ရိုင်းစိုင်းကောက်ကျစ်သော လူငယ်လေး
Vol. 10 Ch. 107
သူ့ကို အောက်ခြေသိမ်း အလုပ်ကြမ်းသမားအဖြစ် ခိုင်းစေတော့မည်ကို ချူကျန့် ချက်ချင်း သဘောပေါက်လိုက်၏။ သူ့လို သာမန်ရုပ်ရည်နှင့် အလွယ်တကူ အယုံသွင်းခံရမည့် ပုံစံက အလုပ်ကြမ်းသမား နေရာအတွက် ဘုရားပေးသည့် ဆုလာဘ်ကြီးပမာ အတိအကျ ကိုက်ညီနေ၏။
ထိုးကြိတ်ချင်စိတ်ကို သူ အတင်းအဖိ မြိုသိပ်ထားလိုက်ရသည်။ ခြေသံများကို နားစွင့်ကြည့်ရာ ထိုအစွမ်းထက်လှသော မိန်းမပျိုအပြင် ကိုယ်ခံပညာ အဆင့် (၂၅၀) အထက်ရှိသော ကျွမ်းကျင် သက်တော်စောင့် တစ်ဒါဇင်ကျော်ခန့် ပါလာကြောင်း သိလိုက်ရ၏။ ထိပ်တိုက် ဝင်တိုးခြင်းက ကြက်ဥနှင့် ကျောက်ခဲ ပေါက်သလိုသာ ဖြစ်သွားမည် မဟုတ်လော။
သူ့ကို သတ်မည့် ရည်ရွယ်ချက် မရှိသည်ကို သိရသဖြင့် ချူကျန့်က အခြေအနေအတိုင်း လိုက်စီးရန် ဆုံးဖြတ်လိုက်တော့သည်။ အလုပ်ကြမ်းသမားများကြား ရောနှောကာ သတင်းယူမည် ထို့နောက် လစ်လျှင် လစ်သလို ထွက်ပြေးမည် အဆင်ပြေပါက လျော်ကြေးအဖြစ် ရတနာအချို့ကိုပါ ယူသွားမည်ဟု စိတ်ကူးယဉ်လိုက်၏။
ခမ်းနားထည်ဝါလှသော ခန်းမကြီးကို ထောက်ရှုခြင်းအားဖြင့် ဤကောက်ကျစ်သော မိန်းမမှာ သူဌေးမကြီး ဖြစ်ကြောင်း သေချာလှသည်။
မကြာမီမှာပင် ချူကျန့်ကို ထမ်းခေါ်သွားကြ၏။ သူက ဘေးဘက်ရှိ ခြေလှမ်းများနှင့် အကွေ့အကောက်များကို တိတ်တဆိတ် ရေတွက်ကာ ဦးနှောက်ထဲတွင် မြေပုံတစ်ချပ် အမြန်ဆွဲယူနေတော့သည်။ သူ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ ဤနေရာမှာ တကယ့်ကို ခေါင်းစားစရာ မြေအောက် ဝင်္ကပါကြီးပင်။ ခြေလှမ်း နှစ်ဆယ် သုံးဆယ်တိုင်းတွင် အကွေ့တစ်ခု ရှိနေလေ၏။
နောက်ဆုံး သူ့ကို ချထားလိုက်ချိန်တွင်မူ လမ်းကြောင်းမှာ ဆယ်ကြိမ်ထက်မက ကွေ့ကောက်ခဲ့ပြီ ဖြစ်ရာ ဤနေရာနှင့် စိမ်းသူဆိုလျှင် မျက်စိလည် လမ်းမှားပြီး ဦးနှောက်ပါ ပေါက်ကွဲသွားမည်မှာ အသေအချာပင်။
‘ဗွမ်း’... ဆိုသော အသံနှင့်အတူ ရေဖြင့် ပက်ခံလိုက်ရပြီးနောက် ချူကျန့် သတိရလာသည်။ လူသန်ကြီး တစ်ဦးက သူ့အား ဓားဖြင့် ခြိမ်းခြောက်ကာ အစေခံ ဝတ်စုံကို အတင်းအကြပ် လဲခိုင်းပြီး ထင်းခုတ်ရန် တာဝန်ပေးကာ ထွက်သွားတော့၏။
ချူကျန့်က မိမိ၏ အခြေအနေကို လျင်မြန်စွာ နားလည် သဘောပေါက်သွားသည်။
မီးဖိုချောင် သို့မဟုတ် သန့်ရှင်းရေး လုပ်ငန်းခွင်နှင့် တူသော ခြံဝင်းတစ်ခု ဖြစ်၏။ သူမှ လွဲ၍ အခြား အစေခံ သုံးဆယ်ခန့် ရှိနေပြီး၊ အားလုံး၏ မျက်နှာများမှာ ငရဲပြည် ရောက်နေသည့်နှယ် ခံစားချက် ကင်းမဲ့နေကြသည်။ သူတို့က ချူကျန့်၏ ဒုက္ခရောက်နေမှုကို ဝမ်းသာအားရ ကြည့်နေကြပုံ ပေါက်သော်လည်း၊ မည်သူကမျှ စကားမစကြသလို၊ သူ ဟန်ဆောင် မေးမြန်းမှုများကိုလည်း လုံးဝ အဖက်မလုပ်ကြချေ။
ချူကျန့်၏ အာရုံကို ဖမ်းစားနိုင်သူမှာ အစေခံပုံစံ ပေါက်နေသော လူငယ်လေး တစ်ဦးသာ ရှိ၏။ ထိုလူငယ်လေးမှာ ချောမောသော မျက်နှာပေါက် ရှိသော်လည်း၊ အာဟာရ ပြတ်နေသည့်အလား ပိန်ချုံးကာ အသားအရေ ဝါကြန့်ကြန့် ဖြစ်နေပြီး၊ ကျန်းရှောင်ယွီထက် နှစ်နှစ်ခန့် ငယ်ရွယ်ပုံ ပေါက်သည်။ သူက စကားတစ်ခွန်းမျှ မဟဘဲ အလုပ်လုပ်နေသော်လည်း တစ်ခါတစ်ရံ မော့ကြည့်လိုက်သည့် သူ၏ မျက်လုံးများက မြေခွေးတစ်ကောင်လို ကောက်ကျစ်စဉ်းလဲမှုများ ပြည့်နှက်နေရာ ကျောချမ်းစရာပင် ကောင်းလှတော့၏။
သိုင်းလောကတွင် အတွေ့အကြုံ များပြားလှသော ချူကျန့်သည် ဤသို့သော မျက်လုံးမျိုးကို ရိုင်းစိုင်းကောက်ကျစ်လှသော မိစ္ဆာ အနည်းငယ်ထံတွင်သာ တွေ့ဖူးခဲ့သည်။
ချူကျန့်၏ ရင်ထဲတွင် အနည်းငယ် အေးစက်သွား၏။ အသက် (၁၅)၊ (၁၆) နှစ်ခန့်သာ ရှိသေးသော ဤကောင်လေးမှာ ချောင်ထိုးထား၍ ရမည့် ပြိုင်ဘက်မျိုး လုံးဝ မဟုတ်ချေ။ အခြား အစေခံ သုံးဆယ် ပေါင်းလျှင်တောင် ဤကောက်ကျစ်သော လူငယ်လေး၏ စွမ်းအား တစ်ဝက်ခန့်မျှ ရှိမည် မထင်ဟု သူ ခန့်မှန်းမိလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ထိုလူငယ်လေး၏ သိုင်းပညာမှာ ကျန်းရှောင်ယွီလောက် မမြင့်မားသဖြင့် ချူကျန့်အတွက် အန္တရာယ် မရှိနိုင်ချေ။
ချူကျန့်ကို ခေါင်းကိုက်စေသော အခြား ပြဿနာတစ်ခုမှာ ဤဝင်္ကပါ မြေအောက်စံအိမ်ကြီးမှ ထွက်ပေါက် ရှာဖွေရန်ပင် ဖြစ်သည်။ ဓာတ်လှေကားကဲ့သို့သော အဝင်ပေါက်ကို ထောက်ရှုခြင်းအားဖြင့်၊ ဤနေရာ တစ်ခုလုံးတွင် ထောင်ချောက်များနှင့် စက်ယန္တရားများ ဗရပွ ပြည့်နှက်နေမည်မှာ သေချာလှရာ၊ ရတနာများ ခိုးယူပြီး ထွက်ပြေးရန်မှာ ထမင်းစားရေသောက်သလို မလွယ်ပေ။
ချူကျန့် ထိုသို့ တွေးတောနေစဉ်မှာပင် ချောမောပြီး အထာကျကျ ဝတ်စားဆင်ယင်ထားသော်လည်း ပိန်ချုံးကာ အားအင်ကုန်ခမ်းနေပုံ ပေါက်နေသော လူငယ်တစ်ယောက်က အမိန့်လာပေး၏။ မီးဖိုချောင်မှ မိဖုရားကြီး၏ အဆောင်သို့ အရက်ကောင်းများ ပို့ပေးရန်ပင် ဖြစ်သည်။
ထို့နောက် ကောက်ကျစ်သော မျက်နှာထားနှင့် လူငယ်လေးက အရက်များကို ယူဆောင်ကာ ထွက်သွား၏။
'မိဖုရားကြီး ဟုတ်လား'
ချူကျန့်က အစိမ်းရောင် ဂါဝန်နှင့် မိန်းမပျိုလေးကို တွေးမိပြီး စိတ်ထဲမှ မဲ့ပြုံး ပြုံးလိုက်၏။
သည်နေရာက သူမ၏ လျှို့ဝှက် စံအိမ်ကြီး ဖြစ်တာ သေချာသွားပြီ။
ဒါကြောင့်မို့ လျှို့ဝှက် ဝင်ပေါက်ကို သူမ အလွယ်တကူ ရှာတွေ့ခဲ့တာကိုး။
မီးလောင်သေဆုံးသွားသလို ဟန်ဆောင်ခဲ့တာကလည်း သူနှင့် ကျန်းရှောင်ယွီကို လှည့်စားဖို့ သက်သက်သာ ဖြစ်ချေသည်။
ကျန်းရှောင်ယွီ တစ်ယောက် ဘယ်လိုများ နေမလဲဟု သူ တွေးမိလိုက်သည်။ သူ့ကို မိဖုရားကြီး၏ အဆောင်ဟု ခေါ်သော နေရာသို့ ခေါ်သွားကြသည် မဟုတ်လော။ ထိုနေရာတွင် ကျွမ်းကျင်သူ အများအပြား ရှိနေမည်ဖြစ်ရာ ကျန်းရှောင်ယွီ၏ သိုင်းပညာဖြင့်ဆိုလျှင် ယင်ကောင်တောင် ဖမ်းနိုင်မည် မဟုတ်ချေ။ ထိုအစိမ်းရောင် ဂါဝန်နှင့် မိန်းမပျိုလေး၏ လက်တွင်းသို့ သေချာပေါက် ကျရောက်သွားလောက်ပြီ ဖြစ်သည်။
အချိန်အနည်းငယ် အကြာတွင် ကောက်ကျစ်သော မျက်နှာထားနှင့် လူငယ်လေး ပြန်ရောက်လာ၏။ သူ၏ ပါးပြင်တစ်ဖက်မှာ ပါးချခံထားရသည့်အလား နီရဲ ဖောင်းအစ်နေ၏။ သို့သော် ချူကျန့်ကို အံ့အားသင့်စေသည်မှာ သူ၏ နောက်တွင် ကျန်းရှောင်ယွီက သွားဖြဲကာ ရယ်မောရင်း လိုက်ပါလာခြင်းပင် ဖြစ်တော့သည်။
“အစ်ကိုချူ... ခင်ဗျားဆီ အလည်လာတာ”
ကျန်းရှောင်ယွီက ရင်းနှီးစွာဖြင့် ချူကျန့်၏ ပခုံးကို လာပုတ်၏။ ထို့နောက် သူတို့ နှစ်ဦးတည်းသာ ကြားနိုင်သော လေသံဖြင့် တိုးတိုးလေး ကပ်ပြောလိုက်၏။
“သတိထားနော် ကျွန်တော် ထွက်ပြေးဖို့ နည်းလမ်းရှာတွေ့တာနဲ့ ခင်ဗျားကို လာခေါ်မယ်”
ချူကျန့်၏ ရင်ထဲတွင် အနည်းငယ် မလုံမလဲဖြစ်သွားမိသည်။
'ကြည့်စမ်း... ဒီကောင်လေးက ငါ့ကို ကယ်ဖို့ တွေးနေသေးတယ် ငါကတော့ သူ့ကို ကယ်ဖို့ တစ်စက်ကလေးတောင် တွေးမနေမိဘူး'
ကျန်းရှောင်ယွီက နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ပြီး တဟားဟား ရယ်ချလိုက်၏။
“ခင်ဗျား ဒါကို မျှော်လင့်မထားဘူး မလား အခု ကျွန်တော်က ဒီနေရာမှာ မိဖုရားကြီး ပြီးရင် အာဏာအရှိဆုံး ဖြစ်နေပြီ ဟားဟားဟား”
ကျန်းရှောင်ယွီက ပြောရင်း ချူကျန့်၏ ပခုံးကို ထပ်ပုတ်လိုက်ပြီး ကောက်ကျစ်သော လူငယ်လေးနှင့်အတူ ထွက်သွားတော့သည်။
နာရီဝက်ခန့် အကြာတွင် လူငယ်လေး ပြန်ရောက်လာပြီး သူ၏ လက်ထဲတွင် အရက်အိုး တစ်အိုး ကိုင်ဆောင်လာ၏။ သူက ကျယ်လောင်စွာ ကြေညာလိုက်၏။
“မိဖုရားကြီးက ဒီအရက်ကို အားလုံးအတွက် ပေးလိုက်တာ တစ်ယောက် တစ်ငုံပဲ သောက်ရမယ် ပိုသောက်ခွင့် မရှိဘူး”
အရက်သောက်ရမည် ဟု ကြားလိုက်သည်နှင့် အစေခံများ၏ ခံစားချက်မဲ့နေသော မျက်လုံးများထဲတွင် ဝမ်းသာရိပ်များ လျှပ်တစ်ပြက် ပေါ်လာပြီး အားလုံး ဝိုင်းအုံလာကြတော့သည်။ လူငယ်လေးက အမှန်တကယ်ပင် တစ်ယောက်ကို ခွက်ငယ်လေး တစ်ခွက်စာမျှသာ တိုက်၏။ အစေခံများကလည်း ထပ်တောင်းရဲသည့် သတ္တိ မရှိကြဘဲ ရရှိသော အရက်တစ်ငုံလေးကိုပင် နတ်သုဒ္ဓါ အလား တမြုံ့မြုံ့ အရသာခံ သောက်သုံးနေကြသည်။
လူငယ်လေးက ကြောင်တောင်တောင် ရပ်နေသော ချူကျန့်ကို ကြည့်လိုက်၏။
“လူသစ်... မင်းလည်း တစ်ငုံသောက်လိုက်”
ချူကျန့်က အံ့သြဝမ်းသာဖြစ်သွားသည့် ဟန်ဖြင့် မေးလိုက်၏။
“ကျွန်တော်... ကျွန်တော်လည်း သောက်ရမှာလား”
လူငယ်လေး၏ မျက်လုံးထဲတွင် ကောက်ကျစ်သော အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာတော့၏။
“သောက်ရမှာပေါ့ မိဖုရားကြီးက အားလုံးကို တိုက်ခိုင်းတာပဲ မင်းလည်း သေချာပေါက် သောက်ရမှာပေါ့”
ချူကျန့်က ခွက်ကို ယူလိုက်ပြီး နည်းပါးလှသော အရက်များကို တစ်ကျိုက်တည်း မော့သောက်လိုက်ကာ ကြောင်တောင်တောင် အပြုံးကြီးဖြင့် ဆက်လက် ရပ်နေ၏။
ထိုအခါ လူငယ်လေးက တိုးတိုးလေး ဆဲရေးလိုက်သည်။
“ငတုံး”
ထို့နောက် လှည့်ထွက်သွားတော့၏။
သူ အဝေးသို့ ရောက်သွားပြီးနောက် ချူကျန့်က သူ၏ ခွက်ထဲမှ အရက်အနံ့ကို ရှူရှိုက်ကြည့်လိုက်သည်။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ အခြား အလုပ်ကြမ်းသမားများ အားလုံး မြေပြင်ပေါ်တွင် လဲကျနေပြီး မျက်စိ၊ နှာခေါင်း၊ ပါးစပ်၊ နား များမှ သွေးများ ယိုစီးကာ သေဆုံးနေကြသည်ကို တွေ့လိုက်ရ၏။
ချူကျန့်က ခေါင်းယမ်းလိုက်သည်။
'တော်တော် ပြင်းထန်တဲ့ အဆိပ်ပဲ'
ချူကျန့်ကမူ အရက်အိုးထဲရှိ ကျန်နေသော အဆိပ်ရည်များကို အေးအေးဆေးဆေးပင် မော့သောက်လိုက်တော့၏။ ဤမျှ ပြင်းထန်သော အဆိပ်မျိုးမှာ အလွယ်တကူ ရှာတွေ့နိုင်သည် မဟုတ်ရာ သူ၏ အတွင်းအားကို ဖြည့်တင်းရန် အလွန် ကောင်းမွန်လှသည်လေ။
ချူကျန့်က အရက်ခွက်ကို လွှင့်ပစ်လိုက်ပြီး ထိုလူငယ်လေး နောက်သို့ အရိပ်တစ်ခုအလား တိတ်တဆိတ် လိုက်ပါသွားတော့သည်။
'ငါ ထင်တာ မမှားဘူးဆိုရင် ဒီအဆိပ်တွေကို ဒီကောင်လေး ခတ်ထားတာ သေချာတယ်'
'အစေခံ အားလုံးကို အဆိပ်ခတ် သတ်ဖြတ်ပြီး ဒီကောင်လေး ဘာလုပ်ချင်နေတာလဲ ကျန်းရှောင်ယွီရော အဆိပ်မိသွားပြီလား'
ကောင်လေးမှာ ဤမြေအောက် ဝင်္ကပါကြီးကို အလွန် ကျွမ်းကျင်ဟန် ရှိ၏။ ဘယ်ညာ ကွေ့ပတ်သွားပြီးနောက် ချူကျန့်နှင့် ကျန်းရှောင်ယွီတို့ ပထမဆုံး ရောက်ရှိခဲ့သော ခန်းမကြီးသို့ လျင်မြန်စွာ ရောက်ရှိသွားတော့သည်။ ချောမောသော လူငယ် အချို့နှင့် ကျွမ်းကျင် သက်တော်စောင့် တစ်ဒါဇင်ကျော်ခန့်မှာ မြေပြင်ပေါ်တွင် ပရမ်းပတာ လဲကျနေကြပြီး အားလုံး၏ မျက်စိ၊ နှာခေါင်း၊ ပါးစပ်၊ နား များမှ သွေးများ ယိုစီးကာ အသက်ကင်းမဲ့နေကြပြီပင်။
ကောင်လေးက သူတို့ကို လျစ်လျူရှုကာ နောက်ထပ် အကွေ့အနည်းငယ် ထပ်ကွေ့ပြီးနောက် တံခါးတစ်ချပ်ရှေ့သို့ ရောက်ရှိသွား၏။ သူက လက်သီးကို တင်းတင်းဆုပ်ကာ မိမိကိုယ်ကို တည်ငြိမ်အောင် ကြိုးစားနေဟန် ရှိသည်။ နောက်တစ်စက္ကန့်တွင် သူ၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားပြီး အထိတ်တလန့် အော်ဟစ်လိုက်တော့၏။
“ပြဿနာတော့ တက်ပြီ... ပြဿနာတော့ တက်ပြီ”
အော်ဟစ်ရင်းနှင့်ပင် တံခါးကို အားကုန် တွန်းဖွင့်လိုက်သည်။
ချူကျန့် တစ်ယောက် အံ့အားသင့် မှင်သက်သွားတော့၏။
'အားပါးပါး... အခြားအရာတွေကို ဘေးဖယ်ထားလိုက်စမ်း ဒီကောင့်ရဲ့ သရုပ်ဆောင်စွမ်းရည်က အကယ်ဒမီ ရွှေစင်ရုပ်ကို အိမ်အရောက် ပို့ပေးရလောက်အောင် ပီပြင်လွန်းလှတယ်'
အတွင်းဘက်မှ မိန်းမပျိုလေး၏ စစ်ကြောမေးမြန်းသံ ထွက်ပေါ်လာသည်။
မကြာမီမှာပင် မိန်းမပျိုလေးနှင့် ကျန်းရှောင်ယွီတို့ ပြေးထွက်လာကြသော်လည်း ကောင်လေးမှာမူ လိုက်မလာခဲ့ချေ။
ချူကျန့်က ကပျာကယာ ခန်းမထဲသို့ ပြန်ဆုတ်လိုက်ပြီး စားပွဲတစ်လုံးအောက်သို့ ဝင်ရောက်ကာ သူ၏ လက်ခြေများကို ဆန့်ထုတ်၍ မိမိကိုယ်ကို လုံးဝ ပုန်းကွယ်လိုက်၏။
မိန်းမပျိုလေးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အပြေးရောက်လာတော့သည်။ မြေပြင်ပေါ်ရှိ သွေးလွှမ်းနေသော မြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာမှာ ဖြူရော်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်၏။
“ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ”
ကျန်းရှောင်ယွီ၏ မျက်လုံးများက ဟိုဟိုဒီဒီ ပြေးလွှားနေသည်။
“အပြင်က အစွမ်းထက်တဲ့ ရန်သူတွေများ ဒီကို တိတ်တဆိတ် ခိုးဝင်လာတာလား”
မိန်းမပျိုလေးက ခေါင်းယမ်းပြလိုက်၏။
“မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး ဒီနေရာရဲ့ အဝင်အထွက်ကို ငါကလွဲရင် ဘယ်သူမှ မသိဘူး”
ထိုသို့ ပြောနေရင်းနှင့်ပင် သူမက ပြေးထွက်သွားသည်။ ပြေးသွားရင်းနှင့် အနောက်သို့ ဒေါသတကြီး လှည့်ကြည့်ကာ ခြိမ်းခြောက်သွားတော့၏။
“ကျန်းရှောင်ယွီ... နင် ငါ့နောက်ကို လိုက်လာရဲ လိုက်လာကြည့် နင့်ကို သေချာပေါက် သတ်ပစ်မယ်”
ကျန်းရှောင်ယွီက လက်နှစ်ဖက်ကို မြှောက်ကာ တောင်းပန်လိုက်သည်။
“ကျွန်တော် မလိုက်ရဲပါဘူး...”
မိန်းမပျိုလေးက အော်ဟစ်လိုက်၏။
“မလိုက်ရဲနဲ့ ငါက ဒီမှာ မိဖုရားကြီး ဆက်လုပ်ချင်သေးတယ်”
မိန်းမပျိုလေး လျင်မြန်စွာ ပျောက်ကွယ်သွားပြီးနောက် ကျန်းရှောင်ယွီက သူ၏ နဖူးကို ဒေါသတကြီး ရိုက်ချလိုက်ပြီး ပြောလိုက်၏။
“သွားပြီ... အစ်ကိုချူလည်း အဆိပ်မိသွားလောက်ပြီ”
ချူကျန့်၏ ရင်ထဲတွင် နွေးထွေးသွားရသည်။ ဤ ကျန်းရှောင်ယွီ ဆိုသော ကောင်လေးမှာ တကယ့်ကို သစ္စာရှိလှ၏။
ကျန်းရှောင်ယွီက အစေခံများနေသည့် နေရာသို့ ပြေးသွားရန် ပြင်နေသည်ကို မြင်သောအခါ၊ ချူကျန့်က ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်တော့သည်။ စားပွဲအောက်မှ ထွက်လာပြီး ကျန်းရှောင်ယွီကို ဆွဲကာ တိုးတိုးလေး ပြောလိုက်၏။
“ရှောင်ယွီ...ငါ ဒီမှာ”
ကျန်းရှောင်ယွီ၏ မျက်နှာကြီး လင်းလက်သွားပြီး တိုးတိုးလေး မေးလိုက်၏။
“ခင်ဗျား အဆင်ပြေရဲ့လား”
ချူကျန့်က ခေါင်းညိတ်ပြလိုက်ပြီး တိတ်တိတ်နေရန် လက်ဟန်ပြကာ အပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်၏။
ကျန်းရှောင်ယွီက ဟီးခနဲ ရယ်ချလိုက်ပြီး စကားတစ်ခွန်းမျှ မဆိုဘဲ ခေါင်းညိတ်ကာ ချူကျန့်၏ နောက်မှ စားပွဲအောက်သို့ ပြန်ဝင်လာတော့၏။ ထို့နောက် ချူကျန့်ကဲ့သို့ပင် လက်ခြေများကို ဆန့်ထုတ်ကာ စားပွဲနှင့် ကပ်ထားလိုက်ပြီး အတိုးဆုံး အသံဖြင့် ပြောလိုက်သည်။
“ခဏနေရင် ကျွန်တော့်နောက်က လိုက်ခဲ့ ထွက်ပြေးဖို့ နည်းလမ်းရှိတယ် ဟို ကျန်းယွီလန် ဆိုတဲ့ ကောင်က တော်တော် သံသယဖြစ်စရာ ကောင်းတယ်”
'ကျန်းယွီလန် ဟုတ်လား...'
“ရှပ် ရှပ် ရှပ်…”
ချူကျန့် တစ်ယောက် ထပ်မေးရန် ပြင်လိုက်စဉ် အဝေးဆီမှ ခြေသံများကို ခပ်သဲ့သဲ့ ကြားလိုက်ရသဖြင့် ချက်ချင်း ပါးစပ် ပိတ်ထားလိုက်တော့သည်။