← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

139

လီနီယာသည် သူမပန်းကန်ထဲသို့ ယိုကို အကြိမ်ကြိမ် ထည့်စားနေမိရာမှ နောက်ထပ်မကြည့်မိစေရန် သူမကိုယ်သူမ အပြင်းအထန် ထိန်းချုပ်လိုက်ရသည်။ ထိုစဉ် တံခါးဝမှ လေတိုးသံနှင့်အတူ ဧည့်သည်အချို့ အလျင်အမြန် ဝင်လာကြ၏။ သူတို့လက်ထဲတွင် အပူထိန်းဗူး အကြီးကြီးများကို ကိုင်ဆောင်ထားကြပြီး ဗူးပေါ်ရှိ ပလတ်စတစ် အကြည်လွှာများပင် မခွာရသေးသည်ကို ကြည့်ခြင်းဖြင့် ယခုလေးတင် အသစ်ဝယ်လာခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။ သူတို့သည် ဆန်ပြုတ်အိုးကြီးရှိရာသို့ တန်းတန်းမတ်မတ် သွားကြပြီး ဘေးရှိ ယောင်မကြီးကို ယူကာ အငွေ့တထောင်းထောင်း ထနေသော ဆန်ပြုတ်များကို သူတို့၏ အပူထိန်းဗူးများထဲသို့ ဂရုတစိုက် စတင်လောင်းထည့်ကြ၏။ သူတို့ လှုပ်ရှားလိုက်တိုင်း ဆန်ပြုတ်ရနံ့မှာ လေထဲတွင် ပျံ့လွင့်သွားရာ လီနီယာမှာ ဆန်ပြုတ်၏ အရသာကို ချက်ချင်း ပြန်လည်အမှတ်ရသွားပြီး သူတို့ကို မသိမသာ ငေးကြည့်နေမိတော့သည်။ ဧည့်သည်တစ်ဦးမှာ သူမကို ရှင်းပြ၏။

"နောက်ထပ် (၅) ယွမ် ထပ်ပေးရုံနဲ့ အပူထိန်းဗူးအပြည့် ဆန်ပြုတ်ကို ပါဆယ်ထုတ်လို့ ရတယ်လေ"

လီနီယာသည် တံတွေးပင် မျိုချမိသွားသည်။ သူမသည် ထိုဧည့်သည်များကို အပူထိန်းဗူး ဘယ်မှာဝယ်သနည်းဟု မေးမြန်းလိုက်ပြီး ညစာအတွက် ဆန်ပြုတ်အချို့ ပါဆယ်ထုတ်သွားရန် စီစဉ်လိုက်တော့၏။ လီနီယာသည် ဝယ်လာသော အပူထိန်းဗူးဖြင့် တည်းခိုခန်းသို့ ပြန်ရောက်လာသည့်အခါ ဧည့်ကြိုကောင်တာတွင် စုဟယ်ကို တွေ့သဖြင့် သွားရောက် စကားပြောလိုက်သည်။ စုဟယ်မှာ လီနီယာ၏ လက်ထဲရှိ အပူထိန်းဗူးကို မြင်သည်နှင့် ရင်းနှီးကျွမ်းဝင်စွာပင် မေးလိုက်သည်။

"(၅) ယွမ်ပါရှင်၊ QR Code နဲ့ ပေးမလား၊ ငွေသားလား"

လီနီယာ ငွေပေးချေပြီးသော်လည်း ချက်ချင်းမထွက်သွားသေးဘဲ မေးမြန်းလိုက်သည်။

"သူဌေးမ၊ ကျွန်မ ဒီယိုတွေကိုရော ဝယ်လို့ရမလား"

စုဟယ်သည် လတ်ဆတ်သော မက်မွန်ရနံ့လေးကို ရလိုက်သဖြင့် လီနီယာ ယိုစားထားသည်ကို သိလိုက်သည်။ သို့သော် စုဟယ်၏ မျက်နှာတွင် အနည်းငယ် အခက်တွေ့သွားသည့် အရိပ်အယောင် ပေါ်လာ၏။ နတ်မက်မွန်ပင်နှစ်ပင်သည် တစ်နေ့လျှင် မက်မွန်သီး အလုံး (၂၀) သာ ထွက်ရှိသည်။ ယို၏ရနံ့ကို ထင်ရှားစေရန်အတွက် လျူရှန်းသည် ယိုချက်ရာတွင် ရေကို တတ်နိုင်သမျှ အနည်းဆုံးသာ သုံးထားသဖြင့် မက်မွန်သီး အလုံး (၂၀) လျှင် တစ်ခါချက်လျှင် (၅) ဗူးခန့်သာထွက်၏။ ဤယိုမှာ အလွန်ပင် ရေပန်းစားလှသည်။ ဧည့်သည်အများအပြားမှာ ယိုကို အလွတ်စားခြင်း သို့မဟုတ် ဆန်ပြုတ်အချိုထဲ ထည့်မွှေကာ "မက်မွန်ဆန်ပြုတ်ချို" အဖြစ် ဖန်တီးစားသောက်ကြသဖြင့် ယိုမှာ အလွန်ပင် အကုန်မြန်လှသည်။

"တောင်းပန်ပါတယ် ဧည့်သည်ရှင်၊ အရေအတွက် ကန့်သတ်ချက် ရှိနေတာကြောင့် ကျွန်မတို့ဆီက ယိုကို လောလောဆယ် ရောင်းချပေးဖို့မရှိသေးပါဘူး"

စုဟယ် အားနာစွာ ပြောလိုက်သည်။ ငြင်းပယ်ခံရသော်လည်း လီနီယာမှာ စိတ်မပျက်သွားပေ။ ယင်းအစား သူမ အကြံပြုချက်တစ်ခု ပေးလိုက်သည်။

"သူဌေးမ ဒီယိုကို သုံးပြီးတော့ သကြားလုံးလေးတွေ လုပ်လို့မရဘူးလား"

"သကြားလုံး"

စုဟယ် ထိုအချက်ကို တစ်ခါမျှ မတွေးဖူးပေ။ လီနီယာ ဆက်ရှင်းပြသည်။

"ကျွန်မ အရင်က ဂျပန်ကထုတ်တဲ့ ခံတွင်းနံ့သန့်စင်တဲ့ သကြားလုံးတွေ ဝယ်ဖူးတယ်၊ တကယ်လို့ ဒီယိုကို ခံတွင်းနံ့သန့်စင်တဲ့ သကြားလုံးအဖြစ် လုပ်နိုင်မယ်ဆိုရင် အဲဒီဂျပန်က သကြားလုံးတွေထက် အများကြီးပိုပြီး ထိရောက်မှာ သေချာတယ်"

သူမပါးစပ်အတွင်းရှိ မက်မွန်ရနံ့မှာ ယခုအချိန်အထိ အချိန်ကြာမြင့်စွာ ကျန်ရှိနေဆဲ ဖြစ်သည်။ စုဟယ်သည် အွန်လိုင်းတွင် ရှာဖွေကြည့်ရာ "ခံတွင်းနံ့သန့်စင်တဲ့ သကြားလုံး" ဆိုသည့်အရာကို အမှန်တကယ် တွေ့ရှိသွား၏။ သို့သော် ထိုသကြားလုံးများအပေါ် ပေးထားသော Review များမှာ မကောင်းလှပေ။ လူအများစုမှာ ဈေးကြီးပြီး အရသာမရှိကြောင်း၊ အရက်နံ့ ထွက်ကြောင်းနှင့် အနံ့မှာ နာရီဝက်ခန့်သာ ခံပြီး ချက်ချင်း ပျောက်သွားကြောင်း၊ အရေးပေါ် အခြေအနေမျိုးအတွက်သာ သုံးသင့်ကြောင်း ပြောထားကြသည်။ စုဟယ် စိတ်ဝင်စားသွား၏။

"ဧည့်သည် အခုပဲ စမ်းလုပ်ကြည့်ရအောင်၊ တကယ်လို့ အောင်မြင်သွားရင် ရှင့်ကို အချို့ လက်ဆောင်ပေးပါ့မယ်"

လီနီယာ၏မျက်နှာမှာ ဝင်းလက်သွားပြီး ချက်ချင်းပင် သဘောတူလိုက်သည်။

"ကျေးဇူးတင်ပါတယ် သူဌေးမ ကျွန်မလည်း အားနေတာနဲ့ အတော်ပဲ၊ စောင့်နိုင်ပါတယ်"

ယခင်က ယိုချက်ဖူးသည့် အတွေ့အကြုံရှိသဖြင့် လျူရှန်းသည် နတ်မက်မွန်သီးများကို မည်သို့ ကိုင်တွယ်ရမည်ကို ကျွမ်းကျင်နေပြီ ဖြစ်သည်။ လျူရှန်းသည် အခွံနွှာဓားကို ယူကာ မက်မွန်သီးခွံများကို နွှာလိုက်၏။ သကြားလုံးလုပ်ရန်အတွက် မက်မွန်သီးခွံ မလိုအပ်သော်လည်း လျူရှန်းမှာ ထိုအခွံများကို လွှင့်မပစ်ဘဲ နောက်မှ ယိုချက်ရန်အတွက် သိမ်းထားလိုက်သည်။ သူမသည် အခွံနွှာပြီး အတုံးသေးလေးများ တုံးထားသော မက်မွန်သီးများကို ကြိတ်စက် ထဲသို့ ထည့်လိုက်၏။ ခဏအကြာတွင် မက်မွန်သီးတုံးလေးများမှာ လှပသော အရောင်အသွေးနှင့် မွှေးပျံ့သော ဖျော်ရည်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဤလုပ်ငန်းစဉ်အတွင်း လျူရှန်းသည် လီမွန်ရည်အချို့ကိုလည်း ညှစ်ထည့်လိုက်သည်။ ယင်းမှာ သကြားလုံး၏ အရသာကို ပိုမိုကောင်းမွန်စေရုံသာမက ဖျော်ရည် အရောင်မပြောင်းသွားစေရန်လည်း ကူညီပေး၏။

နောက်တစ်ဆင့်တွင် လျူရှန်းသည် ကြိတ်ထားသော မက်မွန်ရည်ကို ဇကာဖြင့်စစ်လိုက်သည်။ ဇကာကို အားရပါးရ ခါထုတ်လိုက်ရာ အဖတ်များနှင့် အစေ့များကို ဖယ်ထုတ်နိုင်ခဲ့ပြီး စင်ကြယ်သော ဖျော်ရည်ကိုရရှိခဲ့သည်။ ဤကဲ့သို့ စင်ကြယ်သော ဖျော်ရည်မှာ သကြားလုံးလုပ်ရန်အတွက် ပိုမိုသင့်တော်၏။ သကြားကို ကျိုချက်ခြင်းမှာ အရေးအကြီးဆုံး အဆင့်ဖြစ်သည်။ စစ်ထားသော မက်မွန်ရည်ကို အိုးမကပ်သော ဒယ်အိုးထဲသို့ လောင်းထည့်ပြီးနောက် သကြား အသင့်အတင့်ကို ထည့်လိုက်သည်။ လျူရှန်းသည် အိုးကို မီးဖိုပေါ်တင်ကာ မီးပြင်းပြင်းဖြင့် သကြားရည်ကို ဆူအောင် တည်လိုက်၏။ အပူချိန် မြင့်တက်လာသည်နှင့်အမျှ သကြားများမှာ တဖြည်းဖြည်း အရည်ပျော်လာပြီး သကြားရည်မှာ ပွက်ပွက်ဆူလာသည်။ ထိုအချိန်တွင် လျူရှန်းမှာ အပူချိန်ကို လျှော့ချလိုက်ပြီး သကြားရည်များ မကပ်စေရန်နှင့် အပူညီမျှစေရန်အတွက် ကော်ယောက်မဖြင့် အဆက်မပြတ် မွှေပေးနေသည်။ ကျိုချက်နေစဉ်အတွင်း လျူရှန်းသည် တူတစ်ချောင်းကို သကြားရည်ထဲ နှစ်လိုက်ပြီးနောက် ရေအေးထဲသို့ ချက်ချင်း ထည့်ကာ သကြားရည်၏ အပြောင်းအလဲကို စစ်ဆေး၏။ တူပေါ်ရှိ သကြားရည်မှာ ချက်ချင်း မာသွားသည့်အခါ သကြားရည်မှာ အသင့်ဖြစ်ပြီဖြစ်ကြောင်း ညွှန်ပြနေသည်။ လျူရှန်းသည် ချက်ချင်းပင် မီးပိတ်လိုက်ပြီး သကြားရည်ကို အနည်းငယ် အအေးခံကာ အသင့်ပြင်ထားသော ပုံစံခွက်များထဲသို့ လောင်းထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ကာ အအေးခံလိုက်၏။

သကြားလုံးမာစေရန် အချိန်အနည်းငယ် စောင့်ရမည်ဖြစ်သော်လည်း စုဟယ်မှာ မစောင့်နိုင်တော့ပေ။ သူမသည် အိုးဘေးတွင် ကပ်နေသော သကြားအကြွင်းအကျန်များကို မြည်းစမ်းရန် ဆုံးဖြတ်လိုက်သည်။ စုဟဲသည် သကြားအပိုင်းအစတစ်ခုကို ကောက်ယူကာ ပါးစပ်ထဲ ထည့်လိုက်၏။ သကြားလုံးမှာ ပူနေသေးသော်လည်း သူမ ဂရုမစိုက်ပေ။ သကြားလုံးမှာ ပါးစပ်ထဲသို့ ရောက်သည်နှင့် တဖြည်းဖြည်း အရည်ပျော်လာပြီး သင်းပျံ့သော အချိုရနံ့လေးကို ထုတ်လွှတ်လိုက်သည်။ မက်မွန်သီးဖြင့် အဓိက လုပ်ထားခြင်းကြောင့် ၎င်း၏ အရသာမှာ အခြားသကြားလုံးများကဲ့သို့ အလွန်အမင်း ချိုလွန်းခြင်း မရှိပေ။ သကြား၏ စင်ကြယ်သော အချိုဓာတ်မှာ မက်မွန်သီးနှင့် အပြည့်အဝ ပေါင်းစပ်သွားရာ ယိုကဲ့သို့ ထင်ရှားသော အရသာမျိုး မဟုတ်သော်လည်း ထူးခြားသော အရသာတစ်ခုကို ပေးစွမ်းသည်။ သကြားလုံးထဲမှ မက်မွန်အရသာမှာ ခပ်ဖျော့ဖျော့သာ ဖြစ်သော်လည်း လတ်ဆတ်မှုကို ခံစားရရန် လုံလောက်၏။ ဤအရသာမှာ လတ်ဆတ်သော မက်မွန်သီးကဲ့သို့ တိုက်ရိုက် မသိသာသော်လည်း နူးညံ့သိမ်မွေ့သော အချိုရနံ့မျိုး ဖြစ်သည်။ ၎င်းမှာ ပါးစပ်ထဲတွင် တဖြည်းဖြည်း ပျံ့နှံ့သွားပြီး အချိန်ကြာမြင့်စွာ အရသာကျန်ရစ်စေ၏။

သကြားလုံး၏ အထိအတွေ့မှာ အပြည့်အဝ မမာသေးသော်လည်း အနည်းငယ် မာစပြုလာပြီ ဖြစ်ရာ ဝါးလိုက်သည့်အခါ တကျွတ်ကျွတ်မြည်နေသည်မှာ စုဟယ်အတွက် အလွန်ပင် ထူးဆန်းနေသည်။ အရေးအကြီးဆုံးမှာ စုဟယ် မျှော်လင့်ထားသည့် မက်မွန်ရနံ့မှာ လုံးဝ ပျောက်ကွယ်မသွားဘဲ ကျန်ရှိနေခြင်းပင်။ စုဟယ် လေကို မှုတ်ထုတ်လိုက်သည့်အခါ သင်းပျံ့သော မက်မွန်ရနံ့လေး ထွက်ပေါ်လာသဖြင့် သူမ အလွန် ကျေနပ်သွားသည်။ လျူရှန်းလည်း မြည်းစမ်းကြည့်၏။ သူမမှာတော့ အနည်းငယ် စိတ်ပျက်သွားသည်။ မက်မွန်ယိုနှင့် နှိုင်းယှဉ်လျှင် အရသာမှာ အများကြီး ကွာခြားနေသောကြောင့် ဖြစ်၏။

"သူဌေးမ ကျွန်မတို့ မက်မွန်ရည် ပိုထည့်ရမလား"

မက်မွန်သီး အကုန်အကျ သက်သာစေရန် လျူရှန်းသည် သကြားရည်ထဲသို့ မက်မွန်ရည် အများကြီး မထည့်ခဲ့ပေ။ မက်မွန်ရည် ပိုထည့်လိုက်ပါက သကြားလုံးမှာ ပို၍ အရသာရှိလာမည်ဟု သူမ ထင်မြင်သည်။ သို့သော် စုဟယ်မှာမူ အရသာထက် သကြားလုံး၏ ခံတွင်းနံ့ သန့်စင်ပေးနိုင်စွမ်းကို ပို၍ ဂရုစိုက်၏။ သူမ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

"လောလောဆယ် ဒီအတိုင်းပဲ အရင်စမ်းကြည့်ရအောင်၊ တကယ်လို့ အဆင်မပြေမှ အချိုးအစားကို ပြန်ညှိကြတာပေါ့"

လက်ရှိတွင် မက်မွန်သီး (၅) လုံးဖြင့် သကြားလုံး အလုံး (၁၀၀၀) ခန့် ပြုလုပ်နိုင်သည်။ တကယ်လို့ မက်မွန်ရည် ပမာဏကို တိုးမြှင့်လိုက်ပါက တွက်ချေကိုက်တော့မည် မဟုတ်ပေ။ စုဟယ်သည် အအေးခံထားသော သကြားလုံး အိတ်ငယ်လေးတစ်အိတ်ကို ထုပ်ပိုးကာ လီနီယာထံ ကမ်းပေးလိုက်ပြီး သူမ၏ အကြံပြုချက်အတွက် ကျေးဇူးတင်စကား ပြောလိုက်သည်။

"ကျွန်မတို့ ဆက်သွယ်ဖို့ လိပ်စာလေး ဖလှယ်ထားကြရအောင်၊ ဒီသကြားလုံးက ဘယ်လောက်အထိ ထိရောက်လဲဆိုတာကို ရှင်ကကူညီပြီး စမ်းသပ်ပေးပါဦး"

140

အလှအပရေးရာ ဘလော့ဂါတစ်ဦးအနေဖြင့် လီနီယာသည် ထုတ်ကုန်သစ်များကို သုံးသပ်တင်ဆက်ခြင်း ပြုလုပ်ရာတွင် အတွေ့အကြုံ ရင့်ကျက်လှသူဖြစ်သည်။ သူမသည် သကြားလုံးကို ရရချင်း ချက်ချင်း မမြည်းစမ်းသေးဘဲ မက်မွန်ယို၏ အာနိသင်ကို အရင်ဆုံး စောင့်ကြည့်စစ်ဆေးခဲ့၏။ မက်မွန်ယိုကို စားသုံးပြီးနောက် တစ်နေ့တာလုံး သူမ၏ ခံတွင်းမှာ လန်းဆန်းနေဆဲဖြစ်ကြောင်း တွေ့ရှိလိုက်ရရာ ယခု မက်မွန်သီး သကြားလုံး၏ သက်ရောက်မှုကိုလည်း ပိုမို၍ မျှော်လင့်မိသွားသည်။ အိမ်သို့ ပြန်ရောက်သည့်အခါတွင်မူ လီနီယာသည် မက်မွန်သကြားလုံးအတွက် သုံးသပ်မှာဗီဒီယိုကို စတင်ရိုက်ကူးတော့သည်။ သူမသည် သူမ၏ ကနဦးအခြေအနေကို အရင်ဆုံး မှတ်တမ်းတင်လိုက်၏။

"အားလုံးပဲ မင်္ဂလာပါရှင်၊ လီနီယာပါ၊ ဒီနေ့တော့ လီနီယာက သကြားလုံး Review လေးတစ်ခု လုပ်ပေးသွားပါမယ်၊ လီနီယာ အခုလေးတင် အိပ်ရာနိုးတာပါ၊ သွားတိုက်ထားတယ်ဆိုပေမဲ့ မနေ့ညက ညဉ့်နက်ထားတော့ ခံတွင်းထဲမှာ အနံ့အသက်လေး နည်းနည်း ရှိနေတုန်းပဲရှင့် "

လီနီယာသည် မက်မွန်သကြားလုံး၏ ထုပ်ပိုးမှုကို ကင်မရာသို့ ပြသလိုက်သည်။

"ဒါက ကြော်ငြာတာ လုံးဝမဟုတ်ဘူးနော်၊ ဒီမှာကြည့် ထုပ်ပိုးထားတာက အရမ်းကို ရိုးရှင်းလွန်းနေတာ၊ ဘယ်ပစ္စည်းကမှ ပလတ်စတစ်အိတ်နဲ့ ဒီအတိုင်း ထုတ်မရောင်းပါဘူး၊ ဒါက လီနီယာ ဟဲယဲ့တည်းခိုခန်းကို သွားတုန်းက သူဌေးမလေး လက်ဆောင်ပေးလိုက်တဲ့ ခံတွင်းနံ့သန့်စင်တဲ့ မက်မွန်သကြားလုံးလေးပါရှင့်၊ ဪ ဒါနဲ့ ဟဲယဲ့တည်းခိုခန်းအကြောင်း Vlog လေးကိုလည်း လီနီယာရဲ့ အရင်ဗီဒီယိုမှာ သွားကြည့်လို့ရပါတယ်နော်"

ထုတ်ကုန်ကိုပြသပြီးနောက် လီနီယာသည် ပလတ်စတစ်အိတ်ထဲမှ သကြားလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး ကျန်သောအိတ်ကို အအေးခန်းထဲသို့ အမြန်ပြန်ထည့်လိုက်သည်။ မနေ့က ခရီးဆောင်အိတ်ထဲမှာ ပါလာချိန်တွင် သကြားလုံးအချို့မှာ အနည်းငယ် အရည်ပျော်သွားသဖြင့် ပုံစံမကျတော့ဘဲ အချို့ဆိုလျှင် တစ်ခုနှင့်တစ်ခု ကပ်နေကြကာ ကြည့်ရသည်မှာ သိပ်တော့ ဆွဲဆောင်မှုမရှိလှပေ။ သို့သော် ဤအချက်သည် ကြည့်ရှုသူများအနေဖြင့် ဤဗီဒီယိုမှာ ကြော်ငြာမဟုတ်ကြောင်း ယုံကြည်သွားစေသည့် အထောက်အထားတစ်ခု ဖြစ်နေသည်။ လီနီယာသည် ကြည်လင်တောက်ပနေသော မက်မွန်ရနံ့သင်းသည့် သကြားလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်၏။ သကြားလုံး၏ အချိုဓာတ်နှင့် မက်မွန်သီး၏ လတ်ဆတ်သောရနံ့မှာ ချက်ချင်းပင် သူမ၏ ခံတွင်းထဲမှာ ပြည့်နှက်သွားပြီး စိတ်ကို ကြည်လင်သွားစေသည်။

"ဟင်း သကြားလုံးရဲ့ အရသာက တော်တော်လေး လတ်ဆတ်တယ်၊ မက်မွန်နံ့ သင်းသင်းလေးတော့ ရတယ်၊ ဒါပေမဲ့ ခြုံကြည့်မယ်ဆိုရင်တော့ သာမန်သကြားလုံး အရသာပါပဲ၊ ထွေထွေထူးထူးတော့ မရှိပါဘူး၊ တည်းခိုခန်းက မက်မွန်ယိုနဲ့ ယှဉ်ရင်တော့ အရသာက အများကြီး ကွာသွားတယ်"

လီနီယာက မျှတစွာ ဝေဖန်လိုက်သည်။ သကြားလုံး၏ အရသာမှာ အမှန်တကယ်ပင် ထူးထူးခြားခြား ထင်ပေါ်နေခြင်း မရှိပေ။

"ဒါပေမဲ့ ဒီသကြားလုံးက ပါးစပ်ထဲရောက်တာနဲ့ မွှေးပျံ့တဲ့ ခံစားချက်ကို ချက်ချင်းပေးနိုင်တယ်"

လီနီယာသည် သူမ၏ လျှာကိုပင် ထုတ်ပြလိုက်သေးသည်။ ယင်းက ဤမက်မွန်သကြားလုံးတွင် အရောင်ဆိုးဆေးများနှင့် အနံ့တုများ မပါဝင်ကြောင်း သက်သေပြလိုက်ခြင်းဖြစ်၏။ သကြားလုံးကို စားပြီးနောက် လီနီယာသည် အချိန်အပိုင်းအခြားအလိုက် ဆက်တိုက် စမ်းသပ်မှုကို စတင်သည်။ သူမသည် အချိန်အပိုင်းအခြားအလိုက် သူမ၏ ခံတွင်းအနံ့ကို စစ်ဆေးပြီး ရနံ့မည်မျှ ကြာရှည်ခံသည်ကို မှတ်တမ်းတင်၏။ သကြားလုံး စားပြီး (၃) နာရီ ကြာသွားသည့်တိုင် မက်မွန်ရနံ့မှာ သူမ၏ ခံတွင်းထဲ၌ ကျန်ရှိနေဆဲဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ဤမျှ ကြာရှည်ခံသော ရနံ့မှာ သူမကို အံ့အားသင့်စေခဲ့သလို ဤမက်မွန်သကြားလုံး၏ ခံတွင်းနံ့ သန့်စင်ပေးနိုင်စွမ်းမှာ အမှန်တကယ် ထူးကဲလှကြောင်း သက်သေပြလိုက်ခြင်းပင်။

လီနီယာသည် ဤသုံးသပ်ချက်၏ ရလဒ်ကို အလွန်ကျေနပ်သွားသည်။ ဤသကြားလုံးမှာ အရသာ အသင့်အတင့်ရှိရုံသာမက ခံတွင်းနံ့သန့်စင်ရာတွင်လည်း စွမ်းဆောင်ရည် အထူးကောင်းမွန်ကြောင်း သူမ ယုံကြည်သွား၏။ သူမသည် သူမ၏ အတွေ့အကြုံနှင့် ရလဒ်များကို လူမှုကွန်ရက်ပေါ်တွင် မျှဝေရန် ဆုံးဖြတ်လိုက်ပြီး ဖန်များအား ဤသကြားလုံး၏ ထူးခြားချက်ကို သိစေရန် ပြုလုပ်လိုက်သည်။ စမ်းသပ်မှုရလဒ် ပိုမိုသေချာစေရန် လီနီယာသည် နောက်ထပ် (၂) ကြိမ် ထပ်မံစမ်းသပ်ခဲ့၏။ တစ်ကြိမ်တွင် ဒူးရင်းသီးနှင့် ကြက်သွန်ဖြူ ကို စားပြီးမှ ထိုမက်မွန်သကြားလုံး၏ စွမ်းဆောင်ရည်ကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ ရလဒ်မှာ လီနီယာကို ကျေနပ်စေခဲ့သည်။ အနံ့ပြင်းသော အစားအစာများကို စားထားသော်လည်း မက်မွန်သကြားလုံး၏ အာနိသင်မှာ အလွန်သိသာနေဆဲဖြစ်ကာ အနံ့ကြာရှည်ခံမှုမှာ အနည်းငယ် လျော့နည်းသွားသော်လည်း (၂) နာရီခန့်အထိ ခံတွင်းကို မွှေးပျံ့နေစေခဲ့၏။ လွန်ခဲ့သော နှစ်ရက်မှာ လီနီယာ တင်ခဲ့သည့် ဟဲယဲ့တည်းခိုခန်း Vlog မှာလည်း တုံ့ပြန်မှု အလွန်ကောင်းနေပြီး ကြည့်ရှုသူ အမြောက်အမြား ရှိနေသည်။ လီနီယာ၏ ဖန်များမှာ တည်းခိုခန်းတွင် အခန်းဘိုကင်တင်၍ မရကြကြောင်း ဝိုင်းဝန်းမှတ်ချက် ပေးနေကြ၏။

"အိုး နီနီ ဒီလောက်အများကြီး စားတာ ပထမဆုံး မြင်ဖူးတာပဲ၊ အရင်ကဆိုရင် ဒီဆန်ပြုတ် နှစ်ပန်းကန်က နီနီ တစ်နေ့စာ စားတဲ့ပမာဏလေ၊ နီနီ အများကြီးထပ်စားဦးနော်"

"အခန်းက တော်တော်သန့်တာပဲ၊ နာမည်ကြီးတွေ ဘာလို့ သွားတည်းလဲဆိုတာ မဆန်းတော့ဘူး"

"ဟားဟား၊ နီနီက လက်ရေးလှတောင်စမ်းရေးသေးတာပဲ၊ တကယ့်ကို စိတ်ဝင်စားစရာကောင်းတယ် ကျွန်တော်ကတော့ ဆရာဝေရဲ့ Live ကိုပါ Follow လုပ်ထားလိုက်ပြီ၊ သူက တကယ် သင်ပြတာ ကောင်းတယ်"

"နီနီ ပြောတာတော့ တည်းခိုခန်းမှာ မေးသမျှဖြေတဲ့ မှော်မှန်ရှိတယ်ဆိုပဲ၊ နှမြောစရာကောင်းတာက နီနီက အဲဒီအခန်းကို ဘိုကင်မရလိုက်ဘူး"

"မှော်မှန်အကြောင်း သိချင်ရင် ဒန်ဒန် ရဲ့ ဗီဒီယိုမှာ သွားကြည့်လို့ ရတယ်နော်၊ ဒန်ဒန်က အသေးစိတ်သုံးသပ်ထားတာ၊ အရမ်းကို တိကျတာပဲ "

"ဒီနေ့မနက် နိုးလာတုန်းက နီနီရဲ့ အသားအရေ အရမ်းကောင်းနေတာကို သတိထားမိတာ ငါတစ်ယောက်တည်းလား "

လီနီယာသည် မှတ်ချက်များကို ဖတ်ရှုရင်း အရှိန်အဟုန်ကို အသုံးချကာ မက်မွန်သကြားလုံး သုံးပ်ချက်ဗီဒီယိုကိုပါ ထပ်မံတင်လိုက်တော့သည်။ ဗီဒီယို တင်ပြီးနောက် သူမသည် မှန်ရှေ့တွင် ရပ်ကာ ပွဲတက်ဝတ်စုံကို ဂရုတစိုက် ရွေးချယ်နေ၏။ ယနေ့ညတွင် နာမည်ကြီး အလှကုန်အမှတ်တံဆိပ်တစ်ခုမှ ပြုလုပ်သော ပါတီတစ်ခုသို့ သူမ တက်ရောက်ရမည်ဖြစ်ကာ ထိုပွဲမှာ ထုတ်ကုန်သစ်များကို ကြော်ငြာရန်အတွက် ရည်ရွယ်ပြီးကျင်းပခြင်း ဖြစ်သည်။ ထိုအမှတ်တံဆိပ်သည် လွှမ်းမိုးမှုရှိသော အလှအပရေးရာ ဘလော့ဂါ အများအပြားကို ဖိတ်ကြားထားရာ လီနီယာအနေဖြင့် ဤအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။

ပွဲအတွင်းမဝင်မီ လီနီယာသည် သူမ၏ လျှို့ဝှက်လက်နက်ဖြစ်သော မက်မွန်သကြားလုံးကို သတိရသွားသည်။ ဤသကြားလုံးမှာ လန်းဆန်းသော အရသာရှိရုံသာမက သူမ၏ ခံတွင်းကို အချိန်ကြာမြင့်စွာ မွှေးပျံ့နေစေသဖြင့် အရေးကြီးသော အချိန်များတွင် အကောင်းဆုံးပုံစံဖြင့် ရှိနေရန်အတွက် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။ သူမသည် သူမ၏ လှပသော လက်ကိုင်အိတ်လေးထဲမှ တောက်ပနေသော သကြားလုံးတစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲ ထည့်လိုက်၏။ ချက်ချင်းပင် မက်မွန်ရနံ့သင်းသင်းလေးမှာ သူမ၏ ခံတွင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ သကြားလုံးလေး တဖြည်းဖြည်း အရည်ပျော်သွားသည်နှင့်အမျှ လီနီယာ၏ ယုံကြည်မှုများလည်း တိုးလာခဲ့သည်။ ထိုလတ်ဆတ်သော မက်မွန်ရနံ့ကြောင့် သူမအနေဖြင့် ခံတွင်းအနံ့အတွက် စိုးရိမ်စရာမလိုဘဲ လူများနှင့် ပိုမိုယုံကြည်မှုရှိရှိ စကားပြောနိုင်မည်ကို သူမ သိထား၏။ သူမအပြုံးမှာ ပိုမိုတောက်ပလာပြီး မျက်ဝန်းများမှာလည်း ယုံကြည်မှုများဖြင့် အရောင်လက်နေသည်။ လီနီယာသည် ကျော့ရှင်းစွာဖြင့် ပွဲအတွင်းသို့ လှမ်းဝင်လိုက်သည်။ သူမသည် အမှတ်တံဆိပ်မှ ကိုယ်စားလှယ်များနှင့် အခြားဘလော့ဂါများကို ယဉ်ကျေးစွာ နှုတ်ဆက်စကားပြောရာတွင် သူမပြောလိုက်သည့် စကားလုံးတိုင်းမှာ သင်းပျံ့သော မက်မွန်ရနံ့လေး ပါဝင်နေသဖြင့် နားထောင်သူများကို စိတ်ကြည်နူး‌စေ၏။ သူမသည် ခံတွင်းနံ့အတွက် မစိုးရိမ်ရတော့ဘဲ ဤအချက်လေးကိုပင် သူမ၏ထူးခြားသော ဆွဲဆောင်မှုအဖြစ် အသုံးချလိုက်သည်။

အမှတ်တံဆိပ်မှ တာဝန်ရှိသူများနှင့် စကားပြောသည့်အခါ လီနီယာမှာ ပိုမိုရင်းနှီးပြီး သဘာဝကျနေသည်။ သူမသည် သူတို့နား, နားသို့ အနည်းငယ် ကပ်ကာ ထုတ်ကုန်သစ်များအပေါ် သူမ၏ထင်မြင်ချက်နှင့် အကြံပြုချက်များကို မျှဝေ၏။ သူမ၏ယုံကြည်မှု၊ ကျွမ်းကျင်မှုတို့နှင့်အတူ မသိမသာ ထွက်ပေါ်နေသော မက်မွန်ရနံ့လေးကြောင့် ပါတီပွဲတွင် လူတိုင်းကို စွဲမက်သွားစေခဲ့သည်။ တစ်ညလုံးတွင် လီနီယာသည် သူမ၏ အကောင်းဆုံးပုံစံကို ထိန်းသိမ်းထားနိုင်ခဲ့၏။ သူမ၏ စကားပြောဆိုမှုများမှာ ဉာဏ်ပညာနှင့် ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေပြီး သူမ၏ ကျော့ရှင်းသော အမူအရာမှာ မေ့မရနိုင်စရာပင်။ ထိုမက်မွန်ရနံ့လေးမှာလည်း သူမ၏ ဆွဲဆောင်မှုကို ပိုမိုတိုးမြင့်စေကာ ဤပါတီပွဲတွင် အတောက်ပဆုံးသော ကြယ်တစ်ပွင့် ဖြစ်လာစေခဲ့သည်။

ယခုတစ်ကြိမ်တွင် အမှတ်တံဆိပ်မှ ဖန်များနှင့် ဓာတ်ပုံရိုက်သည့် အစီအစဉ်ကိုလည်း ထည့်သွင်းထားသည်။ လီနီယာသည် လှပစွာ ပြင်ဆင်ထားသော နောက်ခံကားချပ်ရှေ့တွင် ရပ်ကာ ဖန်များနှင့် တစ်ဦးချင်း ဓာတ်ပုံရိုက်ပေးသည်။ ရောက်ရှိနေသော ဖန်အများအပြားမှာ လီနီယာ၏ မိတ်ကပ်ပညာနှင့် လူနေမှုဘဝပုံစံကို နှစ်သက်ကြသော သစ္စာရှိ Follower များ ဖြစ်ကြသည်။ သူတို့ လီနီယာနှင့် နီးနီးကပ်ကပ် စကားပြောသည့်အခါတိုင်း သူမဆီမှ ထွက်ပေါ်နေသော မက်မွန်ရနံ့လေးကြောင့် မစွဲမက်ဘဲ မနေနိုင်ကြပေ။ ဓာတ်ပုံရိုက်ပြီးသွားသော ဖန်များမှာ သူတို့၏ ခံစားချက်ကို အချင်းချင်း ပြန်လည်မျှဝေနေကြသည်။

"လီနီယာဆီက အရမ်းမွှေးတာပဲနော်"

ဖန်တစ်ဦးမှာ သူမ၏ သူငယ်ချင်းကို တိုးတိုးလေး ပြောလိုက်သည်။

"လီနီယာ ဒီနေ့တင်ထားတဲ့ ဗီဒီယိုထဲက မက်မွန်သကြားလုံးကြောင့်လား မသိဘူး"

တစ်ဦးမှာ ဆိုသည်။

"ငါလည်း နေ့လယ်ကတင်တဲ့ ဗီဒီယို ကြည့်ပြီးပြီ၊ အခုရတဲ့ အနံ့က အဲဒီသကြားလုံးနံ့နဲ့ တူသလိုပဲ"

"အဲဒီသကြားလုံးက တကယ်ပဲ အဲလောက်တောင် အစွမ်းထက်တာလား "

"ငါ သွားမေးကြည့်မယ်"

သတ္တိရှိသော ဖန်တစ်ဦးမှာ ရှေ့ထွက်ကာ မေးမြန်းလိုက်သည်။ လီနီယာသည် ထိုစကားကို ကြားသည့်အခါ အနည်းငယ် ပြုံးလိုက်၏။ သူမသည် သူမ၏ လှပသော လက်ကိုင်အိတ်လေးထဲမှ မက်မွန်သကြားလုံး အိတ်ကို ထုတ်ယူကာ သူမ၏ ဖန်များကို ရက်ရက်ရောရော ဝေငှပေးလိုက်သည်။

"ရော့ အားလုံး အတူတူ မြည်းကြည့်ကြပါဦး၊ ပြီးရင် လီနီယာရဲ့သုံးသပ်ချက်က တိကျရဲ့လားဆိုတာ ကူညီပြီး သက်သေပြပေးကြပါဦးနော်"

ဖန်များမှာ စုရုံးရောက်ရှိလာပြီး တစ်လုံးစီ မြည်းစမ်းကြည့်ကြရာ လန်းဆန်းသော မက်မွန်ရနံ့ကြောင့် ချက်ချင်းပင် စွဲမက်သွားကြတော့သည်။

"နီနီ့ ဗီဒီယိုထဲက ပစ္စည်းနဲ့ အတူတူပဲ၊ ကျွန်မလည်း မှတ်ထားလိုက်ပြီ"

"ဒါက တကယ့်ကို လိုအပ်တာ၊ ချိန်းတွေ့တဲ့အခါ သုံးရမယ့် လျှို့ဝှက်လက်နက်ပဲ"

"ဒီသကြားလုံးက ဟဲယဲ့တည်းခိုခန်းမှာပဲ ရောင်းတာလားဟင်"

All Chapters