← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

123

ယနေ့၏ အရေးကြီးဆုံး ရိုက်ကွက်ကြီး ပြီးဆုံးသွားပြီးနောက်တွင် ရိုက်ကွင်း‌ပေါ်ရှိ လေထုမှာ သိသိသာသာပင် ကောင်းမွန်လန်းဆန်းလာတော့သည်။ အမြဲတမ်း ဖျတ်လတ်သွက်လက်နေတတ်သော ဖုယန်မှာ လူတိုင်းကို နှုတ်ဆက်ရန် အပြေးအလွှား ရောက်ရှိလာ၏။

"အားလုံးပဲ ဒီရက်ပိုင်း ပင်ပန်းသွားကြပြီ၊ အိမ်ပြန်ပြီး ကောင်းကောင်း အနားယူကြပါဦး"

ဇာတ်ဆောင်မင်းသမီးများဖြစ်ကြသော ကျန်းယွီလန်နှင့် လီပိုင်ဟယ်တို့မှာလည်း တင်းမာနေခဲ့သော အာရုံကြောများနှင့် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်များကို နောက်ဆုံး၌ ဖြေလျှော့နိုင်ခဲ့ကြပြီ ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးမှာ ဇာတ်ကောင်ထဲသို့ စိတ်ရောကိုယ်ပါ အပြည့်အဝ နစ်ဝင်သွားတတ်သည့် သရုပ်ဆောင်အမျိုးအစားများ ဖြစ်ကြရာ သူတို့၏ အာရုံစူးစိုက်မှုနှင့် ကြိုးစားအားထုတ်မှုများမှာ ရိုက်ကွက်တိုင်းကို သက်ဝင်လှုပ်ရှားစေခဲ့၏။ သို့သော် ဤသည်မှာ ရိုက်ကူးရေးပြီးဆုံးသွားချိန်တွင် သူတို့၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာမှာ အလွန်ပင် ပင်ပန်းနွမ်းနယ်သွားတတ်သည်ဟုလည်း ဆိုလိုခြင်းဖြစ်သည်။ ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ပြုံးပြလိုက်ကြပြီး ကြိုတင်ညှိနှိုင်းထားခြင်း မရှိဘဲ သူတို့၏ လည်ပင်းနှင့် ပုခုံးများကို ပွတ်သပ်လိုက်ကြသည်။ နာရီပေါင်းများစွာကြာ ရိုက်ကူးရေးလုပ်ခဲ့ရသဖြင့် တောင့်တင်းနေသော ကြွက်သားများကို ပြေလျော့စေရန် ကြိုးစားနေခြင်းပင်။

"နောက်ဆုံးတော့ နည်းနည်းနားလို့ရပြီပေါ့"

ကျန်းယွီလန် တိုးညှင်းသောလေသံဖြင့် ပြောလိုက်သည်။ သူမအသံတွင် ပင်ပန်းမှုများ ရောယှက်နေသော်လည်း ကျေနပ်မှုနှင့် ပျော်ရွှင်မှုတို့က ပိုမိုသိသာနေသည်။ လီပိုင်ဟယ်မှာလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ဟုတ်တယ်၊ ငါတို့ ဓာတ်ပုံရိုက်ကြမလား၊ ဒီအခိုက်အတန့်ကို အမှတ်တရသိမ်းထားရအောင်၊ နောက်ဆုံးတော့ ခက်ခဲတဲ့ အတားအဆီးတစ်ခုကို ငါတို့ ကျော်ဖြတ်နိုင်ခဲ့ပြီလေ"

သူတို့သည် တစ်ဦး၏ ပုခုံးပေါ်သို့ တစ်ဦးမှ လက်တင်လိုက်ကြပြီး 'ဒုက္ခ‌ဖော်များ' အဖြစ် ရယ်စရာကောင်းသော အမူအရာများ ပြုလုပ်ကာ ဤအခိုက်အတန့်ကို မှတ်တမ်းတင်လိုက်ကြသည်။ အခြားသော အဖွဲ့ဝင်များမှာလည်း သူတို့အနားတွင် စုရုံးလာကြပြီး စိတ်ဝင်စားစရာကောင်းသော ကိုယ်ဟန်အနေအထား အမျိုးမျိုးဖြင့် ပါဝင်ဆင်နွှဲကြရာ လေထုတစ်ခုလုံး စည်ကားနွေးထွေးသွားတော့သည်။ ဖုယန်မှ သတိမပေးလျှင်တောင် ကျန်းယွီလန်နှင့် လီပိုင်ဟယ်တို့သည် ဤရိုက်ကွက်၏အကြီးမားဆုံးသော ကျေးဇူးရှင်ဖြစ်သည့် ရှောင်ရှီးနှင့် ဓာတ်ပုံရိုက်ရန် သဘာဝကျကျပင်မေ့မည်မဟုတ်ပေ။ ကျန်းယွီလန်နှင့် လီပိုင်ဟယ်တို့မှာ အတူတူရပ်နေကြပြီး ဆရာကြီးဝေကို နှုတ်ဆက်ကာ ရှောင်ရှီးကို ဓာတ်ပုံထဲတွင် ပါဝင်ပေးရန်ဖိတ်ခေါ်တော့မည့်ဆဲဆဲမှာပင် မမျှော်လင့်ဘဲ ရှောင်ရှီးသည် သူတို့ရည်ရွယ်ချက်ကို နားလည်ပုံရကာ သူတို့အနားသို့ ပျံသန်းရောက်ရှိလာသည်။

လီပိုင်ဟယ်မှာ ရှောင်ရှီးလာနားရန်အတွက် သူမ၏လက်ဖဝါးကို သတိထားကာ ဖြန့်ပေးလိုက်သော်လည်း ရှောင်ရှီးမှာမူ ရုတ်တရက် အတောင်ပံကို ဖြန့်လိုက်ပြီး မထင်မှတ်ထားသော ထောင့်တစ်ခုမှ အပေါ်သို့ပျံတက်သွားသည်။ သူသည် တိုက်ရိုက်ပျံထွက်သွားခြင်းမဟုတ်ဘဲ မင်းသမီးနှစ်ဦး၏ ခေါင်းပေါ်တွင် တစ်ပတ်ဝဲပျံလိုက်ပြီးနောက် သူတို့နှစ်ဦးကြားမှ နေရာလွတ်တွင် ကျော့ကျော့မော့မော့ ဆင်းသက်လိုက်၏။ ထိုပုံစံမှာ ဤနေရာသည် သူ၏အဓိကနေရာဖြစ်ကြောင်း ကြေညာနေသကဲ့သို့ပင်။ ဤရုတ်တရက် အပြုအမူကြောင့် ကျန်းယွီလန်နှင့် လီပိုင်ဟယ်တို့မှာ ရယ်မောလိုက်ကြတော့သည်။ ရှောင်ရှီးမှာ ဤကဲ့သို့ပြုမူလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြပေ။ ဤသေးငယ်သော အဖြစ်အပျက်လေးမှာ စီစဉ်ထားသော ဓာတ်ပုံရိုက်ကူးမှုအပေါ် မမျှော်လင့်ထားသော ပျော်ရွှင်စရာအစိတ်အပိုင်းတစ်ခုကို ထပ်လောင်းပေးလိုက်သကဲ့သို့ပင်။ အနီးနားရှိ လက်ထောက်တစ်ဦးမှ ရှောင်ရှီး၏အဓိကနေရာ အခိုက်အတန့်ကို မှတ်တမ်းတင်လိုက်ပြီးနောက် ဝင်ပြောလိုက်သည်။

"လာပါ၊ ကျွန်တော်တို့ရဲ့ မင်းသားကြီး ကို အလယ်မှာ ထားလိုက်ကြရအောင်"

{T/N- ရှောင်ရှီးကို အစပိုင်းတွေမှာ အမအနေနဲ့သုံးခဲ့ပေမယ့် MTLကနေယူသလိုဖြစ်တော့ ခုချိန်ထိ he/herတစ်လှည့်စီဖြစ်နေပါတယ်။ ကိုယ့်အထင်တော့ အထီးပဲဖြစ်ရမယ်}

ရှောင်ရှီးသည် လက်ထောက်၏စကားကို ကြားသောအခါ ပို၍ပင် ကျေနပ်အားရသွားသည်။ သူသည် မင်းသားကြီးတဲ့လား။ ရှောင်ရှီးသည် မင်းသမီးနှစ်ဦးကြားတွင် ရပ်နေပြီး သူ့ကိုယ်ဟန်အနေအထားမှာ အလွန်ပင် ဂုဏ်ယူဝင့်ကြွားနေဟန်ပေါ်နေကာ လူတိုင်း၏အာရုံစိုက်မှုကိုခံရသည့် ခံစားချက်ကို နှစ်ခြိုက်နေတော့သည်။ လက်ထောက်မှာ သင့်တော်သော ထောင့်တစ်ခုကို ရှာဖွေပြီး ဤထူးခြားသော အခိုက်အတန့်ကို ရိုက်ကူးလိုက်၏။ ဓာတ်ပုံထဲတွင် မင်းသမီးနှစ်ဦးနှင့် ရှောင်ရှီးတို့မှာ သဟဇာတဖြစ်လှသော ပုံရိပ်တစ်ခုကို ဖန်တီးထားကြသည်။ ကျန်းယွီလန်နှင့် လီပိုင်ဟယ်တို့၏အပြုံးများတွင် ရှောင်ရှီးအပေါ် ချစ်ခင်မြတ်နိုးမှုများ ပြည့်နှက်နေပြီး ရှောင်ရှီးမှာမူ ပါးနပ်ကာ ချစ်စရာကောင်းနေ၏။ သူ၏တည်ရှိမှုမှာ ဓာတ်ပုံကို ဇာတ်လမ်းဆန်ဆန်ဖြင့် သက်ဝင်လှုပ်ရှားစေခဲ့သည်။ လက်ထောက်ဖြစ်သူသည် ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းကို ကျေနပ်စွာကြည့်လိုက်၏။ ဤနောက်ကွယ်မှ ရုပ်သံဖိုင်လေးများသည် ဇာတ်လမ်းတွဲ ကြော်ငြာသည့်အခါ ပရိသတ်များကို အကြိုက်တွေ့စေမည်ဖြစ်ကြောင်း သူသိနေသည်။

ခက်ခဲလှသော အဓိကရိုက်ကွက်ကို အောင်မြင်စွာ ရိုက်ကူးပြီးစီးသွားသဖြင့် သရုပ်ဆောင်များမှာ ပျော်ရွှင်စိတ်လှုပ်ရှားမှုများတွင် နစ်မြောနေကြသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး ဖက်လှဲတကင်း နှုတ်ဆက်ကြပြီး ရယ်မောသံများဖြင့် ဂုဏ်ပြုနေကြသည်။ ဒါရိုက်တာကုန်း စိတ်မကြည်မလင် ဖြစ်နေသည့် နေ့ရက်များတွင် သူတို့မှာ စကားကိုပင် ကျယ်ကျယ်မပြောရဲခဲ့ကြပေ။ သို့သော်လည်း ထိုရယ်မောသံများကြားတွင် ဒါရိုက်တာကုန်းမှာမူ သရုပ်ဆောင်များကဲ့သို့ ပေါ့ပါးပျော်ရွှင်နေပုံမရပေ။ သူ့မျက်မှောင်များမှာ ကြုတ်နေပြီး မျက်လုံးများထဲတွင် နက်နက်ရှိုင်းရှိုင်း တွေးတောနေပုံပေါ်သည်။ ဤရိုက်ကွက်အောင်မြင်မှုမှာ ရုပ်ရှင်အဖွဲ့တစ်ခုလုံးအတွက် စိတ်သက်သာရာရစေသော်လည်း ဒါရိုက်တာကုန်းအတွက်မူ ၎င်းသည် ဇာတ်လမ်းတစ်ခုလုံး၏အစိတ်အပိုင်းတစ်ခုမျှသာရှိပါသေးသည်။ ဇာတ်လမ်း၏ဇာတ်သိမ်းပိုင်းနှင့် ပတ်သက်သော အတွေးများမှာ သူ့စိတ်ထဲတွင် တစ်ဖန်ပြန်လည် နေရာယူလာပြန်၏။ ဇာတ်သိမ်းပိုင်းသည် ဇာတ်လမ်းတွဲတစ်ခုလုံး၏ ပြည့်စုံမှုနှင့် ပရိသတ်၏ ကျေနပ်မှုအတွက် အလွန်ပင် အရေးကြီးလှသည်။

ကောင်းမွန်သော ဇာတ်သိမ်းတစ်ခုမှာ ပရိသတ်ကို ဇာတ်လမ်းတွဲကြည့်ပြီးနောက် ကျေနပ်မှုနှင့် ရင်ထဲစွဲကျန်မှုကို ပေးနိုင်သော်လည်း သာမန်ကာလျှံကာ ဇာတ်သိမ်းမျိုးမှာတော့ ယခင်က ကြိုးစားအားထုတ်ခဲ့သမျှကို အချည်းနှီး ဖြစ်စေနိုင်သည်ဟု ဒါရိုက်တာကုန်း သိထားသည်။

ဒါရိုက်တာကုန်းသည် ပျန်းကျူကိုခေါ်ယူလိုက်ပြီး ဇာတ်လမ်း၏ ဇာတ်သိမ်းပိုင်းကို သူနှင့်အတူ ဆွေးနွေးကာ အချောသတ်နိုင်ရန် မျှော်လင့်ထားသည်။ ပျန်းကျူမှာမူ အဆင်သင့် ဖြစ်နေခဲ့ပြီဖြစ်၏။ ရိုက်ကွင်းသို့ ပြန်ရောက်လာပြီးကတည်းမှ သူသည် သူ၏စိတ်ကူးများကိုပြင်ဆင်ပြီးပြီဖြစ်သည်။ ယခု ဒါရိုက်တာကုန်း သူ့ကို လာရှာသောအခါ သူသည်ကြာရှည်စွာ ပြင်ဆင်ထားခဲ့သည့် ဇာတ်ညွှန်းကို ထုတ်ပြလိုက်၏။ ၎င်းထဲတွင် မူကြမ်းများနှင့် မှတ်စုအမျိုးမျိုး ပြည့်နှက်နေပြီး စာမျက်နှာတိုင်းတွင် မတူညီသော ဇာတ်သိမ်းပုံစံများနှင့် ဇာတ်ကွက် အပြောင်းအလဲများကို မှတ်တမ်းတင်ထားသည်။ ပျန်းကျူ၏ မျက်လုံးများထဲတွင် ထူးခြားသော အလင်းတန်းတစ်ခုဖြင့် တောက်ပနေပြီး ၎င်းမှာ အရာရာကို ပြောင်းလဲပစ်နိုင်သည့် လျှို့ဝှက်ချက်တစ်ခုကို မျှဝေတော့မည့်အလားပင်။ ဒါရိုက်တာကုန်းမှာ စိတ်ကြည်လင်နေသဖြင့် နောက်ပြောင်ရန်ပင် စိတ်ကူးရနေသည်။

"ဘာလဲ ဇာတ်လမ်းရဲ့ ဇာတ်သိမ်းကို စဉ်းစားမိပြီလား၊ ဘာလို့ အဲ့လောက် လျှို့ဝှက်ချက်တွေ များနေတာလဲ"

ပျန်းကျူ၏အသံမှာ နိမ့်သော်လည်း ဆွဲဆောင်မှုရှိလှသည်။ သူ၏ ပြောင်မြောက်သော စာပေစွမ်းရည်နှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ပြောပြချက်များမှာ ပတ်ဝန်းကျင်ရှိ လေထုကိုပင် ရပ်တန့်သွားစေသကဲ့သို့ ခံစားရစေ၏။ ဒါရိုက်တာကုန်းသည် နားထောင်ရင်းနှင့် မတ်မတ်ထိုင်လာကာ သူပြောသမျှ စကားတစ်လုံးကိုမျှ မလွတ်သွားစေရန် အာရုံစိုက်နေတော့သည်။

"အဲ့ဒီအိပ်မက်က တကယ့်ကိုထင်ထင်ရှားရှား ရှိနေတာ၊ ကျွန်တော် တကယ်ပဲ ဇာတ်လမ်းကမ္ဘာထဲကို ရောက်သွားပြီး ဇာတ်လမ်းရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဇာတ်သိမ်းတိုင်းကို ကိုယ်တိုင် ခံစားခဲ့ရသလိုမျိုးပဲ"

ဇာတ်လမ်း၏ ဇာတ်သိမ်းပုံစံအားလုံးကို ပြောပြပြီးနောက် ပျန်းကျူသည် သူ၏အိပ်မက်အတွေ့အကြုံကို အသေးစိတ် ဖော်ပြခဲ့သည်။ ထိုအိပ်မက်ထဲမှ အသေးစိတ်အချက်အလက်များ၊ စိတ်ခံစားမှု အပြောင်းအလဲတိုင်းနှင့် ဇာတ်ကွက် အချိုးအကွေ့တိုင်းကို သူပြောပြနေသည်မှာ သူကိုယ်တိုင် ထိုအံ့သြဖွယ်ကမ္ဘာထဲသို့ တစ်ဖန်ပြန်ရောက်သွားသကဲ့သို့ပင်။ ပျန်းကျူမှာ သူ၏ အိပ်မက်ကို ပြန်လည်အောက်မေ့ရင်း ပြောလိုက်သည်။

"ကျွန်တော်က အိပ်မက်ကို ထိန်းချုပ်သူ ဖြစ်သွားပြီး ဇာတ်ဆောင်တွေနဲ့အတူ မတူညီတဲ့ အခြေအနေတွေမှာ ရွေးချယ်မှုတွေ လုပ်ခဲ့တယ်၊ ဆုံးဖြတ်ချက်တိုင်းက ဇာတ်သိမ်းအသစ်တစ်ခုဆီကို ဦးတည်သွားတာပဲ"

အမြဲတမ်း ဆင်ခြင်တုံတရားနှင့် ယုတ္တိဗေဒကို အလေးထားသော ဒါရိုက်တာကုန်းသည် ပျန်းကျူ၏ အလွန်အမင်း စိတ်လှုပ်ရှားနေသော အခြေအနေကို သံသယရှိနေဆဲဖြစ်သည်။

"မင်းက ဇာတ်လမ်းရဲ့ဇာတ်သိမ်းကို အိပ်မက်မက်ခဲ့တယ်ဆိုတာကိုတော့ ငါ ယုံပါတယ်၊ စိတ်ကူးစိတ်သန်းနတ်သမီးက မင်းကိုမျက်နှာသာပေးလိုက်တာ ဖြစ်မှာပါ၊ ဒါပေမဲ့ တည်းခိုခန်းတစ်ခုက လူတွေကို အိပ်မက်မက်အောင် လုပ်ပေးနိုင်တယ်ဆိုတာကိုတော့ ငါမယုံဘူး"

"ဆရာပျန်း ငါကရိုက်ကူးရေးကွင်းမှာ အဲ့လောက်တောင် ကြောက်စရာကောင်းနေလို့လား၊ မင်းကိုဖိအားတွေ အများကြီးပေးမိလို့များ ထင်ယောင်ထင်မှားတွေမြင်နေတာလား"

ဒါရိုက်တာကုန်း ရယ်မောရင်းပြောလိုက်သည်။ ပျန်းကျူမှာ ပုခုံးတွန့်လိုက်ကာပြော၏။

"ကျွန်တော် ခင်ဗျားကို လိမ်ပြောနေတာ မဟုတ်ပါဘူး၊ ဖုယန်လည်း ကျွန်တော်နဲ့အတူသွားခဲ့တာ၊ သူလည်း အိပ်မက်မက်ခဲ့တာပဲ၊ ဒါရိုက်တာ တကယ်လို့ မယုံဘူးဆိုရင် ဒီည ကျွန်တော်တို့နဲ့အတူ ဟဲယဲ့တည်းခိုခန်းကို လိုက်ခဲ့ပြီး စမ်းကြည့်ပါလား"

ဒါရိုက်တာကုန်း ငြင်းဆန်တော့မည့်ပုံစံကို မြင်သောအခါ ပျန်းကျူမှာ စကားဖြတ်ပြောလိုက်သည်။

"ဖုယန်ပြောတာကြားတာတော့ ခင်ဗျားက ဆရာကြီးဝေကို ဇာတ်လမ်းထဲက အတိုင်ပင်ခံအမတ်နေရာမှာ သရုပ်ဆောင်ခိုင်းချင်နေတာဆို၊ ဆရာကြီးဝေက ညဘက်ဆို တည်းခိုခန်းကို ပြန်သွားတာမဟုတ်လား၊ ခင်ဗျား ဒီအခွင့်အရေးကို သုံးပြီး သူ့ကို သီးသန့်စကားပြောလို့ရတာပေါ့"

ထိုအခါမှ ဒါရိုက်တာကုန်းသည် ပျန်းကျူ၏အကြံပြုချက်ကို အလေးအနက် နားထောင်လိုက်သည်။ သူသည် ဆရာကြီးဝေ၏လက်ရေးလှလက်ရာများကိုမြင်ဖူးထားသဖြင့် သူ့စွမ်းရည်ကို အလွန်ပင်လေးစားအားကျနေသူဖြစ်၏။ ဒါရိုက်တာကုန်းသည် ယဉ်ကျေးမှုပညာရှင် အမြောက်အမြားနှင့် ထိတွေ့ဖူးသူဖြစ်ရာ ထိုသို့သော သူများသည် မာနနှင့် သိက္ခာကို အလေးထားတတ်ကြမှန်း သိသည်။ ရိုက်ကွင်းမှာ စကားပြောရန် တကယ်ပင် မသင့်တော်သောနေရာဖြစ်ပြီး လလူအများကြီးရှိနေသည်ကိုမြင်လျှင် ဆရာကြီးဝေမှာ သူ့ဖိတ်ခေါ်မှုကို တိုက်ရိုက်ငြင်းဆိုသွားနိုင်သည် မဟုတ်ပါလား။ ဟဲယဲ့တည်းခိုခန်းမှာ ဆရာကြီးဝေအတွက် ရင်းနှီးသောနေရာတစ်ခု ဖြစ်သဖြင့် ထိုကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် သူသည် သူ့ကာကွယ်မှုများကို လျှော့ချပြီး အတိုင်ပင်ခံအမတ်အဖြစ် သရုပ်ဆောင်ရန် သဘောတူလာနိုင်ပါသည်။

"ကောင်းပြီ အခန်းတစ်ခန်း ကြိုတင်ထားလိုက်၊ ဒီည မင်းတို့နဲ့အတူလိုက်ခဲ့မယ်"

ဓာတ်ပုံရိုက်ပြီးနောက် ရှောင်ရှီးကို ခေါ်ကာပြန်တော့မည့် ဆရာကြီးဝေကို ကြည့်ရင်း ဒါရိုက်တာကုန်းအလျင်အမြန်ဆုံးဖြတ်ချက်ချလိုက်တော့သည်။

124

စုဟယ်သည် ဟဲယဲ့တည်းခိုခန်း၏ ဧည့်ကြိုကောင်တာတွင် ရပ်နေရင်း အကြိမ်ကြိမ်အခါခါ လှန်ကြည့်ထားသဖြင့် နွမ်းဖတ်နေပြီဖြစ်သော အခန်းကြိုတင်စာရင်းသွင်းမှတ်တမ်းစာအုပ်ကို ကိုင်ထားကာ မျက်လုံးများမှာ အဝေးတစ်နေရာသို့ မကြာခဏ လှမ်းကြည့်နေမိသည်။

"ဆရာကြီးဝေ ဘယ်အချိန်လောက်မှ ရောက်မှာပါလိမ့်၊ ဒီနေ့ အွန်လိုင်းသင်တန်း တိုက်ရိုက်ထုတ်လွှင့်မှု နောက်ကျသွားမှာ မဟုတ်ပါဘူးနော်"

စုဟယ် အချိန်ကို တစ်ချက်စစ်ဆေးလိုက်သည်။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ စုဟယ်၏ စိတ်အခြေအနေမှာ တည်ငြိမ်နေရာမှ စိတ်လှုပ်ရှားလာပြီး မကြာမီ သတင်းကောင်းတစ်ခုခု ရောက်လာတော့မည့်အတိုင်း ခြေချောင်းလေးများဖြင့် ကြမ်းပြင်ကို အသာအယာ ခေါက်နေမိသည်။ ဆရာကြီးဝေမှည ဧည့်သည်အချို့ ပါလာမည်ဖြစ်သဖြင့် အခန်းအချို့ ပြင်ဆင်ထားရန် သူမထံ မက်ဆေ့ဂျ် ပို့ထားသော်လည်း ဧည့်သည်မည်မျှ ပါလာမည်ကို သူမ မသိပေ။

"ဒီဧည့်သည်တွေက ဆရာကြီးဝေ ရိုက်ကွင်းမှာ ခင်လာတဲ့ သူငယ်ချင်းအသစ်တွေများလား"

စုဟယ် တွေးတောနေမိသည်။ နောက်ဆုံးတွင် ဆရာကြီးဝေ၏ ပုံရိပ်မှာ သူမ၏ အမြင်အာရုံထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာတော့၏။ စုဟယ်သည် အခန်းစာရင်းသွင်းစာအုပ်ကို အားတက်သရော ချထားလိုက်ပြီးနောက် နွေဦးပန်းလေးတစ်ပွင့် ပွင့်လန်းလာသကဲ့သို့ ပြုံးရွှင်သော မျက်နှာထားဖြင့် ခပ်သွက်သွက် ကြိုဆိုရန် ထွက်လာခဲ့သည်။ သို့သော်လည်း ဆရာကြီးဝေအနားသို့ရောက်သွားသောအခါ သူ၏နောက်၌ လူအုပ်ကြီး လိုက်ပါလာသည်ကို တွေ့လိုက်ရသဖြင့် သူမ အံ့အားသင့်သွားရ၏။ ဘာလို့ လူတွေ ဒီလောက်တောင် များနေရတာလဲ။ အချို့မှာ ကျောပိုးအိတ်များကိုယ်စီဖြင့်၊ အချို့မှာ ဇာတ်ဝင်ခန်းဝတ်စုံများကို ဝတ်ဆင်ထားကြပြီး အားလုံးမှာ ချောမောလှပသော လူငယ်လူရွယ်များချည်း ဖြစ်နေကြသည်။

စုဟယ်၏ ခြေလှမ်းများမှာ အလိုအလျောက် နှေးကွေးသွားပြီး ရုတ်တရက် ရောက်ရှိလာသော ဤလူတန်းကြီးမှာ ဘာအတွက်လဲဆိုသည်ကို မသိသဖြင့် သူမ၏ မျက်လုံးများတွင် ဝေခွဲမရမှုနှင့် စူးစမ်းလိုစိတ်များ ပြည့်နှက်နေတော့သည်။ ဆရာကြီးဝေ၏ သူငယ်ချင်းအသစ်တွေမှာ မနည်းလှပါလား။ ဆရာကြီးဝေသည်လည်း နံရံမှ နာရီကို ကြည့်လိုက်ရာ အွန်လိုင်းသင်တန်း စတင်ရန် အချိန်နီးကပ်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် ရှောင်ရှီးကို စုဟယ်၏ လက်ထဲသို့ အမြန်ထည့်ပေးလိုက်ပြီးနောက် ခြောက်ထပ်ရှိ အစည်းအဝေးခန်းဆီသို့ အမြန်သွားတော့၏။ ထိုအချိန်တွင် ဝတုတ်တုတ် ဖုယန်သည် လူအုပ်ထဲမှ ရုန်းကန်တိုးထွက်လာကာ မျက်နှာတွင် ကြင်နာတတ်သော အပြုံးတစ်ခုကို ဆင်မြန်းထားပြီး နဖူးပေါ်တွင် ချွေးစလေးများ စို့နေသည်။ စုဟယ်၏ ဝေခွဲမရဖြစ်နေသော မျက်နှာထားကို မြင်သောအခါ သူအနားသို့ အပြေးအလွှား လျှောက်လာပြီး စိတ်အားထက်သန်သော လေသံဖြင့် အကျိုးအကြောင်း ရှင်းပြလေတော့၏။

"သူဌေးမလေးစု ဒါက ကျွန်တော်တို့ ရုပ်ရှင်အဖွဲ့က ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေပါ"

"ကျွန်တော်နဲ့ ဆရာပျန်းက ဒါရိုက်တာကုန်းကို ဟဲယဲ့တည်းခိုခန်းရဲ့ 'အိပ်မက်လှလှ' ဝန်ဆောင်မှုအကြောင်း အားတက်သရော အကြံပြုထားလို့လေ၊ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေ အားလုံးက တကယ်ကို စိတ်ဝင်စားနေကြတာ"

ဒါရိုက်တာကုန်း ဟဲယဲ့တည်းခိုခန်းသို့ သွားမည့်သတင်းမှာ ရုပ်ရှင်အဖွဲ့အတွင်းသို့ မတော်တဆပျံ့နှံ့သွားခဲ့ခြင်း ဖြစ်သည်။ အရေးကြီးသော ဇာတ်ဝင်ခန်းများ ရိုက်ကူးပြီးစီးသွားသဖြင့် သရုပ်ဆောင်များမှာ သတ္တိပိုကောင်းလာကြပြီး ဒါရိုက်တာအနားတွင် ဝိုင်းအုံကာ ဘယ်ကိုသွားမှာလဲဟု လိုက်မေးကြ၏။ သူတို့၏ အဆက်မပြတ် မေးမြန်းမှုအောက်တွင် ဒါရိုက်တာကုန်းမှာ နောက်ဆုံး၌ သူသွားမည့်နေရာကို ထုတ်ပြောလိုက်ရတော့သည်။ ထိုအကြောင်းကို ကြားလိုက်ရသောအခါ သရုပ်ဆောင်များမှာ ဟဲယဲ့တည်းခိုခန်း၏ မှော်ဆန်မှုအပေါ် စူးစမ်းလိုစိတ် ပြင်းပြလာပြီး အတူလိုက်ပါရန် ဆူညံပူညံ လုပ်ကြတော့သည်။ လူအများကြီးမှာ အထုပ်အပိုးများ ပြင်ဆင်ပြီး သွားလာရန် စီစဉ်ရသဖြင့် အချိန်အနည်းငယ် နှောင့်နှေးသွားခဲ့ရာ ဆရာကြီးဝေမှာ အွန်လိုင်းသင်တန်းနှင့်ပင် လွဲချော်လုနီးပါး ဖြစ်သွားခဲ့ရခြင်းပင်။ ဖုယန် ဤသို့ပြောရင်း သူ့လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ကာ ပြောလိုက်သည်။

"ဒီညအတွက် တည်းခိုခန်းမှာ အခန်းဘယ်လောက် ကျန်သေးလဲဗျ၊ ရှိသမျှ အခန်းအကုန် ယူပါ့မယ်၊ အော် ပြီးတော့ လူတိုင်းအတွက် 'အိပ်မက်လှလှ' ဝန်ဆောင်မှုလည်း လိုချင်ပါတယ်"

စုဟယ်သည် အပြင်ပန်းတွင် ဘာမျှမဖြစ်သကဲ့သို့ နေသော်လည်း စိတ်ထဲတွင်မူ အတိုင်းထက်အလွန် ဝမ်းသာပီတိ ဖြစ်နေတော့သည်။ ဤလူများသာ လီရှူး၏ အိပ်မက်ပို့ဆောင်မှု အာနိသင်ကို မြည်းစမ်းကြည့်ပြီးပါက ဟဲယဲ့တည်းခိုခန်း၏ ပုံမှန်ဖောက်သည်များ ဖြစ်လာမည်မှာ သေချာလှသည်မဟုတ်ပါလား။

"လောလောဆယ်မှာတော့ နှစ်ယောက်အိပ်ခန်း (၆) ခန်းနဲ့ လူကြီးအိပ်ကုတင်ကြီးပါတဲ့အိပ်ခန်း (၄) ခန်း အားနေပါတယ်"

စုဟယ် မှတ်တမ်းစာအုပ်ကိုကိုင်ထားရင်း အခန်းအရေအတွက်ကို အတိအကျ ပြောပြလိုက်သည်။ ဖုယန်မှာ အနည်းငယ်ခေါင်းခဲသွားရ၏။ သရုပ်ဆောင် ခုနစ်ယောက်၊ ရှစ်ယောက်အပြင် ဇာတ်ညွှန်းလက်ထောက်တွေပါ လိုက်လာကြသဖြင့် စုစုပေါင်း လူ (၂၀) ကျော်ရှိနေသည်။ သရုပ်ဆောင်များမှာ နာမည်ကြီး ထိပ်တန်းကြယ်ပွင့်များ ဖြစ်ကြရာ ပုံမှန်အားဖြင့် ဟိုတယ်ခန်းတစ်ခုတွင် တစ်ဦးတည်းသာနေလေ့ရှိကြ၏။ ယခု တည်းခိုခန်း၏အခန်းအရေအတွက်မှာ မလုံလောက်သည်မှာ သိသာလှသဖြင့် သူတို့မှာအတူတူ မျှဝေနေထိုင်ကြရတော့မည်။ သူသည် အကူအညီတောင်းသော မျက်လုံးများဖြင့် ဒါရိုက်တာကုန်းကိုလှည့်ကြည့်လိုက်သည်။ ဒါရိုက်တာကုန်း ရှေ့သို့ လှမ်းထွက်လာပြီး အစီအစဉ်ချပေးလိုက်သည်။

"နင်တို့က အတင်းလိုက်ချင်တာဆိုတော့ တစ်ခန်းကို နှစ်ယောက်စီ ပေါင်းနေကြ၊ တကယ်လို့ မနေနိုင်ဘူးဆိုရင်လည်း ကားဆရာကို ရိုက်ကွင်းဆီ ပြန်ပို့ခိုင်းလိုက်မယ်"

လီထျန်းယီသည် နာမည်ကြီးလူငယ်အိုင်ဒေါတစ်ဦးဖြစ်ပြီး သူ၏ သရုပ်ဆောင်စွမ်းရည်မှာ ဝါရင့်သရုပ်ဆောင်များနှင့် ဆုသုံးထပ်ကွမ်းရ မင်းသမီးကြီးများကို သဘာဝကျကျပင်မယှဉ်နိုင်ပေ။ သူသည် ဒါရိုက်တာကုန်း၏ ရုပ်ရှင်အဖွဲ့ထဲသို့ဝင်နိုင်ရန် အတော်လေး ကြိုးစားအားထုတ်ခဲ့ရသူ ဖြစ်သည်။ ယနေ့ညတွင် ဒါရိုက်တာကုန်းအပြင်မှာ တည်းခိုမည်ဟု ကြားသောအခါ သူသည် ဒါရိုက်တာနှင့် ပိုမိုနီးကပ်ခွင့်ရနိုင်ရန် မျှော်လင့်ချက်ဖြင့် တကောက်ကောက် လိုက်ပါလာခဲ့ခြင်း ဖြစ်၏။ ယခုလည်း ဤအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။

"ပြဿနာမရှိပါဘူး ဒါရိုက်တာ၊ ကျွန်တော်တို့က တည်းခိုခန်းရဲ့ ထူးခြားချက်ကို ကိုယ်တိုင်ခံစားကြည့်ချင်လို့ လိုက်လာကြတာပဲ မဟုတ်လား"

"ဟုတ်ပါတယ်၊ ကျွန်မက အစ်မကျန်းနဲ့ အခန်းအတူတူနေပါ့မယ်၊ ကျွန်မတို့နှစ်ယောက်စလုံးက မိန်းကလေးတွေပဲဆိုတော့ လူကြီးအိပ်ကုတင်ကြီးပါတဲ့အိပ်ခန်းပဲ ယူလိုက်မယ်လေ၊ ဘယ်လိုလဲ အစ်မကျန်း"

လီပိုင်ဟယ်လည်း ဒါရိုက်တာကို မျက်နှာသာပေးရန် ဆန္ဒရှိနေသည်။ အမှန်အတိုင်းပြောရလျှင် ဒါရိုက်တာတစ်ယောက် ရိုက်ကူးရေးတွေကြောင့် စိတ်နည်းနည်းများ လွတ်သွားပြီလားဟုပင် သူမတွေးမိ၏။ ဒီလောကမှာ အိပ်မက်တွေကို ထိန်းချုပ်ပေးနိုင်တဲ့ တည်းခိုခန်းဆိုတာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ သို့သော် လီပိုင်ဟယ်သည် လူကြားထဲတွင် ဒါရိုက်တာ၏ရည်ရွယ်ချင်ကို ဖျက်လိုဖျက်ဆီး မလုပ်ချင်ပေ။ ကျန်းယွီလန်မှာလည်း သဘာဝကျကျပင် ဘာကန့်ကွက်မှုမျှ မရှိပေ။ စုဟယ် လှေကားဘက်သို့ ညွှန်ပြလိုက်သည်။

"အခန်းတွေက ဒီဘက်မှာပါ၊ အခန်းထဲ ရောက်ပြီးရင် ခဏလောက်တော့ စောင့်ပေးရပါမယ်၊ လူတိုင်းအတွက် အိပ်မက်ဖန်တီးပေးတဲ့ အမွေးနံ့သာတွေကို ကျွန်မကိုယ်တိုင် လာပို့ပေးပါ့မယ်"

စကားပြောပြီးနောက် စုဟယ် အနည်းငယ် ရှက်ကိုးရှက်ကန်းဟန်ဖြင့် မေးလိုက်သည်။

"ကျွန်မ လူတိုင်းနဲ့ ဓာတ်ပုံတစ်ပုံလောက် ရိုက်လို့ ရမလားဟင်"

သူမ ရင်းနှီးနေသောသရုပ်ဆောင်အချို့ကို မှတ်မိနေသည်။ ဤသည်မှာ အလွန်ကောင်းမွန်သော ကြော်ငြာအခွင့်အရေး မဟုတ်ပါလား။ တကယ်လို့သာ အမှတ်တရဓာတ်ပုံ ရိုက်ခွင့်ရခဲ့လျှင် သူမသည် ၎င်းကို အသေအချာ ထုတ်ပြီး ဟဲယဲ့တည်းခိုခန်း၏ နံရံပေါ်တွင် ချိတ်ဆွဲထားမည် ဖြစ်၏။ ဒါရိုက်တာကုန်း ခပ်ပြုံးပြုံးဖြင့်ပြောလိုက်သည်။

"ရတာပေါ့၊ ဒါပေမဲ့ သူဌေးမလေး မနက်ဖြန်အထိ စောင့်လိုက်ကြရအောင်၊ တကယ်လို့ ဒီအမွေးနံ့သာက အလုပ်မဖြစ်ဘူးဆိုရင်တော့ ဒါကိုမေ့လိုက်ကြတာပေါ့"

စုဟယ်သည် ဒါရိုက်တာကုန်း၏ ဆိုလိုရင်းကို နားလည်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။ ဒါရိုက်တာကုန်းသည် စုဟယ်မှာ လီထျန်းယီကို အကြိမ်ကြိမ် ခိုးကြည့်နေသည်ကို သတိထားမိသဖြင့် နောက်ပြောင်လိုက်၏။

"ဘာလဲ သူဌေးမလေး၊ မင်းက လီထျန်းယီရဲ့ ပရိသတ်လား"

လီထျန်းယီ၏အေဂျင်စီမှာ အတော်လေး သြဇာညောင်းပြီး လီထျန်းယီမှာလည်း ခုနကမှ တက်တက်ကြွကြွဝင်ပြောထားခဲ့သဖြင့် ဒါရိုက်တာကုန်းသည် လီထျန်းယီ၏မျက်နှာကို မြှင့်တင်ပေးရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။ စုဟယ်သည်လည်း ဤအခွင့်အရေးကို လက်လွတ်မခံဘဲ တမင်သက်သက် ရှက်နေဟန်ဖြင့်ပြောလိုက်၏။

"ဟီးဟီး အဲ့လိုပဲ ပြောရမှာပေါ့၊ အော် ဒါနဲ့ အစ်ကိုလီက ကျွန်မတို့တည်းခိုခန်းကလုပ်တဲ့ လမုန့်ပုံတွေကိုတောင်တင်ပေးထားသေးတယ်လေ၊ အဲ့တုန်းက ကျွန်မ တကယ်ကို စိတ်လှုပ်ရှားသွားတာ"

လီထျန်းယီမှာ ပြန်စဉ်းစားကြည့်ရာ သူတင်ခဲ့ဖူးသောပုံများကို သတိရသွားပြီး တကယ်ပင် အံ့သြသွားတော့သည်။

"အဲ့ဒီလမုန့်တွေက သူဌေးမလေးတို့ တည်းခိုခန်းက လုပ်တာလား၊ တိုက်ဆိုင်လိုက်တာဗျာ၊ ဒါရိုက်တာ သူဌေးမလေးဆီမှာ ရောင်းတဲ့ လက်ဖက်ရည်နဲ့မုန့်တွေက တကယ်စားလို့ကောင်းတာနော်၊ ကျွန်တော်တို့ သရုပ်ဆောင်တွေက ပုံမှန်ဆို အစားအသောက် ထိန်းရတယ်ဆိုပေမဲ့ သူဌေးမလေးဆီက လမုန့်ကိုတော့ ကျွန်တော် တကယ်ကို မထိန်းနိုင်ဘဲစားမိသွားတာ"

စုဟယ်သည် သူမရည်ရွယ်ချက် အောင်မြင်သွားသဖြင့် ပြောလိုက်သည်။

"အခန်းတိုင်းမှာ လက်ဖက်ရည်နဲ့မုန့်အချို့ထည့်ပေးထားပါတယ်၊ ခဏနေရင် လူတိုင်းအတွက် ထပ်ပို့ပေးပါ့မယ်၊ စိတ်ကြိုက်သုံးဆောင်ကြပါရှင်"

"ဒီဘက်ပါ၊ အခန်းတွေက ဒီဘက်မှာပါ"

စုဟယ်မှ ဧည့်သည်များကို အပေါ်ထပ်သို့ လမ်းပြခေါ်ဆောင်သွားသည်။ အခန်းထဲရောက်သည်နှင့် ကျန်းယွီလန်သည် အိပ်ရာပေါ်သို့ ပစ်လှဲချလိုက်ကာ ဘာမျှမလုပ်ချင်တော့ပေ။ သူမသည် တစ်နေ့လုံး ရိုက်ကူးရေးလုပ်ခဲ့ရသဖြင့် အလွန်ပင် ပင်ပန်းနေခဲ့ပြီဖြစ်ပြီး ယခုလည်း ဒီတည်းခိုခန်းလေးဆီ ရောက်ဖို့ ကားကို (၂) နာရီနီးပါး စီးလာခဲ့ရသည်။ သူမသည် သက်ပြင်းတစ်ချက်ချလိုက်ကာ ဒါရိုက်တာ ဘာတွေတွေးနေမှန်း တကယ်ကို မသိနိုင်တော့ပေ။ အိပ်ရာဘေး စားပွဲတင်ခုံပေါ်တွင် သေသပ်လှပသော ပန်းအိုးလေးတစ်လုံးမှာ တိတ်ဆိတ်စွာရှိနေပြီး ၎င်းထဲတွင် သာမန်သစ်ကိုင်းလေးတစ်ခုဟု ထင်ရသော အကိုင်းလေးတစ်ကိုင်းရှိနေသည်။ ကျန်းယွီလန်၏လက်မှာ အိပ်ရာဘေးရှိ သစ်ကိုင်းလေးကို ထိမိသွားရာ သူမ၏လက်ဖျားလေးဆီသို့ အေးမြသော ခံစားချက်တစ်ခု စိမ့်ဝင်လာသည်။

"ဒါက အိပ်မက်မက်အောင် လုပ်ပေးနိုင်တဲ့ အမွေးနံ့သာလား"

ထိုသစ်ကိုင်းလေးထဲတွင် အိပ်မက်မက်စေရန် လှုံ့ဆော်ပေးသော အပင်မှထုတ်ယူထားသည့် အဆီအနှစ်များ ပါဝင်သည်ဟု သူဌေးမလေးပြောသည်ကို သူမ ကြားခဲ့သော်လည်း ကျန်းယွီလန်အနေဖြင့်မူ ထူးခြားမှုတစ်ခုတစ်လေမျှ မတွေ့ရပေ။ ကျန်းယွီလန်သည် ဟိုဘက်ဒီဘက် လှည့်လိုက်ရာ မွေ့ရာမှာ သူမ၏ခန္ဓာကိုယ်ကို ထောက်ပံ့ပေးထားပြီး ကိုယ်ဟန်အနေအထားတိုင်းကို အသာအယာ ထွေးပွေ့ထားသကဲ့သို့ ခံစားလိုက်ရသည်။ စောင်မှာလည်း နူးညံ့လှသဖြင့် တိမ်တိုက်ပါးလေးတစ်ခုမှာ သူမကို လွှမ်းခြုံထားသကဲ့သို့ နွေးထွေးပြီး လေဝင်လေထွက်လည်း ကောင်းလှ၏။ ကျန်းယွီလန်သည် မျက်လုံးများကို မှိတ်လိုက်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး ခဲခဲယဉ်းယဉ်းရရှိသော ဤငြိမ်သက်မှုနှင့် သက်သောင့်သက်သာရှိမှုကို ခံစားနေတော့သည်။

"အိပ်ရာကတော့ တကယ်ကို နေလို့ကောင်းသားပဲ၊ ဒီတည်းခိုခန်းက အသုံးမကျတာတော့ မဟုတ်ဘူးပေါ့၊ ကြည့်ရတာ ဒီည ငါကောင်းကောင်းအိပ်ပျော်နိုင်တော့မယ် ထင်တယ်"

ကျန်းယွီလန် တိုးတိုးလေးရေရွတ်လိုက်သည်။ အိပ်ရာမှာ ကျယ်ဝန်းပြီး သက်သောင့်သက်သာ ရှိလှ၏။ အိပ်ရာခင်းများမှာ ချောမွေ့နေပြီး တွန့်ကြေမှု မရှိဘဲ ဆီးနှင်းကဲ့သို့ ဖြူဖွေးနေကာ ယခုလေးတင် အခြောက်ထားသကဲ့သို့ နေရောင်ခြည်နံ့လေးပင် သင်းနေသည်။ အိပ်ရာ၏ ပျော့ပျောင်းမှုမှာလည်း အနေတော်ပင်ဖြစ်ပြီး အရမ်းလည်း မမာ၊ အရမ်းလည်း မပျော့လှဘဲ တိမ်တိုက်ပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားရစေ၏။ ဤအိပ်ရာပေါ်တွင် အိပ်ရသည်မှာ သူမ၏ အိမ်မှ ယွမ်တစ်သိန်းကျော်ပေးပြီး အထူးမှာယူထားသော အိပ်ရာထက်ပင် လျော့မသွားပေ။ ကျန်းယွီလန်သည် လီပိုင်ဟယ်အတွက် အိပ်ရာပေါ်တွင် နေရာတစ်နေရာ ချန်ထားပေးရင်း ဘေးတစ်စောင်းလှည့်လိုက်သည်။ ကျန်းယွီလန် နောက်ထပ် အသက်ပြင်းပြင်း တစ်ချက် ထပ်ရှူလိုက်ရာ ယခုတစ်ကြိမ်တွင်မူ လေထဲ၌ မသိမသာလေး သင်းပျံ့နေသော လတ်ဆတ်သည့် ရနံ့လေးကို သူမ သတိထားမိလိုက်၏။ ၎င်းမှာ သိမ်မွေ့လှသဖြင့် သူမ၏စိတ်ကို အလိုအလျောက် တည်ငြိမ်သွားစေသည်။ သူမသည် မျက်လုံးများကို အသာအယာ မှိတ်ထားလိုက်ရာ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပြေလျော့လာပြီး သူမ၏ အသိစိတ်များမှာ စတင် ဝေဝါးလာတော့၏။ ဤသန့်ရှင်းပြီး တိတ်ဆိတ်လှသော အခန်းလေးထဲတွင် သူမသည် ပြင်ပကမ္ဘာ၏ ဆူညံပွက်လောရိုက်မှုများမှ သီးခြားကင်းကွာနေသကဲ့သို့ ခံစားလိုက်ရပြီး သူမကိုယ်တိုင်နှင့် ဤသက်သောင့်သက်သာရှိသော အိပ်ရာ၊ ထို့နောက် ဤလျှို့ဝှက်ဆန်းပြားသော သစ်ကိုင်းလေးတို့သာ ကျန်ရှိနေတော့သည်။

All Chapters