အခန်း (၁၃၃-၁၃၄)
Vol. 14 Ch. 133-134
133
ဒါရိုက်တာကုန်းသည် သူမမျက်လုံးများကို ပွတ်သပ်ရင်း ငိုက်မြည်းစွာဖြင့် ဓာတ်လှေကားအတွင်းသို့ ဝင်လိုက်ပြီးမှ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားသည်။
"မနေ့က ဒီမှာ ဓာတ်လှေကား ရှိလို့လား"
ဒါရိုက်တာကုန်းသည် ချက်ချင်းပင် နိုးနိုးကြားကြားဖြစ်သွားပြီး ဓာတ်လှေကားအတွင်းရှိ စိမ်းလန်းသော နွယ်ပင်များကို ထိတွေ့ကြည့်လိုက်သည်။ ဖုယန်မှာမူ သမ်းဝေနေဆဲဖြစ်ရာ ပါးစပ်ကြီး အဟောင်းသားဖြင့် ခဏမျှ မှင်တက်သွားပြီးနောက် အတည်ပြုပေးလိုက်၏။
"မရှိပါဘူးနော် ဟုတ်တယ်မလား၊ မနေ့က ကျွန်တော်တို့ အားလုံး လှေကားကနေပဲ တက်ခဲ့ကြတာလေ"
ဒါရိုက်တာကုန်းသည် သူမရှေ့မှ မြင်ကွင်းကြောင့် မှင်တက်သွားရသည်။ ဓာတ်လှေကား၏ အတွင်းပိုင်းမှာ တောအုပ်ငယ်လေးတစ်ခုနှင့် တူနေပြီး အလယ်ဗဟိုတွင် ထူထပ်သော နွယ်ပင်စိမ်းများ ပေါက်ရောက်နေ၏။ ဓာတ်လှေကားတစ်ခုလုံးမှာ ထိုနွယ်ပင်များကို ဗဟိုပြု၍ အပေါ်သို့ ခရုပတ်ပုံစံ တက်လှမ်းနေပုံရပြီး ကြမ်းပြင်မှာလည်း သစ်ရွက်ကြီးတစ်ရွက်ဖြင့် ပြုလုပ်ထားသည့်အလား။ ၎င်းတို့၏ အစိမ်းရောင်မှာ အလွန်ပင် တောက်ပလန်းဆန်းနေပြီး သစ်ရွက်တိုင်းသည် သက်ဝင်လှုပ်ရှားနေသော ဇီဝအင်အားတို့ကို ထုတ်လွှတ်နေသကဲ့သို့ပင်။
ဒါရိုက်တာကုန်းသည် မနေနိုင်ဘဲ လက်ကိုဆန့်ကာ နွယ်ပင်များကို အသာအယာ ထိတွေ့လိုက်မိသည်။ သူမ၏ လက်ချောင်းများမှာ နွယ်ပင်နှင့် ထိတွေ့မိသည်နှင့် နူးညံ့ပြီး ရုန်းကန်အားရှိသော အထိအတွေ့ကို ခံစားလိုက်ရ၏။ နွယ်ပင်များသည် အသက်ရှိနေသည့်အလား သူမ၏ အထိအတွေ့ကြောင့် အနည်းငယ် တုန်ခါသွားကြရာ သူမ ရောက်ရှိလာခြင်းကို ကြိုဆိုနေသကဲ့သို့ပင်။ သို့သော် ဒါရိုက်တာကုန်းမှာ ပို၍ အနီးကပ် ခံစားကြည့်လိုက်သောအခါတွင်မူ ထိုတုန်ခါမှုမှာ ပျောက်ကွယ်သွားခဲ့ပြန်သည်။ ၎င်းမှာ ဓာတ်လှေကား လည်ပတ်မှုကြောင့် ဖြစ်ပေါ်လာသည့် စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်လေမလား။
ဓာတ်လှေကားမှာ တည်ငြိမ်အေးဆေးသော အရှိန်ဖြင့် ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ ဒါရိုက်တာကုန်းသည် မျက်လုံးများကို မှိတ်ထားလိုက်ရာ သူမ၏ နားထဲတွင် နွယ်ပင်များ ကြီးထွားလာသံ၊ သက်ဝင်လှုပ်ရှားမှုအပြည့်ရှိသော တရှဲရှဲအသံတို့ကို ကြားနေရသကဲ့သို့ ခံစားရပြီး စိတ်ကို လန်းဆန်းတည်ငြိမ်သွားစေ၏။ ဓာတ်လှေကားအတွင်းရှိ လေထုမှာလည်း ထူးခြားစွာ လတ်ဆတ်နေပြီး အပင်ရနံ့သင်းသင်းလေးမှာ စိတ်ဝိညာဉ်ကို သန့်စင်ပေးကာ လောကီရေးရာ အရှုပ်အထွေးများကို မေ့ပျောက်သွားစေရန် လုံလောက်လှသည်။ တကယ်ကို လန်းဆန်းစရာကောင်းတဲ့ မနက်ခင်းပါပဲ။ ဓာတ်လှေကားထဲမှ လှမ်းထွက်လာရင်း ဒါရိုက်တာကုန်း မမေးဘဲ မနေနိုင်တော့ပေ။
"ဟဲယဲ့တည်းခိုခန်းက ဓာတ်လှေကားအသစ်တပ်ထားတာလား၊ တစ်ရက်တည်းနဲ့ ဓာတ်လှေကားတစ်ခုကို တပ်ဆင်လို့ ရနိုင်လို့လား"
ဖုယန်မှာမူ ပေါ့ပေါ့ပါးပါး နေတတ်သူဖြစ်ရာ ထိုကဲ့သို့သော အသေးစိတ်အချက်အလက်များကို ဂရုမစိုက်ပေ။ ဓာတ်လှေကားမှာ ဘေးကင်းပြီး အလုပ်လုပ်နေသရွေ့ တစ်ရက်အတွင်း တပ်သည်ဖြစ်စေ၊ တစ်လအတွင်း တပ်သည်ဖြစ်စေ သူ့အတွက် အရေးမကြီးလှပေ။ ဖုယန်သည် ဒါရိုက်တာကုန်း၏ သံသယကို သတိပြုမိသော်လည်း သူကတော့ မထူးဆန်းသလိုပင် ပြောလိုက်သည်။
"ဒါရိုက်တာ၊ ဒါက မယုံနိုင်စရာ ဖြစ်နေမယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ အခုခေတ် ဆောက်လုပ်ရေး နည်းပညာတွေက အရမ်းအဆင့်မြင့်နေပြီလေ၊ အိမ်တစ်လုံးကို တစ်ရက်တည်းနဲ့ ဆောက်ဖို့ဆိုတာ မခက်ခဲတော့ဘူး၊ ဓာတ်လှေကားဆိုတာကတော့ ပြောနေစရာတောင် မလိုပါဘူး၊ အခုခေတ်မှာ အစိတ်အပိုင်းလိုက် တပ်ဆင်တဲ့ နည်းပညာကို အသုံးများကြတယ်၊ အစိတ်အပိုင်း အသီးသီးကို စက်ရုံမှာ ကြိုတင်ထုတ်လုပ်ထားပြီး ရောက်တဲ့နေရာမှာ အမြန်တပ်ဆင်လိုက်ရုံပဲလေ၊ အဲဒါက အချိန်ကုန်သက်သာစေသလို အရည်အသွေးကိုလည်း စိတ်ချရစေတယ်"
ဖုယန်မှာ ဤဓာတ်လှေကားမှာလည်း အလားတူနည်းလမ်းကို အသုံးပြုထားနိုင်ကြောင်း ခန့်မှန်းလိုက်သည်။ ဒါရိုက်တာကုန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သံသယရှိနေဆဲပင်။ ဓာတ်လှေကားကို အချောထည် ဝယ်လို့ရနိုင်သော်လည်း ဓာတ်လှေကားတွင်းကိုတော့ ထိုနေရာမှာတင်တူးရမည်မဟုတ်ပါလား။ ဖုယန်မှာ သူ၏ အတွေ့အကြုံအရ ထပ်မံရှင်းပြသည်။
"အို ဒါရိုက်တာလည်း စဉ်းစားကြည့်ပါဦး၊ ကျွန်တော်တို့ ရုပ်ရှင်မြို့တော်မှာ တစ်ရက်တည်းနဲ့ ရိုက်ကွင်း (၃) ခုလောက် ပြင်ဆင်နိုင်တာပဲ မဟုတ်လား၊ အပြင်လူတွေ သိရင် သေအောင် လန့်သွားကြမှာ၊ ဒီဓာတ်လှေကားကလည်း နယ်ပယ်ထဲက အဆင့်မြင့် နည်းပညာတစ်ခု ဖြစ်မှာပါ၊ အခုခေတ် ဓာတ်လှေကားတွေက နိုင်ငံတော်ထုတ်ပေးတဲ့ အထူးစက်ကိရိယာ အသုံးပြုခွင့် လက်မှတ် လိုအပ်တယ်လေ၊ ခုနက ဓာတ်လှေကားထဲမှာ ကပ်ထားတာ ကျွန်တော် မြင်လိုက်သားပဲ၊ နိုင်ငံတော် စစ်ဆေးရေး အောင်မြင်ပြီးသားဆိုတော့ ဒါရိုက်တာ စိတ်အေးအေးထားလို့ ရပါတယ်"
ဒါရိုက်တာကုန်း ပြန်စဉ်းစားကြည့်ရာ မှန်ကန်သည်ဟု ယူဆလိုက်သည်။ အပြင်လူများအတွက် ထူးဆန်းနေနိုင်သော်လည်း လုပ်ငန်းနယ်ပယ်အတွင်းမှာမူ ၎င်းမှာ သာမန်ကိစ္စတစ်ခု ဖြစ်နေနိုင်ပေ၏။ ဟွာကော် (တရုတ်ပြည်) ၏ မြန်နှုန်းကို လျှော့မတွက်သင့်ပေ။
"သွားကြစို့၊ သွားကြစို့ ဒါရိုက်တာကုန်း၊ ဆန်ပြုတ် မြန်မြန်သွားသောက်ရအောင်၊ တည်းခိုခန်းရဲ့ ဆန်ပြုတ်က ဘယ်လောက်တောင် အရသာရှိလဲဆိုတာ ဒါရိုက်တာ မသိသေးဘူး"
ဖုယန်မှာ ဆန်ပြုတ်သောက်ရန် ဒါရိုက်တာကုန်းကို အလျင်အမြန် တိုက်တွန်းလိုက်သည်။ ဒါရိုက်တာကုန်းသည် သူမ၏ သံသယအနည်းငယ်ကို ချက်ချင်းပင် ဘေးဖယ်လိုက်၏။ ဟဲယဲ့တည်းခိုခန်း၏ ဆန်ပြုတ်မှာ အလွန်ပင် အရသာရှိပြီး လက်ဖက်ရည်ဆိုင်မှ မုန့်များထက်ပင် မညံ့ကြောင်း သူမ ကြားဖူးထားသည်။ သို့သော်လည်း ဖုယန်မှာ သူ၏ အိတ်ထဲမှ အပူထိန်းဘူးတစ်ဘူးကို ထုတ်ယူလိုက်သည်ကို မြင်သောအခါ ဒါရိုက်တာကုန်း ရယ်မောလိုက်မိ၏။
"ဒီလောက်တောင် ဖြစ်နေရတာလား၊ ကုန်အောင်မသောက်နိုင်ရင် အိမ်ယူသွားမယ်ဆိုတဲ့သဘောလား"
ဖုယန် ယခုတစ်ကြိမ်တွင် ပြန်မရှင်းပြတော့ဘဲ လူလည်ကျသော အပြုံးဖြင့်သာ ပြောလိုက်သည်။
"ဟဲဟဲ၊ မြည်းကြည့်ရင် သိပါလိမ့်မယ်၊ နောက်မှ ကျွန်တော်နဲ့ လုမသောက်နဲ့နော်"
ဟဲယဲ့တည်းခိုခန်း၏ ရိုးရှင်းသော စားသောက်ခန်းအတွင်း၌ ဒါရိုက်တာကုန်းသည် လီထျန်းယီ၊ ကျန်းယွီလန် နှင့် လီပိုင်ဟဲ တို့ကို တွေ့လိုက်ရသည်။ ပုံမှန်အားဖြင့် ကော်ဖီခါးကိုသာ အားကိုးပြီး သစ်သီးဝလံလေးများကိုသာ စားသုံးလေ့ရှိသော ဤသရုပ်ဆောင်များသည် ယခုအခါတွင်မူ ပန်းကန်လုံးကိုယ်စီ ကိုင်ကာ ဆန်ပြုတ်ကို တရှူးရှူးဖြင့် သောက်နေကြတော့သည်။ ဒါရိုက်တာကုန်း၏ နှာခေါင်းမှာ လှုပ်ခတ်သွား၏။ သူမ ဆန်ပြုတ်၏ မွှေးရနံ့ကို ရလိုက်ခြင်းပင်။ မှော်ဆန်သော ဆန်ပြုတ်အိုးဖြင့် ချက်ထားသော ဆန်ပြုတ်ကို သူမ မြည်းစမ်းကြည့်ပြီးနောက်တွင်မူ 'ဒီလောက်တောင် ဖြစ်နေရတာလား' ဟု တကယ်ပင် ပြောချင်သွားတော့သည်။ အလွန်ပင် ထိုမျှလောက် ဖြစ်ပေသည်။
နံနက်ခင်း နေရောင်ခြည်သည် အငွေ့တထောင်းထောင်း ထနေသော ဆန်ပြုတ်ပေါ်သို့ ဖြာကျနေသည်။ သေချာစွာ ပြင်ဆင်ထားသော ဘဲဥငန် နှင့် အသားဆန်ပြုတ်၏ ရနံ့မှာ လေထုထဲတွင် ပျံ့လွင့်နေ၏။ အသက်ကို ပြင်းပြင်းရှူလိုက်ရုံဖြင့် စိတ်ဝိညာဉ်ပင် ထိုရနံ့ကြောင့် လန်းဆန်းသွားသကဲ့သို့ ခံစားရသည်။ ဆန်ပြုတ်၏ မျက်နှာပြင်ပေါ်တွင် ပါးလွှာသော ဆန်ဆီလွှာလေးမှာ အလင်းဖြင့် တောက်ပနေပြီး ၎င်းမှာ ဆန်စေ့များကို အချိန်အကြာကြီး မီးအေးအေးဖြင့် တည်ချက်ရာမှ ထွက်ပေါ်လာသော အနှစ်သာရပင် ဖြစ်၏။ ဆန်စေ့များကို နူးညံ့ပျော့အိနေအောင် ချက်ထားပြီး ဆန်စေ့တိုင်းမှာ အသားပြုတ်ရည်၏ အရသာကို အပြည့်အဝ စုပ်ယူထားသည်။ အသား၏ ရနံ့မှာ ဆန်စေ့များအတွင်းသို့ စိမ့်ဝင်သွားသဖြင့် ဆန်ပြုတ်၏ အရသာမှာ အဆင့်ဆင့် ပေါ်လွင်နေပြီး တစ်ခုနှင့်တစ်ခု လိုက်ဖက်ညီစွာ ပေါင်းစပ်နေ၏။ ဘဲဥငန်များကို ထည့်သွင်းထားခြင်းမှာလည်း ဤဆန်ပြုတ်ကို ထူးခြားသော အရသာတစ်ခု ပေးစွမ်းနေသည်။ ၎င်းတို့၏ နူးညံ့ချောမွတ်သော အထိအတွေ့မှာ နူးညံ့သောအသားနှင့် အပြည့်အဝ လိုက်ဖက်နေတော့၏။
ဒါရိုက်တာကုန်းသည် ဆန်ပြုတ်ကို ဇွန်းဖြင့်တစ်ဇွန်းခပ်ကာ အနည်းငယ် မှုတ်၍ အအေးခံပြီးနောက် ပါးစပ်ထဲသို့ ထည့်လိုက်သည်။ အသားနှင့် ဆန်၏ ကြွယ်ဝသော မွှေးရနံ့တို့မှာ လျှာပေါ်တွင် ရောယှက်သွားပြီး ထိုအရသာသည် သူမ၏ စိတ်ဝိညာဉ်ကို နိုးကြားသွားစေသည်။ တစ်လုပ်ချင်းစီတိုင်းမှာ အနှစ်သာရ ပြည့်ဝလှသဖြင့် သေချာစွာ ပြင်ဆင်ချက်ပြုတ်ထားသော နွေးထွေးမှုကို ခံစားနေရသကဲ့သို့ပင်။
အခြားတစ်ဖက်တွင်မူ ဆန်ပြုတ်အချိုမှာလည်း ၎င်း၏ မွှေးရနံ့ကို ထုတ်လွှတ်နေသည်။ ဆန်ပြုတ်အချို ထဲတွင် ပြောင်းဆန် များ ပါဝင်ပြီး ထိုပြောင်းဆန်စေ့များမှာ ပြည့်ဖြိုးကာ ရွှေရောင်ဝင်းနေကြ၏။ ၎င်းတို့သည် အိုးထဲတွင် လှည့်ပတ်နေကြပြီး တစ်ခုနှင့်တစ်ခု ထိတွေ့ကာ ဆန်ဖြူနှင့် လိုက်ဖက်စွာ ပေါင်းစပ်နေကြသည်။ ဤဆန်ပြုတ်၏ အချိုဓာတ်မှာ အလွန်အကျွံ အီမနေဘဲ လတ်ဆတ်ပြီး သဘာဝဆန်သော အချိုမျိုးဖြစ်ရာ နှလုံးသားအထိပင် ချိုမြိန်သွားစေသကဲ့သို့ ခံစားရသည်။ တစ်လုပ်ချင်းစီတိုင်းမှာ အလွန်ပင် နူးညံ့လှသဖြင့် ဒါရိုက်တာကုန်းမှာ သူမ၏ ဝေးကွာလှသော ဇာတိမြေ၊ ရွှေဝါရောင် ဂျုံခင်းများ၊ ရင်းနှီးပြီး ပြုံးရွှင်သည့် မျက်နှာများနှင့် ရိုးရှင်းသော သံယောဇဉ်များကို မနေနိုင်ဘဲ သတိရမိသွား၏။
ဒါရိုက်တာကုန်း၏ ဇာတိမှာ အလယ်ပိုင်းလွင်ပြင် တွင် ဖြစ်ပြီး ထိုနေရာရှိ မြေဆီလွှာမှာ ပြောင်းဆန်စိုက်ပျိုးရန် အလွန်ပင် ကောင်းမွန်သည်။ ထိုအခိုက်အတန့်တွင် သူမသည် ပြောင်းဆန်သမုဒ္ဒရာကြီးထဲသို့ ရောက်ရှိနေပြီး ဆန်နံ့သင်းသင်းလေးများ ဝန်းရံထားသကဲ့သို့ ခံစားရသဖြင့် အလွန်ပင် ရင်းနှီးနွေးထွေးကာ စိတ်သက်သာရာရစေသည်။ ဆန်ပြုတ်အချို၏ အချိုဓာတ်မှာ သူမ၏ နှလုံးသားအနက်ရှိုင်းဆုံးအထိ ရောက်ရှိသွားပြီး စိတ်ဝိညာဉ်ကို အပြည့်အဝ သန့်စင်ပေးလိုက်သည်။
အငန်တစ်မျိုး၊ အချိုတစ်မျိုးဖြစ်သော ဤဆန်ပြုတ်နှစ်ပန်းကန်လုံးမှာ ကိုယ်စီ အားသာချက်ရှိကြသော်လည်း နှစ်ခုစလုံးသည် ဝမ်းဗိုက်ကို နွေးထွေးစေသည်မှာတော့ အမှန်ပင်။ ဒါရိုက်တာကုန်းအတွက်မူ ၎င်းမှာ ထမင်းတစ်နပ် စားရခြင်းမျှသာမဟုတ်ဘဲ ဘဝ၏ သာယာမှုကို ခံစားရခြင်းနှင့် ကျန်းမာရေးကို ကုသပေးခြင်းလည်း ဖြစ်သည်။ ဒါရိုက်တာကုန်းမှာ မနက်စာ စားလေ့မရှိသူ၊ အစားအသောက် အချိန်မမှန်သူ ဖြစ်၏။ တစ်ခါတစ်ရံ တစ်ညလုံး ရိုက်ကူးရေးလုပ်ရပြီး မနက် (၄) နာရီ၊ (၅) နာရီကျမှ နားရလေ့ရှိသဖြင့် သူမ၏ နေထိုင်မှုပုံစံမှာ အမြဲတမ်း ပရမ်းပတာ ဖြစ်နေခဲ့သည်။ အချိန်အတော်ကြာအောင် သူမ၏ အစာအိမ်မှာ မကောင်းခဲ့သော်လည်း၊ ဒီနေ့တွင်မူ ဤဆန်ပြုတ်ကို သောက်ပြီးနောက် သူမ၏ အစာအိမ်မှာ ထူးခြားစွာ သက်သောင့်သက်သာရှိပြီး နွေးထွေးသွားကာ တစ်ခါတစ်ရံ ဖြစ်ပေါ်တတ်သည့် ထုံကျဉ်သောနာကျင်မှုများမှာလည်း ပျောက်ကွယ်သွားခဲ့၏။ ကျန်းမာသော လူများသည် မိမိတို့ ခန္ဓာကိုယ်အတွင်းရှိ တိတ်တဆိတ် အလုပ်လုပ်နေသော အင်္ဂါအစိတ်အပိုင်းများကို လျစ်လျူရှုထားတတ်ကြသည်။ နေ့စဉ်ဘဝတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေကြသော်လည်း သတိထားမိခဲလှ၏။ ကျန်းမာသော လူတစ်ဦးအတွက် မိမိ၏ အစာအိမ်မှာ တကယ်တမ်း ဘယ်နေရာမှာ ရှိနေသည်ကို တိကျစွာ ခံစားမိရန်ပင် ခက်ခဲလှသည်။
ဒါရိုက်တာကုန်းအတွက်မူ ဤသို့ လျစ်လျူရှုနိုင်ခြင်းမှာပင် တန်ဖိုးကြီးလှသော စည်းစိမ်တစ်ခု ဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ အစာအိမ်မှာ မနှစ်မြို့ဖွယ်ကောင်းသော နည်းလမ်းများဖြင့် ၎င်း၏တည်ရှိမှုကို သူမအား အမြဲ သတိပေးနေသောကြောင့်ပင်။ ဒါရိုက်တာကုန်း ရေအေးတစ်ခွက် သောက်လိုက်တိုင်း သူမ၏ အစာအိမ်မှာ စူးရှသော နာကျင်မှုဖြင့် ချက်ချင်းပင် မကျေနပ်မှုကို ဖော်ပြလေ့ရှိသည်။ ထိုစူးစူးရှရှ နာကျင်မှုမှာ ထက်မြက်သော ဓားငယ်လေးတစ်စင်းမှာ အစာအိမ်နံရံကို အသာအယာ လှီးဖြတ်နေသကဲ့သို့ ခံစားရပြီး သူမ၏ အလုပ်များကို ချက်ချင်းရပ်တန့်ကာ နာကျင်မှု လျော့ပါးသွားသည်အထိ တိတ်တဆိတ် စောင့်နေရလေ့ရှိသည်။ အလုပ်များသော ရက်များတွင် ထမင်းစားရန် အချိန်မေ့သွားသည့်အခါ သူမ၏ အစာအိမ်မှာ တခြားနည်းလမ်းဖြင့် ဆန္ဒပြပြန်၏။ ၎င်းမှာ အဝေးမှ ထွက်ပေါ်လာသော မိုးခြိမ်းသံကဲ့သို့ မြည်သံဖြစ်ပြီး ပြင်းထန်ခြင်းမရှိသော်လည်း အဆက်မပြတ်ဖြစ်နေသဖြင့် လျစ်လျူရှုရန် ခက်ခဲလှသည်။
ဒါရိုက်တာကုန်းအတွက်မူ အစာအိမ်ဝေဒနာမှာ သူမ၏ တစ်နေ့တာ၏ ထက်ဝက်ခန့်ကို နေရာယူထားသည်။ (၂၄) နာရီအတွင်း (၁၀) နာရီခန့်မှာ သူမ၏ အစာအိမ်သည် ဂရုစိုက်မှု လိုအပ်ကြောင်း နည်းလမ်းအမျိုးမျိုးဖြင့် သတိပေးနေတတ်၏။ ဤအဆက်မပြတ်ဖြစ်နေသော မသက်မသာဖြစ်မှုမှာ သည်းမခံနိုင်လောက်အောင် မပြင်းထန်သော်လည်း လူကို ပင်ပန်းနွမ်းနယ်စေရန်လုံလောက်လှသည်။ ဒါရိုက်တာကုန်းမှာ သူမ၏ ကျန်းမာခဲ့သော အချိန်များတွင် မည်သို့ခံစားရသည်ကိုပင် မေ့လုနီးပါး ဖြစ်နေခဲ့ပြီ။ သို့သော်လည်း ယနေ့တွင်မူ ဒါရိုက်တာကုန်းသည် ဤဆန်ပြုတ်ကို မြည်းစမ်းကြည့်ပြီးနောက် သူမ၏ အစာအိမ်မှာ ငြိမ်သက်သွားသည်ကို အံ့ဩဝမ်းသာစွာတွေ့ရှိလိုက်ရ၏။ ဆန်ပြုတ်တစ်ဇွန်းချင်းစီတိုင်းမှာ အလွန်ပင် ချောမွတ်လှသဖြင့် အစာအိမ်အတွင်းသို့ တိုက်ရိုက် စီးဝင်သွားပြီး ယခင်က ထိခိုက်ခဲ့ဖူးသော အစာအိမ်နံရံများကို အသာအယာ ပွတ်သပ်ချော့မြှူပေးနေသကဲ့သို့ပင်။
ဆန်ပြုတ်မှာ အစာအိမ်ထဲသို့ ဖြည်းဖြည်းချင်း ရောက်ရှိသွားသည်နှင့်အမျှ ဒါရိုက်တာကုန်းသည် သူမ၏ အစာအိမ် တဖြည်းဖြည်း ပြေလျော့သက်သာသွားသည်ကို ခံစားရသည်။ ယခင်က သူမကို နှောင့်ယှက်ခဲ့သော အစာအိမ်၏ တည်ရှိမှုမှာ ယခုအခါ ပေါ်လွင်ခြင်း မရှိတော့ပေ။ ထိုနေရာတွင် နွေဦးလေပြေကဲ့သို့ နွေးထွေးပြီး အေးချမ်းသော ခံစားမှုမျိုး အစားထိုး ဝင်ရောက်လာခဲ့၏။ သူမ၏ အစာအိမ်မှာ ထိုဆန်ပြုတ်တစ်ပန်းကန်ကြောင့် ကုသမှု ခံယူလိုက်ရသကဲ့သို့ ခံစားရပြီး နာကျင်မှုနှင့် မသက်မသာဖြစ်မှုများမှာ အစအနပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ဒါရိုက်တာကုန်းသည် သူမ၏ တတိယမြောက်ပန်းကန်ကို သောက်ပြီးနောက် ပါးစပ်ကို သုတ်ရင်း ဖုယန်ကို ပြောလိုက်၏။
"နင့်ဆီမှာ အပူထိန်းဘူးအပိုရှိသေးလား၊ ငါလည်း တစ်ဘူးလောက်လိုချင်တယ်"
134
ယိဝူ လူသုံးကုန်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင်အမျိုးသမီးသည် ကတ်ထူဖာများကို ဟိုလှန်သည်လှန်ဖြင့် ရှာဖွေနေပြီး သူမ၏တင်ပါးမှာလည်း အပြင်သို့ ပြူထွက်နေသည်။ အနီးအနားတွင် နေကြာစေ့ကို တဂျွတ်ဂျွတ်ဝါးနေသည့် ဆိုင်ရှင်အမျိုးသားမှာ ဇဝေဇဝါမျက်နှာထားဖြင့် မေးလိုက်၏။
"မိန်းမ မင်းဘာတွေရှာနေတာလဲ"
သူတို့၏ ဆိုင်ငယ်လေးမှာ ပုံမှန်အားဖြင့် မွန်းတည့်ချိန်မှသာ လူစည်ကားလေ့ရှိပြီး ထိုအချိန်မှသာ ပစ္စည်းဖြည့်ခြင်း သို့မဟုတ် ပစ္စည်းလက်ကျန်စစ်ဆေးခြင်းများကို လုပ်ဆောင်လေ့ရှိသည်။ ယခုကဲ့သို့ မနက်စောစောစီးစီး ဖာများကို လှန်လှောရှာဖွေနေခြင်းကို ဆိုင်ရှင်အမျိုးသား တကယ်ပင် နားမလည်နိုင်ဖြစ်နေရ၏။ ဆိုင်ရှင်အမျိုးသမီးသည် ကတ်ထူဖာတစ်ခုထဲမှ အပူထိန်းထမင်းဗူး အထပ်လိုက်ကို ဆွဲထုတ်လိုက်ရင်း ယပ်ခတ်ကာ ပြန်ဖြေလိုက်သည်။
"ဘာတွေဖြစ်နေမှန်းတော့ မသိပါဘူး၊ ခုနတင်ပဲ လူတစ်စု ရောက်လာပြီး အပူထိန်းထမင်းဗူးတွေနဲ့ အပူထိန်းဗူးတွေကို လာဝယ်သွားကြတယ်၊ အားလုံးက အကြီးဆုံးဆိုဒ်တွေကိုပဲ ရွေးဝယ်သွားကြတာ"
ဆိုင်ရှင်အမျိုးသားသည် နေကြာစေ့ဝါးနေသည်ကို ရပ်လိုက်ပြီး အနည်းငယ် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
"မကြာခင်ကပဲ ဗိုင်းရပ်စ်တစ်ခုခု ထပ်ပြန့်နေတာများလား၊ ဟိုတစ်လော ငါတို့ကလေးတက်တဲ့ကျောင်းက ဆရာမကတောင် ကျောင်းသားအတော်များများ အအေးမိပြီး ဆေးရုံတက်နေရတယ်လို့ ပြောဖူးတယ်"
သူတို့ဆိုင်မှာ ဆေးရုံနှင့် မဝေးလှသဖြင့် အပူထိန်းထမင်းဘူး ဝယ်သူအများစုမှာ လူနာရှင်များသာ ဖြစ်တတ်ကြသည်။ ပစ္စည်းများ ပြန်လည်ဖြည့်တင်းပြီးနောက် ဆိုင်ရှင်အမျိုးသမီးမှာ သူမ၏ ဖရိုဖရဲဖြစ်နေသော ဆံပင်များကို စုစည်းရင်း ပြောလိုက်၏။
"အင်း၊ ရှင့်စကားကလည်း ဟုတ်သလိုပဲ၊ အဲဒါဆိုရင် ကျွန်မအပူထိန်းဗူးတွေ ထပ်သွားယူဦးမယ် "
တစ်ဖက်တွင်မူ 'ကြင်ယာတော်နှစ်ပါး ဒဏ္ဍာရီ' ရုပ်ရှင်အဖွဲ့သားများ ပြန်လည်ထွက်ခွာသွားချိန်တွင် လူတစ်ဦးစီ၌ အပူထိန်းဗူးနှစ်ဗူးစီပါသွားကြသည်။ အချို၊ အငန် နှစ်မျိုးစလုံးကို သောက်ချင်ကြသောကြောင့်ပင်။
"သူဌေးမလေး၊ ကျွန်တော်တို့ မနက်တိုင်း ဆန်ပြုတ်လာဝယ်ဖို့ လူလွှတ်လိုက်မယ်၊ အဲဒါကြောင့် များများလေး ချက်ထားပေးဖို့ မမေ့နဲ့ဦးနော်"
ဖုယန် မထွက်ခွာမီ စုဟယ်ကို သတိပေးခဲ့သည်။ ဟဲယဲ့တည်းခိုခန်း၏ မနက်စာမှာ ဘူဖေးစနစ်ဖြစ်ပြီး စည်းကမ်းအရ ဘူဖေးကို ပါဆယ်ထုတ်ယူခွင့် မရှိပေ။ သို့သော် ရုပ်ရှင်အဖွဲ့မှာ မနက်စာအတွက် အပိုငွေ ထပ်ပေးထားသဖြင့် စုဟယ်အနေဖြင့် ကန့်ကွက်စရာ အကြောင်းမရှိပေ။ ဟဲယဲ့တည်းခိုခန်း၏ ဆန်ပြုတ်မှာ အလွန်ပင် အရသာရှိလွန်းလှသဖြင့် ရုပ်ရှင်အဖွဲ့သားများသည် မနက်တိုင်း သောက်လိုကြခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယခုကာလအတွင်း ဆရာကြီးဝေဖုန်းယီသည် ရှောင်ရှီးနှင့်အတူ တည်းခိုခန်းနှင့် ရုပ်ရှင်မြို့တော်အကြားနေ့တိုင်း ကူးချည်သန်းချည် လုပ်နေရသည်ဖြစ်ရာ ဆရာကြီးဝေကို လာကြိုသည့်ကားဖြင့် ဆန်ပြုတ်များကို ရိုက်ကွင်းသို့ တစ်ပါတည်း ပို့ခိုင်းလိုက်ရုံသာ ရှိတော့၏။
ဟဲယဲ့တည်းခိုခန်း အဝင်ဝတွင်မူ တစ်နေ့ကုန် စောင့်ဆိုင်းသော်လည်း ဘာမှမထူးခြားသဖြင့် ပရိသတ်အများစုမှာ ပြန်သွားကြပြီ ဖြစ်သည်။ ဓာတ်ပုံခိုးရိုက်သူများနှင့် ပါပါရာဇီ အနည်းငယ်သာ ဆက်လက်စောင့်ဆိုင်းနေကြဆဲ ဖြစ်၏။ တစ်နေ့နှင့် တစ်ည အဆက်မပြတ် စောင့်ဆိုင်းရခြင်းမှာ သံမဏိလူသားပင်လျှင် တောင့်ခံရန် ခက်ခဲလှသည်။ ပါပါရာဇီများသည် ပင်ပန်းနွမ်းနယ်နေပုံ ပေါ်နေ၏။ သူတို့ထဲမှ တစ်ဦးသည် သမ်းဝေလိုက်ပြီး မျက်လုံးများထဲတွင် စိတ်ပျက်မှု အရိပ်အယောင်များ ပေါ်လွင်နေသည်။ ဤအလုပ်၏ သဘောသဘာဝမှာ တစ်ခါတစ်ရံ နာရီပေါင်းများစွာ စောင့်ဆိုင်းရသော်လည်း ရလဒ်ထွက်မလာတတ်သည်ကို သူတို့ သိထားကြ၏။
ထိုစဉ် လူအနည်းငယ်သည် တည်းခိုခန်းအတွင်းမှ ထွက်လာကြပြီး တစ်ဦးလျှင် အပူထိန်းဗူးနှစ်ဗူးစီ ကိုင်ဆောင်ထားကြသည်။ ထိုဗူးများမှာ အနီရောင်နှင့်အစိမ်းရောင်ပန်းများ ရိုက်နှိပ်ထားသဖြင့် အနည်းငယ် ရှေးကျသော ဒီဇိုင်းများဖြစ်ကြ၏။ ထိုလူများသည် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားကာ ခပ်သွက်သွက် လျှောက်လှမ်းနေကြပြီး အပူထိန်းဗူးများကို မြဲမြံစွာ ဆုပ်ကိုင်ထားပုံမှာ မြို့ထဲသို့ ပစ္စည်းလာဝယ်သည့် သာမန်ဈေးသည်လေးများနှင့်တူနေသည်။ ပါပါရာဇီများသည် သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာလွှဲလိုက်ကြ၏။ နာမည်ကျော် အနုပညာရှင်များမှာ မနက်စောစောစီးစီး အပူထိန်းဗူးကြီးနှစ်ဗူးဆွဲပြီး ထွက်လာကြမည် မဟုတ်ပေ။
ရုပ်ရှင်အဖွဲ့သားများကို ပို့ဆောင်ပြီးနောက် စုဟယ်သည် ပတ်ဝန်းကျင်မှာ ထူးထူးခြားခြား တိတ်ဆိတ်သွားသည်ဟု ခံစားလိုက်ရသည်။ အရေးကြီးသော အခန်းအတော်များများကို ရိုက်ကူးပြီးစီးသွားပြီ ဖြစ်သော်လည်း ရှောင်ရှီးမှာမူ ရှေ့နှစ်ရက်အတွင်း ရိုက်ကွင်းသို့ ပြန်လည်ရိုက်ကူးရေး အတွက် သွားရန် လိုအပ်နေသေး၏။ မကြာသေးမီမှ ရိုက်ကူးခဲ့သော အခန်းအချို့တွင် ရှောင်ရှီး၏ တာဝန်မှာ အတော်လေးရိုးရှင်းပါသည်။ မင်းသားနှင့် မင်းသမီးတို့ လေးနက်စွာ စကားပြောနေချိန်တွင် နောက်ခံအဖြစ် ရှိနေပေးရခြင်း သို့မဟုတ် တစ်ခါတစ်ရံ မင်းသမီး၏ အချစ်တော် အိမ်မွေးတိရစ္ဆာန်အဖြစ် သရုပ်ဆောင်ကာ သူမ၏ စိတ်ခံစားချက်ကမ္ဘာလေးကို ပိုမိုနွေးထွေးသွားစေရန် လုပ်ဆောင်ပေးရခြင်းဖြစ်၏။ ထို့ကြောင့် ရိုက်ကွင်းပေါ်တွင် ရှောင်ရှီးမှာ အတော်လေး သက်သောင့်သက်သာ ရှိနေသည်။ အချိန်အတော်များများတွင် သူသည် ဝေဖုန်းယီ၏ နောက်သို့ လိုက်ပါသွားကာ လက်ရေးလှရေးသည်ကို ကြည့်နေတတ်၏။ ပို၍ တိကျစွာ ပြောရလျှင် ဆရာကြီးဝေ လက်ရေးလှရေးနေစဉ် သူ့အနားရှိ ဖုန်းဖြင့် ဗီဒီယိုများ ကြည့်နေခြင်းဖြစ်သည်။ သို့မဟုတ်လျှင်လည်း ဆရာကြီးဝေ၏ ပခုံးပေါ်တွင် နားနေရင်း သရုပ်ဆောင်များကို လက်ရေးလှ အတတ်ပညာ သင်ကြားပေးနေသည်ကို နားထောင်နေတတ်၏။ ရှောင်ရှီး ဘာမှနားမလည်သည်မှာ သေချာသော်လည်း ဆရာကြီးဝေ၏ သင်ကြားပြသသည့်အသံမှာ သူ့အတွက်တော့ အလွန်ကောင်းမွန်သော ချော့သိပ်တေး ဖြစ်နေတော့သည်။
သရုပ်ဆောင်များသည် မျက်လုံးများ တောက်ပစွာဖြင့် အလေးအနက် သင်ယူနေကြသော်လည်း ရှောင်ရှီးမှာမူ ဆရာကြီးဝေ၏ ပခုံးပေါ်တွင် တရှူးရှူးဖြင့် အိပ်မောကျနေသည်။ ဆရာကြီးဝေ၏ "နွေဦးလေပြေကဲ့သို့" လွှမ်းမိုးနိုင်သော ပညာရပ်မှာ ရှောင်ရှီး အပေါ်တွင်တော့ အာနိသင် မရှိသည်မှာ ထင်ရှားလှ၏။ ဒါရိုက်တာကုန်းမှ ခေါ်လိုက်သည့် အခါမှသာ ရှောင်ရှီးသည် ကင်မရာရှေ့သို့ ပျံသန်းသွားကာ နောက်ခံအဖြစ် သရုပ်ဆောင်ပေးလေ့ရှိသည်။
ဇာတ်ဆောင်မင်းသားနှင့် မင်းသမီးတို့မှာ ကင်မရာရှေ့တွင် ရှုပ်ထွေးသော စိတ်ခံစားမှုများနှင့် ထိခိုက်စရာ စကားလုံးများကို ဖော်ပြနေချိန်တွင် ရှောင်ရှီး မှာမူ အနီးအနားရှိ သစ်ကိုင်းပေါ် သို့မဟုတ် မြက်ခင်းပေါ်တွင် အေးအေးလူလူ လမ်းလျှောက်နေတတ်သည်။ သူ့၏ နက်မှောင်သော အမွေးအတောင်များမှာ နေရောင်အောက်တွင် တလက်လက် တောက်ပနေပြီး ဇာတ်ဝင်ခန်းကို သဘာဝအလှတရားနှင့် အသက်ဝင်မှုတို့ကို ပေါင်းစပ်ပေး၏။ တစ်ခါတစ်ရံတွင် ရှောင်ရှီးသည် မင်းသမီးနှင့် ပို၍ နီးနီးကပ်ကပ် ရှိနေရန် လိုအပ်သည်။ ထိုအခါမျိုးတွင် ဆရာကြီးဝေမှာ ရှောင်ရှီးကို မင်းသမီး၏ ပခုံးပေါ်သို့ အသာအယာ တင်ပေးခြင်း သို့မဟုတ် လက်မောင်းပေါ်တွင် နားစေခြင်းတို့ကို ပြုလုပ်ပေး၏။ မင်းသမီးမှာ ကျီးကန်းလေးကို အစာကျွေးဟန်ဖြင့် သူ၏ နှုတ်သီးနားသို့ နေကြာစေ့လေးများ ကမ်းပေးသည်။ ရှောင်ရှီးမှာ လိမ္မာယဉ်ကျေးသော ပုံစံဖြင့် နေပေးရုံ၊ နှုတ်သီးလေးဖြင့် အစာကို အသာအယာ ဆိတ်စားရုံနှင့် ရံဖန်ရံခါ ချစ်စရာကောင်းသော အသံလေးများ ပြုလုပ်ပေးရုံဖြင့် လုံလောက်လှသည်။ ဤအခန်းကဏ္ဍမှာ ရှောင်ရှီးအတွက်တော့ အလွန်ပင် လွယ်ကူလှသည်။ ကဗျာရွတ်ခိုင်းခြင်း မရှိသရွေ့ ရှောင်ရှီးသည် ဤကဲ့သို့သော သက်သောင့်သက်သာရှိသည့် သရုပ်ဆောင်အလုပ်ကို အတော်လေး သဘောကျနေ၏။ ရှောင်ရှီး၏ အခန်းကဏ္ဍမှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း တစ်နေ့တာလုံး ဒါရိုက်တာကုန်း၏ အချီးကျူးခံရဆုံးမှာ ရှောင်ရှီးသာ ဖြစ်သည်။
ဒါရိုက်တာကုန်းသည် ယခင်က အခြားကျီးကန်း သရုပ်ဆောင်များကို အသုံးပြုရန် ကြိုးစားခဲ့ဖူးသော်လည်း ရိုက်ကူးရေး မစမီ ထိုသာမန်ကျီးကန်းများကို အထပ်ထပ်အခါခါ လေ့ကျင့်ပေးရန် လိုအပ်ခဲ့သည်။ သို့မဟုတ်ပါက ထိုကျီးကန်းများသည် ကင်မရာရှေ့တွင် စည်းကမ်းမဲ့ ပျံသန်းနေခြင်း သို့မဟုတ် အချိန်မဟုတ်ဘဲ အော်ခြင်းတို့ဖြင့် သရုပ်ဆောင်များ၏ စကားပြောသည့်အခန်းများကို အနှောင့်အယှက် ပေးတတ်ကြ၏။ ရှောင်ရှီးမှာမူ ဆူညံလှသော ရိုက်ကွင်းပတ်ဝန်းကျင်တွင် တည်ငြိမ်စွာ ရှိနေနိုင်ပြီး ပတ်ဝန်းကျင်၏ နှောင့်ယှက်မှုကို မခံရဘဲ မိမိတာဝန်ကိုသာ အာရုံစိုက်ပြီး လုပ်ဆောင်နိုင်သည်။ အဝေးမှ နောက်ခံအဖြစ် သရုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် မင်းသမီး၏ အနားတွင် အိမ်မွေးတိရစ္ဆာန်အဖြစ် သရုပ်ဆောင်သည်ဖြစ်စေ ဇာတ်ဝင်ခန်းတစ်ခုလုံးနှင့် အပြည့်အဝ လိုက်ဖက်ညီအောင်နေနိုင်စွမ်းရှိသည်။ ဤအချက်မှာ ဒါရိုက်တာနှင့် သရုပ်ဆောင်များအတွက် အခက်အခဲများစွာကို တကယ်ပင် သက်သာစေခဲ့၏။