← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

125

ကျန်းယွီလန်သည် နူးညံ့လှသော မွေ့ရာထက်ဝယ် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ လိုက်ကာစများ၏ ကြားမှ တိုးဝင်လာသော နေရောင်ခြည်တန်းလေးတစ်ခုမှာ သူမမျက်နှာကို အသာအယာ လာရောက်ပွတ်သပ်နေ၏။ သူမသည် မလှုပ်ဘဲ ဤနေရာတွင်သာ လဲလျောင်းနေရင်း မနေ့ညက မက်ခဲ့သော အိပ်မက်၏အရသာကို ပြန်လည်ခံစားနေမိသည်။ မနေ့ညက တည်းခိုခန်းမှာ အခန်းဝင်ယူပြီးနောက် သူမသည် အိပ်ရာမဝင်မီ "နန်ကုန်းချင်းလွမ်း" အကြောင်း အိပ်မက်မက်ပါစေဟု စိတ်ထဲမှ တိုးတိုးလေး ဆုတောင်းခဲ့ခြင်းဖြစ်၏။ သာမန်သစ်ကိုင်းလေးတစ်ခုမှာ ဤကဲ့သို့အံ့ဖွယ်ကို ယူဆောင်လာပေးနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့သော်လည်း မထင်မှတ်ဘဲ ၎င်းမှာ သူမကို အမှန်တကယ်ပင် အံ့သြဖွယ်ကောင်းသော အိပ်မက်ကမ္ဘာဆီသို့ လမ်းပြခေါ်ဆောင်သွားခဲ့သည်။

အိပ်မက်ထဲတွင် သူမသည် နာမည်ကျော် ဆုသုံးထပ်ကွမ်းရမင်းသမီးကြီး မဟုတ်တော့ဘဲ ဇာတ်လမ်းတွဲထဲမှ ရှုပ်ထွေးနက်နဲပြီး ပရိယာယ်ကြွယ်ဝလှသော အမျိုးသမီး "နန်ကုန်းချင်းလွမ်း" ၏ဘေးတွင် လွင့်မျောနေသည့် ဝိညာဉ်တစ်ခု ဖြစ်နေခဲ့သည်။ နန်ကုန်းချင်းလွမ်း၏ဘဝမှာ အခက်အခဲနှင့် စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေပြီး သူမပြုလုပ်သမျှ ရွေးချယ်မှုတိုင်းမှာ ကံကြမ္မာ၏ ကြိုးမျှင်များကို လှုပ်ခတ်စေ၏။ ကျန်းယွီလန်သည် အိပ်မက်ထဲတွင် ဘေးမှ စောင့်ကြည့်သူတစ်ဦးအဖြစ် ဇာတ်ကောင်၏ အနိမ့်အမြင့်၊ အတက်အကျ၊ ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုများကို ကိုယ်တိုင်မြင်တွေ့ခဲ့ရကာ သူမ၏ရုန်းကန်လှုပ်ရှားမှုနှင့် နာကျင်မှုများကိုပါ အတူတကွ ခံစားခဲ့ရသည်။ အိပ်မက်မှာ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ကျန်းယွီလန်သည် နန်ကုန်းချင်းလွမ်း၏ အတွင်းစိတ်ကမ္ဘာမှာ သူမ ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးနေကြောင်း စတင်သတိပြုမိလာသည်။

ကျန်းယွီလန်သည် အိပ်မက်ထဲတွင် နန်ကုန်းချင်းလွမ်း ခံစားခဲ့ရသည့် ဆုံးရှုံးမှုများ၊ စိတ်ပျက်အားငယ်မှုများနှင့် အပယ်ခံရမှုများကိုပါ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရသည်။ ဆိုးရွားသော အခြေအနေများကြားမှ သူမ၏ ဇွဲနှင့် ကြံ့ကြံ့ခံနိုင်မှု၊ မှောင်မိုက်နေသည့် ကြားမှ မျှော်လင့်ချက်အလင်းတန်းကို တောင့်တမှုများကို မြင်တွေ့ခဲ့ရသည်။ ဤနက်ရှိုင်းလှသော စိတ်ခံစားမှု အတွေ့အကြုံများမှာ ကျန်းယွီလန်ကို အကြီးအကျယ် တုန်လှုပ်သွားစေပြီး သူမ၏သရုပ်ဆောင်မှုသည် ဤမျှလောက် နက်ရှိုင်းသော စိတ်ခံစားမှုများကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်ခြင်း ရှိ၊ မရှိ ပြန်လည်ဆင်ခြင်မိစေ၏။

အိပ်မက်ထဲတွင် ကျန်းယွီလန်သည် နန်ကုန်းချင်းလွမ်းနှင့် တဖြည်းဖြည်း တစ်သားတည်း ဖြစ်လာခဲ့သည်။ သူမသည် နန်ကုန်းချင်းလွမ်း၏သိမ်မွေ့လှသော စိတ်ခံစားမှုအပြောင်းအလဲတိုင်းကို နားလည်ရန် ကြိုးစားလာပြီး သူမ၏ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတိုင်းကို နက်နက်ရှိုင်းရှိုင်း တွေးတောမိလာ၏။ သူမသည် နန်ကုန်းချင်းလွမ်း၏ နာကျင်မှုကို ခံစားနေရသည်။ ၎င်းမှာ အရိုးထဲထိအောင် စိမ့်ဝင်နေသော ဝေဒနာဖြစ်ပြီး အိပ်မက်ထဲမှာပင် မျက်ရည်၏ ငန်ကျိကျိအရသာကို မြည်းစမ်းမိစေသည်။ ထို့ပြင် သူမ အချစ်ကိုလည်း ခံစားမိ၏။ ယခင်က ကျန်းယွီလန်သည် နန်ကုန်းချင်းလွမ်းအဖြစ် သရုပ်ဆောင်သည့်အခါ အမြဲတမ်းတည်ငြိမ်ပြီး သွေးအေးရက်စက်သောပုံစံကိုသာ ဖော်ဆောင်ခဲ့သည်။ နန်ကုန်းချင်းလွမ်းသည် ကလဲ့စားချေရန်အတွက် သူမ၏ချစ်သူနှင့် ညီမဖြစ်သူ၏ချစ်သူကို အသုံးချရန် ရွေးချယ်ခဲ့သည်ဟု သူမယုံကြည်ထားသောကြောင့်ဖြစ်၏။ ထို့ကြောင့် သရုပ်ဆောင်သည့်အခါ သူမသည် မျက်နှာအမူအရာကို တတ်နိုင်သမျှ ထိန်းချုပ်ပြီး အေးစက်ကာ မာနကြီးသည့် ပုံစံမျိုးကိုသာ ပြသခဲ့သည်။

သို့သော်လည်း မနေ့ညမှ နက်ရှိုင်းလှသော အိပ်မက်မှတစ်ဆင့် သူမသည် ဤဇာတ်ကောင်အပေါ် သူမ၏နားလည်မှုမှာ အကန့်အသတ်ရှိနေကြောင်း သိမြင်သွားခဲ့သည်။ အိပ်မက်ထဲတွင် သူမသည် နန်ကုန်းချင်းလွမ်း၏ နှလုံးသားထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ခဲ့ပြီး လူတိုင်း လျစ်လျူရှုထားခဲ့မိသည့် ပြင်းပြသောအချစ်နှင့် အတွင်းစိတ်ခွန်အားကို ခံစားလိုက်ရ၏။ နန်ကုန်းချင်းလွမ်းသည် အပြင်ပန်းတွင် တည်ငြိမ်အေးစက်နေဟန် ပေါ်သော်လည်း အမှန်တကယ်တွင်မူ သူမနှလုံးသားမှာ မိသားစု၊ ချစ်သူနှင့် ဘဝအပေါ် ထားရှိသည့် နက်ရှိုင်းသော အချစ်များဖြင့် ပြည့်နှက်နေသည်။ သူမ၏ ဆုံးဖြတ်ချက်နှင့် လုပ်ရပ်တိုင်းသည် သူမချစ်ရသူများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ဂရုစိုက်ရန်အပေါ်တွင်သာ အခြေခံထားခြင်းဖြစ်၏။ ထိုအချစ်သည် နူးညံ့သိမ်မွေ့ခြင်း သို့မဟုတ် ထင်သာမြင်သာရှိခြင်းမျိုး မဟုတ်ဘဲ ခက်ခဲသော အခြေအနေများကြားတွင် သူမကို ထောက်ကူပေးထားသည့် အားကောင်းပြီး ခိုင်မာလှသော အင်အားတစ်ရပ် ဖြစ်သည်။

အိပ်မက်ထဲမှ အတွေ့အကြုံများမှာ ကျန်းယွီလန်ကို သူမ၏သရုပ်ဆောင်မှုအပေါ် ပြန်လည်သုံးသပ်လာစေသည်။ ဤဇာတ်ကောင်ကို အမှန်တကယ် ကောင်းမွန်စွာ သရုပ်ဆောင်နိုင်ရန်အတွက် သူမ၏ မူလသရုပ်ဆောင်ဟန်ကို ပြောင်းလဲရန် လိုအပ်နေပြီဖြစ်၏။ မျက်နှာအမူအရာကို ထိန်းချုပ်နေရုံမျှနှင့် မလုံလောက်တော့ဘဲ ဇာတ်ကောင်၏ အတွင်းစိတ်မှ အချစ်နှင့် ခွန်အားကို မျက်လုံးများ၊ ကိုယ်ဟန်အမူအရာများနှင့် သိမ်မွေ့သော စိတ်ခံစားမှု အပြောင်းအလဲများမှတစ်ဆင့် ဖော်ပြရမည် ဖြစ်သည်။ ဇာတ်ကောင်သည် အပြင်ပန်းတွင် အေးတိအေးစက် ဖြစ်နေသော်လည်း သူမ၏ နှလုံးသားမှာမူ စိတ်အားထက်သန်ပြီး အသက်ဝင်နေကြောင်း ပရိသတ်ကို ခံစားမိစေရန် လိုအပ်၏။

ကျန်းယွီလန်သည် အိပ်ရာမှ ထထိုင်လိုက်သည်။ သူမမျက်ခုံးများ အနည်းငယ် တွန့်ချိုးနေပြီး မျက်လုံးများတွင်မူ အတွေးများဖြင့် တောက်ပနေသည်။ သူမသည် ကင်မရာရှေ့မှ သူမ၏အခိုက်အတန့်တိုင်း၊ အမူအရာတိုင်းနှင့် စကားလုံးတိုင်းကို ပြန်လည် အောက်မေ့နေမိ၏။ ထို့နောက် သူမသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်မိသည်။ ဒါရိုက်တာကုန်းမှာ သူမကို အချို့သောရိုက်ကွက်တွေကို ပြန်ရိုက်ခွင့်ပေးပါ့မလားဟု သူမ တွေးတောနေမိသည်။

"ဟူး"

သူမဘေးနားမှလည်း ထပ်တူညီသော သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။ လီပိုင်ဟယ်သည်လည်း အလွန်ပင် စိတ်ရှုပ်ထွေးနေဟန်ပေါ်နေ၏။ လီပိုင်ဟယ်သည် မျက်နှာကြက်ကိုငေးကြည့်နေပြီးနောက် နောက်ထပ်သက်ပြင်းရှည်ကြီးတစ်ချက်ကို ထပ်ချလိုက်ပြန်သည်။ လီပိုင်ဟယ်သည်လည်း ထူးခြားသော ညတစ်ညကို ဖြတ်သန်းခဲ့ရကြောင်းနှင့် သူမအိပ်မက်မှာ တစ်စုံတစ်ရာသော သိမြင်မှု သို့မဟုတ် ရိုက်ခတ်မှုကို ပေးခဲ့ကြောင်း ကျန်းယွီလန် ခံစားမိ၏။ ကျန်းယွီလန် စကားစလိုက်သည်။

"ပိုင်ဟယ် နင်လဲ...."

လီပိုင်ဟယ် ခေါင်းလှည့်ကြည့်ကာ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီးနောက် မနေ့ညမှ သူမမက်ခဲ့သော အိပ်မက်အကြောင်းကို ပြောပြတော့သည်။ ထိုအိပ်မက်မှာ သူမကိုမကြုံစဖူးသော လွတ်လပ်မှုနှင့် စိတ်အားထက်သန်မှုတို့ကို ခံစားရစေခဲ့ပြီး သူမ၏သရုပ်ဆောင်မှုတွင် ဖြစ်နိုင်ခြေအသစ်များကို စတင်စဉ်းစားလာစေခဲ့၏။

"ဝူးဝူး အစ်မယွီလန် ဘုရားရေ အရင်ရိုက်ခဲ့တဲ့ အခန်းတွေအားလုံးက အလကားဖြစ်ကုန်ပြီ၊ ကျွန်မ ဘယ်လိုများ အဲ့လောက်တောင်ညံ့အောင် သရုပ်ဆောင်မိပါလိမ့်၊ ဒါရိုက်တာကုန်းက ကျွန်မကို အခန်းတွေပြန်ရိုက်ခွင့်ပေးမယ် ထင်လားဟင်"

လီပိုင်ဟယ် သူမခေါင်းကို ဆုပ်ကိုင်ထားမိသည်။ သူမသည် သူမ၏ "အကောင်းဆုံးမင်းသမီး" ဘွဲ့ကို အလွန်တန်ဖိုးထားသူဖြစ်ရာ ဇာတ်လမ်းထွက်လာသည့်အခါ ပရိသတ်၏ကဲ့ရဲ့ရှုတ်ချမှုကို မခံချင်ပေ။ ထိုမင်းသမီးနှစ်ဦးမှာ ဤနေရာတွင်ထိုင်ရင်း သူတို့၏ အိပ်မက်များနှင့် သိမြင်နားလည်မှုများကို မျှဝေနေကြသည်။ ကျန်းယွီလန်မှာ အံ့သြတကြီး ရေရွတ်လိုက်၏။

"တည်းခိုခန်းက အိပ်မက်မက်စေတဲ့ အ‌မွေးနံ့သာက တကယ်ကိုအံ့သြဖို့ကောင်းတာပဲ၊ ကျွန်မတို့ကုမ္ပဏီက ငွေပုံအောပေးပြီး ငှားထားတဲ့ သရုပ်ဆောင်သင်တန်းဆရာတွေထက်တောင် ပိုပြီးထိရောက်သေးတယ်"

လီပိုင်ဟယ် ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။

"ဒါနဲ့ အစ်မယွီလန်၊ တကယ်လို့ ကျွန်မတို့က ဒီကြင်ယာ‌တော်နှစ်ပါးဒဏ္ဍာရီအကြောင်း အိပ်မက်မက်နိုင်တယ်ဆိုရင် တခြားဇာတ်လမ်းတွေအတွက်လည်း လုပ်လို့ရတယ်ဆိုတဲ့ သဘောလား"

(အရင်က မောင်းမနှစ်ဖော်၏ ဒဏ္ဍာရီကို ကြင်ယာတော်နှစ်ပါး ဒဏ္ဍာရီလို့ ပြောင်းမယ်နော် )

ကျန်းယွီလန်နှင့် လီပိုင်ဟယ်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ သူတို့မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေကြသည်။ သူတို့နှစ်ဦးစလုံးမှာ တူညီသောအတွေးတစ်ခုရှိနေကြသည်။ ဤတည်းခိုခန်းမှာ ထိုမျှလောက်မှော်ဆန်ပြီး နက်ရှိုင်းသော အိပ်မက်များကို ပေးနိုင်သည်ဆိုလျှင် ယနေ့ညတွင်လည်း မဖြစ်မနေထပ်မံတည်းခိုရမည်ပင်။ သူတို့သည် သူတို့၏ဇာတ်ကောင်၏ ကြွယ်ဝလှသော အနှစ်သာရများကို ဆက်လက်ရှာဖွေလိုကြသေးသည်။

အကောင်းဆုံးမင်းသမီးနှစ်ဦးမှာ မျက်နှာပင် မသစ်ရသေးဘဲ အပေါ်အင်္ကျီများကို အမြန်ကောက်စွပ်ကာ အောက်ထပ်သို့ အတူတူပြေးဆင်းလာခဲ့ကြတော့သည်။ တည်းခိုခန်း ဧည့်ကြိုကောင်တာသို့ရောက်သောအခါ ထိုနေရာ၌ လူများစွာဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသဖြင့် သူတို့ အံ့အားသင့်သွားကြ၏။ ဒါရိုက်တာကုန်းနှင့် ဇာတ်ညွှန်းဆရာများမှာ တည်းခိုခန်းပိုင်ရှင်၏ဘေးတွင် တိုးဝှေ့နေကြပြီး သူတို့မျက်နှာများတွင် စိုးရိမ်စိတ်နှင့် စိတ်လှုပ်ရှားမှုများ အပြိုင်အဆိုင် ပေါ်လွင်နေသည်။ လေလံပွဲတစ်ခုတွင် ရှားပါးရတနာများကို လုယက်နေကြသည့် စုဆောင်းသူများအလားပင်။

"သူဌေးမလေး ကျွန်မကို အရင်ဆုံး အခန်းတစ်ခန်းပေးပါဦး "

ဒါရိုက်တာကုန်းမှာ စုဟယ်၏လက်ကို ဆွဲထားသည်။

"သူဌေးမလေး ဒါရိုက်တာကုန်းက ဒီည ရိုက်ကူးရေးရှိလို့ ဒီကိုလာနိုင်မှာမဟုတ်ဘူး၊ ကျွန်တော့်ကိုပဲ အခန်းပေးပါ၊ ရက် (၃၀) စာအတွက် တစ်ခါတည်း ပေးလိုက်ပါ "

ဇာတ်ညွှန်းဆရာများမှာ ဒါရိုက်တာကုန်းကိုပင် မကြောက်တော့ပေ။ ဇာတ်ညွှန်းရေးရန်အတွက် စိတ်ကူးစိတ်သန်းရဖို့ထက် ဘာကများ ပိုအရေးကြီးဦးမှာလဲ။ သူတို့သည် ယနေ့ညအတွက် နောက်ထပ်အခန်းတစ်ခန်းဖွင့်ပေးရန် သူဌေးမလေးကို အလုအယက် တောင်းဆိုနေကြသည်။ သူတို့အသံများမှာ အရေးတကြီး လိုအပ်ချက်များဖြင့် ပြည့်နှက်နေပြီး ဤတည်းခိုခန်း၏ထူးခြားသော တန်ဖိုးကို သိရှိသွားကြပြီဖြစ်၏။ လီထျန်းယီသည်လည်း အလယ်မှတိုးဝင်လာသည်။

"သူဌေးမလေး၊ ခင်ဗျားက ကျွန်တော့်ရဲ့ ပရိသတ်မဟုတ်လား၊ ကျွန်တော့်ကို အရင်ဆုံး တစ်ခန်းလောက်ပေးပါဦး"

သူသည် သူတို့အားလုံးထဲတွင် သရုပ်ဆောင်မှု အညံ့ဆုံးဖြစ်သောကြောင့် သဘာဝအတိုင်း သူကိုယ်သူ အမြန်ဆုံးတိုးတက်ချင်နေသည်။ ဤအိပ်မက်မှာ သရုပ်ဆောင်သင်တန်းဆရာမှာ တစ်ဦးချင်း သင်ပေးနေသကဲ့သို့ပင် တကယ်ကို အံ့သြစရာ ကောင်းလှ၏။ သူ့မှာ သရုပ်ဆောင်ပါရမီမရှိသော်လည်း အတုခိုးနိုင်သည် မဟုတ်ပါလား။ အိပ်မက်ထဲမှ ဇာတ်ကောင်များ၏ အမူအရာတွေကို တစ်ထပ်တည်း ကူးယူပြနိုင်ရင် ရပြီလေ။ ထိုအခါကျလျှင် သူ၏အေဂျင်စီကိုခိုင်းပြီး သတင်းတွေ အများကြီး လွှင့်ခိုင်းလိုက်မည်။ ခေါင်းစဉ်ကိုပင် သူ စဉ်းစားထားပြီးသား ဖြစ်သည် - "လီထျန်းယီ၏ အံ့မခန်း သရုပ်ဆောင်စွမ်းရည်များ"

လက်ထောက်ဒါရိုက်တာမှာလည်း ဘေးနားမှနေ၍ လေသံကို တမင်နှိမ့်ကာ လျှို့ဝှက်အပေးအယူ လုပ်နေသကဲ့သို့ စိုးရိမ်တကြီး မှာကြားနေသည်။

"ဒီသတင်းကို တခြားရုပ်ရှင်အဖွဲ့တွေကို လုံးဝမပြောနဲ့နော်"

သူ့မျက်လုံးများမှာလည်း ပြိုင်ဘက်များမှာ သူတို့၏အဖိုးတန်လျှို့ဝှက်ချက်ကို လာလုသွားမည်ကို စိုးရိမ်သည့်အလား ဟိုဟိုဒီဒီဝေ့ဝဲကြည့်နေမိသည်။ ထိုစကားကို ကြားသောအခါ လူတိုင်းမှာနားလည်သလိုဖြင့် ထပ်တလဲလဲ ခေါင်းညိတ်ပြကြ၏။ သူတို့၏ လှုပ်ရှားမှုများမှာ ခေါင်းညိတ်ပြိုင်ပွဲဝင်နေကြသကဲ့သို့ပင် အလွန်အကျွံဖြစ်နေကြသည်။ ကျန်းယွီလန်သည် အပြင်ပန်းတွင် ခေါင်းငြိမ့်ပြနေသော်လည်း လျှို့ဝှက်အေးဂျင့်တစ်ဦးကဲ့သို့ သူမဖုန်းကို တိတ်တဆိတ်ထုတ်လိုက်သည်။ သူမသည် သူမကုမ္ပဏီမှ ရင်းနှီးသော ညီအမထံသို့ တိုတိုနှင့်လိုရင်း အရေးကြီးသော မက်ဆေ့ဂျ်တစ်ခု ပို့လိုက်သည်။

"[ဟိုတယ်လိပ်စာ] မြန်မြန်လာခဲ့၊ ဒီနေရာက သရုပ်ဆောင်စွမ်းရည်ကို တိုးတက်စေတယ်"

သူမသည် "ပို့မည်" ကို နှိပ်လိုက်ပြီးနောက် သူဌေးမလေး၏ဘေးသို့ တိုးဝင်သွားတော့သည်။ အခြားသူများသည်လည်း လက်ကိုအိတ်ကပ်ထဲထည့်ကာ လုပ်ငန်းခွင်မှ သူငယ်ချင်းများဆီသို့ ဤမှော်ဆန်သော တည်းခိုခန်းအကြောင်းကို တိတ်တဆိတ်စာပို့နေကြလေ၏။ စုဟယ်မှာမူ ဝိုင်းအုံတိုးဝှေ့နေကြသဖြင့် ကွန်ပျူတာစခရင်ကိုပင် မမြင်ရတော့ပေ။ သူမသည် အသံကို မြှင့်လိုက်ကာ အော်ပြောလိုက်ရတော့သည်။

"တန်းစီကြပါ တန်းစီကြပါဦးရှင်"

126

"ဟူး"

စုဟယ်သည် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ လူတွေ အလုအယက် တိုးဝှေ့နေကြသည်မှာ သူမကို အသက်ရှူကျပ်ပြီး သေလုနီးပါးပင် ဖြစ်သွားစေ၏။ ကံကောင်းထောက်မစွာဖြင့် ရုပ်ရှင်အဖွဲ့သား အားလုံးကို သူမ အဆင်ပြေအောင် စီစဉ်ပေးနိုင်ခဲ့သည်။

"သူဌေးမလေး၊ ကျွန်မတို့ အမှတ်တရ ဓာတ်ပုံတူတူ ရိုက်ရအောင်"

ဒါရိုက်တာကုန်းမှာ အထူးတလည် စိတ်အားထက်သန်စွာဖြင့် ပြောလာသည်။ ဓာတ်ပုံရိုက်ပြီးသည့်တိုင် ဒါရိုက်တာကုန်း မပြန်ချင်သေးပေ။

"လာပါ သူဌေးမလေးရဲ့၊ ဖုန်းနံပါတ်ချင်း လဲရအောင်လေ၊ ကျွန်မ ဓာတ်ပုံတွေ ပို့ပေးပါ့မယ်"

ဘေးနားရှိ ပျန်းကျူမှာမူ ဖုယန်ကို မကျေမနပ် တိုးတိုးလေး ကပ်ပြောနေသည်။

"ဒါရိုက်တာကတော့ တကယ်ကို ညဏ်များတာပဲ၊ သူဌေးမလေးနဲ့ တိတ်တိတ်လေး အဆက်အသွယ်လုပ်ချင်နေတာ သေချာတယ်၊ ဒါဟာ ကျင့်ဝတ်နဲ့မညီတဲ့ အပြုအမူပဲ "

အခန်းအရေအတွက် ကန့်သတ်ချက်ကြောင့် ဒါရိုက်တာကုန်းမှာ ယခုတစ်ကြိမ်တွင်လည်း အမျိုးသမီးဇာတ်ညွှန်းဆရာတစ်ဦးနှင့် အိပ်ရာနှစ်လုံးပါအခန်းကို မျှဝေသုံးစွဲရဦးမည်ဖြစ်သည်။ ဓာတ်ပုံများ ပို့ပေးရင်း ဒါရိုက်တာကုန်းမှာ ထပ်မေးနေပြန်၏။

"သူဌေးမလေး၊ အခန်းတွေက တကယ်ပဲ မကျန်တော့တာလား"

စုဟယ်မှာလည်း ဘာမှမတတ်နိုင်တော့ပေ။

"မကျန်တော့တာ တကယ်ပါရှင်၊ အခန်းအားလုံးက booking လုပ်ပြီးသားတွေဖြစ်ကုန်ပြီ"

ပိတ်ရက်ရှည်ပြီးသွားလျှင် အော်ဒါများ နည်းသွားမည်ကို သူမ အစောပိုင်းမှာ စိုးရိမ်နေခဲ့သဖြင့် ရော့စ်ကို သူ၏ သူဌေးသူငယ်ချင်းများအား ခေါ်ခိုင်းခဲ့သည်။ ယခုမူ ရှူးကျီ အိပ်ရာကြီးအိပ်ခန်း အတော်များများကို ထိုသူဌေးသားများမှာ ရက်ရှည်ငှားရမ်းထားကြပြီဖြစ်၏။ ထို့ပြင် C-Station မှတင်ဆက်သူများဖြစ်ကြသည့်ဒန်ဒန် နှင့် အော်ရိန်း တို့၏ ဗီဒီယိုကို ကြည့်ပြီး အွန်လိုင်းမှ ကြိုတင်ဘိုကင်တင်ထားသည့် ဧည့်သည်အချို့လည်း ရှိသေးသည်။ ထိုဧည့်သည်အရေအတွက်မှာ မနည်းလှဘဲ အားလုံးမှာ မွေးနေ့ဝန်ဆောင်မှု များကိုပါ မှာယူထားကြခြင်း ဖြစ်၏။

ဒါရိုက်တာကုန်းသည် ဧည့်ကြိုကောင်တာတွင် မခွာချင်ဖြင့် တစ်ဝဲလည်လည် လုပ်နေမိသည်။ ယနေ့ခေတ် စုဟယ်မှာ သူမ လှမ်းမမီနိုင်သော အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။

"သူဌေးမလေး၊ ရှောင်ရှီးက ဒီနေ့ ရိုက်ကွင်းအချို့ ကျန်သေးလို့ ခေါ်သွားရဦးမယ်နော်၊ စိတ်မပူပါနဲ့ ရိုက်ကူးရေးကွင်းမှာ သူ့ကို ကျွန်မ သေချာဂရုစိုက်ပေးပါ့မယ်၊ ပြီးတော့ ဒီည ဆရာကြီးဝေကိုလည်း အချိန်မီ ပြန်ပို့ပေးပါ့မယ်ရှင် "

"အော် ဒါနဲ့ သူဌေးမလေးစု၊ ပို့ပေးလိုက်တဲ့ မုန့်တွေက တကယ်ကို စားလို့ကောင်းတာပဲ ဒီလောက် ထူးခြားတဲ့ မုန့်အရသာမျိုး ကျွန်မ တစ်ခါမှ မမြည်းစမ်းဖူးဘူး၊ ချိုပေမဲ့ မအီဘူး တစ်ထိုင်တည်းနဲ့ ငါးခုလောက်တောင် စားနိုင်တယ်"

ဒါရိုက်တာကုန်းမှာ စုဟယ်ကို လက်မထောင်ပြရင်း တဖွဖွ ချီးကျူးနေတော့သည်။ မုန့်အကြောင်း ပြောနေသည်မှာ စုဟယ်ကို ဖားနေသည့်သဘော အနည်းငယ် ပါနေသော်လည်း ထိုမုန့်မှာ အမှန်တကယ်ပင် အလွန်စားကောင်းလှ၏။ ဒါရိုက်တာကုန်းသည် သူမ၏ ပါးစပ်ထဲတွင် ရှိနေသော မုန့်၏ အသေးစိတ်အရသာတိုင်းကို မြိန်ယှက်စွာ ခံစားနေမိသည်။ ပြည့်စုံလွန်းသော အချိုဓာတ်မှာ ပထမဆုံး အချစ်ဦးနှင့် တွေ့ဆုံရသကဲ့သို့ သူမ၏ ရင်ကို တဒိတ်ဒိတ် ခုန်စေ၏။ မုန့်သား၏ ကြွယ်ဝလှသော ရနံ့မှ လျှာပေါ်တွင် တဖြည်းဖြည်း ပြန့်နှံ့သွားကာ သူမကို မိန်းမောသွားစေသည်။ နူးညံ့စေးပိုင်လှသော မုန့်သားမှာ ကတ္တီပါသားကဲ့သို့ နုနယ်လှပြီး အသာအယာ ကိုက်လိုက်ရုံဖြင့် ၎င်း၏ နူးညံ့မှုကို ခံစားရစေသည်။ တကယ့်ကို ထူးကဲသော အရသာပင်။ သူမ စုဟယ်ကို ကတိပေးလိုက်သည်။

“ဒီလို အရသာရှိတဲ့ မုန့်မျိုးကို ကျွန်မ တစ်ယောက်တည်း စားမှာ မဟုတ်ပါဘူး၊ ဒီက မုန့်တွေကို လူတိုင်းဆီ ညွှန်ကြားပေးမယ်လို့ အာမခံပါတယ်၊ သူဌေးမလေး ကျွန်မတို့ အဆက်အသွယ် မပြတ်ကြစတမ်းနော်၊ အဆက်အသွယ် လုပ်ကြရအောင်"

ဒါရိုက်တာကုန်းသည် ဟဲယဲ့တည်းခိုခန်းမှ ထွက်ခွာသွားစဉ် လမ်းတစ်လျှောက် ခြေလှမ်းအနည်းငယ် လှမ်းလိုက်တိုင်း နောက်သို့ လှည့်ကြည့်နေမိသည်။ တည်းခိုခန်း၏ မှန်တံခါးမှတစ်ဆင့် တိုးဝင်လာသော နေရောင်ခြည်မှာ ရုပ်ရှင်အဖွဲ့သားများအပေါ်သို့ ဖြာကျနေ၏။ သူတို့သည် အထုပ်အပိုး အကြီးအသေးများကိုယ်စီ သယ်ဆောင်ကာ တည်းခိုခန်းထဲမှ တရွေ့ရွေ့ ထွက်လာကြသည်မှာ ထာဝရ ခွဲခွာရတော့မည့်အလားပင်။ ရုပ်ရှင်အဖွဲ့ထဲမှ လူတိုင်းမှာ စိတ်မကောင်းဖြစ်နေကြသည်။ သူတို့ တည်းခိုခန်းမှ တကယ်ကို မပြန်ချင်ကြသေးဘူးလေ။ မခွဲနိုင်မခွာရက် ဖြစ်နေကြသဖြင့် လူတိုင်းမှာ ခေါင်းလေးများကိုယ်စီ ငုံ့ထားကြရာ ပုံမှန်ထက် ပို၍ ငြိမ်သက်အေးဆေးနေကြသည်။ သူတို့ ထွက်လာချိန်တွင် တည်းခိုခန်း၏ အထူးသီးသန့် မုန့်ဆိုင်ရှေ့၌ လူတန်းရှည်ကြီး ဖြစ်ပေါ်နေပြီဖြစ်၏။ ဤနေ့တွင် အသစ်စက်စက် ပြုလုပ်ထားသော မုန့်များကို ဝယ်ယူရန် ဖောက်သည်များ စောင့်ဆိုင်းနေကြခြင်းပင်။ ရုပ်ရှင်အဖွဲ့သားများ တည်းခိုခန်းထဲမှ ထွက်လာသည်နှင့် လူတန်းကြီးမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး စောင့်နေသည့် လူအုပ်ကြားမှ တိုးတိုးတိတ်တိတ် ပြောသံများ ထွက်ပေါ်လာသည်။

"ကြည့်စမ်း၊ ဟိုမှာ လီထျန်းယီ မဟုတ်လား၊ တကယ်ကြီး သူပဲလား"

မိန်းကလေးတစ်ဦးမှာ သူမ၏ သူငယ်ချင်းလက်မောင်းကို ဆွဲလှုပ်ရင်း အံ့သြတကြီး ပြောလိုက်သည်။

"ဘုရားရေ၊ ဟိုဘက်က မိန်းကလေးကို ကြည့်ဦး၊ နေကာမျက်မှန်နဲ့ တစ်ယောက်လေ၊ အဲ့ဒါ မနှစ်ကအကောင်းဆုံးမင်းသမီးဆုရတဲ့ လီပိုင်ဟယ်မဟုတ်လား၊ သူက ဘာလို့ ဒီကိုရောက်နေတာလဲ"

သက်လတ်ပိုင်း အမျိုးသားတစ်ဦးမှာ အံ့အားသင့်စွာဖြင့် သူ့မျက်မှန်ကို ပင့်တင်လိုက်မိသည်။ ဧည့်သည်များမှာ တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် စတင် ဆွေးနွေးလာကြ၏။ အချို့မှာ အနားသို့သွားပြီး အတည်ပြုရန် သို့မဟုတ် လက်မှတ်တောင်းရန် ဆန္ဒရှိသော်လည်း အကြာကြီးတန်းစီထားရသည့်နေရာကို လက်လွတ်မခံချင်ကြသဖြင့် နောက်ဆုံးတွင် ဖုန်းများကိုယ်စီ ထုတ်ကာ ဗီဒီယိုရိုက်ခြင်းကိုသာ ရွေးချယ်လိုက်ကြသည်။ သူတို့အတွက်မူ ဤသည်မှာ မမျှော်လင့်ထားသော အံ့အားသင့်စရာ လက်ဆောင်တစ်ခုဖြစ်သော်လည်း မုန့်ဝယ်ဖို့မှာ ပိုအရေးကြီးနေသေးသည် မဟုတ်ပါလား။

ရုပ်ရှင်အဖွဲ့သားများမှာမူ ဘေးပတ်ဝန်းကျင်မှ ကြည့်နေသူများကို ဂရုမစိုက်နိုင်ကြပေ။ သူတို့သည် ခေါင်းငုံ့ကာ သူတို့သူငယ်ချင်းများထံသို့ စာပို့ရင်း အလုပ်ရှုပ်နေကြသည်။ ခုနက ဧည့်ကြိုကောင်တာတွင် လူများလွန်းသဖြင့် ဟဲယဲ့တည်းခိုခန်း၏ အခြေအနေ အသေးစိတ်ကို သူငယ်ချင်းများအားပြောပြရန် အချိန်မရခဲ့ကြပေ။ ယခုမူ ဟဲယဲ့တည်းခိုခန်း၏ မှော်ဆန်သော အချက်အလက်များကို အသေးစိတ် ရှင်းပြရတော့မည်ဖြစ်သည်။

ဒါရိုက်တာကုန်းမှာမူ သူမဖုန်းကို မကြည့်ဘဲ ဆရာကြီးဝေ၏ဘေးတွင် ကပ်လိုက်နေသည်။ တစ်ခါတစ်ရံတွင် ဆရာကြီးဝေနှင့် စာရေးခြင်း၏စည်းချက်နှင့် အားအင်အကြောင်းကို ဆွေးနွေးလိုက် နောက်တစ်ခါတွင်မူ သူမ အကြိုက်ဆုံးကဗျာများအကြောင်း ပြောပြလိုက်နှင့် စကားစမြည်ပြောနေ၏။ ဒါရိုက်တာကုန်းသည် မည်သည့်အကြောင်းအရာကိုအဆို စကားစလိုက်တိုင်း ဆရာကြီးဝေမှာ အမြဲတမ်းပြန်လည်တုံ့ပြန်ပြောဆိုနိုင်သည်ကို တွေ့ရှိသွားခဲ့သည်။

ဒါရိုက်တာကုန်းနှင့် ဆရာကြီးဝေတို့၏ စကားဝိုင်းမှာ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ဆရာကြီးဝေ၏ ဗဟုသုတ ကြွယ်ဝမှုကို ဒါရိုက်တာကုန်းမှာ အံ့သြမဆုံး ဖြစ်ရသည်။ ဆရာကြီးဝေ၏ သိမြင်နားလည်မှုများမှာ စာရေးခြင်းနှင့် ပန်းချီအနုပညာတွင်သာ ကန့်သတ်မထားဘဲ ရှေးဟောင်းနိုင်ငံရေးသမိုင်းနှင့် နန်းတွင်းပရိယာယ်များ၏ အရှုံးအနိုင်များအပေါ်တွင်လည်း ထိုးထွင်းသိမြင်မှု အပြည့်ရှိနေ၏။ ဆရာကြီးဝေမှာ သမိုင်းဝင်ဖြစ်ရပ်များအကြောင်း ပြောသည့်အခါ ထိုရှေးဟောင်းဇာတ်လမ်းများကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသကဲ့သို့ ထူးခြားသော အမြင်များ၊ နက်ရှိုင်းသော ခွဲခြမ်းစိတ်ဖြာမှုများဖြင့် ကွက်ကွက်ကွင်းကွင်း ပြန်လည်ပြောပြနိုင်သည်။ ဒါရိုက်တာကုန်းသည် နားထောင်လေလေ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်လာ၏။ ဆရာကြီးဝေသည် အတိုင်ပင်ခံအမတ်နေရာတွင် သရုပ်ဆောင်ရုံသာမက ရုပ်ရှင်အဖွဲ့အတွက် တန်ဖိုးရှိသော သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ လမ်းညွှန်ချက်များကိုပါ ပေးနိုင်လိမ့်မည်ဟု သူမ ခံစားလိုက်ရသည်။ သူမသည် ဆရာကြီးဝေကို ပညာရပ်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ် ဖိတ်ခေါ်ချင်စိတ် ပြင်းပြလာတော့၏။ ရုပ်ရှင်အဖွဲ့သားများ ကားပေါ်တက်ကြသောအခါ ဒါရိုက်တာကုန်းသည် စကားများ အထစ်ထစ်အငေါ့ငေါ့ဖြင့် သတ္တိမွေးကာ ဆရာကြီးဝေကို သူမ၏ တောင်းဆိုချက်ကို အလေးအနက် ပြောပြလိုက်သည်။

"ဆရာကြီးဝေ ကျွန်မတို့ အတူတူထိုင်ကြမလား၊ ဆရာကြီးနဲ့ အသေးစိတ် ဆွေးနွေးချင်လို့ပါ"

ရုပ်ရှင်အဖွဲ့သားများမှာ ရိုက်ကူးရေးလုပ်ရန် ဟဲယဲ့တည်းခိုခန်းမှ ဆင်ရုပ်ရှင်မြို့တော်သို့ ထွက်ခွာသွားချိန်တွင် ရုပ်ရှင်အဖွဲ့၏ဗီဒီယိုမှာ အွန်လိုင်းပေါ်၌ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။ ဗီဒီယိုကိုကြည့်ပြီးနောက် အင်တာနက်အသုံးပြုသူများ၏ စူးစမ်းလိုစိတ်မှာ တောက်လောင်လာခဲ့၏။ သူတို့သည် ဤမြင်ကွင်းအကြောင်း၊ ရုပ်ရှင်အဖွဲ့၏ လှုပ်ရှားမှုများနှင့် နာမည်ကြီးများ၏ ပုဂ္ဂိုလ်ရေးဘဝများအကြောင်းကို အပြင်းအထန် ဆွေးနွေးလာကြသည်။ မကြာမီမှာပင် "ကြင်ယာတော်နှစ်ပါး ဒဏ္ဍာရီ> ရုပ်ရှင်အဖွဲ့ ပျော်ပွဲစားထွက်ခြင်း” ဆိုသော Hashtag မှာ ရေပန်းစားသော အကြောင်းအရာများထဲတွင် ဒုံးပျံကဲ့သို့ ထိပ်ဆုံးသို့ရောက်ရှိသွားတော့၏။

မီဒီယာများနှင့် ဈေးကွက်ရှာဖွေရေးအကောင့်များမှာလည်း ဤအကြောင်းအရာကို အမှီလိုက်ကာ သတင်းထုတ်ပြန်ကြသဖြင့် သက်ရောက်မှုမှာ ပိုမိုကျယ်ပြန့်လာသည်။ တစ်ဖန် ပရိသတ်များမှာလည်း သူတို့အိုင်ဒေါများကို ရှာဖွေရင်း မှတ်ချက်ကဏ္ဍကို စတင်ထိန်းချုပ်လာကြသည်။ အင်တာနက်အသုံးပြုသူများသည် ကြင်ယာတော်နှစ်ပါးဒဏ္ဍာရီ ဇာတ်လမ်းအပေါ် မျှော်လင့်ချက်များနှင့် ရုပ်ရှင်အဖွဲ့သားများအပေါ် သူတို့၏ ချစ်ခင်မှုများကို မှတ်ချက်ကဏ္ဍတွင် ဖလှယ်နေကြ၏။ အင်တာနက်အသုံးပြုသူ အများအပြားမှာလည်း ထိုတည်းခိုခန်း၏ဇာစ်မြစ်ကို ခန့်မှန်းနေကြသည်။ ဗီဒီယိုကိုကြည့်ရသည်မှာ ဤနေရာသည် ဆင်ရုပ်ရှင်မြို့တော်ရှိ ဟိုတယ်တစ်ခုမဟုတ်သည်မှာ သေချာလှရာ ရုပ်ရှင်အဖွဲ့သားများမှာ ဘာကြောင့် ဤနေရာတွင်လာတည်းနေကြသနည်း။

အချို့သော ပရိသတ်များမှာ အလွန်ပင် တက်ကြွလှသဖြင့် ဟဲယဲ့တည်းခိုခန်း၏ လိပ်စာကိုပင် ရှာဖွေတွေ့ရှိသွားကြပြီး သူတို့အိုင်ဒေါများနှင့် မတော်တဆဆုံတွေ့နိုင်ရန် မျှော်လင့်ချက်ဖြင့် ထိုနေရာသို့ ခရီးစဉ်များ စတင်ရေးဆွဲနေကြလေသည်။ ဧည့်ကြိုကောင်တာရှိ စုဟယ်မှာမူ သူမ၏ တည်းခိုခန်းမှာ ရေပန်းစားနေသည်ကို မသိရှာဘဲ သီချင်းတစ်ပုဒ်ကို ပျော်ရွှင်စွာ ညည်းဆိုနေမိ၏။

"မှော်ပဲစေ့ဓာတ်လှေကားရေ ငါလာပြီဟေ့"

All Chapters