← Chapters

ခရီးစဉ်အသစ်

Vol. 10 Ch. 103

ခရီးစဉ်အသစ်

Vol. 10 Ch. 103

မိုင်ပေါင်းရာချီ ကွာဝေးသော ညင်ကျင့်မြို့တောင်ဘက်ရှိ ချောင်ကျကျ ခြံဝင်းလေးတစ်ခုထဲတွင် ရွှေရှန်းတစ်ယောက် အဝေးဆီသို့ လည်တဆန့်ဆန့် ငေးမောနေချိန်၌ ချန်လင်းစုသည်ကား ချူကျန့်၏ ပစ္စည်းပစ္စယများကို စစ်ထွက်မည့် သူရဲကောင်းတစ်ဦးအား ပြင်ဆင်ပေးသည့်နှယ် သေသေချာချာ ထုပ်ပိုးပေးနေ၏။

ခြံဝင်းထဲတွင် ရိုးရှင်းလှပသော သစ်သားအိမ်ငယ်လေး အနည်းငယ်သာ ရှိသော်လည်း နွယ်ပင်များ ရစ်ပတ်နေသည့် ဝါးခြံစည်းရိုးမြင့်ကြီးနှင့် ပတ်လည်ဝိုင်းထားသော နေရာလွတ်မှာ အလွန်ကျယ်ဝန်းလှ၏။ ခြံထဲတွင် ကုက္ကိုပင်ကြီး တစ်ပင်အပြင် ဟင်းသီးဟင်းရွက် စိုက်ခင်းငယ်လေးများပင် ရှိသေးရာ စိမ်းစိုနေသော အပင်ပေါက်လေးများက တော်တော်လေး ကြည့်ကောင်းနေ၏။

ချူကျန့်သည် ညင်ကျင့်မြို့တွင် အိမ်ရှာထွက်စဉ်က ဤခြံဝင်းလေးကို မြင်မြင်ချင်း သဘောကျသွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ငွေတွေ ဒီလောက် အများကြီး မသုံးပါနဲ့ ဟူသော ချန်လင်းစု၏ ပူညံပူညံ အကြံပေးမှုများကို နားပိတ်ကာ ဈေးဆစ်ခြင်း အနုပညာကို အထွတ်အထိပ် အသုံးချပြီးနောက် ငွေသုံးဆယ်ကျပ်ဖြင့် အပိုင်ဝယ်ချလိုက်တော့သည်။

ဤမြို့ငယ်လေးတွင် ငွေသုံးဆယ်ကျပ်ဆိုသည်မှာ နည်းလှသော ပမာဏ မဟုတ်ပေ။ မူလပိုင်ရှင်မှာ ဝမ်းသာအားရဖြင့် ဘာပစ္စည်းမှ မယူဘဲ ပြောင်းရွှေ့သွားရာ ချူကျန့်အတွက် အိမ်အသုံးအဆောင် အသစ်ဝယ်ရမည့် ဒုက္ခမှ ကင်းဝေးသွားတော့သည်။

အိမ်ရှင်းရန်နှင့် ချန်လင်းစုကို ပြုစုရန်အတွက် အစေခံ မိန်းကလေး နှစ်ယောက်ကိုပါ ချူကျန့်က ဆရာကြီးစတိုင်ဖြင့် ဝယ်ယူလိုက်သေး၏။

ယခင်က ညင်ကျင့်မြို့ရှိ အပေါင်ဆိုင်တွင် လုယက်လာသော ပစ္စည်းများကို အပုံလိုက် သွားပေါင်ထားခဲ့သည် မဟုတ်လော။ ဘဏ်ထဲတွင် အပ်ထားသော ငွေများကို ထည့်မတွက်လျှင်ပင် သူ၏ ကိုယ်ပေါ်တွင် ရွှေတုံး သုံးဆယ် ငွေစက္ကူ တစ်ထောင်ကျော်နှင့် ငွေဒင်္ဂါး အကြွေများ အပြည့်ပါဝင်နေရာ ခရိုနီ ကစားသမားကြီး တစ်ဦး ဖြစ်နေချေပြီ။

ဤငွေများမှာ သူ၏ ချွေးနှဲစာများ မဟုတ်ဘဲ အခြား ကစားသမားများနှင့် ဂိမ်း ဇာတ်ကောင်များကို ဂျင်းထည့်၊ လှည့်စား၊ လုယက်ပြီး ရှာဖွေထားသော... အဟမ်း... ဇာတ်လမ်းကွင်းဆက်မှ ရသော ဆုကြေးများသာ ဖြစ်၏။

ထို့ကြောင့် ချန်လင်းစု စိတ်ချမ်းသာစေရန်အတွက် ငွေသုံးဆယ်ကျပ်ခန့် သုံးရခြင်းမှာ အလွန်တန်လှ၏။ ဤခြံဝင်းလေးကို မြင်လိုက်ရချိန်တွင် ချန်လင်းစု၏ မျက်ဝန်းထဲမှ တောက်ပသွားသော ဝမ်းသာရိပ်များကို သူ အထင်းသား မြင်တွေ့ခဲ့ရသည် မဟုတ်လော။

တိယွင် လာရောက်လည်ပတ်ပါက အမှတ်အသား အဖြစ် သိစေရန် ခြံတံခါးရှေ့တွင် ကင်မလီယာ ပန်းအိုး နှစ်အိုးကိုလည်း လျှို့ဝှက် အချက်ပြအဖြစ် ချထားလိုက်သေးသည်။

ချန်လင်းစုကို နေရာချထားပြီးနောက်တွင် ချူကျန့် ထွက်ခွာရန် ပြင်ဆင်တော့၏။

မည်သို့ပင်ဖြစ်စေ မိန်းကလေးချင်က သူ့အား တစ်လတိတိ အချိန်ပေးထားရာ ထိုအချိန်မတိုင်မီ သူမနှင့်အတူ သီးသန့် ဇာတ်လမ်းကွင်းဆက်ကို သွားရောက် ဖြေရှင်းရမည် ဖြစ်သည်။

“ဒီမှာ ကျွန်မ ကိုယ်တိုင် ဖော်စပ်ထားတဲ့ အဆိပ်တွေနဲ့ ဆေးလုံးတွေ အစုံပါတယ် လဲဝတ်ဖို့ အင်္ကျီနှစ်စုံလည်း ထည့်ပေးထားတယ်။ ရှင့်သိုင်းပညာက မြင့်မားပြီး ဉာဏ်များတယ် ဆိုပေမယ့် လောကကြီးက အန္တရာယ် များလွန်းလို့ သေချာ ဂရုစိုက်ဦးနော်”

ချန်လင်းစုက ဆေးပုလင်း အများအပြား ပါဝင်သော အထုပ်ကြီးကို ချူကျန့်ထံ ကမ်းပေးရင်း မှာကြား၏။

သူမ၏ သေသေချာချာ မှာကြားနေမှုများကို နားထောင်ရင်း ချူကျန့်၏ ရင်ထဲတွင် နွေးထွေးသွားရသည်။ ဒါက လွန်ခဲ့သော အချိန်များစွာက သူ သိုင်းလောကထဲသို့ စတင် ဝင်ရောက်မည့်အချိန်တွင် မိခင်နှင့် ညီမဖြစ်သူတို့၏ ပူညံပူညံ မှာကြားခဲ့မှုများနှင့် တစ်ထပ်တည်း တူညီနေချေသည်။

သူ၏ နာမည်ကြီးမှုကြောင့် အသက်အန္တရာယ် ကြုံတွေ့ခဲ့ရရှာသော မိခင်နှင့် ညီမလေးကို သတိရသွားချိန်တွင် ချူကျန့်၏ မျက်ဝန်းများအတွင်း၌ မှောင်မိုက်အေးစက်သော အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာသော်လည်း ချက်ချင်းပင် ပြန်လည် ဖုံးကွယ်လိုက်၏။ သူက ပြုံးကာ ပြန်ပြောလိုက်၏။

“ဂိုဏ်းတူအစ်မလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦးနော် ငါ.. နောက်ကျဆုံး နှစ်လနေရင် ပြန်လာခဲ့မယ်။ အဲ့ဒီအခါကျရင် ဒီခြံလေးထဲမှာပဲ ဆေးပင်တွေ စိုက် ဆေးတွေ ဖော်ပြီး အေးအေးဆေးဆေး နေကြတာပေါ့ဟာ သိုင်းလောကရဲ့ ရွှံ့နွံတောထဲကို ဘယ်တော့မှ ထပ်မဆင်းတော့ဘူး”

ချန်လင်းစု၏ လုံခြုံရေးအတွက်မူ သူ လုံးဝ စိတ်မပူချေ။ အဆိပ်လက်ဝါး ဆေးဘုရင်၏ တံခါးပိတ်တပည့်မှာ သိုင်းပညာများ အပြည့်အဝ ပြန်လည် မကောင်းမွန်သေးသော်ငြား ခြံထဲတွင် အသစ်စိုက်ပျိုးထားသော အပင်ပေါက်လေးများနှင့် အိမ်ထဲရှိ ပန်းအိုးငယ်လေးများကပင် သိုင်းသမား အများစုကို မြေကြီးနှင့် မ်ိတ်ဆက်သွားစေရန် လုံလောက်လှသည်။

“အင်းပါ”

ချန်လင်းစုက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် မေးလာ၏။

“ဒါနဲ့... မိန်းကလေးရွက်က ရှင့်ကို ကူပြီး ဂိုဏ်းတူညီမလေးကို တကယ် လိုက်မရှာပေးတော့ဘူးလား”

“သူလား... သူက အလုပ်တွေ အရမ်းရှုပ်နေတာ။ ငါ့အတွက် အချိန်မအားပါဘူး”

ချူကျန့်က ခေါင်းယမ်းကာ မဲ့ပြုံး ပြုံးရင်း အစောပိုင်းက အဖြစ်အပျက်ကို ပြန်လည် တွေးတောမိ၏။

လွန်ခဲ့သော ရက်အနည်းငယ်က ချင်ရူယွင်သည် နှင်းတောင်ကြားသို့ နောက်ဆုံးအကြိမ် ပြန်လာချိန်တွင် ချန်လင်းစုမှာ ဖျားနာထားသဖြင့် အားနည်းနေမည်ကို စိုးရိမ်သော ချူကျန့်က သူမတို့ နှစ်ဦးကို ကြိုးကြာဖြူကြီးပေါ်တွင် အတူတူ စီးနင်းခိုင်းခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ချန်လင်းစုမှာ ကိုယ်အလေးချိန် ပေါ့ပါးလှသဖြင့် ကြိုးကြာဖြူကြီးက နိုင်နိုင်နင်းနင်း သယ်ဆောင်နိုင်ခဲ့၏။

ထို့နောက် ချူကျန့်က ချင်ရူယွင်အား ကြိုးကြာဖြူကြီးဖြင့် ညင်ကျင့်မြို့သို့ တိုက်ရိုက် သွားရောက်ပို့ဆောင်ခိုင်းရာ ဒုတိယ သခင်မလေးချင် ထံမှ ဒိုင်းခနဲ မျက်စောင်း အပစ်ခံလိုက်ရ၏။ သို့သော် ချန်လင်းစု၏ ပိန်ချုံးပြီး အားနည်းနေသော ပုံစံကို ကြည့်ကာ ဒုတိယ သခင်မလေးချင် သည် နောက်ဆုံးတွင် မငြင်းဆန်ရက်ခဲ့ပေ။

သို့သော်ငြား ချူကျန့်က ချန်လင်းစုကို ဂရုတစိုက် ပွေ့ချီကာ အင်္ကျီထူထူများ ခြုံပေးနေသည်ကို မြင်သောအခါ၊ ဒုတိယ သခင်မလေးချင် မှာ ခရီးစဉ် တစ်လျှောက်လုံး စကားတစ်ခွန်းမျှ မဟတော့ချေ။ ညင်ကျင့်မြို့ အဝင်ဝသို့ ရောက်ရှိချိန်တွင်မူ သူမက အေးစက်စက် လေသံဖြင့် အမိန့်ပေးတော့သည်။

“နင့်ကို အချိန် တစ်လ ပေးမယ် အဲ့ဒီအချိန်ကျမှ ဇာတ်လမ်းကွင်းဆက် လာမလုပ်ရင်... အဲ့ဒီနောက်ပိုင်း လုံးဝ ပြန်မလာခဲ့နဲ့တော့”

ပြောပြောဆိုဆိုနှင့်ပင် ကြိုးကြာဖြူကြီးကို စီးကာ ဝုန်းခနဲ ပျံသန်းထွက်ခွာသွားတော့သည်။

ထိုမိန်းကလေးချင် ၏ မျက်နှာထား အခြေအနေကို ကြည့်ရုံဖြင့် ကောရှန်းအား လိုက်လံရှာဖွေပေးရန် အကူအညီ တောင်းဖို့ဆိုသည်မှာ အိပ်မက်ထဲတွင်ပင် မဖြစ်နိုင်ကြောင်း သိသာလှ၏။ ထို့အပြင် ဤမျှ ချမ်းသာလှပပြီး တောက်ပလွန်းသော မိန်းကလေးတစ်ဦးနှင့် အတူတူ သွားလာလှုပ်ရှားရမည်ကို ချူကျန့် ကိုယ်တိုင်ကလည်း အလွန် ကျောချမ်းနေမိ၏။ သူမ၏ ဆွဲဆောင်မှုများကြောင့် အခြားသူများ၏ အာရုံစိုက်ခံရမှုများက သူ့အား အလွန်အမင်း နေရခက်စေသည် မဟုတ်လော။

ချန်လင်းစု၏ သက်တမ်းကို ဆွဲဆန့်ပေးနိုင်မည့် အသက်ကယ်ဆေး ရရှိမည့် သီးသန့် ဇာတ်လမ်းကွင်းဆက်သာ မဟုတ်ပါက သူ ဤရွှံ့နွံထဲသို့ ဝင်ရောက်စရာ အကြောင်း လုံးဝ မရှိပေ။

စိတ်ကို ပြန်လည် စုစည်းလိုက်ပြီးနောက် ချူကျန့်သည် အစေခံ မိန်းကလေး နှစ်ဦးကို ခေါ်ကာ မိန်းကလေးချန် အား သေချာ ဂရုစိုက်ရန် မှာကြားလိုက်သည်။ ထို့နောက် မြို့ထဲတွင် ဝယ်ယူထားသော အရိုးပြိုင်းပြိုင်းထနေသည့် မြင်းပိန်လေး တစ်ကောင်ပေါ်သို့ ခုန်တက်ကာ ခရီးစတင် ထွက်ခွာတော့သည်။

တစ်ယောက်တည်း ပေရာဂဏန်းခန့် စီးနင်းလာပြီးနောက် သူ၏ ရင်ထဲတွင် တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားလိုက်ရ၏။ နောက်သို့ လှည့်ကြည့်လိုက်သောအခါမှ၊ သူ၏ နောက်ကွယ်တွင် လိုက်ပါလာတတ်သော ချန်လင်းစု၏ မြင်းခွာသံလေးများ ပျောက်ဆုံးနေကြောင်းကို သတိပြုမိသွားတော့သည်။

အကျင့်ဆိုသည်မှာ တကယ့်ကို ကြောက်စရာကောင်းလှသော အရာပေတကား။

ချူကျန့်က ခေါင်းကို ရမ်းလိုက်ပြီး စိတ်ချင်း ဆက်သွယ်နေသည့်အလား အဝေးရှိ ခြံဝင်းငယ်လေးဆီသို့ အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။ ခြံတံခါးဝတွင် မတ်တပ်ရပ်ကာ သူ၏ ကျောပြင်ကို ငေးမောကြည့်နေဆဲဖြစ်သော ချန်လင်းစုကို မြင်တွေ့လိုက်ရ၏။

ချူကျန့်၏ ရင်ထဲတွင် နွေးထွေးမှုများ ဖြတ်ပြေးသွား၏။ သူက လက်ကို နောက်တစ်ကြိမ် လှမ်းဝှေ့ယမ်းပြလိုက်ပြီးနောက် ခရီးစဉ် အသစ်အတွက် သူ၏ မြင်းပိန်လေးကို ဒုန်းစိုင်း နှင်တော့သည်။

...

မြို့ပြင်သို့ ရောက်ရှိလာပြီးနောက် အခြေအနေများကို စုံစမ်းရန်အတွက် စည်းစိမ်ချမ်းသာစံအိမ်တော် သို့ အရင်ပြန်ရန် ချူကျန့် စီစဉ်လိုက်သည်။ ကောရှန်း တစ်ယောက်များ စည်းစိမ်ချမ်းသာစံအိမ်တော်သို့ ရောက်ရှိနေမလား ဆိုသော မျှော်လင့်ချက်လေးလည်း ပါဝင်၏။

“ဟိုတစ်ခေါက်က ဆိုင်က မုန့်တွေ တော်တော် စားကောင်းတယ် ကျွန်မအတွက် အများကြီး သွားဝယ်ပေးစမ်းပါ”

ရုတ်တရက် အလင်းတန်း ဖြူဖြူတစ်ခု ထွက်ပေါ်လာပြီး တုန်းဖန်းပုပိုက် တစ်ယောက် ချူကျန့်၏ ကုန်းနှီးရှေ့တွင် ဂိုက်အပြည့်ဖမ်းကာ ရပ်နေသည်။ မည်သည့် အားနာမှုမျှ မရှိဘဲ သူ့အား အမိန့်ပေးနေခြင်း ဖြစ်၏။

‘သောက်ကျိုးနည်း... ဘယ်သူက ဆရာ ဘယ်သူက တပည့်လဲဆိုတာတောင် ရောကုန်ပြီလား မသိဘူး’

ချူကျန့်က စိတ်ထဲမှ တွေးလိုက်ရင်း သူမကို အနည်းငယ် တွန်းဖယ်လိုက်ကာ ခေါင်းကို ခပ်ဖွဖွလေး ခေါက်လိုက်သည်။

“အရမ်းကြီး လာမကပ်နဲ့ မုန့်စားချင်ရင် အလိမ္မာလေးနဲ့ ဆရာ လို့ အရင်ခေါ်စမ်း”

တုန်းဖန်းပုပိုက်က ခေါင်းကို လက်ဖြင့် အုပ်ကာ သူ့အား မကျေမနပ်ဖြင့် မျက်စောင်း တစ်ချက် ပစ်သွင်းလိုက်၏။

ချူကျန့်က အလွှာပေါင်းစုံ ပါဝင်သော ကိတ်မုန့် တစ်ခုကို ထုတ်ယူကာ သူမ၏ မျက်စိရှေ့တွင် ယမ်းပြလိုက်သည်။ ထိုအခါ တုန်းဖန်းပုပိုက်မှာ သူမ၏ နှုတ်ခမ်းနီနီလေးကို သွားရည်ကျမတတ် သပ်လိုက်ပြီး တစ်စက္ကန့်ခန့် တုံ့ဆိုင်းနေပြီးမှ ခပ်တိုးတိုးလေး ခေါ်လိုက်၏။

“ဆရာ”

‘အေး... အဲ့ဒီလိုမှပေါ့ ဟို ချင်ရူယွင် ရဲ့ ကြိုးကြာဖြူကြီးကိုပဲ ကြည့်စမ်း... ဘာညည်းညူသံမှ မထွက်ဘဲ ပေတေပြီး အလုပ်လုပ်ပေးရှာတယ် ဒီကောင်မလေးကျတော့ ဆရာ လို့ ခေါ်ခိုင်းဖို့တောင် အစားအသောက်နဲ့ မျှားနေရတယ်’

ချူကျန့်က သူမအား မုန့်များ ကမ်းပေးလိုက်ပြီး မြို့အရှေ့ဘက်သို့ ပြေးကာ သရေစာ မုန့်အထုပ်ကြီး တစ်ထုပ်ကို ထပ်မံ ဝယ်ယူ သိမ်းဆည်းလိုက်သည်။ ထို့နောက်မှ သူ၏ ခရီးစဉ်ကို တကယ် စတင်တော့၏။

ယခုအခါ တုန်းဖန်းပုပိုက်၏ သဘောကျမှု အမှတ်မှာ မျက်နှာပန်းလှလှ (၂၀) အထိ တက်လာခဲ့ပြီဖြစ်ရာ သူမ၏ စကားနားထောင်မှုမှာလည်း အနည်းငယ် တိုးတက်လာခဲ့လေပြီ။ ယခင်ကဆိုလျှင် သူမက 'ဆရာ' ဟု ခေါ်ရန်မှာ မိုးကြိုးပစ်ချသကဲ့သို့ပင် မဖြစ်နိုင်သော ကိစ္စတစ်ခု ဖြစ်၏။

သို့သော် ချူကျန့်ကို ခေါင်းကိုက်စေသည်မှာ ဤကောင်မလေးသည် သူ့အပေါ် ရင်းနှီးလာပြီးနောက်တွင် သူမဘာသာသူ အလိုအလျောက် ထွက်လာတတ်ခြင်းပင် ဖြစ်သည်။ အကယ်၍ သူ အမှန်တကယ် အကူအညီ လိုအပ်ချိန်၌ ခေါ်ထုတ်ရန် အချိန်မကျန်တော့လျှင် ဇက်ကြောတွေရော ခါးတွေရော ပြုတ်ထွက်သွားမလား မှတ်ရသည် မဟုတ်လော။

ကံကောင်းထောက်မစွာဖြင့် သဘောကျမှု အမှတ်များ အပေါင်းလက္ခဏာ ပြလာသည်နှင့်အမျှ တုန်းဖန်းပုပိုက်ကို ခေါ်ထုတ်နိုင်သော အချိန်ပမာဏမှာလည်း သိသိသာသာ တိုးလာခဲ့၏။ အမှတ် (၅) မှ (၂၀) သို့ ရောက်ရှိသွားပြီးနောက် ခေါ်ထုတ်နိုင်သော အကြိမ်အရေအတွက်မှာ (၃) ကြိမ်အထိ တိုးလာပြီး တစ်ကြိမ်လျှင် နာရီဝက်ခန့် ခေါ်ထုတ်နိုင်ပြီ ဖြစ်သည်။

အကယ်၍ သဘောကျမှု အမှတ် အမြင့်ဆုံး (၁၀၀) သို့သာ ရောက်ရှိသွားပါက တုန်းဖန်းပုပိုက်ကို အချိန်အကြာကြီး သူ၏ အနားတွင် ခေါ်ထားနိုင်မည်ဖြစ်ပြီး တကယ့် ဘော်ဒီဂတ် အစစ်နှင့် လက်ထောက်ကောင်း တစ်ယောက် ရရှိသွားမည်မှာ အသေအချာပင်။

စည်းစိမ်ချမ်းသာစံအိမ်တော် သို့ သွားရာလမ်းတွင် ချန်လင်းစု မပါလာတော့သဖြင့် ချူကျန့်သည် မည်သည့် မြို့ရွာကိုမှ မဝင်တော့ဘဲ ပင်ပန်းလျှင် သစ်ပင်ပေါ် သို့မဟုတ် ချုံပုတ်များကြားတွင်သာ ဝင်ရောက် အိပ်စက် အနားယူလိုက်၏။

ယခုအခါ သူ၏ ကိုယ်တွင်း၌ ဖားပြုတ်နီ သွေးကြော ရှိနေပြီဖြစ်ရာ သူ၏ ကိုယ်နံ့ကို ရလိုက်သည်နှင့် မြွေ၊ ကင်းခြေများ၊ အင်းဆက်များနှင့် ကြွက်များပင် အဝေးသို့ ထွက်ပြေးကြသဖြင့် တောထဲတောင်ထဲ အိပ်ရသည်ကို လုံးဝ စိုးရိမ်စရာ မရှိတော့ချေ။

နေ့လယ် ညဉ့်ပါ ခရီးနှင်လာခဲ့ပြီးနောက် သုံးရက်အကြာတွင် ချူကျန့်သည် စည်းစိမ်ချမ်းသာစံအိမ်တော်၏ ခြံဝင်းအတွင်းသို့ ခြေချလိုက်မိလေပြီ။ ဝင်ဝင်ချင်းပင် နေပူဆာလှုံကာ ပျင်းရိပျင်းတွဲ အိပ်စက်နေသော ဝမ်တုံးကို ချက်ချင်း မြင်တွေ့လိုက်ရ၏။

ရင်းနှီးကျွမ်းဝင်ပြီး အေးချမ်းလှသော ဤမြင်ကွင်းက သူ မထွက်ခွာမီ အချိန်လေးမှာပင် အေးခဲရပ်တန့်နေသကဲ့သို့ ထင်မှတ်ရ၏။ ချူကျန့်၏ နှုတ်ခမ်းထောင့်များက အလိုအလျောက် ကွေးတက်သွားတော့သည်။ စည်းစိမ်ချမ်းသာစံအိမ်တော် ဆိုသည်မှာ ဂိမ်းကမ္ဘာထဲတွင် သူ၏ စိတ်အေးချမ်းဆုံး အချိန်ကာလလေးများ ဖြစ်ခဲ့သည်မှာ ယုံမှားဖွယ် မရှိပေ။

“ပြန်လာပြီလား”

ဝမ်တုံးက သူ့ကို နှုတ်ဆက်ရန်ပင် မထတော့ဘဲ ပြုံးကာ အရက်အိုး တစ်အိုးကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်၏။

ချူကျန့်က ဖမ်းယူလိုက်ပြီး တစ်ကျိူက်တည်း မော့သောက်လိုက်၏။ ထို့နောက် ပါးစပ်ကို သုတ်ကာ မေးလိုက်သည်။

“ဆရာသမားဝမ်... စည်းစိမ်ချမ်းသာစံအိမ်တော်ကြီးက ထီများ ပေါက်ထားသလား ခင်ဗျားတို့တောင် အရက်တွေ ဘာတွေ သောက်နိုင်နေပါလား”

“လင်းထိုက်ဖျင် ကျေးဇူးကြောင့်ပေါ့ကွာ”

ဝမ်တုံးက အဝေးဆီသို့ ပျင်းရိပျင်းတွဲ လက်ညှိုးထိုးပြလိုက်သည်။ ထိုနေရာတွင် ပန်းရောင်းသည့် မိန်းကလေး တစ်ဦးက ရှက်သွေးဖြာနေသော မျက်နှာလေးဖြင့် လင်းထိုက်ဖျင် နှင့် စကားရပ်ပြောနေသည်ကို ချူကျန့် မြင်တွေ့လိုက်ရ၏။

သူမ၏ ဘေးတွင် ပန်းတောင်းလေး တစ်တောင်း ရှိပြီး အတွင်း၌ အစားအသောက်များနှင့် အရက်အိုး တစ်အိုးကို ဝိုးတဝါး မြင်တွေ့နေရ၏။

ယခုအချိန်မှာ ဆောင်းဦးပေါက်၍ ဆောင်းတွင်းသို့ ဝင်ရောက်စပြုနေပြီ ဖြစ်ကာ တိုက်ခတ်လာသော လေပြင်းများက အရိုးခိုက်မတတ် အေးစက်နေသော်ငြား၊ ထိုလူငယ် နှစ်ဦးထံမှ ထွက်ပေါ်လာသော ပန်းရောင် အချစ်ဓာတ်ငွေ့လေးများကမူ နွေဦးပေါက် ပန်းပွင့်လေးများအလား နွေးထွေး လှပနေတော့သည်။

All Chapters