လျှို့ဝှက်ချက်များပြည့်နှက်နေသော နိမ္ဗာန်ဘုံ
Vol. 10 Ch. 110
ကျန်းရှောင်ယွီနှင့် ကျန်းယွီလန်တို့ နှစ်ဦးစလုံး ကြောင်အသွားကြသည်။ လေအောက်ဆီဂျင် ပြတ်လပ်မှု ပြဿနာကို သူတို့ တစ်ခဏမျှ မတွေးမိခဲ့ကြချေ။
သို့သော် ချူကျန့်ကတော့ မတူပေ။ နှင်းထုအောက်တွင် ပိတ်မိခဲ့စဉ်က အတွေ့အကြုံများစွာ ရရှိထားပြီး ဖြစ်၏။ နောက်တစ်ကြိမ် ထပ်မံ ပိတ်မိမည်ကို စိုးရိမ်သဖြင့် သူသည် ဂေါ်ပြားနှင့် တူရွင်း အသစ်များကိုပင် ဝယ်ယူ၍ သယ်ဆောင်လာခဲ့သေးသည်။
ကျန်းယွီလန်က ကျန်းရှောင်ယွီနှင့် ဆက်လက် ရန်ဖြစ်နေသေးသည်ကို မြင်သောအခါ၊ ချူကျန့်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အကြောပိတ် သိုင်းကွက်များဖြင့် ကျန်းယွီလန်၏ အရေးကြီးသော သွေးကြောဆုံမှတ် အချို့ကို ချက်ချင်း ပိတ်ပစ်လိုက်တော့၏။
'ဒီကောင်လေးက တကယ့်ကို ရက်စက်တဲ့ကောင်ပဲ ဒီငရဲခန်းကြီးကနေ ထွက်ပြေးဖို့ သူ့အကူအညီ လိုအပ်နေလို့သာပေါ့ မဟုတ်ရင် အနှောင့်အယှက် ကင်းသွားအောင် အခုချက်ချင်း အသေဖြတ်ပစ်လိုက်ပြီ'
ချူကျန့်သည် သိုလှောင်အိတ်ထဲသို့ နှိုက်ကာ တဲအိမ်ကြီးကို ထုတ်ယူရန် ကြိုးစားလိုက်သော်လည်း ဤတစ်ကြိမ်တွင် ဂိမ်းစနစ်က နေရာလွတ် မလုံလောက်ကြောင်း အသိပေးပြီး ထုတ်ယူခွင့် မပြုခဲ့ချေ။
ကြည့်ရသည်မှာ ထိုဟာကွက်ကို ဤနေရာတွင် အသုံးပြု၍ မရနိုင်တော့ပုံ ပေါ်သည်။ ဤဂူကို တူးဖော်ထားသည်မှာ အချိန်အတော် ကြာမြင့်နေပြီ ဖြစ်ပြီး၊ နှင်းပြိုကျမှုကြောင့် ယာယီ ဖြစ်ပေါ်လာသော နှင်းထုများနှင့် မတူညီသောကြောင့် ဖြစ်နိုင်၏။
ချူကျန့်က သက်ပြင်းချလိုက်ပြီး၊
“ဒါဆိုလည်း တူးကြတာပေါ့ကွာ ကျောက်ပြားက ဘယ်လောက်ပဲ ထူထူ တစ်ချိန်မဟုတ် တစ်ချိန်တော့ ဖောက်ထွက်နိုင်မှာပဲလေ... ဟင်”
သူ၏ အကြည့်က ထောင့်တစ်နေရာရှိ ကျိုးပဲ့နေသော အရက်အိုးဆီသို့ ရုတ်တရက် ရောက်ရှိသွားတော့၏။
အရက်များ အမြောက်အမြားက ထောင့်တစ်နေရာသို့ စီးကျသွားပြီး လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို သူ တွေ့လိုက်ရသည်။
“အဲ့ဒီအောက်မှာ ဘာရှိတာလဲ”
ချူကျန့်က မေးလိုက်၏။
“ဟမ်”
ကျန်းရှောင်ယွီနှင့် ကျန်းယွီလန်တို့က သူ၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်ကြသော်လည်း၊ တစ်ခဏမျှ နားမလည်နိုင် ဖြစ်သွားကြသည်။ သူတို့ နှစ်ဦးမှာ ဉာဏ်ရည်ထက်မြက်ကြသော်ငြား၊ သိုင်းလောကနှင့် ဘဝ အတွေ့အကြုံပိုင်းတွင်မူ ကစားသက် ရင့်ကျက်သော ချူကျန့်နှင့် နှိုင်းယှဉ်လျှင် အများကြီး လိုအပ်နေသေး၏။
“အဲ့ဒီအောက်မှာ မြေကြီး ရှိတယ်လေ...”
ကျန်းယွီလန်က ချူကျန့်ကို အနည်းငယ် ကြောက်ရွံ့နေသဖြင့် ရိုးရိုးသားသားပင် ပြန်ဖြေလိုက်၏။
“ပုံမှန်ဆိုရင် ရေက မြေကြီးထဲ စိမ့်ဝင်သွားတာ မှန်ပေမယ့် ဒီလောက် မြန်မြန်တော့ မပျောက်သွားနိုင်ဘူး အဲ့ဒီအောက်မှာ အခေါင်းပေါက်ကြီး ဖြစ်နေတာ ဒါမှမဟုတ် မြေအောက်လှိုဏ်ဂူ တစ်ခုခု ရှိနေတာလည်း ဖြစ်နိုင်တယ်”
ချူကျန့်က ပေါ့ပေါ့ပါးပါးပင် ဆေးလုံးတစ်လုံးကို ကျန်းယွီလန်၏ လက်ထဲသို့ ထိုးထည့်ကာ အတင်း မြိုချခိုင်းလိုက်ပြီးနောက် အကြောများကို ပြန်ဖွင့်ပေးလိုက်၏။
“မင်း အခုစားလိုက်တဲ့ အဆိပ်က 'ခုနစ်ရက် နှလုံးစား အဆိပ်' လို့ ခေါ်တယ် ငါ့ဆီက ဖြေဆေး မရရင်، ခုနစ်ရက်ပြည့်တဲ့နေ့မှာ မင်းရဲ့ နှလုံးကို မြွေပေါင်း သောင်းချီပြီး ကိုက်ဖြတ်စားသောက်နေသလိုမျိုး နာကျင်မှုကို ခံစားရမယ် ပြီးတော့ တစ်ရက်နဲ့ တစ်ည အတိအကျ ကြာမှ အူတွေ ပြတ်ထွက်ပြီး သေသွားလိမ့်မယ်”
'ကြည့်စမ်း... ဒီကောင်က ငါ့ကို ငတုံးမှတ်နေတာ ငါက မင်းတို့ အဖိုးရဲ့ အဖိုးလောက် ပါးနပ်တယ်ဆိုတာ သိအောင် ပြရသေးတာပေါ့'
ကျန်းယွီလန် တစ်ယောက် ယခုမှပင် သဘောပေါက်သွားတော့၏။ သူ ငတုံးဟု ခိုးခေါ်ခဲ့သော ဤလူမှာ တကယ့်ကို ကောက်ကျစ်စဉ်းလဲပြီး ရက်စက်သော သူတစ်ဦး ဖြစ်နေချေပြီ။ သူ၏ ဉာဏ်နီဉာဏ်နက်များနှင့် လှည့်ကွက်များမှာ ဤလူနှင့် ယှဉ်လိုက်လျှင် ကလေးကစားစရာ အဆင့်သာ ရှိတော့သည်။ သူက ချက်ချင်းပင် ရင်းနှီးဖော်ရွေပြီး အပြစ်ကင်းစင်ကာ သနားစရာကောင်းသော ရိုးသားသည့် အပြုံးလေးကို ဖန်တီးလိုက်၏။
“ဟုတ်ကဲ့ပါ အစ်ကိုကြီး... အခုကစပြီး အစ်ကိုကြီး ခိုင်းတဲ့အတိုင်း အကုန်လုပ်ပါ့မယ် ကျွန်တော်က ကလေးလေးပဲ ရှိပါသေးတယ် အရင်က စော်ကားမိတာတွေ ရှိရင် ခွင့်လွှတ်ပေးပါ အစ်ကိုကြီးရယ် အို... ဒါနဲ့ အစ်ကိုကြီး နာမည် ဘယ်လိုခေါ်လဲ မမေးရသေးဘူး”
“ချူလော့ကျွင်း”
ဤအချိန်ရောက်မှတော့ ချူကျန့်က ငတုံး ဟန်ဆောင်နေရန် မလိုအပ်တော့ချေ။ သူက ကျန်းယွီလန်ကို အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီး၊
“ငါ့ရှေ့မှာ လာပြီး လှည့်ကွက်တွေ သုံးဖို့ မစဉ်းစားနဲ့ ပြီးတော့ ငါ့ကို 'အစ်ကိုကြီး' လို့လည်း လာမခေါ်နဲ့ မင်းလို ညီလေးမျိုး ငါ မလိုချင်ဘူး”
ကျန်းရှောင်ယွီက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ အံ့အားသင့်စွာ အော်လိုက်၏။
“အစ်ကိုချူ... ခင်ဗျားက သိုင်းလောကမှာ မကြာသေးခင်ကမှ နာမည်ကြီးလာတဲ့ သူရဲကောင်း လူငယ်လေး ချူ ဆိုတာလား ခင်ဗျားက သွေးဓား အဘိုးအို ကိုတောင် သတ်လိုက်တယ်လို့ ကြားတယ်နော်”
ကျန်းယွီလန်က မျက်နှာချိုသွေးကာ ပြုံးလိုက်၏။
“ဒါဆို အစ်ကိုကြီးက အရမ်း နာမည်ကြီးတဲ့ သူပေါ့ ကျွန်တော် ဆုံးဖြတ်လိုက်ပြီ... အခုကစပြီး အစ်ကိုကြီး နောက်ကို လိုက်ပြီး လူကောင်း တစ်ယောက် ဖြစ်အောင် နေတော့မယ်”
'ဒီကောင်လေး နှစ်ကောင်... တစ်ကောင်က အစ်ကိုကြီး ခေါ်လိုက် တစ်ကောင်က ညီလေး လုပ်လိုက်နဲ့ အသက် ၈၀၊ ၉၀ အဘိုးကြီးတွေထက်တောင် ပိုပြီး ကောက်ကျစ်သေးတယ်...'
ချူကျန့်က မျက်လုံး လန်ပြလိုက်ပြီး ပြန်ဖြေရန်ပင် ပျင်းရိသွားတော့၏။ အထူးသဖြင့် ကျန်းရှောင်ယွီပင် သူ၏ အကြောင်းကို ကြားဖူးနေသည် ဆိုသော အချက်က သူ၏ ဂုဏ်သတင်းမှာ အလွန်အမင်း ကြီးမားနေပြီ ဆိုသော ရက်စက်လှသည့် လက်တွေ့တရားကို အသိအမှတ် ပြုလိုက်ရတော့သည်။ ဂိမ်းစနစ်က သူ သွေးဓား အဘိုးအိုကို သတ်ခဲ့သည့် ဇာတ်လမ်းကို အရှက်မရှိ ဖြန့်ဝေခဲ့သဖြင့် သူ၏ သိုင်းလောက ဂုဏ်သတင်း အမှတ်မှာ (၁၀,၀၀၀) ကျော်သွားပြီး "အရပ်ရှစ်မျက်နှာ ကျော်ကြားခြင်း" အဆင့်သို့ ရောက်ရှိနေလေပြီ။ "တစ်လောကလုံး သိရှိခြင်း" အဆင့် (၁၅,၀၀၀) သို့ ရောက်ရန်ပင် သိပ်မလိုတော့ချေ။
ချူကျန့်က စိတ်မရှည်စွာဖြင့် သိုလှောင်အိတ်ထဲမှ ဂေါ်ပြား နှစ်လက်ကို ထုတ်ယူကာ သူတို့ဆီသို့ ပစ်ပေးလိုက်ပြီး ပြောလိုက်၏။
“ဒီအောက်ကို အရင် တူးကြည့်ကြ ထွက်ပေါက်များ တွေ့မလားလို့”
သိုင်းလောကတွင် လက်သီး အကြီးဆုံးသူက အနိုင်ရစမြဲ ဖြစ်ပြီး သူတို့ သုံးဦးအနက် ချူကျန့်၏ သိုင်းပညာမှာ အပြတ်အသတ် အသာစီး ရနေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
“ဝိုး... အစ်ကိုချူ... ခင်ဗျားက တကယ် အမိုက်စားပဲ ဂေါ်ပြားတွေတောင် ယူလာသေးတယ် ကျန်းယွီလန်... သေချင်ယောင် ဆောင်မနေနဲ့ အလုပ်ထလုပ်စမ်း မင်းက တူးရတာ ဝါသနာပါတာပဲ မဟုတ်လား”
ကျန်းရှောင်ယွီက ကျန်းယွီလန်ကို ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်ပြီးနောက် ဂူနံရံကို မှီကာ ရယ်မောရင်း ဘေးမှ ထိုင်ကြည့်နေ၏။ ငါးကြီးက ငါးငယ်ကို စား၊ ငါးငယ်က ပုစွန်ဆိတ်ကို စား ဆိုသည့် အခြေအနေမျိုးပင် ဖြစ်တော့၏။
ကျန်းယွီလန်၏ မျက်လုံးထဲတွင် နာကြည်းမှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာသော်လည်း ချက်ချင်းပင် ဖုံးကွယ်လိုက်ပြီး အတင်း ပြုံးကာ ပြောလိုက်၏။
“ဟုတ်... ဟုတ်ကဲ့ပါ”
ကျန်းယွီလန်မှာ အမှန်တကယ်ပင် မြေတူး ကျွမ်းကျင်သူ ဖြစ်၏။ မိနစ်အနည်းငယ် အတွင်းမှာပင် တစ်မီတာခန့် နက်အောင် တူးနိုင်ခဲ့သည်။ သူက အားပါးတရ ဂေါ်ပြားဖြင့် ထိုးချလိုက်စဉ် သစ်သားပြား ကျိုးပဲ့သွားသကဲ့သို့ "ဂျွတ်" ဆိုသော အသံ ထွက်ပေါ်လာပြီး မှိန်ပျပျ အလင်းရောင်များ ထွက်ပေါ်နေသော အပေါက်ငယ်တစ်ခု ပွင့်သွားတော့၏။
ချက်ချင်းပင် အပြင်ဘက်မှ အေးစက်ပြီး ပုပ်ဟောင်နေသော လေများ တိုက်ခတ်လာ၏။
ကျန်းရှောင်ယွီက ခုန်ပေါက်ကာ နောက်ထပ် ဂေါ်ပြား တစ်လက်ကို ယူ၍ အပေါက်ကျယ်သွားအောင် အချက်အနည်းငယ် ထပ်တူးလိုက်ပြီး၊ အပြင်သို့ အရင်ဆုံး တိုးထွက်သွား၏။ သူ၏ သတ္တိမှာ တကယ့်ကို ချီးကျူးစရာပင်။
ကျန်းယွီလန်က ဒုတိယမြောက် အနေဖြင့် အောက်သို့ ခုန်ဆင်းသွားသည်။ ချူကျန့်က သူတို့၏ ဆင်းသက်သံများကို နားထောင်ကာ အမြင့်ကို ခန့်မှန်းပြီးနောက်၊ ကိုယ်ဖော့ပညာကို အသုံးပြု၍ ပေါ့ပေါ့ပါးပါးပင် အောက်သို့ ခုန်ဆင်းလိုက်၏။ မထွက်ခွာမီ ဘေးပတ်လည်ရှိ အရက်နှင့် အစားအသောက်များ အားလုံးကို သိုလှောင်အိတ်ထဲသို့
သိမ်းဆည်းရန်တော့ သေချာပေါက် မေ့မထားခဲ့ချေ။
'ဟီးဟီး... အလကားရတဲ့ ပစ္စည်းဆိုတော့ ယူရမှာပေါ့...'
မြေပြင်ပေါ်သို့ ဆင်းသက်မိသည်နှင့် တစ်ပြိုင်နက် သူ တစ်ယောက် အံ့အားသင့် မှင်တက်သွားတော့သည်။
သူ၏ ရှေ့မှောက်တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ လုံးဝကို မထင်မှတ်ထားလောက်အောင်ပင် အံ့မခန်း ဖြစ်နေချေပြီ။
Thank For Reading.