အခန်း (၁၂၇-၁၂၈)
Vol. 13 Ch. 127-128
127
တည်းခိုခန်း၌ ဓာတ်လှေကား မရှိခြင်းမှာ တကယ်ကို အဆင်မပြေလှပေ။ ပိတ်ရက်ရှည် ကုန်ဆုံးသွားပြီးနောက် စုဟယ်၏ ပျော့အိနေသော ကြွက်သားများမှာ တင်းရင်းလာပြီး သူမတွင် "ကိရင်လက်မောင်း" ဟု ခေါ်ရလောက်အောင် သန်မာသော လက်မောင်းများပင် ထွက်လာတော့သည်။ ဓာတ်လှေကား ဝယ်ယူရေးမှာ အရေးတကြီး လိုအပ်ချက် ဖြစ်လာပြီ ဖြစ်လာ၏။ အကယ်၍သာ ဤအတိုင်း ဆက်ပြီး လေ့ကျင့်ခန်း လုပ်နေဦးမည်ဆိုပါလျှင် သူမ၏ ကိုယ်လုံးထက် လက်မောင်းများ ပိုကြီးနေသည့် ပုစွန်ထုပ်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု စုဟယ် ခံစားနေရသည်။
ယခုအခါ တည်းခိုခန်း၏ စီးပွားရေးမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာပြီး စုဟယ်တွင်လည်း မုန့်များရောင်းရငွေနှင့် 'အိပ်စက်နေသောမင်းသမီးလေးရဲ့ ကုတင်' ကို ပြန်လည်ရောင်းချခြင်းတို့မှ ရရှိသော ဝင်ငွေများ ရှိနေပြီဖြစ်သည်။ သူမသည် နောက်ဆုံးတွင် ငွေအတော်အတန် စုမိဆောင်းမိ ရှိလာခဲ့ပြီ။ ယခုဆိုလျှင် သူမသည် ဂိမ်းဈေးတန်း ထဲရှိ အသုံးပြုသူအသစ်များအတွက် နောက်ဆုံး လက်ကျန် လျှော့ဈေးပစ္စည်းဖြစ်သော 'ဂျက်၏ မှော်ပဲစေ့များ' ကို ဝယ်ယူနိုင်ပြီဖြစ်သည်။ စုဟယ်သည် ဂိမ်းစတိုးကို နှိပ်လိုက်၏။
ဂျက်၏ မှော်ပဲစေ့များ : အပေါ်သို့ အဆက်မပြတ် မြင့်တက်ပေါက်ရောက်နိုင်သော မှော်ပဲစေ့များ ဖြစ်ပြီး စနစ်မှ ပြုပြင်မွမ်းမံထားသဖြင့် အသုံးပြုရ လွယ်ကူသည်။ (ဂျက်၏ ကိုယ်ပိုင်မော်ဒယ်)
လုပ်ဆောင်ချက်များ : လူစီးဓာတ်လှေကား၊ ပုံစံမျိုးစုံ ပြောင်းလဲနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်ပြီး စွမ်းအင်ချွေတာခြင်း။
မူရင်းဈေးနှုန်း : ယွမ် (၅၀၀,၀၀၀) / အသုံးပြုသူအသစ် လျှော့ဈေး: ယွမ် (၃၆၀,၀၀၀)
စုဟယ်သည် သူမ၏ ဘဏ်ကတ်ထဲရှိ လက်ကျန်ငွေကို မခွဲနိုင်မခွာရက်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
"ဒင်"
သူမ၏ ဖုန်းထဲသို့ စာတိုတစ်စောင် ရောက်ရှိလာသည်။ သူမ၏ ဘဏ်ကတ်ထဲမှ ယွမ် (၃၆၀,၀၀၀) ယွမ် နုတ်ယူသွားပြီးဖြစ်၏။ စုဟယ်သည် စိတ်လှုပ်ရှားစွာဖြင့် "အသုံးပြုမည်" ဆိုသော ခလုတ်ကို နှိပ်ရန် ပြင်လိုက်သော်လည်း ထိုခလုတ်မှာ မီးခိုးရောင် ဖြစ်နေသည်ကို သတိထားမိလိုက်သည်။ မှော်ပဲစေ့ ဓာတ်လှေကားကို အသုံးပြု၍ မရသေးပါတာလား။ စုဟယ်၏ မျက်မှောင်များ တွန့်ချိုးသွားပြီး သူမ၏ မျက်နှာပေါ်က အပြုံးများမှာလည်း ပျောက်ကွယ်သွားတော့သည်။ စနစ်မှ ပေါ်လာသော အသိပေးစာမှာ သူမကို အပြင်းအထန် စိတ်ပျက်သွားစေ၏။
စနစ်အသိပေးချက် : ဂျက်၏ မှော်ပဲစေ့များ တပ်ဆင်ရန် လိုအပ်သော အခြေအနေများ မပြည့်စုံပါ။ ကျေးဇူးပြု၍ တည်းခိုခန်း ပတ်ဝန်းကျင်ကို အဆင့်မြှင့်တင်ပြီးနောက် ထပ်မံကြိုးစားပါ။
ဤမှော်ဆန်သော "ဂျက်၏ မှော်ပဲစေ့များ" ကို တပ်ဆင်အသုံးပြုရန်မှာ မြေကြီးထဲတွင် စိုက်ပျိုးလိုက်ရုံမျှနှင့် မရသည်မှာ ထင်ရှားလှသည်။ ၎င်းအတွက် တည်းခိုခန်းအတွင်း၌ သင့်တော်သော ဓာတ်လှေကားလမ်းကြောင်းများကို ဖောက်လုပ်ရန် လိုအပ်ပြီး၊ သို့မှသာ ပဲနွယ်ပင်များနှင့် အရွက်များမှာ အထပ်တစ်ခုစီကို ချောမွေ့စွာ ဖြတ်သန်းကာ အဆင့်တိုင်းကို ချိတ်ဆက်ပေးနိုင်မည်ဖြစ်သည်။ ဤသည်မှာ စုဟယ်အနေဖြင့် မှော်ပဲစေ့ ဓာတ်လှေကားအတွက် ပိုက်ဆံပေးရရုံသာမက ကြီးမားလှသော ပြုပြင်မွမ်းမံမှုစရိတ်ကိုပါ ထပ်မံပေးဆောင်ရဦးမည်ဟု ဆိုလိုခြင်း ဖြစ်၏။ စုဟယ်သည် သေချာစွာ ပြင်ဆင်ထားသော ထောင်ချောက်တစ်ခုထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ "ဂျက်၏ မှော်ပဲစေ့များ" ကို ဝယ်ယူလိုက်ရုံဖြင့် တည်းခိုခန်း၏ ဓာတ်လှေကားမရှိသည့် ပြဿနာကို တစ်ခါတည်း ဖြေရှင်းနိုင်လိမ့်မည်ဟု သူမ ထင်ထားခဲ့သော်လည်း ဤကဲ့သို့သော အပိုကုန်ကျစရိတ်များကို သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။
"ဒါဟာ တစ်ကယ့်ကို လိမ်လည်မှုပဲ"
စုဟယ် ဒေါသတကြီး အော်ဟစ်လိုက်မိသည်။ အသုံးပြုသူအသစ် လျှော့စျေးဆိုသည်မှာ အလွန်တန်သော အပေးအယူတစ်ခုဟု သူမ ထင်ခဲ့သော်လည်း၊ ၎င်းမှာ ကောက်ကျစ်လှသော ဂိမ်းဈေးတန်း၏ လှည့်ကွက်တစ်ခုသာ ဖြစ်နေ၏။ ဂိမ်းဈေးတန်း၏ လက်ကျန်စာရင်း ထဲသို့ ရောက်ရှိနေပြီဖြစ်သော "ဂျက်၏ မှော်ပဲစေ့များ" ကို ကြည့်ရင်း စုဟယ်၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။ ဤလိမ်လည်လှည့်ဖြားတတ်သော ဂိမ်းဈေးတန်းသည် ခုနစ်ရက်အတွင်း အကြောင်းပြချက်မရှိ ပစ္စည်းပြန်အမ်းခြင်းကိုလည်း ခွင့်မပြုပေ။ ယွမ် (၃၆၀,၀၀၀) ပြန်မရနိုင်တော့သော အရှုံး ဖြစ်သွားသဖြင့် စုဟယ်မှာ မျက်ရည်စက်လက်ဖြင့် "မှင်စာအင်ဂျင်နီယာ ငှားရမ်းမှု စာချုပ်" ကို ဝယ်ယူလိုက်ရတော့သည်။
"မှင်စာအင်ဂျင်နီယာ ငှားရမ်းမှုစာချုပ်" ၏ ဈေးနှုန်းမှာ စီမံကိန်း၏ ခက်ခဲမှုအပေါ် မူတည်ပြီး သတ်မှတ်ခြင်း ဖြစ်သဖြင့် ၎င်းမှာလည်း ဈေးနှုန်းအတိအကျ မသိရသေးသော နောက်ထပ် အပိုကုန်ကျစရိတ်တစ်ခု ဖြစ်နေပြန်သည်။ အကယ်၍သာ ဤဂိမ်းဈေးတန်းကို ဈေးနှုန်းထိန်းချုပ်ရေးဌာနမှ စစ်ဆေးနိုင်မည်ဆိုပါက စုဟယ်မှာ ဧကန်မုချ သွားရောက်တိုင်တန်းမိမည် ဖြစ်၏။ သို့သော်လည်း ဂိမ်းဈေးတန်းကို မည်သည့်ဈေးနှုန်းထိန်းချုပ်ရေးဌာနမှ စစ်ဆေးနိုင်စွမ်း မရှိသည်မှာ အထင်အရှားပင် ဖြစ်၏။
ထို "ဂျက်၏ မှော်ပဲစေ့များ" ကို တပ်ဆင်ရန်အတွက် ဂိမ်းဈေးတန်းမှ မှင်စာအင်ဂျင်နီယာတစ်ဦးကို တိုက်ရိုက်စေလွှတ်မည်ဖြစ်ပြီး ဈေးနှုန်းမသတ်မှတ်မီ မြေပြင်အခြေအနေကို လာရောက်တ
ိုင်းတာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အကယ်၍ မှင်စာအင်ဂျင်နီယာ တောင်းခံသောဈေးနှုန်းကို စုဟယ် လက်မခံနိုင်ခဲ့ပါက အင်ဂျင်နီယာ၏ မြေပြင်ဆင်းခအဖြစ် အပို ယွမ် (၅၀,၀၀၀)ကို ပေးဆောင်ရမည် ဖြစ်၏။ မှင်စာအင်ဂျင်နီယာမှာ အချိန်တိုအတွင်း ရောက်ရှိလာခဲ့သည်။ တည်းခိုခန်း၏ အဝင်ဝတွင် သေးငယ်သော အရိပ်တစ်ခု ပေါ်လာ၏။ ၎င်းမှာ မှင်စာဆောက်လုပ်ရေးအဖွဲ့မှ အင်ဂျင်နီယာ (၀၃၆) ပင် ဖြစ်သည်။
စုဟယ်သည် ဤလူဟောင်းကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားသည်။ အကြောင်းမှာ အင်ဂျင်နီယာ (၀၃၆) ၏ ပုံပန်းသဏ္ဌာန်သည် အလွန်ပင် ထူးခြားလွန်းသောကြောင့် ဖြစ်သည်။ သူ၏ အရပ်မှာ သာမန်လူတစ်ယောက်၏ ခါးလောက်သာ ရှိပြီး အသားအရေမှာလည်း မြေကြီးထဲမှ အခုလေးတင် တူးဖော်ထားသော အာလူးလေးတစ်လုံးကဲ့သို့ အညိုရင့်ရောင် ဖြစ်နေ၏။ သူ၏ မျက်လုံးများမှာ တောက်ပပြီး နိုးကြားဖျတ်လတ်နေကာ ရှုပ်ပွနေသော ဆံပင်နက်များ၏ အောက်တွင် ချွန်ထက်သော နားရွက်တစ်စုံ ရှိနေသည်။ ယခုတစ်ကြိမ်တွင် အာလူးမည်းလေးမှာ အိတ်ကပ်များစွာ ပါရှိသည့် သားရေလုပ်ငန်းခွင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင်လည်း ထူးဆန်းသော ကိရိယာမျိုးစုံကို ချိတ်ဆွဲထားရာ ကြည့်ရသည်မှာ ကျွမ်းကျင်မှုရှိသလို တစ်ဖက်တွင်လည်း ရယ်ချင်စရာ ကောင်းနေ၏။
စုဟယ်မှာ မှင်စာအင်ဂျင်နီယာကို သတိကြီးစွာဖြင့် သတိပေးလိုက်သည်။
"လေးစားရပါသော အင်ဂျင်နီယာကြီးရှင်၊ ကျွန်မတို့ တည်းခိုခန်းမှာ ဧည့်သည်တွေ ရှိနေသေးလို့ပါ၊ ရှင့်ကိုယ်ရှင် နည်းနည်းလောက် ဖုံးကွယ်ထားပေးလို့ ရမလား"
ယခင်က အခန်းများကို ပြုပြင်မွမ်းမံစဉ်မှာ အာလူးမည်းလေးသည် တစ်ခန်းချင်းစီကိုသာ ပြုပြင်ခဲ့ခြင်းဖြစ်သည်။ တံခါးပိတ်ထားသဖြင့် အခန်းထဲတွင် မှင်စာတစ်ကောင်ရှိနေသည်ကို မည်သူမျှ မသိခဲ့ကြပေ။ ယခုမူ ဓာတ်လှေကားကို လှေကားဘေးတွင် တပ်ဆင်ရမည်ဖြစ်ရာ ၎င်းမှာ တည်းခိုခန်း၏ အရေးကြီးသော လမ်းကြောင်းတစ်ခု ဖြစ်နေသည်။ အာလူးမည်းလေးသာ ထိုနေရာတွင် အလုပ်လုပ်နေပါက ဧကန်မုချ လူမီသွားမည်ဖြစ်သည်။
အာလူးမည်းလေးမှာ စုဟယ်၏စကားကို နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူသည် သူ၏အဝတ်အိတ်ကပ်ထဲမှ အထူးပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။ ၎င်းမှာ ကိုယ်ပျောက်ဝတ်ရုံပင်ဖြစ်၏။ ထိုကိုယ်ပျောက်ဝတ်ရုံမှာ ဆံပင်ညှပ်ဆရာမှ ဖောက်သည်ကိုပတ်ပေးသော ပုဝါနှင့် ဆင်တူပြီး ၎င်း၏အသားမှာ အလွန်ပါးလွှာပေါ့ပါးလှသည်။ အာလူးမည်းလေးသည် ကိုယ်ပျောက်ဝတ်ရုံကို သူ၏ ကိုယ်ပေါ်တွင် ဂရုတစိုက် လွှမ်းခြုံလိုက်၏။ ဝတ်ရုံမှာ အာလူးမည်းလေး၏ ခန္ဓာကိုယ်နှင့် ထိတွေ့လိုက်သည်နှင့် သူ၏ ပုံရိပ်မှာ စတင်ဝေဝါးလာပြီးနောက် မမြင်ရသော မှင်ရည်များ ဝါးမြိုသွားသည့်အလား လေထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
စုဟယ်သည် မျက်တောင်တစ်ချက် ခတ်လိုက်ရာ အာလူးမည်းလေး၏ အရိပ်အယောင်ကို မတွေ့ရတော့ပေ။ တည်းခိုခန်း၏ ဧည့်ကြိုကောင်တာမှာ မှင်စာအင်ဂျင်နီယာ လုံးဝရောက်မလာခဲ့ဖူးသည့်အလား တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ ရုတ်တရက် လေထဲတွင် မျက်မှန်တစ်စုံ ပေါ်လာ၏။ ထိုမျက်မှန်မှာ စုဟယ်၏ ရှေ့တွင် အသာအယာ လွင့်မျောလာပြီး သူမအတွက် သီးသန့်ပြင်ဆင်ပေးထားခြင်း ဖြစ်ဟန်တူသည်။ စုဟယ်သည် ခဏမျှ တွေဝေသွားသော်လည်း လက်ကို ဆန့်ထုတ်ကာ မျက်မှန်ကို ယူလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် ဂရုတစိုက် တပ်ဆင်လိုက်၏။ မျက်မှန်ကို တပ်ဆင်လိုက်သည်နှင့် အာလူးမည်းလေး၏ ပုံရိပ်မှာ သူမ၏ အမြင်အာရုံထဲတွင် ပြန်လည်ပေါ်ပေါက်လာသည်ကို စုဟယ် အံ့သြစွာ တွေ့လိုက်ရသည်။
ကိုယ်ပျောက်ဝတ်ရုံ၏ အာနိသင်မှာ ပျောက်ကွယ်မသွားသော်လည်း ဤအထူးမျက်မှန်ကို တပ်ထားသူအတွက်မူ မှင်စာအင်ဂျင်နီယာမှာ ကိုယ်ပျောက်မနေသကဲ့သို့ အထင်အရှား မြင်နေရခြင်း ဖြစ်သည်။ တကယ်ကို အံ့သြဖို့ ကောင်းလှ၏။ စုဟယ်သည် မျက်မှန်ကို တပ်လိုက်၊ ချွတ်လိုက်နှင့် အကြိမ်ကြိမ် စမ်းသပ်နေမိရာ အာလူးမည်းလေးမှ သူမ၏ ခြေထောက်ကို လာရောက်ပုတ်မှပင် အဓိကအလုပ်ကို သတိရသွားတော့၏။ သူမသည် ဂိမ်းဈေးတန်းထဲမှ "ဂျက်၏ မှော်ပဲစေ့များ" ကို အမြန်ထုတ်ယူကာ အာလူးမည်းလေးထံသို့ ကမ်းပေးလိုက်သည်။
အာလူးမည်းလေးသည် စုဟယ်၏ လက်ထဲမှ ဂျက်၏ မှော်ပဲစေ့များ ကို ယူလိုက်သည်။ ဂျက်၏ မှော်ပဲစေ့များ မှာ စားတော်ပဲစေ့ခန့်သာ ရှိသဖြင့် ၎င်းကို လက်ခံရရှိချိန်တွင် သူ၏ မျက်လုံးလေးနှစ်လုံးမှာ စွေသွားတော့သည်။ အာလူးမည်းလေးသည် သေးငယ်သော မှန်ဘီလူးတစ်ခုကို ထုတ်ယူတပ်ဆင်ကာ မှော်ပဲစေ့အတွင်းတွင် မြှုပ်နှံထားသော ချစ်ပ် ကိုဂရုတစိုက် စစ်ဆေးနေသည်။ သူ၏ လှုပ်ရှားမှုများမှာ အလွန်အမင်း စေ့စပ်သေချာပြီး အဖိုးတန်ရတနာတစ်ခုကို ကိုင်တွယ်နေသကဲ့သို့ ဂရုတစိုက် ရှိလှ၏။
ထိုချစ်ပ်ပေါ်တွင် ရှုပ်ထွေးလှသော ပတ်လမ်းကြောင်းပုံစံများနှင့် အဓိပ္ပာယ်ဖော်မရသော သင်္ကေတများစွာကို ထွင်းထုထားသည်။ အာလူးမည်းလေးသည် မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ကာ ချစ်ပ်မော်ဒယ်ကို တိတ်တဆိတ် မှတ်သားလိုက်သည်။ သူသည် မှတ်စုစာအုပ်ထဲတွင် ပုံကြမ်းများဆွဲကာ ဤမှော်ပဲစေ့ ဓာတ်လှေကားကို တည်းခိုခန်း၏ တည်ဆောက်ပုံထဲသို့ မည်သို့ ပြီးပြည့်စုံစွာ ထည့်သွင်းရမည်ကို စတင်စဉ်းစားနေတော့၏။ စုဟယ်သည် အာလူးမည်းလေး၏ နောက်တွင် ရပ်ကာ ချောင်းကြည့်ရန် ကြိုးစားလိုက်သည်။
မှတ်စုစာအုပ်ထဲရှိ စာသားများကို ကြည့်ပြီးနောက် စုဟယ်သည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ကာ အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွသည်။ သူမသည် မှင်စာ, စာကို နားမလည်သော စာမတတ်သူတစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။ ချစ်ပ်မော်ဒယ်ကို အတည်ပြုပြီးနောက် အာလူးမည်းလေးသည် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် လှေကားထောင့်ဆီသို့ လျှောက်သွားသည်။ လှေကားထောင့် နေရာလပ်မှာ အနည်းငယ် ကျဉ်းမြောင်းသော်လည်း သေးငယ်သော မှင်စာအင်ဂျင်နီယာအတွက်မူ ပြီးပြည့်စုံသော လုပ်ငန်းခွင်တစ်ခု ဖြစ်နေ၏။
သူသည် လေထဲတွင် အပြာရောင် အလင်းဝိုင်းတစ်ခုကို ဆွဲလိုက်ပြီး ဟင်းလင်းပြင်ဥမင်လိုဏ်ခေါင်း တစ်ခုပေါ်လာသည်။ သူသည် သူ၏တင်ပါးကို ထိုဥမင်ထဲ့သို့ ထိုးသွင်းကာ ဟိုဟိုဒီဒီ မွှေနှောက်ရှာဖွေပြီးနောက် တိကျသော တိုင်းတာရေး ကိရိယာအစုံအလင်ကို ထုတ်ယူလိုက်၏။ ထိုကိရိယာများမှာ မှင်စာအင်ဂျင်နီယာအတွက် သီးသန့်ပြုလုပ်ထားခြင်း ဖြစ်ပြီး သေးငယ်သော်လည်း အလွန်ထိရောက်လှသည်။ အာလူးမည်းလေးသည် လှေကား၏ ထောင့်အတိုင်းအတာများကို တိကျစွာ စတင်တိုင်းတာတော့သည်။ သူသည် အချက်အလက်အားလုံးကို သူ၏ မှတ်စုစာအုပ်ထဲတွင် အဆက်မပြတ် မှတ်သားနေပြီး အသေးစိတ်အချက်တိုင်း တိကျမှန်ကန်စေရန် သေချာအောင် လုပ်ဆောင်နေ၏။
တိုင်းတာရေးလုပ်ငန်းများမှာ စနစ်တကျ ရှေ့ဆက်နေသည်။ အာလူးမည်းလေးသည် မှော်ပဲစေ့ ဓာတ်လှေကား တပ်ဆင်ခြင်းကို ထိခိုက်စေနိုင်သည့် မည်သည့် အသေးစိတ်အချက်ကိုမျှ လွတ်သွားခြင်းမရှိပေ။ သူသည် နောင်တစ်ချိန်တွင် ဓာတ်လှေကား ဘေးကင်းလုံခြုံစွာ လည်ပတ်နိုင်စေရန် လှေကားထောင့်၏ အလေးချိန်ခံနိုင်ရည်ကိုပင် စစ်ဆေးခဲ့သည်။ တိုင်းတာမှုများ ပြီးဆုံးသွားသော်လည်း အာလူးမည်းလေးမှာ မရပ်နားသေးပေ။ သူသည် အပြာရောင်အလင်းဝိုင်းထဲမှ သေးငယ်သော ကိရိယာတစ်ခုကို ထုတ်ယူကာ ခပ်ဖွဖွ နှိပ်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ လေထဲသို့ ကြွတက်သွားတော့၏။ သူသည် လေထဲတွင် ပေါ့ပါးလှသော လိပ်ပြာတစ်ကောင်ကဲ့သို့ ဖျတ်လတ်စွာ လှုပ်ရှားရင်း တည်းခိုခန်း၏ အထပ်တိုင်းကို လိုက်လံစစ်ဆေးနေသည်။
သူသည် မည်သည့် အသေးစိတ်အချက်ကိုမျှ လွတ်သွားခြင်း မရှိဘဲ မှော်ပဲစေ့ ဓာတ်လှေကား၏ လုပ်ဆောင်ချက်ကို အမြင့်ဆုံး ရရှိစေရန်အတွက် ဓာတ်လှေကားတွင်း မည်မျှဖောက်ရမည်နှင့် ၎င်းတို့ကို မည်သို့ စီစဉ်ရမည်ကို သေချာစွာ စဉ်းစားနေခြင်း ဖြစ်သည်။ လေထဲတွင် တစ်ပတ်လှည့်ပတ်ကြည့်ရှုပြီးနောက် အာလူးမည်းလေးသည် မြေပြင်သို့ ပြန်လည်ဆင်းသက်လာခဲ့၏။ သူသည် ထူထဲလှသော စာရင်းစာအုပ်နှင့် ငှက်တောင်စုတ်တံတစ်ခုကို ထုတ်ကာ အလေးအနက် စတင် တွက်ချက်တော့သည်။ သူ၏ မျက်မှောင်များမှာ တွန့်ချိုးနေပြီး သူ၏ စုတ်တံထိပ်ဖျားမှာ စာရင်းစာအုပ်ပေါ်တွင် အရှိန်အဟုန်ဖြင့် ကခုန်နေ၏။ တစ်ခါတစ်ရံတွင် တွေးတောရန် ခဏရပ်နားလိုက်ပြီးနောက် ဆက်လက် တွက်ချက်ပြန်သည်။ လုပ်ငန်းစဉ်တစ်ခုလုံးမှာ ဆယ်မိနစ်ခန့် ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် သူသည် မှော်ပဲစေ့ ဓာတ်လှေကား တပ်ဆင်ခအတွက် စျေးနှုန်းကို ပေးလိုက်၏။
စုဟယ်သည် စိတ်လှုပ်ရှားစွာဖြင့် ဈေးနှုန်းစာရွက်ကို ယူလိုက်သည်။ ဤစာရွက်ထဲတွင် အဆောက်အဦးပိုင်းဆိုင်ရာ ကုန်ကျစရိတ်များ၊ ပစ္စည်းဖိုးများ၊ လုပ်အားခများနှင့် အခြားသော ကုန်ကျစရိတ်များအားလုံးကို အသေးစိတ် ဖော်ပြထားသည်။ နောက်ဆုံးကျသင့်ငွေမှာ ယွမ် (၃၀၀,၀၀၀) ဖြစ်၏။
128
"ယွမ် (၃၀၀,၀၀၀)"
စုဟယ်၏ အသံမှာ စူးရှသွားပြီး ထိုကိန်းဂဏန်းသည် လေထုထဲတွင် ပဲ့တင်ထပ်သွားတော့သည်။ မှန်လုံမီးဖိုချောင်ထဲတွင် မုန့်လုပ်နေသည့် ဟုန်လျန် မှာ စိုးရိမ်တကြီး လှမ်းကြည့်လာ၏။ သူမသည်လည်း စုဟယ်၏ အော်သံကို ကြားလိုက်ရခြင်း ဖြစ်သည်။ မစ္စကျိမှာလည်း ဘာဖြစ်သွားသည်ကို မသိဘဲ ကြောင်တောင်တောင်နဲ့ မော့ကြည့်နေရှာသည်။
စုဟယ်၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး မျက်လုံးအိမ်ထဲမှပင် ထွက်ကျလာတော့မည့်အတိုင်း ဖြစ်နေသည်။ သူမသည် နောက်တစ်ကြိမ် ထပ်အော်မိမည်ကို စိုးရိမ်သဖြင့် သွားများကို တင်းတင်းကြိတ်ကာ ပါးစပ်ကို ပိတ်ထားလိုက်ရ၏။ ဤသည်မှာ တကယ့်ကို ဓားပြတိုက်နေခြင်းပင်။ ဓာတ်လှေကား တပ်ဆင်ခမှာ ဘာကြောင့် ဓာတ်လှေကားတန်ဖိုးနီးပါး ဈေးကြီးနေရသနည်း။ စုဟယ်မှာ ငိုချင်စိတ်ပင် ပေါက်လာတော့သည်။
"နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလားဟင်"
အာလူးမည်းလေး၏ မျက်နှာပေးမှာ တည်ကြည်နေပြီး ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းပြလိုက်သည်။စုဟယ်သည် ထိုင်ချလိုက်ပြီး သနားစဖွယ် ပုံစံဖြင့် ဈေးဆစ်တော့သည်။
"ကျွန်မမှာ တကယ်ကို ပိုက်ဆံမရှိတော့လို့ပါ၊ ကျေးဇူးပြုပြီး နည်းနည်းလောက် လျှော့ပေးပါနော်"
အာလူးမည်းလေးသည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မကြုံဖူးသည်မှာ သိသာလှသည်။ သူသည် သူ၏ခြေထောက်ကို ပြန်ဆွဲထုတ်ရန် ကြိုးစားသော်လည်း စုဟယ်မှာ သူ့ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားလေ၏။ အာလူးမည်းလေးမှာ တကယ်ကို ဘာလုပ်ရမှန်းမသိ ဖြစ်သွားတော့သည်။ သူသည် ယခင်က ဆောက်လုပ်ရေးပစ္စည်းများကို တိတ်တဆိတ် ယူထားခဲ့မိသည်ကို သတိရသွားပြီး သူ၏ ရှုပ်ပွနေသော ဆံပင်များကို ကုပ်ခြစ်ရင်း ဈေးနှုန်းစာရွက်ပေါ်မှ အချက်အလက်အချို့ကို ပြင်ဆင်ပေးလိုက်၏။
"ယွမ် (၂၉၃,၇၆၂)"
စုဟယ်မှ အသစ်ထွက်လာသော ဈေးနှုန်းကို ကြည့်လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ အာလူးမည်းလေးသည် အပြာရောင် ဟင်းလင်းပြင်ဥမင်လိုဏ်ခေါင်းထဲသို့ ခြေတစ်ဖက်ပင် လှမ်းဝင်ထားပြီးဖြစ်၏။ စုဟယ်သာ ထပ်ပြီး ဈေးဆစ်ဦးမည်ဆိုလျှင် သူထွက်ပြေးတော့မည့် ပုံစံမျိုး ဖြစ်နေသည်။ စုဟယ်သည် နှမြောတသစိတ်ဖြင့် စနစ်ပေါ်တွင် ငွေပေးချေလိုက်၏။ အာလူးမည်းလေးသည် ဤကိစ္စတွင် မကျွမ်းကျင်လှပေ။ သူမ ငိုတောင်မငိုရသေးမီ သူသည် ထွက်ပြေးရန် ပြင်နေပြီ ဖြစ်ရာ ဤသည်မှာ သူမ၏ သရုပ်ဆောင်မှုကို အတော်လေး အဟန့်အတား ဖြစ်စေသည်။
စုဟယ်ထံမှ ငွေကို လက်ခံရရှိပြီးနောက် အာလူးမည်းလေးသည် စုဟယ်မှာ သူ့ကို ထပ်မံဈေးဆစ်ရန် ဆွဲထားမည်ကို စိုးရိမ်သဖြင့် တည်းခိုခန်း၏ လှေကားထောင့်ဆီသို့ အမြန် ပြေးသွားတော့သည်။ အာလူးမည်းလေးသည် အချိန်နှင့် ဟင်းလင်းပြင်ဥမင်ထဲမှ အတားအဆီးများကို ထုတ်ယူကာ အထပ်တိုင်းရှိ လှေကားထောင့်များကို ပိတ်ဆို့လိုက်ပြီး လက်ရန်းများကိုပါ ထိုအတားအဆီးများအတွင်း ထည့်သွင်းလိုက်၏။ လူများ သွားလာနိုင်ရန်အတွက် လှေကားပေါ်တွင် ကျဉ်းမြောင်းသော လမ်းကြောင်းလေးတစ်ခုသာ ချန်ထားခဲ့သည်။ ထို့နောက် သူသည် ထက်မြက်လှသော ဖြတ်တောက်ရေး ကိရိယာတစ်ခုကို ထုတ်ယူကာ နံရံကို တိကျစွာ စတင်ဖြတ်တောက်တော့၏။ မှော်ကိရိယာများ၏ အာနိသင်ကြောင့် လှေကားထောင့်နံရံမှာ တို့ဖူးကဲ့သို့ ဖြစ်သွားဟန်တူသည်။ အာလူးမည်းလေးသည် နံရံကို အားစိုက်စရာမလိုဘဲ ဖောက်လိုက်ရာ သပ်ရပ်လှသော မှော်ပဲစေ့ ဓာတ်လှေကားဝင်ပေါက်များ ဖြစ်ပေါ်လာသည်။ အထပ်တိုင်းရှိ မှော်ပဲစေ့ ဓာတ်လှေကားဝင်ပေါက်များကို တည်ဆောက်ပုံ ခိုင်ခံ့စေရန်နှင့် လှပတင့်တယ်စေရန်အတွက် သေချာစွာ ဒီဇိုင်းထုတ်ထားခြင်းဖြစ်၏။ အထပ်တိုင်းရှိ လုပ်ငန်းများ ပြီးစီးပြီးနောက် အာလူးမည်းလေးသည် လှေကားများကိုပါ စေ့စေ့စပ်စပ် ပြုပြင်ပေးခဲ့သည်။ သူသည် လှေကားများကို အနည်းငယ် ဖြတ်တောက်ပြီး လက်ရန်းကို အတွင်းဘက်သို့ ရွှေ့လိုက်ရာ မှော်ပဲစေ့ ဓာတ်လှေကား တပ်ဆင်ရန်အတွက် နေရာလွတ် ပိုထွက်လာ၏။ ထိုနည်းဖြင့် မှော်ပဲစေ့ ဓာတ်လှေကား အဝင်ဝမှာ အလွန်အမင်း ကျဉ်းမြောင်းမနေတော့ဘဲ ဧည့်သည်များအတွက် အသုံးပြုရန် ပိုမိုအဆင်ပြေသွားမည် ဖြစ်သည်။
နောက်တစ်ဆင့်တွင် အာလူးမည်းလေးသည် မှော်ပဲစေ့ ဓာတ်လှေကားကို စတင်စိုက်ပျိုးတော့သည်။ သူသည် ပထမထပ်သို့ ပြန်ဆင်းလာပြီး လှေကားထောင့်၏ အလယ်ဗဟိုတွင် "ဂျက်၏ မှော်ပဲစေ့များ" ကို စိုက်ပျိုးကာ ၎င်းတို့ ပေါက်ရောက်မှုကို လမ်းညွှန်ပေးလိုက်၏။ မကြာမီမှာပင် ဂျက်၏ မှော်ပဲစေ့များမှာ စတင်အညှောက်ပေါက်လာပြီး နွယ်ပင်များမှာ အထပ်တစ်ခုချင်းစီကို ဖြတ်သန်းကာ အထက်သို့ လျင်မြန်စွာ ပေါက်ရောက်သွားတော့သည်။ နောက်ဆုံးတွင် ကြီးမားလှသော အရွက်များ ဖြာထွက်လာ၏။ ထိုအရွက်များမှာ ဧည့်သည်များ စီးနင်းရမည့် စင်္ကြံများ ဖြစ်ပြီး သာမန်အပင်မှ အရွက်များနှင့် မတူပေ။ ၎င်းတို့ကို မှော်ပညာဖြင့် အားဖြည့်ထားသဖြင့် ခရီးသည် အများအပြားကို ဘေးကင်းစွာ သယ်ဆောင်နိုင်ရန် လုံလောက်သော ကြံ့ခိုင်မှုနှင့် တည်ငြိမ်မှု ရှိသည်။ အရွက်များ၏ မျက်နှာပြင်ကို နူးညံ့ပြီး ရုန်းကန်အားရှိသော ဇီဝပစ္စည်းများဖြင့် ဖုံးအုပ်ထားသဖြင့် မတ်တပ်ရပ်နေသူ သို့မဟုတ် ထိုင်နေသူ ခရီးသည်များအတွက် သက်သောင့်သက်သာ ရှိစေ၏။ အံ့ဩစရာအကောင်းဆုံး အချက်မှာ ထိုအရွက်များမှာ ငြိမ်နေခြင်းမျိုး မဟုတ်ဘဲ အလယ်ဗဟိုရှိ နွယ်ပင်မကြီးကို ဗဟိုပြုကာ လည်ပတ်နေခြင်း ဖြစ်သည်။ ထိုဒီဇိုင်းကြောင့် မှော်ပဲစေ့ ဓာတ်လှေကားမှာ အထပ်အများအပြားကို တစ်ပြိုင်နက်တည်း ဝန်ဆောင်မှု ပေးနိုင်ခြင်းဖြစ်၏။ အရွက်တစ်ခုချင်းစီကို မတူညီသော အထပ်များသို့ သွားရန်အတွက် သီးခြားစီ ထိန်းချုပ်နိုင်သည်။ အရွက်တစ်ခုမှာ ဧည့်သည်များကို ခြောက်ထပ်သို့ ပို့ဆောင်နေချိန်တွင် အခြားအရွက်တစ်ခုမှာ အခြားဧည့်သည်တစ်စုကို နှစ်ထပ်သို့ တစ်ပြိုင်နက်တည်း ပို့ဆောင်နိုင်ရာ မှော်ပဲစေ့ ဓာတ်လှေကား၏ လည်ပတ်မှု စွမ်းဆောင်ရည်ကို များစွာ မြှင့်တင်ပေးသည်။
"ဂျက်၏ မှော်ပဲစေ့များ" ကို စနစ်မှ ပြုပြင်ထားသဖြင့် အသုံးပြုရသည်မှာ ပိုမိုလွယ်ကူသည်။ မှော်ပဲစေ့ ဓာတ်လှေကား အတွင်းတွင် အဆင့်မြင့် ချစ်ပ်များကို မြှုပ်နှံထားပြီး ၎င်း၏ ကြီးထွားမှု ပြီးဆုံးသွားသောအခါ ဓာတ်လှေကား၏ အလယ်ဗဟိုရှိ နွယ်ပင်တွင် စနစ်ထိန်းချုပ်ဘောင် တစ်ခု ပေါ်လာသည်။ ဧည့်သည်များအနေဖြင့် ဓာတ်လှေကားအတွင်းရှိ ထိန်းချုပ်ဘောင်ပေါ်တွင် သူတို့သွားလိုသော အထပ်ကို ရွေးချယ်လိုက်ရုံဖြင့် မှော်ပဲစေ့ ဓာတ်လှေကားမှာ သူတို့၏ ဦးတည်ရာသို့ အလိုအလျောက် ပို့ဆောင်ပေးမည် ဖြစ်၏။ ထိုထိန်းချုပ်ဘောင်တွင် ပိုမိုကောင်းမွန်သော ပုဂ္ဂိုလ်ရေး လုံခြုံမှုအတွက် မျက်နှာမှတ်မိခြင်းစနစ်နှင့် အခန်းကတ်မှတ်မိခြင်းစနစ်များကိုပါ ထည့်သွင်းထားသည်။ ထိန်းချုပ်ဘောင်ပေါ်ရှိ အထပ်ခလုတ်ကို အသာအယာ ထိလိုက်သည်နှင့် စနစ်သည် ထိုအထပ်နှင့် အနီးဆုံးရှိ အရွက်ကို အလိုအလျောက် တာဝန်ပေးလိုက်မည် ဖြစ်၏။ အရွက် လည်ပတ်လာသည်နှင့်အမျှ ၎င်းသည် လိုအပ်သလို အရှိန်နှင့် လမ်းကြောင်းကို ချိန်ညှိကာ ခရီးသည်များ သူတို့၏ ဦးတည်ရာသို့ ဘေးကင်းတိကျစွာ ရောက်ရှိစေရန် ဆောင်ရွက်ပေးသည်။
ညဉ့်မှောင်လာသည့်အခါ မှော်ပဲစေ့ ဓာတ်လှေကား၏ အရွက်များမှာ ညကောင်းကင်ယံမှ ကြယ်ပွင့်များကဲ့သို့ နူးညံ့သော အလင်းရောင်များဖြင့် တောက်ပနေမည်ဖြစ်ရာ ဓာတ်လှေကားကို လျှို့ဝှက်ဆန်းပြားသော အလှတရားတစ်ခု ထပ်လောင်းပေးမည် ဖြစ်သည်။ အာလူးမည်းလေးသည် မှော်ပဲစေ့ ဓာတ်လှေကားကို တပ်ဆင်ပြီးသွားသောအခါ စုဟယ်သည် ဓာတ်လှေကား အဝင်ဝတွင် ရပ်ကာ ယွမ် (၆၀၀,၀၀၀) အကုန်အကျခံ တည်ဆောက်ထားသည့် ထိုဓာတ်လှေကားကို ငေးကြည့်နေမိ၏။ သူမသည် ၎င်းကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်စီးနင်းကြည့်ရန် အလွန်ပင် စိတ်အားထက်သန်နေပြီ ဖြစ်သည်။ ဤမှော်ပဲစေ့ ဓာတ်လှေကားမှာ သူမအတွက် မည်ကဲ့သို့သော အံ့အားသင့်စရာများကို ယူဆောင်လာပေးမည်နည်းဆိုသည်ကို သူမ သိချင်နေ၏။
စုဟယ်သည် ရှေ့သို့ ခြေလှမ်းလှမ်းလိုက်ပြီး ဓာတ်လှေကား၏ ထိန်းချုပ်ဘောင်ကို အသာအယာ ထိလိုက်သည်။ ချောမွေ့လှသော ထိန်းချုပ်ဘောင်၏ ထိတွေ့မျက်နှာပြင်မှ အပြာနုရောင် အလင်းဖျော့ဖျော့ ထွက်ပေါ်လာပြီး အထပ်ခလုတ်များကို သပ်ရပ်စွာ စီစဉ်ထား၏။ စုဟယ်သည် ခြောက်ထပ်ခလုတ်ကို နှိပ်လိုက်သည်။
"ဟင် လှည့်လို့ရတဲ့ခလုတ်လည်း ပါတာလား"
စုဟယ်သည် ထိန်းချုပ်ဘောင်ပေါ်ရှိ လှည့်ရသော ခလုတ်ဝိုင်းလေးကိုကြည့်လိုက်သည်။ ၎င်းမှာ မျက်နှာကြက် ပန်ကာခလုတ်နှင့် အတိအကျပင် တူလှ၏။ စူးစမ်းလိုစိတ်မှ တွန်းအားပေးသဖြင့် သူမသည် ထိုခလုတ်ကို အဆုံးအထိ လှည့်ချလိုက်သည်။ စက်သံ ခပ်တိုးတိုးနှင့်အတူ သူမခြေထောက်အောက်ရှိ အရွက်မှာ အနည်းငယ်တုန်ခါသွားသည်ကို စုဟယ် ခံစားလိုက်ရပြီးနောက် ပြင်းထန်သော အားတစ်ခုမှာ သူမကို အရွက်ပေါ်တွင် မြဲမြံစွာဖိကပ်ထားလိုက်၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမသည် အမြောက်ကျည်ဆန်တစ်ခုကဲ့သို့ ပစ်လွှတ်ခံလိုက်ရသလို ခံစားလိုက်ရပြီး အံ့ဩစရာ ကောင်းလှသော အရှိန်ဖြင့် ခြောက်ထပ်သို့ ဒုံးပျံလို မြင့်တက်သွားတော့သည်။ သူမပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ဝေဝါးသွားပြီး သူမ၏နားထဲတွင်လည်း လေတိုးသံများ ဆူညံသွားကာ နားအူသွား၏။ ထိုခဏချင်းမှာပင် သူမ၏ နှလုံးခုန်သံမှာ စည်းချက်လွဲသွားပြီး ရင်ဘတ်ထဲမှ ထွက်ကျမတတ် ဖြစ်သွားသည်။ အရွက်မှာ ခြောက်ထပ်တွင် ငြိမ်သက်စွာ ရပ်တန့်သွားချိန်၌ စုဟယ်မှာ ခုနက ကြုံတွေ့ခဲ့ရသော ပြင်းထန်သည့် ရင်ခုန်လှုပ်ရှားမှုထဲတွင် နစ်မြောနေဆဲပင် ဖြစ်၏။ သူမသည် တဒိန်းဒိန်းခုန်နေသော နှလုံးသားကို တည်ငြိမ်အောင်ထိန်းရင်း ရင်ဘတ်ကို ဖိထားလိုက်သည်။
"ဒါ ဒါက တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတာဘဲ"
ထိုခလုတ်မှာ တကယ်တော့ အရှိန်ထိန်းခလုတ်ဖြစ်နေသည်ကိုး။