမသည် ထိုပရိသတ်များကို သတိပေးတိပ်၏ နောက်ကွယ်တွင်သာ ရပ်ခိုင်းထားသဖြင့် ဟဲယဲ့တည်းခိုခန်း ၏ အဝင်ဝကို ပိတ်ဆို့ခြင်း မရှိတော့ပေ။ ဤပရိသတ်များသည် တည်းခိုခန်း၏ ပုံမှန်လုပ်ငန်းများကို မနှောင့်ယှက်သရွေ့ သူတို့ကို လမ်းမပေါ်တွင် မရပ်ရန် မောင်းထုတ်ပိုင်ခွင့် စုဟယ်တွင် မရှိပေ။
"မစ္စကျိ၊ ဒုက္ခပေးမိတဲ့အတွက် အားနာပါတယ်ရှင်"
စုဟယ် စိတ်ပင်ပန်းစွာ ပြောလိုက်သည်။ မစ္စကျိမှာမူ ၎င်းကို ဒုက္ခတစ်ခုဟု မယူဆပေ။ ယနေ့ခေတ်လူများမှာ ယေဘုယျအားဖြင့် အားနည်းလွန်းသဖြင့် သူတို့ကို တားဆီးရခြင်းမှာ လုံးဝ အားစိုက်စရာမလိုဟု သူမ တွေးနေသည်။ သူမသည် ကုလားထိုင်တစ်လုံးကို ဆွဲယူကာ တည်းခိုခန်း အဝင်ဝတွင် ထိုင်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်နေကြသော ဂနာမငြိမ်သည့် ပရိသတ်များကို စောင့်ကြည့်နေတော့၏။ စုဟယ်သည် ဒါရိုက်တာကုန်းထံသို့ စာတိုတစ်စောင် ပို့လိုက်ပြီး ညဘက်တွင် ပြန်လာသည့်အခါ ရုပ်ဖျက်ပြီး သေချာလာရန် သတိပေးလိုက်ရသည်။ သို့မဟုတ်ပါက ပရိသတ်များ၏ ဝိုင်းအုံခြင်းကို ဧကန်မုချ ခံရပေလိမ့်မည်။
ဤကိစ္စများကို ဖြေရှင်းပြီးမှပင် စုဟယ်သည် ဖုန်းကို ထုတ်ကာ အွန်လိုင်းမှ အခြေအနေများကို စစ်ဆေးရန် အချိန်ရတော့သည်။ အွန်လိုင်း ဈေးကွက်ရှာဖွေရေး အကောင့်များ အားလုံးမှာ ရုပ်ရှင်အဖွဲ့သားများ နံနက်ပိုင်းတွင် တည်းခိုခန်းမှ ထွက်ခွာသွားသည့် ဗီဒီယိုများကို ပြန်လည်မျှဝေနေကြပြီး "ကြင်ယာတော်နှစ်ပါးဒဏ္ဍာရီ ရုပ်ရှင်အဖွဲ့ ပျော်ပွဲစားထွက်ခြင်း" ဆိုသည့် Hashtag ကိုပါ တွဲထားကြသည်။
ဒါရိုက်တာကုန်း၏ ဇာတ်ကားသစ်ဖြစ်သဖြင့် "ကြင်ယာတော်နှစ်ပါး ဒဏ္ဍာရီ" မှာ အများ၏ အာရုံစိုက်မှုကို ရရှိပြီးသား ဖြစ်သည်။ ယခင်က ရုပ်ရှင်အဖွဲ့သားများသည် ဆင်ရုပ်ရှင်မြို့တော်တွင် သီးသန့်ရိုက်ကူးနေကြသဖြင့် သတင်းထောက်များနှင့် ပါပါရာဇီ များ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ ယခုမူ သတင်းများ ထွက်ပေါ်လာပြီဖြစ်သဖြင့် အွန်လိုင်း ဈေးကွက်ရှာဖွေရေး အကောင့်များမှာ ဤရေပန်းစားနေသော သတင်းကို လွတ်သွားမည် မဟုတ်ပေ။ အချို့သော ပါပါရာဇီများမှာ ဟဲယဲ့တည်းခိုခန်း တံခါးဝတွင် စောင့်ဆိုင်းနေသော ပရိသတ်များကြားထဲတွင် ရောနှောနေကြသည်။
စုဟယ်သည် Hashtag ကို နှိပ်၍ ကြည့်လိုက်ရာ မှတ်ချက်ကဏ္ဍတွင် "ဟဲယဲ့တည်းခိုခန်း" ဟူသော အမည်မှာ "ကြင်ယာတော်နှစ်ပါး ဒဏ္ဍာရီ" ၏ ကျေးဇူးကြောင့် ခဏခဏ ပေါ်လာသည်ကို တွေ့ရသည်။ စုဟယ်သည် စနစ်ထိန်းချုပ်ဘောင်ကို စစ်ဆေးကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင် လူကြိုက်များမှု မှာ တဖြည်းဖြည်း မြင့်တက်လာပြီး (၆၄၀,၀၀၀) / (၁,၀၀၀,၀၀၀) သို့ ရောက်ရှိနေပြီဖြစ်၏။ စုဟယ်သည် လူကြိုက်များမှု ကိန်းဂဏန်းကို တစ်ချက်ကြည့်လိုက်၊ တံခါးအပြင်က ပရိသတ်များကို တစ်ချက်ကြည့်လိုက်နှင့် တွေးတောနေမိသည်။
"ဒါဟာ နာမည်ကြီးခြင်းရဲ့ ဝန်ထုပ်ဝန်ပိုးပါလား"
မွန်းလွဲပိုင်းတွင် ခရီးဆောင်အိတ်များကိုယ်စီဖြင့် အမျိုးသားနှင့် အမျိုးသမီး နှစ်ဦး၊ သုံးဦးခန့်မှာ တည်းခိုခန်းသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာကြသည်။ သူတို့မှာ အသစ်ရောက်ရှိလာသော ခရီးသွားများဖြစ်သည်မှာ သိသာလှ၏။ သူတို့၏ မျက်နှာများတွင် ခရီးပန်းလာသည့် လက္ခဏာများ ပေါ်လွင်နေပြီး အဝင်ဝရှိ လူအုပ်ကြီးကို မြင်လိုက်ရသည့်အခါ သူတို့၏ ခြေလှမ်းများမှာ ရုတ်တရက် တန့်သွားကြသည်။ အမျိုးသားတစ်ဦးမှာ သူ၏ ရှေ့တွင် မြင်နေရသော မြင်ကွင်းကြောင့် ဝေခွဲမရဖြစ်ကာ ရပ်တန့်သွားပြီး သူ၏ အမျိုးသမီးအဖော်ဘက်သို့ လှည့်ကာ မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။
"ဒါ ဟဲယဲ့တည်းခိုခန်း ဟုတ်ရဲ့လား"
"ဟုတ်တယ်၊ ဒီနေရာပဲ"
"လူတွေက ဘာလို့ ဒီလောက်တောင် များနေတာလဲ၊ မဖြစ်နိုင်လိုက်တာ၊ ဘာတွေဖြစ်ကုန်တာလဲ"
အမျိုးသမီးမှာလည်း ကြောင်တောင်တောင် ဖြစ်နေပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း အဖြေရှာမရကြပေ။
"ဘာကြောက်နေတာလဲ၊ ငါတို့တွေ အခန်းဘိုကင် လုပ်ထားပြီးသားပဲဥစ္စာ သွားကြစို့"
ထိုအုပ်စုသည် တစ်ဦးကိုတစ်ဦး အားပေးကာ တည်းခိုခန်း အဝင်ဝသို့ လျှောက်လာကြသည်။ အပြင်ဘက်တွင် အကြာကြီး စောင့်နေရသော ပရိသတ်များသည် လူအချို့ တည်းခိုခန်းထဲသို့ ဝင်လာသည်ကို မြင်သောအခါ သူတို့၏ မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာကြ၏။ သူတို့သည် သူတို့ချစ်မြတ်နိုးသော အနုပညာရှင်များ ရောက်လာခြင်း ရှိ၊ မရှိ သိနိုင်ရန်အတွက် အရှေ့ဆုံးသို့ အလုအယက် တိုးဝှေ့လာကြသည်။ ပရိသတ်များ၏ လှုပ်ရှားမှုမှာ မြန်ဆန်ပြီး စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။ အချို့မှာ အမှတ်တရ မြင်ကွင်းများကို ရိုက်ကူးရန် ဖုန်းများကို အသင့်ပြင်ထားကြပြီ ဖြစ်သည်။ သူတို့၏ မျက်လုံးများမှာ အသစ်ရောက်လာသူများအပေါ်တွင် စူးစိုက်နေပြီး ထိုသူတို့၏ အဝတ်အစားနှင့် အမူအရာများမှတစ်ဆင့် အနုပညာရှင် ဖြစ်၊ မဖြစ်ကို ရှာဖွေနေကြ၏။ အချို့မှာလည်း တိုးတိုးတိတ်တိတ်ဖြင့် ထိုခရီးသွားများ၏ အမည်များကို ခန့်မှန်းနေကြသည်။
သို့သော်လည်း ထိုပရိသတ်များမှာ သတိပေးတိပ်ကို ကျော်ဖြတ်ကာ တံခါးဝသို့ တိုးဝင်ရန် ကြိုးစားလိုက်သည်နှင့် မစ္စကျိ၏ အေးစက်သော အကြည့်မှာ သူတို့အပေါ်သို့ ဝဲကျလာသည်။ အနီးအနားရှိ ပရိသတ်များနှင့် ပါပါရာဇီများသည် ချက်ချင်းပင် လိမ်လိမ်မာမာ ဖြစ်သွားကြ၏။ သူတို့သည် တစ်မနက်ခင်းလုံး မစ္စကျိနှင့် ဉာဏ်စမ်းဂိမ်းကစားခဲ့ကြသော်လည်း လုံးဝ အနိုင်မရခဲ့ကြပေ။ သူတို့ လုပ်နိုင်သည်မှာ ကင်မရာများကို Zoom ဆွဲကြည့်ရုံသာဖြစ်ပြီး ခရီးဆောင်အိတ်များ သယ်ဆောင်လာသော ထိုသူများမှာ အနုပညာရှင်များ မဟုတ်ကြောင်း အတည်ပြုပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထိုင်လိုက်ကြတော့သည်။
စုဟယ်သည် ခရီးဆောင်အိတ်များ သယ်လာသော ထိုသူများ၏ မှတ်ပုံတင်နှင့် တည်းခိုခန်း ဘိုကင်များကို သေချာစွာ စစ်ဆေးလိုက်သည်။ သူတို့မှာ တိတ်တဆိတ် ခိုးဝင်လာသော ပရိသတ်များမဟုတ်ကြောင်း အတည်ပြုပြီးမှပင် စိတ်အေးသွားတော့၏။ ထိုသူများမှာ ဆရာကြီးဝေ၏ တပည့်များပင်ဖြစ်ကြသည်။
130
"ဒါကတော့ ကျွန်မတို့ တည်းခိုခန်းမှာ အသစ်တပ်ဆင်ထားတဲ့ ဓာတ်လှေကားပါ၊ အရင်ဆုံး ခြောက်ထပ်က အစည်းအဝေးခန်းမကို သွားကြည့်ရအောင်၊ ဆရာကြီးဝေက ဒီည ခြောက်ထပ်မှာ တိုက်ရိုက်သင်တန်းပို့ချမှာမို့လို့ပါ"
စုဟယ်သည် ဧည့်သည်များကို ဦးဆောင်ကာ မှော်ပဲစေ့ဓာတ်လှေကားအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ဆရာကြီးဝေ၏ တပည့်များသည် စူးစမ်းလိုစိတ်အပြည့်ဖြင့် မှော်ပဲစေ့ ဓာတ်လှေကားအတွင်းသို့ လှမ်းဝင်လိုက်ကြ၏။ ရိုးရိုးဓာတ်လှေကားများ၏ အေးစက်သော သံထည်ပစ္စည်း အထိအတွေ့များနှင့်မတူဘဲ သူတို့ကို ဆီးကြိုနေသည်မှာ စိုပြည်စိမ်းလန်းသော အရောင်အဆင်းပင်ဖြစ်သည်။ ဓာတ်လှေကား၏ အလယ်ဗဟိုရှိ နွယ်ပင်များမှာ သဘာဝဆန်ပြီး သက်ဝင်လှုပ်ရှားသည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားရာ တက်ကြွလန်းဆန်းသော နွေဦးလယ်ကွင်းပြင်ထဲသို့ ရောက်ရှိသွားသည့်အလား လန်းဆန်းမှုကို ပေးစွမ်းနေသည်။
"ဝိုး၊ အခုခေတ် ဓာတ်လှေကားတွေက ဒီလောက်တောင် အဆင့်မြင့်နေပြီလား"
အမျိုးသမီးတစ်ဦးမှာ မနေနိုင်ဘဲ လက်ကိုဆန့်ကာ နွယ်ပင်ကို ထိတွေ့ကြည့်လိုက်မိသည်။ နူးညံ့လိုက်တာ သူမသည် အပင်အစစ်ကို ထိတွေ့နေရသကဲ့သို့ ခံစားရသော်လည်း ၎င်းမှာ ပို၍ ရုန်းကန်အားရှိပြီး လျော့တိလျော့ရဲမရှိပေ။ သူမမှာမနေနိုင်ဘဲ နောက်ထပ် အကြိမ်အနည်းငယ်မျှ ထပ်၍ပွတ်သပ်ကြည့်နေမိတော့သည်။
မှော်ပဲစေ့ ဓာတ်လှေကားမှာ အလွန်ပင် ချောမွေ့စွာ လည်ပတ်နေပြီး ရုတ်တရက် အရှိန်တင်ခြင်း သို့မဟုတ် ရပ်တန့်ခြင်းတို့ကြောင့် ဖြစ်ပေါ်တတ်သည့် မသက်မသာဖြစ်မှုမျိုး လုံးဝမရှိပေ။ ဓာတ်လှေကား၏ အတွင်းခန်းမှာ ကျယ်ဝန်းလှပြီး မသိမသာ သင်းပျံ့သော အပင်ရနံ့လေး တစ်ခုလည်း ရှိနေသည်။ ဤအချက်များမှာ စီးနင်းရသည့် ခရီးစဉ်တစ်ခုလုံးကို ပို၍ ကြည်နူးစရာကောင်းစေ၏။ ဧည့်သည်များသည် မှော်ပဲစေ့ ဓာတ်လှေကားထဲသို့ ရောက်ရှိသွားချိန်တွင် ထိုသက်သောင့်သက်သာရှိမှုကို အပြည့်အဝ ခံစားနေကြတော့သည်။
"အာ ရောက်ပြီလား ဓာတ်လှေကား အပေါ်တက်သွားတာကိုတောင် မသိလိုက်ဘူး"
ဓာတ်လှေကားခန်းမထဲမှ ထွက်လာရင်း အမျိုးသားတစ်ဦးမှာ အံ့ဩတကြီး ရေရွတ်လိုက်သည်။ ထိုအမျိုးသားမှာ အမြဲတမ်း ကားမူး၊ လှေမူးတတ်သူဖြစ်ရာ သူကဲ့သို့ အမူးဒဏ်ပြင်းထန်သူတစ်ဦးအတွက် ဓာတ်လှေကားစီးခြင်းမှာပင် စိန်ခေါ်မှုတစ်ခု ဖြစ်နေခဲ့သည်။ ဓာတ်လှေကားစီးတိုင်း သူသည် အလွန်အမင်း စိတ်လှုပ်ရှားတင်းမာနေလေ့ရှိ၏။ အထူးသဖြင့် ဓာတ်လှေကားအတွင်းရှိ ပိတ်လှောင်နေသော နေရာနှင့် ရံဖန်ရံခါရတတ်သည့် ဆေးလိပ်နံ့များမှာ သူ၏မသက်မသာဖြစ်မှုကို ပိုမိုဆိုးရွားစေသည်။ သူသည် ဓာတ်လှေကားထဲတွင် ဆေးလိပ်နံ့များပြည့်နှက်နေသည့် အခြေအနေမျိုးကို အကြိမ်ကြိမ်ကြုံဖူးခဲ့ပြီး ထိုအနံ့ကို ရေမွှေးဖြင့်ဖုံးအုပ်ရန် ကြိုးစားမှုများမှာ သူ၏ခေါင်းမူးခြင်းကို ပို၍ပင် ဆိုးစေကာ အသက်ရှူရသည်မှာပင် ခက်ခဲလာသကဲ့သို့ ခံစားရလေ့ရှိ၏။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူသည် မှော်ပဲစေ့ ဓာတ်လှေကားထဲသို့ ခြေချလိုက်သည်နှင့် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ ဓာတ်လှေကားအတွင်းရှိ နူးညံ့သော အရွက်များမှာ သဘာဝတရားမှ လတ်ဆတ်သော အောက်ဆီဂျင်များကို ပေးစွမ်းနေသကဲ့သို့ ဖြစ်ရာ သူ၏ စိတ်အခြေအနေမှာ မသိလိုက်ဘဲ လျော့ပါးသက်သာသွားခဲ့သည်။ ဓာတ်လှေကား စတင်လှုပ်ရှားသည့် အခိုက်အတန့်တွင် ထိုအမျိုးသားမှာ အလိုအလျောက် အသက်ကို အောင့်ထားမိသော်လည်း သူ၏စိုးရိမ်ပူပန်မှုများမှာ မလိုအပ်ကြောင်း မကြာမီမှာပင် သဘောပေါက်သွား၏။ မှော်ပဲစေ့ ဓာတ်လှေကားမှာ တုန်ခါခြင်း သို့မဟုတ် ရုတ်တရက် ရပ်တန့်ခြင်းမျိုး လုံးဝမရှိဘဲ ထူးခြားစွာ ချောမွေ့နေပြီး နူးညံ့လှသော လက်ကြီးတစ်ဖက်မှာ သူ့ကို အပေါ်သို့ အသာအယာ မတင်ပေးလိုက်သကဲ့သို့ ခိုင်မြဲလှသည်။ သူသည် ဤဓာတ်လှေကားစီးနင်းရသည့် အတွေ့အကြုံကိုပင် စတင်၍ သဘောကျလာတော့၏။ ဓာတ်လှေကားမှာ သွားလိုရာအထပ်သို့ ရောက်ရှိသွားသည့်တိုင်အောင် သူသည် ဓာတ်လှေကားထဲတွင် ခေါင်းမမူးဘဲ နေနိုင်ခဲ့သည့် ပျော်ရွှင်မှုထဲတွင် နစ်မြောနေဆဲပင် ဖြစ်သည်။
ခြောက်ထပ်ရှိ အစည်းအဝေးခန်းမမှာ နူးညံ့သော အလင်းရောင်များအောက်တွင် ကျယ်ဝန်းလင်းထိန်နေပြီး လေထုထဲတွင် သင်းပျံ့သော မင်နံ့လေးများ ပျံ့လွင့်နေသည်။ အစည်းအဝေးခန်းမ၏ အပြင်အဆင်မှာ ရိုးရှင်းသော်လည်း ကျက်သရေရှိလှပြီး နံရံများတွင် လက်ရေးလှစာလုံး လက်ရာအချို့ကို ချိတ်ဆွဲထားရာ အနုပညာရသကို ပေါ်လွင်စေ၏။ ထိုလက်ရာများမှာ စုဟယ် ချိတ်ဆွဲထားသည့် ဆရာကြီးဝေ၏ လက်ရာများပင် ဖြစ်ကြသည်။ အစည်းအဝေးခန်းမ၏ ရှေ့ဆုံးတန်း စားပွဲများရှေ့တွင် ကြီးမားလှသော ပရိုဂျက်တာတစ်ခုကို ထားရှိထားပြီး ၎င်း၏ ကျယ်ပြန့်သော မျက်နှာပြင်မှာ နံရံတစ်ခုလုံးနီးပါးကို နေရာယူထားရာ မကြာမီ ပို့ချတော့မည့် လက်ရေးလှသင်တန်းအတွက် အပြည့်အဝ ပြင်ဆင်ထားခြင်း ဖြစ်သည်။ အစည်းအဝေးခန်းမအတွင်း၌ ရှည်လျားသော စားပွဲများကို သပ်ရပ်စွာ စီစဉ်ထားပြီး စားပွဲများပေါ်တွင် လပ်ရေးလှအတွက်သုံးဖို့ ပစ္စည်းအမျိုးမျိုး ရှိနေသည်။ ရွှမ်းစက္ကူ ၊ စုတ်တံများ၊ မင်ဘူးများနှင့် မင်သွေးကျောက်ပြားများ အားလုံးကို ဟဲယဲ့တည်းခိုခန်းမှ ဧည့်သည်များအတွက် စီစဉ်ပေးထားခြင်း ဖြစ်ပြီး လက်ရေးလှ သင်တန်း တက်ရောက်သည့် ဧည့်သည်တိုင်း အခမဲ့အသုံးပြုနိုင်၏။
စုဟယ်သည် ဤလက်ရေးလှ ပစ္စည်းများအကြောင်းကို များများစားစား မသိလှသဖြင့် အစပိုင်းတွင် ကျောင်းအနီးရှိ စာရေးကိရိယာဆိုင် တစ်ဆိုင်မှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဆရာကြီးဝေသည် သူမနှင့်အတူ တစ်ခေါက် လိုက်သွားကြည့်ရာ ကျောင်းဘေးမှ စာရေးကိရိယာဆိုင်ရှိ ပစ္စည်းများမှာ ဈေးကြီးပြီး အရည်အသွေး ညံ့ဖျင်းသည်ကို တွေ့ရှိခဲ့ရ၏။ ထို့ကြောင့် ဆရာကြီးဝေကိုယ်တိုင် အွန်လိုင်းမှတစ်ဆင့် ရှာဖွေကြည့်ရှုခဲ့ပြီး ဆိုင်များစွာမှ နမူနာပစ္စည်းများကို သေချာစွာ ရွေးချယ်နှိုင်းယှဉ်ပြီးမှသာ ဤပစ္စည်းများကို အများအပြား မှာယူခဲ့ခြင်း ဖြစ်သည်။
ဆရာကြီးဝေ၏ လက်ရေးလှသင်တန်းကို တက်ရောက်ပြီးနောက်တွင် သင်တန်းလာတက်ကြသည့် ဧည့်သည်များအားလုံးမှာ လက်ရေးလှရေးနည်းအပေါ် အတိုင်းအတာတစ်ခုအထိ မြတ်နိုးစိတ်များ ဖြစ်ပေါ်လာကြသည်။ သူတို့သည် ဤအခမဲ့ပေးထားသော လက်ရေးလှပစ္စည်းများကို တန်ဖိုးထားကြပြီး သင်တန်းပြီးဆုံးသည့်အခါတွင်လည်း ကိရိယာများကို သေချာစွာ ပြန်လည်ဆေးကြော သန့်စင်လေ့ရှိကြ၏။ အချို့သော ဧည့်သည်များမှာမူ အဆင်ပြေစေရန်အတွက် ဟဲယဲ့တည်းခိုခန်းတွင်ပင် အစုံလိုက်ဝယ်ယူပြီး သူတို့နှင့်အတူ ယူဆောင်သွားကြလေ့ရှိသည်။ လက်ရေးလှစာလုံးကို မြတ်နိုးကြသော ဧည့်သည်များသည် သူတို့နေရာများကို ကြိုတင်၍ နေရာချထားကြ၏။ ယခုအခါ ခြောက်ထပ် အစည်းအဝေးခန်းမ၏ ရှေ့ဆုံးတန်းရှိ ကုလားထိုင် အများအပြားပေါ်တွင် အိတ်များ တင်ထားသည်ကို တွေ့ရသည်။ ဧည့်သည်အများအပြားမှာ ဆရာကြီးဝေ၏ စုတ်တံအရေးအသား လက်ရာများကို အနီးကပ် လေ့လာလိုကြပြီး သူ၏ စုတ်တံအကူးအပြောင်းများမှတစ်ဆင့် လက်ရေးလှအနုပညာ၏ အနှစ်သာရကို သင်ယူလိုကြသဖြင့် စုတ်တံစတင်ပုံ၊ အရှိန်ယူပုံ၊ အကွေ့အဝိုက်နှင့် အဆုံးသတ်ပုံများကို ပိုမို ရှင်းလင်းစွာ မြင်နိုင်ရန် ရှေ့ဆုံးတန်းနေရာများကို အထူးရွေးချယ်ထားကြခြင်း ဖြစ်သည်။
ဧည့်သည်အသစ်များသည် ရှေ့ဆုံးတန်း နေရာများ ပြည့်နေသည်ကို မြင်လိုက်ရသည့်အခါ သူတို့၏ ခရီးဆောင်အိတ်များထဲမှ ပစ္စည်းများကို အလျင်အမြန်ပင် ထုတ်ယူကြတော့သည်။ သူတို့၏ အကြည့်များမှာ လွတ်နေသော နေရာများကို ရှာဖွေရန် အခန်းအတွင်းသို့ လျင်မြန်စွာ ဝဲကြည့်လိုက်ကြ၏။ သူတို့ သဘောကျသော နေရာများကို တွေ့ရှိပြီးနောက်တွင် သူတို့ ယူဆောင်လာသော ကိရိယာများနှင့် လက်ရာများကို ခင်းကျင်းပြင်ဆင်ကြတော့သည်။
စုဟယ်သည် သူတို့ကို အောက်ထပ်ရှိ သူတို့၏ အခန်းများဆီသို့ လိုက်ပို့ရန် အစည်းအဝေးခန်းမ အဝင်ဝတွင် စောင့်ဆိုင်းနေခဲ့သည်။ ဤဧည့်သည်များသည် စုဟယ်နှင့် စကားစမြည် ပြောဆိုနေကြပြီး မကြာမီ စတင်တော့မည့် သင်တန်းအတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြ၏။ ဧည့်သည်တစ်ဦးမှာ စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"ဒါနဲ့ သူဌေးမလေး၊ ဆရာကြီးဝေရဲ့ လက်ရာအသစ်တွေကို မြင်ပြီးပြီလား"
စုဟယ် ခေါင်းခါပြလိုက်သည်။ သူမမှာ တည်းခိုခန်း စီမံခန့်ခွဲမှုဖြင့် အလုပ်များနေသဖြင့် ဆရာကြီးဝေတွင် လတ်တလော လက်ရာအသစ်များ ရှိ၊ မရှိ မသိရှိပေ။ ထိုစကားကို ကြားလိုက်ရသည့်အခါ ဧည့်သည်များသည် စုဟယ်ကို စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းပင် ရှင်းပြကြတော့သည်။ ဆရာကြီးဝေ စာရင်းပေးသွင်းထားသည့် "ဟွာကော် ပန်းချီနှင့် လက်ရေးလှပြိုင်ပွဲ" မှာ စာရင်းပေးသွင်းမှုများ ပိတ်လိုက်ပြီဖြစ်ပြီး ပေးပို့ထားသော လက်ရာအားလုံးကို အွန်လိုင်းတွင် စတင်ပြသနေပြီ ဖြစ်ကြောင်း သိရ၏။ ဤပြိုင်ပွဲသည် တစ်နိုင်ငံလုံးရှိ လက်ရေးလှ ပညာရှင်များနှင့် ဝါသနာရှင်များ၏ လက်ရာများကို စုစည်းထားခြင်းဖြစ်ရာ လက်ရေးလှ လောကအတွက် ကြီးကျယ်ခမ်းနားသော ပွဲတော်တစ်ခုပင် ဖြစ်သည်။ ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည်မှာ ဟွာကော် ပန်းချီနှင့် လက်ရေးလှ ပြိုင်ပွဲ၏ တရားဝင်ဝဘ်ဆိုဒ်တွင် အများပြည်သူ မဲပေးသည့် ကဏ္ဍတစ်ခုကိုလည်း ထည့်သွင်းထားခြင်း ဖြစ်၏။ လူတိုင်းသည် မိမိတို့ နှစ်သက်သော လက်ရာများအတွက် မဲပေးရာတွင် ပါဝင်နိုင်သဖြင့် ထိုအချက်မှာ ပြိုင်ပွဲ၏ အပြန်အလှန် ဆက်သွယ်မှုနှင့် ပျော်ရွှင်မှုကို သံသယဖြစ်ဖွယ်မရှိ တိုးပွားစေခဲ့သည်။
ဧည့်သည်များအားလုံးမှာ ဆရာကြီးဝေ၏ တပည့်များ ဖြစ်ကြသည့်အတိုင်း သူတို့သည် မဲပေးရာတွင် တက်ကြွစွာ ပါဝင်နေကြပြီဖြစ်ကြောင်း ပြောဆိုကြသည်။ သူတို့သည် စိတ်အားထက်သန်စွာဖြင့် သူတို့၏ ဖုန်းများကို ထုတ်ယူကာ တရားဝင် ဝဘ်ဆိုဒ်ထဲသို့ မည်သို့ဝင်ရောက်ရမည်၊ ဆရာကြီးဝေ၏ လက်ရာများကို မည်သို့ရှာဖွေရမည်နှင့် မဲပေးပုံ အဆင့်ဆင့်ကို စုဟယ်အား ပြသကြတော့၏။
“ကျွန်မ မှတ်မိသလောက်တော့ ဒီပြိုင်ပွဲမှာ ဆုတွေပေးဖို့ ဒိုင်လူကြီးတွေ ရှိတယ် မဟုတ်လား၊ ဘာလို့ မဲပေးတဲ့ ကဏ္ဍပါ ပါနေရတာလဲ"
ရှန့်ရှီ နှင့် ရှန့်ကျင်ကျောက်တို့မှာ ဆရာကြီးဝေကို ဤပြိုင်ပွဲ၌ ပါဝင်ရန် အထူးတောင်းဆိုခဲ့သည်ကို စုဟယ် မှတ်မိနေခြင်း ဖြစ်သည်။ ဧည့်သည်များမှာ ပြုံး၍ ရှင်းပြကြ၏။
"ဒါက အပိုဆုတစ်ခုပါပဲ၊ လူကြိုက်အများဆုံးဆု လိုမျိုးပေါ့၊ တရားဝင် ပထမ၊ ဒုတိယ၊ တတိယဆုတွေနဲ့ ဂုဏ်ထူးဆောင်ဆုတွေကိုတော့ တရားဝင် ဒိုင်လူကြီးတွေကပဲ ရွေးချယ်မှာပါ"
လက်ရေးလှပညာရှင်ကြီးများသည် ယေဘုယျအားဖြင့် သိက္ခာကို ထိန်းသိမ်းတတ်ကြသဖြင့် မဲပေးရန် တကူးတက တောင်းဆိုလေ့ မရှိကြပေ။ ဤမဲပေးမှုမှာ အဓိကအားဖြင့် အပျော်တမ်းအုပ်စုနှင့် လက်ရေးလှ ဝါသနာရှင်များအကြားတွင်သာ ရေပန်းစားနေခြင်း ဖြစ်သည်။
စုဟယ်သည် ဧည့်သည်များ၏ စိတ်အားထက်သန်မှုကြောင့် ကူးစက်သွားခဲ့ပြီး သူမ၏ ဖုန်းကို ထုတ်ယူကာ သူတို့၏ လမ်းညွှန်ချက်များကို သေချာစွာ နားထောင်ရင်း တစ်ဆင့်ချင်း လိုက်လံ လုပ်ဆောင်တော့သည်။ သူမသည် ဆရာကြီးဝေ မဲရရှိစေရန်အတွက် သူမသိသမျှ လူများအားလုံးကို စည်းရုံးပြီး မဲပေးခိုင်းတော့မည်ဖြစ်၏။