← Chapters

ရွှေရှန်း နှင့် ရှန်းအာ

Vol. 10 Ch. 102

ရွှေရှန်း နှင့် ရှန်းအာ

Vol. 10 Ch. 102

ရွှေရှန်း ပြန်မဖြေရသေးမီမှာပင် အဘိုးကြီးတစ်ဦးက ဝင်၍ စစ်ကြော၏။

“ပန်းကြွေရေစီး တောင်ပိုင်းက အံ့ဖွယ်လေးပါးကရော ဘယ်လိုနေသေးလဲ”

ရွှေရှန်းသည် အရိုးပြာအိုးကို တင်းတင်းဆုပ်ကာ တိုးညှင်းစွာ ဖြေရှာ၏။ ဟွာထျဲကန်၏ ကံကြမ္မာကို သူမ ခန့်မှန်းမိပြီးဖြစ်၏။

“သူတို့အားလုံး ကံမကောင်းစွာနဲ့ပဲ ကွယ်လွန်သွားကြပါပြီ”

ထိုအခါ အဘိုးကြီး၏ မျက်နှာကြီးမှာ မိုးကြိုးပစ်ချခံရသည့်အလား မည်းမှောင်သွားကာ အသံကြီး တုန်ရီလျက် ဟောက်တော့သည်။

“မိန်းကလေးရွှေ... သူတို့တွေ သေသွားတာတောင် မင်းကို ကယ်ဖို့အတွက် အသက်စွန့်သွားကြတာ သူတို့တင် မကဘူး... သိုင်းလောကက သူရဲကောင်းပေါင်း တစ်ရာကျော် မင်းကို ကယ်ဖို့လာရင်း သွေးဓား အဘိုးအို လက်ချက်နဲ့ သေတဲ့လူကသေ နှင်းတွေပိပြီး သေတဲ့လူကသေနဲ့... အဲ့ဒါတွေ အကုန်လုံး သွေးဓားဂိုဏ်းက သံဃာဆိုးတွေကြောင့် စဖြစ်တာ မင်းက ဘာကိစ္စ ဒီသံဃာဆိုးဘက်က ပြောပေးနေရတာလဲ မင်းမှာ လိပ်ပြာဆိုတဲ့ အကောင်လေး နည်းနည်းပါးပါးရော ရှိသေးရဲ့လား”

ရွှေရှန်းမှာ သိုင်းလောကထဲ ဝင်လာသည်မှာ မကြာသေးသဖြင့် ဤမျှ ကြီးကျယ်ခမ်းနားသော အဘိုးကြီးများ၏ စစ်ကြောမှုကို မခံဖူးရှာပေ။ လန့်ဖြတ်သွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖြေ၏။

“မဟုတ်... မဟုတ်ရပါဘူးရှင်”

“မင်းအဖေနဲ့ တခြားလူတွေ သေရတာ ဒီသံဃာဆိုးတွေကြောင့် မဟုတ်လို့ ဘယ်သူ့ကြောင့်လဲ”

ရွှေရှန်းသည် သွားကို တင်းတင်းကြိတ်ကာ သတ္တိမွေး၍ တိယွင်ကို လက်ညှိုးထိုးလျက် အော်ပြောလိုက်၏။

“ဒါပေမဲ့ သူက သွေးဓားဂိုဏ်းက သံဃာဆိုး အစစ်မှ မဟုတ်တာ”

ထိုစဉ် လူတစ်ယောက်က ဂျင်းထည့်တော့မည့် မျက်နှာပေးဖြင့် ဝင်ပြောလာ၏။

“သံဃာဆိုး မဟုတ်ရဘူး... ငါ့နားနဲ့ ဆတ်ဆတ်ကြားတာ သူက သွေးဓား အဘိုးအိုကို ဂိုဏ်းချုပ်အဘိုး လို့ ခေါ်တာကွ ပြီးတော့ မင်းကို ဖမ်းသွားတာ သူမဟုတ်လို့ ငါ့အဘိုး လာဖမ်းသွားတာလား”

ရွှေရှန်းမှာ ဆွံ့အသွားရှာသည်။

“သူ... သူက...”

ထိုအခါ နောက်တစ်ယောက်က အထာကျကျ လှောင်ပြောင်တော့၏။

“ဟေ့... မင်းက သူ့ကို ဒီလောက်တောင် ကာကွယ်ပေးနေတာ... မင်းတို့နှစ်ယောက်များ အပေးအယူတွေ တည့်ပြီး နောက်ကွယ်မှာ ဇာတ်လမ်းတွေများ ခင်းနေကြပြီလား”

“ဒါပေါ့ဟ... ဒီသံဃာဆိုး အောက်လမ်းနဲ့ပြုစားတာကို မခံရရင် သူ့အဖေ သွေးကြွေးကိုတောင် မေ့ပြီး ဒီကောင်ကိုပဲ ကာကွယ်ပေးနေပါ့မလား”

အခြားလူများကလည်း မခံမရပ်နိုင်ဖြစ်ကာ အော်ဟစ်ဆဲဆိုကြသည်။

“လောကကြီးမှာ ဒီလို အရှက်မရှိတဲ့ မိန်းမမျိုး ရှိလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး ယောက်ျားတစ်ယောက်အတွက်နဲ့ ကိုယ့်အဖေ သွေးကြွေးကိုတောင် စွန့်လွှတ်ရက်တယ်တဲ့လား”

လူအုပ်ကြီးမှာ သိုင်းလောကအတွင်း ပျံ့နှံ့နေသော ကောလာဟလများကို အပြည့်အဝ ယုံကြည်ထားကြပြီး ရွှေရှန်းမှာ သံဃာဆိုး၏ လက်ချက်ဖြင့် ပန်းပွင့်ကြွေသွားပြီဟု မှတ်ယူထားကြ၏။ ယခုကဲ့သို့ အရှက်ကွဲပြီးနောက် မိမိကိုယ်ကို အဆုံးမစီရင်သည့်အပြင် သံဃာဆိုးဘက်မှ အသေအလဲ ကာကွယ်ပေးနေသည်ကို မြင်သောအခါ ဒါက အချစ်ကြီးချစ်နေခြင်းလော ဟု တွေးကာ အံတကြိတ်ကြိတ် ဖြစ်နေကြတော့သည်။ မိန်းမရှက် ဆိုသည်မှာ တစ်စက်ကလေးမျှ မရှိတော့ပြီလော။

“ဆရာကြီးရွှေ ရဲ့ ဂုဏ်သိက္ခာကို မင်းလို ခွေးမလေးက ဖျက်ဆီးပစ်လိုက်ပြီ”

“သောက်ကျိုးနည်း... ငါက မင်းကို ကယ်ဖို့ အအေးခံပြီး လာခဲ့တာ မင်းက ဒီလောက် အရှက်မရှိတဲ့ မိန်းမ ဖြစ်နေမယ်လို့ မထင်ထားဘူး ငါ အရင်ဆုံး မင်းကို အပိုင်းပိုင်း ခုတ်ပစ်မယ်”

လူယုတ်မာ တစ်ဦးက သွားဖြဲကာ ရယ်မောလိုက်၏။

“ဟေ့... မိန်းကလေးရွှေ က ဘယ်လိုပဲဖြစ်ဖြစ် အရှက်မရှိမှတော့ ညီအစ်ကိုတွေ အကုန်လုံး ဝိုင်းပြီး အရသာခံလိုက်ရင် မကောင်းဘူးလား ငါ့ အစွမ်းအစက ဒီသံဃာဆိုးလေးထက် အများကြီး ပိုကောင်းတယ်... မင်းကို ကောင်းကောင်းကြီး စိတ်ကျေနပ်စေရမယ်”

လူအများက ဝါးလုံးကွဲ ရယ်မောကြရင်း ညစ်ညမ်းသော စကားများကို အန်ချကြ၏။ ရွှေရှန်းမှာ ရှက်လည်းရှက် ဒေါသလည်းထွက်သဖြင့် မျက်နှာတစ်ခုလုံး နီမြန်းနေတော့သည်။ ရုတ်တရက် တိယွင်က ဝင်ပြော၏။

“မိန်းကလေးရွှေ ရဲ့ ဂုဏ်သိက္ခာကို မစော်ကားကြနဲ့ သူက... သူက မိန်းကလေးကောင်း တစ်ယောက်ပါ”

တိယွင်မှာ စကားပြော အလွန်အမင်း မကျွမ်းကျင်သူ ဖြစ်ရာ မိန်းကလေး တစ်ဦး၏ ဂုဏ်သိက္ခာကဲ့သို့သော အရေးကြီးကိစ္စကို မည်သို့ ရှင်းပြရမည်နည်း။ ထို့ကြောင့် ထပ်တလဲလဲသာ ရေရွတ်နေမိ၏။

“သူက တကယ် မိန်းကလေးကောင်းပါ ခင်ဗျားတို့ သူ့ကို ယုံကြည်ပေးကြပါ”

“အို... အခုမှ လာပြီး သနားပြနေတယ်... ဒီမိန်းမပျက်လေးကို ကာကွယ်ပေးမလို့လား”

“သူတို့ မျက်လုံးချင်း စကားပြောနေတာ ကြည့်စမ်း... ဇာတ်လမ်း မရှိဘူးဆိုတာ ဘယ်သူက ယုံမှာလဲ”

“ချဟေ့... ဒီ အရှက်မရှိတဲ့ သံဃာဆိုးကို သတ်ကြ”

ဤအချိန်တွင် သိုင်းလောကမှ ဖြောင့်မတ်သူများရော လူဆိုးများပါ ပိုမို ရောက်ရှိလာကြပြီး လက်နက်များကိုယ်စီဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေကြလေပြီ။ ရွှေရှန်းက တိယွင်အား ပျာယာခတ်စွာ ပြောလိုက်၏။

“သူတို့က စကားနားထောင်မှာ မဟုတ်ဘူး... ရှင် မြန်မြန် ထွက်ပြေးတော့”

“ဒါပေမဲ့ ခင်ဗျားကရော...”

“သူတို့ ကျွန်မကို မသတ်ပါဘူး ရှင်သာ မြန်မြန် သွားတော့”

ထိုစဉ် လူအုပ်ကြားထဲမှ လူငယ်တစ်ယောက် ရုတ်တရက် ပြေးထွက်လာကာ ရွှေရှန်း၏ လက်မောင်းကို ဆောင့်ဆွဲပြီး ဒေါသတကြီး အော်ဟစ်တော့သည်။

“ညီမလေး... ပါးစပ်ပိတ်ထားစမ်း”

ရွှေရှန်း လှည့်ကြည့်လိုက်ရာ သူမ၏ ဝမ်းကွဲအစ်ကို ဝမ်ရှောင်ဖုန်း ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် မျက်ရည်များ ဝဲတက်လာ၏။

“အစ်ကိုဝမ်...”

သို့သော် ဝမ်ရှောင်ဖုန်း၏ မျက်နှာပေါ်ရှိ မနာလိုမှုနှင့် နာကြည်းမှုများကို မြင်လိုက်ရသောအခါ၊ ဆက်ပြောမည့် စကားလုံးများမှာ လည်ချောင်းဝတွင်ပင် ပျောက်ကွယ်သွားရရှာသည်။ အချိန်မဆွဲတော့ဘဲ လူအုပ်ကြီးမှာ တိယွင်နှင့် စတင် သတ်ပုတ်ကြလေပြီ။ တိယွင်သည် နတ်ဘုရား အလင်းဖြာ ကျမ်းစာကို အခြေခံအားဖြင့် တတ်မြောက်ထားသော်လည်း အချိန်တိုတောင်းလှသဖြင့် အထွတ်အထိပ်သို့ မရောက်သေးချေ။ ကံကောင်းထောက်မစွာဖြင့် ချူကျန့်၏ လမ်းညွှန်မှုအောက်တွင် သွေးဓားသိုင်းကို ကျွမ်းကျင်စွာ တတ်မြောက်ထား၏။ ရန်သူများပြားလွန်းလှပြီး လက်နက်မျိုးစုံနှင့် လျှို့ဝှက်လက်နက်များက မိုးသီးမိုးပေါက်များပမာ ရွာကျလာသောအခါ မိမိကိုယ်ကို ကာကွယ်ရန်အတွက် သွေးဓားကြီးကို မလွှဲမရှောင်သာ ဆွဲထုတ်လိုက်ရတော့သည်။ ဤဓားမှာ သူက နတ်ဘုရား အလင်းဖြာ ကျမ်းစာကို သင်ပေးပြီး ချန်လင်းစုကို ကယ်တင်ပေးခဲ့သဖြင့် ချူကျန့်က ကျေးဇူးဆပ်သည့်အနေဖြင့် ပေးအပ်ထားခြင်း ဖြစ်၏။

သွေးဓား၏ ထက်မြက်လှသော အသွားက လက်နက်ပေါင်း တစ်ဒါဇင်ကျော်ကို ချက်ချင်းပင် ထက်ပိုင်းဖြတ်ချလိုက်၏။ လူအုပ်ကြီးမှာ လန့်ဖြတ်ကာ နောက်ဆုတ်သွားကြပြီး လူတစ်ယောက်က အော်ဆဲတော့သည်။

“ထွီ... သွေးဓားကြီးလည်း ကိုင်ထားသေးတယ် သွေးဓားသိုင်းကိုလည်း သုံးသေးတယ် အဲ့ဒီခွေးမလေးက သူတို့ သွေးဓားဂိုဏ်းက မဟုတ်ဘူးလို့ ငြင်းရဲသေးတယ်ပေါ့လေ အားလုံး ဝိုင်းချကြဟေ့... ဒီ သိုင်းလောက အန္တရာယ်ကောင်ကို အလွတ်ပေးလို့ မဖြစ်ဘူး”

မျက်စိတစ်မှိတ်အတွင်းမှာပင် လူအုပ်ကြီး၏ ဒေါသများ ပေါက်ကွဲထွက်လာပြီး လူပေါင်း ဒါဇင်ချီကာ တိယွင်အား ဘီးလုံးပတ်သကဲ့သို့ ဝိုင်းဝန်း တိုက်ခိုက်ကြတော့သည်။ တိယွင်မှာ ဤမျှ လူအများအပြား၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို တစ်ခါမှ မကြုံဖူးသဖြင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရရှာသည်။ လူမသတ်လိုသဖြင့် တိုက်ခိုက်ခြင်းထက် ကာကွယ်ခြင်းကိုသာ ဦးစားပေးနေရရာ အခိုက်အတန့်အတွင်းမှာပင် အသက်အန္တရာယ်နှင့် ရင်ဆိုင်လာရ၏။

ရွှေရှန်းမှာ နှင်းတောင်ခြေဆီသို့ စိုးရိမ်တကြီး လှမ်းကြည့်နေမိသည်။ မိန်းကလေးရွက် ထွက်သွားသည်မှာ တစ်နာရီပင် မပြည့်သေးရာ အစ်ကိုချူကို ခေါ်လာနိုင်မည် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သေးချေ။ တိယွင်သည် အစ်ကိုချူ၏ သူငယ်ချင်းကောင်း ဖြစ်ရာ၊ ဤနေရာတွင် အသတ်ခံရမည်ကို သူမ မည်သို့ လက်ပိုက်ကြည့်နေနိုင်ပါမည်နည်း။ လှည့်စားစရာ မရှိတော့သဖြင့် သူမက ရမ်းရော် အော်ဟစ်လိုက်မိ၏။

“အစ်ကိုဝမ်... သူ့ကို သွားကူညီပေးပါဦး”

"ဖြန်း..."

ဆိုသော အသံနှင့်အတူ သူမ စကားပင် မဆုံးလိုက် ဝမ်ရှောင်ဖုန်းက သူမ၏ ပါးကို မီးပွင့်သွားအောင် ရိုက်ချလိုက်၏။ သူ၏ မျက်နှာကြီးမှာ မနာလိုမှုနှင့် အမုန်းတရားများကြောင့် ရှုံ့မဲ့နေတော့၏။

“ပါးစပ်ပိတ်ထားစမ်း အရှက်မရှိတဲ့ မိန်းမ မင်းကြောင့် ငါ့ မျက်နှာ အိုးမည်းသုတ်ခံရပြီ”

ရွှေရှန်းမှာ ကြောင်အသွားရှာသည်။ သူမအပေါ် အမြဲတမ်း အလိုလိုက် အကြိုက်ဆောင်ခဲ့သော ဝမ်းကွဲအစ်ကိုက သူမကို တကယ်ကြီး ရိုက်ရက်လေသည်။ သူမ၏ မိခင်မှာ ကွယ်လွန်သွားသည်မှာ ကြာပြီဖြစ်ပြီး ဖခင်မှလွဲ၍ ဤဝမ်းကွဲအစ်ကိုမှာ သူမ၏ တစ်ဦးတည်းသော ဆွေမျိုးရင်းချာ ဖြစ်၏။ အခြား ဦးလေးများနှင့် သိပ်မရင်းနှီးလှချေ။ ဝမ်းကွဲအစ်ကို လှည့်ထွက်သွားသည်ကို ကြည့်ရင်း၊ လောကကြီး တစ်ခုလုံးတွင် သူမ တစ်ယောက်တည်း အထီးကျန်စွာ ကျန်ရစ်ခဲ့ပြီဟု ခံစားလိုက်ရတော့သည်။

ရက်အနည်းငယ် အကြာတွင် ရွှေရှန်းသည် ရွှေမိသားစု စံအိမ်ရှိရာ မြို့လေးသို့ ပြန်လည် ရောက်ရှိလာခဲ့၏။ သူမမှာ ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော် ဖြစ်သွားသကဲ့သို့ ဖြစ်နေပြီး၊ ထိုနေ့က တိုက်ပွဲ ရလဒ်နှင့် တိယွင် ထွက်ပြေးလွတ်မြောက်သွားခြင်း ရှိမရှိကိုပင် မသိရှိခဲ့ရချေ။

စာပို့စခန်းမှ မြင်းလှည်းပေါ်မှ ဆင်းကာ အိမ်သို့ စိတ်ပျံ့လွင့်စွာ ပြန်လာခဲ့ရာ၊ အစေခံများက သူမအား ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြပြီး အရှက်မရှိတာ၊ မိန်းမပျက် စသည့် အတင်းအဖျင်း စကားသံများကို ကြားနေရ၏။ သိုင်းလောကမှ ကြောက်မက်ဖွယ် ကောလာဟလများ သူမဆီသို့ ရောက်ရှိလာခဲ့ပြီမှာ ထင်ရှားလှသည်။

ဦးလေးဖြစ်သူ၏ အကူအညီဖြင့် ဖခင်၏ နာရေးကို စီစဉ်ပြီးနောက်၊ ရွှေရှန်းသည် ဖခင်၏ အုတ်ဂူရှေ့တွင် တစ်ယောက်တည်း ငေးမောစွာ ထိုင်နေ၏။ ထိုနေရာတွင် နှစ်ရက် နေ့လယ် ညဉ့်ပါ ထိုင်နေခဲ့၏။

ရွှေမိသားစု စံအိမ်သို့ သူမ ပြန်မသွားချင်တော့ပေ။ ဦးလေး၊ ဒေါ်လေးနှင့် အခြားဆွေမျိုးများ၏ အေးစက်စက်နှင့် အထက်စီးဆန်သော မျက်နှာများ၊ တစ်မြို့လုံး၏ လက်ညှိုးထိုး ကဲ့ရဲ့မှုများ၊ လှောင်ပြောင် ရွံရှာသော တီးတိုးစကားသံများ... ဤအရာများ အားလုံးက အလိုလိုက်ခံခဲ့ရသော မိန်းမပျိုလေး တစ်ဦးကို မဆိုထားနှင့်၊ ယောက်ျားရင့်မာကြီး တစ်ယောက်ကိုပင် ရူးသွပ်သွားစေရန် လုံလောက်လှသည်။

‘အဖေရယ်... သမီးကို ဘယ်သူမှ မယုံကြတော့ဘူး သမီး သန့်ရှင်းစင်ကြယ်သေးတယ် ဆိုတာကို ဘယ်သူမှ လက်မခံကြဘူး ဆွေမျိုးတွေ အကုန်လုံးကလည်း သမီးကို အပုပ်ချနေကြတယ်။ သမီး အဖေ့နောက်ကိုပဲ လိုက်ခဲ့တော့မယ်...’

ကမ္ဘာကြီးက ကျယ်ဝန်းလှသော်လည်း သူမအတွက် နေစရာ နေရာ တစ်လက်မမျှပင် မကျန်တော့ချေ။ ရွှေရှန်းသည် တိတ်တဆိတ် မျက်ရည်ကျကာ ထုံထိုင်းစွာ မတ်တပ်ရပ်ပြီး အနီးရှိ ချောင်းငယ်လေးဆီသို့ လျှောက်သွားတော့သည်။

ရေခဲရေကဲ့သို့ အေးစက်လှသော ရေများက သူမကို အသိဝင်လာစေသော်လည်း ရုတ်တရက် နားသယ်စပ်မှ တစ်စုံတစ်ရာက ရေထဲသို့ "ပလုံ" ခနဲ ကျသွား၏။ ရွှေရှန်း စမ်းကြည့်လိုက်ရာ အစ်ကိုချူ ပေးထားခဲ့သော နားကပ် တစ်ဖက် ဖြစ်နေကြောင်း သိလိုက်ရ၏။

ထိုခဏတွင်ပင် သာမန်ရုပ်ရည်သာ ရှိသော်လည်း အလွန်အမင်း လုံခြုံမှုပေးနိုင်သော အစ်ကိုချူ၏ ပုံရိပ်က သူမ၏ မျက်စိထဲတွင် ပေါ်လာတော့သည်။ ရွှေရှန်း၏ ပါးပြင်ထက်သို့ မျက်ရည်များ အတားအဆီးမဲ့ စီးကျလာ၏။ သူမက ရေအေးများကို ဂရုမစိုက်တော့ဘဲ ကပျာကယာ ကုန်းချကာ အသည်းအသန် လိုက်လံ စမ်းသပ် ရှာဖွေတော့သည်။

သို့သော် ဒူးဆစ်ခန့် နက်သော ရေထဲတွင် ဤမျှ သေးငယ်သော နားကပ်လေးကို မည်သို့ ရှာတွေ့နိုင်မည်နည်း။ ရွှေရှန်းမှာ ရှာရင်းရှာရင်း လက်ချောင်းများပင် အေးခဲကာ ထုံကျင်လာသော်လည်း ဘာမျှ မတွေ့ရချေ။ သွားကို တင်းတင်းကြိတ်ကာ ငိုယိုရင်း ဆက်ရှာနေမိသည်။

“ဘာရှာနေတာလဲ အကူအညီ လိုလို့လားဟင်”

ချောင်းကမ်းပါးမှနေ၍ ပုလဲလုံးလေးများ လင်ပန်းပေါ် ကျလာသကဲ့သို့ ကြည်လင်ချိုသာသော မိန်းကလေး အသံလေး တစ်သံ ထွက်ပေါ်လာ၏။

ရွှေရှန်း မော့ကြည့်လိုက်ရာ အသက် (၁၅)၊ (၁၆) နှစ်ခန့်ရှိ ယောက်ျားလေး အဝတ်အစား ဝတ်ဆင်ထားသော လူငယ်လေး တစ်ဦးက မြည်းပြာလေး တစ်ကောင်ကို ဆွဲကာ တောက်ပသော မျက်လုံးများ ပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။ လူငယ်လေး၏ မျက်နှာပေါ်တွင် ဖုန်များ ပေကျံနေသော်ငြား ချောမောလှပသော မျက်နှာပေါက်ကိုကား ဝိုးတဝါး မြင်တွေ့နိုင်သေးသည်။

ရွှေရှန်းက မျက်ရည်လည်ရွဲဖြင့် ကြည့်နေသည်ကို မြင်သောအခါ၊ ထိုလူငယ်လေးသည် မြည်းကို ကျောက်တုံးတွင် ချည်ကာ ဖိနပ်ကို ချွတ် ဘောင်းဘီကို ခေါက်တင်လိုက်ရာ ဖြူဝင်းသော ခြေသလုံးလေးများနှင့် နူးညံ့သော ခြေဖဝါးလေးများ ပေါ်လာ၏။ ရေခဲရေထဲသို့ ခုန်ဆင်းကာ မေးလိုက်၏။

“ငါ ကူရှာပေးရမလား”

ရွှေရှန်းမှာ မည်သို့မျှ တုံ့ပြန်ခြင်း မရှိသည်ကို မြင်သောအခါ ထိုလူငယ်လေးက လျှာလေး ထုတ်ကာ ခွီခနဲ ရယ်မောလိုက်၏။

“စိတ်မပူပါနဲ့... ငါလည်း မိန်းကလေးပါ”

သူမ၏ မျက်လုံးလေးများမှာ ကြယ်ပွင့်များအလား တောက်ပနေပြီး ပြောမပြတတ်အောင် လှပကာ ဉာဏ်ရည်ထက်မြက်ပုံ ရ၏။ ထို့အပြင် စိတ်အေးချမ်းစေသော တက်ကြွမှုနှင့် ကြင်နာမှုတို့လည်း ပါဝင်နေ၏။ ရွှေရှန်းက အလိုအလျောက် ပြန်ဖြေလိုက်မိသည်။

“ကျွန်မရဲ့ နားကပ် နောက်တစ်ဖက်ကို ရှာနေတာပါ”

ယောက်ျားလေး အသွင်ယူထားသော မိန်းကလေးက ရွှေရှန်း ဝတ်ဆင်ထားဆဲဖြစ်သော နားကပ်ကို တစ်ချက် ကြည့်လိုက်ပြီး ပြုံးကာ ပြော၏။

“လှလိုက်တဲ့ နားကပ်လေး”

ရေအေးကို ဂရုမစိုက်တော့ဘဲ ကုန်းချကာ စတင် ရှာဖွေပေးတော့သည်။ အချိန်အတန်ကြာပြီးနောက် ထိုမိန်းကလေးက ရေထဲမှ တစ်စုံတစ်ရာကို ဆွဲထုတ်လိုက်ပြီး ရွှေရှန်းအား ကမ်းပေးလိုက်၏။

“အစ်မ... ဒါလေးလားဟင်”

ရွှေရှန်း မတ်တပ်ရပ်လိုက်ပြီး အေးခဲနေသော လက်များဖြင့် လှမ်းယူလိုက်ရာ သူမ ပျောက်ဆုံးသွားသော နားကပ်လေး ဖြစ်နေကြောင်း သိလိုက်ရ၏။ သူမက နားကပ်လေးကို ရင်ဘတ်တွင် တင်းတင်းကြပ်ကြပ် ဖက်ထားရင်း မျက်ရည်များ စီးကျကာ ထိုမိန်းကလေးအား အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုတော့သည်။

မိန်းကလေးက ပြုံးလိုက်၏။

“ဒီနားကပ်လေးကို ဒီလောက်တောင် တန်ဖိုးထားနေတာ... ချစ်တဲ့သူက ပေးထားတာလား”

ရွှေရှန်း၏ ဖြူရော်နေသော မျက်နှာလေးမှာ ချက်ချင်းပင် နီမြန်းသွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ငြင်း၏။

“မဟုတ်... မဟုတ်ပါဘူး”

သို့သော် သူမ နားကပ်ကို ဆုပ်ကိုင်ထားပုံမှာ လောကတွင် အဖိုးတန်ဆုံး ရတနာ တစ်ခုကို ကိုင်တွယ်ထားသကဲ့သို့ ဖြစ်နေချေပြီ။

“သူက ဒီမှာ မရှိဘူးလား”

ရွှေရှန်းက ခေါင်းယမ်းပြလိုက်၏။

“လွမ်းနေရင် သွားရှာလေ”

“ဒါပေမဲ့...”

“ဒါပေမဲ့တွေ ဘာတွေ လုပ်မနေနဲ့ ကိုယ်က လူတစ်ယောက်ကို သဘောကျရင် အရှေ့ကို ဆက်တိုးရမှာပေါ့ ငါလည်း ငါ့ရဲ့ သူ ကို လိုက်ရှာနေတာပဲ ကမ္ဘာမြေရဲ့ အဆုံးထိတောင် ရောက်ရောက်... သူ့ကို ရှာတွေ့အောင် ရှာမှာပဲ”

ထိုမိန်းကလေး၏ မျက်လုံးလေးများမှာ ကြယ်ပွင့်များထက်ပင် ပိုမို တောက်ပနေပြီး ပြတ်သားသော ဆုံးဖြတ်ချက်များနှင့် နက်ရှိုင်းသော သံယောဇဉ်များ ပြည့်နှက်နေရာ ရွှေရှန်း၏ ရင်ထဲတွင်ပင် တုန်လှုပ်သွားရ၏။

မိန်းကလေးက ကောင်းကင်ကို ကြည့်လိုက်ပြီး ကမ်းစပ်သို့ ပြန်ခုန်တက်ကာ ဖိနပ်နှင့် ခြေအိတ်များကို ဝတ်ဆင်၍ မြည်းပေါ်သို့ ခုန်တက်ကာ လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်၏။

“ကံကောင်းပါစေ အစ်မရေ ငါ သွားတော့မယ်”

ရွှေရှန်းမှာ ဤမိန်းကလေးအပေါ် အလွန် ကောင်းသော အမြင် ရှိသွားသဖြင့် မနေနိုင်ဘဲ လှမ်းအော်မေးလိုက်၏။

“ခဏလေး ညီမလေး... နာမည်တောင် မမေးရသေးဘူးလေ”

မိန်းကလေးက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြုံးပြလိုက်၏။

“ငါ့ကို အိမ်ပြန်ခေါ်သွားဖို့ လိုက်ရှာနေတဲ့ လူတွေက အများကြီးပဲ ဒါကြောင့် နာမည်ကိုတော့ ပြောပြလို့ မဖြစ်ဘူး ဒါပေမဲ့ ငါ့ကို ရှန်းအာ လို့ ခေါ်လို့ရပါတယ် သွားပြီနော် အစ်မ... နောက်မှ ပြန်တွေ့ကြတာပေါ့”

ရွှေရှန်းသည် သူမ၏ တက်ကြွလန်းဆန်းသော ကျောပြင်လေးကို ကြည့်ရင်း ရင်ထဲတွင် ထူးဆန်းသော ခွန်အားတစ်ခု စိမ့်ဝင်လာသည်ကို ခံစားလိုက်ရ၏။

“ညင်ကျင့်မြို့...”

သူမက တိုးတိုးလေး ရေရွတ်လိုက်ပြီး အဝေးသို့ ငေးကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများမှာ တဖြည်းဖြည်း ပြန်လည် အသက်ဝင် လန်းဆန်းလာတော့သည်။

All Chapters