← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

135

ရုပ်ရှင်အဖွဲ့သားများ၏ လူသိရှင်ကြား ကြော်ငြာပေးမှုများကြောင့် စုဟယ်မှာ တည်းခိုခန်းကို အရောင်းမြှင့်တင်ရန်အတွက် ပင်ပင်ပန်းပန်း ကြိုးစားစရာ မလိုတော့ပေ။ ရုပ်ရှင်အဖွဲ့ထံမှ ရရှိသည့် အော်ဒါများမှာပင် တည်းခိုခန်းအတွက် အချိန်အတော်ကြာ လည်ပတ်ရန် လုံလောက်နေပြီ ဖြစ်၏။ ပုံမှန်တည်းခိုသူများနှင့် ရင်းနှီးသွားပြီးနောက် စုဟယ်သည် သူတို့ကို အွန်လိုင်းဘိုကင်ပလက်ဖောင်းပေါ်တွင် အပြုသဘောဆောင်သည့် မှတ်ချက်ကောင်းများ ရေးပေးရန် အကူအညီတောင်းခဲ့သည်။

ဧည့်သည်တစ်ဦးမှာ ဆရာကြီးဝေ၏ တပည့်ဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်တွင် လွှမ်းမိုးမှုရှိသည့် အနုပညာရှင်တစ်ဦး ဖြစ်သည့်အပြင် အွန်လိုင်းဘိုကင်ပလက်ဖောင်း၏ Level 7 အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ သူ၏ မှတ်ချက်မှာ အရည်အသွေးမြင့်မှတ်ချက်အဖြစ် အသိအမှတ်ပြုခံရပြီး ချောင်းလိဖန်း၏ မကောင်းသောမှတ်ချက်ကို အောက်သို့ တွန်းပို့လိုက်နိုင်ခဲ့၏။ ယခုအခါ ဟဲယဲ့တည်းခိုခန်း၏ အွန်လိုင်း ပလက်ဖောင်းစာမျက်နှာသည် ကြည့်ရသည်မှာ ပို၍ သန့်ရှင်းသပ်ရပ်သွားခဲ့ပြီ ဖြစ်သည်။

စုဟယ်သည်လည်း မကြာသေးမီက ဂိမ်းဈေးတန်းထဲသို့ မည်သည့်ပစ္စည်းအသစ်များ ထပ်တိုးလာသနည်းဆိုသည်ကို ကြည့်ချင်စိတ် ပေါက်လာသည်။ သူမ ဂျက်၏ မှော်ပဲစေ့များကို ဝယ်ယူပြီးနောက်တွင် အသုံးပြုသူအသစ်များအတွက် နောက်ဆုံးပေးထားသော လျှော့စျေးမှာလည်း ကုန်ဆုံးသွားပြီ ဖြစ်၏။ ထို့ကြောင့် စုဟယ်သည် ဂိမ်း‌ဈေးတန်း၏ ပစ္စည်းအချို့ကို အသစ်ပြန်လည် လဲလှယ် လိုက်သည်။ သူမသည် လက်ထဲတွင် ပိုက်ဆံအနည်းငယ်ရှိလာလျှင် မသုံးရမနေနိုင်သူဖြစ်ပြီး အမြဲတမ်း တစ်ခုခုဝယ်ချင်နေတတ်သူ ဖြစ်၏။

အနုပညာလောကထဲမှ လူတွေမှာတော့ တကယ်ကို ချမ်းသာကြသည်ဟု ဆိုရမည်။ 'ကြင်ယာတော်နှစ်ပါး ဒဏ္ဍာရီ' ရုပ်ရှင်အဖွဲ့သားများသည် ညတိုင်း "လီရှု၏ အိမ်မက်ပို့ဆောင်မှု" ဝန်ဆောင်မှုကို ဝယ်ယူရန် ပိုက်ဆံအမြောက်အမြား သုံးစွဲကြရုံသာမက ဟဲယဲ့တည်းခိုခန်း၏ အိပ်ပျော်နေသော မင်းသမီးလေးရဲ့ ကုတင်ကိုပါ ဝယ်ယူခဲ့ကြသည်။ သူတို့ စုစုပေါင်း ကုတင်အလုံး (၂၀) တောင် ဝယ်ခဲ့ကြခြင်း ဖြစ်၏။ ယင်းမှာ စုဟယ်အတွက် ဝင်ငွေ ယွမ် (၂၀၀,၀၀၀) ကျော်ရရှိစေမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့အပြင် အနုပညာလောကမှာ အသိုင်းအဝိုင်း တစ်ခုဖြစ်ရာ အိပ်ပျော်နေသော မင်းသမီးလေးရဲ့ ကုတင်မှာ မကြာမီ အနုပညာလောကအတွင်း ခေတ်စားလာမည့် ပစ္စည်းတစ်ခု ဖြစ်လာလိမ့်မည်ဟု စုဟယ် ယုံကြည်နေ၏။

ထို့ကြောင့်ပင် စုဟယ်သည် ဂိမ်း‌ဈေးတန်းကို ပြန်ဖွင့်ရန် သတ္တိရှိနေခြင်း ဖြစ်သည်။ မဟုတ်ပါက မှော်ပဲစေ့ ဓာတ်လှေကားကို ဝယ်ယူတပ်ဆင်ရန် သုံးစွဲခဲ့ရသည့်ယွမ် (၆၀၀,၀၀၀) ကျော်မှာ စုဟယ်၏ အသက်တစ်ဝက်လောက်ကို နှုတ်ယူသွားသကဲ့သို့ ဖြစ်နေမည် မဟုတ်ပါလား။ စုဟယ်သည် Refresh ကို နှိပ်လိုက်၏။ ထို့နောက် သူမ အံ့ဩတုန်လှုပ်သွားရသည်။ ဤဂိမ်း‌ဈေးတန်းသည် တကယ်ပင် လူရွေးတတ်လှ၏။ အသစ်ထွက်လာသော ပစ္စည်းတိုင်းမှာ တစ်ခုထက်တစ်ခု ပို၍ ဈေးကြီးနေသည်။ စနစ်သည် သူမ၏ ပိုက်ဆံအိတ်ကို စောင့်ကြည့်နေသည်မှာ သေချာ၏။ မဟုတ်ပါက ဈေးကြီးသော ပစ္စည်းများကြားတွင် သူမ ဝယ်နိုင်သည့် ပစ္စည်းတစ်ခုမှာ ဘာကြောင့်အမြဲတမ်းပါနေရသနည်း။

"ဆရာကြီးစွန်း၏ နတ်မက်မွန်ပင် - ဤအပင်မှာ ဆရာကြီးစွန်းဝူခုန်းသည် နတ်ပြည်ရှိ မက်မွန်ဥယျာဉ်မှ ယူဆောင်လာသည့် မျိုးဆက်များ ဖြစ်သည်။ ပန်းသစ်သီးတောင်ပေါ်တွင် နှစ်ပေါင်းတစ်ထောင်ကြာ ကြီးထွားလာပြီးနောက် လူ့ပြည်၏ ပတ်ဝန်းကျင်နှင့် အသားကျသွားပြီ ဖြစ်၏။

လုပ်ဆောင်ချက် - တစ်ပင်လျှင် တစ်နေ့ကို နတ်မက်မွန်သီး (၁၀) လုံး သီးသည်။ နတ်မက်မွန်၏ နတ်စွမ်းအင် အားလုံးကို အသီးသီးရန်အတွက်သာ အသုံးပြုထားပြီး အသီးတစ်လုံးစီတွင် နတ်စွမ်းအင် အနည်းငယ်စီသာ ကျန်ရှိတော့၏။

ဈေးနှုန်း - ယွမ် (၁၀၀,၀၀၀)

မက်မွန်ပင် တစ်ပင်အတွက် ယွမ် (၁၀၀,၀၀၀) ဖြစ်ပြီး တစ်နေ့ကို အသီး (၁၀) လုံးသာ သီးမည်ဆိုလျှင် တကယ်ကို မတန်တဆ ဈေးပင်ဖြစ်သည်။ သင်္ချာသိပ်မတော်သော စုဟယ်သည် အရင်းကျေရန် ဘယ်လောက်ကြာမလဲဆိုသည်ကို ပင်ပင်ပန်းပန်း တွက်ချက်ကြည့်လိုက်၏။ မက်မွန်သီးတစ်လုံးကို ယွမ် (၁၀) နှင့် ရောင်းမည်ဆိုလျှင် အရင်းကျေရန် ရက်ပေါင်း (၁၀၀၀) ၊ သို့မဟုတ် (၂) နှစ်နှင့် (၉) လ ကြာမြင့်မည် ဖြစ်သည်။ စုဟယ်၏ တွန့်ချိုးနေသော မျက်ခုံးများမှာ ချက်ချင်းပင် ပြေလျော့သွားသည်။ (၃) နှစ်အတွင်း အရင်းကျေနိုင်မည့် ဂိမ်းဈေးတန်းမှ ပစ္စည်းတစ်ခုမှာ အတော်လေးကို အကျိုးအမြတ်ရှိသည်ဟု သူမ တွေးမိလိုက်သည်။ အထူးသဖြင့် မှော်ပဲစေ့ဓာတ်လှေကားနှင့် ယှဉ်လိုက်လျှင်ပေါ့။ ဝယ်မယ်။

စုဟယ်သည် ချက်ချင်းပင် အပင်တစ်ပင်ကို ဝယ်ယူလိုက်သည်။ သူမ၏ ဘဏ်ကတ်ထဲမှ ပိုက်ဆံ ဖြတ်တောက်သွားပြီးနောက် စုဟယ်၏ ဂိမ်းဈေးတန်း ပစ္စည်းစာရင်းထဲတွင် ဝိညာဉ်ရေးရာ မက်မွန်ပင်လေးတစ်ခု ပေါ်လာသည်။ ဂိမ်းဈေးတန်းမှ ပစ္စည်းများသည် ဇာတ်ကောင်ကတ်များထက် ပို၍အဆင်ပြေ၏။ စုဟယ်အနေဖြင့် မြေကွက်လပ်တစ်ခုကို ရွေးချယ်ပေးရုံဖြင့် ဂိမ်းဈေးတန်းမှာ "ဆရာကြီးစွန်း၏ နတ်မက်မွန်ပင်" ကို အလိုအလျောက် နေရာချပေးမည် ဖြစ်သည်။

စုဟယ်သည် နောက်ဖေးဥယျာဉ်ထဲရှိ ဟင်းသီးဟင်းရွက် စိုက်ခင်းငယ်လေးထဲမှ မြေကွက်လပ်တစ်ခုကို ရှာဖွေလိုက်သည်။ ယခုအခါ ဟင်းသီးဟင်းရွက် စိုက်ခင်းလေးမှာ သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်‌နေ၏။ ပြာလွင်သော မိုးကောင်းကင်မှ နေရောင်ခြည်များ ဖြာကျနေပြီး လေထုထဲတွင် မြေဆီလွှာ၏ ရနံ့နှင့် အပင်များ၏ လတ်ဆတ်မှုတို့ဖြင့် ပြည့်နှက်နေသည်။ တံခါးအနီးတွင် သစ်ခွပန်းများစွာ ရှိနေ၏။ ဤသစ်ခွပင်များသည် တစ်ချိန်က စုဟယ်၏ လျစ်လျူရှုမှုကြောင့် ညှိုးနွမ်းခဲ့ဖူးသော်လည်း မစ္စကျိ ၏ ဂရုစိုက်မှုအောက်တွင် ပြန်လည်ရှင်သန်လာပြီး ကြီးထွားလန်းဆန်းနေကြပြီ ဖြစ်သည်။ သစ်ခွရွက်များမှာ မြစိမ်းရောင်ကျောက်ကဲ့သို့ စိမ်းလန်းနေပြီး ပန်းပွင့်လေးများမှာ ဆီးနှင်းကဲ့သို့ ဖြူ‌ဖွေးနေကြ၏။ ၎င်းတို့သည် လေပြည်အောက်တွင် အသာအယာ ယိမ်းနွဲ့နေကြပြီး သင်းပျံ့လတ်ဆတ်သော ရနံ့လေးများကို ထုတ်လွှတ်နေကြသည်။

ဟင်းသီးဟင်းရွက် စိုက်ခင်းလေး၏ ညာဘက်ခြမ်းတွင် မြေနေရာ အတော်များများကို ခရမ်းသီးနှင့် ပဲတောင့်ရှည်ပင်များ နေရာယူထားသည်။ ဤဟင်းသီးဟင်းရွက်များသည် မစ္စကျိ၏ စေ့စပ်သေချာသော ဂရုစိုက်မှုအောက်တွင် ဝေေဝေဆာဆာ ပေါက်ရောက်နေကြ၏။ နံနက်တိုင်း မစ္စကျိသည် ဤခရမ်းပင်နှင့် ပဲတောင့်ရှည်ပင်များကို ရေလောင်းပြီး မြေဆွပေးလေ့ရှိရာ ၎င်းတို့အတွက် လုံလောက်သော အာဟာရနှင့် ဂရုစိုက်မှုတို့ကို ရရှိစေသည်။ ယခုအခါ ခရမ်းသီးနှင့် ပဲတောင့်ရှည်များမှာ ခူးဆွတ်ရန် အသင့်ပင် ဖြစ်နေပြီဖြစ်ကာ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ခရမ်းသီးကြီးများနှင့် လတ်ဆတ်သော ပဲ‌တောင့်ရှည်များမှာ အကိုင်းအခက်များတွင် တွဲလောင်းကျနေကြ၏။

ဥယျာဉ်၏ အလယ်ဗဟိုတည့်တည့်တွင် မြေကွက်လပ် အကြီးကြီးတစ်ခု ချန်ထားသည်။ ဤနေရာတွင် မည်သည့် သီးနှံကိုမျှ စိုက်ပျိုးမထားပေ။ ဤနေရာမှာ မစ္စကျိ ဆုတောင်းကပြသည့် နေရာဖြစ်သည်။ ညစဉ်ညတိုင်း လရောင်ဤမြေကွက်လပ်ပေါ်သို့ ဖြာကျလာသည့်အခါ မစ္စကျိ သည် ဧည့်သည်များအတွက် မွေးနေ့ပွဲ အခမ်းအနားများကို ကျင်းပပေးလေ့ရှိ၏။ အနည်းငယ် မာကျောနေသော မြေဆီလွှာမှာ မကြာသေးမီက ကျင်းပခဲ့သော မွေးနေ့ပွဲ အခမ်းအနားများ၏ အကြိမ်ရေကို သက်သေခံနေသည်။

ခြံစည်းရိုးအနီးတွင်မူ ဝက်သစ်ချပင် ကြီးတစ်ပင် ပေါက်ရောက်နေသည်။ ထိုဝက်သစ်ချပင်ကြီးမှာ မြင့်မားမတ်စောက်ပြီး စိမ်းလန်းသော အရိပ်အာဝါသ ရှိသည်။ သစ်ရွက်တိုင်းမှာ မြစိမ်းကျောက်မျက်ရတနာကဲ့သို့ တလက်လက် တောက်ပနေ၏။ ဝက်သစ်ချပင်ကြီးသည် ရှေးကျ‌သော အရှိန်အဝါကို ထုတ်လွှတ်နေရာ ၎င်း၏အောက်တွင် ရပ်နေရခြင်းမှာ ရှေးဟောင်းကာလများဆီသို့ အချိန်ခရီးသွားရသလို ခံစားရစေသည်။ သို့သော်လည်း ထိုဝက်သစ်ချပင်၏ အကိုင်းအခက်များထဲတွင် အကိုင်းတစ်ခုမှာမူ အောက်သို့ နိမ့်ကျနေပြီး လူဖြတ်တောက်ထားသည့် အမှတ်အသားများစွာနှင့်အတူ အနည်းငယ် ရှင်းလင်းနေ၏။ အပင်ကြီးမှာ အိပ်မောကျနေသည့်အလား ပျင်းရိနေပုံရပြီး ဤအကျည်းတန်နေသော အကိုင်းအခက်အတွက် လုံးဝ ဂရုမစိုက်ပုံမရချေ။ ဤဟင်းသီးဟင်းရွက် စိုက်ခင်းလေး၏ ထောင့်တိုင်းမှာ သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပုံရသည်။ ဤနေရာရှိ အပင်တိုင်းသည် မစ္စကျိ၏ ဂရုစိုက်မှုအောက်တွင် ကြီးထွားနေကြရာ စုဟယ်၏လက်ထဲတွင် ညှိုးနွမ်းသေဆုံးလုနီးပါး ဖြစ်ခဲ့ရသော ဟင်းသီးဟင်းရွက်စိုက်ခင်းနှင့် နှိုင်းယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှ၏။

စုဟယ် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဆရာကြီးစွန်း၏ နတ်မက်မွန်ပင်ကို ခရမ်းပင်နှင့် ပဲတောင့်ရှည်ပင်များ ပေါက်ရောက်နေသည့် နေရာတွင် စိုက်ပျိုးရန် ဆုံးဖြတ်လိုက်သည်။ ဝက်သစ်ချပင်ကြီးမှာ ယခုအခါ တည်းခိုခန်းအတွက် အကျိုးပြုသူ ဖြစ်နေပြီဖြစ်ရာ စုဟယ်အနေဖြင့် ဝက်သစ်ချပင်၏ နေရာကို ယူပြီး အနှောင့်အယှက် မပေးချင်ပေ။ သူမသည် နေရာတစ်ခုကို ရွေးချယ်ပြီး နတ်မက်မွန်ပင်ကို ချထားလိုက်သည်။

ခရမ်းပင်နှင့် ပဲတောင့်ရှည်ပင်များ၏ ဘေးတွင် နတ်မက်မွန်ပင်တစ်ပင် ရုတ်တရက် ပေါက်လာ၏။ နတ်မက်မွန်ပင်၏ ပင်စည်မှာ တုတ်ခိုင်မတ်စောက်ပြီး အခေါက်မှာ ကြေးညိုရင့်အရောင် ဖြစ်ကာ အချိန်ကာလ၏ အမှတ်အသားများဖြင့် ဖုံးလွှမ်းနေသဖြင့် ဥယျာဉ်ထဲတွင် အချိန်အကြာကြီး ပေါက်ရောက်နေခဲ့သည့်အလား ထင်ရသည်။ နတ်မက်မွန်ပင်၏ အရွက်များမှာ မြစိမ်းရောင်ရှိပြီး စိမ်းစိုနေကာ အရွက်တိုင်းသည် ၎င်း၏ ထူးခြားသော အတိတ်ကို ပြောပြနေသကဲ့သို့ တောက်ပနေ၏။ သစ်ရွက်များကြားတွင် သေးငယ်သော ပန်းပွင့်ဖြူလေးများကို ခပ်ရေးရေး မြင်တွေ့နေရပြီး သင်းပျံ့လတ်ဆတ်သော ရနံ့လေးများကို ထုတ်လွှတ်နေသည်။ အထူးခြားဆုံးမှာ နတ်မက်မွန်ပင်၏ ထိပ်ဖျားတွင် နတ်စွမ်းအင် မြူခိုးလေးများ ဝဲနေပုံရခြင်းပင်။ ဤနတ်စွမ်းအင်များသည် မီးခိုးငွေ့လေးများကဲ့သို့ မြေပြင်မှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး သစ်ပင်ထိပ်ဖျားဆီသို့ အဆက်မပြတ် မြင့်တက်သွားကာ နတ်မက်မွန်ပင်ကို လျှို့ဝှက်ဆန်းပြားသော နတ်ဘုရားအငွေ့အသက်များ တိုးဝင်လာစေ၏။ ထိုနတ်စွမ်းအင်များ၏ ပံ့ပိုးမှုဖြင့် နတ်မက်မွန်ပင်မှာ နတ်ပြည်ရှိ မက်မွန်ဥယျာဉ်မှ မြင့်မြတ်သော အရှိန်အဝါကို တကယ်ပင် ပိုင်ဆိုင်ထားသည့်အလား ပို၍ပင် သက်ဝင်လှုပ်ရှားနေပုံရသည်။

မကြာမီမှာပင် ပြည့်ဖြိုးသော အနီရောင်နတ်မက်မွန်သီး (၁၀) လုံး သစ်ပင်ပေါ်တွင် ပေါ်လာပြီး သစ်ပင်ပေါ်ရှိ နတ်မြူခိုးများမှာလည်း ပျောက်ကွယ်သွားခဲ့သည်။ ဤနတ်မက်မွန်သီးများမှာ အရောင်အသွေး တောက်ပပြီး အခွံမှာ ချောမွတ်နေကာ ဆွဲဆောင်မှုရှိသော အလင်းရောင်များ ထွက်ပေါ်နေ၏။ မက်မွန်သီးတိုင်းမှာ လုံးဝန်းပြည့်ဖြိုးပြီး အရွယ်အစားမှာလည်း တညီတညာတည်း ဖြစ်နေရာ သေချာစွာ ထုဆစ်ထားသော အနုပညာလက်ရာတစ်ခုကဲ့သို့ပင်။ နေရောင်အောက်တွင် ၎င်းတို့မှာ ပို၍ပင် နူးညံ့ပြီး ဆွဲဆောင်မှု ရှိနေသဖြင့် မြည်းစမ်းကြည့်ရန် ခူးချင်စိတ်ကို မထိန်းချုပ်နိုင်တော့ပေ။ စုဟယ်သည်လည်း သဘာဝအတိုင်းပင် မထိန်းနိုင်တော့ဘဲ နတ်မက်မွန်သီးတစ်လုံးကို ခူးယူလိုက်တော့သည်။

136

စုဟယ်သည် နတ်မက်မွန်ပင်မှ ခုလေးတင် ဆွတ်ထားသော မက်မွန်သီးတစ်လုံးကို လက်ထဲတွင် ဆုပ်ကိုင်ထားသည်။ အမှန်အတိုင်းပြောရလျှင် စုဟယ်သည် မာကျောသော မက်မွန်သီးများကို သိပ်မကြိုက်လှပေ။ ထိုသို့သော မက်မွန်သီးများသည် ခြောက်သွေ့ပြီး အရည်ရွှမ်းမှုမရှိဟု သူမအမြဲခံစားရလေ့ရှိကာ သစ်သီးတစ်လုံးအပေါ် သူမထားရှိသည့် မျှော်လင့်ချက်ကို မဖြည့်ဆည်းပေးနိုင်ဟု ထင်မြင်မိသည်။ သူမသည် ပါးစပ်ထဲထည့်လိုက်သည်နှင့် ပျော်ဝင်သွားလောက်အောင် နူးညံ့ပြီး အရည်ရွှမ်းသော မက်မွန်သီးမျိုးကိုသာ ပို၍နှစ်သက်၏။

သို့သော်လည်း ဤနတ်မက်မွန်သီးမှာ သူမ၏ အယူအဆကို အပြီးတိုင်ပြောင်းလဲပစ်လိုက်သည်။ ဤနတ်မက်မွန်သီး၏ အသွင်အပြင်မှာ သူမ ယခင်က မြင်ဖူးသကဲ့သို့ ပျော့ဖတ်မနေဘဲ အခွံမှာ ပါးလွှာကာ တင်းရင်းနေပြီး ပန်းရောင်သန်းနေသည်။ မက်မွန်သီး၏ မျက်နှာပြင်မှာ ချောမွတ်နူးညံ့ပြီး လက်ထဲတွင် ကိုင်ကြည့်လိုက်လျှင်လည်း လေးလံမှုကို ခံစားရ၏။ စုဟယ် အသာအယာ တစ်ချက်ကိုက်လိုက်ရာ ဟင်းသီးဟင်းရွက်ဥယျာဉ်ထဲတွင် ထို "ဂျွတ်" ခနဲ မြည်သံမှာ အလွန်ပင် နားထောင်ကောင်းနေသည်။ နတ်မက်မွန်သီး၏ အရသာမှာ မထင်မှတ်ထားလောက်အောင် အလွန်ကောင်းမွန်လှ၏။ ၎င်း၏ ကျွတ်ဆတ်မှုမှာ အနေတော်ဖြစ်ပြီး ကိုက်လိုက်သည့် ခဏမှာပင် မက်မွန်သီးရည်များမှာ ပါးစပ်အတွင်း၌ ပေါက်ကွဲထွက်လာသည်။ ဝါးလိုက်တိုင်း စုဟယ်သည် ပေါ့ပါးလန်းဆန်းမှုကို ခံစားရပြီး နတ်ပြည်သို့ ရောက်ရှိနေသကဲ့သို့ ပျော်ရွှင်မှုကို ပေးစွမ်း၏။

စုဟယ်သည် နတ်မက်မွန်သီးကို အရသာခံစားကြည့်ရာ ၎င်း၏ မွှေးရနံ့မှာ အလွန်ပင် ကြွယ်ဝကြောင်း တွေ့ရှိလိုက်ရသည်။ ၎င်းမှာ နက်ရှိုင်းပြီး လူကို မူးယစ်စေသော မက်မွန်ရနံ့မျိုးဖြစ်၏။ မက်မွန်သီး အခွံပေါ်ရှိ ရနံ့မျှသာမဟုတ်ဘဲ မက်မွန်သီး၏ အတွင်းပိုင်းမှ ထွက်ပေါ်လာသော ထူးခြားသည့် ရနံ့မျိုး ဖြစ်သည်။ ဤရနံ့ကြောင့် စုဟယ်သည် သူမ၏ တစ်ကိုယ်လုံး မက်မွန်သီးအရသာအဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ အသက်ရှူလိုက်တိုင်း မက်မွန်သီး၏ လတ်ဆတ်သော ရနံ့များ ပါဝင်နေပြီး သူမကိုယ်တိုင်ပင် ဤနတ်မက်မွန်သီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားသကဲ့သို့ပင်။ စုဟယ်သည် နတ်မက်မွန်သီးကို ဆက်လက်မြည်းစမ်းရင်း မက်မွန်သီးတွင် "နတ်စွမ်းအင် အနည်းငယ်" သာ ကျန်ရှိတော့သည်ဟူသော အဓိပ္ပာယ်ကို နားလည်လာခဲ့သည်။ သူမ၏ ပါးစပ်ထဲတွင် တကယ်ပင် နတ်ဘုရားအငွေ့အသက် တစ်ခု ရောက်ရှိနေခြင်းပင်။ မက်မွန်သီးအရသာရှိသော နတ်ဘုရားအငွေ့အသက်လေးဖြစ်သည်။

စုဟယ်သည် နှုတ်ခမ်းကို အနည်းငယ်ဟကာ လေကို အသာအယာ မှုတ်ထုတ်လိုက်ရာ လတ်ဆတ်သော မက်မွန်ရနံ့မှာ လေထုထဲသို့ ပျံ့လွင့်သွားသည်။ ၎င်းမှာ တောင်ပေါ်မှ နံနက်ခင်း လေပြေညင်းကဲ့သို့ နှင်းစက်များ၏ စင်ကြယ်မှုနှင့် သဘာဝ၏ အနှစ်သာရကို သယ်ဆောင်လာသကဲ့သို့ပင်။ ထိုမက်မွန်သီးကို မြည်းစမ်းပြီးနောက် သူမ၏ ခံတွင်းမှာ ထူးထူးခြားခြား လန်းဆန်းသွားပြီး နွေဦးမိုးရေဖြင့် ဆေးကြောလိုက်သကဲ့သို့ မနှစ်မြို့ဖွယ် အနံ့အသက်များ အားလုံး ပျောက်ကွယ်သွားကာ ခံတွင်းတစ်ပြင်လုံး မွှေးပျံ့နေတော့သည်။ ညဉ့်နက်သည်အထိ အိပ်ရာမဝင်ခြင်း သို့မဟုတ် အရသာပြင်းသော အစားအစာများကို နှစ်သက်ခြင်းကြောင့် ကျန်ရှိနေခဲ့သော သွားကြားထဲမှ အနံ့အသက်ဆိုးများအားလုံး ပျောက်ကွယ်သွားပြီး မက်မွန်သီး၏ ချိုမြိန်မှုဖြင့် အစားထိုးခံလိုက်ရသည်။ မက်မွန်သီးရည်များ ခံတွင်းအတွင်း၌ စီးဆင်းသွားပြီး ၎င်း၏ ချိုမြိန်လတ်ဆတ်မှုမှာ မှော်ဆန်သော စွမ်းအားရှိသည့်အလား မကောင်းသော အရသာအားလုံးကို တိုက်ဖျက်ပေးလိုက်၏။ ဝါးလိုက်တိုင်း ခံတွင်းကို နက်နက်ရှိုင်းရှိုင်း သန့်စင်ပေးနေသကဲ့သို့ ဖြစ်ပြီး သူမ၏ သွားများမှာလည်း ယခင်ကထက် ပို၍ ဖြူစင်လာကာ ကျန်းမာသော အလင်းရောင်ဖြင့် တောက်ပနေသည်။ ၎င်းမှာ သဘာဝမှ ပေးသော ခံတွင်းသန့်စင်ဆေး တစ်ခုကဲ့သို့ပင်။ မက်မွန်ရနံ့မှာ သူမ၏ အသက်ရှူသံနှင့်အတူ လည်ပတ်နေသဖြင့် စုဟယ်သည် သူမ၏ အသက်ရှူနှုန်းကို မသိစိတ်ဖြင့် လျှော့ချလိုက်မိသည်။ အသက်ကို ပြင်းပြင်းရှူသွင်းပြီးနောက် ဖြည်းဖြည်းချင်း ပြန်မှုတ်ထုတ်လိုက်ကာ အတွင်းမှ အပြင်သို့ လတ်ဆတ်သွားသည့် ခံစားချက်ကို အပြည့်အဝ ခံစားနေမိ၏။

ဤမက်မွန်သီးကို စားပြီးနောက် သူမ၏ ခံတွင်း၌ မနှစ်မြို့ဖွယ် အနံ့အသက်များ မရှိတော့ဘဲ မွှေးပျံ့လတ်ဆတ်မှုဖြင့် အစားထိုးဝင်ရောက်လာရာ သူမ၏ တစ်ကိုယ်လုံး အသစ်ပြန်လည် လန်းဆန်းသွားပြီး စိတ်ဓာတ်များလည်း နိုးကြားလာခဲ့သည်။ စုဟယ်က လေကို အားရပါးရ မှုတ်ထုတ်လိုက်၏။ ၎င်းမှာ တကယ်ပင် မွှေးပျံ့လှသော နတ်ဘုရားအငွေ့အသက်လေးပင်။ စုဟယ်သည် သူမ၏ ဗလာဖြစ်နေသော လက်ကိုကြည့်လိုက်ပြီးနောက် ကျန်ရှိနေသော မက်မွန်သီး (၉) လုံးကို ကြည့်ကာ နောက်ထပ်တစ်လုံး စားချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည်။ မက်မွန်သီး (၁၀)လုံးဆိုသည်မှာ ဘာမှလုပ်ဖို့ မလုံလောက်နိုင်သောကြောင့် စုဟယ်သည် နောက်ထပ် နတ်မက်မွန်ပင်တစ်ပင်ကို ထပ်မံဝယ်ယူကာ ပထမအပင်၏ ဘေးတွင် နေရာချထားလိုက်၏။

သူမသည် မက်မွန်သီး (၅) လုံးကို ဆိုင်ရှိ ဝန်ထမ်းများအတွက် ဖယ်ထားလိုက်ပြီး ကျန်တာကိုတော့ လျူရှန်းထံ ပေးလိုက်သည်။ လျူရှန်းမှာ ပန်းကန်များ ဆေးကြောနေခြင်း ဖြစ်၏။ စုဟယ်ကို မြင်သောအခါ သူမလက်များကို သုတ်လိုက်ပြီး ဇဝေဇဝါဖြင့် မေးလိုက်၏။

"မက်မွန်ယို လုပ်မလို့လား"

သူမသည် ခြင်းတောင်းကို လှမ်းယူလိုက်ပြီး ကြီးမားလှသော နတ်မက်မွန်သီးများကို ကြည့်ကာ အံ့အားသင့်မှု အရိပ်အယောင်များ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။ ခြင်းတောင်းထဲတွင် မက်မွန်သီးများမှာ ပုံနေပြီး တစ်လုံးချင်းစီမှာ အံ့ဩစရာကောင်းလောက်အောင် ကြီးမားကာ ပေါက်ထွက်တော့မတတ် ပြည့်ဖြိုးနေ၏။ အခွံပေါ်ရှိ ပန်းရောင်သန်းနေမှုမှာ နေဝင်ချိန် ဆည်းဆာရောင် ဆိုးထားသကဲ့သို့ ဆွဲဆောင်မှုရှိသော အလင်းရောင်များ ထွက်ပေါ်နေသည်။

"ဒီမက်မွန်သီးတွေက"

လျူရှန်း၏ အသံတွင် သံသယအချို့ ပါဝင်နေသည်။

"မက်မွန်သီးရာသီကုန်သွားပြီ မဟုတ်လား၊ ဘယ်လိုလုပ် ဒီလောက် လတ်ဆတ်တဲ့ မက်မွန်သီးတွေ ရှိနေရတာလဲ"

စုဟယ် အနည်းငယ် ပြုံးပြလိုက်ပြီး ဘာမှမရှင်းပြဘဲ ပြန်မေးလိုက်သည်။

"ဒေါ်လေးလျူ၊ ဒီမက်မွန်သီးတွေနဲ့ ယိုလုပ်လို့ ရမလား"

လျူရှန်းသည် လက်ကို ဆန့်ကာ မက်မွန်သီးများကို အသာအယာ ထိတွေ့ကြည့်ပြီး အခွံ၏ ချောမွတ်မှုနှင့် ရုန်းကန်အားကို ခံစားလိုက်သည်။ သူမသည် အကြီးဆုံး မက်မွန်သီးတစ်လုံးကို ရွေးထုတ်ကာ လက်ပေါ်တင်၍ အလေးချိန် စစ်ကြည့်ရာ လေးလံလှသော ခံစားချက်ကြောင့် ထပ်မံ အံ့အားသင့်သွားရပြန်၏။

"ဒီမက်မွန်သီးတွေက ကြီးရုံတင်မကဘူး၊ အသားလည်း အရမ်းပြည့်တာပဲ၊ မက်မွန်သီးယို လုပ်ဖို့ကတော့ ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ အသီးက ချို၊ မချိုတော့ မသိသေးဘူး၊ တကယ်လို့ မချိုဘူးဆိုရင်တော့ ပျားရည်နဲ့ သကြားရည် ပိုထည့်ရမှာပေါ့"

"ချိုတယ်၊ တကယ်ကို ချိုတာ ဒေါ်လေးလျူ၊ ကျွန်မ ဒေါ်လေးအတွက် တစ်လုံး သီးသန့် ချန်ထားပေးတယ်၊ မြည်းကြည့်ရင် သိပါလိမ့်မယ်"

စုဟယ် မက်မွန်သီးအကြီးကြီးတစ်လုံးကို သူမထံ ကမ်းပေးလိုက်သည်။ လျူရှန်းမှာလည်း အားနာမနေတော့ဘဲ ရေဖြင့် ဆေးကြောကာ ပါးစပ်ထဲ ထည့်လိုက်၏။ သူမ အသာအယာ တစ်ချက်ကိုက်လိုက်ရာ မက်မွန်သီးရည်များက ပါးစပ်အတွင်း၌ ချက်ချင်း ပေါက်ကွဲထွက်လာသည်။ ချိုမြိန်လတ်ဆတ်မှုမှာ သူမ၏ သံသယနှင့် အံ့ဩမှုအားလုံးကို ချက်ချင်းပင် မေ့ပျောက်သွားစေ၏။ ဒီမက်မွန်သီးက တကယ်ကို ချိုတာပဲ။ မက်မွန်သီးကို စားပြီးနောက် မွှေးပျံ့သော အသက်ရှူသံကို မှုတ်ထုတ်လိုက်ရင်း လျူရှန်းသည် သူမ၏ အင်္ကျီလက်ကို လိပ်တင်လိုက်ကာ တက်ကြွလာတော့သည်။ ဤမျှ အရသာရှိသော မက်မွန်သီးများဖြင့် သူမသည် အကောင်းဆုံး ယိုဖြစ်အောင် လုပ်မည်ဟု ဆုံးဖြတ်လိုက်၏။

"ဒေါ်လေးလျူ ဒီနေ့တော့ စမ်းလုပ်ကြည့်လိုက်ပါ၊ တကယ်လို့ အဆင်မပြေရင် မနက်ဖြန်ကျမှ တခြားနည်းနဲ့ ထပ်စမ်းတာပေါ့"

မနက်စာ ဘူဖေးတွင် တစ်နေ့လျှင် မက်မွန်သီး အလုံး (၂၀) ဆိုသည်မှာ ဧည့်သည်အားလုံးအတွက် ဘယ်လိုမှ မလုံလောက်နိုင်ပေ။ ထို့ကြောင့်ပင် စုဟယ်မှာ ဤမက်မွန်သီးများကို မက်မွန်ယိုအဖြစ် ပြုလုပ်ရန် စဉ်းစားခဲ့ခြင်း ဖြစ်သည်။ လျူရှန်းသည် ယုံကြည်မှုအပြည့်ဖြင့် မက်မွန်သီးများကို ဆေးကြောလိုက်၏။

"ဒီလောက်ကောင်းတဲ့ အသီးနဲ့ဆိုရင်တော့ စိတ်မပူပါနဲ့၊ ကျိန်းသေပေါက် အောင်မြင်မှာပါ"

လျူရှန်းသည် နတ်မက်မွန်သီးများကို ရေထဲသို့ထည့်ကာ တစ်လုံးချင်းစီ သေချာသန့်စင်သွားစေရန် အသာအယာ ပွတ်တိုက်ဆေးကြောလိုက်သည်။ နောက်တစ်ဆင့်တွင် သူမသည် ထက်မြက်သော ဓားကို ယူကာ မက်မွန်သီးများကို ဂရုတစိုက် အခွံနွှာလိုက်ရာ အတွင်းပိုင်းရှိ ကြည်လင်နေသော အသားများကို မြင်တွေ့လိုက်ရ၏။ နွှာထားသော မက်မွန်သီးခွံများကိုလည်း အလဟဿ မဖြစ်စေဘဲ ဘေးရှိ ပန်းကန်လုံးထဲသို့ ထည့်ထားကာ နောက်မှ ပြုတ်ရန် ပြင်ဆင်ထားသည်။ လျူရှန်းသည် မက်မွန်သီးများကို အကွင်းလိုက် ပါးပါးလှီးပြီးနောက် အတုံးသေးလေးများ တုံးလိုက်၏။ ယိုဆိုသည်မှာ အသီးဖတ်လေးတွေပါမှ အရသာရှိမည်ဟု သူမ ခံစားရသဖြင့် အတုံးလေးများကို အနည်းငယ် ပိုကြီးအောင် လှီးလိုက်ခြင်းဖြစ်သည်။ တုံးထားသော မက်မွန်သီးများကို သန့်ရှင်းသော ခွက်တစ်ခုထဲ ထည့်လိုက်၏။ မက်မွန်သီးများမှယ အလွန်ချိုသောကြောင့် လျုရှန်း သကြားအနည်းငယ်သာ ဖြူးလိုက်သည်။ သူမသည် တူတစ်စုံဖြင့် အသာအယာ မွှေပေးကာ သကြားများကို မက်မွန်သီးတုံးလေးများပေါ်တွင် နှံ့စပ်သွားစေပြီးနောက် ပလတ်စတစ်စဖြင့် အုပ်ကာ ရေခဲသေတ္တာထဲတွင် နှပ်ထားလိုက်သည်။

မက်မွန်သီးတုံးများ နှပ်နေစဉ်အတွင်း လျူရှန်းသည် မက်မွန်သီးခွံများကို စတင်ပြုတ်တော့သည်။ သူမသည် အိုးထဲသို့ ရေအသင့်အတင့် လောင်းထည့်ကာ အခွံများကို ထည့်လိုက်သည်။ မီးအေးအေးဖြင့် ဖြည်းဖြည်းချင်း ပြုတ်ပေးရာ မက်မွန်သီးခွံမှ အရောင်နှင့်ရနံ့များမှာ ရေထဲသို့ တဖြည်းဖြည်း စိမ့်ဝင်လာ၏။ ဤလုပ်ငန်းစဉ်မှာ စိတ်ရှည်ရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် မက်မွန်သီးခွံမှာ လေနှင့်ထိလျှင် အရောင်ပြောင်းလွယ်သဖြင့် ကြာသွားပါက အရောင်နှင့် အရသာကို ထိခိုက်နိုင်သောကြောင့်ပင်။ ဆယ်မိနစ်ခန့် ကြာပြီးနောက် အိုးထဲရှိ ရေမှာ ပန်းရောင်သို့ ပြောင်းလဲသွားပြီး မက်မွန်သီးခွံ၏ အရောင်နှင့် ရနံ့များကို အပြည့်အဝ ထုတ်ယူနိုင်ခဲ့သည်။ လျူရှန်းသည် ပြုတ်ထားသော မက်မွန်သီးခွံရည်များကို စစ်ထုတ်လိုက်ရာ ပန်းရောင်အရည်များသာ ကျန်တော့၏။ ထို့နောက် သူမသည် နှပ်ထားသော မက်မွန်သီးအသားများနှင့် မက်မွန်သီးခွံအရည်များကို အိုးထဲသို့ လောင်းထည့်ကာ မက်မွန်ယိုကို စတင်ပြုလုပ်တော့သည်။ မက်မွန်ယိုပြုလုပ်နေစဉ်အတွင်း လျူရှန်းမှာ အိုးမကပ်စေရန်နှင့် မတူးစေရန် အဆက်မပြတ် မွှေပေးနေ၏။ သူမသည် အိုးထဲရှိ အပြောင်းအလဲများကို စောင့်ကြည့်နေရင်း ရေများ တဖြည်းဖြည်း လျော့နည်းလာကာ မက်မွန်သီးအသားများမှာ နူးညံ့အိစက်လာပြီး ယိုမှာလည်း စတင်ပျစ်လာသည်ကို တွေ့မြင်နေရသည်။ မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် ယိုမှာပျစ်ခဲသည့် အခြေအနေသို့ ရောက်ရှိသွား၏။ ထိုအချိန်တွင် လျူရှန်းသည် နည်းစနစ်အတိုင်း ယို၏ အရသာနှင့် အရောင်ကို ပိုမိုကောင်းမွန်စေရန်အတွက် ခြစ်ထားသော လီမွန်အခွံလေးအချို့ကို ထည့်လိုက်သည်။ လျူရှန်းသည် အချောသတ်ပြီးသော ယိုများကို သန့်ရှင်းသော ဖန်ဗူးများထဲသို့ လောင်းထည့်ကာ အဖုံးကို မြဲမြံစွာ ပိတ်လိုက်၏။

စုဟယ်နှင့်လျူရှန်းတို့သည် အိုးဘေးတွင် ကပ်နေသော မက်မွန်ယို အနည်းငယ်ကို ဇွန်းဖြင့် ကော်ယူမြည်းစမ်းကြည့်လိုက်ကြသည်။ ပန်းရောင်ရင့်ရင့် ယိုလေးမှာ အလင်းရောင်အောက်တွင် ဆွဲဆောင်မှုရှိသော အလင်းရောင်များဖြင့် တောက်ပနေပြီး နတ်မက်မွန်သီး၏ သက်ဝင်လှုပ်ရှားနေသော အသက်စွမ်းအားများ ကျန်ရှိနေသေးသကဲ့သို့ပင်။ ယိုမှာ အနည်းငယ် ကြမ်းတမ်းသော အထိအတွေ့ရှိပြီး တစ်ခါတစ်ရံတွင် အသီးတုံးလေးများကိုလည်း တွေ့ရတတ်သည်။ မက်မွန်သီး၏ ချိုမြိန်သော ရနံ့မှာ လီမွန်၏ အချဉ်ဓာတ် အနည်းငယ်နှင့် အပြည့်အဝ ပေါင်းစပ်သွားကာ လန်းဆန်းပြီး ထူးခြားသော အရသာကို ပေးစွမ်း၏။ တကယ်ကို အရသာရှိလှပေသည်။

All Chapters