အခန်း (၁၂၁-၁၂၂)
Vol. 13 Ch. 121-122
121
ပထမထပ်ရှိ ဆိုဖာပေါ်တွင် တစ်ဖန်ပြန်ထိုင်နေကြသော ပျန်းကျူနှင့် ဖုယန်တို့မှာ ပုံမှန်မဟုတ်ဘဲ သိသိသာသာပင် စိတ်လှုပ်ရှားနေကြသည်။ ဖုယန် လေတက်လိုက်သည်။ သူသည် စောစောကမှ ဆန်ပြုတ် လေးပန်းကန် စားထားသဖြင့် အတော်လေး ဗိုက်တင်းနေခြင်းဖြစ်သည်။
"ဆရာပျန်း တကယ်လို့ သူဌေးမလေး စုက သဘောမတူဘူးဆိုရင် ကျွန်တော်တို့ ဒီမှာ နောက်ထပ် နှစ်ရက်၊ သုံးရက်လောက် ထပ်တည်းကြရင်ကော ဘယ်လိုလဲ"
ဖုယန်သည် အလုပ်ကိစ္စဖြင့် ခရီးခဏခဏထွက်ရသူဖြစ်ပြီး ရုပ်ရှင်အဖွဲ့များနှင့်အတူ တစ်နေရာပြီးတစ်နေရာ ကူးလူးသွားလာနေသူ ဖြစ်ရာ သူ၏ခြေရာများမှာ ကမ္ဘာအနှံ့ ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။ သို့သော်လည်း ယခုတစ်ခေါက် ဟဲယဲ့တည်းခိုခန်း၌ တည်းခိုရခြင်းမှာ သူ့အား တစ်ခါမှမရဖူးသေးသည့် ကိုယ့်အိမ်ကိုယ့်ယာကဲ့သို့သော ခံစားချက်မျိုးကို ပေးစွမ်းသဖြင့် သူ မခွာချင်နိုင်အောင် ဖြစ်နေရ၏။ သူ၏အခန်းမှာ တည်းခိုခန်း၏ ဒုတိယထပ်တွင်ရှိပြီး ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်လျှင် စန်းကျုံးဘုရားကျောင်း၏ ကြာပန်းကန်နှင့် အေးချမ်းလှသော ရှေးဟောင်းဘုရားကျောင်း မြင်ကွင်းကို မြင်တွေ့ရသည်။ အခန်းထဲမှ ကုတင်မှာလည်း အိစက်ညက်ညောကာ သက်သောင့်သက်သာရှိလှပြီး ခင်းကျင်းထားသော အိပ်ရာခင်းများမှာ သန့်ရှင်းသပ်ရပ်ကာ နေရောင်ခြည်နံ့ သင်းသင်းလေး ရနေသဖြင့် တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုများကို ဆေးကြောပေးနိုင်စွမ်း ရှိပုံရ၏။ ထိုကုတင်ပေါ်တွင် လဲလျောင်းအိပ်စက်လိုက်သောအခါ သူသည် ညဘက်တွင် ဟောက်ခြင်း မရှိတော့သည်ကို တွေ့ရှိခဲ့ရပြီး အိပ်စက်မှု အရည်အသွေးမှာလည်း သိသိသာသာ တိုးတက်လာခဲ့ကာ မနက်နိုးလာလျှင် တစ်ကြိမ်ပြန်လည် မွေးဖွားလာသကဲ့သို့ လန်းဆန်းနေတော့သည်။
တည်းခိုခန်း၏ မနက်စာမှာလည်း သူ့အတွက် မေ့မရနိုင်သော အတွေ့အကြုံတစ်ခုပင်။ အစားအသောက်များမှာ ရိုးရိုးရှင်းရှင်း ပြင်ဆင်ထားသော်လည်း အမှတ်ရစေမည့် မနက်စာဆန်ပြုတ်ကို ရရှိနိုင်သည်။ ဆန်ပြုတ်မှာ အဆင့်မြင့်ဆန်များဖြင့် သေသေချာချာ ချက်ပြုတ်ထားပုံရပြီး ဆန်စေ့များမှာ နူးညံ့ကာ စေးပိုင်နေသည်။ ဆန်ပြုတ်၏ မျက်နှာပြင်မှာ မှန်သားပြင်ကဲ့သို့ ချောမွတ်နေကာ လတ်ဆတ်သော ဟင်းသီးဟင်းရွက်အရွက်များနှင့် အသားမျှင်လေးများ ပေါင်းစပ်လိုက်သောအခါ တစ်လုပ်ချင်းစီတိုင်းမှာ လျှာဖျားတွင် စွဲကျန်နေစေ၏။ ချိုအေးနူးညံ့သော ဆန်ပြုတ်မှာလည်း ထိုနည်းတူပင် အရသာရှိလှသဖြင့် ဖုယန်မှာ တစ်ထိုင်တည်းနှင့် ပန်းကန်ကြီး လေးပန်းကန်အထိ စားနိုင်ခဲ့ခြင်း ဖြစ်သည်။
သက်သောင့်သက်သာရှိသော တည်းခိုနေထိုင်မှုနှင့် အရသာရှိသော အစားအစာများအပြင် ဟဲယဲ့တည်းခိုခန်း၌ အခမဲ့ လက်ရေးလှသင်တန်းကိုလည်း တက်ရောက်နိုင်သည်။ ဖုယန်သည် ဤနေရာတွင် စိတ်ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိခဲ့၏။ သူသည် ဆရာကြီးဝေနောက်သို့ လိုက်၍ စုတ်ချက်တစ်ခုချင်းစီကို လေ့ကျင့်ရင်း စုတ်တံထိပ်ဖျားမှာ ရွှမ်စက္ကူပေါ်တွင် ချောမွေ့စွာ လှုပ်ရှားသွားပုံကို ခံစားခဲ့ရသည်။ သူ့ကဲ့သို့သော ကြမ်းတမ်းသည့် ယောကျ်ားတစ်ယောက်မှာပင် ဤကဲ့သို့ ယဉ်ကျေးသိမ်မွေ့သော ဘက်ခြမ်းရှိနေနိုင်သည် မဟုတ်ပါလား။ အရေးအကြီးဆုံးမှာ ဖုယန် ခံစားခဲ့ရသည့် ဟဲယဲ့တည်းခိုခန်း၏ 'အိပ်မက်လှလှ' ဝန်ဆောင်မှုမှည သူ့အား တကယ်ပင် အိပ်မက်ကောင်းလေး မက်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ သူသည် ပျန်းကျူနှင့် စကားဖလှယ်ကြည့်သောအခါ ပျန်းကျူမှာလည်း အိပ်မက်မက်ခဲ့ကြောင်း တွေ့ရှိရသဖြင့် တကယ့်ကို အံ့သြစရာကောင်းလှသည်ဟု သူ တွေးနေမိ၏။
ဟဲယဲ့တည်းခိုခန်း၌ တစ်ရက်တာ နေထိုင်ပြီးနောက် ဖုယန်မှာ လောကီရေးရာ ပူပန်မှုများကို ဘေးဖယ်ထားနိုင်မည့် နားခိုရာစခန်းတစ်ခုကို ရှာတွေ့လိုက်သကဲ့သို့ ခံစားရသည်။ ဤနေရာတွင် သူသည် ရုပ်ပိုင်းဆိုင်ရာ အနားယူရုံတင်မကဘဲ ပို၍အရေးကြီးသည်မှာ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုကိုပါ ရရှိခဲ့ခြင်းဖြစ်၏။ တည်းခိုခန်း၏ အသေးစိတ် အချက်အလက်တိုင်းမှာ သူ့အား အိမ်၏နွေးထွေးမှုကို ခံစားရစေသဖြင့် သူမခွာချင်အောင် ဖြစ်နေရခြင်းပင်။ နောင်တွင် အလုပ်ကိစ္စဖြင့် ခရီးထွက်ရတိုင်း ဤနေရာကိုသာ အခြေစိုက်စခန်းအဖြစ် ရွေးချယ်တော့မည်ဟု သူ စတင်စဥ်းစားနေတော့သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် တည်းခိုခန်းတစ်ခုသက်သက် မဟုတ်ဘဲ သူ့အတွက် စိတ်ဝိညာဉ်နားခိုရာ အိမ်ဂေဟာတစ်ခု ဖြစ်နေသောကြောင့်ပင်။
ပျန်းကျူမှာလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ အကယ်၍ သူ့ခန္ဓာကိုယ်မှာ အနားယူမှု လုံလောက်သွား၍ အိပ်မက်ထဲမှ အလိုအလျောက် နိုးမလာခဲ့လျှင် သူသည် အိပ်မက်ထဲတွင် ဇာတ်ညွှန်းကို ဆက်လက်ပြင်ဆင်နေမိဦးမည်ဖြစ်၏။ သူတို့နှစ်ဦးသည် စုဟယ် ရောက်လာမည့်အချိန်ကို စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။ ရှောင်ရှီးကို ရုပ်ရှင်ရိုက်ကူးရန်အတွက် ငှားရမ်းပေးရန် သူမ သဘောတူပါ့မလားဟု သူတို့ တွေးပူနေကြခြင်း ဖြစ်သည်။ စုဟယ်မှာလည်း သူတို့နည်းတူပင် စိုးရိမ်နေရ၏။ သူမသည် ရှောင်ရှီးကို အသာအယာ ပွေ့ပိုက်ထားပြီး ရှောင်ရှီး၏ ထူးခြားလှသော တတိယမြောက်ခြေသည်းကို ဖုံးကွယ်ရန်ကြိုးစားရင်း ချောမွတ်သော အမွှေးအတောင်များကို သူမ၏ လက်ချောင်းများဖြင့် မသိမသာ ပွတ်သပ်ပေးနေမိသည်။ သူမသည် တည်တည်ငြိမ်ငြိမ်ရှိရန် ကြိုးစားနေသော်လည်း အတွင်းစိတ်ထဲမှ စိုးရိမ်ပူပန်မှုမှာ လျှပ်စစ်စီးကြောင်းတစ်ခုကဲ့သို့ သူမ၏ အာရုံကြောများကို ရံဖန်ရံခါ လာရောက်နှိုးဆွနေသည်။ သူမနှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ပျန်းကျူနှင့် ဖုယန်တို့မှာမူ သူမလက်ထဲမှ ရှောင်ရှီး၏ ထူးခြားချက်ကို သတိထားမိပုံမရကြပေ။
"ဒါ ရွှေလက်စွပ်ကို ယူသွားတဲ့ ကျီးကန်းလေးလားဗျ"
ဖုယန် အနည်းငယ် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သူသည် ရိုက်ကွင်းတွင် ငှက်အမြောက်အမြားနှင့် နီးနီးကပ်ကပ် ထိတွေ့ဖူးသူဖြစ်ရာ ဤကဲ့သို့သော တိရစ္ဆာန်များသည် စိုးရိမ်ထိတ်လန့်မှု မြင့်မားတတ်မှန်း သိသဖြင့် ငှက်ကို အနီးကပ်ကြည့်ရန် ချက်ချင်း မကြိုးစားခဲ့ပေ။ စုဟယ်၏ ဦးနှောက်မှာ အလျှင်အမြန် အလုပ်လုပ်နေ၏။ အခြားသူများ၏ သံသယကို ဖြစ်ပေါ်စေမည့် အကြောင်းအရာများကို ရှောင်ရှားပြီး စကားဝိုင်းကို မည်သို့ သဘာဝကျကျ လမ်းကြောင်းပေးရမည်နည်းဟု သူမ တွေးနေသည်။
"ဟုတ်ပါတယ်၊ ဒါ ကျွန်မတို့ဆိုင်က ငှက်ကလေးပါ"
"ရှောင်ရှီး၊ ဆရာတို့ကို ရှေးဟောင်းကဗျာတစ်ပုဒ်လောက် ရွတ်ပြလိုက်ဦး"
စုဟယ်က ရှောင်ရှီးကို မလိုက်ပြီး ခြေသည်းများကိုသာ သူမ၏လက်မောင်းထဲတွင် ထည့်ထားလိုက်ရာ ပျန်းကျူနှင့် ဖုယန်တို့မှာ ရှောင်ရှီး၏ ပုံပန်းသဏ္ဍာန်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သော်လည်း ခြေထောက်ကိုမူ မမြင်ရပေ။ သူမ၏ အကြည့်မှာ ရှောင်ရှီးအပေါ် ရံဖန်ရံခါ ကျရောက်သွားပြီး ပုံမှန်မဟုတ်သည်များ မရှိကြောင်း အတည်ပြုပြီးနောက်မှ ဖုယန်ဘက်သို့ လှည့်ကာ ယဉ်ကျေးပျူငှာသော အပြုံးကို ထိန်းထားလိုက်၏။ မနေ့က သူမ ဘယ်လောက်တောင် ကြိုးစားခဲ့ရသလဲဆိုတာ ကောင်းကင်ဘုံကပဲ သိပါလိမ့်မည်။ ရှောင်ရှီးမှာ စကားပြောတတ်သော်လည်း ကဗျာမရွတ်တတ်ပေ။ ဤကလေးမှာ ပုံမှန်ဆိုလျှင် ညဏ်ကောင်းသလောက် ကဗျာရွတ်ခိုင်းသည့်အခါကျမှ ဦးနှောက်က အလုပ်မလုပ်တော့ပေ။ အရှေ့စာကြောင်း သင်ပေးပြီးလျှင် နောက်စာကြောင်းကို မေ့သွားတတ်သဖြင့် "ထန်ဝမ်နန်းဆောင် အစချီစကား" ကို ရွတ်နိုင်သော သာမန်ကျီးကန်းတစ်ကောင်ကိုပင် မယှဉ်နိုင်ပေ။ မနေ့ညက ရှောင်ရှီးကို သင်ပေးရင်း စုဟယ်၏စိတ်မှာ ပေါက်ကွဲလုနီးပါး ဖြစ်ခဲ့ရသည်။ ရှောင်ရှီးမှာမူ သူ၏ သေးငယ်သော မျက်လုံးလေးများ၏ အားသာချက်ကို အသုံးချကာ စုဟယ်လက်ပေါ်မှ မှတ်စုကို ဗြောင်ကျကျပင် ချောင်းကြည့်လိုက်၏။ ရှောင်ရှီးမှာ စာမတတ်သဖြင့် စုဟယ်မှာ သူမ၏ လက်ဖဝါးပေါ်တွင် ရုပ်ပြများဖြင့် မှတ်စုလုပ်ပေးထားခြင်းဖြစ်သည်။
"တစ်စ၊ နှစ်စ၊ သုံး၊ လေးစ၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး၊ ဆယ်စ၊ ထောင်ချီ၊ သောင်းချီ၊ ရေတွက်နိုင်တဲ့ အစအနတွေ၊ ဇီးပွင့်တွေကြားထဲ ပျံဝင်သွားတော့ ဘာမှမမြင်ရတော့ဘူး"
ရှောင်ရှီး စုဟယ်၏ လက်ကို ကြည့်ကာ စာကြောင်းတစ်ကြောင်းကို ရွတ်ဆိုလိုက်သည်။ ပျန်းကျူမှာ အနည်းငယ် အံ့သြသွားဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
"ရှောင်ရှီးရဲ့ အသံက ဒီလောက် ပီသနေလိမ့်မယ်လို့ မထင်ထားဘူး၊ ကျန့်ပန်ချောင်း ရဲ့ ကဗျာကိုတောင် ရွတ်တတ်တာပဲ"
ထို့နောက် စုဟယ်မှာ ရှောင်ရှီးကို ဧည့်ကြိုကောင်တာသို့ ပျံသွားခိုင်းကာ စုတ်တံတစ်ချောင်းကို ခြေသည်းဖြင့် ချီခိုင်းလိုက်ပြီး ဖုယန်၏ လက်ထဲသို့ လာပေးခိုင်းလိုက်သည်။ စုဟယ်သည် ဖုယန် သံသယမဝင်စေရန် ပုံမှန်အတိုင်း ပြုမူနေ၏။ ဖုယန်သည် ရှောင်ရှီး၏ ကျော့ရှင်းသော ပျံသန်းဟန်ကို ကြည့်ရင်း အလွန်ပင် ကျေနပ်အားရနေတော့သည်။
"ကောင်းတယ်၊ တကယ်ကို ကောင်းတယ်၊ သူဌေးမလေးစု ခင်ဗျားရဲ့ ငှက်ကလေးက တကယ်ကို ထူးချွန်တာပဲ၊ ကျွန်တော်တို့ ရုပ်ရှင်အဖွဲ့က ဒီလို လူ အဲ ငှက်ပါရမီရှင်မျိုးကို လိုအပ်နေတာ"
ရှောင်ရှီးမှာ ပထမအဆင့် စမ်းသပ်ချက်ကို အောင်မြင်သွားပြီဖြစ်ကြောင်း စုဟယ် သိလိုက်သည်။
"ဒီလိုပါ ဆရာဖု၊ ဆရာပျန်း ကျွန်မတို့ ရှောင်ရှီးက ငယ်ငယ်တုန်းက နေမကောင်းဖြစ်လို့ အကျိတ်တစ်ခု ထွက်လာတာမလို့ တခြားငှက်တွေနဲ့ နည်းနည်းတော့ ကွဲပြားနေလိမ့်မယ်"
စုဟယ် အသံမတုန်အောင် ကြိုးစားရင်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။
"ဒီမှာ ကြည့်ပါဦး၊ သူ့ရဲ့ အမြီးနားလေးမှာပါ"
စုဟယ် ရှောင်ရှီး၏ သိမ်းထားသော တတိယမြောက် ခြေသည်းကို ညွှန်ပြလိုက်သည်။ ဖုယန်နှင့် ပျန်းကျူတို့မှာ အနီးကပ် ငုံ့ကြည့်လိုက်ကြသောအခါ ပွနေသော အမွှေးအတောင်များ အောက်တွင် တိုတောင်းသော အမည်းရောင် အချောင်းလေးတစ်ခု ပေါ်နေသည်ကို တွေ့လိုက်ရ၏။ ၎င်းမှာ အကျိတ်နှင့် မတူဘဲ သစ်သားချောင်းလေးတစ်ခုနှင့် ပိုတူနေသည်။ ဖုယန်မှာ အနားကို တိုးကာ ရှောင်ရှီး၏ တတိယမြောက် ခြေသည်းကို ထောင့်မျိုးစုံမှနေ၍ စစ်ဆေးကြည့်သည်။ ရှောင်ရှီး၏ ရင်ဘတ်မှာ ပိုမိုမြန်ဆန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်လာသဖြင့် စုဟယ်မှာ ရှောင်ရှီး စိတ်တိုသွားမည်ကို စိုးရိမ်နေမိ၏။ သို့သော် ကံကောင်းထောက်မစွာဖြင့် ကျော်ကြားလိုစိတ်ကြောင့် ရှောင်ရှီးသည် ဖုယန် ကြည့်ရှုစစ်ဆေးပြီးသည်အထိ သည်းခံစောင့်ဆိုင်းနေပြီးမှ မျက်နှာကြက်ရှိ မီးဆိုင်းကြီးဆီသို့ ပေါ်သို့ ပျံတက်သွားတော့သည်။
"ဒါက ပြဿနာအကြီးကြီး မဟုတ်ပါဘူး၊ ကျွန်တော်တို့ ရုပ်ရှင်အဖွဲ့က မိတ်ကပ်ဆရာကို အမွှေးအတောင် အချို့ ဖြတ်ခိုင်းပြီး အဲ့ဒါကို ဖုံးကွယ်ဖို့အတွက် ငှက်ရဲ့ အမြီးမှာ ကပ်ခိုင်းလိုက်လို့ ရပါတယ်"
ဖုယန် ရှောင်ရှီးကို ရုပ်ရှင်အဖွဲ့ဆီ ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။ ဤမျှအထိ လိမ္မာပြီး လူစကားကို နားလည်ပုံရသည့် ငှက်မျိုးကို ရှာရန် တကယ့်ကို ခက်ခဲလှသည် မဟုတ်ပါလား။ သူတို့နှစ်ဦး စကားပြောပြီးသွားသောအခါ ပျန်းကျူမှာ အနည်းငယ် ရှက်ကိုးရှက်ကန်းဟန်ဖြင့် စကားစလာသည်။
"သူဌေးမလေးစု၊ ကျွန်တော်တို့ ဆရာကြီးဝေကိုလည်း လက်ရေးလှ အကြံပေးပုဂ္ဂိုလ်အဖြစ် ရုပ်ရှင်အဖွဲ့မှာ ပါဝင်ပေးဖို့ ဖိတ်ခေါ်လို့ ရမလားလို့ သိချင်ပါတယ်"
စုဟယ်သည် ယခုလေးတင် ယုံကြည်မှု ပြန်ရလာပြီး ဖုယန်နှင့် ရှောင်ရှီး၏ စာချုပ်ကိစ္စကို ဆွေးနွေးနေခြင်း ဖြစ်သော်လည်း ဤစကားကို ကြားသောအခါ ပြန်လည် တင်းမာသွားရပြန်သည်။
"ဆရာကြီးဝေ ဟုတ်လား"
စုဟယ်မှာ ပျန်းကျူနှင့် ဖုယန်တို့သည် ရှောင်ရှီးကိုတင်မကဘဲ ဆရာကြီးဝေကိုပါ ခေါ်သွားချင်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဘုရားရေ သူတို့က ဟဲယဲ့တည်းခိုခန်းတစ်ခုလုံးကို ပြောင်သလင်းခါအောင် သိမ်းကျုံးယူသွားချင်နေကြတာပဲ။ ယခုတစ်ကြိမ်တွင်မူ စုဟယ်မှာ ကိုယ်တိုင် ဆုံးဖြတ်ချက် မချပေးတော့ပေ။
"အဲ့ဒါကတော့ ဆရာတို့ဘာသာ ဆရာကြီးဝေကို ဖိတ်ခေါ်ရမှာပါရှင်၊ တကယ်လို့ သူက သဘောတူတယ်ဆိုရင်တော့ ကျွန်မကတော့ ကြားထဲကနေ မတားပါဘူး"
ပျန်းကျူ၏ မျက်လုံးများ တောက်ပသွားတော့သည်။ ဖုယန်မှာ စုဟယ်ကို စည်းရုံးပြီး ရှောင်ရှီးကို သရုပ်ဆောင်အဖြစ် ခေါ်နိုင်လျှင် သူ့တွင်လည်း ယုံကြည်မှု ရှိနေသည် မဟုတ်ပါလား။
122
ပျန်းကျူသည် ဆရာကြီးဝေကို သွားရောက်တွေ့ဆုံပြီး သူ၏ စိတ်ကူးများကို အသေးစိတ် ရှင်းပြခဲ့သည်။ အစပိုင်းတွင် ဆရာကြီးဝေမှာ ရုပ်ရှင်အဖွဲ့သို့ လိုက်ပါရန် ဝေခွဲမရဖြစ်နေခဲ့၏။ သူသည် ညတိုင်း ခန်းမထဲတွင် အွန်လိုင်းသင်တန်းများ တိုက်ရိုက်ထုတ်လွှင့်ရန် အမြဲတစေ အလေးထားသူဖြစ်ရာ သူ၏ သင်ကြားရေး ထိခိုက်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ သို့သော် ပျန်းကျူမှာ အလျှော့မပေးဘဲ ဆရာကြီးဝေအား စိတ်ရှည်လက်ရှည် ရှင်းပြခဲ့၏။ သူသည် ဆရာကြီးဝေအား ရုပ်ရှင်အဖွဲ့အနေဖြင့် အလုပ်ချိန်ကို လိုသလို ညှိနှိုင်းပေးနိုင်ကြောင်းနှင့် ဆရာ၏ သင်ကြားရေးအစီအစဉ်များကိုလည်း လေးစားလိုက်နာမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။
"ဆရာကြီးဝေ စိတ်ချပါခင်ဗျာ၊ ဆရာ့ကို နေ့တိုင်း အကြိုပို့လုပ်ဖို့အတွက် သီးသန့်ကားတစ်စီး စီစဉ်ပေးပါ့မယ်"
ပျန်းကျူ စိတ်ရင်းမှန်ဖြင့် ပြောကြားခဲ့သည်။
"ရုပ်ရှင်အဖွဲ့က ဆရာ့ရဲ့ လက်ရေးလှလက်ရာတွေကို အသိအမှတ်ပြု လက်မှတ်ရေးထိုးပေးရုံတင်မကဘဲ ဇာတ်လမ်းတွဲရဲ့ ကြော်ငြာပစ္စည်းတွေမှာလည်း ဆရာ့ရဲ့ ပါဝင်ကူညီမှုကို အထူးတလည် ထည့်သွင်းဖော်ပြပေးမှာပါ၊ ဇာတ်လမ်းအဆုံးမှာလည်း ဆရာ့နာမည်ကို ဂုဏ်ပြုစာရင်းထဲ ထည့်ပေးမှာဖြစ်လို့ ဆရာ့ရဲ့ ဂုဏ်သတင်းက ပိုပြီးကျယ်ပြန့်သွားမှာဖြစ်သလို ဆရာ့ရဲ့ လက်ရေးလှအနုပညာကိုလည်း လူတွေ ပိုပြီးသိမြင်တန်ဖိုးထားလာကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"
ပျန်းကျူသည် ဆရာကြီးဝေအတွက် အကောင်းဆုံးသော အခွင့်အရေးများ ရရှိစေရန် သူ၏ လုပ်ပိုင်ခွင့်အားလုံးကို အသုံးချခဲ့သည်။ ပျန်းကျူ ထပ်လောင်း၍ အလေးအနက် ပြောကြား၏။
"ဆရာကြီး ကျွန်တော်တို့ အဝေးကနေလည်း ဆက်သွယ်လို့ ရပါတယ်၊ ရုပ်ရှင်အဖွဲ့ဘက်က လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာတွေကို ကူညီပေးမှာပါ၊ တကယ်လို့ ဆရာ မလာနိုင်ဘူးဆိုရင်တောင် ဗီဒီယိုကနေတစ်ဆင့် အကြံပေးလို့ ရမလားခင်ဗျာ"
ဆရာကြီးဝေသည် ပျန်းကျူ၏ စိတ်ရင်းမှန်ကို မြင်သောအခါ စိတ်လှုပ်ရှားသွားပြီး ဤကမ်းလှမ်းချက်ကို အသေအချာ စတင်စဉ်းစားတော့သည်။ သေချာစဉ်းစားပြီးနောက်တွင် ဆရာကြီးဝေသည် ပျန်းကျူ၏ ဖိတ်ခေါ်မှုကို နောက်ဆုံး၌ လက်ခံလိုက်၏။ သို့သော် သူသည် ကိုယ်ပိုင်သတ်မှတ်ချက် တစ်ခုကို တင်ပြခဲ့သည်။ ၎င်းမှာ သူသည် ညတိုင်း အွန်လိုင်းသင်တန်းများ ဆက်လက်ပို့ချနိုင်ရန် တည်းခိုခန်းရှိ ခန်းမသို့ အချိန်မီ ပြန်လာနိုင်ရမည် ဖြစ်၏။ ပျန်းကျူမှာ ဆရာကြီးဝေ၏ သတ်မှတ်ချက်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီး ဆရာကြီး၏ အထူးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရုပ်ရှင်အဖွဲ့နှင့် ချက်ချင်း ဆက်သွယ်ညှိနှိုင်းခဲ့သည်။ ဆရာကြီးဝေအနေဖြင့် အပြင်ထွက်လည်ရန် စိတ်ကူးခဲလှသဖြင့် စုဟယ်မှာလည်း သဘာဝကျကျပင် အားတက်သရော ထောက်ခံခဲ့၏။
"ဆရာကြီး ဒါဆိုရင် ရှောင်ရှီးကို ဆရာ့လက်ထဲပဲ အပ်လိုက်ပြီနော်၊ ရုပ်ရှင်အဖွဲ့မှာ တစ်ခုခုဖြစ်ရင် ကျွန်မကို ချက်ချင်း ဖုန်းဆက်လိုက်ပါ၊ တကယ်လို့ သူတို့က ဆရာ့ရဲ့ မှတ်ပုံတင် တောင်းရင်လည်း ခဏလောက် အချိန်ဆွဲထားပြီး ကျွန်မလာတာကို စောင့်နေလိုက်ပါ"
စုဟယ် မှာကြားလိုက်သည်။ မှတ်ပုံတင်ကိစ္စနှင့် ပတ်သက်၍ ဖုယန်ထံတွင် သူမ မသိမသာ စုံစမ်းကြည့်ပြီးသား ဖြစ်ရာ ရုပ်ရှင်အဖွဲ့မှာ ထိုကိစ္စတွင် သိပ်ပြီးတင်းကျပ်ခြင်း မရှိကြောင်း သိထားသည်။ စုဟယ်သည် ဆရာကြီးဝေမှာ အကြံပေးအဖြစ် ပါဝင်မည့်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေ၏။ ရုပ်ရှင်အဖွဲ့၏ ပတ်ဝန်းကျင်မှာ ဆရာကြီးဝေ ပုံမှန်ရှိနေတတ်သော အွန်လိုင်းသင်ကြားရေး ပတ်ဝန်းကျင်နှင့် အလွန်ကွာခြားသော်လည်း ဤကဲ့သို့သော ထူးခြားသည့် စိန်ခေါ်မှုများမှာသာ ဆရာကြီးဝေ၏ စွမ်းဆောင်ရည်ကို ပိုမိုပေါ်လွင်စေမည်ဖြစ်သည်။ စုဟယ်မှာ ဆရာကြီးဝေသည် သူ၏ ဉာဏ်ပညာနှင့် အမြော်အမြင်တို့ဖြင့် ဤနယ်ပယ်သစ်တွင် အဆင်ပြေချောမွေ့စွာ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ထား၏။ ထို့အပြင် ဆရာကြီးဝေသည် ကြွယ်ဝသော အသိပညာနှင့် အတွေ့အကြုံများ ရှိရုံတင်မကဘဲ အရာရာကို လက်ခံနိုင်သော စိတ်နှလုံးလည်း ရှိသည်။ သူသည် သူ၏ ဉာဏ်ပညာကို အသုံးပြု၍ ရှောင်ရှီးအား လမ်းညွှန်ပေးမည်ဖြစ်ပြီး ရုပ်ရှင်အဖွဲ့အတွင်း ရှောင်ရှီး၏ ထူးခြားသော သဘာဝကို ဖုံးကွယ်နိုင်ရန် ကူညီပေးလိမ့်မည်ဖြစ်သည်။
ရှောင်ရှီးသည် 'ဆရာ' များကိုဆိုလျှင် အနည်းငယ် ကြောက်ရွံ့တတ်ပြီး ဆရာကြီးဝေ၏ စကားကို အလွန်နားထောင်ကြောင်း စုဟယ် အမြဲခံစားရသည်။ ကမ္ဘာပေါ်မှ ဉာဏ်ထိုင်းသော ကျောင်းသားတိုင်းမှာ ဆရာကို ကြောက်တတ်ကြသည် ထင်ပါရဲ့။
အိုင်းလိဖန့် ရုပ်ရှင်မြို့တော်
ဒါရိုက်တာကုန်း သည် ကင်မရာရှေ့မှ သရုပ်ဆောင်များကို ကြည့်နေရင်း သူမ၏ မျက်နှာမှာ တည်တင်းနေသည်။ ယနေ့ ရိုက်ကူးရေးမှာလည်း တိုးတက်မှု နှေးကွေးနေပြန်သည်။ 'မောင်းမနှစ်ဖော်၏ ဒဏ္ဍာရီ' မှာ ဇာတ်သိမ်းပိုင်းကို အတည်မပြုရသေးသဖြင့် သရုပ်ဆောင်များမှာ မပြည့်စုံသော ဇာတ်ညွှန်းများကိုသာ ရရှိထားကြရာ ဇာတ်ကောင်စရိုက် ဖော်ဆောင်မှုတွင် အခက်အခဲအချို့ ရှိနေကြ၏။ အတွေ့အကြုံရင့် သရုပ်ဆောင်များနှင့် ရွှေစင်ရုပ်ထုဆု သုံးထပ်ကွမ်း အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်များပင်လျှင် မကြာသေးမီက ဒါရိုက်တာကုန်း၏ ဝေဖန်မှုကို ခံခဲ့ရသည်။
"ခဏ နားကြစို့"
ဒါရိုက်တာကုန်းသည် သရုပ်ဆောင်များ၏ လက်ရှိအခြေအနေကို မကျေနပ်သဖြင့် လက်ဝှေ့ယမ်းကာ နားခိုင်းလိုက်သည်။ ဒါရိုက်တာကုန်း ရေသောက်ရင်း လှည့်ကြည့်လိုက်သောအခါ ဖုယန်မှာ မျက်နှာချိုသွေးသော အပြုံးဖြင့် ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
"ဒါရိုက်တာ ကျွန်တော် သင့်တော်တဲ့ တိရစ္ဆာန်သရုပ်ဆောင်ကို ရှာတွေ့ခဲ့ပြီဗျ"
ဖုယန်သည် ရိုက်ကွင်းပေါ်မှ အခြေအနေမကောင်းသည်ကို မြင်သောအခါ အဆူခံရမှာ စိုးသဖြင့် ပို၍ပင် ပြုံးပြနေသည်။ ဒါရိုက်တာကုန်းမှာမူ ဖုယန်ကဲ့သို့ စိတ်မလှုပ်ရှားပေ။ ဖုယန်ကို အပြင်မှာ တိရစ္ဆာန်သရုပ်ဆောင် ရှာခိုင်းထားသည့်အပြင် သူမသည် နယ်ပယ်ထဲမှ သူငယ်ချင်းအချို့ကိုလည်း အကူအညီ တောင်းထားခဲ့သည်။ ထိုတိရစ္ဆာန်များမှာ ကင်မရာမရှိချိန်နှင့် ပိုင်ရှင်အနားမှာ ရှိနေချိန်တွင် အတော်လေး ကောင်းမွန်သော်လည်း တကယ့်ရိုက်ကူးရေး စတင်သည့်အခါနှင့် ပိုင်ရှင်များ ငှက်များ၏ ဘေးတွင် ရှိမနေနိုင်သည့်အခါများ၌ ပြဿနာမျိုးစုံ တက်လေ့ရှိ၏။
"ကြည့်ရအောင်"
ဒါရိုက်တာကုန်းမှာ ဖုယန်အပေါ် မျှော်လင့်ချက်ကြီးကြီးမားမား မထားဘဲ မျက်လုံးပင့်ကြည့်လိုက်သည်။ ဖုယန် ရှောင်ရှီးကို ပွေ့ချီထားသော ဆရာကြီးဝေကို ညွှန်ပြလိုက်၏။ ဆရာကြီးဝေသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရိုက်ကွင်းအတွင်းသို့ ဖြည်းညင်းစွာ လမ်းလျှောက်ဝင်လာသည်။ သူ ရောက်ရှိလာမှုမှာ လတ်ဆတ်သော နွေဦးလေပြေကဲ့သို့ပင် ဆူညံအလုပ်ရှုပ်နေသော ရုပ်ရှင်အဖွဲ့ကို ချက်ချင်းငြိမ်ကျသွားစေ၏။
ဆရာကြီးဝေသည် ထူးခြားသောစာပေပညာရှင်တစ်ဦး၏ အငွေ့အသက်များကို ထုတ်လွှတ်နေပြီး ဤတည်ငြိမ်ရင့်ကျက်လှသော အမူအရာမှာ လူအများကြားတွင် သူ့ကို ထင်ရှားစေပြီး၊ လောကီကိစ္စများထက် ကျော်လွန်သော အေးချမ်းမှုနှင့် ဉာဏ်ပညာတို့ကို သယ်ဆောင်လာသည့် အတိတ်ကာလမှ ခရီးသွားလာသူတစ်ဦးကဲ့သို့ပင် ဖြစ်နေသည်။ ဆရာကြီးဝေ၏ မျက်လုံးများမှာ နက်ရှိုင်းလှပြီး ဆံပင်ရှည်များကို နောက်၌ စည်းနှောင်ထားကာ ဆံနွယ်အချို့မှာ လေထဲတွင် အသာအယာ ဝေ့ယမ်းနေ၏။ သူ၏ လမ်းလျှောက်ဟန်မှာ အေးဆေးတည်ငြိမ်လှပြီး ခြေလှမ်းတိုင်းမှာ ခိုင်ခံ့လွန်းလှသဖြင့် သူ၏ ကမ္ဘာထဲတွင် အချိန်သည် ပို၍ပင် နှေးကွေးစွာ စီးဆင်းနေသကဲ့သို့ ခံစားရသည်။
ဒါရိုက်တာကုန်းသည် ဆရာကြီးဝေကို မြင်လိုက်ရသည့် ခဏမှာပင် မျက်လုံးများ တောက်ပသွားတော့သည်။ သူမသည် ဇာတ်လမ်းထဲမှ 'အတိုင်ပင်ခံအမတ်' နေရာအတွက် သရုပ်ဆောင်ရန် ပြီးပြည့်စုံသော လူတစ်ဦးကို ရှာဖွေနေခဲ့ခြင်းဖြစ်ရာ ဆရာကြီးဝေ၏ ပုံပန်းသဏ္ဍာန်မှာ ထိုနေရာအတွက် အထူးပြုလုပ်ထားသကဲ့သို့ပင်။ အတိုင်ပင်ခံအမတ် နေရာမှာ နန်ကုန်းမိသားစုတွင် ယုတ်ညံ့သော ရည်ရွယ်ချက်များ ရှိသည်ဟု ယုံကြည်ကာ ဧကရာဇ်မှ နန်းတွင်းထဲတွင် နန်ကုန်းညီအစ်မများအပေါ် မျက်နှာသာပေးမှုကို မကျေမနပ်ဖြစ်ပြီး အကြိမ်ကြိမ် ကန့်ကွက်လွှာ တင်သွင်းခဲ့သည့် သစ္စာရှိ အမတ်ကြီးတစ်ဦး ဖြစ်သည်။ လောက၏ သေခြင်း၊ ရှင်ခြင်းကို အရေးမထားသော ထိုအမတ်ကြီး၏ စရိုက်မှာ ဆရာကြီးဝေနှင့် အံကိုက်ဖြစ်နေ၏။ ဒါရိုက်တာကုန်းသည် ချက်ချင်းပင် အနားသို့ လျှောက်သွားပြီး ဆရာကြီးဝေနှင့် စကားပြောတော့သည်။
"မင်္ဂလာပါ မင်္ဂလာပါ၊ ဇာတ်ညွှန်းတွေ မှတ်မိပြီလား၊ ဇာတ်ကောင်အပေါ်မှာကော ဘယ်လို ထင်မြင်ချက်ရှိလဲ"
ဒါရိုက်တာကုန်း မေးလိုက်သည်။ ရှောင်ရှီးမှာ ကြောင်သွားရ၏။ စုဟယ်မှ သူ့ကို စကားလျှောက်မပြောရန် မှာထားခဲ့သဖြင့် ယခုဘယ်လို ပြန်ဖြေရမလဲ။ သူ ငှက်တစ်ကောင်အဖြစ် သရုပ်ဆောင်ရမှာ မဟုတ်ဘူးလား။ ဘာလို့ သူ့ကို ဇာတ်ကောင်အပေါ် ထင်မြင်ချက် မေးနေတာလဲ။ မည်သူမျှ ပြန်မဖြေသည်ကို မြင်သောအခါ ဒါရိုက်တာကုန်းမှ ဖုယန်ကို လှည့်ကြည့်လိုက်သည်။ ဖုယန် ခေါင်းကိုကုတ်ရင်း ပြောလိုက်၏။
"ဒါရိုက်တာ ဒါက ကျွန်တော်တို့ရှာတွေ့လာတဲ့ တိရစ္ဆာန်သရုပ်ဆောင်နဲ့ လက်ရေးလှအကြံပေးပုဂ္ဂိုလ်ပါ"
ထိုအခါမှ ဒါရိုက်တာကုန်းသည် ဆရာကြီးဝေ၏လက်မောင်းထဲမှ ရှောင်ရှီးကို သတိထားမိတော့သည်။
"လက်ရေးလှအကြံပေး၊ အတိုင်ပင်ခံအမတ် မဟုတ်ဘူးလား"
ဒါရိုက်တာကုန်း သံသယဖြင့် မေးလိုက်သည်။ ဖုယန်မှာလည်း ကြောင်သွားကာ အမြန်ပြန်ပြောလိုက်၏။
"ကျွန်တော်တို့ တိရစ္ဆာန်သရုပ်ဆောင်ပဲ လိုတာ မဟုတ်ဘူးလား၊ ဘယ်တုန်းက အတိုင်ပင်ခံအမတ်လိုသွားတာလဲ"
ဒါရိုက်တာကုန်းသည် နားထင်ကိုပွတ်လိုက်သည်။ ဤမျှအထိ နားလည်မှုလွဲသွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
"အရင်ဆုံး တိရစ္ဆာန်သရုပ်ဆောင်ကို ကြည့်ရအောင်"
ဆရာကြီးဝေ၏ ညွှန်ကြားမှုအောက်တွင် ရှောင်ရှီးသည် အလွန်ပင် ကောင်းမွန်စွာ သရုပ်ဆောင်နိုင်ခဲ့သဖြင့် အရည်အချင်းစစ်ဆေးမှုကို အောင်မြင်သွားခဲ့သည်။ ဒါရိုက်တာကုန်း၏ မျက်လုံးများတောက်ပလာပြီး စိတ်အားထက်သန်စွာ ပြောလိုက်၏။
"ကောင်းတယ် ဖုယန်၊ စီစဉ်လိုက်တော့ ဒီညပဲဒီအခန်းကို အပြီးရိုက်ရအောင်"
ရုပ်ရှင်အဖွဲ့မှာ အချိန်အတော်ကြာ နှောင့်နှေးခဲ့ရပြီးဖြစ်သဖြင့် ဤအခန်းကို ယနေ့ညတွင် အပြီးရိုက်ရမည် ဖြစ်သည်။ ထို့နောက် ဒါရိုက်တာကုန်းမှာ ဆရာကြီးဝေကို ကြည့်လိုက်၏။ ဤကဲ့သို့သော လက်ရေးလှအကြံပေးပုဂ္ဂိုလ်မျိုးမှာ အတိုင်ပင်ခံအမတ်နေရာအတွက် အလွန်ပင်သင့်တော်လွန်းလှသည်။ သူသည် ဤလူ့ကိုလွယ်လွယ်နှင့် လက်လွှတ်မည်မဟုတ်ပေ။ ဆရာကြီးဝေကို ရုပ်ရှင်အဖွဲ့မှာ ကြာကြာနေအောင် မည်သို့ ဆွဲထားရမည်နှင့် အတိုင်ပင်ခံအမတ်အဖြစ် သရုပ်ဆောင်ရန် မည်သို့ဖျောင်းဖျရမည်ကို စတင်စီစဉ်နေတော့သည်။
"ကဲ ပြင်ဆင်ကြ၊ အခန်းသစ်ကို ပြောင်းရိုက်မယ်"
ရုပ်ရှင်အဖွဲ့မှာ နေ့လယ်ခင်းအထိ အလုပ်ရှုပ်သွားပြီးနောက်တွင် အခန်းကို တရားဝင် စတင်ရိုက်ကူးတော့သည်။ မှိန်ပျပျ ဖယောင်းတိုင်အလင်းအောက်တွင် ပြတင်းပေါက်ဘောင်ပေါ်၌ ကျီးကန်းတစ်ကောင် နားနေ၏။ အခန်းထဲတွင် နန်ကုန်းညီအစ်မများ စကားများနေကြပြီး အခြေအနေမှာ အတင်းမာဆုံး ဖြစ်နေချိန်တွင် ပြတင်းပေါက်ဘောင်ပေါ်က ကျီးကန်းက ရုတ်တရက် ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။
"စိမ်းလဲ့ရနံ့ ပြယ်လွင့်၊ ကျောက်စိမ်းဆောင်မှာ အိပ်မက်နိုး၊ အေးမြလရောင် အရိပ်ထင်၊ လသာဆောင်မှာ တစ်ကိုယ်တည်း၊ လောကီဘုံမှာ ဘယ်နှစ်ကြိမ်၊ မိုးစက်အလား လွမ်းနာများ၊ နှလုံးသားထဲသို့ တစိမ့်စိမ့်"
ကျီးကန်း၏အသံမှာ အနည်းငယ် အက်ရှရှနိုင်ပြီး နမိတ်မကောင်းသည့် ခံစားချက်ကို ပေးစွမ်းနေသည်။ ဒါရိုက်တာကုန်းမှာ ကင်မရာကို အနီးကပ်ဆွဲယူလိုက်ပြီး တိုးတိုးလေးရေရွတ်နေ၏။
"ကောင်းတယ် အရမ်းချောမွေ့တယ်၊ ဆက်သွား"
သုံးထပ်ကွမ်း အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်နှစ်ဦးမှာလည်း မျှော်လင့်ထားသည့်အတိုင်း ဇာတ်ညွှန်းများကို ချောမွေ့စွာပြောဆိုသွားနိုင်ခဲ့ကြသည်။ ဆရာကြီးဝေ၏ အမိန့်ကို နားထောင်ရင်း ရှောင်ရှီးသည် လက်ဝတ်ရတနာသေတ္တာထဲမှ အမှတ်တရလက်ဆောင်ပစ္စည်းကို ကောက်ယူလိုက်၏။
"ပြီးပြည့်စုံတယ်"
ဒါရိုက်တာကုန်းသည် ရှောင်ရှီး၏ သရုပ်ဆောင်မှုကို အလွန်ကျေနပ်သွားသည်။ ရုပ်ရှင်အဖွဲ့ကို ရက်ပေါင်းများစွာ ဒုက္ခပေးခဲ့သော အခန်းမှာ နောက်ဆုံး၌ ရိုက်ကူးပြီးစီးသွားသဖြင့် သရုပ်ဆောင်များအားလုံး သက်ပြင်းချနိုင်သွားကြပြီး ဒါရိုက်တာကုန်း၏ ကြေညာချက်ကို စောင့်ဆိုင်းနေကြ၏။ ဒါရိုက်တာကုန်းမှာ ကင်မရာထဲမှရိုက်ကွက်ကို ပြန်ကြည့်ရင်း ကျီးကန်းကဗျာရွတ်သည့်နေရာကို ညွှန်ပြလိုက်သည်။
"ဟင် ကျီးကန်းရဲ့ မျက်လုံးတွေက ဘာလို့ စောင်းနေရတာလဲ"
ပြတင်းပေါက်နားတွင်နားနေသော ရှောင်ရှီးမှာ အနည်းငယ် စိုးရိမ်သွားသည်။ သူသည် တစ်နေ့လယ်လုံးထိုကဗျာကို အလွတ်ရအောင် ကျက်ခဲ့ရသော်လည်း မရခဲ့ပေ။ ထို့ကြောင့် ရိုက်ကွင်းတွင် ဆရာကြီးဝေပေးနေသော အချက်ပြ များကိုသာ ခိုးကြည့်နေခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ ဒါရိုက်တာမှထပ်လုပ်ခိုင်းလျှင်တော့ အလွန်ခက်ခဲသွားလိမ့်မည်။ ဒါရိုက်တာကုန်းမှာ ကင်မရာကို အသေအချာပြန်ကြည့်ပြီးနောက် မျက်ခုံးများကို ဖြေလျှော့လိုက်သည်။
"ဒါလည်း ကောင်းတာပဲ၊ ကျီးကန်းက ခေါင်းလေးစောင်းနေတော့ ပိုပြီး ကြောက်စရာကောင်းတဲ့ ခံစားချက်မျိုး ပေးတယ်"
ဤသို့ဖြင့် ရှောင်ရှီး၏ရုပ်ရှင်ရိုက်ကူးရေးအခန်းများမှာ အောင်မြင်စွာ ပြီးမြောက်သွားတော့သည်။