လက်တွေ့နှင့် စိတ်ကူးယဉ်
Vol. 10 Ch. 101
“ငါ စိတ်မဝင်စားဘူး”
ချူကျန့်က တစ်ချက်လေးမျှပင် တုံ့ဆိုင်းမနေဘဲ ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။
“ဒါ ဝတ္ထု မဟုတ်ဘူး ချန်လင်းစုရဲ့ ကံကြမ္မာက 'မူလဇာတ်လမ်းသွား' ဆိုတဲ့ အရာနဲ့ ချည်နှောင်ခံထားရစရာ အကြောင်းမရှိဘူး”
ချင်ရူယွင်က သူ့အား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လာ၏။
“နင်က ဒီကိစ္စကို အရမ်း အလေးအနက်ထားလွန်းနေတာ မဟုတ်ဘူးလား။ ဒါက ဂိမ်းလေ သူက ဇာတ်ကောင် တစ်ကောင်ပါပဲ”
“…”
ချန်လင်းစု၊ ရွှေရှန်းနှင့် ကောရှန်းတို့မှာ ဂိမ်း ဇာတ်ကောင်များသာ ဖြစ်ကြောင်း ချူကျန့် ကောင်းကောင်း သိထားသည်မှာ သေချာလှသည်။ သို့သော် ဤဂိမ်းရှိ ဇာတ်ကောင်များ၏ လူသားဆန်မှုမှာ အလွန်အမင်း မြင့်မားလွန်းလှ၏။ သူတို့၏ ရုပ်ဆင်းသဏ္ဌာန်၊ မျက်နှာအမူအရာများနှင့်၊ ထို့ထက်ပို၍ သူတို့၏ ခံစားချက်နှင့် စိတ်နေစိတ်ထားများမှာ တကယ့် လူသားများနှင့် လုံးဝ ခွဲခြား၍ မရနိုင်လောက်အောင်ပင် ဖြစ်သည်။ အမှန်အတိုင်း ဝန်ခံရလျှင် ချူကျန့်သည် ၎င်းတို့ ဂိမ်း ဇာတ်ကောင်များ ဖြစ်သည်ဆိုသောအချက်ကို မကြာခဏ မေ့လျော့သွားတတ်ပြီး တကယ့် လူသားများအဖြစ်သာ ဆက်ဆံမိတတ်၏။
ချူကျန့်က သူမအား ဆေးဖက်ဝင် အပင်များ ဝယ်ယူပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ပုံများနှင့်၊ ယခုလေးတင် သူမနှင့် ချန်လင်းစုကြားရှိ ပဋိပက္ခကို ဝင်ရောက် ဖြေရှင်းပေးခဲ့ပုံတို့ကို ချင်ရူယွင် ပြန်လည် တွေးတောမိလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးလှသော အမူအရာများ ပေါ်ထွက်လာပြီး သူ့အား ကြည့်ကာ ပြောလိုက်၏။
“နင်က... သိုင်းလောက ခေတ်သစ်ကို စတင်ကစားကတည်းက ဇာတ်ကောင်တွေကို ဒီလောက် အလေးအနက်ထားပြီး လူသားတွေလို ဆက်ဆံတဲ့ ပထမဆုံး ကစားသမားပဲ”
ချူကျန့်က သက်ပြင်းချလိုက်ပြီး ခါးကို ညွှတ်ကာ နှင်းဆုပ်လေး တစ်ခုကို ကောက်ယူလိုက်သည်။ နှင်းပွင့်လေးများကို သူ၏ လက်ချောင်းများကြားမှ ဖြတ်သန်း ယိုစိမ့်သွားစေရင်း ဆိုလိုက်၏။
“ဒီဂိမ်းက တကယ့်ကို လက်တွေ့ဆန်လွန်းတယ် အရမ်း အံ့သြဖို့ကောင်းတယ် သူတို့ ခေါင်းပေါ်က ကစားသမား နာမည်ကတ်တွေနဲ့ ပစ္စည်းကိရိယာ မျိုးစုံ သုံးနိုင်တာတွေသာ မရှိဘူးဆိုရင် တကယ့် လက်တွေ့ကမ္ဘာနဲ့ ဂိမ်းကမ္ဘာကို ငါ ခွဲခြားနိုင်မှာတောင် မဟုတ်ဘူး နင်လည်း သိချင်သိမှာပါ... အမှန်တိုင်း ပြောရရင် ဂိမ်းထဲက ဇာတ်ကောင်တွေမှာ လွတ်လပ်တဲ့ ဝိညာဉ်ကိုယ်စီ ရှိနေပြီး လူသားတွေနဲ့ ဘာမှ မကွာခြားဘူးလို့ ငါ အမြဲလိုလို.. ခံစားရတယ် အနည်းဆုံးတော့ ဘာကွာခြားမှုမှ မတွေ့ရသေးဘူး”
နည်းပညာ အလွန် တိုးတက်ပြီး ယဉ်ကျေးမှု မြင့်မားလှသော လက်တွေ့ကမ္ဘာကြီးနှင့် နှိုင်းယှဉ်လျှင် ဤဂိမ်းထဲရှိ သိုင်းလောကကြီးမှာ လျှို့ဝှက် သိုင်းလောကမှ လာသော ချူကျန့်အတွက် များစွာ ပိုမို ရင်းနှီးကျွမ်းဝင်ပြီး သက်သောင့်သက်သာ ရှိလှ၏ လျှို့ဝှက် သိုင်းလောကသို့ ပြန်လည်ရောက်ရှိသွားပြီး အသက်လု တိုက်ပွဲများကို ပြန်လည် ဆင်နွှဲနေရသကဲ့သို့ စိတ်ကူးယဉ် ထင်ယောင်ထင်မှားမှုများကို မကြာခဏ ဖြစ်ပေါ်စေခဲ့သည်။ ထို့အပြင် ဤဇာတ်ကောင်များမှာ သူတို့ကိုယ်ပိုင် ဘဝများ၊ ပျော်ရွှင် ဝမ်းနည်းမှုများဖြင့် ဤလောကကြီးနှင့် လုံးဝ တစ်သားတည်း ကျနေလေရာ၊ ချန်လင်းစုနှင့် ကောရှန်းတို့ကို ဒေတာ အချက်အလက်များဖြင့်သာ ဖန်တီးထားသော အသက်မဲ့ ဇာတ်ကောင်များအဖြစ် ရှုမြင်ရန် သူ့အတွက် အလွန် ခဲယဉ်းလှ၏။
“လွတ်လပ်တဲ့ ဝိညာဉ်တွေ ဟုတ်လား...”
ချင်ရူယွင်က တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမ၏ မျက်ဝန်းများအတွင်း၌ ကိုယ့်ကိုယ်ကို လှောင်ပြောင် သရော်လိုက်သည့် အပြုံးတစ်ချက် လျှပ်တစ်ပြက် ပေါ်ထွက်သွားသော်လည်း ချက်ချင်းပင် ပြန်လည် ဖုံးကွယ်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်၏။
“ငါတို့ ဒီကနေ အမြန် ထွက်သွားသင့်တယ် ငါ့ ဇာတ်လမ်းကွင်းဆက် ကိစ္စကလည်း အဆင်သင့် ဖြစ်နေလောက်ပြီ ငါတို့ အခုသွားပြီး ရှင်းလိုက်ကြရအောင်”
ချူကျန့်က ခေါင်းညိတ် သဘောတူလိုက်သော်လည်း အနည်းငယ် တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။
“ငါ့မှာ ဖြေရှင်းစရာ ကိစ္စတချို့ ရှိနေသေးတယ် အဲ့ဒီ ဇာတ်လမ်းကွင်းဆက် ကိစ္စကို နောက်မှ လုပ်လို့ ရမလားဟင်”
“ဘာကိစ္စလဲ ဘယ်လောက်ကြာမှာလဲ”
“ငါ ကောရှန်ကို သွားရှာရဦးမယ် ဘယ်လောက်ကြာမလဲတော့ အတိအကျ မသိသေးဘူး”
“ကောရှန် ဟုတ်လား”
ချင်ရူယွင် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ထူးဆန်းသော မျက်နှာထားဖြင့် မေးလာ၏။
“နင်က သူ့ကို ဘာလို့ ရှာနေရတာလဲ”
“သူက ငါ့ကို လိုက်ရှာနေတာလေ သူ အန္တရာယ် တစ်ခုခုနဲ့များ ကြုံနေရမလားလို့ စိတ်ပူလို့ ဒါကြောင့် သူ့ကို အရင်ရှာပြီး ကော မိသားစုဆီ အရင် ပြန်ပို့ပေးချင်လို့ပါ နင့်ရဲ့ ကျယ်ပြန့်တဲ့ အဆက်အသွယ်တွေနဲ့ သူ့နေရာကို ရှာပေးလို့ ရမလား”
ချင်ရူယွင်မှာ မျက်နှာအမူအရာ လုံးဝ မပြောင်းလဲဘဲ အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
“ဆောရီးပဲ သူတို့ ကောရှန်နဲ့ တွေ့နိုင်မတွေ့နိုင် ဆိုတာကို ခဏ ဘေးဖယ်ထားလိုက်ဦး ငါ့ဂိုဏ်းက ကစားသမားတွေကို နင့်အတွက် မိန်းမချောလေး လိုက်ရှာပေးဖို့ ခိုင်းရမယ့် တာဝန် ငါ့မှာ မရှိဘူး မဟုတ်လား နင့်ဘာသာနင်ပဲ သွားရှာတော့”
...
ချင်ရူယွင်သည် သူမ၏ ကြိုးကြာဖြူကြီးကို ကိုယ်တိုင် ထိန်းကျောင်း မောင်းနှင်ရမည်ဖြစ်ပြီး နောက်ထပ် လူတစ်ဦးကိုသာ တင်ဆောင်နိုင်၏။ နှင်းတောင်ကြား၏ ကောင်းကင်ယံ နှင်းမုန်တိုင်းများကို ဖြတ်ကျော်ရန်အတွက် အသွားအပြန် နာရီဝက်ခန့် အချိန်ယူရမည် ဖြစ်သည်။
ဆိုလိုသည်မှာ ချူကျန့် အပါအဝင် ၎င်းတို့ လေးဦးမှာ တစ်ယောက်စီ သီးခြား ထွက်ခွာရမည် ဖြစ်၏။
ချူကျန့်၏ အစီအစဉ်အရ တိယွင်က ပထမဆုံး ထွက်ခွာရမည်။
တိယွင်တွင် အခြား အရေးကြီးသော ကိစ္စများ ရှိနေသေးသည့်အပြင် သူ၏ လက်ရှိ အနေအထားမှာ သိုင်းလောက တစ်ခွင်လုံးက ရွံရှာ မုန်းတီးကြသော သွေးဓားဂိုဏ်းမှ သံဃာဆိုး တစ်ပါးအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားနေရာ ပြဿနာများကို ရှောင်ရှားနိုင်ရန် သူက အရင်ဆုံး ထွက်ခွာသွားသင့်၏။
မထွက်ခွာမီ တိယွင်က ချူကျန့် အနီးသို့ ချဉ်းကပ်လာပြီး တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။
“အစ်ကိုချူ.. ကျွန်တော် သွားတော့မယ် ဂရုစိုက်ပါဦး ကိစ္စတွေ ပြီးသွားလို့ သွားစရာ နေရာမရှိတော့ရင် ခင်ဗျားဆီကို လာခဲ့မယ်နော်”
သူသည် စကားပြော မပြေပြစ်သော်ငြား ထို "အစ်ကိုချူ" ဟူသော ခေါ်ဝေါ်မှုနှင့် သူ၏ တည်ကြည်လေးနက်လှသော အမူအရာတို့က ချူကျန့်နှင့် သူ၏ ခင်မင်ရင်းနှီးမှုကို မည်မျှ တန်ဖိုးထားကြောင်း ပြသရန် လုံလောက်နေချေပြီ။
ချူကျန့်က သူ၏ ပခုံးကို ပုတ်လိုက်ပြီး သတိပေးလိုက်၏။
“ဂရုစိုက်သွားပါ မိုက်မိုက်မဲမဲတွေ မလုပ်နဲ့ အန္တရာယ် တစ်ခုခု ကြုံလာရင် ရှောင်ပြေးသာ ရှောင်ပြေးလိုက် ခင်ဗျားကိစ္စတွေမှာ ကျွန်တော့်အကူအညီ လိုအပ်လာရင် ညင်ကျင့်မြို့က ကျွန်တော်နဲ့ ကျွန်တော့်ဂိုဏ်းတူအစ်မ ဆီကိုသာ လာခဲ့လိုက်”
ညင်ကျင့်မြို့မှာ ဤနှင်းတောင်ကြားမှ နေ့ဝက်ခရီးခန့်သာ ကွာဝေးသည်။ ချူကျန့် နှင်းတောင်ကြားသို့ လာရာလမ်းတွင် ထိုမြို့ကို ဖြတ်သန်းခဲ့ရပြီး အေးချမ်းတိတ်ဆိတ်ကာ လှုပ်ရှားမှု နှေးကွေးသော မြို့ငယ်လေး တစ်မြို့ ဖြစ်ကြောင်း သိခဲ့ရ၏။ ချန်လင်းစုမှာ အချိန်အတန်ကြာ အနားယူရန် လိုအပ်သေးသဖြင့် ကောရှန်ကို သွားရောက် မရှာဖွေမီ ထိုမြို့တွင် ခြံဝင်းတစ်ခု အရင်ဝယ်ယူကာ ချန်လင်းစုကို နေရာချထားပေးရန် ချူကျန့် စီစဉ်ထားခြင်း ဖြစ်သည်။
တိယွင်သည် လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေ ပေးလိုက်ပြီး စကား ထပ်မဆိုတော့ဘဲ လှည့်ကာ ချင်ရူယွင်၏ ကြိုးကြာဖြူကြီးပေါ်သို့ ခုန်တက်သွားတော့၏။
ကြိုးကြာဖြူကြီး၏ ကျောပြင်မှာ အတော်လေး ကျယ်ဝန်းသော်လည်း တိယွင်သည် ချင်ရူယွင်နှင့် တတ်နိုင်သမျှ ဝေးဝေးတွင် နေကာ သူတို့ နှစ်ဦးကြားတွင် နှစ်ပေခန့် အကွာအဝေးကို ထိန်းသိမ်းထား၏။
တိယွင် ထွက်သွားပြီးနောက်တွင် ရွှေရှန်း၏ အလှည့် ရောက်လာတော့သည်။
သူမသည် ဂူထဲမှ ပစ္စည်းများကို ဝမ်းနည်းစွာ သိမ်းဆည်းကာ ချူကျန့်ထံသို့ ပြန်ပေးလိုက်သည်။ သူမ ဖခင်၏ အရိုးပြာအိုး (ချူကျန့်၏ အကူအညီဖြင့် အလောင်းကို မီးသင်္ဂြိုဟ်ထားခဲ့သည်) ကို ပွေ့ပိုက်ထားရင်း တိုးညှင်းစွာ ပြောလာ၏။
“အစ်ကိုချူ... ကျွန်မလည်း သွားတော့မယ်”
ချူကျန့်က သူမကို လှမ်းကြည့်လိုက်သော်လည်း သူ၏ စိတ်အာရုံ အားလုံးမှာ ချင်ရူယွင်နှင့် ပြောဆိုခဲ့သော စကားများထံသို့သာ ရောက်ရှိနေ၏။ သူ၏ အံ့မခန်း အမြင်အာရုံဖြင့်ပင်လျှင် ဤမိန်းကလေးနှင့် တကယ့် လူသားတစ်ဦးအကြား မည်သည့် ကွာခြားချက်ကိုမျှ သူ ရှာဖွေ မတွေ့ရှိနိုင်ခဲ့ချေ။
ခံစားချက်များဖြင့် ပြည့်နှက်နေသော လှပသည့် မျက်ဝန်းများ၊ သိမ်မွေ့လှပသော မိုးမခရွက်ပုံ မျက်ခုံးများ ချောမွေ့လှပသော မျက်နှာပြင်ထက်ရှိ မြင်ရခဲသော အမွေးနုလေးများနှင့် လေထဲတွင် လွင့်ခတ်နေသော ဆံနွယ်မည်းမည်းလေးများ အားလုံးကို ထောက်ရှုကြည့်လျှင် ဂိမ်း ပုံစံငယ် တစ်ခု၏ ဖန်တီးချက်ဟု လုံးဝ မထင်ရပေ။
“အစ်ကိုချူ”
သူ၏ စူးစိုက်ကြည့်မှုအောက်တွင် ရွှေရှန်း၏ ပါးပြင်များမှာ ရှက်သွေးဖြာသွားကာ မနေနိုင်တော့ဘဲ ချွဲနွဲ့စွာ ခေါ်လိုက်မိတော့သည်။
ထိုအခါမှသာ ချူကျန့်သည် အတွေးကမ္ဘာထဲမှ လန့်နိုးလာပြီး ကပျာကယာ ပြန်ပြောလိုက်၏။
“ဟမ်... ဩော်... ဂရုစိုက် သွားဦးနော်”
ရွှေရှန်းသည် သူမ၏ နှုတ်ခမ်းနီနီလေးကို ကိုက်လိုက်ပြီး တိုးညှင်းစွာ ပြောလာ၏။
“ကျေးဇူးတင်ပါတယ် ရှင့်အကူအညီသာ မပါခဲ့ရင် ကျွန်မ ဖခင်ရဲ့ အလောင်းကို မီးသင်္ဂြိုဟ်နိုင်ခဲ့မှာ မဟုတ်သလို ကျွန်မ... ကျွန်မလည်း...”
သူမ၏ အပျိုစင်ဘဝကို ထိန်းသိမ်းနိုင်ခဲ့မည် မဟုတ်ကြောင်း သူမ ပြောချင်သော်လည်း မိန်းမပျိုလေး တစ်ဦးအနေဖြင့် ဤသို့ ပြောဆိုရန်မှာ အလွန် ရှက်စရာ ကောင်းလှသဖြင့် စကားလမ်းကြောင်း လွှဲလိုက်၏။
“ဒါနဲ့လေ အစ်ကိုချူ... ဒီနားကပ်လေးတွေကို ကျွန်မကို ပေးလို့ရမလားဟင်”
ယခုအခါ ရွှေရှန်းမှာ ခရမ်းရောင် ကျောက်စိမ်း နားကပ် တစ်စုံကို ဝတ်ဆင်ထား၏။ ထိုနားကပ်မှာ ချူကျန့်က သူမ အဝတ်လဲရန်အတွက် ကစားသမား မိန်းကလေး တစ်ဦး၏ သိုလှောင်အိတ်ထဲတွင် မွှေနှောက် ရှာဖွေစဉ်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ တန်ဖိုးကြီး ပစ္စည်း မဟုတ်ဘဲ ငွေတစ်ကျပ်သားပင် တန်မည် မထင်သဖြင့် ရွှေရှန်းထံသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးခဲ့ခြင်း ဖြစ်သည်။ သူမက ယခုအချိန်ထိ ဝတ်ဆင်ထားလိမ့်မည်ဟု ချူကျန့် ထင်မှတ်မထားခဲ့ပေ။
ဤမိန်းကလေးက သူ့အား အများကြီး ကူညီပေးခဲ့သည် ဖြစ်ရာ ချူကျန့်က သဘောကောင်းစွာဖြင့် လက်ခါပြလိုက်၏။
“ယူသွားလိုက်ပါ”
“ကျေးဇူးတင်ပါတယ်ရှင်...”
ရွှေရှန်းသည် ချူကျန့်အား နောက်ဆုံးအကြိမ်အဖြစ် နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြီးနောက် အနည်းငယ် အရိုအသေ ပေးလိုက်ကာ ပြန်လည် ဆင်းသက်လာသော ကြိုးကြာဖြူကြီးပေါ်သို့ ခုန်တက်သွားတော့သည်။
ကြိုးကြာဖြူကြီး ကောင်းကင်ယံသို့ ပျံတက်သွားစဉ် ရွှေရှန်းသည် အောက်ဘက်ရှိ တဖြည်းဖြည်း သေးငယ်သွားသော အမည်းစက်လေးကို အကြိမ်ကြိမ် လှည့်ကြည့်နေမိ၏။ လေလွင့်နေသော မုယောစေ့လေး တစ်စေ့ပမာ မှီခိုရာမဲ့စွာဖြင့် ရင်ထဲတွင် ဟာတာတာကြီး ဖြစ်ကျန်ရစ်ခဲ့တော့သည်။
ချင်ရူယွင်သည် သူမအား နှင်းတောင်ခြေတွင် ချပေးခဲ့ပြီးနောက် နှုတ်ဆက်ကာ လှည့်ပြန်သွားလေ၏။
ရွှေရှန်းသည် တောင်ပေါ်လမ်းအတိုင်း စိတ်ပျံ့လွင့်စွာဖြင့် လျှောက်လှမ်းလာခဲ့၏။ အချိန်အတန်ကြာ လျှောက်လာပြီးနောက် ရုတ်တရက် အော်ဟစ်သံ တစ်ခုကို ကြားလိုက်ရ၏။
“သွေးဓားဂိုဏ်းက ဒီသံဃာဆိုးကို ထွက်ပြေးခွင့် မပေးကြနဲ့”
“ဒီလူယုတ်မာလေး... သူ အဝတ်အစား လဲလိုက်ရုံနဲ့ ငါတို့က မမှတ်မိဘူးလို့ ထင်နေတာလား သူ့ရဲ့ ပြတ်နေတဲ့ လက်က ဖုံးကွယ်ထားလို့ ရတာမှ မဟုတ်တာ”
“လူတွေအတွက် အန္တရာယ်ကောင်ကို ရှင်းလင်းတဲ့ နေရာမှာ သိုင်းလောက စည်းမျဉ်းတွေ ဂရုစိုက်နေစရာ မလိုဘူး အားလုံး ဝိုင်းတိုက်ကြဟေ့”
ထိုအသံများနှင့်အတူ လက်နက်များ ထိခိုက်သံများနှင့် နာကျင်စွာ အော်ဟစ်သံများက ချက်ချင်းပင် ထွက်ပေါ်လာတော့သည်။ တိယွင်၏ အော်ဟစ်သံကိုလည်း ရွှေရှန်း ကြားလိုက်ရ၏။
“ခင်ဗျားတို့ကို ကျွန်တော် မတိုက်ခိုက်ချင်ဘူး လမ်းဖယ်ပေးကြပါ”
“အိုး... ဒီသံဃာဆိုးလေးက တော်တော် အစွမ်းထက်တာပဲ”
“အချက်ပြလိုက် ငါတို့လူတွေကို ခေါ်လိုက် အခု သွေးဓား အဘိုးအို မရှိတော့ဘူးဆိုတော့ ဒီသံဃာဆိုးလေးကို ဘာဖြစ်ဖြစ် အပိုင်းပိုင်း ခုတ်ထစ်ပစ်ရမယ်”
တိယွင်နှင့် သူမမှာ ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိသော်ငြား သူသည် သွေးဓားဂိုဏ်းမှ အမှန်တကယ် မဟုတ်ကြောင်း သူမ သိထား၏။ ထို့အပြင် သူသည် အစ်ကိုချူ၏ သူငယ်ချင်းကောင်း တစ်ယောက်လည်း ဖြစ်ရာ သူ့အား အသတ်ခံရမည်ကို သူမ လက်ပိုက် ကြည့်မနေနိုင်ချေ။
ရွှေရှန်းက ကပျာကယာ ပြေးသွားကြည့်လိုက်ရာ လူဆယ်ယောက်ကျော်ခန့်က တိယွင်ကို ဝိုင်းဝန်း တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရ၏။ မြေပြင်ပေါ်တွင်လည်း လူအချို့ လဲကျနေပြီး ဒဏ်ရာရနေသူ တစ်ဦးက အချက်ပြ မီးကျည်ကို ထုတ်ယူကာ ပစ်လွှတ်လိုက်ရာ စစ်ကူခေါ်နေကြောင်း အထင်အရှားပင် ဖြစ်သည်။
ရွှေရှန်းမှာ ပျာယာခတ်သွားပြီး ရှေ့သို့ ပြေးဝင်သွားကာ အော်ဟစ်လိုက်တော့သည်။
“ရပ်လိုက်ကြစမ်း သူ... သူက အဲ့ဒီ သံဃာဆိုး မဟုတ်ဘူး သူက ချူ... သူက လူကောင်းပါ”
ချူလော့ကျွင်း၏ သူငယ်ချင်းကောင်း ဟု သူမ ပြောမည် ကြံသော်လည်း နှင်းတောင်ကြားထဲမှ ကိစ္စများကို ဖွင့်မပြောရန် သူမ၏ အစ်ကိုချူ မှာကြားထားသည်ကို သတိရသွားသဖြင့် လူကောင်း ဟု စကားပြောင်းလိုက်ခြင်း ဖြစ်သည်။
တိုက်ခိုက်နေကြသော နှစ်ဖက်စလုံးမှာ တုံ့ဆိုင်းသွားပြီး ချက်ချင်း ရပ်တန့်ကာ တိုက်ပွဲစက်ဝန်းထဲမှ ခုန်ထွက်လာကြ၏။ လူတစ်ယောက်က ရွှေရှန်းကို မှတ်မိသွားပြီး အံ့အားသင့်စွာ မေးလာ၏။
“မိန်းကလေးရွှေ... ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ”
သူတို့က တိယွင်ကို ဝိုင်းထားဆဲ ဖြစ်သည်ကို မြင်သောအခါ ရွှေရှန်းက ထပ်မံ အော်ဟစ်လိုက်၏။
“သူက တကယ် လူဆိုး မဟုတ်ပါဘူး သူ့ကို လွှတ်ပေးလိုက်ပါ”
“မိန်းကလေးရွှေ... ဒီသံဃာဆိုးက လူဆိုး မဟုတ်ဘူးလို့ ခင်ဗျားက ပြောနေတာလား”
လူအုပ်ကြီးမှာ အစပိုင်းက အံ့အားသင့်သွားကြသော်လည်း၊ မကြာမီ သူတို့၏ မျက်နှာပေါ်တွင် မထီမဲ့မြင် ပြုမှုများ၊ လှောင်ပြောင် သရော်မှုများနှင့် အခြေအနေ ဆိုးနေသည်ကို ဝမ်းသာအားရ ဖြစ်နေသည့် အမူအရာများ အသီးသီး ပေါ်ထွက်လာကြတော့သည်။