အခန်း (၁-၂)
Vol. 1 Ch. 1-2
အခန်း (၁) ကပ်ဘေးဒုက္ခနှစ်ကောင် ပြန်လည်ဝင်စားလာခြင်းနှင့် ယွင်ဟွား၏ ကောင်းကင်ကြီး ပြိုကျလာခြင်း
ငရဲပြည်တွင် ကပ်ဘေးဒုက္ခနှစ်ပါး ရှိလေသည်။ တစ်ပါးမှာ ပန်းတစ်ပွင့်ဖြစ်ပြီး အခြားတစ်ပါးမှာ စာအုပ်တစ်အုပ် ဖြစ်လေသည်။
မန်ဂျူရှာကာပန်း( ပင့်ကူနီပန်း) နှင့် ရှင်ခြင်းသေခြင်းစာအုပ်တို့သည် သူတို့၏ တာဝန်များကို ပစ်ပယ်ထားကာ အမြဲလိုလို ပြဿနာများ ဖန်တီးပြီး တစ္ဆေသရဲများကို ဒုက္ခပေးနေတတ်ကြလေသည်။
“အဲ့ပြဿနာကောင်နှစ်ကောင်က ပြန်လည်ဝင်စားသွားကြပြီလား...”
မှိန်ပျပျ ခန်းမဆောင်အတွင်း၌ ယာမမင်း၏ မျှော်လင့်တကြီး စိုက်ကြည့်နေသော အကြည့်များရှေ့တွင် တရားသူကြီးချွေ့ကျွယ်သည် ပြောမည့်စကားများကို မြိုချလိုက်ပြီး ရိုသေလေးစားစွာဖြင့်သာ ပြန်လည်ဖြေကြားလိုက်လေသည်။
“ဟုတ်ပါတယ်...”
သေချာသော အဖြေကို ရရှိပြီးနောက်တွင်မူ ယာမမင်းသည် သူ၏ ထိုင်ခုံမှ ဝုန်းကနဲ ထရပ်လိုက်ကာ ချွေ့ကျွယ်၏ အနီးသို့ လျှပ်တစ်ပြက် ရောက်ရှိသွားပြီး သူ၏ ပခုံးကို ပုတ်ကာ ချီးကျူးလိုက်လေသည်။
“ကောင်းလေစွ...”
“ဟားဟားဟား...”
ကောင်းကင်ဆီသို့ ဦးတည်ကာ ရယ်မောသံကြီးနှင့်အတူ ယာမမင်းသည် ခန်းမဆောင်အတွင်းမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေသည်။ သူ၏ ငရဲပြည်ကြီးမှာ နောက်ဆုံးတွင်တော့ ငြိမ်းချမ်းသွားခဲ့ပြီ ဖြစ်လေသည်။
ထိုစဉ် စိတ်ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ရပ်ကျန်ခဲ့သော တရားသူကြီးချွေ့ကျွယ်သည် ယာမမင်း၏ ကျောပြင်ကို ကြည့်နေရင်း သူ၏ မျက်ဝန်းများထဲတွင် သနားကြင်နာမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။ မည်သို့ပင်ဖြစ်စေ မကြာသေးမီက ဖြစ်ပွားခဲ့သော ကမောက်ကမအခြေအနေများကြားတွင် ရှင်ခြင်းသေခြင်းစာအုပ်သည် ငရဲပြည်မှ အဖိုးတန်ရတနာတစ်ခုကို လုယူသွားခဲ့ပုံရလေသည်။
တုံလင်နိုင်ငံ ဝန်ကြီးချုပ်အိမ်တော်။
“ပန်းလေး အမြန်ထစမ်းပါ... ဘေးအိမ်က အိမ်နီးချင်းတွေ ထပ်ပြီး ရန်ဖြစ်ကြတော့မယ်... ငါတို့ နောက်ကျသွားရင် အကောင်းဆုံးအပိုင်းကို လွတ်သွားလိမ့်မယ်…”
အလောတကြီးနှင့် စိတ်လှုပ်ရှားနေသော အသံတစ်သံ ထွက်ပေါ်လာလေသည်။ ကုတင်ပေါ်ရှိ ယွင်ဟွားသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး သူမ၏ အဝတ်အစားများကို ကမန်းကတန်း ဝတ်ဆင်လိုက်လေသည်။
“စာအုပ်လေး သူတို့ အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ…”
ထိုစဉ် ယွင်ဟွား၏ စိတ်ဝိညာဉ်အာရုံထဲတွင် စာအုပ်တစ်အုပ်ပေါ်လာပြီး ၎င်းထဲမှ အတောင်ပံများပါရှိသည့် ဝိုင်းစက်စက် သတ္တဝါလေးတစ်ကောင် ထွက်လာကာ ယွင်ဟွား၏ ခေါင်းပေါ်တွင် ထိုင်လိုက်လေသည်။ သူ၏ နူးညံ့ပြီး ချစ်စရာကောင်းသော မျက်လုံးဝိုင်းကြီးများမှာ အလွန်ပင် ချစ်ခင်ဖွယ်ကောင်းနေလေသည်။
“သူတို့ စကားများနေကြပြီ... အခု တကယ့်ကို တိုက်ပွဲစတင်နေကြပြီ…”
ပွဲကြီးပွဲကောင်းကို လွတ်သွားမည်စိုးသဖြင့် ယွင်ဟွားသည် ဖိနပ်ပင် မစီးနိုင်တော့ပေ။ သူမသည် ဘေးဘက်ခြံဝင်းဆီသို့ လျင်မြန်စွာ ပြေးသွားကာ လှေကားပေါ်သို့ သွက်လက်စွာ တက်သွားပြီး ခေါင်းကို ပြူထွက်လိုက်ရင်း သူမ၏ အိတ်ကပ်ထဲမှ ဖရဲသီးစေ့ တစ်ဆုပ်စာကို ထုတ်ယူလိုက်လေသည်။
သူမက ကြည့်ရှုရင်း ဖရဲသီးစေ့များကို ဝါးစားနေလေသည်။
သူမနှင့် ရှင်ခြင်းသေခြင်းစာအုပ်တို့ကို ယာမမင်းက လူ့ပြည်သို့ ပစ်ချခဲ့ပြီးနောက် ဆယ့်နှစ်နှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။
သူမ၏ နေ့စဉ် အကြီးမားဆုံးသော ပျော်ရွှင်မှုမှာ ဘေးအိမ်မှ ချွေးမနှစ်ဦးကြားရှိ တိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်ခြင်းပင် ဖြစ်လေသည်။
အကြီးမမှာ စိတ်သဘောထား ပြတ်သားပြီး အငယ်မမှာလည်း နောက်ဆုတ်တတ်သူမျိုး မဟုတ်ပေ။ အိမ်ထောင်စုကို ထိန်းချုပ်နိုင်ရေးအတွက် သူတို့သည် သုံးရက်လျှင် တစ်ကြိမ် စကားများကြပြီး ငါးရက်လျှင် တစ်ကြိမ် ရန်ပွဲကြီးများ ဖြစ်ကာ လဝက်လျှင် တစ်ကြိမ် အုပ်စုလိုက် ရန်ပွဲများ ဆင်နွှဲတတ်ကြလေသည်။
ယုတ္တိတန်စွာ တွေးကြည့်လျှင် အိမ်တော်ကို စီမံခန့်ခွဲရန် အာဏာကို အကြီးမထံ ပေးအပ်သင့်သော်လည်း အငယ်မ၏ မိသားစုမှာ ဩဇာတိက္ကမ ကြီးမားနေလေသည်။
“ရှောင်ဟွားဟွား(ပန်းလေး) သူတို့ ရန်ဖြစ်နေကြပြီ... ရန်ဖြစ်နေကြပြီ... ဒီတစ်ကြိမ်တွင် အထိန်းတော်တွေရော အစေခံမလေးတွေပါ တုတ်တွေ ကိုင်ထားကြတယ်…”
ရှင်ခြင်းသေခြင်းစာအုပ်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေသည်။ ဤအရာက ငရဲပြည်ရှိ တစ္ဆေသရဲငယ်လေးများကြားမှ ရန်ပွဲများထက် များစွာ ပို၍ စိတ်ဝင်စားဖွယ်ကောင်းနေလေသည်။
“စာအုပ်လေး နင့်စကားက မှန်တယ်... ငါတို့ ငရဲပြည်က အတင်းအဖျင်းတွေအားလုံးကို နားထောင်ပြီးသွားပြီလေ... ဒီတစ်ကြိမ် လူ့ပြည်ကို လာရတာက ယာမမင်း လုပ်ခဲ့တဲ့အရာတွေထဲမှာ ကောင်းတဲ့အရာတစ်ခုပဲ…”
ယွင်ဟွားသည် စောင့်ကြည့်နေရင်း သူမ၏ သွေးများ ဆူပွက်လာလေသည်။ ဤအချိန်၌ ချွေးမနှစ်ဦးမှာ ကိုယ်ထိလက်ရောက် ကျူးလွန်နေကြပြီဖြစ်ကာ တစ်ဦးက အခြားတစ်ဦး၏ မျက်နှာကို ရိုက်ချလိုက်ပြီး အခြားတစ်ဦးကလည်း ခြေထောက်ကို ကန်ကျောက်လိုက်လေသည်။
ထိုသို့ ယဉ်ကျေးသိမ်မွေ့လွန်းသော ရန်ဖြစ်ပုံက ယွင်ဟွား၏ သွားများကိုပင် ကျိန်းစက်သွားစေလေသည်။
အချိန်အတန်ကြာ အောင့်အည်းသည်းခံပြီးနောက် သူမသည် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ အော်ဟစ်လိုက်လေသည်။
“အိုး.. မျက်နှာကို ရိုက်နေလို့ ဘာထူးမှာလဲ... သူမကို ဆွဲဖမ်းလိုက်လေ... နင့်ရဲ့ ချွန်ထက်တဲ့ လက်သည်းတွေနဲ့ သူမရဲ့ မျက်နှာကို ကုတ်ခြစ်ပစ်လိုက်...”
“ပြီးတော့ နင်ကလည်း သူမရဲ့ ဆံထုံးကို မြန်မြန် ဆွဲချလိုက်... ဒါမှမဟုတ် သူမ အော်ဟစ်သွားတဲ့အထိ ရင်ဘက်ပေါ်က နူးညံ့တဲ့ အသားတွေကို ဆွဲလိမ်ပစ်လိုက်...”
“ရှောင်ဟွားဟွား ပြောတာ မှန်တယ်... ထုရိုက်လို့လည်း ရတယ်... အုတ်ခဲတစ်လုံးလောက်နဲ့ ထုလိုက်ရင် ချက်ချင်းပဲ အသစ်စက်စက် ချွေးမအသစ်တစ်ယောက် ရသွားလိမ့်မယ်…”
ရှင်ခြင်းသေခြင်းစာအုပ်က အကြံဉာဏ်များကို ဆက်တိုက် ပေးနေသော်လည်း ကံဆိုးစွာဖြင့် ဘေးအိမ်မှ အိမ်နီးချင်းများကမူ ၎င်း၏ အသံကို မကြားနိုင်ကြပေ။
“ဘာလို့ နင်ပဲ အမြဲဖြစ်နေရတာလဲ... သေနာမလေး...”
ဘေးအိမ်မှ အကြီးမက နံရံပေါ်သို့ တက်နေသော ယွင်ဟွားကို ကြည့်လိုက်ရာ သူမထံမှ အန္တရာယ်ရှိသော အငွေ့အသက်များ ထွက်ပေါ်နေလေသည်။ သူမနှင့် သူမ၏ ညီမဖြစ်သူတို့ ရန်ဖြစ်တိုင်း ဤမိန်းကလေးမှာ အမြဲတမ်း နံရံပေါ်တွင် ရှိနေတတ်လေသည်။
ဤမိန်းကလေးမှာ ဝန်ကြီးချုပ်အိမ်တော်၏ စတုတ္ထမြောက် သခင်မလေးဖြစ်ရာ သူမ ရန်စနိုင်သူမျိုး မဟုတ်ပေ။
“ဒုက္ခပါပဲ... ထပ်ပြီး မိသွားပြန်ပြီ…”
ယွင်ဟွားသည် သူမ၏ ခေါင်းကို ချက်ချင်း ပြန်ရုတ်လိုက်လေသည်။ သူမကို တွေ့ရှိသွားတိုင်း ထိုချွေးမနှစ်ဦးသည် သူတို့၏ တိုက်ပွဲကို ရပ်တန့်လိုက်တတ်ကြလေသည်။
ကျောက်ဆောင်တုနောက်ကွယ်၌။
“အရှင်မင်းကြီး ကိုယ်တော်တိုင်လည်း မြင်တွေ့ကြားသိခဲ့ရပါပြီ... ကျွန်တော်မျိုးရဲ့ သမီးငယ်လေးက အဲ့လောက်အထိ ထူးခြားနေတာပါ...”
ယွင်ရှောင်ထျန်းသည် နံရံပေါ်သို့ တက်နေသော ယွင်ဟွားကို စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်လေသည်။
သူ၏ သမီးငယ်လေး မွေးဖွားလာကတည်းက သူမ၏စိတ်အတွင်းရှိ ‘စာအုပ်လေး’ မှာ အလွန်တရာ ဆန်းကြယ်လှပြီး လူတိုင်း၏ ဘဝတစ်ခုလုံးကို စေ့စေ့စပ်စပ် စုံစမ်းထောက်လှမ်းနိုင်စွမ်း ရှိနေလေသည်။
ယွင်မိသားစုထဲတွင် မည်သူမျှကင်းလွတ်ခွင့် မရခဲ့ပေ။
သူ၏ သမီးငယ်လေးမှာ အေးအေးဆေးဆေး နေတတ်သူမျိုး မဟုတ်ဘဲ ယွင်မိသားစုရော ချွေ့မိသားစုကပါ သူမကို ထိန်းချုပ်ထားနိုင်ခြင်း မရှိခဲ့ပေ။
လွန်ခဲ့သော အချိန်အနည်းငယ်က ‘စာအုပ်လေး’ သည် မည်သို့မည်ပုံ အကာအကွယ်ရတနာတစ်ခုကို ထုတ်ယူကာ သူမကို လွှမ်းခြုံပေးခဲ့ပြီး အန္တရာယ်အားလုံးကို ကာကွယ်ပေးလိမ့်မည်ဟု ဆိုခဲ့လေသည်။ သူက လူတစ်ဦးကို စမ်းသပ်ခိုင်းခဲ့ရာ တကယ်ပင် မည်သည့် ဓားလက်နက်ကမျှ သူမကို အန္တရာယ်မပေးနိုင်ခဲ့ပေ။ (၎င်းက အသက်အန္တရာယ်ရှိသော ဒဏ်ရာများကိုသာ ကာကွယ်ပေးလေသည်)။
ဤအာမခံချက်ဖြင့် သူသည် နန်းတော်ထဲသို့ဝင်ကာ ဧကရာဇ်မင်းနှင့် တွေ့ဆုံခွင့်တောင်းပြီး သူ၏ သမီးငယ်လေးအတွက် အင်အားကြီးမားသော နောက်ခံတစ်ခုကို ရှာဖွေခဲ့လေသည်။
ဧကရာဇ်ဝမ်ရွှမ်း၏ မျက်ဝန်းများ တဖျပ်ဖျပ် လင်းလက်သွားလေသည်။
“အဲ့’စာအုပ်’ က အရာအားလုံးကို သိနေတာလား...”
ဧကရာဇ်ဝမ်ရွှမ်းသည် လောကကြီးတွင် ဤမျှ မှော်ဆန်သောအရာတစ်ခု ရှိနေခြင်းအပေါ် အလွန်တရာ စူးစမ်းလိုစိတ် ပြင်းပြနေလေသည်။
“မှန်လှပါ...”
ယွင်ရှောင်ထျန်းသည် ၎င်းကို လျှို့ဝှက်ချက်တစ်ခုအဖြစ် သိမ်းဆည်းထားလိုသော်လည်း သူမ ကြီးပြင်းလာသည်နှင့်အမျှ သူမ၏ အတွင်းစိတ်အသံများမှာ နောက်ဆုံးတွင် ပေါ်ပေါက်လာမည်သာ ဖြစ်လေသည်။
သူမ၏ မိသားစုကသာ ကြားနိုင်လျှင် ကိစ္စမရှိသော်လည်း သူ၏ သမီးငယ်လေးအပေါ် မကောင်းသော ရည်ရွယ်ချက် မရှိသူ သို့မဟုတ် လူဆိုးမဟုတ်သူတိုင်းက ၎င်းကို ကြားနိုင်နေလေသည်။
“ကောင်းပြီလေ... ဒါဆိုရင် မနက်ဖြန် သူမကို တော်ဝင်ညီလာခံခန်းမထဲ ဝင်ခွင့်ပြုလိုက်...”
ထိုသို့ပြောပြီးနောက် ဧကရာဇ်ဝမ်ရွှမ်းသည် အထိန်းတော်ချောင်နှင့်အတူ နန်းတော်သို့ အလျင်အမြန် ပြန်သွားလေသည်။ မနက်ဖြန် တော်ဝင်ညီလာခံခန်းမထဲတွင် သူ့ကို စောင့်ကြိုနေမည့် ပျော်ရွှင်ဖွယ်ရာများကို သူ ကြိုတင်တွေးတောကြည့်နိုင်နေပြီ ဖြစ်လေသည်။
ဧကရာဇ်ဝမ်ရွှမ်း ထွက်ခွာသွားချိန်တွင် ယွင်ရှောင်ထျန်းသည် ယွင်ဟွားကို ကြည့်ကာ ခေါင်းကိုက်သွားလေသည်။
“နင် ကြည့်လို့ဝပြီလား...”
ဒေါသတကြီးအသံတစ်သံက ယွင်ဟွား၏ နောက်ကွယ်မှ ထွက်ပေါ်လာရာ သူမကို တုန်လှုပ်သွားစေလေသည်။
သူမက တံတွေးကို ခက်ခဲစွာ မြိုချလိုက်လေသည်။
သူမ၏ ခန္ဓာကိုယ်ကို တောင့်တင်းထားကာ ရဲဝံ့စွာ လှည့်ကြည့်လိုက်ပြီး အနီးသို့ ရောက်လာသူကို သွားဖြဲပြလိုက်လေသည်။
“အဖေ... ဒီနေ့ ဘာလို့ နန်းတွင်းကနေ အစောကြီး ပြန်လာတာလဲ...”
“ရှောင်ဟွားဟွား နင်တော့ သွားပြီ... နင့်ရဲ့ တင်ပါးလေးတော့ ထပ်ပြီး အရိုက်ခံရတော့မယ်... နင့်အမေဆီကို မြန်မြန်ပြေးသွားလိုက်တော့…”
ရှင်ခြင်းသေခြင်းစာအုပ်က စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ယွင်ဟွားသည် ကောင်းကင်သို့ ရုတ်တရက် လက်ညှိုးထိုးကာ အော်ဟစ်လိုက်လေသည်။
“အဖေ ကြည့်လိုက်ပါဦး... ကောင်းကင်မှာ ငါးကြီးတစ်ကောင် ပျံနေတယ်...”
ထိုသို့ပြောပြီး သူမသည် လှေကားပေါ်မှ ချက်ချင်း လျှောဆင်းသွားလေသည်။ ခြေနှစ်လှမ်းမျှ ပြေးပြီးနောက်တွင်မူ သူမ၏ ဖခင်ဖြစ်သူက ဖမ်းဆွဲခြင်းကို ခံလိုက်ရလေသည်။
“အဖေ... သမီးကို မျက်နှာလေး ဘာလေး မထောက်တော့ဘူးလား...”
ယွင်ရှောင်ထျန်းက နှာခေါင်းရှုံ့လိုက်လေသည်။
“နင် သူများတွေရဲ့ နံရံပေါ်ကို တွယ်တက်နေတုန်းကတော့ နင့်မျက်နှာကို နင် မတွေးခဲ့ဘူးလား...”
“သမီးက ပွဲကို ပွင့်ပွင့်လင်းလင်းနဲ့ ရိုးသားစွာ ကြည့်နေတာလေ... မျက်နှာပူစရာ လိုသေးလို့လား...”
ယွင်ဟွားက ပြန်လည်ချေပလိုက်လေသည်။
“ဟုတ်တာပေါ့... ဟုတ်တာပေါ့... ရှောင်ဟွားဟွားက ပွဲကြည့်ရင်း ဖရဲစေ့ စားနေတာပဲ... သူတို့သာ အရှက်မရှိတဲ့သူတွေပါ…”
ရှင်ခြင်းသေခြင်းစာအုပ်က အချိန်ကိုက် မှတ်ချက်ချလိုက်လေသည်။
“စာအုပ်လေး နင့်စကားက မှန်တယ်..”
ယွင်ရှောင်ထျန်းမှာကား သူ့အတွက် နှလုံးကယ်တင်ဆေးတစ်လုံး လိုအပ်နေလေပြီ။
ညနေခင်း... အဓိကခန်းမဆောင်။
ယွင်ဟွားမှာ မိသားစုထဲတွင် အငယ်ဆုံး မဟုတ်ပေ။ သူမတွင် အသက်နှစ်နှစ်အရွယ် မောင်ဖြစ်သူ ယွင်ချင်းဟန်လည်း ရှိသေးလေသည်။ သို့သော်လည်း သူမကိုယ်တိုင်မှာ အသက်ဆယ့်နှစ်နှစ် ရှိပြီဖြစ်သော်လည်း ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် ခန္ဓာကိုယ်မျိုးသာ ရှိနေလေသည်။
ဤအရာက သူမ၏ မိခင်ဖြစ်သူ ချွေ့ဝမ်ရှင်းသာမက သူမ၏ အစ်ကိုကြီး ယွင်ချင်းမော့၊ ဒုတိယအစ်မ ယွင်ယာနှင့် တတိယအစ်မ ယွင်ဝေတို့ကိုပါ အလွန်တရာ စိုးရိမ်ပူပန်စေခဲ့လေသည်။
သူတို့သည် နေ့စဉ်နှင့်အမျှ နည်းလမ်းပေါင်းစုံဖြင့် သူမကို ကျွေးမွေးခဲ့ကြသော်လည်း သူမမှာ အရပ်ရှည်လာမည့်အစား ဘေးသို့သာ ကားထွက်လာခဲ့လေသည်။(ဝတုတ်လာတာ)
“သမီးငယ်လေး... မနက်ဖြန်ကစပြီး သမီးရဲ့ စားသောက်မှုပမာဏကို တဖြည်းဖြည်း လျှော့ချရမယ်...”
ချွေ့ဝမ်ရှင်းသည် သူမ၏ စတုတ္ထမြောက် ထမင်းပန်းကန်ကို စားနေသည်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ရင်း ခေါင်းကိုက်နေပြီ ဖြစ်လေသည်။
“ဘာ...”
ယွင်ဟွားက အလန့်တကြား အော်ဟစ်လိုက်လေသည်။ ဤအရာက သူမ၏ အသက်ကို နုတ်ယူနေခြင်းပင် ဖြစ်လေသည်။
ရှင်ခြင်းသေခြင်းစာအုပ်က ဒေါသတကြီးဖြင့် ယွင်ဟွား၏ ခေါင်းပေါ်တွင် ခြေဆောင့်ကာ ပြောလိုက်လေသည်။
“ရှောင်ဟွားဟွား နင့်အမေက နှိပ်စက်နေတာပဲ... ယွင်မိသားစုကို ပြောင်သလင်းခါအောင်လုပ်ပြီး အိမ်ကနေ ထွက်ပြေးကြစို့…”
လူတိုင်းမှာကား... သူတို့ ထုံထိုင်းနေကြပြီ ဖြစ်လေသည်။
ဤစာအုပ်လေးမှာ သမီး/ညီမငယ်လေးကို မျက်ကန်းတစ္ဆေ ချစ်ခင်နေခြင်းသာဖြစ်ပြီး ဆိုးရွားသော အကြံဉာဏ်များကို ပေးခြင်း သို့မဟုတ် မီးလောင်ရာ လေပင့်ခြင်းများကိုသာ ပြုလုပ်နေလေသည်။
ဤဆယ့်နှစ်နှစ်တာ ကာလအတွင်း သူတို့သည် ယွင်မိသားစုကို အမှန်တကယ်ပင် ဒုက္ခများစွာ ပေးခဲ့ကြလေသည်။
ရှင်ခြင်းသေခြင်းစာအုပ်ကမူ ရှောင်ဟွားဟွား အရပ်မရှည်နိုင်ခြင်းမှာ သူမ၏ မူလဘဝပုံစံနှင့် သက်ဆိုင်သည်ဟု ယုံကြည်ထားလေသည်။ မန်ဂျူရှာကာပန်းလေးမှာ သဘာဝအားဖြင့် နှေးကွေးစွာ ကြီးထွားတတ်ပေသည်။
ယွင်ဟွားသည် တစ်စုံတစ်ရာ ပြောလိုသေးသော်လည်း သူမကို အရာရှိတစ်ဦး ဖြစ်လာစေရန် ထုတ်ပြန်လိုက်သော ဧကရာဇ်အမိန့်တော်တစ်ခုက သူမ၏ ကမ္ဘာကြီးကို လုံးဝ ရိုက်ချိုးပစ်လိုက်လေသည်။
“အား...”
“အဘိုးကြီးယွင်နဲ့ ငါတို့ရဲ့ သားအဖပတ်သက်မှုကို ဖြတ်တောက်ချင်တယ်...”
“ရှောင်ဟွားဟွား ငါ နင့်ကို ထောက်ခံတယ်... အခု ချက်ချင်း ဖြတ်တောက်ပစ်လိုက်…”
“ကိုယ့်သမီးကို ဒုက္ခပေးတဲ့ အဖေမျိုးကို ငါတို့ မလိုချင်ဘူး…”
ယွင်ရှောင်ထျန်းမှာကား ထိုအချိန်တွင် ယွင်ဟွားသည် ဧကရာဇ်အမိန့်တော်ကို လက်ထဲတွင် ကိုင်ထားပြီး သူမ၏ မျက်လုံးများမှာ နီရဲနေလေသည်။
“စာအုပ်လေး ငါ့ကို ကူညီပြီး ကြည့်ပေးပါဦး... အဘိုးကြီးယွင်က တကယ်ပဲ ငါ့ရဲ့ အရင်းခေါက်ခေါက် အဖေ ဟုတ်ရဲ့လား... ဘယ်သူက ကိုယ့်သမီးအရင်းကို ဒီလိုမျိုး ဒုက္ခပေးရက်မှာလဲ…”
“ရှောင်ဟွားဟွား ကံဆိုးစွာနဲ့ပဲ သူက နင့်ရဲ့ အဖေအရင်း ဖြစ်နေတယ်…”
“ဟီး ဟီး ဟီး.ဝါး.. ဒီလိုအဖေအရင်းမျိုးကို ငါ လဲပစ်လို့ရမလား…”
“ရှောင်ဟွားဟွား ဝမ်းမနည်းပါနဲ့... နင့်အမေနဲ့ တိုင်ပင်ပြီး နောက်အိမ်ထောင်ပြုခိုင်းလိုက်ရင် ဘယ်လိုလဲ... ဒါဆိုရင် နင် အဖေအသစ် ပြောင်းလို့ရပြီပေါ့…”
ယွင်ဟွားသည် ဤအရာကို ကောင်းမွန်သော အကြံပြုချက်တစ်ခုဟု ထင်မှတ်လိုက်လေသည်။
ထို့ကြောင့် သူမသည် သူမ၏ ညင်သာနူးညံ့သော မိခင်ဖြစ်သူထံသို့ အကြည့်ကို ရွှေ့လိုက်လေသည်။
“အမေ... သမီးတို့တိုင်ပင်ရအောင်...”
“ဘယ်လိုလဲ... “
သူမ၏ စကားကို အဆုံးမသတ်နိုင်မီမှာပင် ချွေ့ဝမ်ရှင်းသည် သူမ၏ စကတ်ကို ဆုပ်ကိုင်ကာ ထွက်ပြေးသွားပြီး သူမ၏ စိတ်ထဲတွင် ဆက်တိုက် ကျိန်ဆဲနေလေသည်။
*သေနာမလေး... နင်က နင့်အမေအတွက် နောက်ထပ်ကျင်းတစ်ခု တူးနေပြန်ပြီ…*
ယွင်ရှောင်ထျန်းသည် စာအုပ်နှင့် လူသားတို့၏ စကားပြောဆိုမှုကို ကြားပြီးနောက် သူ၏ အံကိုကြိတ်လိုက်ကာ ပြဿနာရှာတတ်သော သူ၏ သမီးဖြစ်သူကို စူးရဲစွာ ကြည့်လိုက်ပြီး သူ၏ ဇနီးဖြစ်သူနောက်သို့ အလျင်အမြန် လိုက်သွားလေသည်။
အခန်း (၂) ပန်းလေးတစ်ပွင့်နှင့် စာအုပ်လေးတစ်အုပ် နန်းတွင်းသို့ ဝင်ရောက်ခြင်း
ယွင်မိသားစု၏ အကြီးအကဲနှစ်ဦး ထွက်ခွာသွားသည်ကို မြင်သောအခါ ကျန်ရှိသော မိသားစုဝင်များသည်လည်း ယွင်ဟွားကို တိတ်တဆိတ် တစ်ချက်ကြည့်ကာ ထိုနေရာမှ အမြန်ဆုံး ဖယ်ခွာသွားကြလေသည်။
မည်သူမျှ သူမကို ဂရုမစိုက်ကြသဖြင့် ယွင်ဟွားသည် စိတ်ပျက်လက်ပျက်ဖြင့် မိမိအခန်းထဲ၌သာ အောင်းနေလိုက်တော့သည်။
“စာအုပ်လေး... ငါ ငရဲပြည်မှာတုန်းက မုန့်ပိုရဲ့ လက်ထောက် လုပ်ခဲ့တာလေ... အခု လူ့ဘဝ ပြန်ဝင်စားတာတောင် အလုပ်လုပ်နေရဦးမယ်လို့ မထင်ထားမိဘူး... တကယ့်ကို သနားစရာပဲ...”
ရှင်ခြင်းသေခြင်းစာအုပ်က ကြားဖြတ်ပြောလိုက်သည်။
“အဲဒီလို မပြောပါနဲ့... လူ့ပြည်မှာနေရတာ ဘယ်လောက် လွတ်လပ်လဲဆိုတာ စဉ်းစားကြည့်ဦး... ငရဲပြည်မှာတုန်းကထက် အများကြီး သာပါတယ်... နန်းတွင်းညီလာခံ တက်ရတာကလည်း အပျော်သဘောပါပဲ... ငါက အမတ်တွေရဲ့ ဖရဲသီးတွေနဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေပေးမှာဆိုတော့ နင် ပျော်စရာကြီး မဟုတ်ဘူးလား...”
ထိုသို့ဆိုသော်ငြားလည်း ယွင်ဟွားသည် ငရဲပြည်ရှိ သူမ၏ဘဝကို လွမ်းနေမိဆဲ ဖြစ်သည်။ ယာမမင်းနှင့် အခြားသူများသာ ပရိယာယ်သုံးပြီး သူမတို့ကို ဘဝကူးပြောင်းစေခဲ့ခြင်းမရှိပါက ပန်းတစ်ပွင့်နှင့် စာအုပ်တစ်အုပ်ဖြစ်သော သူတို့နှစ်ဦးမှာ အလွန်ပင် အေးချမ်းသာယာစွာ နေထိုင်နေကြမည် ဖြစ်သည်။
အကယ်၍ နောက်ဆုံးအချိန်၌ စာအုပ်လေးက သတိနှင့် အချိန်မီ လှုပ်ရှားကာ ငရဲလကျောက်ကို ဆွဲယူပြီး သူမ၏ ဝိညာဉ်နှင့် ပေါင်းစည်းမထားခဲ့ပါက ယခုဘဝတွင် သူတို့နှစ်ဦး ခွဲခွာ၍ ဘဝကူးပြောင်းသွားကြမည်ဖြစ်ကာ ပြန်လည်ဆုံတွေ့နိုင်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
“စာအုပ်လေး... ငါ့ကြောင့်သာမဟုတ်ရင် နင်လည်း လူအစစ်အမှန်အဖြစ် ဘဝကူးပြောင်းနိုင်မှာပါ...”
ရှင်ခြင်းသေခြင်းစာအုပ်က အလျင်အမြန်ပင် တားမြစ်လိုက်သည်။
“တော်တော့... အဲဒီစကားကို နောက်တစ်ခါ ထပ်မပြောနဲ့... အဲဒီတုန်းက ငါက အသိဉာဏ်ပဲ ရှိသေးတာ... လူ့အသွင်မယူရသေးတော့ လူဖြစ်ရတဲ့ အရသာကို မသိခဲ့ဘူး... ဒါ့အပြင် ငါက ဘာစွမ်းအားမှမရှိတဲ့ လူတစ်ယောက်အဖြစ် ဘဝကူးပြောင်းသွားခဲ့ရင် စိတ်မချမ်းသာမှုတွေနဲ့ပဲ သေဆုံးသွားမှာပေါ့...”
သူ ပြောလိုက်သည့် စကားမှာ ငြင်းချက်ထုတ်ရန်ပင် မဖြစ်နိုင်လောက်အောင် မှန်ကန်နေလေသည်။
“ဟေး... စာအုပ်လေး... နင်ပြောတာ မှန်တယ်... ငါက အခုဘာမှော်ပညာမှမရှိတဲ့ သာမန်လူတစ်ယောက် ဖြစ်သွားပြီပဲ...”
ရှင်ခြင်းသေခြင်းစာအုပ်က သူမကို နှစ်သိမ့်လိုက်သည်။
“မကြောက်ပါနဲ့... ဘာပဲဖြစ်ဖြစ် ငါရှိနေသရွေ့တော့ နင် အသက်ရှည်ရှည် နေရမှာပါ... အခု နင့်ဆီမှာ အကာအကွယ်ရတနာရှိနေပြီပဲ...”
သူ ငရဲပြည်မှ ခိုးယူလာခဲ့သော ငရဲလကျောက်သည် လွန်ခဲ့သော အချိန်အနည်းငယ်က ယာမမင်း၏ သိုလှောင်လက်စွပ်နှင့် ချိတ်ဆက်နိုင်ခဲ့လေသည်။ ထို့ကြောင့် သူသည် ပန်းကလေး မတော်တဆ အသက်အန္တရာယ် မကြုံတွေ့ရစေရန်အတွက် အကာအကွယ် မှော်လက်နက်တစ်ခုကို တိတ်တဆိတ် ယူဆောင်ပေးထားခဲ့ခြင်း ဖြစ်သည်။
အမှန်စင်စစ် သူ၏ စွမ်းရည်မှာ ကံကြမ္မာကိုသာ စစ်ဆေးနိုင်ခြင်းဖြစ်ပြီး အခြားအရာများအတွက်မူ မဖြစ်နိုင်ပေ။
ရှင်ခြင်းသေခြင်းစာအုပ်သည် ဤငရဲလကျောက်က သူ၏ လမ်းစသစ်ကို ဖွင့်ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ နောင်တွင် သူသည် ယာမမင်း၏ သိုလှောင်ခန်းသို့ သွားရောက်ကာ ပန်းကလေးအတွက် ရတနာများကို ဆက်လက် ခိုးယူပေးနိုင်တော့မည် ဖြစ်သည်။
“စာအုပ်လေး... နင်ပြောတာ ဟုတ်ပါတယ်... ဒါပေမယ့် ငါက အမြဲတမ်း တစ်ပါးသူရဲ့ အကာအကွယ်ကိုပဲ ယူနေရသလို ခံစားရတယ်... ငါ့ရဲ့မူလခန္ဓာသာရှိနေရင် ငါတို့တွေ ကျင့်စဉ်ကျင့်ကြံပြီး ငါ့ရဲ့ စွမ်းအားနဲ့ စကားပြောနိုင်မှာပေါ့... အဲဒီအခါကျရင် ငါတို့တွေ နောက်တစ်ကြိမ် ကပ်ဘေးဒုက္ခအဖြစ် ပြန်ပြီး သောင်းကျန်းကြတာပေါ့...”
ယွင်ဟွားက သက်ပြင်းချလိုက်သည်။ လူ့ပြည်သို့ ရောက်လာခဲ့သည်မှာ ၁၂ နှစ် ရှိပြီဖြစ်သော်လည်း သူမ၏ သဘာဝသက်တမ်း ကုန်ဆုံးရန်အတွက်မူ လမ်းခရီးမှာ အလွန်ဝေးကွာနေသေးသည်။
ပန်းကလေး၏ စိတ်ဓာတ်ကျနေသောအသံကို ကြားသောအခါ ရှင်ခြင်းသေခြင်းစာအုပ်၏ မျက်ဝန်းများမှာ လင်းလက်သွားလေသည်။
သူသည် ပန်းကလေး၏ စွမ်းအားများကို ပြန်လည်ရရှိစေရန်အတွက် ရတနာတစ်ခုကို မဖြစ်မနေ ရှာဖွေပေးမည်ဟု စိတ်ပိုင်းဖြတ်လိုက်တော့သည်။
နောက်တစ်နေ့ နံနက်အစောပိုင်းတွင်။
“စတုတ္ထသခင်မလေး... ညီလာခံတက်ဖို့ ထရမယ့်အချိန် ရောက်ပါပြီ...”
“စတုတ္ထသခင်မလေး...”
ယွင်ဟွားသည် တစ်ဝက်တစ်ပျက် အိပ်ပျော်နေရာမှ မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်လိုက်ရာ သူမ၏ အစေခံမလေးဖြစ်ကြောင်း တွေ့ရှိသောအခါ စောင်ကို ခေါင်းမြီးခြုံ၍ ဆက်လက် အိပ်စက်နေလေသည်။
“သခင်ကြီး... စတုတ္ထသခင်မလေးက...”
အစေခံမလေး ထောင်ကျီသည် တုန်တုန်ယင်ယင်ဖြင့် နောက်ဆုတ်လိုက်ပြီး ယွင်ရှောင်ထျန်းကို နေရာဖယ်ပေးလိုက်ရသည်။
နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲဖြစ်သော မိမိ၏ သမီးငယ်လေးကို ကြည့်ကာ ယွင်ရှောင်ထျန်းသည် ရယ်ရခက် ငိုရခက် ဖြစ်သွားလေသည်။
*ထားလိုက်ပါတော့လေ…*
ဤမျှ စောစီးစွာ ညီလာခံတက်ရန်မှာ သူမအတွက် အမှန်တကယ်ပင် ခက်ခဲလှပေမည်။
သူသည် စောင်ကို ဆွဲဖယ်လိုက်ပြီး သူမကို ပွေ့ချီလိုက်လေသည်။
၎င်းကို မြင်သောအခါ ထောင်ကျီသည် အရာရှိဝတ်စုံကို အမြန်ဆွဲယူ၍ နောက်မှ လိုက်လာခဲ့သည်။
“ယွင်ရှောင်ထျန်း... အဲဒါ ရှင့်ရဲ့ သမီးအရင်းလေးနော်... အခုက ဆောင်းဦးရာသီ ရောက်နေပြီလေ... သမီးလေးကို အဝတ်အစားလေး ဘာလေးတောင် မဆင်ပေးတော့ဘူးလား...”
ယွင်ရှောင်ထျန်း၏ ရင်ခွင်ထဲတွင် သွားရည်များကျကာ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ယွင်ဟွားကို မြင်သောအခါ လူတိုင်းမှာ ဆွံ့အသွားကြလေသည်။
ချွေ့ဝမ်ရှင်းသည် ယွင်ရှောင်ထျန်းအပေါ် အလွန်မကျေမနပ်ဖြစ်ကာ ရှေ့သို့ လှမ်းလာပြီး သူမ၏ သံလက်ဝါးဖြင့် တစ်ချက် ထုရိုက်လိုက်လေသည်။
“ရာသီဥတုက အေးလာပြီလေ... ရှင်က ဖခင်တစ်ယောက်အနေနဲ့ ဒီလိုပဲ လုပ်ရသလား...”
ယွင်ရှောင်ထျန်းသည် နာကျင်မှုကြောင့် မျက်နှာရှုံ့သွားသော်လည်း ရင်ခွင်ထဲမှ သမီးငယ်လေးကိုမူ မပြုတ်အောင် ထိန်းထားရသည်။
ချွေ့ဝမ်ရှင်းသည် သူမ၏ သမီးငယ်လေးကို အမှန်တကယ်ပင် အလိုလိုက် ချစ်ခင်သူဖြစ်သည်။ သူမသည် မိမိ၏ ဝတ်ရုံကို အမြန်ချွတ်၍ ယွင်ဟွားကို ခြုံပေးလိုက်ပြီး ပြင်ဆင်ထားသော အစားအစာများကို ရထားလုံးပေါ်သို့ တင်ရန် အစေခံများကို ညွှန်ကြားလိုက်သည်။
“ထောင်ကျီ... ခဏနေရင် ရထားလုံးပေါ်မှာ သခင်မလေးကို သေချာပြင်ဆင်ပေးပါ... ပြီးတော့ သခင်မလေးကို အစားတစ်ခုခု မဖြစ်မနေ ကျွေးရမယ်နော်...”
ညီလာခံတက်ခြင်းမှာ အချိန်အကြာကြီး မတ်တပ်ရပ်နေရမည်ကို သူမ သိထားသည်။ အကယ်၍ ဗိုက်ထဲတွင် အစာတစ်ခုခုမရှိပါက သူမ၏ သမီးလေး မူးလဲသွားလျှင် မည်သို့လုပ်မည်နည်း။
ယွင်ရှောင်ထျန်းသည် သူ၏ ဇနီးသည်ကို အားငယ်စိတ်ဖြင့် ကြည့်လိုက်သည်။ သူ ညီလာခံတက်သည့်အခါမျိုးတွင် သူမသည် ဤမျှအထိ စေ့စပ်သေချာစွာ တစ်ခါမျှ မစီစဉ်ပေးခဲ့ဖူးပေ။ သူသည် ရင်ခွင်ထဲမှ အိပ်မောကျနေသော သမီးငယ်လေးကို ငဲ့ကြည့်လိုက်ပြီး သူမ၏ လှည့်စားမှုကို အကြိမ်ပေါင်းများစွာ ခံခဲ့ရသည်ကို သတိရကာ သူ၏ နက်ရှိုင်းသော မျက်ဝန်းများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်သွားလေသည်။
“ဇနီးလေး... ငါ့လက်... ငါ့လက်က ကြွက်တက်နေပြီ...”
သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သူ၏ လက်မှာ ပျော့ခွေကျသွားတော့သည်။
“ဝုန်း…”
လူတိုင်း၏ အာမေဍိတ်သံများနှင့်အတူ စူးရှသော အော်ဟစ်သံတစ်ခုသည် ကောင်းကင်ယံသို့ ပျံ့လွင့်သွားလေသည်။
“အား...”
“ငါ့တင်ပါးတော့ သွားပါပြီ... အနံ့ဆိုးတဲ့ အဘိုးကြီးယွင်... ရှင့်ကို လုံးဝ ခွင့်မလွှတ်ဘူး...”
ဤသို့ပြုတ်ကျသွားခြင်းက ယွင်ဟွားကို လန့်နိုးသွားစေတော့သည်။
လူတိုင်းမှာမူ... ဆွံ့အလျက်...။
ချွေ့ဝမ်ရှင်းသည် ယွင်ရှောင်ထျန်း၏ ခါးဘေးမှ အသားနုလေးကို လိမ်ဆွဲလိုက်ပြီး ပြဿနာရှာတတ်သော သားအဖနှစ်ဦးကို အိမ်ပြင်သို့ တွန်းထုတ်လိုက်လေသည်။
*ထားလိုက်ပါတော့လေ…*
*ကံတရားအတိုင်းပဲ ဖြစ်ပါစေတော့…*
ယွင်ဟွားသည် သူမ၏ တင်ပါးကို ပွတ်သပ်ရင်း ရထားလုံးပေါ်တွင် စောင်းစောင်းကြီး ထိုင်နေလေသည်။ သူမ၏ အဖေအပေါ် ထားရှိသော အငြိုးအတေးမှာ အစိုင်အခဲကြီး ဖြစ်နေသကဲ့သို့ပင်။
သူမ၏ အဖေသည် စိတ်ပုပ်နေခြင်းဖြစ်ပြီး ဤအရာမှာ သူမအပေါ် ကလဲ့စားချေခြင်းဖြစ်ကြောင်း သူမ ရာနှုန်းပြည့် သေချာနေလေသည်။
“စတုတ္ထသခင်မလေး... ဒီအရာရှိဝတ်စုံက နည်းနည်း ရှည်နေသလားလို့...”
ယွင်ဟွားကို မျက်နှာသစ်ပေးပြီးနောက် ထောင်ကျီက မနေနိုင်ဘဲ သတိပေးလိုက်သည်။ အခုအချိန်တွင် အရေးပေါ် ပြင်ဆင်ရန်အတွက် အပ်နှင့်ချည်လည်း မရှိသဖြင့် သူမမှာ အလွန် စိုးရိမ်နေမိသည်။
ယွင်ရှောင်ထျန်းသည် ထိုစကားကို ကြားသောအခါ လှည့်ကြည့်လိုက်ပြီး အားကိုးရာမဲ့စွာ ပြောလိုက်သည်။
“မနေ့ကမှ စမ်းမဝတ်ကြည့်ခဲ့ဘူးလား...”
“ဟွန့်... ဟွန့်...”
ယွင်ဟွားက မျက်နှာလွှဲလိုက်ပြီး ဘာစကားမျှ မပြောတော့ပေ။ သူမ သိသိသာသာပင် စိတ်ဆိုးနေဆဲဖြစ်သည်။
ယွင်ရှောင်ထျန်းသည် သူ၏ ခေါင်းမာသော သမီးငယ်လေး၏ စိတ်ဆိုးမာန်ဆိုး ဖြစ်နေမှုကို ကြည့်ကာ ရယ်ချင်စိတ်ကို အောင့်ထားရသည်။
“ခဏနေရင် အရှက်ကွဲမှာက ငါမဟုတ်ဘူးနော်...”
“ဟွန့်... မကြောက်ပါဘူး...”
ယွင်ဟွားက ပြန်ပြောလိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် ညည်းတွားလိုက်သည်။
“သမီးအရှက်ကွဲရင် အဲဒါ အဖေ အရှက်ကွဲတာနဲ့ အတူတူပဲ... သမီးရဲ့ အဖေအရင်းဖြစ်နေတာကိုး...”
သူသည် လက်ဖက်ရည်ကိုတစ်ငုံ သောက်ရန် ပြင်လိုက်သော်လည်း ထိုစကားကြောင့် ပြန်ထွေးထုတ်လုနီးပါး ဖြစ်သွားရသည်။ ဤမိန်းကလေးမှာ ငယ်ငယ်လေးကတည်းကပင် အရှက်မရှိလှပေ။ ယနေ့ ညီလာခံမှာ အေးအေးချမ်းချမ်း ပြီးဆုံးသွားရန်သာ သူ မျှော်လင့်နေမိတော့သည်။
ရထားလုံးသည် နန်းတော်တံခါးဝသို့ ရောက်သောအခါ တုန်ခါလျက် ရပ်တန့်သွားသည်။ ယွင်ဟွားသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ရထားလုံးပေါ်မှ ခုန်ဆင်းလိုက်လေသည်။
မထင်မှတ်ဘဲ ဝတ်ရုံအနားသတ်မှာ ရှည်လွန်းနေသဖြင့် သူမသည် မတော်တဆ နင်းမိကာ ဒူးထောက်လျက်သား လဲကျသွားပြီး ရောက်ရှိလာသောလူတစ်ဦးကို အရိုအသေ အကြီးအကျယ် ပေးလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။
“အမတ်ငယ်ယွင်... ငါတို့အားလုံးက လုပ်ဖော်ကိုင်ဖက်တွေပဲလေ... ဒီလောက်အထိ ရိုသေပြနေစရာ မလိုပါဘူး...”
ယွင်ဟွားခမျာ ဆွံ့အလျက်...။
ဝဖြိုးဖြိုး အဘိုးကြီးတစ်ဦးသည် သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ပြုံးလျက် ပြောလိုက်သည်။
သူ၏ မျက်နှာအမူအရာမှာ ယွင်ဟွားအပေါ် လေးစားမှုရှိကြောင်း ပြသနေသည်။ ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် သမိုင်းမှတ်တမ်းအရာရှိရာထူးမှာ လူပိုမလိုသော်လည်း ဧကရာဇ်၏ အမိန့်တော် ထွက်ပေါ်လာပြီးဖြစ်သဖြင့် သူ လိုက်နာရုံသာ ရှိတော့သည်။
ဘာပဲဖြစ်ဖြစ် နောက်နှစ်အနည်းငယ်ကြာလျှင် သူသည်လည်း ဇာတိရပ်ရွာသို့ပြန်လည်အနားယူတော့မည်ဖြစ်ရာ ဤအရာမှာ လူသစ်တစ်ဦးကို စောစီးစွာ လေ့ကျင့်ပေးခြင်းဟုသာ သူ သတ်မှတ်ထားလိုက်သည်။
ယွင်ရှောင်ထျန်း၏ မျက်နှာမှာ ဖြူတစ်လှည့် နီတစ်လှည့် ဖြစ်နေလေသည်။ သူသည် ရှက်ကိုးရှက်ကန်းဖြင့် အတင်းပြုံးပြကာ ယွင်ဟွားကို မြေပြင်မှ ဆွဲထူလိုက်ရသည်။
“အမတ်ကြီးရွှီ... ကျုပ်သမီးလေးက ဟာသလုပ်နေတာပါ...”
“ဟွန့်...”
သူတို့ အပြန်အလှန် နှုတ်ဆက်နေစဉ်မှာပင် ကဲ့ရဲ့ရှုံ့ချသော နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာလေသည်။ ယွင်ဟွားသည် သူမ၏ အဖေ နောက်ကွယ်မှ ခေါင်းလေးပြူ၍ ကြည့်လိုက်ရာ ထိုလူ၏ မျက်ဝန်းများထဲတွင် အငြိုးအတေးနှင့် မကျေနပ်မှုများကို တွေ့လိုက်ရသည်။
သို့သော်လည်း တစ်ဖက်လူသည် ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ သူ၏ ဝတ်ရုံစကို ခါယမ်းပြီး နန်းတော်တံခါးအတွင်းသို့ ဝင်သွားလေသည်။
ယွင်ဟွားသည်လည်း အမတ်ကြီးရွှီနောက်မှ လိုက်ပါ၍ ညီလာခံသို့ ဝင်လာခဲ့သည်။ သူမသည် ရှည်လွန်းလှသော ဝတ်ရုံအနားသတ်ကိုမ,ကာ လိမ္မာပါးနပ်စွာဖြင့် သူ့ဘေးတွင် ရပ်နေလိုက်သည်။ သို့သော်လည်း သူမသည် အိပ်ရာထ စောလွန်းခဲ့သဖြင့် အလွန်ပင် ငိုက်မြည်းနေမိသည်။ သူမ တိတ်တဆိတ် ငိုက်နေစဉ်မှာပင် စူးရှပြီး မြင့်မားလှသော အသံတစ်သံက သူမ၏ လိပ်ပြာကို လွင့်စင်သွားစေကာ ဆဲဆိုရန်ပင် အဆင်သင့် ဖြစ်သွားစေတော့သည်။
“အရှင်မင်းကြီး... ဒီငယ်သားမှာ တင်ပြစရာ တစ်ခုရှိပါတယ်...”