← Chapters

အကြပ်အတည်းထဲသို့ ရောက်ရှိသွားခြင်း

Vol. 10 Ch. 106

အကြပ်အတည်းထဲသို့ ရောက်ရှိသွားခြင်း

Vol. 10 Ch. 106

ကျန်းရှောင်ယွီ က ခွီခနဲ ရယ်မောလိုက်ပြီး သစ်ခေါက်ကို ခေါက်ကာ အော်လိုက်၏။

“ဟေး... ဒါက တံခါးပေါက်လား အိမ်ထဲမှာ လူရှိလား”

ထိုသို့ ခေါက်လိုက်သည်နှင့် တစ်ပြိုင်နက် မထင်မှတ်ထားလောက်အောင်ပင် သစ်ခေါက်ကြီးမှာ ကွဲအက်ပွင့်ဟသွားပြီး တံခါးပေါက် တစ်ခု ပေါ်ထွက်လာတော့၏။

“ဟင်... တကယ့် တံခါးပေါက်ကြီးပါလား”

ကျန်းရှောင်ယွီ တစ်ယောက် လန့်ဖြတ်သွားသည်။ သူက လက်ဆော့ပြီး စနောက်လိုက်ခြင်းသာ ဖြစ်သော်ငြား သစ်ခေါက်ကြီးက တကယ် တံခါးပေါက်ကြီး ဖြစ်နေသည် မဟုတ်လော။

သူသည် နောက်သို့ ကပျာကယာ ခုန်ဆုတ်လိုက်ရင်း ချူကျန့်ကိုပါ ဆွဲခေါ်သွားသဖြင့် ချူကျန့်၏ ရင်ထဲတွင် သူ့အပေါ် အမြင် အနည်းငယ် ပိုကောင်းသွားရ၏။

အချိန်အတန်ကြာသည်အထိ တံခါးပွင့်လာပြီးနောက် မည်သူမျှ ထွက်မလာသည်ကို မြင်သောအခါ ကျန်းရှောင်ယွီက သတ္တိမွေး၍ ရှေ့သို့ ထပ်တိုးသွားပြီး အကြိမ်အနည်းငယ် အော်ခေါ်ကြည့်ကာ ကျောက်ခဲ နှစ်လုံးခန့် ပစ်သွင်းလိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။

ထို့ကြောင့် ကျန်းရှောင်ယွီက သစ်ခေါက် တံခါးကြီး တစ်ခုလုံးကို တွန်းဖွင့်လိုက်ရာ အတွင်းဘက်တွင် ဟာလာဟင်းလင်း ဖြစ်နေပြီး သာမန် သစ်ပင်အခေါင်းပေါက် တစ်ခုနှင့်သာ တူနေလေသည်။

သို့သော် သစ်ပင်အခေါင်းပေါက် တစ်ခုက ဘယ်လိုလုပ်ပြီး သူ့ဘာသာသူ တံခါးပေါက် တစ်ခု ဖန်တီးထားနိုင်မည်နည်း။

“လာ... အထဲဝင် ကြည့်ကြရအောင်”

ကျန်းရှောင်ယွီက အထဲသို့ ဝင်သွားရင်း ချူကျန့်ကိုပါ ဆွဲခေါ်သွားသဖြင့် ချူကျန့်မှာ ရယ်ရမလို ငိုရမလို ဖြစ်နေတော့သည်။ မည်သို့ပင်ဖြစ်စေ သူသည် ဤထူးဆန်းသော အဖြစ်အပျက်ထဲသို့ လုံးဝ ကျွံဝင်သွားပြီ ဖြစ်ကြောင်း ကောင်းကောင်း သဘောပေါက်၏။ ထွက်ပြေး၍ မရနိုင်တော့သဖြင့် ဤအဖြစ်အပျက်မှ အကျိုးအမြတ် တစ်ခုခု ရရှိရန်သာ ကြိုးပမ်းရတော့မည် မဟုတ်လော။

မိန်းမပျိုလေးမှာမူ စိုးရိမ် ထိတ်လန့်နေသော မျက်နှာထားဖြင့် သူတို့၏ နောက်မှ လိုက်ပါလာသည်။

သူတို့ သုံးဦးစလုံး အထဲသို့ ရောက်ရှိသွားသောအခါ သစ်ပင်ကြီး၏ ထက်ဝက်နီးပါးကို ဖောက်ထုတ်ထားပြီး လူသုံးယောက်ခန့် မတ်တပ်ရပ်နိုင်လောက်အောင် ကျယ်ဝန်းကြောင်း တွေ့လိုက်ရ၏။

သစ်ပင်အခေါင်းပေါက်၏ ပတ်လည်တွင် လက်မလောက် တုတ်သော သံချောင်းပေါင်း ရာချီ၍ တပ်ဆင်ထားရာ သစ်ပင်အခေါင်းပေါက် တစ်ခုလုံးမှာ သေသပ်လှသော သံလှောင်အိမ်ကြီး တစ်ခုနှင့် တူနေတော့သည်။

ကျန်းရှောင်ယွီက ဘယ်ညာ ဟိုဟိုဒီဒီ သိချင်စိတ်ဖြင့် လိုက်ကြည့်နေစဉ် ရုတ်တရက် သံတံခါးကြီး တစ်ခု ပြုတ်ကျလာပြီး သစ်ပင်အခေါင်းပေါက်၏ အဝင်ဝကို ပိတ်ဆို့သွား၏။ ထို့နောက် သံလှောင်အိမ်ကြီး တစ်ခုလုံးမှာ အောက်သို့ ဖြည်းညင်းစွာ ဆင်းသက်သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း မှောင်မိုက်သွားတော့သည်။

“ဟေး... ဘာတွေ ဖြစ်ကုန်တာလဲ”

အစပိုင်းက အတော်လေး တည်ငြိမ်နေခဲ့သော မိန်းမပျိုလေးမှာ ရုတ်တရက် အကြီးအကျယ် ပျာယာခတ်သွားပြီး ကျန်းရှောင်ယွီ၏ လက်မောင်းကို တင်းကျပ်စွာ ဖက်ထားလိုက်၏။

ချူကျန့်ကလည်း အကြောက်လွန်နေသည့် ပုံစံ ဟန်ဆောင်ကာ အံ့အားသင့်စွာ အော်ဟစ်လိုက်သော်လည်း သူ၏ ရင်ထဲတွင်မူ သိချင်စိတ် အနည်းငယ် ဖြစ်ပေါ်နေမိသည်။

‘ဒါက ဓာတ်လှေကားကြီး မဟုတ်ဘူးလား ဂိမ်းထဲမှာ ဒီလောက် အဆင့်မြင့်တဲ့ နည်းပညာတွေ ရှိနေတာလား’

သို့သော် ဆင်းသက်နေသော အရှိန်မှာ သိပ်မမှန်သဖြင့် စက်ယန္တရား အစစ်အမှန် မဟုတ်ဘဲ လူအားဖြင့် မောင်းနှင်နေသော ယန္တရား တစ်ခုသာ ဖြစ်နိုင်ချေ ပိုများ၏။

အချိန်အတန်ကြာပြီးနောက် သံလှောင်အိမ်ကြီးမှာ နောက်ဆုံးတွင် ရပ်တန့်သွား၏။ လှောင်အိမ် တံခါးကြီး ပြန်ပွင့်သွားပြီး ဝါကြန့်ကြန့် အလင်းရောင်များ ဝင်ရောက်လာတော့သည်။

“ဒီမှာ ဆက်နေလည်း ဘာမှ မထူးပါဘူး ဒီအိမ်ရှင်က ငါတို့ကို အပြင်ထွက်ဖို့ ဖိတ်ခေါ်နေမှတော့ သွားကြည့်ကြတာပေါ့”

ကျန်းရှောင်ယွီက ချူကျန့်ကို ဆွဲကာ အပြင်သို့ အရင်ဆုံး ထွက်သွား၏။ ချူကျန့်မှာလည်း မတတ်သာသဖြင့် စိတ်ကို လန်းဆန်းအောင် လုပ်ကာ သူ၏ နောက်မှ လိုက်သွားရတော့၏။ မှန်းဆရခက်သော ထိုမိန်းမပျိုလေးထက်စာလျှင် ဤအန္တရာယ်မရှိသော ကောင်လေးနှင့် အတူနေရသည်က ပိုကောင်းသည် မဟုတ်လော။

အပြင်ဘက်တွင် စင်္ကြံလမ်းရှည်ကြီး တစ်ခု ရှိနေပြီး ကျောက်နံရံများကို အလွန် သေသပ်ပြောင်မြောက်စွာ ထွင်းထုထားကာ ကြေးနီ ဆီမီးခွက်များ ထွန်းညှိထား၏။

မီးရောင်များ ရှိနေခြင်းက လူနေထိုင်ကြောင်း ပြသနေသော်ငြား စင်္ကြံလမ်းကြီးမှာ လုံးဝ တိတ်ဆိတ်နေပြီး သူတို့မှလွဲ၍ အခြား မည်သူမျှ မရှိချေ။

သည်အခြေအနေအား မြင်သောအခါ ချူကျန့် အားလုံးကို နားလည် သဘောပေါက်သွားတော့သည်။

ချိုင့်ဝှမ်းကြီးထဲရှိ လူများ ဝင်ထွက်သွားလာထားသော လက္ခဏာများမှာ မြေအောက်ရှိ ဤအဆောက်အအုံတွင် နေထိုင်သူများ၏ လက်ရာပင် ဖြစ်ရပေမည်။

“ကြည့်ရတာ ငါထင်တာ မမှားဘူးပဲ ဒီမှာ လူတွေ နေကြတာ သေချာတယ်”

ကျန်းရှောင်ယွီက ပါးစပ်ထဲမှ မြက်ပင်လေးကို ဝါးရင်း မိန်းမပျိုလေးဘက်သို့ လှည့်ကာ ပြောလိုက်၏။

“ဟေး... နင် အပြင်ထွက်ခဲ့လို့ ရပြီ”

သို့သော် သူ စကားပြောလို့ပင် မဆုံးသေးမီ သံလှောင်အိမ် တံခါးကြီးမှာ ဝုန်းခနဲ ပြန်ပိတ်သွားပြီး အောက်သို့ ထပ်မံ ဆင်းသက်သွားတော့၏။ မိန်းမပျိုလေးမှာ အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် လှောင်အိမ်ကြီးနှင့်အတူ အောက်သို့ ရောက်ရှိ ပျောက်ကွယ်သွားတော့သည်။

ကျန်းရှောင်ယွီ လန့်ဖြတ်သွားပြီး ကပျာကယာ လှည့်ကြည့်လိုက်သော်လည်း၊ တုတ်ခိုင်သော သံပြားကြီး တစ်ခုက လှောင်အိမ်ကြီးကို ကွယ်ထားသဖြင့် မည်သည့်နေရာသို့ ရောက်ရှိသွားကြောင်း လုံးဝ မမြင်နိုင်တော့ချေ။

“အာ... မီး... မီးတွေ... ပူလိုက်တာ... ကယ်ကြပါဦး”

မိန်းမပျိုလေး၏ စူးရှသော အော်ဟစ် အကူအညီတောင်းသံများက အောက်ဘက်ဆီမှ ထွက်ပေါ်လာ၏။ ကျန်းရှောင်ယွီမှာ ပျာယာခတ်သွားပြီး သံပြားကြီးကို လက်သီးဖြင့် အဆက်မပြတ် ထုနှက်သော်လည်း၊ သူ၏ လက်သီးများက မည်သို့ ထိုးဖောက်နိုင်မည်နည်း။

မိန်းကလေး၏ နာကျင်စွာ အော်ဟစ်သံများနှင့် အကူအညီတောင်းသံများမှာ တဖြည်းဖြည်း တိုးညှင်းသွားပြီး နောက်ဆုံးတွင် မည်သည့် အသံမျှ မကြားရတော့ချေ။ အရှင်လတ်လတ် မီးလောင်ကျွမ်း ခံလိုက်ရပုံ ပေါ်၏။

ကျန်းရှောင်ယွီမှာ ဒေါသအမျက် ခြောင်းခြောင်းထွက်ကာ စင်္ကြံလမ်းထဲသို့ ပြေးဝင်သွားပြီး အသံကုန် အော်ဟစ်တော့သည်။

“ခင်ဗျား ဘယ်သူပဲဖြစ်ဖြစ် ..ကျုပ်ကို လာခြောက်ဖို့ မကြိုးစားနဲ့ ခင်ဗျားကို တစ်နေ့ မဟုတ် တစ်နေ့ ရှာတွေ့အောင် ရှာပြီး သတ်ပစ်မယ်”

'အကြောက်လွန်' ကာ ကျောက်နံရံတွင် ကပ်နေသော ချူကျန့်မှာ လုံးဝ မလှုပ်မရှားဘဲ ရှိနေသော်လည်း တကယ့် လက်တွေ့တွင်မူ အခြေအနေကို အေးစက်စက် အကဲခတ်နေ၏။ ထိုမိန်းမပျိုလေး သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ သူ ဂရုမစိုက်သော်ငြား ထိုလူငယ်လေး၏ ဖြောင့်မတ်သော ဒေါသကို မြင်လိုက်ရချိန်တွင်မူ သူ၏ ရင်ထဲ၌ ထိုလူငယ်လေးအပေါ် ပိုမို လေးစားသွားမိတော့၏။

သူ၏ အသက်အရွယ်နှင့် ဤမျှ ဉာဏ်ရည်ထက်မြက်နေသော်ငြား သူ၏ ကြင်နာမှုနှင့် လူသားဆန်မှုများကို မဆုံးရှုံးသေးခြင်းက ချူကျန့်ထက်ပင် ပိုမို သာလွန်နေချေသည်။

ချူကျန့်ကို အထင်ကြီးဆုံး ဖြစ်စေခဲ့သည်မှာ ကျန်းရှောင်ယွီ၏ ဒေါသတကြီး အော်ဟစ်နေမှုများမှာ တကယ့်တမ်းတွင် ရန်သူကို မျှားခေါ်ကာ အခြေအနေကို ပြောင်းလဲရန် ကြိုးပမ်းသည့် အကွက်တစ်ခုသာ ဖြစ်နေခြင်းပင်။

နောက်ကွယ်မှ ခြယ်လှယ်နေသူက သူတို့ သံလှောင်အိမ်ထဲမှ ထွက်လာသည်အထိ စောင့်ဆိုင်းပြီးမှ အကွက်ဆင်ခဲ့ခြင်းဖြစ်ရာ သူတို့တွင် အခြား အကြံအစည်များ ရှိနေနိုင်ပြီး သူတို့ကို လောလောဆယ် အန္တရာယ်ပြုမည် မဟုတ်ကြောင်း ကျန်းရှောင်ယွီကလည်း ရိပ်မိထားသည်မှာ ထင်ရှားလှ၏။

ချူကျန့်မှာ မနေနိုင်တော့ဘဲ ချီးကျူးသည့်အနေဖြင့် ခေါင်းညိတ်လိုက်မိတော့၏။ အသက် (၁၆) (၁၇) နှစ်ခန့်သာ ရှိသေးသော ဤကောင်လေးက မျက်စိတစ်မှိတ်အတွင်း ဤအရာများ အားလုံးကို တွေးတောနိုင်ပြီး တန်ပြန် တိုက်ခိုက်ရန် ချက်ချင်း ကြိုးပမ်းနိုင်ခဲ့သည်။ သူ၏ ဉာဏ်ပြေးမှုမှာ ကစားသက် ရင့်ကျက်သော ချူကျန့်ထက်ပင် မနိမ့်ကျလှရာ တကယ့်ကို အံ့မခန်းပင် ဖြစ်တော့သည်။

ချူကျန့် ထိုသို့ တွေးတောနေစဉ်မှာပင် ကျန်းရှောင်ယွီက သူ့ကို စင်္ကြံလမ်း၏ အခြားတစ်ဖက်သို့ ဆွဲခေါ်သွား၏။

ကျန်းရှောင်ယွီက ဒေါသတကြီး အော်ဟစ်နေသော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။ စင်္ကြံလမ်း၏ အဆုံးသို့ ရောက်သောအခါ သေသပ်လှပသော ကျောက်စိမ်းဖြူ တံခါးကြီး တစ်ချပ်ကို တွေ့လိုက်ရသဖြင့် တွန်းဖွင့်ကာ ဝင်သွားလိုက်သည်။

သူတို့၏ ရှေ့မှောက်တွင် ကြီးမား ခမ်းနားလှသော ခန်းမဆောင်ကြီး တစ်ခုကို တွေ့လိုက်ရသော်လည်း၊ ကံမကောင်းစွာဖြင့် ပြတင်းပေါက် တစ်ပေါက်မျှ မရှိဘဲ လူသူကင်းမဲ့နေ၏။

ခန်းမ၏ အလယ်တွင် ကြီးမားသော စားပွဲကြီး တစ်လုံး ရှိပြီး၊ အပေါ်တွင် မွှေးပျံ့နေသော ကြက်ကင် တစ်ကောင်ကို တင်ထားလေသည်။

“အစ်ကိုချူ ကြည့်စမ်း ဒီက အိမ်ရှင်က လှည့်ကွက်တွေပဲ သုံးတတ်ပြီး လူလုံးထွက်ပြရဲတဲ့ သတ္တိ မရှိဘူး ပိုက်ဆံသာ ရှိပြီး သတ္တိကြောင်တဲ့ ကောင်ပဲ”

ကျန်းရှောင်ယွီက လှောင်ပြောင်လိုက်၏။

ရုတ်တရက် ခန်းမထဲတွင် အသံတစ်သံ ပဲ့တင်ထပ် ထွက်ပေါ်လာ၏။

“ကျန်းရှောင်ယွီ... မင်း သတ္တိ တော်တော် ကောင်းတာပဲ”

အသံမှာ လေထဲတွင် လွင့်ပျံနေပြီး ယောကျ်ားအသံလော မိန်းမအသံလော ခွဲခြား၍ မရနိုင်ချေ။

ကျန်းရှောင်ယွီ လန့်ဖြတ်သွားပြီး ဟိုဟိုဒီဒီ လိုက်ကြည့်သော်လည်း အသံလာရာကို မတွေ့ရချေ။ ချူကျန့်၏ စူးရှသော အမြင်အာရုံကသာ ခန်းမ မျက်နှာကျက်တွင် အကွာအဝေး ညီမျှစွာ ဖောက်ထားသော အပေါက်ငယ်များ ဒါဇင်ချီ ရှိနေပြီး၊ ထိုအပေါက်များမှတစ်ဆင့် အသံထွက်ပေါ်လာခြင်း ဖြစ်ကြောင်း မြင်တွေ့လိုက်ရ၏။

“ခင်ဗျား ဘယ်သူလဲ ကျွန်တော့် နာမည်ကို ဘယ်လိုလုပ် သိတာလဲ”

ထိုအခါ လေထဲ လွင့်ပျံနေသော အသံက အေးအေးဆေးဆေးပင် ပြန်ဖြေလာသည်။

“ဒီက အိမ်ရှင်က အရာအားလုံးကို သိတယ်ကွ”

ချူကျန့်၏ မျက်လုံးများက ဟိုဟိုဒီဒီ ဝေ့ဝဲသွားပြီးနောက် ကျန်းရှောင်ယွီကို အကြောက်လွန်နေသည့် ပုံစံဖြင့် ကပျာကယာ ဖက်ထားလိုက်၏။

“ရှောင်ယွီ... ဘယ်သူ စကားပြောနေတာလဲဟင်”

“ချူ ဆိုတဲ့ ကောင်စုတ်လေး... ဟိုဟိုဒီဒီ လိုက်မကြည့်နဲ့ မင်း ငါ့ကို မမြင်ရပေမယ့် ငါကတော့ မင်းကို မြင်နေရတယ်”

ချူကျန့်၏ ခေါင်းထဲတွင် အတွေးများ တရကြမ်း ပြေးလွှားသွားတော့သည်။

ဤလူက ကျန်းရှောင်ယွီကို နာမည် အပြည့်အစုံ ခေါ်သလိုမျိုး သူ့ကို မခေါ်ပါလား။

“လှည့်ကွက်တွေ သုံးမနေနဲ့ သတ္တိရှိရင် ထွက်လာခဲ့စမ်း”

ကျန်းရှောင်ယွီက အော်ဟစ်လိုက်၏။

ထိုလူက ဟီးခနဲ ရယ်မောလိုက်သည်။

“မင်းက သတ္တိ တော်တော် ကောင်းတာပဲ စားပွဲပေါ်မှာ ကြက်ကင် တစ်ကောင် ရှိတယ် အသေမြန်စေတဲ့ အဆိပ်တွေ ခတ်ထားတာ စားရဲလား”

“ဘာလို့ မစားရဲရမှာလဲ”

ကျန်းရှောင်ယွီက ကြက်ကင်ကို ယူ၍ စားလိုက်ပြီး ကြက်ပေါင် တစ်ချောင်းကိုပင် ချူကျန့်ထံ ကမ်းပေးလိုက်၏။

“စားလိုက်... အဆိပ်မပါဘူး သူသာ ငါတို့ကို သတ်ချင်ရင် ခုနက သံလှောင်အိမ်ထဲမှာတင် မီးရှို့သတ်လို့ ရနေတာပဲ ပြီးတော့ အဆိပ်ပါနေတယ် ဆိုရင်တောင် ငတ်သေတာထက် ဗိုက်ဝဝနဲ့ သေရတာက ပိုကောင်းသေးတယ်”

ချူကျန့်ကလည်း 'စကားနားထောင်' သည့်အနေဖြင့် ကြက်ပေါင်ကို စတင် ကိုက်စားတော့သည်။ စားပွဲပေါ်တွင် အရက်အိုး တစ်အိုးနှင့် ခွက်နှစ်ခွက်လည်း ရှိနေသေးရာ ကျန်းရှောင်ယွီက အရက်နှစ်ခွက် ငှဲ့လိုက်ပြီး သူတို့ နှစ်ဦး အတူတကွ စားသောက်ကြ၏။

သူတို့ နှစ်ဦး စားသောက်ပြီးသွားချိန်တွင် ထိုလူ၏ အသံက ထပ်မံ လွင့်ပျံလာတော့၏။

“ဒီ ဟင်းတွေ အရက်တွေထဲမှာ အဆိပ် မပါဘူးလို့ မင်း တကယ် ထင်နေတာလား”

ကျန်းရှောင်ယွီက ပြန်ဖြေလိုက်သည်။

“ဒါပေါ့... ဘာလို့ အလုပ်ရှုပ်ခံမှာလဲ”

“နှမြောစရာပဲ... ငါက အလုပ်ရှုပ်ခံရတာကို အရမ်း သဘောကျတာ”

ထိုလူက ဟားတိုက် ရယ်မောလိုက်၏။

ကျန်းရှောင်ယွီ နှာခေါင်းရှုံ့လိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ် ရုတ်တရက် အရာအားလုံး မည်းမှောင်သွားပြီး သူ သတိလစ်သွားတော့သည်။

ကစားသက် ရင့်ကျက်သော ချူကျန့်သည် အစားအသောက်နှင့် အရက်ထဲတွင် အဆိပ်ပါနေကြောင်းကို စောစောကတည်းက ရိပ်မိပြီး ဖြစ်၏။ သို့သော် သူသည် အဆိပ် အားလုံးကို ခုခံနိုင်စွမ်း ရှိနေသဖြင့် အိမ်ရှင်က ဘာတွေ ဆက်လုပ်မည်ကို သိချင်၍သာ အကဲခတ်နေခဲ့ခြင်း ဖြစ်သည်။

ကျန်းရှောင်ယွီ၏ မျက်နှာကြီး မည်းမှောင်သွားကာ မျက်လုံးများ လန်တက်သွားပြီး လဲကျသွားသည်ကို မြင်သောအခါ... ထုံဆေးမိသွားခြင်း ဖြစ်နိုင်ကြောင်း သူ ခန့်မှန်းမိလိုက်သည်။ ထို့ကြောင့် ချူကျန့်ကလည်း ထိုရောဂါ လက္ခဏာများအတိုင်း ဟန်ဆောင်ကာ လဲကျသွားတော့၏။

အချိန်ခဏအကြာတွင် အဝေးမှ ကပျာကယာ လျှောက်လာသော ခြေသံများ ထွက်ပေါ်လာ၏။ အစိမ်းရောင် ဂါဝန်နှင့် မိန်းမပျိုလေး၏ ပုံရိပ်က ချူကျန့်၏ ခေါင်းထဲတွင် ချက်ချင်း လျှပ်တစ်ပြက် ပေါ်လာပြီး သူမ၏ အသံကို အမှန်တကယ်ပင် ကြားလိုက်ရသည်။

“ဒီနှစ်ကောင်ကို ခေါ်သွားကြ ဒီကောင်လေးကို ငါ့အခန်းထဲ ပို့လိုက် ဟိုတစ်ကောင်ကိုတော့ အစေခံတွေနေတဲ့ နေရာ ပို့ပြီး အောက်ခြေသိမ်း အလုပ်တွေ ခိုင်းလိုက်”

All Chapters